အပိုင်း ၁၃၆
Viewers 37k

Chapter 136

----------------------

လင်းရုဖေးက အခန်းဆီသို့ ပင်ပန်းနွမ်းနယ်စွာ ဦးတည်လိုက်ပြီး ဖူဟွားက သူ့အား သတိထားမိသွားသည်နှင့် သူမက ပြုံးလာကာ ဘာဖြစ်နေလို့လဲ ဟု မေးလာသည်။

လင်းရုဖေးက ဆိုလိုက်၏။

"ဟယ့်မိသားစုက လူတွေက တကယ့်ကို ငြင်းဆန်ဖို့ ခက်ခဲလွန်းတယ်"

ဖူဟွားက ရယ်မောလိုက်ရင်း:"ကုန်းဇီ ....ကုန်းဇီပြောချင်တာ ဒါအကုန်လား"

လင်းရုဖေးက ဆက်ပြောလေသည်။

"တကယ်တော့...ငါလည်း ဆဲတဲ့စကားတစ်ချို့တလေ ပြောချင်တယ်"

ဖူဟွားမှာ တစ်ခဏမျှ တောင့်ခဲသွားပြီးနောက် သူမ၏ကုန်းဇီလေးက စကားစုတစ်ခုအား ထုတ်ပြောထွက်လာသည်အား ကြားလိုက်ရသည်။

"ငါလူး!"

ဖူဟွား : "......"

ကုရွှမ်းတု : "......"

ဒီနေရာမှာ အကြာကြီး မနေသင့်တော့ဘူး...ဤအတွေးက နှစ်ယောက်စလုံးရဲ့စိတ်ထဲ၌ တစ်ချိန်တည်း ပေါ်လာ၏။

ယခုတင်လေး ဆဲလိုက်သည့် လင်းရုဖေးမှာ လန်းဆန်းသွားသလိုခံစားလိုက်ရသည်။သူက ဖူဟွားအား ယွီရွေ့ထွက်သွားသည့်နေရာနှင့် သူမအား မမြင်မိသဖြင့်မေးလိုက်သည်။ဖူဟွားက ပြုံးလိုက်ပြီး ဟယ့်မိသားစုကုန်းဇီက ယွီရွေ့အား ပြောင်းဖူးသကြားလုံးဝယ်လာခဲ့သည်ဆိုကာ ခေါ်ထုတ်သွားကြောင်း ပြောလာသည်။

လင်းရုဖေးမှာ ဤသည်အား ကြားသော် ချက်ချင်းပင်လန်းဆန်းလာပြီး :"ပြောင်းဖူးသကြားလုံး..ဘာပြောင်းဖူးသကြားလုံးလဲ...ဒီနှစ်ယောက်ဘယ်မှာလဲ...ငါလည်း ပျော်စရာလေးတွေထဲ ပါလို့ရနိုင်မလားပဲ"

ဖူဟွားက ဆိုသည်။

"သူတို့ကြည့်ရတာ တောင်အနောက်ပိုင်းမှာ ရှိပုံပဲ...ကုန်းဇီသွားပြီး တွေ့ချင်လား"

လင်းရုဖေး:"သွား..သွား..သွား..သွား..သွားပြီးတော့ ပြောင်းဖူးသကြားလုံးစမ်းကြည့်ရအောင်"

ဖူဟွားမှာ ဤသည်အား မြင်သော် ရယ်မောမိသွားချေသည်။

ထို့ကြောင့် လင်းရုဖေးနှင့်ဖူဟွားတို့နှစ်ဦးသား တံခါး အပြင်သို့ရယ်မောလျက်ထွက်သွားပြီး တောင်နောက်ပိုင်းဆီသို့ တည့်တည့်ဦးတည်လိုက်သည်။ကုရွှမ်းတုသည်လည်း သူတို့နောက်မှ နီးနီးကပ်ကပ်လိုက်ပါလာသည်။လင်းရုဖေးနှင့် ခိုးကြောင်ခိုးဝှက်မျက်နှာဖြင့် စကပ်စအားမထားသည့် ဖူဟွားတို့က ခြေသံဖွဖွလေးနင်းကာသွားနေသည်အား ကုရွှမ်းတုကကြည့်ရင်း သူအမှန်ပင် သက်ပြင်းရှည်ကြီးချလိုက်မိသည်။

