အပိုင်း ၁၃၈
Viewers 37k

Chapter 138

ကောင်းကင်နှင့်မြေကြီး



သူက မျက်လုံးများဖွင့်ကြည့်လိုက်ချိန်တွင် ရုတ်တရက်ပင် ထိတ်လန့်စရာကောင်းအောင် သည်းသည်းမည်းမည်း ရွာနေသည့် အပြင်ဘက်မှမိုးအား သတိထားမိသွားရသည်။ပဲသီးအရွယ်ခန့် မိုးစက်များက ကောင်းကင်မှ ကျရောက်လာကြ၏။ဤသည်က ကမ္ဘာမြေတစ်ခုလုံးအား ဖုံးလွှမ်းနေသည့် ခန်းဆီးတစ်ခုနှင့်တူကာ လူများအား နေ့လားညလား မခွဲနိုင်အောင်ပင် ဖြစ်စေ၏။တည်းခိုခန်းပြတင်းပေါက်မှ အဟလေးက လေများဝင်လာသော်လည်း ယခုတွင်ဖြင့် အဟလေးကြားမှ လေတိုက်သံက ကြက်သီးထဖွယ်ငိုသံအား ပေးနေသည်ဟု ခံစားနေရသည်အထိ ပြောင်းသွားလေ၏။လင်းရုဖေးမှာ ဂွမ်းစောင်အား ခြုံထားဆဲဖြစ်ကာ မည်သည့်အချိန်ရှိနေမှန်း မပီမပြင် မေးလိုက်သည်။

ကုရွှမ်းတုက နူးနူးညံ့ညံ့လေသံလေးနှင့် ပြောမလာမီ လက်ဆန့်လာကာ သူ့တွင် အဖျားထပ်မရှိကြောင်းသေချာရန် နာဖူးအား ဖွဖွစမ်းလိုက်ရင်း:"ပြန်အိပ်လိုက်ဦး...မိုးသောက်ရောက်ဖို့ စောသေးတယ်"

လင်းရုဖေးမှာ မိုးသည်းနေသဖြင့် သူ့အသံက ဝိုးတဝါးဖြစ်နေသည်။

ကုရွှမ်းတုက ဖြေပေးသည်။ "မိုးသည်းနေတာ"

လင်းရုဖေးက တတွတ်တွတ်ပြောနေသည်။ "မိုးသောက်ရောက်ရင် တိတ်သွားမှာလား"

သူက ဤသည်အား ပြောပြီးသည်နှင့် ထပ်ပြီးပြန်အိပ်ပျော်သွား၏။ကုရွှမ်းတုက တစ်ခုခုဖြေလိုက်ပုံရှိသော်လည်း သူတကယ်ပင် မမှတ်မိတော့ချေ။

နောက်တစ်နေ့မနက်တွင် လင်းရုဖေးမှာ ဖူဟွား၏တံခါးခေါက်သံကြောင့် နိုးထလာရသည်။

ဖူဟွားက ပြောလာသည်။ "ကုန်းဇီ..နေ့လည်တောင်ရှိတော့မယ်...ထလာပြီး ပြန်မအိပ်ခင် တစ်ခုခုစားလိုက်တာ ကောင်းမယ်နော်...."

လင်းရုဖေးက တုံဏိဘာဝေထိုင်နေပြီး ဖြေလိုက်သည်။

"နေ့လည်ရှိပြီလား"

သူက ပြတင်းပေါက်အပြင်သို့ ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး:"မိုး မတိတ်သေးဘူးလား"

"မတိတ်သေးဘူး"

ဖူဟွားက ပြန်ဖြေသည်။ "ဘယ်အချိန်တိတ်သွားမယ်က ပြောဖို့ ခက်ခဲတယ်“

လင်းရုဖေးက အတော်လေး စိတ်ရှုပ်နေဆဲပင်။သူက ထလာပြီးနောက် အတော်လေးအိပ်ထားသဖြင့် ဆေးကြောသန့်စင်ပြီးသော်လည်း စားချင်စိတ်အများကြီးမရှိသေးချေ။သူက စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အစားအစာအား စိတ်မပါလက်မပါစားလိုက်သည်။

