Chapter 129
သေတ္တာရှိ အကြောင်းအရာများ
----------------------
ကုရွှမ်းတုက ဤသည်အားမြင်သော် ပြုံးလိုက်မိသည်။သူက လင်းရုဖေးအား နောက်မှအသာအယာပွေ့ဖက်လိုက်ရင်း လက်ကိုအုပ်ကိုင်လိုက်သည်။
"ရှောင်ကျို့ ...ကြောက်စရာဘာမှမရှိဘူး..ကိုယ်ဒီမှာရှိတယ်"
ကုရွှမ်းတုကိုယ်မှ အပူဓါတ်က သူ၏ပါးလွှာသည့်အဝတ်များအားဖြတ်ကာ လင်းရုဖေးကိုယ်ထံ ဖြန့်ကျက်လာ၏။ သူက စိတ်အေးအေးထားကာ သဘောတူသည့်အသံပြုလိုက်သည်။သူက ခဏအကြာကကဲ့သို့ ချောက်ချားနေဟန်မရှိတော့ကာ အသာလေးလက်ဆန့်လိုက်ပြီး အနီရောင်သေတ္တာပေါ်ရှိ ချိတ်အားမလိုက်သည်။အနီရောင်သေတ္တာက ချောက်ခနဲအသာမြည်ကာ ပွင့်သွားပြီး လင်းရုဖေးမှာ အတွင်းရှိအရာအား ရှင်းရှင်းလင်းလင်းမြင်သော် ကိုယ်ခန္ဓာတစ်ခုလုံးက နေရာမှာတင်တောင့်ခဲသွားမိချေသည်။
အနီရောင်သေတ္တာထဲတွင် ကျိုးနေသည့် အရိုးညမ်းတစ်ခု ရှိနေလေ၏။ထိပ်ဖျားတည့်တည့်တွင် ပျက်စီးနေသည့် အဖြူရောင်ဦးခေါင်းခွံတစ်ခုရှိနေသည်။ဦးခေါင်းခွံမှာ ဒဏ်ရာဒဏ်ချက်များစွာရှိနေပြီး ဦးခေါင်းခွံထိပ်တွင် ခေါင်းအားနှစ်ခြမ်းကွဲသွားလုနီးနီးဖြစ်စေသည့် ဒဏ်ရာနက်ကြီးတစ်ခုရှိနေ၏။ဦးခေါင်းခွံအောက်အားထောက်ကန်ထားသည့် အခြားသောအရိုးများမှာလည်း ကျိုးကျေနေပြီး အကောင်းပကတိအရိုးတစ်ခုလေးပင် ရှာမတွေ့ချေ။လင်းရုဖေးမှာ အရိုးညမ်းအပိုင်းပြတ်များအား စိုက်ကြည့်နေရင်း သူ့နှာခေါင်းမှာ ရုတ်တရက် ချဥ်ချဥ် စူးစူးခံစားမိလိုက်သည်[1]။ မျက်ရည်များ ကျဆင်းလာကာ အနည်းငယ်စိတ်ရှုပ်ထွေးနေမိ၏။ သူငိုနေမှန်းအချိန်တစ်ခုကြာသွားမှသာ သတိထားမိသွားသည်။
သူ့နောက်ရှိ ကုရွှမ်းတုက သူ့မျက်ရည်များအား သုတ်ပေးရန် လက်မြောက်လိုက်၏။
သူအသံထဲတွင် ကူကယ်ရာမဲ့နေကအတိုင်းသားပေါ်လွင်နေကာ : "ရှောင်ကျို့က ဘာလို့များ ငိုနေရတာလဲ"
လင်းရုဖေးက ဖြေလိုက်သည်။
