Chapter 134
ယဲ့မော့၏သား
"မင်းတို့လူသားတွေ...ငါ့သားကိုခိုးသွားတယ် ငါ့သားကို အဖေမှားအောင်လုပ်တယ် ငါစိတ်ကိုယ်လွတ် လူတွေမသတ်တာက မင်းတို့ဟယ့်မိသားစုကို မျက်နှာသာပေးနေတာပဲ"
သူကထိုသို့ပြောနေရင်းမှ အဖျားနားတွင် အသံကိုတိုးဖျော့၍ဖိပြောလာသည်။
"သူ...သူကတော့ သေရမယ်"
ထိုစကားများထွက်ကျလာပြီးပြီးချင်း သူ့ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်အရှိန်အဝါက ချက်ချင်းပင်မြင့်တက်သွားသည်။သူ့ကိုယ်ပတ်ပတ်လည်တွင် မီးတောက်များက ဒေါသတကြီးဖြင့်အလျှံတညိးညီးတောက်လောင်နေတာကြောင့် သူ့၀န်းကျင်တစ်၀ိုက်ရှိ အရာရာတိုင်းအား လောင်ကျွမ်းလုနီးပါးပင်။
ဟယ့်ရှဲ့ယိက ခေါင်းကိုက်နေသည့်ပုံပင်။သူက အခြားသူအား ဖျောင်းဖျမယ်ကြံသေး ယဲ့မော့အကြီးစားက သူ့လက်ထဲရှိ ဓါးရှည်နက်နက်ကြီးအား ချက်ချင်းပင် ပြန်၍ ပင့်မြောက်လိုက်ပြန်သည်။
လင်းရုဖေးမှာ သူ၏သစ်သားဒိုင်းကာနှင့် ထိုသူ့ဓားအားထိတ်တိုက်ဆုံစေလုနီးနီးတွင် ကုရွှမ်းတုက သူ့လက်လေးအား အသာဖိ၍ ဆိုလာ၏။
"မင်းရဲ့ဓါးကို သုံးလိုက်ပါ"
လင်းရုဖေးမှာ တစ်ခဏမျှအေးခဲသွားသော်လည်း ဘာကြောင့်မှန်းမသိ သူက ကုရွှမ်းတုရဲ့စကားကို လိမ်လိမ်မာမာလေး နားထောင်လိုက်သည်။သူက သစ်သားဒိုင်းကာအား ချကာ သူ့ခါးတွင်ချိတ်ထားသော မမြင်ရတာကြာပြီဖြစ်သည့် ကုယွီအား ဆွဲထုတ်လိုက်တော့သည်။
ကုယွီမှာ လင်းရုဖေးနောက် စလိုက်ကတည်းက သွေးဖြင့်လုံး၀မထိတွေ့ရချေ။ယခုတွင်မူ သူ့အစွမ်းအား ကိုယ်ဟန်ပြသရန် အခွင့်အရေးရလာပြီဖြစ်၍ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ဓားမှာ ဓားအိမ်မှကျွတ်ထွက်သွားသည်နှင့် စူးစူးရှရှဖြင့်တဝီဝီမြည်လာတော့သည်။လင်းရုဖေးမှာ ထိုသူနှင့်ထိတ်တိုက်တွေ့ရန် ဓါးအားပင့်မြောက်လိုက်ချန်တွင် လွဲယမ်းတော့မတတ်ဖြစ်နေသည့် ယဲ့မော့က ရုတ်တရက်ဆိုသလို လမ်းတစ်ဝက်တွင် တုတ်တုတ်ပင်မလှုပ်လာတော့ဘဲ သူ့အား သံသယံအကြည့်ဖြင့်ကြည့်နေလေ၏။
“မင်း ဒီဓါးကို ဘယ်ကရခဲ့တာလဲ" ယဲ့မော့က မေးလာသည်။
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်ပါ"
“လက်ဆောင်.."
