Chapter 139
ကုရွှမ်းတုက လင်းရုဖေးခြေထောက်အား ခြောက်ရန်လုပ်ပေးပြီးနောက် ခြေအိတ်များဝတ်ပေးလိုက်သည်။နှစ်ဦးကြား လေထုက အတော်လေးထူးဆန်းနေကာ လင်းရုဖေးမှာ မူလကအိပ်ပျော်နေသည့် ယဲ့မော့၏မျက်လုံးများက ဖျတ်ခနဲပွင့်လာကာ လက်ရှိ၌ သူ့ဆီသို့ တွေးတွေးဆဆကြည့်နေသည်အား သတိမထားမိလိုက်ချေ။
“မင်းကနံလိုက်တာ"
ယခုလေးတင်မှ ဖိနပ်စီးကာ ခြေအိတ်ဝတ်လိုက်သည့် လင်းရုဖေးက ချီယွီထံမှ ရွံရှာနေသည့်အသံအား ကြားလိုက်ရသည်။
"အဲ့ဒါ ငါးညှီနံ့လိုပဲ"
လင်းရုဖေးက မေးလိုက်မိ၏။
"ငါးညှီနံ့လား...ကြောင်တွေက ငါးကြိုက်တယ် မဟုတ်ဘူးလား"
ချီယွီက ဤစကားများကြောင့် ချက်ချင်းပင် သူ့ခြေသည်းများအား ကုတ်လိုက်ကာ:"မင်းဘယ်သူ့ကို ကြောင်လို့ခေါ်နေတာလဲ"
လင်းရုဖေး : "ကျွန်တော် တောင်းပန်ပါတယ်"
ချီယွီ : "ဟမ့်...."
သူက စားပွဲပေါ်မှ ခုန်ဆင်းလာကာ လင်းရုဖေးအား သေသေချာချာ လေ့လာနေ၏။သူက လင်းရုဖေး၏အဝတ်ထောင့်များအား တရှုံ့ရှုံ့နမ်းနေရင်းမှ သူ့မျက်လုံးတွေကို တဖြေးဖြေးကျဥ်းမြောင်းလိုက်ပြီး:"မင်း အပြင်မှာ တစ်ခုခုကြုံခဲ့ရတာလား"
လင်းရုဖေးမှာ လမ်းကြားထဲတွင် ဆုံခဲ့သည့် လူအား ရုတ်တရက်အမှတ်ရသွားကာ ထိုအကြောင်းအား တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြောပြလိုက်သည်။
“အို့...."
ချီယွီက အသံထွက်လှောင်ရယ်လိုက်ပြီး:"ဒါဆို အဲ့ဒါက ဒီမှာပေါ့"
သူက တစ်ဖက်သို့လှည့်ကာ စားပွဲပေါ်သို့ပြန်ခုန်တက်လိုက်ပြီးသူ၏ကိုယ်အား ပျင်းပျင်းရိရိကုတ်လျက်ဖြင့် "မင်း ဒီနေ့ ခရီးအမြန်ထွက်တော့မှာလား"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဒီမိုးနဲ့ မြန်မြန်သွားလို့မရမှာ စိုးတယ်"
ချီယွီက ဆို၏။
"အဲ့ဒါကောင်းတယ်...မင်းနဲ့တစ်ခုခုကြုံခဲ့တဲ့သူက အဲ့ဒီမှာသာ မဟုတ်ရင် သူက မင်းကိုတစ်ကိုက်တည်းနဲ့ မြိုသွားလိမ့်မယ်"
သူက ပါးစပ်အားဖွင့်လိုက်ရင်း သမ်းဝေကာ သွားချွန်ဖြူဖြူတန်းလေးအား ပြလိုက်ပြီး "မင်းရဲ့ဓါး..ကမ္ဘာပေါ်မှာ ဘာလို့များ မင်းလိုလူကရသွားရတာလဲ"
ထိုသို့ပြောလိုက်ပြီးနောက် သူက ထပ်ပြောလာသည်။
"မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင် ဆိုပြီး ငါ့လာမလိမ်နဲ့"
သူ့မျက်လုံးများက စူးရှလွန်းတာကြောင့် ယှဥ်ကြည့်နိုင်စွမ်းမရှိကာ အကြည့်တို့၌ မသင်္ကာမှုကြီးကြီးကို သယ်ဆောင်ထားလျက်ဖြင့် " မင်းလိုလူမျိုးက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့မိတ်ဆွေဖြစ်နိုင်တယ်တဲ့လား..."
