အခန်း (၃၆)
သူ မလုပ်ရဲဘူး။
ဝတ်စုံပြည့်ဝတ်ထားသည့်
ထောင်ထောင်မောင်းမောင်းလူက ဇိမ်ခံကားကို မောင်းထွက်သွားသည်အား စောင့်ကြည့်နေပြီးမှ
လူအနည်းငယ်က သူတို့လူကို ထူပေးရန် ကူညီလာသည်။
တစ်ယောက်က
တုန်ယင်နေဆဲဖြစ်ပြီး သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။
"အားရွှိုက်
မင်း ဘယ်သူ့ကိုများ သွားပြီး အာခံလိုက်မိတာလဲ။ အဲဒီလူက အရမ်း ရက်စက်ကြမ်းကြုတ်တာပဲ။"
"ငတုံး
မင်း အခုထိ မသိသေးဘူးလား။ ဒီနေ့ ကားပါကင်မှာ ငါတို့ တွေ့ခဲ့တဲ့ အမျိုးသမီးက ဥက္ကဋ္ဌရဲ့
အမျိုးသမီးပဲ။"
သူတို့ထဲမှ
တစ်ယောက်က ဇိမ်ခံကားထွက်သွားသည့် ဘက်သို့ ကြည့်လိုက်ပြီး တစ်ခုခုကို သတိရသွားကာ ထအော်လိုက်သည်။
"သေစမ်း....
ငါ အဲဒီကားကို ချီကော်ပိုရေးရှင်းရုံးချုပ်ကနေ ထွက်လာတာ မြင်ဖူးတယ်လို့ ထင်တယ်။"
"ချီကော်ပိုရေးရှင်းလား။
မင်းပြောတာ အဲဒီ ချီကော်ပိုရေးရှင်းလား။"
"အိုးမိုင်ဂေါ့...
အဲဒီကားပါကင်က အမျိုးသမီးက မစ္စတာချီ... ဥက္ကဋ္ဌချီရဲ့ ဇနီးလား။"
"ကြောက်စရာပဲ။
ကြောက်စရာပဲ။"
.......
အဖြူရောင်
Porsche ကားထဲတွင် ဖုန်းသံတစ်ခု မြည်လာသည်။
ချီမော့က
ဖုန်းဖြေရန် နားကြပ်အား နားထဲသို့ ထည့်လိုက်သည်။
"ဥက္ကဋ္ဌချီ
ခင်ဗျား ညွှန်ကြားထားတဲ့အတိုင်း အဲဒီကလေးနဲ့ စကားကောင်းကောင်း ပြောပြီးသွားပါပြီ။ သူက
နောက်တစ်ခါ အဲဒီလိုမျိုး ထပ်မလုပ်တော့ဘူးလို့ ကတိပေးခဲ့တယ်။"
ချီမော့က
ပေါ့ပါးစွာ ပြောလိုက်သည်။ "အင်း"
ချီမော့
ဖုန်းချလိုက်သည်ကို မြင်သောအခါ ရှန်းမူမူက သူ့ကို လှမ်းကြည့်လိုက်သည်။
သူမ စိတ်ထင်တာလား
မသိပေမယ့် အမျိုးသား၏ ဝန်းကျင်မှ အေးစက်ကာ လွှမ်းမိုးနိုင်သည့် အရှိန်အဝါတို့က ပျော့ပျောင်းသိမ်မွေ့သွားပုံရသည်။
သူ့ ခပ်ပြေပြေ
မျက်ခုံးများနှင့် ထက်ရှသော မေးရိုးလိုင်းတို့က သူမ မျက်လုံးရှေ့တည့်တည့်၌ ရှိနေခဲ့သည်။
ရှန်းမူမူက အနီးကပ်မြင်ရသည့် မြင်ကွင်းကို အလွန် နှစ်သက်နေကာ မနေနိုင်ဘဲ သူမ မျက်ဝန်းများကို
ကျဥ်းမြောင်းလိုက်သည်။
ဘေးဘက်မြင်ကွင်းမှ
သူ၏ ဆက်စီကျသော လည်ဇလုတ်က ပို၍ပင် ပေါ်လွင်ထင်ရှားနေသည်။
ရှပ်အင်္ကျီကြယ်သီးများက
အပြည့်အစုံ မတပ်ထားသည့်အတွက် သူ့ ညှပ်ရိုးကို ထုတ်ဖော်ပြသထားသည်။
ပြတင်းပေါက်မှတဆင့်
ဝင်လာသည့် အလင်းနှင့် အမှောင်တို့က သူ၏ နက်ရှိုင်းသည့် မျက်လုံးများပေါ်တွင် တောက်ပနေပြီး
ငြိမ်သက်သည့် ရေကန်ငယ်တစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။
စတီယာရင်ဘီးကို
ကိုင်ထားသည့် လက်တွင် ရှည်လျားသွယ်လျသော လက်ချောင်းများနှင့် ထင်ရှားသော လက်ဆစ်များရှိပြီး
ကြည့်ရ လှပပေသည်။
ရှန်းမူမူ
သူ့ကို ကြည့်နေသည်အား အာရုံခံမိသည့်အခါ ချီမော့က ရုတ်တရက် ခေါင်းကို ဘေးသို့ လှည့်ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ။"
ရှန်းမူမူက
ဖမ်းမိခံလိုက်ရသည့်အတွက် မရှက်သွားဘဲ နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။ "တစ်ခုခု
ရှာနေတာ။"
ချီမော့က
မျက်ခုံး ပင့်လိုက်သည်။ "အိုး..."