ဟယ့်မိသားစု၏တောင်အနောက်ပိုင်းမှာ မကြီးမားချေ။လင်းရုဖေးနှင့် ဖူဟွားတို့က လောလောဆယ်၌ စကားစမြည်ပြောနေသည့် ယွီရွေ့နှင့်ဟယ့်ဝမ်ရှန်းတို့အား အမြန်ပင် ရှာတွေ့သွားလေသည်။ယွီရွေ့မှာ သူမ၏ပြောင်းဖူးသကြားလုံးအား ပျော်ပျော်ကြီးဝါးနေသဖြင့် ပါးမို့မို့မှာ ဖောင်းကားနေ၏။သူမက လက်ထဲတွင် အိတ်တစ်လုံးကိုကိုင်ထားကာ စားရင်း စကားပြောနေသည်၊ဟယ့်ဝမ်ရှန်းကမူ ဘေးတွင် တိတ်တိတ်လေးနားထောင်နေသည်။

“ကျွတ်..ကျွတ်..ကျွတ်.."

လင်းရုဖေးက တိုးတိုးလေးပြောလိုက်သည်။

"ဒီပြောင်းဖူးသကြားလုံးက အရမ်းအရသာရှိမယ့်ပုံပဲ"

ဖူဟွားမှာ ချဥ်ချဥ်တူးတူးပြောလာသည်။

"ဟုတ်မယ်...သူအဲ့တာဘယ်ကဝယ်ခဲ့လဲမသိဘူး...ဒီဟယ့်ကုန်းဇီကတော့ တကယ်ကို ဒုက္ခခံခဲ့တာပဲ"

လင်းရုဖေးက ပြန်ပြောလိုက်သည်။

"အိုက်ယား...သမီးမိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ သူတို့ကိုထိန်းကျောင်းဖို့တကယ်ခက်ခဲလာတော့တာပဲ"

သူက ထိုသို့ပြောပြီးသည်နှင့် ဖူဟွားအား တစ်ချက်စွေကြည့်လိုက်သည်။

ဖူဟွား၏ မျက်နှာက အနီရောင်ပြောင်းသွားပြီး တီးတိုးဆိုသည်။

"သခင်လေး ကျွန်မကိုမစပါနဲ့....ရှင်းရှင်းလင်းလင်းကို နွေဦးနှလုံးသားလေး ဖွံ့ဖြိုးနေတာ ယွီရွေ့ဆိုတဲ့ကောင်မလေးလေ..."

နှစ်ဦးသားမှာ တစ်ခဏမျှစောင့်ကြည့်နေကြသည်။ယွီရွေ့နှင့် ဟယ့်ဝမ်ရှန်းတို့က အဆုံးမရှိစကားများပြောကာ အဆုံးမရှိပြောင်းဖူးသကြားလုံးများ စားနေကြသည်အား မြင်ပြီးသော် သူ့တွင် ထိုနေရာသို့သွားပြီး သူတို့အားနှောင့်ယှက်ရန် နှလုံးသားမရှိတော့ချေ။သူက စိတ်မဝင်စားတော့သည့်အာရုံနှင့် သူ့အခန်းသို့ပြန်လာခဲ့လိုက်သည်။

ပြန်လာသည့် လမ်းတစ်ဝက်၌ လင်းရုဖေးက သူသည် စာလိပ်အားလှည့်ယူချင်သေး၍ လက်ယမ်းပြကာ ဖူဟွားအား အရင်ပြန်နှင့်ရန်ပြောလိုက်သည်။သူက ခပ်ဝေးဝေးက အရိပ်တစ်ခုအား ရှာတွေ့သွားကာ အေးမြသွားရန် ယင်းအောက်တွင် ထိုင်လိုက်သည်။