လင်းရုဖေးက ဖြူဖြူစင်စင်လေးနှင့် မေးလိုက်မိသည်။
"ကျွန်တော်က ဘာလို့မဖြစ်နိုင်တာလဲ"
“ဟမ့်...မင်းကိုယ်ကိုလည်းကြည့်လိုက်ဦး..."
ယဲ့မော့က လင်းရုဖေးအား စုန်ချည်ဆန်ချည်ကြည့်ကာ:"ခြေလှမ်းသုံးလှမ်းလျှောက်လိုက်တာနဲ့ ..နှစ်ခါလောက် အမောတကောဖြစ်သွားတယ်..လေတိုက်တာနဲ့ဖျားတယ် ..ကောင်းကင်ဘုံအုပ်ချုပ်သူလို အားကောင်းတဲ့ ပုံရိပ်နဲ့ မင်းနဲ့ဘယ်လိုလုပ်ပြီး မိတ်ဆွေဖြစ်နိုင်မှာလဲ"
လင်းရုဖေးက ဤသည်အားကြားသော် သူ့ကိုယ်သူတွေးလိုက်မိသည် : ခင်ဗျားတို့ ကောင်းကင်ဘုံအုပ်ချုပ်သူက ကျွန်တော်ခြေထောက်ကို အခုလေးတင် သုတ်ပေးနေတာဗျ...။
ဒါပေမယ့် သူတစ်ခုမှ ကျယ်ကျယ်လောင်လောင်မပြောရဲဘူး..။
သူက စိတ်ကောင်းမွေးကာ အသံချိုချိုလေးနှင့် ရှင်းပြပေးသည်။
"ခင်ဗျား ကောင်းကင်ဘုံအုပ်ချုပ်အကြောင်း ကောင်းကောင်းမသိပါဘူး..ဒါကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူက ကျွန်တော့်လိုလူမျိုးနဲ့ မိတ်ဆွေမဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ...ကောင်းကင်ဘုံအုပ်ချုပ်သူသာ ကျွန်တော်လိုမျိုး အားနည်းတဲ့ လူတွေကို သဘောကျရင်ရော..ခင်ဗျားဘာလုပ်မလဲ"
“မင်းကို အမှန်တရားပြောပြရရင်..မင်းတို့လူသားတွေက ငါတို့မိစ္ဆာတွေလောက် ကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်း ဂဂနန မသိကြဘူး.."
ယဲ့မော့မှာ သူတို့မိစ္ဆာအားလုံး၏ဘုရင်အား တစ်ကြိမ်သတ်ဖူးသည့် ပုဂ္ဂိုလ်အကြောင်းပြောနေချိန်တွင် သူ့အသံလှိုင်းထဲတွင် မုန်တီးနေသည့်အရိပ်အရောင်စိုးစိမျှရှိမနေချေ။ထို့အစား လေးစားမှုနှင့် စိတ်ဆန္ဒအပြည့်ပင်ရှိလေ၏။ဖြစ်သင့်သည်က မိစ္ဆာမျိုးနွယ်မှာ အမြဲတမ်း သန်မာသည့်သူများအား လေးစား၍ပင်။တစ်ယောက်ယောက်က လုံလုံလောက်လောက်သန်မာသည်နှင့် သူတို့က လူသားလား ဝိဥာဥ်လား..မကောင်းဆိုးဝါးလား..မိစ္ဆာလား ..ဂရုမစိုက်ကြသည့် သူမျိုးတွေပင်။
“ခင်ဗျားဘာလို့ ဒီလိုပြောရတာလဲ"
လင်းရုဖေးက သိချင်စွာမေးလိုက်သည်။
“ငါ မင်းတို့လူသားတွေဖတ်တဲ့စာအုပ်တွေကို ဖတ်ဖူးတယ်..ပြီးတော့ သူတို့အားလုံးပြောကြတာက ကောင်းကင်ဘုံအုပ်ချုပ်သူက သိမ်မွေ့ပြီးတော့ ဒေါသမထွက်ဘူးတဲ့.. သူ့မှာ ကြီးမားတဲ့ကျင့်ကြံခြင်းအဆင့်ရှိနေပေမယ့် သူ့ခေါင်းထဲမှာ ကမ္ဘာကြီးအကြောင်းပဲရှိတယ်တဲ့လေ"