ရှန်းမူမူက
သူ့မျက်နှာကို အလေးအနက် စစ်ဆေးကြည့်ရှုလိုက်သည်။ "ရှင့်မျက်နှာမှာ အသားအရေအားဖြည့်ဆေးရည် ထိုးထားတဲ့ အပ်ရာများ ရှိနေလားလို့ ကြည့်နေတာ။"
ထိုစကားကို
ကြားသည့်အခါ အမျိုးသားက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရုတ်တရက်
တစ်ခုခု တွေးမိသွားသည်။ သူက ရှန်းမူမူ၏ မျက်လုံးများကို အဓိပ္ပါယ်ရှိရှိ ကြည့်ရင်း
ပြောလိုက်၏။
"ကိုယ်
လက်ထောက်သုန်းဆီက ကြားမိတာ မင်းက ကိုယ့်အတွက် အစာအိမ်ဆေး သောက်တာ
ဂရုစိုက်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်ဆို။"
ရှန်းမူမူက
ပြန်စဥ်းစားနေသကဲ့သို့ ခဏလောက် တန့်သွားသည်။
"ဟုတ်တယ်။"
ထိုစဥ်က
သူမ လက်ထောက်သုန်းကို ဖုန်းခေါ်ပြီးနောက် အများအမြင်၌ ကောင်းမွန်သော ဇနီးလေး၏ ပုံရိပ်ကို
ထိန်းသိမ်းရန် သာမန်ကာလျှံကာ မေးခဲ့ခြင်း ဖြစ်သည်။
လွှမ်းမိုးခြယ်လှယ်နိုင်သော
ဥက္ကဋ္ဌ၏ အစာအိမ်ပြဿနာအကြောင်း တွေးပြီးနောက် ၎င်းက ပြောရန် အသင့်တော်ဆုံး အကြောင်းအရာ
ဖြစ်ကြောင်း ခံစားမိလိုက်သည်။
အမျိုးသားက
စကားသံကို နှေးလိုက်ပြီး မျက်ခုံးပင့်လိုက်၏။ "ကိုယ့်မှာ အစာအိမ်ပြဿနာရှိနေတာ
ကိုယ်က ဘယ်လိုလုပ် မသိရတာလဲ။"
ရှန်းမူမူ
: "..."
