အပိုင်း ၄၇
Viewers 4k

 

အခန်း (၄၇) ချီရှောင်ပိုင်၏ ဘဝဇာတ်ကြောင်း

 

"ဒါက ရှင် ကျွန်မကို ခေါ်သွားချင်တဲ့ နေရာလား။"

 

ရှန်းမူမူ ကားထဲက ဆင်းလာပြီးနောက် သူမ ဘေးမှ လူကို ကြည့်လိုက်သည်။

 

ချီမော့၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့လေသံတွင် လွမ်းဆွေးမှု အရိပ်အမြွက်ပါ ရှိနေသည်။ "ဟုတ်တယ်။"

 

သူတို့ရှေ့တွင် နှင်းတောင်သင်္ချိုင်းတစ်ခု၏ ဝင်ပေါက်ရှိသည်။

 

ဖုရွှယ်ရှန်းသင်္ချိုင်းကို နှင်းတောင်အတက် လမ်းတစ်ဝက်တွင် တည်ဆောက်ထားသည်။

 

တောင်ထိပ်သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေပြီး တောင်ခြေရင်းတွင် စိမ်းလန်းစိုပြေသောသစ်ပင်များဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းကို ကောင်းကင်နှင့် မြေကြီးကဲ့သို့ ထူးခြားသော ရှုခင်းနှစ်ခုအဖြစ် သဘာဝအတိုင်း ပိုင်းခြားထားသည်။ ထို့ကြောင့် ထိုနာမည်ရခဲ့ခြင်း ဖြစ်သည်။

 

မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဆေးကြောသန့်စင်ထားတဲ့ မြေကြီးပေါ်သို့ တိမ်များကြားမှ ခုန်ထွက်လာသည့် နေမင်းက သူ့ရောင်ဝါတို့ဖြင့် လွှမ်းခြုံစေသည်။ လေထုထဲတွင် စိုထိုင်းသော မြေဆီလွှာ၏ ရနံ့များဖြင့် ပြည့်နေသည်။

 

ရံဖန်ရံခါတွင် ငှက်အော်သံများ ကြားရတတ်သည်။ ဘေးပတ်ဝန်းကျင်မှ လူအနည်းငယ်သည် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာကြသည်။

 

ရှန်းမူမူ၏ နှလုံးသားထဲသို့ ရှုပ်ထွေးမှု အရိပ်အမြွက်တစ်ခု တိတ်တဆိတ် ဝင်ရောက်လာသည်။

 

သူမကို ဘာလို့ ဒီနေရာ ခေါ်လာတာလဲ။

 

သည်နေရာမှာ တစ်ယောက်ယောက်ကို မြှုပ်ထားတာလား။

 

သင်္ချိုင်းလှေကားက ရှည်လျားသည်။ ရှန်းမူမူက သူ့နောက်မှ လိုက်လာခဲ့သည်။

 

ထိုလူက သူမ ခြေလှမ်းများနှင့် ကိုက်ညီစေရန် သူ့အရှိန်ကို ရည်ရွယ်ချက်ရှိရှိ နှေးချလိုက်သည်။

 

မကြာမီတွင် သူတို့က အုတ်ဂူတစ်ခုရှေ့၌ ရပ်လိုက်ကြသည်။

 

ချီမော့သည် သူ့အင်္ကျီအိတ်ထဲမှ ကြိုပြီး ပြင်ဆင်ထားပုံရသော လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ သူက သင်္ချိုင်းဂူကို သန့်စင်ရန် ကိုယ်ကို ကိုင်းလိုက်သည်။

 

ဖုန်မှုန့်များကို သန့်ရှင်းပြီးသွားသောအခါမှ ရှန်းမူမူသည် အုတ်ဂူပိုင်ရှင်၏ ဓာတ်ပုံကို တွေ့လိုက်ရသည်။

 

သူမ နာမည်က ကုဝမ် ဖြစ်သည်။

 

