အခန်း (၄၅)
မစ္စတာချီ ကျွန်မ ရှင့်ကို အရမ်းသဘောကျတယ်ဆိုတာ ရှင်သိသင့်တယ်။
ရှန်းမူမူသည်
ရှန်မြို့သို့ရောက်ကတည်းက နှစ်ရက်ဆက်တိုက် လျှောက်ကစားခဲ့သည်။
ရှန်းမူမူက
ဤခရီးစဉ်ရဲ့ တကယ့်ရည်ရွယ်ချက်ကို လုပ်ဆောင်ရန် အချိန်တန်ပြီဟု တွေးခဲ့သည်။
သူမသည်
ချီမော့နှင့် ကြိုတင်ဆွေးနွေးခဲ့ပြီး နောက်တစ်နေ့နံနက်အစောပိုင်းတွင် ချီမော့က သူမအတွက်
ကားတစ်စီးနှင့် ယာဉ်မောင်းစီစဉ်ပေးကာ ဗီလာအပြင်ဘက်တွင် စောင့်ဆိုင်းစေခဲ့သည်။
ရှန်းမူမူသည်
ရှန်မြို့တွင် သူမ၏ ယွဲ့ကျီပန်းဆိုင်ခွဲကို စျေးကွက်ချဲ့ထွင်နိုင်မလား သိနိုင်ဖို့ရာ
စျေးကွက်အခြေအနေကို စုံစမ်းရန် စီစဉ်ခဲ့သည်။
ကားထွက်ပြီး
မိနစ်အနည်းငယ်အကြာတွင် လမ်းဘေးတွင် ပြေးလွှားနေသော ချီရှောင်ပိုင်ကို တွေ့လိုက်ရသည်။
ကားပြတင်းကို
ချလိုက်သည့်အခါ လေအေးများက လှိမ့်ဝင်လာ၏။
ရှန်းမူမူက
ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ "အရမ်းအေးနေတာကို အပြင်မှာ ပြေးနေတာလား။"
ချီရှောင်ပိုင်က
သူမ၏ မေးခွန်းကို မဖြေဘဲ ကားအတွင်းသို့ သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
ကားမောင်းသူအပြင်
ရှန်းမူမူတစ်ယောက်သာ ရှိ၏။။
သူက မျက်ဆံများကို
ကျုံ့လိုက်ပြီး စိတ်ရှုပ်ထွေးနေသည့် အသံဖြင့် မေးလိုက်သည်။ "ခင်ဗျား ဘယ်ကို သွားကစားမှာလဲ။
ကျွန်တော် မပါဘဲနဲ့လေ။"
ရှန်းမူမူသည်
သူ့စကားလုံးများထဲမှ သူ၏ ပုံမှန်ပျင်းရိပုံနှင့် သိသိသာသာ ကွဲလွဲနေပြီး ကလေးတစ်ဦးကဲ့သို့
ဂျီကျချင်သော အရိပ်အမြွက်ကို ခံစားလိုက်ရသည်။
ရှန်းမူမူက
ရယ်မောရင်း ပြောလိုက်၏။ "ငါ မြို့လယ်ကို လှည့်ပတ်ကြည့်မလို့။ မင်း မပျင်းဘူးဆိုရင်
လိုက်လာလို့ရတယ်။"
သူမ ပြောပြီးသည်နှင့်
ကောင်လေးက ကားနောက်တံခါးကို ဆွဲဖွင့်ပြီး အထဲဝင်လိုက်သည်။
"အဖေ
ခင်ဗျားနဲ့ လိုက်မလာဘူးလား။" ချီရှောင်ပိုင်က ဝင်ထိုင်ရင်း မေးလိုက်သည်။
ရှန်းမူမူက
ချီမော့နှင့် ချစ်လှစွာသော စုံတွဲတစ်တွဲ၏ ပုံရိပ် ထိန်းသိမ်းထားပြီး မျက်တောင်မခတ်တမ်း
လိမ်ညာလိုက်၏။ "ငါတို့ ဆက်ဆံရေးက ကောင်းတယ်ဆိုပေမယ့် နေ့တိုင်း အတူတူ ရှိနေစရာ
မလိုဘူးလေ။"