ရှန်းမူမူသည်
သူမ စိတ်ထဲ၌ ဤကဲ့သို့ တွေးလိုက်လေသည်။
ကျွန်မ သရုပ်ဆောင်နိုင်သရွေ့ ရှင့်မှာ အစာအိမ်ရောဂါ တကယ်ရှိရှိ မရှိရှိ အရေးကြီးလို့လား။
သို့သော်
သူမ ပါးစပ်က ထိုသို့သော စကားမျိုး မည်သို့ ပြောနိုင်ပါမည်နည်း။ "ရှင်က နေ့တိုင်း
အရမ်းကို ကြိုးကြိုးစားစား အလုပ်လုပ်နေတာ။ အစားအသောက်ကလည်း ပုံမှန်ဖြစ်မှာ မဟုတ်ဘူး။
ဖြစ်သွားပြီးမှ ကုသတာထက် ကြိုတင်ကာကွယ်တာ ပိုကောင်းတယ်။"
သူမ၏
ယခင်ဘဝ၌ သက်မွေးဝမ်းကျောင်း လှေကားထစ်ကို နှစ်ပေါင်းများစွာ တက်ခဲ့သည့် အတွေ့အကြုံအရ
ချိုမြိန်သော စကားအနည်းငယ် ပြောခြင်းက အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေးကို ပိုကောင်းစေကြောင်း
ပြောပြနေသည်။
အမျိုးသားက
အတော်လေး စိတ်ကျေနပ်နေပုံရသည်။ သူမက သူ့နှုတ်ခမ်းထောင့်များ မသိမသာ ကော့တက်သွားသည်ကို
မြင်လိုက်ရသည်။
ထို့နောက်
ရေကန်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများက သူမ မျက်နှာထက် စက္ကန့်အနည်းငယ် ကျရောက်လာကာ
သူက ညင်သာသော အသံနှင့် ပြောလိုက်သည်။
"ကိုယ်တို့
လုပ်ငန်းရဲ့ အားလပ်ရက် အနားယူအပန်းဖြေစခန်းက ရှန်မြို့မှာ ဖွင့်လှစ်ပြီးပြီ။ မင်း သွားကြည့်ဖို့
စိတ်ဝင်စားလား။"
ရှန်းမူမူက
ထိုစကားကို ကြားသည့်အခါ မျက်လုံးလေးများ တောက်ပသွားသည်။
"အားလပ်ရက်
အပန်းဖြေစခန်းလား။ ကြယ်ငါးပွင့်ရှိတဲ့ဟာလား။"
ချီမော့
: "ကြယ်ငါးပွင့် မဟုတ်ဘူး။"
ရှန်းမူမူက
'အဆင်ပြေပါတယ်' ဟု ပြောတော့မည့် အချိန်တွင် ချီမော့၏ အသံကို ကြားလိုက်ရသည်။
"ကြယ်ခြောက်ပွင့်"
ရှန်းမူမူ
: ...
အရှေ့မှ
မီးပွိုင့်က အနီရောင်ပြောင်းလဲသွားပြီး သူက ခေါင်းကို လှည့်ကာ ရှန်းမူမူ၏ ဇဝေဇဝါ မျက်လုံးများကို
ကြည့်ရင်း ထပ်ပြောလိုက်သည်။
"ကိုယ်တို့
လုပ်ငန်းရဲ့ ဝန်ထမ်းသက်သာချောင်ချိရေး အကျိုးအမြတ်လေ။"
ရှန်းမူမူက
ခေါင်းလှည့်ကြည့်လိုက်သည်။ "ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ရှင်ကလည်း ဝန်ထမ်းအကျိုးအမြတ်
ရတယ်လား။"
ချီမော့
: "ဒါပေါ့။"
ရှန်းမူမူက
ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို သွားကြတာပေါ့။ အဲဒါက ဝန်ထမ်းအကျိုးအမြတ်ဆိုမှ
သွားလို့လည်း အချည်းနှီး မဖြစ်ပါဘူး။ ကျွန်မတို့ ရှောင်ချီကိုလည်း
ခေါ်သွားလို့ရတယ်။ ဒါက စီနီယာအထက်တန်းနှစ်မတိုင်ခင် သူ့ရဲ့ နောက်ဆုံး နွေရာသီ အားလပ်ရက်လေ။"
ချီမော့၏
နှလုံးသားထဲမှ နူးညံ့သော နေရာလေးက ပြောမပြတတ်သည့် ခံစားချက်အစအနလေးကြောင့် သိမ့်ခနဲ
ဖြစ်သွားသည်။ သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ။
မင်း သူ့ကို ပြောပြလိုက်။"
ရှန်းမူမူက
သူ့ကို 'အိုခေ' ဟူသော အမူအရာပြလိုက်သည်။
"သိပါပြီ။"
ပြန်လာသည့်
လမ်းတလျှောက်တွင် ရှန်းမူမူက ဖုန်းထပ်မကြည့်တော့ပေ။ သူမက ချီမော့ကို အပန်းဖြေစခန်းတွင်
မည်သည့် လှုပ်ရှားမှုများနှင့် ဆွဲဆောင်မှုများ ရှိသလဲဟု မေးနေခဲ့သည်။
ဗီလာသို့
ပြန်ရောက်လာပြီးနောက်မှသာ စုထင်းရန်က သူမကို မက်ဆေ့ချ် အများကြီး ပို့ထားကြောင်း ရှာတွေ့ခဲ့သည်။
စုထင်းရန်
: ဟားဟားဟားဟား... ဒီနေ့ခေတ် လူငယ်တွေ အားလုံးက အရမ်း ရဲတင်းကြတာပဲ။"
စုထင်းရန်
: "စာလည်းမရသလို အရှက်လည်း မရှိကြဘူး။ ငါတော့ ဒီနေ့ခတ် မိန်းကလေးတွေအတွက် တကယ်
စိတ်ပူနေမိပြီ။"
စုထင်းရန်
: "နင့်ရဲ့ ဥက္ကဋ္ဌချီကတော့ နင့်ကို အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတဲ့ ကောင်လေးက စာပေးသွားတာ
သိရင် ဒေါသထွက်တော့မှာပဲ။ သူ သဝန်တိုရင် ဘယ်လိုပုံဖြစ်နေမလဲဆိုတာ မခန့်မှန်းနိုင်ဘူးပဲ။"
စုထင်းရန်
: "သူ သေချာပေါက် သည်းခံနိုင်မှာ မဟုတ်ဘူး။"
ဖုန်းစခရင်ကို
ကြည့်ရင်း ရှန်းမူမူ၏ နှုတ်ခမ်းက ကွေးညွှတ်သွားပြီး သူမက ပြောလိုက်၏။ "သူ မလုပ်ရဲပါဘူး။"
စုထင်းရန်
: "..."