မိုးသည်းထန်စွာ ရွာနေသဖြင့် လင်းရုဖေးက ရုတ်တရက်ပင် ချီယွီနှင့်သူ့သားအား သတိရသွားလေသည်။သူ့ရင်ထဲတွင် ဤကြောင်ကြီးကြောင်လေးနှစ်ကောင်က မိုးရှောင်ရန် မည်သည့်နေရာတွင်ပုန်းနေကြောင်း သိချင်မိသွားသည်။ဤအတွေးများတွေးမိရုံရှိသေး ပြတင်းပေါက်က အရိပ်တစ်ခုကြောင့် ဗြုန်းခနဲပွင့်သွားသည်။လင်းရုဖေးမှာ နီးနီးကပ်ကပ်ကြည့်လိုက်ရာ နှင်းဖြူရောင်ကြောင်ကြီးတစ်ကောင်က ငိုနေသည့်ကြောင်ပေါက်လေးကို ပါးစပ်နှင့်ချီ၍ သူ့အရှေ့ရှိစားပွဲပေါ်သို့ ဖွဖွလေးခုန်ဝင်လာသည်အား တွေ့လိုက်ရသည်။လင်းရုဖေးက ထိုကြောင်၏ကြေးသွေးနီရောင်မျက်လုံးများနှင့် အထင်အမြင်သေးနေဟန် မျက်နှာသွင်ပြင်ကြောင့် ဧည့်သည်၏ဇစ်မြစ်အား ချက်ချင်းသိသွားရသည်။ ယင်းက ချီယွီမှတစ်ပါး တခြားသူမဟုတ်ချေ။

ဤသည်က လင်းရုဖေးက ယဲ့မော့အကြီးစား၏ မူလပုံစံအား မြင်ဖူးသည့် ဒုတိယအကြိမ်ဖြစ်ကာ သူက ဤယဲ့မော့အား မည်သို့ပင်ကြည့်နေပါစေ မျက်လုံးထဲကြောင်တစ်ကောင်နှင့်သာတူနေ၏။ ယင်းတွင်ရှိသည့် ကြောင်နှင့်အကြီးမားဆုံး ကွာခြားချက်မှာ ယင်းကပို၍ ရက်ရစက်ပုံပေါ်နေခြင်းသာ...သူက ချီယွီများ ဤမျက်နှာအား တမင်သက်သက် လုပ်ထားသလားဟုပင် သံသယ၀င်မိပေသည်။

ချီယွီက သူ့ပါးစပ်ထဲရှိ ကြောင်ပေါက်လေးအား စားပွဲပေါ်သို့ပစ်ချလိုက်ပြီးနောက် သူ့ကိုယ်ရှိ အမွေးများအား ပြင်းပြင်းခါလိုက်ကာ လင်းရုဖေးထံ မျက်နှာအပြည့် ရေစက်များလွင့်စင်လာစေသည်။လင်းရုဖေးက မူလတွင် မကျေနပ်စွာ တစ်ခုခုပြောလိုက်ချင်သော်လည်း ကြောင်ကြီးက ကြောင်ပေါက်လေးအား မေးထိုးပြလာချိန်တွင် လင်းရုဖေးမှာ စိတ်မသန့်သလိုရုတ်တရက်ခံစားလိုက်ရသည်။

"လာ...လာ..လာ..ငါက အအေးမမိအောင် ယဲ့မော့...ယဲ့မော့လေးကို ရေသုတ်ပေးမယ်နော်"

အဆုံးတွင် ထိုစကားများကိုသာ သူဆိိုလိုက်နိုင်၏။

သူက ထိုသို့ပြောပြီးသည်နှင့် လက်ကိုင်ပဝါသန့်သန့်တစ်ထည်အား ယူကာဘေးနားသို့ သွားလိုက်၏။ထို့နောက် သူက ကြောင်ပေါက်လေးအား လက်ထဲသို့ ယူလိုက်ပြီး ဂရုတစိုက် သုတ်ပေးလိုက်သည်။

ချီယွီက သူ့မျက်လုံးများအား မှေးကျင်းကာ လင်းရုဖေးအား တစ်ခဏမျှကြည့်နေသည်။လင်းရုဖေးက အညစ်အကြေးများအား မကျော်သွားသည်အား တွေ့သော် သူက မိုးရေစိုနေသည့် သူ့အမွေးအားလျက်လိုက်၏။

