အပိုင်း ၁၃၀
Viewers 37k

Chapter 130


ဟယ့်ကျိထျန်း၏စကားလုံးများမှာ အမှန်ပင်စစ်မှန်သော်ငြား လင်းရုဖေး၏ခန့်မှန်းချက်သာ မှန်ပါက ဘာကြောင့်များ အရိုးညမ်းမှာ ကျိုးသွားလေရသနည်း...လင်းရုဖေးမှာအတွေးနစ်နေမိသည်။

လင်းရုဖေးက မည်သည်မှတုံ့ပြန်ပြောဆိုလာခြင်းမရှိသည်အား တွေ့ရသော် ဟယ့်ကျိထျန်းက သူ့အားတိုက်တွန်းမနေတော့ကာ အရသာစုံခေါက်ဆွဲနှပ်ကိုသာ ပျော်ပျော်ကြီး ဆက်စားနေလိုက်သည်။သူ့ရဲ့အစာစားချင်စိတ်မှာ အင်မတန်ကောင်းမွန်ကာ သူခေါက်ဆွဲစားနေသည့်ပုံမှာလည်း ဘေးရှိလူတွေကိုပါကူးစက်ပြီးအလွန်စားသောက်ချင်စိတ်တို့ဖြစ်ပေါ်စေသည်။ လင်းရုဖေးတစ်ယောက်ဘေးမှထိုင်ကြည့်နေတာကိုပင် ဟယ့်ကျိထျန်းက နည်းနည်းလေးမျှ ရှက်ရွံ့မနေချေ။

သူက ပါးစပ်အားသုတ်လိုက်ရင်း မေးလာသည်။

"လင်းကုန်းဇီ..မင်းလည်းတစ်ပန်းကန်လောက် စားချင်လား"

လင်းရုဖေးက ပြန်လည်ဖြေကြားလိုက်သည်။

"တော်ပါပြီ...ကျွန်တော် အခုတင် စားခဲ့ပြီးပြီ"

“ဟုတ်ပြီလေ....အရသာခံဖို့ ပွဲသေးလေးတစ်ပွဲလောက် စားကြည့်လိုက်ပါလား..."

ဟယ့်ကျိထျန်းက ဆို၏။

"ဒါက ငါ့ဇနီးရဲ့လက်ရာလေ...အရသာအရမ်းကောင်းတယ်"

လင်းရုဖေးက တုံ့ဆိုင်းသွားကာ:"ဒါဆို...ပွဲသေးလေးတစ်ပွဲလောက်ပါပဲ.."

ဟယ့်ကျိထျန်းက ပြုံးလိုက်ကာ လင်းရုဖေးအား ပွဲသေးတစ်ပွဲပြင်ပေးရန် သူ၏ဇနီးကို လက်ယပ်ခေါ်လိုက်သည်။

ထိုသို့ဖြင့် နှစ်ဦးသား အတူတကွ ခေါက်ဆွဲစားကြတော့လေသည်။

ဟယ့်ကျိထျန်းမှာ လင်းရုဖေးက ဘာကြောင့်များ ကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်းနှင့် သေတ္တာထဲရှိအရာတို့အကြောင်းကိုစကားဆိုလာသဖြင့် ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် မည်သို့မည်ပုံများဆက်စပ်နေသနည်းဟုမေးလာသည်။ သို့သော်ငြား လင်းရုဖေးက ဆက်စပ်နေသလားဆိုတာတော့ သူလည်းသေချာမသိကြောင်း မေးခွန်းတွေကိုမသဲမကွဲဖြေလိုက်ပြီး ဟယ့်ကျိထျန်းအား ဘာကြောင့်များသေတ္တာကို သူ့ထံပေးရန်သတိရသွားတာလဲဟု မေးလိုက်မိသည်။

ဟယ့်ကျိထျန်းက ဤသည်မှာ ဘိုးဘေးတွေမှာကြားခဲ့ခြင်းသာဖြစ်ကြောင်းဆိုလာသည်။ဟယ့်မိသားစုဘိုးဘေးက ရွှီယွိသစ်ပင်မှ သံရွှေရောင်သစ်ကြားသီးရာနှင့်ချီသီးလာတဲ့အချ်န်တွင် သူက သစ်ပင်ကိုခုတ်လှဲရမည်ဖြစ်ကာ ရွှီယွိသစ်ပင်အောက်ရှိ အရာကိုတူးဖော်၍ ထိုလူအား ပေးရမည်ဖြစ်ကြောင်း ​မှာကြားခဲ့သည်။သူက ထိုလူမှာ လင်းရုဖေးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ရုံတင်။