မနက်ဖြန်နောက်တစ်နေ့တွင် သူက ဟယ့်မိသားစုအား စွန့်ခွာသွားရပေလိမ့်မည်။သူ၏လာမည့်ခရီးစဥ်အား မဆုံးဖြတ်ရသေးသော်လည်း သူသာ လမ်းအတိုင်းလိုက်ပါသွားပါက အမှားအယွင်းများ ဖြစ်ပွားလာမည်မဟုတ်ချေ။လင်းရုဖေးက ဤသည်အားစဥ်းစားနေရင်း သူ၏ဝတ်စုံထောင့်နားအား တစ်ခုခုက ဆွဲထားသည်အား ခံစားလိုက်ရသည်။သူက စစချင်းတွင် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်လိုက်သော်လည်း ငုံ့ကြည့်လိုက်သော် သူ၏ဝတ်စုံထောင့်နားလေးအား ခက်ခက်ခဲခဲကိုက်နေသည့် နှင်းဖြူရောင်ကြောင်ပေါက်လေးအား တွေ့လိုက်ရသည်။

လင်းရုဖေး၏ပထမဆုံး တုံ့ပြန်မှုက သူအထင်မှားသွားကြောင်းဖြစ်ကာ တစ်ခဏ၌ ဝမ်းနည်းနေသည့်အသံက သူ့နားထဲတွင်ပဲ့တင်ထပ်လာ၏။

"လင်းကုန်းဇီ"

လင်းရုဖေးမှာ ရုတ်တရက် လှုပ်ရှားသွားပြီး သူခေါင်း လှည်းကြည့်လိုက်သည်။

သူက သူ့နောက်ရှိ မျက်နှာကိုမြင်သော် အနောက်သို ခန္တာကိုယ်ကို တစ်ချက်ရို့ကာ : "ခင်ဗျား...ခင်ဗျားဒီကို ဘယ်လိုရောက်လာတာလဲ...ခင်ဗျား ပြန်မသွားရသေးဘူးလား"

သူ့အား ခေါ်လာသည့်သူမှာ မနေ့ကတွေ့ခဲ့သည့် ယဲ့မော့ပင်..သို့သော်ငြား မနေ့ကထက် သူ့ပုံက ပို၍မပျော်မရွှင်ဖြစ်နေသည်။

သူက"လင်းကုန်းဇီ"ဟုခေါ်လိုက်သည်တွင် သူ့အသံက သွားကြားထဲသို့ ထည့်ကာ စိစိညက်ညက်ကျိတ်ခြေပစ်ချင်နေသည့်နှယ်။

လင်းရုဖေးက မေးလိုက်သည်။

"ခင်ဗျား..ခင်ဗျားရဲ့နာမည်က..ဘာလဲ"

သူက ဤယဲ့မော့၏နာမည်အား မသိကြောင်း ရုတ်တရက်သတိရသွားသည်။

ယဲ့မော့က အေးစက်စက်ဆိုလာသည်။

"ချီယွီ"

“ချီယွီကုန်းဇီ...ခင်ဗျားဘာလို့ ဒီမှာရှိနေသေးတာလဲ"

လင်းရုဖေးက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ချီယွီ၏ ရက်စက်သည့်အကြည့်အောက်မှအနည်းငယ်လွှဲဖယ်လိုက်၏။

“မင်း ဘာလို့ ငါဒီမှာရှိနေရတယ်ဆိုတာ ဘာကြောင့်မခန့်မှန်းမိတာလဲ" ချီယွီက ခက်ထန်စွာ မေးလာသည်။

သူ၏စကားလုံးများအား တုံ့ပြန်ပြောဆိုမည်အပြု လင်းရုဖေး၏ဝတ်စုံထောင့်နားအား ကိုက်နေသည့် ကြောင်ပေါက်လေးက သူ့ခြေလေးချောင်းနှင် လင်းရုဖေးလက်မောင်းပေါ်သို့ တွားသွားတတ်လာလေ၏။ ယင်းက အော်မြည်၍ဖျက်ဆီးရန်ကြိုးစားနေသည်။လင်းရုဖေးက ကြောင်ပေါက်လေးအား ကြည့်ရင်း ဖြစ်ပျက်သွားသည့်အရာအား နားလည်လိုက်လေသည်။

အဆုံးတွင် သူက မတရားခံရသူသာဖြစ်ပြီး သူက အနည်းငယ်ရှက်သွေးဖြန်းစွာပြုံးလိုက်ပြီး:"ဒီ......"