ချီရှောင်ပိုင်က
ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "အိုး"
သူ့အဖေက
တွယ်ကပ်တတ်သူ မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။
ရှန်းမူမူသည်
ရှန်မြို့ရှိ ကျော်ကြားပြီး ချမ်းသာသော လူနေရပ်ကွက်များစွာသို့ ယာဉ်မောင်းအား ပို့ဆောင်စေသည်။
ရပ်ကွက်
တော်တော်များများက လူစိမ်းများကို ၀င်ခွင့်မပြုလောက်ဟု သူမထင်ခဲ့သော်လည်း ယာဉ်မောင်းက
သူတို့နှင့် ခဏတဖြုတ် စကားပြောပြီးနောက် ဂိတ်များတွင် လုံခြုံရေးအစောင့်များက ယဉ်ကျေးစွာဖြင့်
ဖြတ်သန်းခွင့်ပေးခဲ့သည်။
ရှန်းမူမူက
အံအားတသင့် ရေရွတ်လိုက်၏။ "အထင်ကြီးစရာပဲ။ ချီမော့ရဲ့ ဂုဏ်သတင်းက ရှန်မြို့ထိတောင်
ကျော်ကြားတာပဲ။"
တစ်ချိန်တည်းမှာပင်
ပန်းဆိုင် အမြတ်အစွန်းရ၍ ချီမော့ထံ အကြွေးပြန်ဆပ်ပြီးနောက်တွင် အနီရောင်စာအိတ်ကြီး
တစ်အိတ်အား 'အမည်အသုံးပြုခ' အဖြစ် ပေးမည်ဟု သူမ တိတ်တဆိတ် တွေးလိုက်သည်။
နေ့လယ်တွင်
သူမတို့က မြို့လယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ကြုံရာကျပန်းရှာဖွေ၍ ရိုးရိုးရှင်းရှင်း
နေ့လယ်စာစားလိုက်ကြသည်။ မွန်းလွဲပိုင်း၌ ကားသည် ရှန်မြို့၏ ပန်းစျေး အဝင်ဝ၌ ရပ်သွားခဲ့၏။
ရှန်မြို့၏
ရာသီဥတုက ကျင်းမြို့နှင့် မတူသဖြင့် သဘာဝအတိုင်း စိုက်ပျိုးနိုင်သည့် လတ်ဆတ်သော ပန်းအမျိုးအစားများကလည်း
ကွဲပြားသည်။
သူမ၏
လုပ်ငန်းကို ဤနေရာ၌ ချဲ့ထွင်ရန်အတွက် ဒေသတွင်း ပန်းဈေးကွက်အခြေအနေကို နားလည်ရန်မှာ
လိုအပ်သော အရာတစ်ခု ဖြစ်သည်။
ချီရှောင်ပိုင်သည်
ရှန်းမူမူ၏ နောက်သို့ လိုက်သွားပြီး ဆိုင်ပိုင်ရှင်များထံမှ ရရှိလာသော Business
Card များကို ယူကာ အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ဤတစ်ခုအပါအဝင်
သူမသည် တစ်နာရီအတွင်း Business Card ဆယ်ခုကျော် စုဆောင်းပြီး ဖြစ်သည်။
ချီရှောင်ပိုင်သည်
နေရာအနှံ့ ပြန့်ကျဲနေသော သစ်ကိုင်းများနှင့် ညစ်ပတ်နေသော ရွှံ့များကို တစ်ချက်ကြည့်၍
မျက်မှောင်ကြုတ်လိုက်သည်။
"လက်ထောက်သုန်းက
ဆယ်မိနစ်မပြည့်ခင်မှာတောင် ဒီဆိုင်တွေ အားလုံးရဲ့ အချက်အလက်တွေကို စုဆောင်းပေးနိုင်တာကို