..............
မနက်
ခုနစ်နာရီခွဲတွင်...
အိပ်ရာထဲတွင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် လူ၏ ခြေထောက်နားမှ စောင်က တစ်စုံတစ်ယောက်၏ မ,ယူခြင်းကို
ခံလိုက်ရသည်။
မနက်ခင်းနေရောင်ခြည်ကို
ကန့်လန့်ကာက တားဆီးထားပြီး အဝတ်ထားရာ အခန်းဆီမှ ဝင်လာသည့် အလင်းဖျော့ဖျော့က မာစတာအိပ်ခန်းကို
အလင်းပေးနေပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကို ထင်ဟပ်နေစေသည်။
အိပ်ရာထက်မှ
လူက ခပ်တိုးတိုး ညည်းညူလိုက်ပြီး အသက်ရှူလိုက်တိုင်း သူမ၏ မျက်တောင်ရှည်များက တုန်ယင်နေကာ
ထို့နောက် မျက်တောင်များ ဖွင့်ဟလာသည်။
ကုတင်ခြေရင်း၌
ရပ်နေသည့် အမျိုးသား၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် အကူအညီမဲ့မှုများ ပေါ်ပေါက်လာသည်။
သူက လက်ကောက်ဝတ်မှ စျေးကြီးလှသော လက်ပတ်နာရီကို ဖြေးညင်းစွာ ဝတ်နေခဲ့၏။
ချီမော့
မနက်ခင်း ထသည့်အချိန်တိုင်း ရှန်းမူမူက စောင်များကို ကန်ချထားတတ်ရာ သူက အမြဲ ပြန်ဆွဲတင်ပေးရသည်။
သူက တံခါးကို
အသံမထွက်အောင် ပိတ်၍ ရေချိုးပြီးနောက် အလုပ်သို့ သွားရန် အသင့်ဖြစ်သွားပြီ ဖြစ်သည်။
ရှန်းမူမူကလည်း
အချိန်အကြာကြီး မအိပ်ဘဲ အမျိုးသား ထွက်သွားပြီးနောက် တစ်နာရီခန့်တွင် အိပ်ရာထသည်။
ထို့နောက်
သူမက ယွဲ့ကျီပန်းဆိုင်၏ တစ်နေ့တာ အလုပ်များကို ကိုင်တွယ်ရန် သွားခဲ့သည်။
ဤကမ္ဘာသို့
ရောက်ရှိကတည်းက သူမသည် နေ့တိုင်း စားလိုက်အိပ်လိုက် လျှောက်ကစားလိုက်သာ လုပ်နေရပေသည်။
သို့သော်
အချိန်ကြာလာသည်နှင့်အမျှ သူမက ဗလာဖြစ်နေသော ခံစားချက်ကို ခံစားလာရသည်။
ပန်းဆိုင်
စီးပွားရေးက ကောင်းသထက် ကောင်းလာသည့်အခါ သူမ၏ ဤကမ္ဘာအတွင်း နေထိုင်ရသည်ဟူသော လက်တွေ့ကျသည့်
ခံစားမှုက ပို၍ အားကောင်းလာပေသည်။
သူမ ယွဲ့ကျီပန်းဆိုင်သို့
ရောက်ပြီးနောက် အလုပ်သမားလေးယောက်က စတင်အလုပ်များနေကြပြီ ဖြစ်သည်။
ပန်းပို့ဆောင်ရေးဝန်ဆောင်မှုက
ဒလီဗာရီပို့ဆောင်သည့် ကုမ္ပဏီကို အပ်ထားသောကြောင့် ဆိုင်အကူများက အတော်လေး အားလပ်ပြီး