"ကျွန်တော်....ကျွန်တော်မသိဘူး.....ဒီအတိုင်း ငိုချင်နေရုံလေးပဲ"
သူ့ရင်ထဲတွင် သူ့စကားလုံးများစွာဖြင့် မွန်းကြပ်နေကာ ရှင်းမပြနိုင်သည့် နာကျင်မှုတစ်ခုအား အလူးအလဲခံစားနေရသည်။
"အဲ့ဒါ တအား နာကျင်ခဲ့မှာပဲ"
“တကယ်တမ်း ထင်သလောက် မနာကျင်ပါဘူး"
ကုရွှမ်းတုက လင်းရုဖေးရဲ့ခေါင်းထိပ်လေးအား မေးဖြင့်ပွတ်လိုက်သည်။
ယင်းအပြုအမှုများက သူသည် လင်းရုဖေး၏ဝမ်းနည်းနေသည့်စိတ်ခံစားချက်တို့အား ပြေပျောက်ရန်ကြိုးစားနေသည့်နှယ် : "တကယ်ပါ...ကိုယ်မင်းကိုလိမ်နေတာ မဟုတ်ပါဘူး"
လင်းရုဖေးက ပို၍ပင်ဆို့နစ်လာမိသည်။
"ထပ်ပြီးမပြောပါနဲ့တော့"
ကုရွှမ်းတုက ထပ်ပြောချင်သေးပါသော်လည်း လင်းရုဖေးက သူ့အား အတင်းပိတ်ပင်လာသည်။
"ထပ်ပြီးမပြောပါနဲ့တော့...အဲ့ဒါက ဘယ်လိုလုပ်ပြီးမနာဘဲနေရမှာလဲ"
သူက အရိုးညမ်းပေါ်ရှိဒဏ်ရာအား ထိုးပြလိုက်ရင်း : " ဒီလိုမျိုးဒဏ်ရာကြီးတောင်ရထားတာလေ...ဘယ်လိုလုပ်ပြီး မနာဘဲနေနိုင်မှာတဲ့လဲ"
ကုရွှမ်းတုမှာ နှုတ်ဆိတ်နေ၏။
“ခင်ဗျားမှာ အတိအကျဘာတွေဖြစ်ခဲ့တာလဲ...ဒါကြီးနဲ့ ကျွန်တော်က ဘာလုပ်ရမှာလဲ"
လင်းရုဖေးက ထပ်မေးလိုက်သည်။
"အကြီးအကဲ...ဘယ်အခါကျမှများ ကျွန်တော့်ကို အမှန်အတိုင်း ပြောပြလာမှာလဲ"
ကုရွှမ်းတုမှာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၏။
လင်းရုဖေးမှာ ချက်ချင်းပင် အားအင်ကုန်ခန်းသွားရသည်။ သူက မျက်နှာအားအုပ်လိုက်ကာ စကားပြောနေသည်အား ရပ်လိုက်၏။သူက အမှန်ပင် ပူးပေါင်းပေးရန် ငြင်းဆိုနေသည့် ကုရွှမ်းတုနှင့်ပတ်သတ်၍ တစ်ခုခုမလုပ်ပေးနိုင်ချေ။သို့သော်ငြား ကုရွှမ်းတုမှာ ပြုံး၍သာနေနေသည်။သူက ခေါင်းလှည့်လိုက်ကာ လင်းရုဖေး၏နားဆီသို့ နှုတ်ခမ်းဖြင့်ဖွဖွထိလိုက်ရင်း နွေးထွေးသည့်လေသံနှင့် ဆိုလာသည်။
"ရှောင်ကျို့ရဲ့ ကူကယ်ရာမဲ့နေပုံလေးက တကယ်ကို အတိတ်ကိုသတိရစေမိတယ်..အား.."
