အခန်း (၃၇)
အဖေရော ကာတွန်းကား ကြည့်ချင်လား
ရှန်းမူမူသည်
ချီရှောင်ပိုင်က အပန်းဖြေခရီး ထွက်မည်ဟု သိလိုက်ကတည်းက အပြင်သိပ်မထွက်တော့ဘဲ နေ့တိုင်းနီးပါး
အိမ်ကပ်နေကြောင်း သိရှိခဲ့သည်။
တစ်ခုသော
နေ့လယ်ခင်း၌ သူမသည် ချီရှောင်ပိုင်က ဝရံတာတွင် ပျင်းရိစွာ နေပူဆာလှုံနေကြောင်း သတိပြုမိခဲ့ပြီး
သူ့ကို မေးလိုက်သည်။ "ရှောင်ချီ ကာတွန်းကား ကြည့်ချင်လား။"
မကြာခင်က
စိတ်တက်ကြွကာ သွေးဆူဖွယ်ရာ ပြိုင်ပွဲများနှင့် ဘက်စကက်ဘော ကာတွန်းကားအသစ်တစ်ကား ထွက်ရှိလာပြီး
ရှန်းမူမူက ၎င်းကို ရုံမတင်ခင် အရှေ့အပိုင်းများကို ပြန်နွှေးကာ ကြည့်ချင်ခဲ့သည်။
ချီရှောင်ပိုင်က
ပုံမှန်ဆိုလျှင် ဘက်စကက်ဘော ကစားရသည်ကို ကြိုက်နှစ်သက်သောကြောင့် သူမက အတူကြည့်ရန်
ခေါ်လိုက်ခြင်း ဖြစ်သည်။
ချီရှောင်ပိုင်က
မျက်ခုံးပင့်လိုက်ပြီး ပုံမှန် သီးသန့်ဆန်သော အမူအရာနှင့် ပြောလိုက်သည်။ "ကျွန်တော်က
ကာတွန်း ကြည့်မယ့်သူနဲ့ တူနေလို့လား။ ကျွန်တော့်ကို မူလတန်းကလေးလို့
ထင်နေတာလား။"
ရှန်းမူမူက စဥ်းစားခြင်းမရှိဘဲ ပြောလိုက်သည်။ "ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်
မင်းလည်း အားနေတာပဲ။ ငါနဲ့အတူ လာကြည့်စမ်းပါ။"
ချီရှောင်ပိုင်
: "..."
ခြောက်နာရီကြာပြီးနောက်...
အိမ်ရှိ
ရုပ်ရှင်ရုံအသေးလေးထဲတွင်...
"သေစမ်း... သူက ဘယ်လိုလုပ် အဲဒီ နောက်ဆုံး ပစ်ချက်ကို လူမှားပြီး ပေးလိုက်ရတာလဲ။
အဓိပ္ပါယ်ကို မရှိဘူး။"
ချီရှောင်ပိုင်က
စခရင်ထက်မှ အဓိကကာရိုက်တာ ဝမ်းနည်းစွာဖြင့် ခါးခါးသီးသီး ငိုယိုနေသည်ကို ကြည့်ရင်း
ပြောလိုက်သည်။
"ဘယ်လိုတောင်
နှမြောစရာလဲ။ နှစ်မှတ်တည်းနဲ့။ ကျွန်တော်သာဆိုရင် ဆဲ့ပ်ပုကူကို တောင်းပန်ရအောင် လုပ်မှာ။"
ရှန်းမူမူက
အာလူးကြော်ဝါးနေရင်း စပွိုင်လာပေးလိုက်သည်။ "အဓိကဇာတ်ကောင်ကလည်း တကယ် အပြစ်ရှိသလို
ခံစားနေတာပဲ။ အဲဒါကြောင့် သူ မကြာခင် ဆံပင်သွားရိတ်လိုက်လိမ့်မယ်။"
"ကျွန်တော့်ကို မပြောနဲ့။" ချီရှောင်ပိုင်က ဒရာမာဆန်ဆန် သူ့နားရွက်များကို
ကာထားလိုက်သည်။ "စပွိုင်လာမပေးနဲ့။"
ရှန်းမူမူက
အံ့အားသင့်သွားသည်။ "မဖြစ်နိုင်လိုက်တာ။ မင်း ဒီ ကာတွန်းကို ပထမဆုံးအကြိမ် ကြည့်ဖူးတာလား။"
ချီရှောင်ပိုင်က
အတည်မပြုသလို မငြင်းဆန်ခဲ့ဘဲ ရှန်းမူမူအား မျက်လုံးထောင့်က တစ်ချက်ကြည့်ပြီးမှ စခရင်ကို
ပြန်ကြည့်ရင်း အကြောင်းအရာ ပြောင်းလိုက်သည်။
"နောက်တစ်ပိုင်း