ယဲ့မော့က ဆက်၍ဆိုလာ၏။
"ဘယ်မိတ်ဆွေလဲ..မင်း ဘယ်အချိန်က ရခဲ့တာလဲ..မင်းနာမည်က ဘာလဲ"
သူက တစ်ခုပြီးတစ်ခုဆက်တိုက်မေးလာပြီး သူ့အသံက အနည်းငယ် စိတ်မရှည်နေဟန်ရှိသည်။
လင်းရုဖေးမှာ မူးမေ့မတတ်ဖြစ်သွားသော်လည်း မည်သို့ပင်ဖြစ်စေ ထုံးစံမပျက် သူ့ကိုယ်သူအား ယဥ်ကျေးစွာ မိတ်ဆက်လိုက်ဆဲပင်။ သူက သူသည် ခွန်းလွန်တောင်ရှိ လင်းမိသားစု၏စတုတ္ထမြောက်သား လင်းရုဖေးဖြစ်ကြောင်း၊ မိတ်ဆွေဆိုသည့်သူမှာ သူ ရှီးလျန့်တောင်တန်းပေါ်ကိုဖြတ်တုန်းက မတော်တဆတွေ့ဆုံခဲ့ရသူတစ်ဦးရှိခဲ့ကြောင်း........ အစရှိ၍ အမှန်တစ်၀က်၊ အမှားတစ်၀က်ဖြင့် ရောယောင်ဖြေပေးလိုက်သည်။
“မတော်တဆ တွေ့ဆုံခဲ့တဲ့သူ...သူက ဘယ်လိုမျိုးလဲ..သူဘယ်လိုဝတ်ထားတာလဲ" ယဲ့မော့က ထပ်မေးပြန်၏။
လင်းရုဖေးမှာ ကုရွှမ်းတုအား မျက်လုံးထောင့်ကပ်၍ အသာကြည့်လိုက်ပြီးမှ အလေးအနက်ထားဖြေလိုက်သည်။
"သူက အရမ်းကိုချောမောခန့်ညားတဲ့မျက်နှာနဲ့ မွေးလာတဲ့သူပဲ...ပြီးတော့ သူကအနီရောင်ဝတ်စုံဝတ်ထားတယ်"
သူက ခဏရပ်လိုက်ပြီးမှ အတော်အတန် အဖြေရှာမရဖြစ်နေသဖြင့်မေးလိုက်မိသည်။
"ခင်ဗျား ဘာလို့ဒါကို မေးတာလဲ"
ယဲ့မော့က တစ်ခဏမျှတိတ်ဆိတ်နေ၏။
သူက လင်းရုဖေးလက်ထဲရှိဓါးအား ကြည့်လိုက်ရင်းမှ တီးတိုး ဆိုလာ၏။
"ထားလိုက်တော့..."
ထိုသို့ဆိုပြီးသည်နှင့် သူက သူ့ဘေးနားရှိစပ်စုမှုအပြည့်ဖြင့်ကြည့်နေသော ကြောင်ပေါက်လေးကို ကောက်ချီကာ လှည့်ထွက်သွားတော့သည်။
လင်းရုဖေးမှာ အတွေးပင်လယ်ဝေနေဆဲပင်။
ယဲ့မော့က ပြန်လှည့်လာပြီး"မင်း ဒီဓါးပိုင်ရှင်ကို သိလား"
လင်းရုဖေးမှာ ယဲ့မော့၏စကားများမှ တစ်ခုခုမူမမှန်သည်အားသတိပြုမိသွားသည်။
ယဲ့မော့က ဆိုလာ၏။ "မင်း မသိဘူးလား"
လင်းရုဖေးက ခေါင်းခါပြသည်။
“အဲ့ဒါက...ထူးဆန်းတယ်"
ယဲ့မော့က အေးအေးစက်စက်ဖြင့် ထပ်ပြောလာသည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဓားကို သုံးနေပြီး မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူကို မသိဘူးတဲ့လား"
“ဘာကြီး!"
“ဘာကြီး!"
ဟယ့်ရှဲ့ယိနှင့် လင်းရုဖေးတို့နှစ်ဦးသားမှာ အံ့အားသင့်သွားသဖြင့် တစ်ချိန်တည်းမှာပင် ပြိုင်တူဆိုမိလိုက်သည်။နှစ်ဦးသားမှာ စကားအတူတူဆိုမိကြရုံသာမက သူတို့မျက်နှာထက်၌လည်း တူညီသည့် အံ့သြမှုကိုခံစားနေရကြောင်း ရှင်းရှင်းလင်းလင်းရေးပြထားလေ၏။
"ဒါက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဓားလား"
ယဲ့မော့မိစ္ဆာက မျက်လုံးများ မှေးကျဥ်းလိုက်သည်။
သူ့အကြည့်က လင်းရုဖေးနှင့်ဟယ့်ရှဲ့ယိတို့အား သုံးသပ်နေသည့်ဟန်:"ဒါဆို မင်းက ဘယ်သူ့ဓားကိုသုံးနေမိမှန်းတောင် မသိဘူးပေါ့လေ..."