"အရူးလေးပေါက်စက စားဖို့ငြင်းဆန်နေတယ်လေ"

ချီယွီ:"မင်း သူ့ကို အရင်အစာကျွေးလိုက်“

လင်းရုဖေးက ဟုတ်ပါပြီဟုသာ ပြောနိုင်၏။

ချီယွီက အေးစက်စွာ ကျစ် တစ်ချက်စုပ်သပ်လိုက်သည်။သူ့ရဲ့အင်္ကျီလက်ရှည်အား ပုတ်လိုက်သည်နှင့် လတ်လတ်ဆတ်ဆတ်အမဲလိုက်ထားသည့် ဒရယ်က မြေပေါ်၌ ပေါ်ထွက်လာ၏။လင်းရုဖေးမှာ ကုန်းကာ ကြောင်ပေါက်လေးအား ဒရယ်ကိုယ်ပေါ်သို့ တင်လိုက်၏။ကြောင်ပေါက်လေးက လျှာကိုလျက်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင် စဖြိုတော့သည်။

လင်းရုဖေးမှာ ချီယွီ၏ရက်စက်သည့်အကြည့်က သူ့ခေါင်းအား အပ်နှင့်ထိုးနေသကဲ့သို့ ခံစားနေရသည်။

သူ၏ခေါင်းအား တောင့်တောင့်လေးမြောက်ရုံသာ တတ်နိုင်ကာခြောက်ခြောက်ကပ်ကပ်ရယ်လိုက်ပြီး:"ဒီ...နေ့...ရာသီဥတုက အတော်ကောင်းတာပဲ...ဟား ဟား ဟား"

သူ၏စကားလုံးများအား အတည်ပြုပြသည့်နှင့်အနေဖြင့် ကောင်းကင်မှာ ရုတ်တရက် မိုးခြိမ်းသံအကျယ်ကြီး ထွက်လာသည်။

လင်းရုဖေး:"......."

' မင်းတို့က တအား အထိမခံဖြစ်နေပါလား...အာ... '

ချီယွီက မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး :"ဟုတ်တယ်...ရာသီဥတုက အတော်လေးကောင်းတာပဲ"

သူ၏လူပုံသဏ္ဌာန်မှာ အမှန်ပင် အေးစက်မနေချေ။ထို့အစား သူ၏လုံးဝိုင်းနေသည့် ကြောင်မျက်လုံးတစ်စုံက တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်ချစ်စရာကောင်းနေ၏။သို့သော်ငြား သွေးနံ့ကြွယ်ဝနေသည်က သူ့အား ချစ်စရာမကောင်း ဖြစ်စေသည်။အထူးသဖြင့် သူ၏အကြည့်က လူအပေါ်ကျသွားပါက ခဏလေးအတွင်း ကြောက်ရွံ့မှုကိုခံစားရပြီး အသတ်ခံလိုက်ရပေလိမ့်မည်။

လင်းရုဖေးက ဤခံစားချက်အား ရုတ်သိမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။

"ဒါဆို...ခင်ဗျား ဘယ်အချိန်မှ ပြန်ဖို့ စီစဥ်ထားတာလဲ"

ချီယွီမှာ ဒရယ်သားအား ပျော်ပျော်ရွှင်ရွှင် တတိတိစားနေဆဲဖြစ်သော ပေါက်စလေးအား ကြည့်လိုက်ရင်း အေးစက်စွာဆိုလိုက်သည်။

"ဒါက အရူးလေး ပုံမှန်ဖြစ်သွားတဲ့အခါပေါ့"

လင်းရုဖေးက ဆို၏။

"ကြောင်ပေါက်လေးက...."