လင်းရုဖေးရင်ထဲတွင်မူ ထိုလူက သူမဟုတ်ဘဲ လူတိုင်းမမြင်နိုင်သည့် ကုရွှမ်းတုသာ ဖြစ်လိမ့်မည်ဟုတွေးမိချေ၏။

သို့သော်ငြား အနှီအရသာစုံခေါက်ဆွဲနှပ်က အရသာအလွန်ကောင်းလှသည်။ခေါက်ဆွဲသားက လျှာပေါ်စိမ့်ဝင်သွားကာ စွပ်ပြုတ်အနှစ်ကလည်း အရသာ ကြွယ်ဝလွန်းသည်။လင်းရုဖေးယခင်က စားဖူးသည့် ခေါက်ဆွဲများနှင့်ယှဥ်သော် အလွန်ကွဲပြားလေသည်။ ဟယ့်ကျိထျန်း၏အလျင်တိုင်း လိုက်ပါနေသည့် လင်းရုဖေးသည်လည်း တစ်ဇွန်းပြီးတစ်ဇွန်းအနည်းငယ်စီစားမိသွားသည်။သူက ဟယ့်ကျိထျန်းဆီမှ တချို့အရာများအား ထပ်မံမေးမြန်းစပ်စုရန်ပြင်လိုက်ချိန်တွင် ဆူဆူညံညံအသံတစ်ခုကိုတံခါးအပြင်မှကြားလိုက်ရ၏။

ဟယ့်ကျိထျန်း၏မျက်နှာသွင်ပြင်မှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားလေသည်။လင်းရုဖေး မနေ့ကတွေ့ခဲ့သည့်လူက တံခါးဖွင့်၍အတင်းအကြပ်ဝင်လာချိန်တွင် သူက ထရပ်ကာ ပန်းကန်ကိုသိမ်းလိုက်ပြီးဖြစ်သည်။

ထိုသူက ပြေးချင်နေသော်လည်း ပြေးချိန်မရဖြစ်သွားသည့် ဟယ့်ကျိထျန်းအား ဆွဲကာ အမောတကောပြောလာသည်။

"ဟယ့်မိသားစုခေါင်းဆောင်...နောက်ဆုံးတော့ ကျွန်တော့်ကို တွေ့ဖို့ဆန္ဒရှိနေပြီပေါ့.."

ဤလူမှာ မနေ့က ဟယ့်ကျိထျန်းအား တွေ့ချင်နေခဲ့သော်လည်း အစေခံမှ အတားခံလိုက်ရသည့်သူနှင့် တစ်ယောက်တည်းပင်။သူက ယနေ့တွင်လည်း ထပ်ရောက်လာရုံသာမက အမှန်ပင် အတင်းဝင်ချလာမည်ဟု မည်သူမျှမမျှော်လင့်ထားချေ။

ဟယ့်ကျိထျန်းက အစေခံအား ရက်ရက်စက်စက်စိုက်ကြည့်လိုက်သဖြင့်အစေခံက တုန်လှုပ်စွာ ပြောလာသည်။

"ကျွန်တော်...သူအထဲကို တိုးဝင်လာရဲမယ်လို့ မထင်ခဲ့မိတာပါ..."

“ဟယ့်မိသားစုခေါင်းဆောင် ..ဒါက ဘာကိုဆိုလိုချင်တာလဲ"

ထိုလူက ဒေါသတကြီး​အော်ဟစ်၏။

"ခင်ဗျား ကျွန်တော်တို့ကို ထပ်ပြီးဂရုမစိုက်ချင်တော့တာလား...အဲ့ဒီမိစ္ဆာက လူတွေကို ဆက်စားနေတုန်းလေ..."