“ဒါက ဘယ်လိုများ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဓား ဖြစ်နိုင်မှာတဲ့လဲ"
ဟယ့်ရှဲ့ယိက ဆက်၍ ဆိုသည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူပျောက်နေတာ နှစ်ပေါင်းရာချီတောင် ရှိတော့မယ်..."
“ဒါက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဓားကွ"
ယဲ့မော့က နှာခေါင်းတစ်ချက်ရှုံ့၍ပြန်တုံ့ပြန်၏။
"ငါသူ့ကိုလွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက တစ်ကြိမ်မြင်ဖူးတယ်"
ထိုအချိန်တုန်းကဆို သူက အရွယ်မရောက်သေးသည့် မိစ္ဆာငယ်လေးဘ၀ပင် ရှိသေးသည်။သူက ဘုရင့်မြို့တော်ထဲသို့ အနီရောင်ဝတ်ဆုံဖြင့်လူက ရုတ်တရက်ဝင်တိုက်ပြီး မိစ္ဆာအားလုံး၏ဘုရင်အား ခေါင်းဖြတ်သတ်ပစ်လိုက်သည့် ထိုလူ၏ပုံစံအား မျက်၀ါးထင်ထင်မြင်တွေ့ဖူးလေ၏။သူ့နောက်ကျောရှိ ဓားသေတ္တာကြီးကြီးမှာလည်း စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေဆဲပင်။
သူက ထိုမြင်ကွင်းကို ဘယ်တော့မှမေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။
ကောင်းကင်ဘုံအုပ်ချုပ်သူမှာ သိုသိုဝှက်ဝှက်နေပြီး ဆန်းကြယ်သည့်ပုဂ္ဂိုလ်ပင်။ကျန်းဟူတစ်ခွင်တွင် သူနှင့်ပတ်သတ်သည့် ကောလဟာလများက မရေမတွက်နိုင်အောင်ရှိ၏။ယဲ့မော့က ထိုကောလဟာလများကို မယုံကြည်ဘဲ သူ့ကိုယ်ပိုင်မျက်စိဖြင့်မြင်ရသည်ကိုသာ ယုံကြည်ပေ၏။သူက ကောင်းကင်ဘုံအုပ်ချုပ်သူမှာ အထဲတွင်အနည်းဆုံး ဓားနှစ်ဆယ့်လေးချောင်းရှိသည့် ဓါးသေတ္တာအကြီးကြီးအား သယ်ထားသည်ကို သူ့မျက်စိနှင့်ကိုယ်တိုင်တွေ့ခဲ့ရသည်။လင်းရုဖေးလက်ထဲရှိ ဤတစ်ချောင်းဟာဖြင့် ထိုသေတ္တာထဲမှတစ်ခုပင်။
"မင်းတွေ့ခဲ့တဲ့အဲ့ဒီလူက လင်းကုန်းဇီ...ကောင်းကင်ဘုံအုပ်ချုပ်သူများ ဖြစ်နိုင်မလား..."
ဟယ့်ရှဲ့ယိက ပြောမပြနိုင်အောင် စိတ်လှုပ်ရှားနေ၏။
လင်းရုဖေးက သူ့ဘေးတွင်တိတ်တိတ်လေး ရပ်နေသည့် ကုရွှမ်းတုအား မျက်လုံးထောင့်ကပ်၍ကြည့်လိုက်ပြီးမှ ရေရွတ်လိုက်သည်။
"ဒီဟာ...ကျွန်တော် မသိဘူးရယ်..."