ကြောင်ပေါက်လေးက ချီယွီချီထားစဥ်တွင် မပျော်မရွှင်ဖြစ်နေသော်လည်း လင်းရုဖေးလက်ထဲရောက်သည်နှင့် စတင်ပြီးတုန်တုန်ယင်ယင် အော်လာသည်။လင်းရုဖေးက ဤသည်ကြောင့် ဝေခွဲမရဖြစ်လာကာ ကြောင်ပေါက်လေးအား သက်တောင့်သက်တာမရှိလို့များလား ဟု မေးလိုက်မည်အလုပ်တွင် သူ့ဘေးရှိကုရွှမ်းတုမှာ အပြုံးလေးနှင့် ဤသည်က ယဲ့မော့က သူ့အား သဘောကျကြောင်းပြသည့် လက္ခဏာဖြစ်ကြောင်း ရှင်းပြလာသည်အား ကြားလိုက်ရသည်။

ထိုအခါမှသာ လင်းရုဖေးက နားလည်သွားတော့သည်။

“ဒီမိုးက ဘယ်အခါမှ ရပ်တော့မှာလဲ" လင်းရုဖေးက သာမန်ကာလျှံကာ ရေရွတ်လိုက်သည်။

“လဝက်မှ" ချီယွီမှာ တကယ်ကြီး ပြန်ဖြေလာ၏။

လင်းရုဖေးက အာမေဍိတ်သံပြုလိုက်ရင်း:"လဝက်လား...မများလွန်းဘူးလား လဝက်အတွင်း တစ်မြို့လုံး ရေမြုပ်ခံရတော့မှာ မဟုတ်ဘူးလား"

ချီယွီက လင်းရုဖေးအား သူ့စကားများအား မေးခွန်းထုတ်လာသည်အား မကျေမနပ်ဖြစ်သွားသကဲ့သို့ "ဟမ့်.."ခနဲ အသံထွက်လာသည်။

လင်းရုဖေးက မေးလိုက်သည်။

"ဒါဆို.....ခင်ဗျား တစ်ခုခုစားချင်တာရှိလား"

ထိုအခါမှသာ ချီယွီ၏မျက်နှာသည် ပြေလျော့သွားပြီး:"စားချင်တယ်"

လင်းရုဖေးမှာ အမြန်ပင် အပြင်ထွက်လိုက်ပြီး ဖူဟွားအား အသားတစ်ချို့ဝယ်ခိုင်းလိုက်သည်။ဖူဟွားက သဘောတူပြီး မကြာမီ လတ်လတ်ဆတ်ဆတ်အသားနှင့်အတူ ပြန်လာလေ၏။သို့စေကာမူ သူမပြန်လာသောအခါ သူမက ကြောင်ကြီးနှစ်ကောင် တစ်ကောင်က အသေးဖြစ်ကာ တစ်ကောင်ကအကြီးအား အိမ်ထဲတွင် ကုန်းထိုင်နေကြသည်အား တွေ့လိုက်ရသည်။သူမ၏မျက်ခုံးများက ချက်ချင်းပင် ​ပင့်တက်သွားပြီး လင်းရုဖေးက သူမအားရပ်လိုက်ရန် တစ်ခုခုမပြောလိုက်မီ သူမက အခန်းထဲသို့ ခြေလှမ်းကြီးတစ်လှမ်းတည်းနှင့် ဝင်သွားကာ လက်လှမ်းကာ ချီယွီအား ကောက်ယူလိုက်၏။

သူမက သူ့အား ရင်ဘတ်ပေါ်တွင် ပွေ့ထားရင်း နှစ်ကြိမ်ပွတ်သတ်ပေးလိုက်ကာ:"ဒီကြောင်ကြီးက ဘယ်ကနေရောက်လာတာလဲ မင်းက ချစ်ဖို့ကောင်းလိုက်တာ...ဒါက အပြင်မှာ မိုးရွာနေလို့ကြောင့်များ မိုးခိုဖို့ မင်းဝင်လာခဲ့တာလား"

လင်းရုဖေး၏မျက်လုံးများ ပြူးကျယ်သွားရသည်။သူက ဖူဟွားအား သူ့ကို အနှောင့်အယှက်ပေးမိမည်စိုး၍ ယဲ့မော့အား အောက်ချလိုက်ရန် ပြောလိုက်တော့မည့်ဆဲဆဲတွင် ယဲ့မော့မျက်နှာ၌ အနည်းငယ်ရှက်သွေးဖြာလာသည်အား တွေ့လိုက်ရသည်။

ထို့နောက်တွင်မူ သူက တုန်တုန်ယင်ယင် အော်သံတစ်ချက်ပေးလိုက်လေ၏။

"မြှောင်..."