ဟယ့်ကျိထျန်းက ဖြေသည်။

"ငါ ထပ်ပြီးဂရုမစိုက်တော့ဘူးလို့ ဘယ်သူပြောလဲ...ဟယ့်မိသားစုရဲ့ ထိခိုက်သွားတဲ့တပည့်တွေကလည်း အိပ်ရာထဲလှဲနေတုန်း...မင်း သူတို့ကိုကြည့်ဖို့ ငါ့ကိုခေါ်သွားပေးစေချင်လား..."

ထိုလူက ဆက်ပြော၏။

"သူတို့ထိခိုက်သွားတာက သူတို့သိုင်းပညာကို ကောင်းကောင်းမသင်ယူလို့လေ..ခင်ဗျား ဒါလေးကြောင့်နဲ့ ကျွန်တော်တို့ကို ချန်ထားခဲ့လို့မရနိုင်ဘူး..သိပြီလား"

ဟယ့်ကျိထျန်းက ပြောလိုက်သည်။

"မတတ်နိုင်တော့ဘူး...မတတ်နိုင်တော့ဘူး.."

သူက လက်ယမ်းပြလိုက်ကာ:"အခု မိစ္ဆာက စွမ်းအားကြီးလွန်းတယ်...ဘယ်သူက သူ့ကို တိုက်နိုင်မှာလဲ"

သူက ကြောက်ရွံ့သည့်ပုံလုပ်နေသော်လည်း လူတိုင်းက သူ့အသံနေအသံထားမှတဆင့် ပြက်ရယ်ပြုနေမှန်း အတိုင်းသားသိနိုင်၏။

ထိုလူ၏မျက်နှာမှာ တောင့်တင်းသွားကာ မုန်းတီးစွာ ဆိုလာသည်။

"ဟယ့်မိသားစုခေါင်းဆောင်...ခင်ဗျား ရက်စက်လှချည်လား..အဲ့ဒီမိစ္ဆာက အပြစ်မဲ့တဲ့လမ်းသွားလမ်းလာတွေကို အများကြီးစားပြီးနေပြီ...."

“အပြစ်မဲ့တဲ့ လမ်းသွားလမ်းလာ...ဟုတ်လား...ဟမ့်..."

ဟယ့်ကျိထျန်းက ပြန်လည် ထေ့ငေါ့လိုက်ပြီး:"ငါပြောမယ်.. တောက်ဓမ္မကိုယ်တော်ချန် တခြားလူတွေမသိတာနဲ့...ငါမသိသေးဘူးလို့ မင်းထင်နေတာလား...သူက လူတွေကိုစားခဲ့တယ်...ဒါပေမယ့် သူက အပြစ်မဲ့လမ်းသွားလမ်းလာအချို့ကို မစားခဲ့ဘူး"

ဟယ့်ကျိထျန်း၏ စကားကိုကြားသောအခါ တောက်ဓမ္မကိုယ်တော်ချန်ဆိုသည့် ဧည့်သည်မှာ တောင့်ခဲသွားသည်။

“ မင်း တမင်သက်သက် သတင်းတွေကြီးအောင်လုပ်နေတာ...အုန်းအုန်းကြွကြွဖြစ်အောင် လုပ်ချင်နေတာလား"

ဟယ့်ကျိထျန်းက ပျင်းရိငြီးငွေ့နေဟန်ဟန် လက်ယမ်းပြလိုက်ကာ "ငါတို့ဟယ့်မိသားစုက မင်းလိုတိုင်းသုံးရအောင် မင်းအပိုင်မဟုတ်ဘူး...ငါမင်းကို ဒီရက်တွေမှာ မတွေ့ခဲ့တာက ငါမင်းကိုမျက်နှာသာပေးချင်သေးလို့ပဲ...အရှက်မမဲ့ချင်စမ်းပါနဲ့..."

“ခင်ဗျား ခင်ဗျား....."

တောက်ဓမ္မကိုယ်တော်ချန်၏မျက်နှာမှာ မည်းမှောင်သွားသည်။သူက ဟယ့်ကျိထျန်းတစ်ယောက် သူ့မျက်နှာအား ရုတ်တရက်ကြီး ဆုတ်ဖြဲလာလိမ့်မည်လို့[3]မမျှော်လင့်ထားချေ။

“ဒါပေမယ့်..မင်းငါတို့ကို ကူညီစေချင်ရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး..."

