အခန်း (၄၆)
သူမက ရှင့်ပိုက်ဆံကိုပဲ သဘောကျတာ။
"အဲဒါကို
မင်း ဘယ်လိုသိတာလဲ။"
ထိုလူ၏
အသံက ခြိမ်းခြောက်နိုင်သော အရှိန်အဝါ အပြည့်ဖြစ်နေသဖြင့် သူမ၏ တုန်လှုပ်နေသော စိတ်ခံစားမှုများကို
တည်ငြိမ်စေရန် ချွီဟွေ့သည် စားပွဲအစွန်းကို တင်းတင်းဆုပ်ကိုင်ထားရသည်။
"ကျွန်မ
ဘယ်လို သိလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်မ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ အဲဒီအကြောင်းကို
သုံးပြီး ရှင့်ကို ဆန့်ကျင်ဖို့ မရည်ရွယ်ခဲ့ဘူးလေ။ ရှင့်ကို ကျွန်မက တကယ် နားလည်တယ်ဆိုတာပဲ
သိစေချင်တာပါ။"
ချီမော့၏
မျက်မှောင်ကြုတ်ခြင်းသည် သူ၏ မကျေနပ်မှုကို ထင်ရှားစေသည်။ ချွီဟွေ့က သတိမမူမိဘဲ ဆက်ပြောလိုက်သည်။
"ရှင့်ရဲ့
လက်ရှိ ဇနီးသည်က ဒီကိစ္စကို မသိသေးဘူးမလား။ သူသိရင် သူမ နားလည်ပေးမှာလား။”
ရုတ်တရက်
ချီမော့၏ မျက်လုံးများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားပြီး စူးရှသည့် အကြည့်များဖြင့်
ချွီဟွေ့ကို ကြည့်ရင်း သူ့မေးရိုးများ တဖြည်းဖြည်း တင်းမာလာသည်။
ချွီဟွေ့က
ပြောလိုက်၏။ "သူမက ရှင့်ရဲ့ ပိုက်ဆံကိုပဲ ချစ်တာ။ ဒါပေမယ့် ကျွန်မက ရှင့်သား
ချီရှောင်ပိုင်ကို ကျွန်မရဲ့ ကိုယ်ပိုင်ကလေးလို ပြုစုပျိုးထောင်ပေးဖို့ ဆန္ဒရှိတယ်။"
"တော်လောက်ပြီ။"
ချီမော့၏ လေသံမှာ တည်ငြိမ်သော်လည်း မုန်တိုင်းထန်တော့မည် အရိပ်အယောင်ကို ဖုံးကွယ်မထားနိုင်ပေ။
ချွီဟွေ့က
ချက်ချင်း တိတ်ဆိတ်သွားပြီး စားပွဲအစွန်းကို ဆုပ်ကိုင်လိုက်ရင်း သူမ၏ လက်ချောင်းများ
တုန်ရီလာသည်။
ထိုအမျိုးသား၏
မျက်နှာထက်မှ မည်းမှောင်မှုကို မြင်လိုက်ရသောအခါတွင် သူမသည် အေးခဲနေသော ရောင်ဝါတစ်လှိုင်းကို
ဖုံးလွှမ်းသွားသလို ခံစားလိုက်ရကာ အသက်ရှူကြပ်လာပြီး လည်ချောင်းထဲတွင် တစ်ဆို့၍ စကားမပြောနိုင်တော့ပေ။
နောက်တခဏတွင်
သူမသည် တိုးလျသော်လည်း သတိပေးသည့် လေသံဖြင့် ပြောလိုက်သည့်အသံကို ကြားလိုက်ရသည်။
"သူမက
ဘယ်လိုလူလဲ ဆိုတာမျိုးနဲ့ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်ပြောဖို့ မင်းမှာ
ဘာအဆင့်ရှိလို့လဲ။"
********
ရှန်းမူမူက
ချီရှောင်ပိုင်ကို ကောင်းမွန်သည့် အစားအသောက်များ ဝယ်မကျွေးခဲ့သေးပေ။
အကြောင်းပြချက်က
ရိုးရှင်းသည်။ သူတို့သုံးယောက်၏ ခရီးစဥ်၌ ချီမော့ကို ဖယ်ပြီး သူတို့နှစ်ယောက်တည်း