ဓာတ်ပုံထဲတွင် သူမ၏ အသွင်အပြင်က ထူးထူးခြားခြား နှင့် ဆွဲဆောင်မှုရှိသည်။  သူမ၏ မျက်ခုံးများက မိုးမခသစ်ရွက်လေးကဲ့သို့ဖြစ်ပြီး သူမ နှုတ်ခမ်းများက ချယ်ရီရောင်ရဲရဲလေး ဖြစ်နေကာ သူမ နှာခေါင်းလေးက ကျောက်စိမ်းနှင့် ထူဆစ်ထားသလို ထင်မှတ်ရသည်။

 

သူမ၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်နေကာ သနားစရာကောင်းသော ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုဖြစ်ပြီး လေပြည်ညင်းလေးကဲ့သို့ လူများကို သက်တောင့်သက်သာဖြစ်စေသည့် ခံစားချက်မျိုး ပေးစွမ်းသည်။

 

ရှန်းမူမူ : "သူမက..."

 

ချီမော့သည် အသံလာရာဘက်ကို ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးချင်း ဆုံတွေ့သွားသည်။ သူ့ မျက်လုံး၏ နက်ရှိုင်းသော နေရာမှ အရိပ်အမြွက်တို့ကို သူမ မြင်လိုက်ရသည်။

 

"သူမက ချီရှောင်ပိုင်ရဲ့အမေပါ။"

 

ရှန်းမူမူက အနည်းငယ် အံ့အားသင့်သွားပြီး အုတ်ဂူကို သေသေချာချာ ဆန်းစစ်ကြည့်ရင်း မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည် ။

 

ကမ္မည်းမှ မှတ်တမ်းအရ ကုဝမ်သည် အသက်နှစ်ဆယ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

 

ချီရှောင်ပိုင်၏ မိခင်က စောစီးစွာ ကွယ်လွန်သွားသည်ကို ရှန်းမူမူ သိသော်လည်း ထိုမျှ ငယ်ရွယ်သောအရွယ်တွင် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

 

သူမသည် တရားဝင် လက်ထပ်နိုင်သည့် အသက်အရွယ်ကို ကျော်လွန်ကာစလေးပင် ဖြစ်သည်။

 

သူမ အတွေးတွေကို မစုစည်းနိုင်ခင်မှာ သူမ ဘေးနားက ယောက်ျား၏ အုံ့ဆိုင်းနေသည့် ခပ်နိမ့်နိမ့် အသံကို သူမ ကြားလိုက်ရသည်။

 

"သူက ကိုယ့်ရဲ့ အစ်မ။"

 

ရှန်းမူမူ၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

 

ချက်ချင်းဆိုသလို သူမ ရရှိခဲ့သည့် အချက်အလက် ပမာဏက အလွန် များပြားလွန်းနေပြီး သူမကို ထုံထိုင်းသွားစေကာ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။

 

သူ့ကို တွေဝေစွာ စိုက်ကြည့်နေရင်း သူမ၏ နီရဲသော နှုတ်ခမ်းသားများက အနည်းငယ် ပွင့်ဟသွားကာ သူ့ မျက်လုံးများထဲသို့ အူကြောင်ကြောင်နှင့် စိုက်ကြည့်နေခဲ့သည်။

 

ချီမော့၏ မျက်လုံးများက တဖြည်းဖြည်း တင်းကျပ်လာကာ သူ၏ အသံက အနည်းငယ် အက်ရှလာသည်။

 

"ချီရှောင်ပိုင်က ကိုယ့်ရဲ့ သားအရင်း မဟုတ်ဘူး။ သူက ကုဝမ်ရဲ့... အဲဒါက...  ကိုယ့် အစ်မရဲ့ ကလေးပဲ။"

 

ရှန်းမူမူ အံ့သြသွားသည်။ သူမ၏ မျက်တောင်များက လျင်မြန်စွာ တဖျတ်ဖျတ် ခတ်နေပြီး သူမ၏နှလုံးသားထဲမှ မတည်ငြိမ်မှုများကို ထုတ်ဖော်ပြသလိုက်သည်။

 

သည်သတင်းဟာ သူမ ကြားဖူးသမျှထဲ၌ အံ့ဩစရာ အကောင်းဆုံးသတင်းဟု သူမထင်လိုက်ချိန်မှာပဲ ချီမော့၏ နောက်ထပ်စကားလုံးများက သူမရဲ့ ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

 