ယဲ့မော့က အာမေဍိတ်သံထွက်သည်အထိလှောင်ရယ်လိုက်ပြီး:"တကယ်တော့..အဲ့ဒါတွေက အမှန်မဟုတ်ဘူး"
သူ၏အသံမှာ တဖြည်းဖြည်းကျယ်လောင်လာပြီး:"ကောင်းကင်ဘုံအုပ်ချုပ်သူက သိသိသာသာကို အန္တရာယ်များတဲ့သူပဲ...သူက မိစ္ဆာတွေကိုသတ်တုန်းက မျက်တောင်တစ်ချက်မခတ်ခဲ့ဘူး ..သူက သိမ်မွေ့တယ်ဆိုတဲ့အရာနဲ့ လုံးဝကိုမအပ်စပ်တာ"
သူက ဤသည်အား ပြောလိုက်သောအခါ လင်းရုဖေးက ကုရွှမ်းတုအား မျက်လုံးထောင့်ကပ်၍ အသာကြည့်လိုက်သည်။သူအျနဖြင့်လည်း ဤသရုပ်ဖော်ချက်က ကုရွှမ်းတုနှင့် ပို၍သင့်တော်သည်ဟု ခံစားနေရ၏။ကုရွှမ်းတုက သူ့ပတ်လည်တွင် တမင်သက်သက် အလွန်ညင်သာပြနေပေမယ့် တစ်ခါတစ်ရံထွက်လာတတ်သည့် ကြောက်မက်ဖွယ်အရှိန်အဝါက အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းသည်။ဤသို့ပုံစံရှိသည့်သူအများစုက ဟန်ဆောင်ရန်ပျင်းရိကြလေ၏။
“စာအုပ်တွေထဲမှာ အထင်လွဲနေကြတဲ့ဟာအချို့ ရှိကောင်းရှိနိုင်ပါတယ်"
လင်းရုဖေးက ဆိုလိုက်သည်။
"တကယ်တော့ ကောင်းကင်ဘုံအုပ်ချုပ်သူကို ဒီလောက်နှစ်တွေအကြာကြီးမှာ ဘယ်သူမှ မမြင်ဖူးကြဘူးလေ"
ယဲ့မော့က ညည်းတွားလိုက်၏။
"ဒါဘာလို့ ငါက မင်းကို လူသားတွေက ငါတို့မိစ္ဆာတွေလောက် သူ့ကိုမသိကြဘူးလို့ပြောရတာပဲလေ..ပြီးတော့ မင်းက ဒီလိုလူမျိုးနဲ့ ဘယ်လိုလုပ် မိတ်ဆွေဖြစ်နိုင်ရမှာလဲ...ငါ့ကိုပြောစမ်း..မင်းဒီဓါးကို ဘယ်ကနေ တိတိကျကျရခဲ့တာလဲဆိုတာ.."
သူက စားပွဲအား အမောတကောကုတ်လိုက်ကာ နားထိုးဖောက်မတတ်အသံဖြင့်အော်လိုက်သည်။ မိစ္ဆာလောကတွင် ကောင်းကင်ဘုံအုပ်ချုပ်သူက ကြွေလွင့်သွားကြောင်း ကောလဟာလများရှိခဲ့ဖူးသည်...သို့စေကာမူ သူတို့က ကောင်းကင်ဘုံအုပ်ချုပ်သူ၏ အကြွင်းအကျန် သို့မဟုတ်ရုပ်အလောင်းအား ရှာမတွေ့နိုင်သေးပေ။သူက ဤလူ လင်းရုဖေးထံမှ သွယ်ဝိုက်ပတ်သတ်နေသည့် အရိပ်အမြွက်လေးအား ခံစားလိုက်ရပေမယ့်....။
လင်းရုဖေးက လက်ဖြန့်လိုက်ပြီး:"ဇာတ်လမ်းကတော့ အတူတူဖြစ်နေတုန်းပါပဲ...ခင်ဗျားကျွန်တော့ကို မယုံရင်လည်း မတတ်နိုင်ဘူး"