ဘာလို့ ကိုယ်တိုင်လာရတာလဲ။"
ရှန်းမူမူသည်
ဤအခြေကြီးသည့် ချမ်းသာသော ကလေးလေးကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။
"စျေးကွက်အခြေအနေကို
နားမလည်ဘဲ စီးပွားရေးလုပ်တာက တခြားလူဆီကနေ အခွင့်အရေး ယူခံရဖို့ လွယ်တယ်ဆိုတာ နားလည်လား။"
ချီရှောင်ပိုင်က
ခေါင်းညိတ်လိုက်သည်။
သူသည်
သူ့အဖေ လုပ်ငန်းစစချင်း အစောပိုင်းကာလတွေမှာ လုပ်သမျှအရာရာကို သူကိုယ်တိုင်လုပ်ခဲ့တာလားဟု
တွေးတောဘဲ မနေနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်
နောက်တစ်ဆိုင်ကို ဆက်လျှောက်သွားသည့်အချိန်၌ သက်လတ်ပိုင်းစုံတွဲတစ်တွဲက သူတို့နှစ်ယောက်ကို
ကျော်ဖြတ်သွားသည်။
သက်လတ်ပိုင်း
အမျိုးသမီးသည် ရုတ်တရက် ခေါင်းကိုလှည့်လာပြီး ချီရှောင်ပိုင်၏ မျက်နှာကို အထပ်ထပ်အခါခါ
စိုက်ကြည့်ရင်း ဇဝေဇဝါဖြစ်စွာနှင့် သူမ၏မျက်ခုံးများက စုကျုံ့သွားသည်။
လူလတ်ပိုင်းအရွယ်
အမျိုးသားက ဇနီးဖြစ်သူရဲ့ ပခုံးပေါ် လက်တင်၍ မေးလိုက်သည်။ "ဘာကြည့်နေတာလဲ။"
အမျိုးသမီးက
တုန့်ဆိုင်းသွား၏။ "အဲဒီကောင်လေး သူ့မျက်နှာက အရင်တုန်း မိဘမဲ့ကျောင်းတုန်းက ငါ့သူငယ်ချင်းနဲ့
တော်တော်တူတယ်။"
ထိုလူက
သူမကို စူးစူးစိုက်စိုက်ကြည့်ကာ ပြုံးလိုက်သည်။ "ဒါဆို မင်းသူငယ်ချင်းက တော်တော်
ကြည့်ကောင်းမှာပဲ။"
အမျိုးသမီးက
ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကုဝမ်က အရမ်းလှတယ်။ ဒါပေမယ့် နှမြောစရာပဲ..."
သူမ အနီးကပ်
ကြည့်ချင်သော်လည်း ကောင်လေးက ဆိုင်ထဲသို့ ဝင်သွားခဲ့ပြီဖြစ်ကာ ခပ်ဝါးဝါး စကားသံများကိုသာ
ကြားလိုက်ရသည်။
"ဒီနေ့
ခင်ဗျား နောက်ကနေ လိုက်ပြီး လက်ထောက်လုပ်ပေးခဲ့တာ။ အနည်းဆုံးတော့ မနေ့ကလို တောင်ပေါ်စားသောက်ဆိုင်အဆင့်မျိုးနဲ့
တူတဲ့ ဆိုင်မှာ ညစာကောင်းကောင်းစားဖို့ ခေါ်သွားပေးသင့်တယ်လို့ မထင်ဘူးလား။"
"မင်းက
အသက်တောင် မကြီးသေးဘူး စိတ်ကူးလေးကတော့ အရမ်းလှတာပဲနော်။
ကျူရှင်ခပေးစရာ
မလိုဘဲ ကမ္ဘာကြီးကို ကောင်းကောင်းကြီး မြင်တွေ့ရအောင် ခေါ်လာပေးခဲ့တာကိုတောင် မေးရဲသေးတယ်။"
"ဒါကလည်း
ကမ္ဘာကြီးကို မြင်ရဖို့ပဲလား။"
"မင်းအတွက်ပဲလေ။"
"ဟမ့်။"
.......