လင်းရုဖေး : "...."

“ယို့...အသံလေးကလည်း ကြမ်းရှရှလေးနဲ့ချစ်စရာလေး"

ဖူဟွားက ရေရွတ်လိုက်သည်။

ယဲ့မော့မိစ္ဆာက လင်းရုဖေးအား သူ့ပါးစပ်ကို မဖွင့်လိုက်ရန် ပြသည့်အနေနှင့် အကြိမ်အနည်းငယ်ခန့် စိုက်ကြည့်ရန်လည်း မမေ့ချေ။လင်းရုဖေးက အော်ရယ်ချင်စိတ်ကိုအတင်းမြိုချကာ ငြိမ်ငြိမ်သက်သက်၀င်ထိုင်ပြီးနောက် ဖူဟွားက ယင်းတစ်ကိုယ်လုံးကို ယုယုယယပွတ်သတ်ပေးနေသည်ကိုသာ ထိုင်ကြည့်ရန်သာတတ်နိုင်ပေ၏။နောက်ဆုံးတွင်ဖြင့် သူမက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ချပေးလိုက်ကာ အပြင်ဘက်တွင် ဆေးအိုးဆူနေပြီဖြစ်၍ လင်းရုဖေးအား ကြောင်ကြီးကို သေချာ စောင့်ကြည့်ထားရန် ​မှာနေသေးသည်။

လင်းရုဖေးက ကူကယ်ရာမဲ့နေဟန်ဖြင့် လက်ယမ်းပြကာ ဖူဟွားအား သွားရန် အချက်ပြလိုက်သည်။

ဖူဟွား ထွက်သွားသည်နှင့် အထင်အမြင်သေးသည့် အကြည့်က ယဲ့မော့မျက်နှာသို့ ပြန်ရောက်လာသည်။လင်းရုဖေးခမျာ ဆက်ဆံပုံက ကြီးကြီးမားမား ကွာခြားသွားလွန်းတယ် ဟု တိတ်တိတ်လေး ရေရွတ်လိုက်သည်။သို့သော်လည်း ကုရွှမ်းတုက ပြုံးလိုက်ကာ ယဲ့မော့တွေက မိန်းမငယ်လေးနှင့် အများစုတူကာ အထူးသဖြင့် လက်မထပ်ရသေးသည့် မိန်းမငယ်လေးများနှင့်တူပြီး လင်းရုဖေးက လက်မထပ်ရသေးသည့် အမျိုးသားတစ်ယောက်ဖြစ်နေခြင်းကြောင့် ဟု ရှင်းပြလေသည်။

လင်းရုဖေးက ကုရွှမ်းတုရှင်းပြချက်ကြောင့် ပြောစရာမရှိဖြစ်သွားရသည်။သူက မည်သည်ကြောင့် ယဲ့မော့က ယွီရွေ့၏ပုံစံနှင့် အတော်လေးတူနေသည်ကို မနေ့ကထိ သိချင်နေခဲ့သော်လည်း ယနေ့တွင်မူ သူက နားလည်သွားရချေပြီ။

ယဲ့မော့က သူ့အမွေးများအား ပြောင်အောင်လျက်နေရင်း ဖူဟွားယူလာသည့်အသားအား စားလိုက်သော်ငြား ထွက်သွားမည့်ပုံမရှိချေ။

လင်းရုဖေးက သူ့အား ထွက်သွားတော့မည်လားဟု ဂရုတစိုက်မေးလိုက်သည်နှင့် ယဲ့မော့ထံမှ ဗလာသက်သက်စိုက်ကြည့်ခြင်းကိုခံလိုက်ရသည်။သူက အပြင်မှာ မိုးဒီလောက်ရွာနေတာ ဘယ်နေရာကို သွားရမလဲနှင့်...ရက်အနည်းငယ်သာရှိသေးပေမယ့်လည်း လင်းရုဖေးက စိတ်မရှည်ဖြစ်နေချေပြီ စသာစကားများကို ရုပ်တည်ကြီးဖြင့်ဆိုလာချေ၏။