ယဲ့မော့က ဆိုသည်။
"မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့မိတ်ဆွေတွေဆိုတော့ ငါမင်းကို မျက်နှာသာပေးရတော့မှာပဲ"
သူက မေးအားပင့်လိုက်ရင်း အနည်းငယ်ဂုဏ်မောက်နေဟန်ဖြင့် ကြေညာလာ၏။
"ဒါပေမယ့် ဒုတိယအကြိမ်သာဆို မင်းနောက်မှာရှိတဲ့မြို့ထဲက လူတွေအကုန် အသက်ရှင်လျက်ရှိကြတော့မှာမဟုတ်ဘူးဆိုတာ ငါသေချာပြောရဲတယ်"
ကံဆိုးစွာနှင့် သူ့လက်ထဲရှိကြောင်ပေါက်လေးက သူ့အဖေအား အမှန်ပင် မျက်နှာသာမပေးခဲ့ချေ။ယင်းလေးက မရပ်မနားအော်ငိုနေပြီး ယဲ့မော့မိစ္ဆာ၏လက်ထဲမှ ချိုးဖောက်လွတ်မြောက်နိုင်ရန်အတင်းကြိုးစားရုန်းကန်နေကာ လင်းရုဖေးထံ သူ့ခြေသေးသေးလေးများကို ဆန့်တန်းပေးလာ၏။ယဲ့မော့မှာ သူ ငိုနေတာကြောင့် သက်ပြင်းအသာချမိပြီး လက်မြောက်ကာ ကြောင်ပေါက်လေး၏ ဇက်ပိုးအားပွတ်သပ်ပေးလိုက်သည်။ကြောင်ပေါက်လေး၏မျက်လုံးများမှာပြူးကျယ်သွားပြီး နေရာမှာပင် တောင့်ခဲသွားတော့သည်။
ယဲ့မော့က စိတ်မရှည်စွာဖြင့် ကြောင်ပေါက်လေး၏နားရွက်အား ကိုက်လိုက်ပြီး:"အရူးလေး...တော်လိုက်တော့"
သူ့အဖေရင်းဆီမှ အကိုက်ခံလိုက်ရသည့် ကြောင်ပေါက်လေးက နှစ်ကြိမ် မြည်တွန်လာ၏။အဆုံးတွင်ဖြင့် ယင်းလေးက လင်းရုဖေးအား တွန့်ဆုတ်တွန့်ဆုတ်ကြည့်နေဆဲပင်။
ယဲ့မော့မိစ္ဆာမှာ သူကယခုအချိန်တွင်လူသားပုံစံရှိနေသေးဆဲဆိုသည်အား မေ့ကာ ကြောင်ပေါက်လေးအား ပါးစပ်မှချီရန် ကြိုးစားနေဟန်ရှိ၏။သူက ထိုဟာလေးအား နှုတ်ခမ်းထဲထည့်လိုက်မှသာ ယခုလက်ရှိသူ့ပုံစံမှာ ထိုသို့လုပ်ရန် မသင့်လျော်ကြောင်း နားလည်သွား၍ မပျော်ရွှင်စွာဖြင့် "ဟမ့်"ခနဲနှာမှုတ်ကာ မူလပုံစံသို့ ပြောင်းလိုက်လေ၏။
ယဲ့မော့အကြီးစားမှာ နှင်းဖြူရောင် သားမွေးများရှိကာ သူ၏သွင်ပြင်က ကျားသစ်ကြီးကြီးတစ်ကောင်နှင့် အတော်ဆင်သည်။သို့သော်ငြား သားမွေးများက ရှည်လျားပျော့ပြောင်းလွန်းနေ၍ သူ့သဏ္ဌာန်က ပို၍ယဥ်ပါးဟန်ပေါက်နေသည်။သူ့ကိုယ်ထည်မှာ အလွန်ကြီးမားပြီး ဟယ့်ရှဲ့ယိထက်ပင် အလွန်မြင့်မားလေသည်။သူ၏ပါးစပ်ကိုဟလိုက်ရင်း ရုန်းကန်နေဆဲဖြစ်သည့် ကြောင်ပေါက်လေးကို ကိုက်ချီလိုက်ပြီးနောက် သူ့ခြေထောက်အောက်တွင် တိမ်လွှာမည်းမည်းတစ်ခု ထွက်လာပြီး သူ့ပုံရိပ်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