သူက ပြောပြီးသည်နှင့် အနီရောင်သေတ္တာထဲရှိ အရိုးများအား လက်ချောင်းထိပ်လေးများဖြင့် ထိလိုက်သည်။ကုရွှမ်းတုထိလိုက်သည့် အရိုးများမှာ ရွှေရောင်အလင်းတန်းများအသွင်ပြောင်းသွားကာ သူ့ကိုယ်ပတ်လည်၌ တဝဲလည်လည်နေ၏။သူက မျက်လုံးမှိတ်လိုက်ရင်း အသက်ပြင်းပြင်းရှူထုတ်သည့် သူ့သွင်ပြင်က စိတ်သက်သာရာရသွားသည့်ဟန်ပင်။
လင်းရုဖေးက ဘေးနားမှ စောင့်ကြည့်နေသည်။ကုရွှမ်းတု၏အနီရောင်ဝတ်ရုံက ပိုပိုပြီးပြတ်သားလာကာ အသက်ဝင်လာလေ၏။ယင်းက ပန်းချီဖျော့ဖျော့အား ဆေးစက်ပိုမိုဖြည့်လိုက်သည့်နှယ်။
ထို့နောက်တွင် ကုရွှမ်းတုက သမ်းဝေလာရင်း လင်းရုဖေးအား အိပ်ချင်နေပြီလားဟု မေးလာသည်။
လင်းရုဖေးက ဆိုလိုက်သည်။
"မအိပ်ချင်ပါဘူး"
ကုရွှမ်းတုက ထပ်မေးလုက်သည်။
"ရှောင်ကျို့က ကိုယ့်ကိုစိတ်ဆိုးနေတာလား"
လင်းရုဖေးမျက်နှာက အေးစက်နေကာ မည်သည်မှမပြောချေ။
ကုရွှမ်းတုက ချော့မြူလိုက်သည်။
"ထပ်ပြီး စိတ်မဆိုးပါနဲ့တော့"
လင်းရုဖေး : "ကျွန်တော်စိတ်မဆိုးဘူးလို့ ပြောနေတယ်လေ"
သို့သော်ငြား ကုရွှမ်းတု၏ ရယ်မောသံမှာ တစ်စထက်တစ်စပိုမိုကျယ်ကျယ်လာသည်။
လင်းရုဖေးက သူရပ်မသွားခင်ထိ မျက်မှောင်ကြုတ်ကာစိုက်ကြည့်နေလိုက်သည်။
"မဟုတ်ဘူး..မဟုတ်ဘူး...မဟုတ်ဘူး..ရှောင်ကျို့က သိသိသာသာပဲစိတ်ဆိုးနေတာလေ..ကိုယ်ဘယ်လိုများရယ်ရက်နိုင်မှာလဲ"
ဤစကားတွေကို အရှက်မရှိပြောနေသော်ငြား သူ့မျက်လုံးထဲမှရယ်မြူးရိပ်များမှာ ဖျောက်ဖျက်မသွားချေ။
လင်းရုဖေးမှာ ဤကိစ္စနှင့်ပတ်သတ်ပြီး မည်သည်မျှမတတ်နိုင်မှန်း အားပျော့စွာခံစားလိုက်ရသည်။ အနှီကုရွှမ်းတုမှာ စကားကောင်းကောင်းပြောနေဟန်ရှိသော်ငြား အမှန်တွင်ဖြင့် သူ၏အရိုးများနည်းတူခေါင်းကလည်းအသေမာ၏။ အမြဲလိုလို သူများအပြောကို သူက ပျော်ရွှင်စွာဖြင့် သဘောတူဟန်ပြလင့်ကစား သူလိုချင်သည့်အရာကို လုပ်နေဆဲပင်။
ယခုအချိန်တွင် အမှန်ပင်နောက်ကျနေပြီဖြစ်ကာ လင်းရုဖေးသည်လည်း ပင်ပန်းနေချေပြီ။ သူက ကတိုက်ကရိုက် ဆေးကြောသန့်စက်လိုက်ပြီးနောက် အိပ်ရာဆီသို့ ဦးတည်သွားလိုက်သည်။သို့သော်ငြား သူက အတန်ကြာ လူးလိမ့်ရင်းလှည့်ပတ်နေမိကာ အိပ်မပျော်နိုင်ပေ။ သူ၏စိတ်အာရုံထဲတွင် ထိုသေတ္တာထဲရှိ ထိုအရိုးညမ်းသဏ္ဌာန်မှာ စွဲထင်နေ၏။ သူက ကုရွှမ်းတုအား မေးပါလျှင်လည်း ကုရွှမ်းတုကသူ့အားပြောပြလာမည်မဟုတ်မှန်းသိနေသည်။ သူ့စိတ်ထဲတွင် ထိုအတွေးတွေက ၀ဲဂယက်တစ်နှယ်မွှေနှောက်နေသဖြင့် အိပ်ပျော်ရန်အတော်လေးခက်ခဲနေစေ၏။