သူက ဤပေါက်စလေးအား သူ့ခေါင်းထဲတွင် "ကြောင်ပေါက်လေး"ဟု တစ်ချိန်လုံး ခေါ်နေခဲ့ပြီးဖြစ်သည်။

သို့သော်ငြား ချီယွီက သူ့အားကြည့်လာသည့်အခါ သူက မသင့်လျော်မှန်း နားလည်လိုက်သဖြင့် သူ့စကားများအား အမြန်ပြောင်းလိုက်ပြီး:"ခင်ဗျားသားနာမည်က ဘာလဲ"

ချီယွီက ဖြေသည်။ "ငါသူ့ကို နာမည်မပေးရသေးဘူး"

လင်းရုဖေးက ဆိုသည်။ "ခင်ဗျား အခုပေးလိုက်လို့ရပါတယ်"

ချီယွီက ဟမ့်ခနဲမြည်ကာ:"ငါသူ့ကို နာမည်မပေးရသေးရင်တောင်မှ သူက 'ကြောင်ပေါက်လေးမဟုတ်ဘူး' "

လင်းရုဖေးက ဤစကားလုံးများအား ကြားပြီးသည်တွင် အသက်ရှူကျပ်လုနီးနီးဖြစ်သွားရလေသည်။

ပေါက်စလေးက အမှန်ပင် အလွန်ဆာလောင်နေပြီဖြစ်ကာ ပြည့်အင်သွားအောင်ပင်စားလိုက်၏။ထို့နောက် ယင်းလေးက လင်းရုဖေးလက်မောင်းထဲသို့ ထပ်ပြီးလျှောက်လာကာ သူ၏ဗိုက်ဖောင်းဖောင်းလေးအား ပုတ်ပြလာသည်။သူ၏အမွေးထူသည့် ကျောဘက်နှင့်မတူကာ ပေါက်စလေး၏ဗိုက်တွင် အမွေးနည်းနည်းလေးသာရှိကာ ထိလို့ကောင်းသည်ဟု ခံစားရမည့် ပန်းရောင်အရေပြားလေးရှိသည်။သို့သော်ငြား လင်းရုဖေးမှာ ထပ်မထိရဲချေ။အမှန်တွင်ဖြင့် ယင်းလေး၏မိဘဖြစ်သူက သူ့ဘေးတွင် ရပ်နေဆဲဖြစ်ကာ သူ့မျက်နှာမူရာကလည်း ကောင်းမနေချေ။

“ရော့...."

လင်းရုဖေးက ကြောင်ပေါက်လေးအား ဖြေးဖြေးလေး မချီလိုက်ကာ ချီယွီထံပြန်ပေးလိုက်သည်။

ချီယွီက ယင်းလေးအား စိတ်တိုနေသည်ဆိုသော မျက်နှာထားဖြင့်ယူလိုက်သော်ငြား ကြောင်ပေါက်လေးအား သူ့အင်္ကျီအိတ်ထဲသို့ အလွန့်အလွန် ညင်ညင်သာသာထည့်လိုက်ဆဲပင်။ကံဆိုးစွာနှင့် ကြောင်ပေါက်လေးက အလွန်ပင် ကျေးဇူးမသိတတ်ချေ။ယင်းလေးက စတင်မြည်တမ်းပြီး အော်ငိုလာကာ သူ့လက်ထဲမှလွတ်မြောက်ရန်ကြိုးစား၍ လင်းရုဖေးဆီသွားရန်ပြင်သည်။

လင်းရုဖေးက မမြင်ချင်ယောင်ဆောင်ရုံသာ တတ်နိုင်လေသည်။

ချီယွီက ပေါက်စအား အစာကျွေးပြီးပြီဖြစ်တာကြောင့် လှည့်ထွက်သွားလေ၏။သူ့နောက်ကျောက အလွန်ရက်စက်စွာဖြင့် တစ်ယောက်တည်း သက်ပြင်းချကျန်နေခဲ့သည့် လင်းရုဖေးအား ချန်ထားခဲ့လေသည်။

"ဘာလို့ ဒီယဲ့မော့မိသားစုက ကြောင်တစ်ကောင်နဲ့အရမ်း တူရတာလဲ...ချီယွီ..ချီယွီ..နားကြားမှားသွားရင် ငါးကိုစားခြင်း[4]လို့တောင် ထွက်မိနိုင်တယ်"

ကုရွှမ်းတုက ဤသည်အား ကြားသော် ဝက်ဝက်ကွဲရယ်မောလာပြီး လင်းရုဖေးအား ယဲ့မော့မျာရှေ့၌ "ကြောင်"ဆိုသည့်စကားလုံးအား မပြောရန်နှင့် သူတို့က ဤစကားလုံးအား အလွန်အထိမခံဖြစ်တတ်ကြောင်း ဆိုလာ၏။