ဖွင့်လေ။"
ကောင်လေး၏
မျက်လုံးထဲမှ ဖုံးကွယ်ထားသော စိတ်ပျက်မှုကို မြင်သောအခါမှ ရှန်းမူမူက တစ်စုံတစ်ရာကို
နားလည်သွားသည်။
ဝတ္ထုထဲတွင်
ပြောထားသည်မှာ ချီရှောင်ပိုင်သည် ကလေးဘဝကတည်းက သူ့အဘွားဖြစ်သူနှင့် အတူ နေထိုင်ခဲ့ပြီး
သူ ငါးတန်းအရွယ်ရောက်မှ ဖခင်နှင့်အတူ နေထိုင်ရန် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
သူသည်
နောက်ဆုံး၌ သူ့အဘွား၏ နေရာမှ ထွက်လာနိုင်သောအခါ အခြားကလေးများကဲ့သို့ သူ့မိဘထံမှ အချစ်နှင့်
ဂရုစိုက်မှုကို လက်ခံရရှိလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော်
သူ ဆန္ဒရှိသည့်အရာက ဖြစ်မလာခဲ့ပေ။ သူ့ အဖေနှင့်အတူ ပြောင်းနေသည့်နေ့မှာပင် သူ့အမေ
ဆုံးပါးသွားသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက်တွင်
သူမ၏ ကိုယ်ရည်ကိုယ်သွေးက တဖြေးဖြေး မည်းမှောင်ကာ အမှီအခိုကင်းလာသည်။
အခြားကလေးများ
နှစ်သက်သည့် အရာများဖြစ်သော ကစားခြင်းနှင့် ကာတွန်းကားကြည့်ရခြင်းတို့ကို စိတ်မဝင်စားဘဲ
လူကြီးလေးတစ်ယောက်လို နေထိုင်ခဲ့သည်။
ချီရှောင်ပိုင်
ငယ်ဘဝ၏ အကြီးဆုံးသော အပိုင်းက ပျောက်ဆုံးနေပုံရသည်။
ထိုသည်ကို
တွေးမိသည့်အခါ ရှန်းမူမူ၏ နှလုံးသားက နူးညံ့ပျော့ပျောင်းသွားပြီး သူမက သူ့ကို မသိမသာ
စနောက်သော နည်းလမ်းဖြင့် နှစ်သိမ့်လိုက်သည်။
"ရှောင်ချီ
ဒီကာတွန်းကားကို အခုမှကြည့်ဖူးတဲ့ မင်းရဲ့ လတ်ဆတ်တဲ့ မျက်လုံးလေးကို ငါ အရမ်း မနာလိုဖြစ်တာပဲ။
မင်းရဲ့ မျက်လုံးလေးတွေ ငှားစမ်းပါ။ ငါ အဲဒါတွေကို တူးထုတ်လိုက်မယ်။"
ချီရှောင်ပိုင်
ခေါင်းလှည့်လာကာ သူမကို ရူးနေလားဟူသည့် အဓိပ္ပါယ်ဖြင့် ကြည့်လိုက်သည်။ "ဟမ်..."
ရှန်းမူမူက
ဆက်လက် သရုပ်ဆောင်နေသည်။
"ထားလိုက်ပါတော့။
မင်းရဲ့ မျက်လုံးတွေက ငါ့လောက်မှ မကြီးတာ။ သိပ်မတန်လောက်ဘူး။"
"ငါတို့
ဒီစီးရီး ပြီးသွားရင် နင်ဂျာတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် ကာတွန်းကားတစ်ခု
ညွှန်းပေးမယ်။ အဲဒါလည်း တော်တော်လေး ကောင်းတယ်။"
"ငါ
ရေခဲချောင်း စားချင်တယ်။ ရေခဲသေတ္တာထဲက တစ်ခုလောက် ယူပေး။"
သူမ၏
တည့်တိုးဆန်သော သဘောထားကို မြင်သောအခါ ချီရှောင်ပိုင်က မျက်ခုံးပင့်လိုက်သည်။
"ဘာလို့ ခင်ဗျားဘာသာ ခင်ဗျား သွားမယူတာလဲ။"
ရှန်းမူမူက
လည်ချောင်း ရှင်းလိုက်သည်။ "အဟမ်း.... အဲဒါဆိုရင်တော့ ငါက စပွိုင်လာစပေးရတော့မှာပဲ။
အဲဒီ အဓိကဇာတ်ကောင် သူ......"