လင်းရုဖေးနှင့် ဟယ့်ရှဲ့ယိတို့မှာ ထိုနေရာ၌ပင် ရပ်နေဆဲဖြစ်သည်။နှစ်ဦးသားမှာ ယဲ့မော့ပြောသွားသည့် သတင်းကြောင့် စိတ်တုန်လှုပ်နေကြပြီး မေ့ပျောက်သွားရန် တစ်ခဏကြာအချိန်ယူလိုက်ရသည်။
“ပြန်ကြစို့" လင်းရုဖေးက အကြံပြုလိုက်သည်။
“အင်း...သွားကြတာပေါ့" ဟယ့်ရှဲ့ယိက သဘောတူဟန် ခေါင်းညိမ့်ပြလိုက်သည်။
အပြန်လမ်းတွင် ရထားလုံးအတွင်းလေထုမှာ အလွန်တိတ်ဆိတ်နေပြီး ဟယ့်ရှဲ့ယိရှိနေသည့်အတွက် လင်းရုဖေးမှာ ကုရွှမ်းတုအား မည်သည်မျှမပြောနိုင်ချေ။အခန်းဆီသို့ ခက်ခက်ခဲခဲရောက်လာပြီးသည့်နောက်တွင် လင်းရုဖေးက ပြတင်းပေါက်နှင့်တံခါးတို့အား အမြန်ပြေးပိတ်ချေသည်။ ထို့နောက် သူက ကုရွှမ်းတုအရှေ့၌ မျက်နှာတည်တည်နှင့် ထိုင်လိုက်လေ၏။
"အကြီးအကဲ"ဤ"အကြီးအကဲ"ဟူသည့် အသံမှာ အနည်းငယ် ပိုပိုသာသာဖြစ်နေသဖြင့် ကုရွှမ်းတုမှာ ရယ်ချင်လာသည်။
သူက မေးထောက်လိုက်ပြီး လင်းရုဖေးအားကြည့်ရန် ခေါင်းစောင်းလိုက်ကာ:"ဘာဖြစ်လို့လဲ"
“ခင်ဗျားက ကောင်းကင်ဘုံအုပ်ချုပ်သူလား"
အတွေးများက သူ့ခေါင်းထဲသို့ ယခင်က ဝင်လာခဲ့ဖူးသော်ငြား လင်းရုဖေးမှာ ရယ်စရာကောင်းလွန်းသည်ဟု ခံစားရဆဲပင်။သမိုင်းစာအုပ်ထဲတွင်သာ တည်ရှိနေသည့် ကောင်းကင်ဘုံအုပ်ချုပ်သူဆိုသည့် ဇာတ်ကောင်က ဘာကြောင့်များ သူ့နောက်လိုက်ပြီး သူ့အားဓါးသိုင်းသင်ပေးရုံသာမက သူ့ဓါးတောင်မှပေးလိုက်ပါသတုန်း။
ကုရွှမ်းတုက ပြန်ဖြေလာသည်။
"ဟုတ်လည်းဟုတ်တယ်...မဟုတ်လည်းမဟုတ်ဘူး"
လင်းရုဖေးမှာ မျက်မှောင်ကြုတ်လိုက်မိပြီး:"ခင်ဗျားကဘာကို ဆိုလိုချင်တာလဲ"
ကုရွှမ်းတုက ဆိုလာ၏။
"ခုနက ပြောသလိုမျိုးလေ"
သူ၏ သဘောထားက ထူးမခြားနားပုံပေါ်ကာ သူ၏တည်ငြိမ်နေသည့်ပုံစံကလည်း လင်းရုဖေး၏ပုံစံအတိုင်း မာကျောနေသည်။
"ကိုယ်ဟုတ်လား..မဟုတ်ဘူးလားက အရေးကြီးလို့လား"
လင်းရုဖေးက ဖြေလိုက်သည်။
"သေချာပေါက် အရေးကြီးတာပေါ့"
ကုရွှမ်းတုက မေးသည်။
"ဘာလို့ အရမ်းအရေးကြီးနေရတာလဲ"
လင်းရုဖေးမှာ ဖြေဆိုရန် ပါးစပ်ဟလိုက်သော်ငြား စကားလုံးများက သူ့နှုတ်ဖျားထံရောက်လာသောအခါတွင်မူ သူအမှန်ပင် မေးခွန်းအားဖြေနိုင်ခြင်းမရှိ၍ အေးခဲသွားရသည်။သူ့အတွက်က ကောင်းကင်ဘုံအုပ်ချုပ်သူဆိုသည်မှာ မထိတွေ့နိုင်သည့် ဒဏ္ဌာရီလာတစ်ယောက်သာ ဖြစ်ပြီး ဒဏ္ဌာရီက စစ်မှန်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့အပေါ်သက်ရောက်မှုမရှိချေ။