ဘယ်လို သွားစားနိုင်မှာလဲ။
သူတို့
ပြန်ရောက်ပြီး သိပ်မကြာခင်၌ အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ရွာချလာသည်။
အပေါ်ထပ်သို့ရောက်သည့်အခါ
ရှန်းမူမူသည် လသာဆောင်တွင် ရပ်နေသော ချီမော့ကို မြင်လိုက်ရပြီး သူ့ပခုံးများ မိုးရေတွေစိုနေသည်အား
သတိမမူမိပုံရသည်။
ရှန်းမူမူက
သူ့ကို လှမ်းကြည့်ရင်းပြောလိုက်သည်။ "ကျွန်မတို့ စားကြတော့မလား။ ချီရှောင်ပိုင်က
ဟော့ပေါ့စားချင်တယ်တဲ့။"
သူမ၏
အကြည့်များက ကြည်လင်သန့်ရှင်းနေသည်။
ချီမော့၏
မျက်လုံးများ လှုပ်ခတ်သွားပြီး သိမ်မွေ့စွာ တုန့်ပြန်လိုက်၏။ "ကောင်းပြီ။"
သုံးယောက်သား
ဟော့ပေါ့ညစာ စားပြီး ပြန်လာချိန်တွင် ဆယ်နာရီထိုးခါနီးပြီ ဖြစ်၏။
ပြီးခဲ့သည့်
ရက်အနည်းငယ်က လုပ်ရိုးလုပ်စဉ်အတိုင်း ချီမော့သည် ရေချိုးရန် သီးသန့်အိပ်ခန်းကို တိတ်တဆိတ်
ထွက်ခွာခဲ့သည်။
ရှန်းမူမူသည်
ရေချိုးနံ့သာဆပ်ပြာလုံးများဖြင့် ပြည့်နေသော ရေချိုးကန်ထဲသို့ နစ်မြုပ်သွားပြီး မကြာမီတွင်
ထူထပ်သော ပူဖောင်းများသည် ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့သည်။
သူမသည်
တစ်နေ့တာ ရရှိလာသည့် အချက်အလက်များကို တွေးတောရင်း သက်သောင့်သက်သာဖြင့် နောက်သို့မှီကာ
ရှည်လျားသော သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူမ၏
စုံစမ်းစစ်ဆေးမှုအရ ရှန်မြို့ရှိ ချမ်းသာသော ခရိုင်များ အနီးနားတွင် ပန်းဆိုင်များရှိပြီး
အလှပြင်ဆိုင်များ၊ မီနီမာကတ်များနှင့် အရောင်းဆိုင်များလည်း ပိုမိုများပြားစွာ ရှိနေပေသည်။
ယနေ့
စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံ၍ ရှန်မြို့သည် ယွဲ့ကျီပန်းဆိုင်၏ တိုးချဲ့မှုအစီအစဉ်အတွက်
ဒုတိယနေရာအဖြစ် အတော်လေး သင့်လျော်ပုံရသည်။
နောက်ထပ်
သူမသည် ပြည်တွင်းစားသုံးသူအလေ့အထ၊ နှစ်သက်မှုစသည့် အချက်အလက်များကို စုဆောင်းရန်အတွက်
ကျွမ်းကျင်သော စျေးကွက်ရှာဖွေရေးကုမ္ပဏီများနှင့် ဆက်သွယ်ရန် လိုအပ်မည်ဖြစ်သည်။
ထို့နောက်
နေရာရွေးချယ်ရမည် ဖြစ်၏။
သူမသည်
ယခင်က ဆက်သွယ်ထားသော ပန်းရောင်းချသူများကို ဆက်လက်အသုံးပြုနိုင်ပြီး သယ်ယူပို့ဆောင်ရေးနှင့်
ပန်းအလှဆင်ခြင်းလုပ်ငန်းကို ယနေ့ သူမ စုဆောင်းထားသည့် ကတ်များထဲမှ လုပ်ငန်းတစ်ခုသို့