ချီရှောင်ပိုင်က
ဆိုဖာပေါ်မှ ခုန်ထလိုက်သည်။ "သွားမယ်။ ကျွန်တော် သွားမယ်။ ပါးစပ်ပိတ်ထားပါဗျာ။"
ရှန်းမူမူက
ပြုံးလိုက်ပြီး နောက်ထပ် လမ်းကြုံ ထပ်မှာလိုက်သည်။ "မက်မွန်အရသာနော်။ အမဲသားခြောက်ထုပ်
နည်းနည်းပါ ယူလာခဲ့ပါဦး။"
ကောင်လေးက
နာနာခံခံနှင့် မီးဖိုချောင်သို့ သွားခဲ့သည်။
ရေခဲချောင်းနှစ်ခုကို
လက်တစ်ဖက်က ကိုင်ရင်း အခြားတစ်ဖက်မှ အမဲသားခြောက်ထုပ်ကို ကိုင်ကာ ဧည့်ခန်းထဲမှ ဖြတ်လာစဥ်၌
အရှေ့တံခါးဆီမှ မြဲမြံခိုင်မာသည့် ခြေသံများကို ကြားလိုက်ရသည်။
အိမ်၏
အိမ်ထောင်ဦးစီး သူ့အဖေ ပြန်ရောက်လာခြင်း ဖြစ်သည်။
ချီရှောင်ပိုင်၏
ခြေလှမ်းများက တုံ့ဆိုင်းသွားပြီး သူ့ခေါင်းကို ဖြေးညင်းစွာ လှည့်ကာ သူ့အဖေ၏ သိချင်သောအကြည့်များနှင့်
တွေ့ဆုံခဲ့သည်။
"အဖေ"
ချီမော့၏
မျက်လုံးများက ချီရှောင်ပိုင် လက်ထဲမှ တစ်ခုထက်ပိုနေသော သရေစာမုန့်များထံ ရောက်ရှိသွားပြီး
မျက်မှောင်ကြုတ်လိုက်သည်။
သူ့ မိထွေး၏
အသယ်အပို့သမားလေး ဖြစ်လာသည်ကို မည်သို့ ရှင်းပြရမလဲ မသိဘဲ ချီရှောင်ပိုင်က ကိုးရို့ကားယားဖြင့်
ပြောလိုက်သည်။ "ကျွန်တော် သူမနဲ့ ကာတွန်းကား ကြည့်နေတာ။ အခု သရေစာမုန့်နည်းနည်း
ထွက်ယူတာ။"
ချီမော့
: "အင်း"
ချီရှောင်ပိုင်သည်
၎င်းက သူ ပြောရမည့် တစ်စုံတစ်ရာမဟုတ်သလို ခံစားလိုက်ရသောကြောင့် ခဏရပ်သွားပြီးနောက်
ကိုးရို့ကားယား ထပ်ပေါင်းပြောလိုက်သည်။ "...... အဖေရော ကျွန်တော်တို့နဲ့အတူ ကြည့်ချင်လား။"
ချီမော့
: "..."
အမျိုးသားနှစ်ယောက်က
ခဏမျှ တိတ်ဆိတ်သွားပြီး အချင်းချင်း ကြည့်နေကြသည်။
တစ်ယောက်မှာ
သူ၏ အရွယ်ရောက်ပြီးသော သားဖြစ်သူက အမှန်တကယ် ကာတွန်းကား ကြည့်နေသည်ဟူသော အချက်ကို ချေဖျက်နေရပြီး
နောက်တစ်ယောက်မှာ ထိုကဲ့သို့ ရူးမိုက်သည့် မေးခွန်းအား မေးမိသည့်အတွက် နောင်တရနေသည်။
စက္ကန့်အနည်းငယ်
ကြာပြီးနောက် ချီမော့က နူးညံ့ပျော့ပျောင်းသွားဟန်ဖြင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းက
ပြေလျော့သွားပြီး လှေကားဆီ လျှောက်သွားရင်း ပြောလိုက်သည်။
"မင်းတို့
ကလေးတွေပဲ ကြည့်ကြပါ။ ငါ ဝင်မပါတော့ဘူး။ အလုပ်လုပ်စရာရှိသေးတယ်။"
"အိုခေ။"
ချီရှောင်ပိုင်က
အငြင်းခံရလို့ အံ့သြမသွားဘဲ တိတ်တိတ်လေး စိတ်သက်သာရာ ရသွားသည်။
သူ့ အဖေက
ဖိတ်ခေါ်မှုကို လက်ခံလိုက်မှသာ ထိတ်လန့်ဖွယ် ဖြစ်သွားရပေလိမ့်မည်။
သူက ကျည်ဆန်ကို
ရှောင်ချင်သကဲ့သို့ ခြေလှမ်းကို အရှိန်မြှင့်ကာ အိမ်ရှိ ရုပ်ရှင်ရုံအသေးစားလေးထဲသို့
ပြန်ဝင်လိုက်သည်။
အစောက