“တွေ့လား..မင်းမဖြေနိုင်ဘူးမလား"
ကုရွှမ်းတုက စကားစဖြတ်လိုက်ကာ:"ဒါဆို..ကိုယ်က ကောင်းကင်ဘုံအုပ်ချုပ်သူဆိုရင်ရော ဘာဖြစ်သွားမလဲ..အဲ့ဒါလေးကြောင့် ပြောင်းလဲသွားမှာမရှိဘူးလေ"
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး:"မဟုတ်ဘူးလေ..အဲ့ဒီလိုက မဟုတ်သေးဘူးလေ"
“ဒါက အဲ့ဒီလိုပါပဲ"
ကုရွှမ်းတုက ဆက်၍ဆိုသည်။
" 'ကောင်းကင်ဘုံအုပ်ချုပ်သူ' ဆိုတဲ့ နာမည်က ကမ္ဘာပေါ်က လူတွေလက်ခံထားကြတာလေ..ဒါပေမယ့် ကမ္ဘာကြီးက ကျယ်ပြောတယ်...ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ နဂိုနာမည်ကို မှတ်မိတဲ့သူတစ်ယောက်ယောက်တော့ ရှိသေးလား...ရှောင်ကျို့ကရော ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ နာမည်က ဘာဆိုတာ သိလား"
လင်းရုဖေးမှာ နှုတ်ဆိတ်သွားရသည်။သူက အမှန်ပင် မသိကာ တကယ်တမ်းတွင် လူတိုင်းက သူ့အား ကောင်းကင်ဘုံအုပ်ချုပ်သူဟုသာ ရိုးရိုးရှင်းရှင်းခေါ်ကြသော်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူ၏ယခင်နာမည်အား စင်စစ်တွင် မည်သူမှမသိကြပေ။
လင်းရုဖေးက တီးတိုး ရေရွတ်လိုက်သည်။ "တောင်းပန်ပါတယ်"
ကုရွှမ်းတုက သူ၏လက်အားယမ်းလိုက်ကာ ထပ်ရယ်လာ၏။
“အကြီးအကဲ...ခင်ဗျားဘယ်လိုများ ဒီလိုဖြစ်လာခဲ့တာလဲ"
လင်းရုဖေးမှာ တွန့်တွန့်ဆုတ်ဆုတ်ဖြင့်မေးလိုက်မိ၏။
"ခင်ဗျား တစ်ယောက်ယောက်ကြောင့် ဒဏ်ရာရသွားခဲ့တာလား"
“မဟုတ်ပါဘူး"
ကုရွှမ်းတုက ပြန်ဖြေသည်။
"ကံဆိုးသွားတာ...ဟင်းလင်းပြင်ကနေ တက်တဲ့အခါမှာ မိုးကြိုးအပြစ်ဒဏ်ကို ကိုယ်မခံနိုင်ခဲ့ဘူး...ဒါကြောင့် မိုးကြိုးအပြစ်ဒဏ်က ကိုယ့်ဝိဥာဥ်ကို ကွဲသွားစေခဲ့တယ်"
စကားလုံးများမှာ ပေါ့ပေါ့ပါးပါးပင် ပြောနေသော်ငြား လင်းရုဖေးမှာ နားထောင်နေရင်း မျက်မှောင်ကြုတ်မိချေ၏။
လင်းရုဖေးက မေးခွန်းထုတ်လာသည်။
"မိုးကြိုးပြစ်ဒဏ်ကြောင့်ပဲလား"
“အင်း..." ကုရွှမ်းတုက ပြန်ဖြေ၏။