နောက်တစ်နေ့ကလည်း အလွန်ပူပြင်းသည့်တစ်နေ့တာဖြစ်နေဆဲပင်။လင်းရုဖေးက စောစောထကာ ဖူဟွားယူလာပေးသည့် မနက်စာအား နွမ်းနှယ်ချိနဲ့စွာဖြင့်စားလိုက်သည်။
ဖူဟွားက လင်းရုဖေးမှာ စိတ်မပါလက်မပါဖြစ်နေသည်အား တွေ့ရာ နေထိုင်မကောင်းဖြစ်နေသည်လားဟူ၍ မေးလာသည်။
လင်းရုဖေးက ခေါင်းခါပြကာ : "ပူလွန်းလို့ဖြစ်မယ်"
ဖူဟွားက ထောက်ခံလိုက်သည်။
"ရာသီဥတုက တော်တော်ပူလွန်းတယ်..ကျွန်မ ဟယ့်မိသားစုကိုသခင်လေးသောက်ဖို့ ပဲစေ့စွပ်ပြုတ်လုပ်ဖို့အတွက် ရေခဲနည်းနည်းတောင်းလိုက်ရမလား"
လင်းရုဖေးက ဆိုသည်။
"ငါ့မှာ ဘာမှသိပ်ပြီးစားချင်စိတ်ထွေထူးမရှိဘူး”
“သခင်လေးစားချင်စိတ်မရှိရင်တောင်မှ စားမှဖြစ်မှာပေါ့"
ဖူဟွားမှာ အလွန်စိတ်ပူနေမိပြီး : "သခင်လေးက ကျန်းမာရေးမကောင်းဘူးလေ...ဘယ်လိုလုပ်တစ်ခုမှမစားဘဲနေလို့ရမှာလဲ"
လင်းရုဖေးက စိတ်မဝင်စားသည့်ဟန်တုံ့ပြန်လာရာ ဖူဟွားမှာယင်းအားမြင်သည်နှင့် သက်ပြင်းသာချလိုက်မိသည်။
စားသောက်ပြီးနောက် လင်းရုဖေးက ဟယ့်ကျိထျန်းအားရှာရန် သွားလိုက်သည်။လမ်းတစ်လျှောက်လုံးတွင် ဟယ့်မိသားစုဝင်များရဲ့မျက်လုံးများမှာ သူ့အပေါ်၌သာရှိနေ၏။ဤအကြည့်အများစုက အလွန်ရှုပ်ရှုပ်ထွေးထွေးပင်..အချို့က သိချင်စိတ် အချို့က ပုံမှန်အတိုင်းရန်လိုစိတ်ရှိနေကာ လင်းရုဖေးကဖြင့် ရင်ထဲမထားချေ။လင်းရုဖေးက ဟယ့်ကျိထျန်းအား ရှာတွေ့ချိန်တွင် သူက မနက်စာစားနေဆဲဖြစ်သည်။ဟယ့်မိသားစုမနက်စာမှာ အတော်လေးဆန်းပြားပေ၏..ယင်းက အရသာစုံခေါက်ဆွဲနှပ်[2] ပွဲကြီးတစ်ပွဲဖြစ်လေသည်။ အရသာကောင်းမွန်ပုံပေါ်သော်ငြား ခေါက်ဆွဲဖတ်မှာ အတော်ကြီးလေ၏။ဟယ်ကျိထျန်းက လင်းရုဖေးလာသည်အား မြင်သော် နွေးထွေးစွာကြိုဆိုလာပြီး ထိုင်ရန်ပြောလာသည်။
လင်းရုဖေးက တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"ဟယ့်မိသားစုခေါင်းဆောင် ကျွန်တော် ခေါင်းဆောင်ကို သီးသန့်ပြောချင်တာလေးတွေရှိလို့ပါ"
"အိုး ....ဟုတ်ပြီလေ"
ဟယ့်ကျိထျန်းက လက်ယမ်းပြလိုက်သည့်အခါ သူ့ဘေးရှိမိသားစုဝင်များက နားလည်သည့်ဟန်ဖြင့် အားလုံးထွက်သွားပေးကြသည်။
လင်းရုဖေး : "ခေါင်းဆောင်မနေ့ညက ကျွန်တော့်ကိုပေးတဲ့ အနီရောင်သေတ္တာ...အဲ့ဒီပစ္စည်းက ဘယ်သူ့ဟာလဲဆိုတာ ဟယ့်မိသားစုခေါင်းဆောင်သိတယ်ဆိုရင် ဖြစ်နိုင်ရင် ကျွန်တော်လည်း သိချင်မိတယ်"
ဟယ့်ကျိထျန်းက ဆိုလာ၏။
"ဘာဖြစ်လို့လဲ...သေတ္တာထဲမှာ မကောင်းတာတစ်ခုမှမပါပါဘူး...ဟုတ်တယ်မို့လား"
လင်းရုဖေးက ခေါင်းခါပြလိုက်သည်။
“အိုး...."