“ဒါက ကြောင်ပေါက်လေးရဲ့အဖေလား...ကျွန်တော်ဘာလို့.သူ့အမေကို မမြင်ခဲ့တာလဲ"

အပြန်လမ်းတွင် လင်းရုဖေးက ကုရွှမ်းတုနှင့် စတင်ပြီးစကားစမြည်ပြောလာသည်။

ကုရွှမ်းတုက ယဲ့မော့များတွင် ကလေးမွေးရန် တစ်ယောက်သာလိုအပ်ကြောင်းပြောလာမည်အား မည်သူသိမည်နည်း။အထီးဖြစ်စေ အမဖြစ်စေ ..တစ်ယောက်သာ လိုအပ်သည်။

လင်းရုဖေးမှာ အံ့အားသင့်သွားရသည်။သူက အထီးနှင့်အမခွဲရန် မလိုအပ်ဘူးလားဟု မေးလိုက်၏။

“မေးခွန်းကောင်းပဲ...ကိုယ်လည်းမေးဖူးတယ်"

ကုရွှမ်းတုက ပြန်ဖြေသည်။

"ကိုယ်မေးခဲ့ဖူးတဲ့သူက အနှောင့်အယှက်ဖြစ်လွန်းလို့ ကုတ်ရာနှစ်ချက် ပေးလုနီးနီးပဲ"

လင်းရုဖေး:"......"

“ယဲ့မော့မိစ္ဆာက သန်မာရင်တောင် သူတို့က တကယ်ကို အရေအတွက်နည်းပြီး ပုအယ်တိုက်ကြီးတစ်ခုလုံးမှာ နှစ်ရာထက်မပိုဘူး"

ကုရွှမ်းတုက ရှင်းပြသည်။

"ဒါကြောင့် သူတို့မျိုးနွယ်တူကိုရှာဖို့ဆိုတာ မလွယ်ကူဘူး...ဒါကြောင့် သူတို့က ပြောင်းလဲခဲ့ကြတယ်..ကျင့်ကြံခြင်းအဆင့်က လုံလုံလောက်လောက်မြင့်နေသရွေ့ သူတို့က ဥ,ဥနိုင်တယ်"

လင်းရုဖေးက ကုရွှမ်းတု၏ရှင်းပြချက်အား နားထောင်ရင်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

သူက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

"အကြီးအကဲ....ခင်ဗျားမနေ့က ကျွန်တော့ကိုပြောတာ အားဆေးကောင်းကောင်းယူပေးမလို့ဆို....ဒါက ခင်ဗျားပြောခဲ့တဲ့ဟာလို့ မပြောနဲ့နော်"

ကုရွှမ်းတုက ရယ်မောလိုက်ရင်း:"ကိုယ်က နောက်နေတာပါ"

လင်းရုဖေးက ဆိုသည်။

"ဒါက တကယ်ကို အတော်လေး ရယ်ရတာပဲ...."

ထို့နောက် လေးနက်သည့်အကြည့်နှင့် သူက ဤအကြောင်းအရာအား အနာဂတ်တွင် ကုရွှမ်းတုနှင့် ဆက်မပြောရန်ဆုံးဖြတ်လိုက်သည်။သူက ပြင်းပြင်းထန်ထန် အန္တရာယ်တချို့ ကိုခံစားလိုက်ရ၍ပင်။

တတိယမြောက်နေ့တွင် လင်းရုဖေးက ဟယ့်မိသားစုမှ ထွက်ခွာရန် ရည်ရွယ်ထားလေသည်။

ပြောင်းဖူးသကြားလုံးဗိုက်ဝအောင် စားဖူးသည့် မိန်းမငယ်လေး ယွီရွေ့က သကြားလုံးကိုရော သူမအား ထိုအရာပေးသည့်လူကိုရော ထားမသွားနိုင်ချေ။လင်းရုဖေးက လာမည့်ဓါးသိုင်းပြိုင်ပွဲရောက်ပါက ဟယ့်ဝမ်ရှန်းက ခွန်းလွန်သို့ ဟယ့်ရှဲ့ယိနှင့်အတူလာဖို့ သတိရရန်နှင့် ခန်းဝင်လက်ဆောင်များပါ တစ်ပါတည်းယူလာရန် မမေ့ဖို့ ဟယ့်ဝမ်ရှန်းအား စနောက်ပြောဆိုလိုက်သည်။