"သူမ ဆုံးပါးသွားပြီးတော့ ချီရှောင်ပိုင်ကို ကိုယ့်သားအဖြစ်နဲ့ စောင့်ရှောက်ဖို့အတွက် အသက်ကို ခြောက်နှစ် ထပ်တိုးခဲ့တယ်။"

 

ရုတ်တရက် အရာအားလုံးက ရှန်းမူမူအတွက် အဓိပ္ပါယ်ရှိလာသည်။

 

သူမ၏ နှလုံးသားထဲတွင် ကြာရှည်စွာ ရှိနေခဲ့သော ပဟေဋ္ဌိများသည် နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။

 

နောက်ဆုံး၌ ချီမော့က သုံးဆယ့်ရှစ်နှစ်နှင့် အဘယ်ကြောင့် လုံးဝမတူကြောင်း နောက်ဆုံးတွင် သူမ နားလည်လာခဲ့သည်။

 

သူ့ ကုမ္ပဏီကိုစတင်ပြီး ပထမနှစ် အနည်းငယ်အတွင်း အများပြည်သူရှေ့ ထွက်ပေါ်လာတဲ့ သူ့ အချက်အလက်တွေကို သူမ ဘာကြောင့် ရှာမတွေ့နိုင်လဲဆိုတာကိုလည်း သူမ သဘောပေါက်သွားခဲ့သည်။

 

ဒါကြောင့်ကိုး။

 

အဲဒါက ဒီလို ဖြစ်နေတာကိုး။

 

သေချာပေါက်ပင် သူ၏ အသက်အစစ်အမှန်အရ သူသည် ချီရှောင်ပိုင်ထက် ဆယ့်ငါးနှစ်သာ ကြီးလေသည်။

 

အသက်ဆယ့်ငါးနှစ်မှာ သားတစ်ယောက် ဘယ်လို မွေးထုတ်နိုင်မှာလဲ။

 

ချီရှောင်ပိုင်၏ 'ဖခင်' ဖြစ်လာရန်အတွက် သူသည် အသက်ကြီးလာပြီး ပိုမိုရင့်ကျက်သည့် မျက်နှာရှိလာသည်အထိ စောင့်ဆိုင်းခဲ့ပြီးမှ ချီရှောင်ပိုင်ကို မီဒီယာတွင် ယုတ္တိတန်စွာ ပေါ်ထွက်လာစေပြီး လူသိရှင်ကြား တရားဝင် အသိအမှတ်ပြုခဲ့သည်။

 

ရှန်းမူမူ နားမလည်နိုင်တာ တစ်ခုရှိသေးသည်။ "ရှင့် အစ်မက ဘာလို့ မျိုးရိုး 'ကု' ဖြစ်နေတာ..."

 

သူမက စကားတစ်ဝက်တွင် ရပ်တန့်လိုက်သည်။

 

လိမ္မာပါးနပ်မှုမရှိဘဲ သူ့လျှို့ဝှက်ချက်တွေကို တူးထုတ်ရန် ကြိုးစားမိသည့်အတွက် သူမကိုယ်သူမ ဒေါသထွက်သွားရသည်။

 

သူတို့သည် စာချုပ်အိမ်ထောင်ဖက်များသာဖြစ်တာကြောင့် သူ့ လျှို့ဝှက်ချက်များကို စေ့စေ့စပ်စပ်သိရရန် သူမမှာ မည်သည့်အခွင့်အရေးများ ရှိနိုင်မည်နည်း။

 

သူမက နှုတ်ခမ်း အနည်းငယ် စေ့လိုက်ပြီး သူမ၏ ကြည်လင်သော မျက်လုံးများက သူ့ထံ ကျရောက်လာကာ ညင်သာစွာ ပြုံးပြလိုက်သည်။ "တောင်းပန်ပါတယ်... ကျွန်မ..."