တာဝန်ပေးအပ်နိုင်ပေသည်။
အတွင်းပိုင်း
ဒီဇိုင်းနှင့် ပရိုမိုးရှင်းများအတွက် သူမသည် ပေကျင်းစတိုးကဲ့သို့ လုပ်ငန်းစဉ်အတိုင်း
လုပ်ဆောင်နိုင်သည်။
ရှန်းမူမူသည်
စဥ်းစားနေရင်း ရေပေါ်ရှိ ပူဖောင်းများကို အဆက်မပြတ် မွှေနေလေသည်။
အပြင်တွင်
မိုးများက ပိုသည်းလာပြီး မှိုင်းညို့နေတဲ့ တိမ်များက မည်းမှောင်နေသည့် ညကောင်းကင်ကို
လွှမ်းခြုံထားသည်။
ရုတ်တရက်
မိုးသည်းည၏ မှောင်မိုက်မှုကို ခွင်းကာ လျှပ်စီး လက်လာပြီး ပြင်းထန်ကျယ်လောင်သည့် မိုးခြိမ်းသံတစ်ခု
ထွက်ပေါ်လာသည်။
ထိုအချိန်တွင်
အခန်းတွင်းရှိ မီးရောင်များ ရုတ်တရက် မှိတ်ကျသွားပြီး ရှန်းမူမူ၏ ပတ်ဝန်းကျင်က လုံးဝ
အမှောင်ထုထဲသို့ ထိုးကျသွားသည် ။
"အား…"
သူမက
ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူမသည်
မိုးကြိုးနှင့်လျှပ်စီးတို့ကို အမြဲကြောက်ရွံ့ခဲ့သည်။ မီးရောင်ရှိနေပါက အနည်းငယ် သည်းခံနိုင်သော်လည်း
ပိန်းပိတ်အောင် မှောင်နေသည့် အမှောင်ထုက သူမ၏ စိုးရိမ်စိတ်ကို နှစ်ဆတိုးစေသည်။
ဘေးခန်းမှ
အသံကို ကြားသည့်အခါ ချီမော့က တံခါးကို နှစ်ကြိမ်လာခေါက်ပြီး မေးလိုက်သည်။
"မင်း
အဆင်ပြေရဲ့လား။"
သို့သော်
အံ့အားသင့်စရာကောင်းစွာ လျှပ်စစ်တံခါးသည် သူ၏ အားမပါဘဲ တွန်းလိုက်မှုကြောင့် ပွင့်သွားကာ
အတွင်းမှ အသံထွက်လာသည်၊
"အဆင်ပြေပါတယ်...
ဒါပေမယ့် မီးရောင် မရှိတာကြောင့် ရေချိုးဝတ်ရုံ ရှာမတွေ့ဘူး။"
ချီမော့က
စက္ကန့်အနည်းငယ်လောက် ငြိမ်သက်သွားပြီး မေးလိုက်သည်။ "မင်းအတွက် ယူပေးရမလား။"
ရှန်းမူမူက
တုံ့ဆိုင်းသွားသည်။
သူမ အဝတ်အစား
မဝတ်ထားသောကြောင့် သူအထဲမှာ ရှိနေစဥ် ရုတ်တရက် မီးများ ပွင့်လာပါက အလွန်ကိုးရို့ကားယား
ဖြစ်သွားရပေလိမ့်မည်။
သို့ပေမယ့်
ရေချိုးကန်ထဲမှာပဲ နေဖို့ကတော့ ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။
သူ့ဖုန်းက
အနီးအနားတွင် မရှိသောကြောင့် ဖုန်းမီးကို အသုံးမပြုနိုင်ပါချေ။
ကြာရှည်စွာ
တုန့်ပြန်မှုမရှိခြင်းက သူမ ချီမော့၏ သမာဓိကို သံသယ ဝင်နေသလို ဖြစ်သွားနိုင်သည်။
၎င်းကို
စဉ်းစားပြီးနောက် ဤရက်များအတွင်း သူမတို့ကြားက ဖြစ်ပေါ်လာသည့် ယုံကြည်မှုကို အားကိုးကာ
နောက်ဆုံး၌ ပြောလိုက်သည်။
"ကောင်းပြီ။
ဝင်လာခဲ့ပါ။"
အပြင်ဘက်ကနေ
'ကောင်းပြီ' ဟူသော ခပ်နိမ့်နိမ့် အသံ ထွက်ပေါ်လာသည်။