ဟယ့်ဝမ်ရှန်းက ပွင့်ပွင့်လင်းလင်းပင် ပြုံးပြကာ ဟုတ်ကဲ့ပါ ဟု ခေါင်းညိမ့်ပြလိုက်သဖြင့် ယွီရွေ့အား ဖူဟွားလက်မောင်းထဲတွင် ရှက်ကိုးရှက်ကန်းဖြင့် နစ်မြုပ်သွားစေ၏။

သို့သော်ငြား ဟယ့်ရှဲ့ယိ၏ ဤအစ်ကိုငတုံးကမူ နားလည်ဟန်မတူ:"ဘာ ခန်းဝင်လက်ဆောင်လဲ...အာ...ဘယ်သူလက်ထပ်တော့မလို့လဲ"

လင်းရုဖေးက သူ၏သွင်ပြင်အား ကြည့်ကာ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

သူ့နှလုံးသားထဲတွင် တွေးလိုက်သည်က : ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မြင့် တစ်ယောက်တည်းဖြစ်နေတာ အံ့သြစရာမရှိတော့ဘူး...တစ်ချို့အရာတွေက မွေးရာပါဆိုတော့...အာ...။

ရထားလုံးက ဟယ့်မိသားစုမှနေ လမ်းမကြီးဆီထွက်လာသော်ငြား ရုံးတော်လမ်းမကြီးသို့ ဝင်ပြီးနောက် မကြာမီပင် လင်းရုဖေးမှာ ရထားလုံးခေါင်မိုးထက်မှ ဒုတ်ခနဲ အသံအား ကြားလိုက်ရသည်။ယင်းက လေးလံသည့်အရာတစ်ခုခုပြုတ်ကျလာသည့်ပုံပင်။ရထားလုံးမောင်းနေသည့် ဖူဟွားက ရုတ်တရက်တုံ့သွားကာ ရထားလုံးအား တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ရပ်လိုက်ရသည်။သူမက ရထားလုံးခေါင်မိုးဆီသို့ ခေါင်းလှည့်ကြည့်မည်အလုပ် ရထားလုံးအရှေ့တွင် ထိုင်နေသည့် အနက်ရောင်နှင့်လူအား တွေ့လိုက်ရသည်။သွေးနီရောင်မျက်လုံးတစ်စုံက သူမအား မကောင်းသည့်ရည်ရွယ်ချက်နှင့် စိုက်ကြည့်နေ၏။ဤအကြည့်က ဖူဟွား၏ကိုယ်ရှိအမွေးများအားလုံး ထောင်သွားစေကာ သူမစကားမပြောနိုင်မီပင် လင်းရုဖေးက သွယ်လျသည့် လက်တစ်စုံဖြင့် ရထားလုံးလိုက်ကာအား မလာသည်ကို တွေ့လိုက်ရသည်။

ကူကယ်ရာမဲ့နေသည့်မျက်နှာနှင့် သူကဆိုသည်။

"အပြင်မှာပူတယ်...အထဲလာပြီး စကားပြောပါ"

“ဟမ့်..."ထိုလူက တိုက်ရိုက်ပင် အရိပ်တသွယ်​အလျင်ဖြင့် ရထားလုံးထဲသို့ ဝင်လာ၏။

လင်းရုဖေးမှာ ယွီရွေ့လုပ်ပေးထားသည့် အထဲတွင် ပျားရည်ကြည်ကြည်လေးနှင့် ဇီးသီးဖျော်ရည်အား သောက်နေ၏။အချိုနှင့် အချဥ်စိမ်ထားသည့် ဇီးသီးများက နှင်းဖြူရောင်ဖျော်ရည်အား ဆွဲဆောင်မှုရှိသည့် အနီရောင်အဖြစ် အရောင်ဆိုးသွားကာ အချိုအချဥ်နံ့လေးက အပူအချို့ကိုသက်သာစေသည်။