ယဲ့မော့က မျက်လုံးများအား မှေးကျင်းလိုက်သည့်အခါ မျက်၀န်းတို့က နမိတ်မကောင်းသည့်ဟန် တဖျတ်ဖျတ်လက်လာ၏။
သူ၏ခြိမ်းခြောက်နေဟန် မျက်နှာအား လင်းရုဖေးက မေးကို ပင့်ထောက်လိုက်ကာ ပြန်ဆုတ်မည့်ဟန်မရှိသည့်ပုံနှင့် သူ့အားပြန်ကြည့်လိုက်လေသည်။သူ့ဘေးက ယဲ့မော့လေးမှာလည်း နိုးလာချေ၏။သူက မျက်လုံးများဖွင့်လိုက်သည်နှင့် သူ၏အဖေအတုလေးက ခြိမ်းခြောက်ခံနေရသည်အား မြင်သွားသည်နှင့် ချက်ချင်းပင် အသံမြည်အော်ဟစ်လိုက်ပြီး ယဲ့မော့ကြီး၏ခြေထောက်အား သူ၏သွားမပေါက်သေးသည့် ပါးစပ်သေးသေးလေးနှင့် ကိုက်ချလိုက်တော့သည်။ထို့ပြင် သူက နောက်ခြေထောက်လေးနှင့်ပင် ခက်ခက်ခဲခဲကန်နေသေး၏။ချီယွီက ဒေါသတကြီးဟိန်းဟောက်လိုက်ကာ သူ့သားရင်း၏နားလေးအား ခပ်ဖွဖွ ကိုက်လိုက်သည်။အကိုက်ခံလိုက်ရသည့် ယဲ့မော့ပေါက်စလေးက နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်ဟစ်လာ၏။ဤသည်က လင်းရုဖေး၏နှလုံးသားအား ထိခိုက်သွားစေကာ တစ်ချိန်တည်းမှာပင် ရယ်ချင်သွားသည်။
ပြတင်းပေါက်မှ မိုးခြိမ်းသံတစ်ကြိမ်ထပ်ထွက်လာသည်။မိုးမှာ စဲသွားမည့်ပုံမရှိပဲ တနေကုန်ရွာနေပေ၏။ထို့အစား ပိုပြီးသည်းသည်ထက်သည်းလာကာ တမြို့လုံးအား အထိတ်တလန့်ဖြစ်သွားစေ၏။ယဲ့မော့ပြောသည့်အတိုင်း အမှန်ပင် လဝက်ဆိုပါက တစ်မြို့လုံးနီးပါး ရေမြုပ်သွားရပေလိမ့်မည်။ သူတို့၏ခရီးအကြောင်း အလောတကြီး မစဥ်းစားသင့်သေးချေ။
လင်းရုဖေးက ပြတင်းပေါက်အပြင်ဘက်အား ကြည့်လိုက်ရင်း:"ဒီမိုးက ဘာအကြောင်းအရင်းကြောင့်များ..."
“အဲ့ဒီအပေါ်မှာ တစ်ခုခုရှိနေတယ်"
ယဲ့မော့က လင်းရုဖေးကိုယ်ပေါ်ရှိ ငါးညှီနံ့အားမုန်းတီးနေဟန်ရှိလေ၏။
သူက နှာခေါင်းအားညစ်လိုက်ရင်း သူနှင့် ဝေးဝေးသို့လှည့်သွားကာ:"အဲ့ဒါကတစ်ယောက်ယောက်ကို သတ်လိုက်တာနဲ့ မိုးကရပ်သွားလိမ့်မယ်"
ထိုနေရာအပေါ်၌ တစ်ခုခုရှိနေသည်လား...။လင်းရုဖေးက တိမ်ထူနေသည့် ကောင်းကင်အား မော့ကြည့်လိုက်လေသည်။လက်ရှိ၌ မိုးသည်းနေရုံသာမက တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်ကြောက်စရာကောင်းမည့်ပုံရှိသည့် လျှပ်စီးနှင့် မိုးကြိုးများပင်ပစ်နေ၏။
လင်းရုဖေးက မေးလိုက်မိသည်။
"ဒါဆို..အဲ့ဒါက ဘယ်အချိန်မှာ တစ်ယောက်ယောက်ကို သတ်လိုက်မှာလဲ.."