အမှောင်ထဲတွင်
တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီးနောက် သိုးမွှေးကော်ဇောပေါ် ဖိနပ်တစ်ရံ၏ ညင်သာစွာ
ပွတ်တိုက်သံကို သူမကြားလိုက်ရသည်။
ချီမော့ကို
မမြင်နိုင်သော်လည်း ရှန်းမူမူသည် အသံက သူ ဘယ်နေရာမှာ ရှိနေကြောင်း ခံစားမိသည်။
ခဏအကြာတွင်
သူက သူမ ရေချိုး၀တ်ရုံကို ရှာတွေ့ပြီး လှမ်းပေးလိုက်သည်။
ရှန်းမူမူ
ရေကန်ထဲက လှမ်းထွက်လာသည့် ရေသံက ကျယ်လောက်စွာ ထွက်ပေါ်လာပြီး သူမက ဝတ်ရုံကို လှမ်းယူလိုက်သည်။
ချီမော့သည်
အသံများကိုကြားသောအခါ ရေချိုးကန်ဘက်သို့ ကျောပေးရင်း အလိုလို အကြည့်လွှဲလိုက်သည်။
ရှန်းမူမူက
ဝတ်ရုံကို အမြန်ဝတ်လိုက်သည်။
အပြင်ဘက်တွင်
မိုးခြိမ်းသံများ ပြင်းထန်စွာ ထွက်ပေါ်လာကာ မိုးရွာသွန်းမှုက ပို၍ ပြင်းထန်လာသည်။
ရုတ်တရက်
ကောင်းကင်ကို ခွင်းလာသော လျှပ်စီးက အခန်းတစ်ခန်းလုံးကို လင်းထိန်သွားစေသည်။
ချက်ခြင်းပင်
ကောင်းကင်ကို ထက်ခြမ်း ခွဲပစ်တော့မလို ကျယ်လောင်သော မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
သူမက
မနေနိုင်ဘဲ ခပ်တိုးတိုး အော်လိုက်မိပြီး နားရွက်ကို ဖုံးရန် လှုပ်ရှားလိုက်သည်။
သူမ ကြောက်လန့်နေသည့်
အချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။
"ကိုယ်
ဒီမှာ ရှိတယ်။ မကြောက်နဲ့။"
ထိုလူ၏
ကြည်လင်ကာ ညင်သာသော အသံက လေထဲသို့ ဖြတ်ကာ ထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်၌
သိသာထင်ရှားနေသည်။ အဆုံးတွင် သူ၏ ခပ်ဖွဖွ ချောင်းဆိုးသံကိုပင် သူမ ကြားလိုက်ရသည်။
ထို့နောက်
သူမ၏ လက်ကောက်ဝတ်ကို ကြီးမားသည့် လက်ဖဝါးတစ်ဖက်က ဆုပ်ကိုင်လာပြီး ၎င်း၏ လက်ချောင်းထိပ်များက
သူမကို နှစ်သိမ့်ပေးနေသလိုမျိုး သူမ၏ လက်ခုံအား ညင်သာစွာ ပွတ်သပ်ပေးနေသည်။
အပြင်ဘက်
ကောင်းကင်ယံမှာ လျှပ်စီးတွေ လင်းလက်သွားချိန်တွင် သူမဟာ ထိုလူ၏ ကောင်းမွန်စွာ ထုဆစ်ထားသည့်
ပုံရိပ်ကို ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။
သူ၏ မွှေးပျံ့သော
ရနံ့သည် သူမ၏ နှာခေါင်းအတွင်းသို့ သင်းပျံ့စွာ တိုးဝင်လာသည်။
အမှောင်ထဲတွင်
အာရုံများ ပို၍ ထက်မြက်လာပြီး ရှန်းမူမူသည် သူမ၏ စိတ်ကူးယဉ်မှုလား မသေချာသော်လည်း သူမ
လက်ကောက်ဝတ်များကို ကိုင်ထားသည့် လက်များက ပို၍ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။