သူက စကားဆုံးသည်နှင့် သူ၏ခြေဖဝါးအား ပေါက်စလေးရဲ့ ပန်းရောင်ဗိုက်ဖောင်းဖောင်းလေးပေါ် တင်လိုက်သည်။ထို့နောက် သူက လင်းရုဖေးက သူ့အား ထွက်သွားစေချင်ပါက သူက ထိုသို့လုပ်ပေးမည်ဟု ဆိုလာသည်။ ကြောင်ပေါက်လေးက သူ့အား"အဖေ"ဟု ခေါ်လိုက်သည်နှင့် သူက ပုအယ်ဆီသို့ ချက်ချင်းပြန်သွားမည်ပင်။

ကြောင်ပေါက်လေးက မရပ်မနား အသံမြည်လာသော်လည်း ကံဆိုးစွာနှင့် သွားများနှင့် လက်သည်းများမရှိချေ။သူ့အဖေထိန်းချုပ်နေသည်အား ဆန့်ကျင်ကာ ပြန်တိုက်ရန်အားမရှိ၍ လင်းရုဖေးအား မျက်လုံးရွဲကြီးများနှင့် ကြည့်ရုံသာတတ်နိုင်၏။

အဆုံးတွင်ဖြင့် လင်းရုဖေးက အဖေအတုပင် ဖြစ်ချေသည်။သူ၏အဖေစစ်စစ်အရှေ့တွင်လည်း မည်သည့်သတ္တိမျှမရှိချေ။သူက အိပ်ကပ်ထဲရှိ ပြောင်းဖူးသကြားလုံးကို လိမ္မာပါးနပ်စွာ ထုတ်လိုက်ပြီးနောက် ချီယွီအား တစ်ခုလိုချင်လား နှစ်ခုလိုချင်လား ဟုမေးလိုက်ရတော့၏။

ချီယွီက မျက်လုံးများ မှေးကျဥ်းလိုက်ပြီး အတော်လေး အထင်သေးနေသည့် အကြည့်နှင့် သကြားလုံးအား ကြည့်လိုက်လေသည်။

လင်းရုဖေးမှာ မူလက ဤအချက်က ကျရှုံးသွားလေပြီဟု တွေးမိသော်လည်း တစ်ခဏ၌ သူက ပေါက်စလေးအား လင်းရုဖေးလက်ထဲသို့ ပစ်ပေးလိုက်ကာ လင်းရုဖေးလက်ထဲရှိ ပြောင်းဖူးသကြားလုံးအား ယူလိုက်မည်မှန်း မည်သူကထင်မည်နည်း။

လင်းရုဖေး : "...."

ဒါဆို ဒီအထင်တသေးအကြည့်က ဘယ်သူ မြင်ဖို့အတွက်များ လုပ်ထားရတာလဲ...

ကုရွှမ်းတုက ပြဇာတ်အား ဘေးကနေကြည့်ရခြင်းကို အတော်လေး နှစ်ခြိုက်နေလေ၏။သူက လင်းရုဖေး၏ အကူအညီမဲ့နေသည့်အကြည့်​ကို သဘောကျနေပြီး စင်စစ်တွင်ဖြင့် ပုအယ်တိုက်ကြီး၏မိစ္ဆာများတွင်လည်း အကောင်းအဆိုးခွဲထားပေသည်။ယဲ့မော့ကဲ့သို့ မိစ္ဆာများက အတော်လေး ကြင်နာတတ်ကြသည်။သူတို့ နေ့စဥ်လုပ်သည့် အရာက အသားရှာရန်နှင့် တိုက်ခိုက်ရန်သာဖြစ်ကာ သူတို့က တိုက်ပွဲတွင်အားကောင်းလာသည်နှင့် သူတို့ကိုယ်တိုင် ကလေးမွေးကြပေလိမ့်မည်။

လင်းရုဖေးက ကြောင်ပေါက်လေး၏ခေါင်းအား ပွတ်သတ်ပေးလိုက်သည်။ထို့နောက် သူက မျက်မှာင်ကြုတ်လျက် ပြောင်းဖူးသကြားလုံးအား စားနေသည့် ယဲ့မော့အားကြည့်လိုက်ရင်း ကုရွှမ်းတုပြောသည်မှာမှန်နိုင်ကြောင်း တွေးမိလိုက်သည်။

ယဲ့မော့က မိုးမှာ လဝက်မျှကြာလိမ့်မည်ဖြစ်ကြောင်း ပြောသော်ငြား လင်းရုဖေးမှာ အတည်မယူလိုက်ချေ။သို့သော်ငြား မနက်မှညအထိ မိုးမှာရပ်မသွားဘဲ လမ်းပေါ်ရှိနေရာတိုင်းတွင် ရေအိုင်တိမ်တိမ်လေးများ စုပြုံလာ၏။