ယဲ့မော့က ပြန်ဖြေသည်။
"လဝက်နေရင်"
သူက လင်းရုဖေးအား မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ပြလာပြီး"မဟုတ်ရင် မင်း ပျော်စရာလေးတွေမှာ ပါသင့်တယ်"
လင်းရုဖေးမှာ မည်သည်မျှပြောမလာသော်လည်း သူက ဤယဲ့မော့မှာ ရည်ရွယ်ချက်ကောင်းကောင်းမရှိမှန်း ခံစားရသည်။သူက ကောင်းကင်တွင်တိုက်ခိုက်နေသည့်အရာအား မသိသော်လည်း ထိုသို့သော တိုက်ပွဲကြီးကြီးမျိုးနှင့်ဆိုပါက သေချာပေါက်ပင် ရန်စလို့ကောင်းမည့်အရာမဟုတ်မှန်း တွေးမိချေ၏။
သို့သော်လည်း လင်းရုဖေးမှာ မပါဝင်ချင်သော်ငြားတစ်ချို့အရာများက ပို၍ဆိုးဆိုးဝါးဝါးဖြစ်လာ၏။မိုးရေပမာဏက အလွန်အံ့သြဖွယ်ကောင်းကာ နောက်တစ်ညကျော်သည်နှင့် လမ်းကလေးတစ်ခုလုံး ရေလျှံသွားလေသည်။မနေ့က သူက လမ်းထွက်လျှောက်နိုင်သော်လည်း ယနေ့တွင်မူ ရေက သူ့ပေါင်နားသို့ပင် ရောက်နေပြီဖြစ်သည်။တည်းခိုခန်းပထမထပ်ရှိ စားပွဲနှင့် ကုလားထိုင်တို့မှာ အကုန်လုံးပေါ်လောပေါ်နေပြီး အခြေအနေက အလွန်ဆိုးဝါးနေသည်။
“ကျွန်မတို့ ဘာလုပ်သင့်လဲ....ကုန်းဇီ"
ဖူဟွားက မိုးသည်းနေသည်အား ကြည့်ရင်း မျက်မှောင်ကြုတ်မိ၏။
တည်းခိုခန်းရှိအခြားသော ခရီးသွားတို့ကလည်း သူမနည်းတူပင် ပူပန်နေကြသည်။ဧည့်သည်များဖြစ်စေမြို့ထဲနေသူများဖြစ်စေ သူတို့အများစုမှာ ကျင့်ကြံခြင်းအဆင့်မရှိကြသည့် သေမျိုးများပင်။သူတို့သာ ဤနေရာမှဓါးနှင့်ထွက်သွားနိုင်ပါက ကျန်ခဲ့သည့်သူများမှာ သူတို့၏သေတမ်းစာအားရေးကာ စောင့်နေရုံသာတတ်နိုင်သည်။ဤ အလယ်ပိုင်းလွင်ပြင်ဒေသ၏ မြေနိမ့်ပိုင်းတွင် ပုန်းရန်နေရာမရှိချေ။ဒုတိယထပ်ရှိလူများမှာ စိုးရိမ်နေသည့်ပုံဖြင့် စကားပြောနေကြသည်။
လင်းရုဖေးမှာ သူသည်လည်း မသိကြောင်းခေါင်းခါပြပြီးနောက် လူသိပ်မရှိသည့် ထောင့်နားလေးအား ရှာကာ ကုရွှမ်းတုကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။
သူက ခေါ်လိုက်၏။ "အကြီးအကဲ"
ကုရွှမ်းတုမှာ လင်းရုဖေး၏နူးနူးညံ့ညံ့လေသံလေးအား ကြားသည်နှင့် မျက်လုံးများမှာမှောင်မိုက်သွားကာ:"ပြော"
လင်းရုဖေးက မေးသည်။
"ဒီမိုးက တကယ်ပဲမရပ်နိုင်တော့ဘူးလား"
ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။
"နည်းလမ်းတစ်ခုတော့ရှိတယ်"
လင်းရုဖေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး:"ဒါဆို ဘာလုပ်ရမှာလဲ"
ကုရွှမ်းတုက ပြော၏။
"မင်းအခန်းထဲမှာရှိနေတဲ့ ဘာမှလုပ်စရာမရှိ အပျင်းတစ်နေတဲ့ကြောင်၀ကြီးကို ကောင်းကင်ထိရောက်အောင် ပိတ်ကန်ပစ်လိုက်"
လင်းရုဖေး : "......"