သူမ လက်မှ
ဖောက်ထွက်လာသည့် နွယ်ပင်က လုံခြုံစေရန် ခံစားချက်ဖြင့် သူမတစ်ကိုယ်လုံးကို ဝန်းရံလာသလို
ခံစားချက်မျိုးပင်။
"ဘာလို့
ရုတ်တရက် မီးပျက်သွားရတာလဲ။"
ကိုးရို့ကားယားနိုင်မှုကို
ရှောင်ရှားရန် သူမက ရုတ်တရတ် ပြောလိုက်သည်။
ချီမော့၏
အသံက သူမ နားရံက်ဘေးမှ ထွက်ပေါ်လာသည်။ "လျှပ်စီးကြောင်းက ထွက်လာတဲ့ မြင့်မားတဲ့
ဗို့အားက လျှပ်စစ်နဲ့ မြေပြင်ပေါ်က အဆောက်အအုံတွေကို ပျက်စီးစေပြီး ဓာတ်အား ပြတ်တောက်မှု
ဖြစ်စေနိုင်တယ်လေ။"
သူမ ဘာမှ
ထပ်မပြောနိုင်ခင်မှာ သူက မေးလိုက်သည်။ "မင်းက မိုးခြိမ်းသံကို ကြောက်တာလား။"
သူမ၏
လက်ကောက်ဝတ်ကို အပူရှိန်မြင့်သည့် လက်က ဆုပ်ကိုင်ထားဆဲ ဖြစ်ကာ သူမ၏ စကားပြောသံက ပုံမှန်ထက်
အနည်းငယ်ပိုမြန်သည်အား သူမကိုယ်သူမ သတိထားမိခဲ့သည်။
"ကြောက်တာတော့
မဟုတ်ဘူး။ အသံက အရမ်း ကျယ်တာမို့ ရုတ်တရတ် နည်းနည်း လန့်သွားတာ။"
"မင်းက
နေ့တိုင်း အရမ်းပျော်နေတာ မြင်ရတော့ မင်းကို ဘယ်အရာကမှ မခြောက်လှန့်နိုင်ဘူး ထင်နေတာ။"
ချီမော့၏ အသံနိမ့်နိမ့်တွင် ရယ်မြူးရိပ်တို့ ပါဝင်နေပုံရသည်။
ရှန်းမူမူက
စနောက်၍ ပြန်ဖြေလိုက်သည်။ "ကျွန်မလည်း ကြောက်တတ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမရှိတာနဲ့
ယှဥ်လိုက်ရင် မိုးခြိမ်းတာနဲ့ လျှပ်စီးလက်တာတွေ အကုန်လုံးက အသေးစား ပြဿနာလေးပါပဲ။"
သူမ စကားကြားသည့်အခါ
ချီမော့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမ နားထဲသို့ သာယာနာပျော်ဖွယ် ကောင်းစွာ တိုးဝင်လာသည်။
ခဏလောက်ကြာပြီးချိန်၌
အခန်းမီးတွေ ပြန်လင်းလာသည်။
သူတို့
အကြည့်များက အလင်းထဲ၌ အမှတ်မထင် ဆုံတွေ့သွားခဲ့သည်။
ထိုလူသည်
နွေးထွေးနူးညံ့သော မီးရောင်အောက်၌ ရပ်နေပြီး စွဲမက်ဖွယ်ကောင်းသော အပြုံးက သူ့နှုတ်ခမ်းထက်တွင်
ရှိနေသေးပြီး သူမကို အနည်းငယ် ငုံ့ကြည့်နေသည်။
အံဝင်ခွင်ကျရှိသော
ရှပ်အင်္ကျီသည် အရပ်ရှည်ပြီး အချိုးကျသော သူ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည်။
သူ့ အင်္ကျီမှာ ပုံမှန်မဟုတ်ဘဲ ကြယ်သီးသုံးလုံး ဖြုတ်ထားသည်အား တွေ့လိုက်ရသည်။
သူ၏ ချောမောမှုက
ထိန်းချုပ်ထား၍ မရနိုင်သော မပြုအပ်သည့် အာရုံခံစားမှုများကို နိုးကြွလာစေကာ သိမ်မွေ့နက်နဲသော