 

သူမ ပြော၍ မပြီးခင်မှာ ချီမော့ အကြည့်တို့က အဝေးသို့ ဖြေးညင်းစွာ ရွှေ့လိုက်သည်။ သူ၏ ရှည်လျားသော မျက်တောင်များက သူ့အကြည့်တို့ကို ဖုံးကွယ်ထားကာ သူက ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်သည်။

 

"အဆင်ပြေပါတယ်။ တောင်းပန်စရာမလိုပါဘူး။ ဒီနေ့ မင်းကို ဒီနေရာခေါ်လာတာက ချီရှောင်ပိုင်ရဲ့ နောက်ခံအကြောင်း အားလုံးကို ပြောပြချင်တာကြောင့်ပါ။"

 

သူမကို တခြားတစ်ယောက်ဆီကနေ သိခွင့်ပေးတာထက် သူ့ကိုယ်သူ တိုက်ရိုက် ပြောပြလိုက်တာကို ပိုသဘောကျပေသည်။

 

အဲဒါက သူ့ရဲ့ ပင်ကိုယ်စရိုက်ပဲ ဖြစ်သည်။

 

သူက တည့်တိုးပြောတတ်ပြီး ခြုံပုတ်တွေ ပတ်ပြီး ရိုက်နှက်တာမျိုး မရှိပေ။

 

ချီမော့ : "ကိုယ့်ကို ချီမိသားစုက မွေးစားခဲ့ပြီး သူတို့ရဲ့ မျိုးရိုးအမည်ကို ယူခဲ့တာ..."

 

ထိုစကားကို ကြားသည့်အခါ ရှန်းမူမူ၏ နှလုံးသားက ခပ်စူးစူးဖြစ်ကာ တင်းကျပ်သွားသည်။ သူ ပြန်ပြောပြနေသည့် အတိတ်က အမှတ်ရစရာများကို နားထောင်ရင်း သူမရဲ့ စိတ်ခံစားမှုတွေက အချိန်အကြာကြီး မငြိမ်သက်နိုင်တော့ဘဲ သူ့ကိုသာ ငေးကြည့်နေမိတော့သည်။

 

*******

 

ကုဝမ် နှင့် ချီမော့က မိဘမဲ့ဂေဟာတစ်ခုတွင် အတူကြီးပြင်းခဲ့ပြီး သူမက သူ့ထက် ငါးနှစ်ကြီးသည်။

 

ချီမိဘများက သူတို့ ကိုယ်တိုင် ကလေးမမွေးနိုင်သောကြောင့် မိဘမဲ့ဂေဟာသို့ ရောက်လာကြပြီး မြင်မြင်ချင်းမှာပဲ ခြောက်နှစ်သားအရွယ် သူ့ကို သဘောကျသွား​ကြသည်။

 

ထိုအချိန်က ချီမိသားစုသည် မချမ်းသာသေးဘဲ နောက်ထပ် ကလေးတစ်ယောက်ကို မွေးစားရန် မတတ်နိုင်ပေ။

 

ချီမော့က ကလေးတစ်​​ယောက်အနေနှင့် လူကြီးများဖြင့် စေ့စပ်ညှိနှိုင်းရန် အရည်အချင်း မရှိခဲ့ပေ။

 

ကုဝမ်က အမြဲတမ်း စိတ်ထားနူးညံ့သူ ဖြစ်သည်။ ချီ​မော့က သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်ပြီး သူမ၏ မောင်လေးကို မွေးစားမိဘများက ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရခြင်းမှာ သူမကိုယ်တိုင် မိဘမဲ့ဂေဟာမှ ထွက်သွားခြင်းထက် သူမအား ပိုပျော်ရွှင်စေခဲ့သည်။

 

သူတို့ ကွဲကွာသွားပြီးနောက် လူချင်းတွေ့ဆုံရသည်က ရှားပါးသော်လည်း မောင်နှမတွေက စာတွေကနေတဆင့် အဆက်အသွယ် မပြတ်ခဲ့ကြပေ။

 

ကုဝမ် အသက်ဆယ့်ရှစ်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး အရွယ်ရောက်ပြီ ဖြစ်သည့်အတွက် နောက်ဆုံးတွင် ဘဝသစ်အတွက် မိဘမဲ့ဂေဟာမှ ထွက်ခွာခဲ့သည်။

 

သူမသည် ကြင်နာပြီး နူးညံ့သည်။ သူမသည် ပတ်ဝန်းကျင်အသစ်တွင် လျင်မြန်စွာ သူငယ်ချင်းဖွဲ့ပြီး သူမ၏ လေ့လာမှုတွင်လည်း ထူးချွန်သူဖြစ်သည်။

 