လင်းရုဖေးမှာ အလုံးစုံမယုံကြည်သေးပေ။သူက လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဟယ့်မိသားစု၏ရှုယွီသစ်ပင်အား လဲကျသွားစဥ် အမြစ်ထဲတွင်မြုပ်နှံထားသည့် သေတ္တာအား အမှတ်ရသွားလေ၏။ထိုသေတ္တာထဲတွင် သာမန်ပစ္စည်းများမဟုတ်သည့် အရိုးဖြူများ ရှိနေသည်။ကုရွှမ်းတုသာ မိုးကြိုးအပြစ်ဒဏ်ကြောင့် သေသွားမည်ဆိုပါက သူ့ဝိဥာဥ်က ယခုလို စကားပြောဆိုကာ လူကောင်အလတ်ကြီးအားလည်း မူလအတိုင်းထိန်းထားနိုင်မည်မဟုတ်ချေ။ထို့အပြင် သူက မည်သို့များ ကြောက်စရာကောင်းသည့်အရိုးများအထိနက်သည့် ဒဏ်ရာကြီးအားချန်ထားနိုင်မည်နည်း။ ဆိုရလျှင် ကုရွှမ်းတုက ဤကိစ္စအပေါ် အမှုထားချင်ပုံမပေါ်၍ ကျော်သွားရန် ဆင်ခြေတစ်ခုရှာလိုက်ပုံပင်။လင်းရုဖေးက နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မည်သည်မှ ထပ်မပြောတော့ချေ။
ကုရွှမ်းတုမှာ ယဲ့မော့မိစ္ဆာက ကုယွီအား သတိထားမိသွားမည်ဟု မမျှော်လင့်ထားချေ။သူသာ ကြိုသိထားပါက သူ၏ရှောင်ကျို့လေးအား သစ်သားဒိုင်းအကာကိုပင် ဆက်သုံးခိုင်းမည်ဖြစ်သည်။ထိုနှစ်က ကောင်းကင်ဘုံအုပ်ချုပ်သူ၏ ဓါးသေတ္တာတွင် ဓါးနှစ်ဆယ့်လေးချောင်းပါ၏...လီချွင်[2]မှ တာ့ဟန်အထိပင်။
[ t/n: ကျွန်တော်ထင်တာက နောက်ဆုံးစာကြောင်းက ဓါးနာမည်တွေပြောချင်တာပေါ့နော် ဘာလို့ဆို "တာ့ဟန်"လို့ပြောထားတယ်..သို့ပေမယ့် အဲ့ဒီလိုမဟုတ်ရင် စာကြောင်းကိုရိုးရိုးဘာသာပြန်လိုက်တော့"နွေဦးအစမှဆောင်းတွင်းအဆုံးထိ"လို့ အဓိပ္ပာယ်ရပါတယ် ]
ထို့ပြင် ဓါးသေတ္တာအသေး၌ ချွင်ချိုးတစ်ချောင်းပါသေး၏။
[ t/n:ထပ်လာပြီ..ယူဆရတာတော့ ဓါးနာမည်ပါပဲ..တခြားလိုဆို "နွေဦးမှစ ဆောင်းဦးထိ တာဝန်ထမ်းဆောင်သည်"လို့ အဓိပ္ပါယ်ရပါတယ် ]
ကုရွှမ်းတုမှာ မှတ်ဥာဏ်ရထားရှည်ကြီးသို့ အတွေးနက်သွားမိသည်။သူက အရာများစွာအား တဖြည်းဖြည်း မှတ်မိလာကာ လူများစွာကိုလည်း မှတ်မိလာသည်။သူက ဤသည်မှာ အရိုးခြောက်များ၏နောက်ဆက်တွဲကြောင့် ဖြစ်သည်မှန်းသိသော်ငြား သူမေ့သွားခဲ့သည့် လူများနှင့် အရာများစွာက သူ့ခေါင်းထဲပြန်ဝင်လာသည်။
အခန်းထဲရှိလေထုမှာ ပုံမှန်ထက် တိတ်ဆိတ်နေသည်။လင်းရုဖေးက သူ၏လက်ဖက်ရည်အေးအေးလေးအား ငုံထားပြီး သူ့လက်ထဲရှိကုယွီ၏ ဓါးရိုးကို ယုယုယယပွတ်သတ်ပေးနေသည်။သူ့ဘေးရှိ ကုရွှမ်းတုက တိတ်ဆိတ်စွာ ဘေးတိုက်ထိုင်နေပြီး တာ့ကျင့်၏ဗိမာန်တော်တွင် မြင်ဖူးသည့် ရုပ်ပွားတော်ကဲ့သို့ အေးစက်စက် ကြည့်နေလေ၏။
_____
Translated By IQ-Team.