တောက်ဓမ္မကိုယ်တော်ချန်က သူ့မျက်နှာအဖတ်ပြန်မဆည်နိုင်တော့ဘူးဟု တွေးမိချိန်တွင် ဟယ့်ကျိထျန်းက သူ့စကားများအား ပြန်လည်ပြောင်းလဲပေးလိုက်သည်။

“ခင်ဗျားဘာလိုချင်လို့လဲ"တောက်ဓမ္မကိုယ်တော်ချန်က မေးသည်။

“မင်း ငါလိုချင်တာ မသိဘူးလား"

ဟယ့်ကျိထျန်းက မချိုမချဥ်ပြုးလျက်ဆက်ပြော၏။

"တကယ်တမ်း...အဲ့ဒါကြောင့် မိစ္ဆာတွေထွက်သွားဖို့ ငြင်းဆန်နေကြတာ..."

တောက်ဓမ္မကိုယ်တော်ချန်က သီးမတတ်ဖြစ်သွားပြီး:"ခင်ဗျား...ခင်ဗျား...ဘာပြောနေမှန်း ကျွန်တော်မသိဘူး..."

ဟယ့်မိသားစုခေါင်းဆောင်က စိတ်ပျက်သွားဟန် လက်ယမ်းပြလိုက်ရင်း:"ဖူထွမ်...ဧည့်သည်ကို ပြန်ပို့ပေးလိုက်တော့"

ဖူထွမ်ဟုခေါ်သည့် အစေခံက ရုတ်တရက်ပင် အခေါ်ခံလိုက်ရသဖြင့် သူ့ အင်္ကျီလက်အား ပင့်တင်လိုက်ပြီး ဤတောက်ဓမ္မကိုယ်တော်အား လိုက်ပို့ရန်ပြင်လိုက်သည်။

တောက်ဓမ္မကိုယ်တော်ချန်က ဖူထွမ်၏အရှိန်အဝါကြောင့် အမြန်ပင်ဆိုလိုက်ရသည်။

"ဟေ့..ဟေ့..ဟေ့..မိသားစုခေါင်းဆောင်...အလျင်မလိုပါနဲ့...ကျွန်တော်တို့ ညှိုနှိုင်းလို့ရသေးတယ်လေ...အာ"

"ညှိနှိုင်းစရာ ဘာမှမရှိဘူး...ပစ္စည်းလွှဲပေးလာမလား...ချက်ချင်းထွက်သွားမလား"ဟယ့်ကျိထျန်းက ​အေးစက်စက် ဆိုလိုက်သည်။

“လွှဲ...လွှဲပေးတာက ဖြစ်နိုင်ပါတယ်..."

တောက်ဓမ္မကိုယ်တော်ချန်က အံကြိတ်လိုက်ပြီး : "တစ်ခုပဲ...ခင်ဗျား အဲ့ဒီအရာကို အဆုံးသတ်ပေးမယ်ဆိုတဲ့ ကတိကိုပေးရမယ်..."

ဟယ့်ကျိထျန်းက ဖြေသည်။

"ဒါက ရပါတယ်"

တောက်ဓမ္မချန်က ဆိုလိုက်သည်။

"ဒါဆို ကျွန်တော် အဲ့တာကို နေ့လည်ကျရင် ဒီကို ယူလာခဲ့ပေးမယ်...ခင်ဗျားစကားသာ ခင်ဗျားတည်ပါစေ"

ဟယ့်ကျိထျန်းက ဆို၏။

"ငါတို့ဟယ့်မိသားစုက အမြဲတမ်း ငါတို့စကားတည်တယ်"

တောက်ဓမ္မကိုယ်တော်ချန်က "ဟမ့်"ခနဲအသံထွက်လိုက်ရင်း လှည့်ထွက်သွားတော့သည်။ ဟယ့်ကျိထျန်းက တောက်ဓမ္မကိုယ်တော်ချန်၏မပျော်မရွှင်နောက်ကျောအား ပျောက်ကွယ်သွားသည်အထိကြည့်နေပြီးမှ မြေပြင်ဆီသို့ တံတွေးပြွတ်ခနဲထွေးလိုက်သည်။