အလုပ်လုပ်မည်ဟု ပြောခဲ့သည့် အမျိုးသားက စာကြည့်ခန်းသို့ မသွားခဲ့ဘဲ တတိယထပ်ရှိ ခေါင်မိုးထပ်ဝရံတာကို
သွားခဲ့သည်။
ယနေ့ညက
လေမတိုက်ဘဲ ငြိမ်သက်နေကာ ညကောင်းကင်က မည်းနက်၍ ကြယ်အပြည့်ဖြင့် ဖြစ်သည်။
ချောမောသည့်
အမျိုးသားက အတိတ်ကို ပြန်တမ်းတနေသကဲ့သို့ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
သူက နူးညံ့စွာ
ရေရွတ်လိုက်၏။
"မင်း
အခု သူ့ကို မြင်နိုင်ရင် ပျော်နေမှာပဲ။"
*******
ရှန်းမူမူ
အလုပ်သမားရှာဖွေရေး အေဂျင်စီ အစ်မချန်ဆီမှ ဖုန်းလက်ခံရရှိသည့်အခါ ယွဲ့ကျီပန်းဆိုင်မှ
ထွက်လာကာစဖြစ်သည်။
"မစ္စရှန်း
ကျွန်မတို့ ရှင့်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လူတစ်ယောက် ရှာတွေ့ထားပါတယ်။"
ရှန်းမူမူ
: "အရမ်းမြန်တာပဲ။ အမျိုးသားလား အမျိုးသမီးလား။"
"အမျိုးသားပါ။"
ရှန်းမူမူက
သူမ နားပင် သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။ : "..."
အမျိုးသားလား။
သူမ၏
မြင့်မားလှသော လိုအပ်ချက်နှင့်ပင် သူတို့က တစ်စုံတစ်ယောက်ကို ရှာဖွေပေးနိုင်သည်လား။
အစ်မချန်က
စိတ်အားထက်သန်စွာဖြင့် ဖုန်းထဲမှနေ၍ သူ့အကြောင်းကို မိတ်ဆက်ပေးလိုက်သည်။
"သူ့နာမည်က
ချန်ကျိုး၊ ဒီနှစ်မှာ အသက်နှစ်ဆယ့်ခုနစ်နှစ်ပါ။ သူက ပြည်ပမှာ လေးနှစ် ပညာသင်ခဲ့ပြီး
အခုတလောမှ ပြည်တွင်းကို ပြန်ရောက်တာ။ ဘွဲ့လွန်တက်နေတဲ့အချိန်အတွင်း သူက နာမည်ကြီးတဲ့
ကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းခဲ့ပြီး ပရောဂျက်တချို့ကို ကိုင်တွယ်ခဲ့ရတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့
အတွေ့အကြုံများပါတယ်။"
ရှန်းမူမူက
အစ်မချန် ပို့ပေးခဲ့သည့် လျှောက်လွှာကို ဖွင့်ကြည့်လိုက်သည်။
လျှောက်လွှာပေါ်ရှိ
ငယ်ရွယ်တက်ကြွပြီး လန်းဆန်းသည့် အသွင်အပြင်ရှိ လူချောတစ်ယောက်၏ ဓာတ်ပုံက သူမ အာရုံကို
ဖမ်းစားသွားသည်။
သူက လန်းဆန်းတက်ကြွသည့်
အသွင်နှင့် တောက်ပသည့် မျက်လုံးများရှိပြီး သူ့နာမည်နှင့် အလွန် လိုက်ဖက်လှသည်။
အစ်မချန်
: "အင်တာဗျူးက သန်ဘက်ခါ မနက်ကိုးနာရီပါ။ မစ္စရှန်း အဆင်ပြေပါရဲ့လား။"
ရှန်းမူမူ
: "ရပါတယ်။ စီစဥ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
အစ်မချန်
: "ရပါတယ်ရှင်။"
ထိုတနင်္လာနေ့၌
ရှန်းမူမူက အချိန်ဇယားအတိုင်း အင်တာဗျူးအတွက် ချန်ကျိုးနှင့် တွေ့ဆုံရန် လာခဲ့သည်။
သူက သူမ
ထင်ထားသည်ထက်ပင် ပို၍ ထူးချွန်ပြီး အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းကာ ကိုယ်နှုတ်အမူအရာ
ကောင်းမွန်လှသည်။
ပုံမှန်အတိုင်း
ရှန်းမူမူက ပန်းဆိုင်၏ လက်ရှိအခြေအနေကို မိတ်ဆက်ပေးပြီး မေးခွန်းအနည်းငယ်ခန့် မေးခဲ့သည်။