လင်းရုဖေးက တည်းခိုခန်းထဲတွင် တစ်နေ့လုံးနေနေရသဖြင့် စိတ်ထဲတွင် အမှန်ပင် ပျင်းရိငြီးငွေ့လာသည်။အဆုံးတွင်ဖြင့် သူက ထီးတစ်ချောင်းအား ရှာကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်ရန် ပြင်လိုက်သည်။

သို့သော်ငြား ဖူဟွားနှင့်ယွီရွေ့တို့က လင်းရုဖေးမှာ ချောင်းဆိုးနေဆဲဖြစ်သည်အား တွေ့သောအခါ လင်းရုဖေး၏အခြေအနေပိုဆိုးသွားမည်အား စိုးရိမ်ကြသည်။သို့သော်ငြား သူ၏ဆုံးဖြတ်ပြီးသော သဘောထားအား မြင်ပြီးနောက်သူ့အားဖျောင်းဖျနေသည်အား ရပ်လိုက်ရုံမှလွဲ ရွေးစရာမရှိချေ။

လင်းရုဖေးမှာ လမ်းပေါ်တွင် လမ်းလျှောက်နေရင်း သူ၏ဖိနပ်နှင့်ခြေအိတ်မှာ ချက်ချင်းပင် တစ်ဝက်စိုသွားသည်ကြောင့် သူက ချွတ်ထားလိုက်ပြီး အစိမ်းရောင်ကျောက်ခင်းလမ်းဆီပေါ်သို့ ခြေဗလာနှင့်လျှောက်သွားလိုက်သည်။မိုးမုန်တိုင်းကြောင့် လမ်းပေါ်တွင် လူများများစားစားမရှိကာ ဆိုင်ခန်းတချို့တလေသာ ဖွင့်ထားလေ၏။လက်ပွေ့ပြီးရောင်းနေသူများ၏ အသံများလည်းမရှိကာ နားထဲတွင်ရှိနေသည့်အသံက မိုးသံလေသံများသာ။မိုးအားဖြတ်ပြီးလျှောက်လာသည်တွင် ကမ္ဘာပေါ်တွင် တစ်ယောက်တည်းရှိနေသည့် အထီးကျန်ဆန်သည့်ခံစားချက်မျိုးကိုသာခံစားနေရသည်။ကံကောင်းစွာနှင့် လင်းရုဖေးတွင် သူ့ဘေးတွင် ရပ်နေသည့် ကုရွှမ်းတုရှိနေသေး၏။သူတို့မှာ လူအများနှင့် သီးခြားရှိနေသည့်အချိန်ကရှားပါးလွန်းသဖြင့် လင်းရုဖေးက အရင်နေ့ရက်များက သိချင်သည့်မေးခွန်းများအား မေးရန် အခွင့်ရေးရှာလိုက်သည်။

ကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်သည့် ကုရွှမ်းတုက လင်းရုဖေးဘေးသို့ ရောက်လာသည်နှင့် စိတ်ကြီးဝင်နေခြင်းမရှိတော့ပဲ လင်းရုဖေးမေးလာသမျှကို ဖြေပေး၏။သူက ထိုနှစ်တုန်းက စစ်ပွဲအကြောင်း၊သူသိသည့် မိတ်ဆွေများအကြောင်းနှင့် သူသတ်ခဲ့သည့် မိစ္ဆာများအကြောင်း တစ်ခုချင်းစီပြောပြပေးသည်။မိုးမှာ ကုရွှမ်းတုကိုယ်အား ဖြတ်တိုက်သွားပြီး ရောင်ပြန်ဟပ်နေသည့်ပုံ ဖြစ်စေကာ လွန်ခဲ့သောနှစ်ပေါင်းရာချီတုန်းက အချက်အလက်များတွင် သရုပ်ဖော်ထားသကဲ့သို့ပင်။