"ဘယ်လို သောက်ချီးတောက်ဓမ္မကိုယ်တော်လဲ...အဲ့ဒါက သူစားလို့ရလို့လား...သူ့သွားတွေကျိုးသွားမှာမကြောက်ဘူးလား"

ထိုသို့ပြောပြီးသည်နှင့် သူက လင်းရုဖေးမှာ သူ့ဘေးတွင်ရှိနေဆဲမှန်း သတိရသွားသည်နှင့်သူမျက်နှာမှာ အလျင်အမြန်ပင် ကြင်ကြင်နာနာဖြင့်သဘောမနောကောင်းသည့်အပြုံးသို့ကူးပြောင်းသွားပြီး "တူလေးလင်း...မလန့်သွားဘူးမလား...ဟင်..."

“မလန့်ပါဘူး..မလန့်ပါဘူး.."

လင်းရုဖေးက လက်ယမ်းပြလိုက်ပြီး သူက ထိုလောက်အထိမပျော့ညံ့ကြောင်းပြောကာ ဘာတွေများဖြစ်နေတာလဲဟု မေးလိုက်၏။

“ဟင်း....ဒါက ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့.."

ဟယ့်ကျိထျန်းက ဆက်၍ဆိုသည်။

"ဒါတွေအားလုံးက ရှိသင့်တာထက် ပိုလောဘကြီးလို့ ပြဿနာတတ်သွားစေခဲ့တဲ့ ဒီအရူးတောက်ဓမ္မကိုယ်တော်တွေကြောင့်ပဲ"

သူက အဖြစ်အပျက်အား အတိုချုံးပြောပြလာရာ လင်းရုဖေးမှာ ဖြစ်ပွားခဲ့သည်တို့အား အတိအကျသိသွားရလေ၏။

ယင်းက တောက်ဓမ္မကိုယ်တော်အုပ်စုတစ်ခုက မိစ္ဆာများပိုင်ဆိုင်သည့် အရာအချို့အား တစ်နေရာရာမှ ခိုးယူလာရာမှစသည်။မိစ္ဆာက တောက်ဓမ္မကိုယ်တော်များ နေထိုင်ရာ တောက်ဓမ္မဘုရားကျောင်းသို့ မဝင်နိုင်စေရန် လမ်းပိတ်ထားသဖြင့် အလျင်စလိုပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ပထမဦးစွာ တောက်ဓမ္မကိုယ်တော်ချန်က ဟယ့်မိသားစုအား အကူအညီတောင်းရန် လာသဖြင့် ဟယ့်မိသားစုကလည်း သိပ်အများကြီးမတွေးချေ။သူတို့က မိစ္ဆာမှာကျင့်ကြံခြင်းအဆင့်သုံးသာရှိသည်ဟု ဆိုလာသဖြင့် ပုံမှန်အတိုင်းပင် တပည့်တပန်းအနည်းငယ်အား ပို့ပေးလိုက်သည်။ဤတပည့်အနည်းငယ်က ပြန်လာသည့်အခါ ပြင်းပြင်းထန်ထန်ဒဏ်ရာရလာလိမ့်မည်လို့ မည်သူကထင်မည်နည်း။ သူတို့က အသက်ဆုံးရှုံးသွားခြင်းမရှိသော်ငြား အချိန်အတန်ကြာ ကုသရန်လိုအပ်နေဆဲပင်။ဤမတော်တဆပြီးနောက် ဟယ့်ကျိထျန်းက ဤကိစ္စနှင့်ပတ်သတ်ပြီး တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်တွင် သူ့မှာဤနွားထီးနှာခေါင်း[4]တောက်ဓမ္မကိုယ်တော်အုပ်စုကြောင့် အသက်ထွက်မတတ်ပင်ဖြစ်သွားရသည်။ ပွင့်ပွင့်လင်းလင်းပြောရပါက သူတို့ကအကျိုးအမြတ်အားလုံးကို ရယူသွားပြီး ဟယ့်မိသားစုကမူ သူတို့၏အရှုပ်အားရှင်းပေးနေရသည်။