အမှန်တွင် နှစ်ယောက်လုံးက ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ဘဝတွေ တိုးတက်အောင်မြင်လာသည့် ဇာတ်လမ်းမျိုး ဖြစ်သင့်ပေသည်။

 

သို့သော် ရှန်းမူမူသည် နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုများက ခက်ခဲမှုများဖြစ်​နေလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်မထားမိခဲ့ပေ။

 

ကုဝမ်သည် ငယ်ရွယ်နုပျိုပြီး အနာဂတ်အတွက် မျှော်လင့်ချက်များစွာဖြင့် တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။

 

သူမသည် ကျောင်းအတွင်း အလုပ်သင် အခွင့်အလမ်းတစ်ခုတွင် ထိုလူနှင့် တွေ့ခဲ့ရလေသည်။

 

ထိုအချိန်မှစ၍ သူမ၏ ဘဝလမ်းကြောင်းသည် သူမ ရည်ရွယ်ထားသော လမ်းစဉ်မှ လုံးလုံးလျားလျား သွေဖယ်သွားခဲ့သည်။

 

သူမသည် သူမထက် ဆယ်နှစ်ကြီးသည့် စီနီယာကို ရူးရူးမိုက်မိုက် ချစ်မိသွားခဲ့သည်။

 

အစပိုင်းတွင် သူမ၏ မောင်လေးထံ ရေးသည့် စာများတွင် ချစ်ခြင်းမေတ္တာတို့ အရိပ်အယောင်တို့ဖြင့် ပျော်ရွှင်မှုများနှင့် ပြည့်နေခဲ့သည်။

 

သို့ပေမယ့် ထိုအချိန်ကောင်းများက မတည်မြဲခဲ့ပေ။

 

ထိုယောက်ျား၏ ဇနီးသည်က သူတို့အကြောင်း သိသွားပြီး ကျောင်းတွင် အကြီးအကျယ် ပြဿနာလာရှာခဲ့သည်။

 

ထိုအချိန်ကျမှပင် သူမသည် ထိုသူ၌ မိသားစုရှိနှင့်နေပြီး ဖြစ်ကြောင်း သိလိုက်ရသည် ။

 

ထိုယောက်ျား၏ ဇနီးသည်က ပြဿနာအကြီးအကျယ် ရှာခဲ့ပြီးနောက် သူမက ထိုနေရာတွင် ပညာဆက်လက်မသင်နိုင်တော့ဘဲ ကျောင်းမှထွက်ခဲ့ရသည်။

 

သူမ အနာကျင်ဆုံးနဲ့ အားကိုးရာမဲ့နေသည့် အခိုက်အတန့်မှာ ထိုလူက ပျောက်ဆုံးသွားခဲ့သည်။

 

သူက သူ့မိသားစုကို စွန့်လွှတ်သလို သူမကိုလည်း စွန့်ပစ်ခဲ့သည်။

 

ကုဝမ်သည် ငယ်ငယ်ကတည်းက အားနည်းသော ခန္ဓာကိုယ်ရှိပြီး နေမကောင်း ဖြစ်လွယ်သည်။

 

ထိုအကျပ်အတည်းကို ဖြတ်ကျော်ရင်း သူမက စိတ်ဓာတ်ကျကာ သူမ၏ ကျန်းမာရေးအခြေအနေက ဆိုးရွားလာခဲ့သည်။

 

လုံးဝ မသင့်တော်ဆုံးသော အချိန်၌ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။

 

သူမကို ထားရစ်ခဲ့တဲ့ အမျိုးသား၏ ထိုးနှက်ချက်ကနေ သူမ မသက်သာသေးပေ။

 

သူမသည် သူ့မှာ အခက်အခဲတွေရှိနေလို့ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဇွတ်မှိတ် ယုံကြည်ခဲ့သည်။

 

တစ်နေ့တွင် သူပြန်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

 

သူက ပြန်လာပြီး အမှားကို ဝန်ခံကာ သူမကို လာရှာလိမ့်မည်ဟု မျက်စိမှိတ် ယုံကြည်နေခဲ့ပေသည်။

 

ဇာတ်လမ်းက အလျင်အမြန်ပင်  ရှုပ်ထွေးလှသည့် ပုံစံနှင့် အဆုံးသတ်သွားခဲ့သည်။

 