လင်းရုဖေးက စွဲညှို့ခံရသည့်နှယ် ငြိမ်ငြိမ်လေး နားထောင်နေ၏။

"အကြီးအကဲက ပြန်သွားချင်လား"လင်းရုဖေးက မေးလိုက်သည်။

“ပြန်သွားမယ်...ဘယ်ကိုပြန်သွားရမှာလဲ" ကုရွှမ်းတုက ပြန်မေးလေသည်။

“သေချာပေါက်..အဲ့ဒီနှစ်တွေဆီကိုပေါ့" လင်းရုဖေးက ပြန်ဖြေလိုက်သည်။

ကုရွှမ်းတုက သူ့အားကြင်ကြင်နာနာကြည့်လိုက်ပြီး:"အခုလိုလည်း အဆင်ပြေပါတယ်...ပြန်မသွားချင်တော့ဘူး"

လင်းရုဖေးက ကောင်းကင်အားမော့ကြည့်လိုက်၏။မိုးမှာ လုံးဝတိတ်သွားရန် အစီအစဥ်မရှိတာကိုတွေ့ပြီး သူက သက်ပြင်းအသာချလိုက်ရင်း:"မိုးကလည်း သည်းလိုက်တာ..ဘယ်လိုလုပ်အဆင်ပြေတော့မှာလဲ"

သူက ဤစကားအား ပြောပြီးသည်နှင့် သူ့ဆီသို့ လမ်းကိုဖြတ်ပြီးလျှောက်လာသည့် မိုးကာအင်္ကျီနှင့်လူအား သတိထားမိလိုက်သည်။ထိုလူက မျက်နှာအပြည့်ဖုံးထားသည့် ဦးထုပ်ဆောင်းထားကာ လမ်းကြားလေးက အလွန်ပင်ကျဥ်းမြောင်းလေ၏။လင်းရုဖေးက သူ့အား အရင်သွားစေချင်၍ ဘေးသို့ကပ်လိုက်သော်ငြား ထိုလူက လင်းရုဖေးအား ဖြတ်တိုက်လိုက်ချိန်တွင် သွေးနံ့ဖျော့ဖျော့အား ရလိုက်လေသည်။သူက အောက်ငုံ့ကာကြည့်လိုက်ချိန်တွင် ထိုသူတ်ို့ခြေလှမ်းတို့က မိုးရေစက်တို့အား ကြက်သွေးရောင်သွေးစွန်းထင်သွားစေလေ၏။

လင်းရုဖေးက ​အနည်းငယ်မှင်သက်သွားချိန်တွင် ထိုလူက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားနှင့်ချေပြီ။

သူက တည်းခိုခန်းသို့ပြန်ရောက်သည့်အခါ လင်းရုဖေးမှာ ပြတင်းပေါက်ဘေးရှိ စားပွဲပေါ်တွင် လှဲနေသည့် မျက်လုံးများ မှေးတေးတေးနှင့် တရေးအိပ်နေသည့် ယဲ့မော့အား တွေ့လိုက်ရသည်။ကုရွှမ်းတုက သူ့အတွက် ပှဝါတစ်ခုယူလာပေးကာ လမ်းတစ်ဝက်တွင်ပင် လင်းရုဖေး၏ခြေဖဝါးပြောင်ပြောင်အား သန့်ရှင်းပေးလာ၏။ လင်းရုဖေးမှာ အနည်းငယ်မူးဝေသွားသလိုခံစားလိုက်ရပြီး သူက ကုရွှမ်းတုလုပ်လိုက်တာကို မြင်သော် အမြန်ခေါ်လိုက်မိ၏။

"အကြီးအကဲ..."

“ရှူး....."

ကုရွှမ်းတုက တိတ်တိတ်နေရန် လက်ဟန်ပြလာသည်။

သူက ဘေးတွင် တစ်ရေးအိပ်နေဆဲဖြစ်သည့် ယဲ့မော့အား ညွှန်ပြလိုက်ရင်း လင်းရုဖေး စကားမပြောရန် ပြလိုက်သည်။လင်းရုဖေးမှာ တစ်ခုခုပြောချင်ပါသော်လည်း ဤကြောင်ကြီးကြောင့် သူ့ပါးစပ်အားပိတ်ထားလိုက်ရသည်။ထို့အစား သူက သူ၏ခြေချောင်းလေးများအား သန့်ရှင်းသွားရန်သုတ်ပေးနေသည့် ကုရွှမ်းတုအား ကြည့်နေရင်းမှ သူ၏ပါးမို့မို့၌ ရှင်းပြ၍မရနိုင်သော အနီရောင်ချိုမြိန်မှုလေးတစ်ခုဖြတ်ပြေးသွားလေ၏။


____

Translated By IQ-Team.