ထိုသို့စိုက်ကြည့်ခံရခြင်းက လင်းရုဖေးအား နောက်တစ်ကျိုက်သောက်ရန် ခက်ခဲစေသဖြင့် သူက မေးလိုက်သည်။

"ခင်ဗျား...တစ်ခုခုစားချင်လား"

လင်းရုဖေး၏ရည်ရွယ်ချက်ကောင်းတို့ဖြင့် ကမ်းလှမ်းမှုက ချီယွီထံမှ သံသယအပြည့်ဖြင့်အကြည့်ကိုသာပြန်ရလိုက်၏။

"မင်း အဲ့ဒီထဲ အဆိပ်တော့မခပ်ထားဘူးမလား"

လင်းရုဖေး"....."

ဤမိစ္ဆာအားလုံးက ထိုသို့ တည့်တိုးပြောတတ်ကြသည်လား..။

လင်းရုဖေး၏အကူအညီမဲ့နေသည့် မျက်နှာသွင်ပြင်အား မြင်ပြီးနောက် ချီယွီမှာ ထပ်ပြီး ဟမ့် ခနဲလုပ်လာသည်။သူက ဖျော်ရည်အားယူလိုက်ပြီး ခဏလေးအတွင်းမှာပင် အပြီးသတ်ပစ်လိုက်၏။

စားသောက်ပြီးနောက် သူက မေးပင့်လိုက်ပြီး အေးစက်စက်လေသံဖြင့်ဆိုလာသည်။

"မင်း ငါ့ကိုအဆိပ်ခတ်ထားရင်တာင် ငါက မကြောက်ဘူး...ဟမ့်"

လင်းရုဖေးမှာ ထိုသူနှင့်ချရန်မှာလည်း ရာသီဥတုက ပူလွန်းလှ​သဖြင့် ယွီရွေ့အား နောက်ထပ်တစ်ပန်းကန်လုပ်ရန်အချက်ပြသည့်အနေနှင့် ပင်ပန်းစွာ လက်သာယမ်းပြလိုက်သည်။

ယွီရွေ့က ဤမမျှော်လင့်ထားသည့် ဧည့်သည်ကြောင့် အငိုက်ဖမ်းမိသွားကာ ငေးကြောင်နေပြီးမှ တီးတိုးပြောလာသည်။

"ကုန်းဇီ...ဒါ...ဘယ်သူလဲ"

လင်းရုဖေးက သူ့မျက်နှာကိုအုပ်ကာ စကားတစ်ခွန်းပြောထွက်ဖို့အရေး အချိန်အတော်ကြာစဥ်းစားလိုက်ရသည်။

"ဒါ..ငါသိတဲ့ ကောင်ငယ်လေးရဲ့ အဖေပါ"

ယွီရွေ့က မေးလာသည်။ "ကောင်ငယ်လေး ဟုတ်လား ဘယ်ကကောင်ငယ်လေးလဲ"

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ရင်း:"အင်း...ကလေးတစ်ယောက်"

ယွီရွေ့က ဗလာဖြစ်သွားကာ:"ဒါဖြင့် သူက ဘာလို့ လင်းကုန်းဇီကို လာရှာရတာလဲ"

ချီယွီက အေးစက်စက်နှင့် စကားစကိုဖြတ်တောက်ပစ်လိုက်သည်။

"ဘာလို့ဆို..မင်းရဲ့ကုန်းဇီက ငါ့သားကိုလှည့်စားခဲ့လို့ပဲ"

ယွီရွေ့:"..."

ချီယွီက ဆိုလာ၏။

"ငါ့သားက သူ့ကိုအဖေလို့ခေါ်ဖို့ လှည့်စားခဲ့တာ"

ယွီရွေ့:"......"


_____


Translated By IQ-Team.

[ ဘေဘီဖေးဖေး ရဲ့ ငါလူး မှာ အမေအိုကြီးတစ်ယောက် သူ့သားလေးအရွယ်ရောက်လာတာကိုမြင်လိုက်ရသလို ခံစားလိုက်ရတယ် 😊 ]