ကလေးမွေးဖွားပြီးနောက် ကုဝမ်၏ ကျန်းမာရေးက ပိုဆိုးလာခဲ့သည်။

 

သူမသည် သားဖြစ်သူ၏ တစ်လတာ အထိမ်းအမှတ်ပွဲပင် မပြုလုပ်နိုင်ခဲ့ဘဲ ကမ္ဘာပေါ်မှ ထွက်ခွာသွားခဲ့ရလေသည်။

 

********

 

ချီမော့၏ အမူအရာက တည်ငြိမ်နေသည်။ သူ၏ အေးစက်ပြီး ထက်မြက်သော ပုံရိပ်က နှင်းများနှင့် ရောယှက်နေသည်။

 

သူ့လေသံတွင် နောင်တရမှု မရှိသလို မုန်းတီးမှုလည်း မရှိပေ။

 

သူက ဆေးရုံခန်းတံခါးအပြင်ဘက်မှာ တုန်လှုပ်စွာဖြင့် ငိုကြွေးနေခဲ့သည့် အသက်ဆယ့်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက် မဟုတ်တော့ချေ။

 

သူ့အစ်မ ဆုံးပါးသွားသည့်နေ့မှစ၍ သူသည် ညတွင်းချင်း ကြီးပြင်းလာပြီး မှီခိုနိုင်သည့် သစ်ပင်တစ်ပင် ဖြစ်လာရန် ရည်မှန်းထားသည်။

 

ဤကမ္ဘာတွင် ကျန်ခဲ့သော သူ့ အစ်မ၏ နောက်ဆုံးအရိပ်အယောင်ဖြစ်သည့် ချီရှောင်ပိုင်ကို ကာကွယ်ရန်မှာ သူ့တာဝန် ဖြစ်သည်။

 

ထိုလူ၏ ကြံ့ခိုင်ပြီး မယိမ်းယိုင်သည့် ပုံရိပ်ကို ငေးကြည့်ရင်း ရှန်းမူမူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသည်။

 

သူမ တစ်ခုခုပြောချင်သော်လည်း ဘယ်လို နှစ်သိမ့်ရမလဲမသိပေ။

 

သူမ ငုံ့ကြည့်လိုက်တော့ သူ့လက်ချောင်းလေးများက အနည်းငယ်တုန်နေသည်ကို တွေ့လိုက်ရသည်။

 

သူမ၏ နှလုံးသားထဲ၌ ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်သည် သူမ၏နှလုံးသားကို သိမ်းပိုက်လိုက်ပုံရသည်။

 

ထိုအထီးကျန်နေသည့် အသွင်နှင့် တိတ်ဆိတ်ကာ ငြိမ်သက်လှသည့် အမျိုးသားသည် သူ့နှလုံးသားထဲမှာ ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေသော်လည်း အနည်းငယ်မျှပင် ထုတ်ဖော်ပြောလိုစိတ် မရှိပေ။

 

ရှန်းမူမူ၏ ထင်မြင်ချက်ထဲ​တွင် သူက စကားအနည်းငယ်မျှသာ ပြောတတ်သူ ဖြစ်သည်။ တစ်စုံတစ်ခုကို စကားလုံး တစ်လုံး သို့မဟုတ် နှစ်လုံးဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လျှင် အပိုစကားလုံးများကို လုံးဝ သုံးလိမ့်မည် မဟုတ်ပေ။

 

ဤသည်မှာ သူ ထိုမျှ စကားအရှည်ကြီး ပြောပြလာသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

 

'မျက်နှာကြောသေ' ဟု ခေါ်ရလောက်သည့် အမူအရာကင်းမဲ့သော ဤအမျိုးသား၏ မျက်နှာထက်တွင် ထိုသို့သော ကွဲကြေလွယ်သည့် အမူအရာမျိုး မြင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

 

သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူတို့ အကြည့်များက လေထဲတွင် ဆုံတွေ့သွားခဲ့သည်။

 

သူမက သူ၏ အသံနိမ့်နိမ့်ကို ကြားလိုက်ရ၏။

 

"ကိုယ်က ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး ဟုတ်တယ်မလား။"