"ဘော့စ်ချွီ၊
ဥက္ကဋ္ဌချီ ရောက်နေပါပြီ။"
ပြောပြီးနောက်
လက်ထောက်က လက်ဖက်ရည်ခန်း၏ သစ်သားတံခါးကို အပြင်ဘက်မှ ပိတ်လိုက်သည်။
ချွီဟွေ့၏
မျက်လုံးများထဲတွင် မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။
ဤနှစ်များတစ်လျှောက်
သူမသည် ထန်ရှင်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုးပမ်းရန် အကြောင်းပြ၍ ချီအုပ်စုသို့
အကြိမ်များစွာ ဆက်သွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဒီတစ်ကြိမ်၌
ထိုအမျိုးသမီးနှင့် ပတ်သက်သော အချက်အလက်တစ်ခုသာ ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော်
သူက ရောက်လာ၏။
ချွီဟွေ့က
မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အမူအရာမဲ့နေသည့် အမျိုးသားကို ကြည့်လိုက်သည်။
"ရှင်
တကယ် ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။"
ချီမော့၏
အကြည့်များသည် ဓားသွားကဲ့သို့ ထက်ရှ၍ အေးစက်နေသည်။ "မင်း သူမကို သိလား။"
ချွီဟွေ့က
အဓိပ္ပါယ်ရှိစွာ ရယ်မော၍ လက်ဖက်ရည်ခွက်ထဲသို့ လတ်ဆတ်သော လက်ဖက်ရည်ကို လောင်းချကာ ချီမော့ရှေ့သို့
တွန်းပို့လိုက်သည်။
"အလျင်စလို
မဖြစ်ပါနဲ့။ ဖြည်းဖြည်းချင်း စကားပြောကြရအောင်။"
ချီမော့က
ဘာစကားမှမပြောဘဲ ထိုင်နေကာ သူမ ပြောလာရန် စောင့်ဆိုင်းနေခဲ့သည်။
ချွီဟွေ့သည်
အေးစိမ့်သော ရောင်ဝါဖြင့် ထိုလူ၏ အကြည့်ကို ရင်ဆိုင်ရန် သတ္တိ စုစည်းလိုက်သကဲ့သို့
နှုတ်ခမ်းကို တင်းတင်းစေ့ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
"ဥက္ကဋ္ဌချီ၊
ကျွန်မ ရှင့်ကို အရမ်းသဘောကျတယ်ဆိုတာ ရှင်သိသင့်တယ်။"
သူမ စကားဆုံးသောအခါတွင်တော့
သူမက သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
အချိန်အတော်ကြာ
တိတ်ဆိတ်သွားပြီးနောက် ထိုလူ၏ အမူအရာမှာ သူနှင့် လုံးဝ မသက်ဆိုင်သည့် အရာတစ်ခုကို နားထောင်လိုက်ရသကဲ့သို့
လုံးဝ ပြောင်းလဲသွားခြင်းမရှိသည်ကို မြင်တွေ့လိုက်ရပြီး ချွီဟွေ့က ကပျာကယာ ဖြစ်သွားသည်။
သူမက
စားပွဲပေါ်တွင် လက်နှစ်ဖက် ထောက်ရင်း ရှေ့သို့ အနည်းငယ် ငုံ့ကာ စကားကို အမြန်ပြောလိုက်သည်။
"ကျွန်မ
အဖေက ကျွန်မကို ခေါ်လာတဲ့ ပါတီပွဲမှာ ရှင့်ကို ပထမဆုံးတွေ့ဖူးပြီး မြင်မြင်ချင်း သဘောကျခဲ့တာ။"
"ရှင့်အတွက်
ကျွန်မကိုယ်ကျွန်မ တိုးတက်လာအောင် ဒီနှစ်တွေတလျှောက် ဘယ်လောက်ကြိုးစားခဲ့ရလဲ
ရှင်သိလား။"
"ရှင့်ကို