ဤသည်က အတော်လေး ခက်ခဲမည့်ပုံပင်။
ဘာကြောင့်ဆို အရင်တုန်းက သူသည်ကြောင်များနှင့် ရန်မဖြစ်ဖူး၍ပင်။
ကုရွှမ်းတုက သူ့အားစောင်းကြည့်လိုက်ကာ:"ဒါက ကုယွီထွက်လာပြီး လုပ်စရာလေးတွေလုပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ"
ကုယွီက လင်းရုဖေးနှင့်အတူရှိနေကတည်းက သူ၏အဆင့်အတန်းက သစ်သားဒိုင်းကာလောက်ပင် မကောင်းချေ။သူက လင်းရုဖေး၏အလေ့အထများအား တည့်မတ်ရန် ကြိမ်ဖန်များစွာကြိုးစားသော်လည်း ထပ်၍ပင် ကျရှုံးရလေသည်။
ဤတစ်ကြိမ်၌မူ သူက တိုက်တွန်းရန်အခွင့်အရေးအား မိမိရရဆုပ်ကိုင်ထားလိုက်နိုင်ကာ:"ဒိုင်းကာကို မသုံးနဲ့တော့...နော်...လိမ္မာတယ်"
လင်းရုဖေးမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရသည်။သူက ဤအကြီးအကဲမှာ တမင်သက်သက်ပင် သူ့အတွက်ခက်ခဲသည့်အရာများပြုလုပ်နေသည်ဟု ခံစားရချေ၏။ယဲ့မော့မှာ ချစ်စရာကောင်းပုံပေါ်သော်လည်း အနည်းဆုံးတွင်ဖြင့် သူက ပုအယ်တိုက်ကြီး၏မိစ္ဆာဘုရင်ခုနစ်ယောက်ထဲမှ တစ်ယောက်ဖြစ်နေဆဲပင်။သူသည်ကား သနားစဖွယ် အားနည်းကာ အကူအညီမဲ့နေသည့်ဓါးသမားငယ်လေးပင်...သူက မည်သို့များ သူ့အား ရိုက်နိုင်ပါမည်နည်း။
သို့ရာတွင် ကုရွှမ်းတုက တခြားနည်းလမ်းများ ပြောပြလာခြင်းမရှိ၍ လင်းရုဖေးမှာ အခန်းသို့ပြန်ကာ ချီယွီအား သက်ပြင်းတချချဖြင့် ကြည့်နေရုံသာတတ်နိုင်၏။
မိစ္ဆာဆိုသည်မှာ သေချာပေါက်ပင် ကျန်လူသားများ၏ အသက်အား စိတ်ဝင်စားမည်မဟုတ်။လက်ရှိတွင် ယင်းက ကြောင်ပေါက်လေး၏အမွေးအား ယုယုယယပွတ်သပ်ပေးနေ၏။လင်းရုဖေးက ပြတင်းပေါက်ဘေးတွင်ရပ်ကာ မိုးသည်းသည်းအား ကြည့်နေမိသည်။သူက အခြားနည်းလမ်းရှိနေမလားဟု တွေးနေချိန်တွင် သူ့အနောက်ရှိ ချီယွီထံမှ စူးစူးဝါးဝါးအော်ဟစ်သံအား ကြားလိုက်ရသည်။
"အား...."
လင်းရုဖေးမှာ လှည့်ကြည့်လိုက်ချိန်တွင် ချီယွီက စားပွဲပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။သူက သူ့အား ရန်လိုသည့်အကြည့်နှင့်ကြည့်နေကာ အမွေးများအားလုံးက အမွေးနှုတ်ခံလိုက်ရသည့် ကြောင်ကြီးတစ်ကောင်နှယ် ထောင်နေ၏။
သူက လင်းရုဖေးနာမည်အား စူးစူးရှရှအော်ခေါ်လာသည်။
"လင်း... ရု... ဖေး......"
လင်းရုဖေး : "အင်....."
ချီယွီက စွပ်စွဲလာ၏။
"မင်း ဘယ်လိုလုပ်ပြီး ငါ့အမြှီးကိုဆွဲရဲတာလဲ..."
လင်းရုဖေးမှာ ထိုစကားကြောင့် အံ့အားသင့်သွားရသည်။သူက ခေါင်းလှည့်၍ကြည့်လိုက်စဥ်တွင် ချီယွီဘေး၌ ဖြူဖြူစင်စင်ပုံလေးနှင့် ရပ်နေသည့် ကုရွှမ်းတုအား တွေ့လိုက်ရသည်။လင်းရုဖေး၏အမေးသဘောမျက်လုံးများကို ရင်ဆိုင်နေရချိန်တွင်ပင် ကုရွှမ်းတုမှာ တည်တည်ငြိမ်ငြိမ်ပုံလေးအားဆက်ထိန်းသိမ်းထားဆဲပင်။
သူက လက်ဖြန့်ကာ ပခုံးနှစ်ဖက်ကိုတွန့်လိုက်ပြီး"ကိုယ် သူပြောနေတာတွေကို မသိဘူးနော်"ဆိုသည့် ပုံလုပ်ပြလာသည်။