မျက်နှာက ပို၍ပင် မျက်စိဖမ်းစားဖွယ်ရာရှိသည်။
သူမ၏
မျက်လုံးများရှေ့ရှိ ရုတ်တရတ် လင်းချင်းလာသော တောက်ပသည့် အလင်းရောင်နှင့် သူ၏ ချောမောမှုတို့ကြောင့်
ရိုက်ခတ်ခံလိုက်ရသည့် ရှန်းမူမူက မသိလိုက်ဘာသာနှင့် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။
ထိုလူ၏
အကြည့်တွင် ပုံမှန်အေးစက်မှုများ မရှိဘဲ သူမကို ကြည့်နေသည့် အကြည့်များတွင် တည့်တိုးဆန်သော
အရိပ်အငွေ့တချို့ ရှိနေခဲ့သည်။
အခန်းက
ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေသေးသည်။
သူမသည်
အဖြူရောင် ရေချိုး ၀တ်ရုံကို ၀တ်ဆင်ထားပြီး စိုစွတ်နေသော ဆံပင်များကို နောက်သို့ လှန်ထားကာ
သွယ်လျပြီး လှပသည့် လည်တိုင်ကို ပေါ်လွင်နေစေသည်။
ရေချိုးပြီးကာစ
ဖြစ်တာကြောင့် သူမ၏ မျက်နှာသည် ပန်းရောင်ဖျော့ဖျော့ တောက်ပနေပြီး သူမ၏ ကြည်လင်သော မျက်လုံးများသည်
စိုစွတ်နေလေသည်။
ထိုနေရာတွင်
တိတ်တိတ်ဆိတ်ဆိတ် ရပ်တည်နေရုံဖြင့် သူမသည် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ဖော်ထုတ်ခဲ့သည်။
နှင်းဆီရေချိုးဆီ၏
သိမ်မွေ့သော နှင်းဆီရနံ့သည် သူတို့နှစ်ယောက်ကြားတွင် မသိမသာ ရစ်ဝဲနေခဲ့၏။
ထိုပူလောင်စူးရှသော
အကြည့်တို့ကြောင့် ရှန်းမူမူက သူမ၏ လက်ကို ကမန်းကတမ်း ပြန်ဆွဲထုတ်လိုက်သည်။
"မီးပြန်လာပြီ။"
"အင်း"
သူမလက်မှ ထိတွေ့ခံစားမှု ပျောက်ကွယ်သွားသောကြောင့် ချီမော့၏ နှလုံးသားက လစ်ဟာသွားသလို
ခံစားလိုက်ရပြီး သူ့ လည်ချောင်းက တုန်ခါသွားသည်။ သူက အနည်းငယ် အက်ရှနေသော အသံဖြင့်
မေးလိုက်၏။ "မနက်ဖြန် အားလား။"
ရှန်းမူမူ
: "ဟမ်…"
"မနက်ဖြန်
မင်းအလုပ်မရှုပ်ရင် ကိုယ်နဲ့အတူတူ တစ်နေရာရာကို လိုက်ခဲ့ပေးပါ။"
*******
ထိုအချိန်တွင်....
ချီရှောင်ပိုင်သည်
မိုးကြိုးလျှပ်စီးကိုပင် လုံးဝ မသိလိုက်ဘဲ နားကြပ်တပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး
မီးပျက်သွားသည်ကိုပင် မသိလိုက်ပေ။
နောက်နေ့
အိပ်ရာက နိုးလာတဲ့အခါ ဇိမ်ခံဗီလာကြီးထဲမှာ သူ တစ်ယောက်တည်း ကျန်နေခဲ့လိမ့်မယ်လို့ လုံးဝ
ထင်မှတ်မထားခဲ့ပေ။
"တစ်ယောက်ယောက်ရှိလား။"
သူက ကျယ်ဝန်းပြီး
ခမ်းနားထည်ဝါသော ပထမထပ်ဧည့်ခန်းတွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
သူ ရလိုက်သည့်
တစ်ခုတည်းသော တုံ့ပြန်မှုက တိတ်ဆိတ်ခြင်းသာ ဖြစ်လေသည်။