ဟယ့်ကျိထျန်းက လူကြမ်းကြီးဖြစ်သော်ငြား ဦးနှောက်မရှိသူတစ်ယောက်တော့ မဟုတ်ပေ။လှည့်လည်စုံစမ်းပြီးသည့်နောက် မိစ္ဆာအုပ်စုက တောက်ဓမ္မကိုယ်တော်များကိုသာ တိုက်ခိုက်နေသည်ဖြစ်ကြောင်းသိလိုက်ရသဖြင့် လုပ်လက်ကိစ္စတွေကိုတို့လို့တန်းလန်းထားကာ စိုးရိမ်တကြီးဖြင့် ပြာလူးနေကြသော တောက်ဓမ္မကိုယ်တော်အုပ်စုကို ပြုံးပြုံးကြီးဖြင့်ထိုင်ကြည့်နေလိုက်သည်။တောက်ဓမ္မကိုယ်တော်များက ဟယ့်မိသားစုအား တတ်နိုင်သရွေ့လုပ်ဆောင်ပေးရန် တွန်းအားပေးရန်အလို့ငှာ လမ်းသွားလမ်းလာများအား မိစ္ဆာများတိုက်ခိုက်နေသည်ဟု ကောလဟာလများဖြန့်သဖြင့် လူအများက အခြေအနေကို သေချာမသိသော်ငြား ထိုလမ်းအားထပ်မသွားရဲတော့ချေ။

ဟယ့်ကျိထျန်း၏မျက်လုံးထဲတွင် သူက နည်းနည်းလေးမှအလောတကြီးဖြစ်နေမှုမျိုးမရှိချေ။မည်သည်တို့ဖြစ်နေပါစေ သူတို့ဟယ့်မိသားစုမှာ ကျောက်ဖျားတောင်တန်းတွင် နေသဖြင့် ထိုသူတို့ပြောသည့် တောင်တန်းအောက်မှကိစ္စတွေအား သောက်ဂရုစိုက်မနေတော့ပေ။ သူတို့ဆုံးဖြတ်ချက်အတိုင်း ခိုင်ခိုင်မြဲမြဲရပ်တည်နေလိုက်သည်။

လင်းရုဖေးမှာ နားထောင်ပြီးသည့်နောက် ဤတောက်ဓမ္မကိုယ်တော်အုပ်စုမှာ အတော်လေးလွန်သည်ဟု ခံစားမိလိုက်သည်။သို့ရာတွင် ဤမိစ္ဆာအုပ်စုက အလွန်အတင့်ရဲကြပေ၏။ဤသည်က ယောင်ကွမ်းတိုက်ကြီး၏ အလယ်ဗဟိုနယ်မြေဖြစ်ကာ မရေမတွက်နိုင်သည့် အားကောင်းသောကျင့်ကြံသူများရှိပေသည်။ဟယ့်မိသားစုက မလုပ်ဆောင်လျှင် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ယခုအခြေအနေမှာ ဖြေရှင်းပြီးဖြစ်သွားပေလိမ့်မည်။

“ဒါပေမယ့် တောက်ဓမ္မကိုယ်တော်တွေက ဘာတွေများ တကယ်ပဲယူလာကြတာလဲ"

လင်းရုဖေးက သိချင်စိတ်အပြည့်နှင့် မေးလိုက်မိ၏။

"ဒီလို မိစ္ဆာအုပ်စုလိုက်ကြီးကို ရူးရူးမူးမူးဖြစ်သွားစေအောင်အထိလေ..."

“ငါမသိဘူး..ဒါပေမယ့် ကောင်းတာတစ်ခုခုဖြစ်မှာတော့သေချာပေါက်ပဲ"

ဟယ့်ကျိထျန်းက မဲ့ပြုံးပြုံးလိုက်ပြီး : "လင်းကုန်းဇီမှာ လုပ်စရာမရှိရင် လာပြီးတော့ ပျော်စရာလေးတွေမှာ ပါဝင်ကြည့်ပမလား"

လင်းရုဖေးက ပြုံးလိုက်ပြီး ကောင်းပြီဟုဆိုလိုက်သည်။ အသက်ရှင်လာစဥ်တစ်လျှောက် ယခင်က မိစ္ဆာတစ်ကောင်အား သူ့မျက်စိဖြင့်နှဖူးတွေ့ဒူးတွေ့မမြင်ဖူးခဲ့ချေ။