ဆိုင်တွင် ပန်းနှင့် အပင်များ ထုပ်ပိုးခြင်းနှင့် ရောင်းချရန်သာ တာဝန်ရှိပေသည်။
ယခင်က
အတွေ့အကြုံကို အခြေခံပြီး တွက်ကြည့်လျှင် အွန်လိုင်းမှ သတင်းကြားခဲ့သော ဖောက်သည်အသစ်များက
နေ့လယ်ခင်း၌ ဆိုင်သို့ လာရောက်ကြလိမ့်မည် ဖြစ်သည်။
ရှန်းမူမူက
မနက်ခင်းတစ်ခုလုံး အားလပ်နေသည်ကို အခွင့်ကောင်းယူကာ ဆိုင်နောက်ဘက်ရှိ မီးဖိုချောင်အသေးလေးထဲတွင်
ဘယ်ရီသီးကွတ်ကီးတချို့ကို ကိုယ်တိုင် ဖုတ်နေသည်။ သူမက ဆိုင်သို့ လာရောက်သည့် ဖောက်သည်များကို
နေ့လယ်ခင်းလက်ဖက်ရည် တည်ခင်းပေးရန် ဝန်ထမ်းအား ညွှန်ကြားထားသည်။
ညနေခင်း
ပန်းဆိုင်မှ ထွက်လာသည့်အခါ သူမက ချီရှောင်ပိုင်နှင့် တွေ့ခဲ့သည်။
ရှန်းမူမူက
သူ့အား ခေါ်လိုက်၏။
"ရှောင်ချီ။"
စကားနည်းသော
ကောင်လေးက လှည့်ကြည့်လာပြီး သူ့မျက်ခုံးများက မေးခွန်းမေးနေသကဲ့သို့ ပင့်တင်လာသည်။
"ဟင်..."
"မင်း
အဖေရဲ့ ကုမ္ပဏီက အပန်းဖြေစခန်းအသစ် ဆောက်နေတာ ပြီးသွားပြီ။ မင်းရဲ့ အထက်တန်းကျောင်း
နောက်ဆုံးနွေရာသီအားလပ်ရက် မကုန်ခင် မိသားစုလိုက် ရက်နည်းနည်းလောက် သွားပြီး အပန်းဖြေကြရအောင်။"
ချီရှောင်ပိုင်က
ခဏလောက် ထိတ်လန့်သွားသည်။
သူ့ မှတ်ဉာဏ်ထဲတွင်
သူ့အဖေက အမြဲတမ်း အလုပ်များနေတတ်ပြီး အားလပ်ရက် အပန်းဖြေခရီးမျိုး ဘယ်သောအခါမှ မရှိခဲ့ဖူးပေ။
ရှန်းမူမူ
: "မင်း ဘယ်လိုထင်လဲ။ သွားချင်လား။"
ချီရှောင်ပိုင်က
သူ့စိတ်သူ ထိန်းကာ ပျင်းတိပျင်းရွဲ ပြောလိုက်သည်။
"အပန်းဖြေစခန်းက
ဘာပျော်စရာရှိလို့လဲ။"
ရှန်းမူမူ
: "အိုး၊ မင်း စိတ်မဝင်စားရင်လည်း မေ့လိုက်ပါတော့။"
သူမသည်
ဘယ်လိုပဲဖြစ်ဖြစ် ထိုသခင်ငယ်လေးက အားလပ်ရက် အပန်းဖြေစခန်းနှင့် ပတ်သက်ပြီး
စိတ်အားထက်သန်နေမည်ဟု ထင်မှတ်မထားပေ။ သူမက အခြားလူများအား ဖိအားပေးတတ်သူ မဟုတ်လေရာ
လှည့်ထွက်သွားရန် ပြင်နေသည့်အချိန်၌ ချီရှောင်ပိုင်၏ ရှင်းလင်းသော ထူးမခြားနားသော အသံကို
ကြားလိုက်ရသည်။
"ဘယ်အချိန်
သွားကြမှာလဲ။"