လူ တော်တော်များများ သဘောကျကြတာကို ကျွန်မသိတယ်။ ဒါပေမယ့် ကျွန်မက အဲဒီ ရုပ်ရည်ပဲရှိတဲ့
ချမ်းသာတဲ့မိန်းမတွေနဲ့ မတူဘူး။ ကျွန်မက ရှင့်ကို တကယ် နားလည်တယ်။"
ချွီဟွေ့က
လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အလင်းရောင်တို့
တဖျတ်ဖျတ် လက်နေသည်။
ချီမော့ကို
ပထမဆုံး မြင်ဖူးသည့် မြင်ကွင်းအား သူမ သတိရမိသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်
သူသည် သူမမြင်ဖူးသော ယောက်ျားများနှင့် မတူကြောင်း သူမ သိလိုက်သည်။
လူတွေအပေါ်
သူ့အကြည့်က နွေးထွေးမှုရော စိတ်ခံစားချက်ပါ မရှိဘဲ သူ၏ အသက်မွေးဝမ်းကြောင်းနဲ့ ရည်မှန်းချက်ပန်းတိုင်သာ
ရှိပေသည်။
ချွီဟွေ့သည်
ဤကဲ့သို့သော ယောက်ျားမျိုးက သူတို့၏ လုပ်ငန်းတွင် ကူညီပေးနိုင်သည့် အမျိုးသမီးတစ်ဦး
လိုအပ်ကြောင်း စိတ်ချယုံကြည်ခဲ့သည်။
"လတ်တလောနှစ်တွေမှာ
ကျွန်မ ထန်ရှင်းအုပ်စုကို ပိုမိုကြီးမားလာစေပြီး ရှန်မြို့ ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခု
ဖြစ်လာစေခဲ့တယ်။ ကျွန်မမှာ ရှင်နဲ့ တူညီတဲ့ လုပ်ငန်းတစ်ခု ရှိတယ်။ ရှင် ကျွန်မနဲ့ တွဲကြည့်ဖို့
ဆန္ဒရှိသရွေ့ ကျွန်မတို့ ဘယ်လောက် လိုက်ဖက်လဲဆိုတာ ရှင် သိလာလိမ့်မယ်။"
"မစ္စချွီ
ကျုပ် ဒီကိုလာတာ အဲဒီကိစ္စတွေ နားထောင်ဖို့မဟုတ်ဘူး။ မင်း ဘယ်လိုလူမျိုးလဲဆိုတာ ကျုပ်နဲ့
ဘာမှ မသက်ဆိုင်ဘူး။" ချီမော့က စိတ်မရှည်စွာ ကြားဖြတ်ပြောလိုက်သည်။ "မင်း
ကုဝမ်နဲ့ ပတ်သက်ပြီး ကျုပ်ကို ဘာပြောမှာလဲဆိုတာပဲ သိချင်တယ်။"
ချွီဟွေ့
အံ့သြမှင်တက်သွားသည်။ သူမ နှလုံးသားထဲမှာ အချိန်အတော်ကြာအောင် ဖုံးကွယ်ထားခဲ့သည့် စကားလုံးများကို
နောက်ဆုံး၌ ထုတ်ပြောခဲ့သော်လည်း တုံ့ပြန်မှု လုံးဝ မရခဲ့ပေ။
သူမ၏
နှလုံးသားက ညှစ်ဆုပ်ထားသလို နာကျင်သွားခဲ့သည်။
သူမက
ရုတ်တရက် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူ၍ ဖြေးညင်းစွာ မေးလိုက်သည်။
"ချီရှောင်ပိုင်ရဲ့အမေက ကုဝမ် ဟုတ်တယ်မလာ"
သူမ ပြောပြီးသည်နှင့်
သူမကို လုံးဝ တိုက်ရိုက် ကြည့်မလာခဲ့သည့် အမျိုးသားက ဖြည်းညင်းစွာ မျက်လွှာပင့်ကာ သူမကို
တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်များက နားမလည်နိုင်အောင် နက်နဲလှသည်။
ချွီဟွေ့က
ကိုယ့်ကိုယ်ကို သိမ်ငယ်စွာဖြင့် ရယ်မောလိုက်သည်။
သေချာပေါက်
ကုဝမ်အကြောင်း ပြောမှသာ သူက သူမကို ကြည့်လာခြင်း ဖြစ်ပေသည်။