သူ့အပေါ်
အခြေခံနားလည်မှု ရရှိပြီးနောက် သူမက ပြုံးကာ သူမ သိချင်သည့် မေးခွန်းတချို့ မေးလိုက်သည်။
"ရှင့်ရဲ့
အရည်အချင်းမျိုးနဲ့ အတွေ့အကြုံတွေနဲ့ ဘာလို့ ကျွန်မတို့ဆီမှာ လာပြီး အလုပ်လုပ်ဖို့
ဆန္ဒရှိတာလဲ။"
ချန်ကျိုးက
ထိုမေးခွန်းကို မျှော်လင့်ထားပြီးဖြစ်ပုံရကာ အပြုံးနှင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့
ကုမ္ပဏီက အလားအလာရှိတာကို မြင်တာကြောင့်ပါ။ ပြီးတော့ ခင်ဗျား ကမ်းလှမ်းတဲ့ လစာကိုလည်း
အရမ်းကျေနပ်တယ်။"
သူက အစ်မချန်
သူ့ကို ပို့ပေးခဲ့သည့် ယွဲ့ကျီပန်းဆိုင်၏ ကြော်ငြာဝဘ်ပေ့ချ်ကို မြင်ပြီး ဖြစ်ပုံရသည်။
သူက ပန်းပို့ဆောင်ရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အလွန် အကောင်းမြင်ကာ
ဘရန်းတည်ဆောက်ရေး အစီအစဥ်ကိုလည်း စိတ်ဝင်စားပေသည်။
သူက ခဏရပ်ပြီးနောက်
ဆက်ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ နားလည်မှုအရဆိုရင် တရုတ်နိုင်ငံထဲမှာ အဆင့်မြင့် ပန်းပို့ဆောင်ရေးဝန်ဆောင်မှုမျိုး
မရှိသေးဘူး။ ခင်ဗျားရဲ့ ကုမ္ပဏီက အနာဂတ်မှာ ကြီးထွားလာမယ့် အလားအလာရှိတယ်။ ဒီလို ကောင်းမွန်တဲ့
ပလက်ဖောင်းက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်မယ်လို့
ထင်တယ်။"
ထိုအကြောင်းအပြင်
သူ့တွင် ဤရာထူးကို ငြင်းဆန်ရန်မဖြစ်နိုင်သည့် နောက်ထပ် အကြောင်းပြချက် ရှိသေးသည်။
သို့သော်
ချန်ကျိုးက ၎င်းကို သူ့စိတ်ထဲ၌သာ တွေးပြီး ထုတ်မပြောခဲ့ပေ။
ရှန်းမူမူက
ခေါင်းညိတ်လိုက်ပြီး သူ့အဖြေကို အလွန် ကျေနပ်သွားခဲ့သည်။
"ဒီရာထူးက
အထွေထွေစီမံခန့်ခွဲရေးရာထူးဖြစ်ပြီး ဆိုင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရမှာဆိုလည်း
မမှားဘူး။ ရှင် အလုပ်တွေနဲ့ ရင်းနှီးသွားတဲ့အခါ ဆိုင်ရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာတွေကို
အကုန်လုံး ရှင့်ဆီ လက်လွှဲပေးမယ်။ ကျွန်မက တခြားစီးပွားရေးနယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
တာဝန်ယူမယ်။ ကျွန်မတို့က အခုမှ လုပ်ငန်းစတင်တာဆိုတော့ ကနဦး အသေးအဖွဲ ပြဿနာတွေ အများကြီး
ကြုံရလိမ့်မယ်။ ရှင့်အတွက် အစမ်းခန့်ကာလက တစ်လ ဖြစ်လိမ့်မယ်။"
"ကိစ္စမရှိဘူး။
ကျွန်တော် မနက်ဖြန်ကစပြီး အလုပ်ဆင်းနိုင်တယ်။" ချန်ကျိုး၏ လေသံက ခိုင်မာလှသည်။
ရှန်းမူမူက
ထရပ်ကာ လက်ကို ဆန့်ထုတ်ပေးရင်း ပြောလိုက်သည်။ "ပြည်ပကနေ ပြန်လာတာ ကြိုဆိုပါတယ်။"
ချန်ကျိုးက
သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ဂုဏ်ယူစရာပါပဲ။"