ဟယ့်ကျိထျန်းက ဆိုလိုက်သည်။
"ဘိုးဘေးတွေမှာကြားတဲ့အထဲမှာတော့ အတိအကျတော့မရေးထားဘူး...ငါထင်မိတာကတော့ အနီရောင်သေတ္တာက ကောင်းကင်ဘုံအုပ်ချုပ်သူကနေ ချန်ထားခဲ့တာလို့လေ..."
“ဘာကို...ကောင်းကင်ဘုံအုပ်ချုပ်သူက ဒါကိုချန်ထားခဲ့တာလား.."လင်းရုဖေးမှာ အံ့သြသွားရသည်။
ဟယ့်ကျိထျန်းက ပြန်ဖြေလိုက်သည်။
"ဒါက ငါ့စိတ်ထဲက ခန့်မှန်းချက်ပဲ..ဘာလို့ဆို ရွှီယွိသစ်ပင်ကကောင်းကင်ဘုံအုပ်ချုပ်သူကိုယ်တိုင် ဟယ့်မိသားစုကို လက်ဆောင်ပေးခဲ့တာ..ဒါကြောင့်မို့လို့ ရွှီယွိသစ်ပင်အောက်မြုပ်ထားတဲ့အရာကလည်း ကောင်းကင်ဘုံအုပ်ချုပ်သူကိုယ်တိုင်ဆီကပဲ ဖြစ်ရမယ်လေ..."
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်မိသည်။
ဟယ့်ကျိထျန်း : "ဘာဖြစ်လို့လဲ"
လင်းရုဖေးမှာ ရုတ်တရက်ပင် တာ့ကျင့်ပြည်အတွင်း အနီရောင်ဝတ်ဆင်ထားသည့် မြောက်မြားစွာသော ကောင်းကင်ဘုံအုပ်ချုပ်သူ၏ရုပ်ထုများကို မှတ်မိသွားလေ၏။ ထိုအချိန်တုန်းက အတွေးတချို့သူ့စိတ်ထဲသို့ဖြတ်ဝင်လာသော်ငြား အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသဖြင့် သူကလျှော်ထားခဲ့လိုက်သည်။ သူ ဟယ့်မိသားစုထံရောက်လာပြီး ဤအခြေအနေအားကြုံတွေ့ရမှသာ ယင်းအတွေးများက သူ့စိတ်ထဲဆက်ဝင်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။ ယင်းက အလွန်မယုံနိုင်ဖွယ်ကောင်းသော်လည်း အဖြစ်မှန်ဟုအမြဲတစေခံစားနေရ၏။ .
“ဘာမှမဟုတ်ပါဘူး"
လင်းရုဖေးက အဆုံးတွင်တုံ့ဆိုင်းစွာဖြင့် မေးလိုက်မိသည်။
"အဲ့ဒီနောက်ပိုင်း ကောင်းကင်ဘုံအုပ်ချုပ်သူက ဘယ်ကိုအတိအကျသွားခဲ့တယ်ဆိုတာ မိသားစုခေါင်းဆောင်များသိသလားခင်ဗျ"
ဟယ့်ကျိထျန်းက သူမသိကြောင်း ခေါင်းခါပြလိုက်သည်။
လင်းရုဖေးမှာ အရှုံးပေးလိုက်ရုံသာ တတ်နိုင်၏။ကောင်းကင်ဘုံအုပ်ချုပ်သူ၏တည်ရှိမှုမှာ အမှန်ပင် ဆန်းကြယ်လှသည်။အများစုက အခိုင်အမာပြောကြသည်က သူသည် ကမ္ဘာလောကမှထွက်ခွာကာ အထက်ဘုံသို့တက်လှမ်းသွားပြီဟူ၍ပင်။ ထို့ကြောင့် ဟယ့်ကျိထျန်းမသိသည်က မထူးခြားချေ။
လင်းရုဖေးက ကျိုးနေသည့်အရိုးညမ်းအား အမှတ်ရကာ မေးလိုက်သည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူက...ဒဏ်ရာရဖူးသေးလား..."
“ဒဏ်ရာရတယ် ဟုတ်လား...ကောင်းကင်ဘုံအုပ်ချုပ်သူက ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ"
ဟယ့်ကျိထျန်းက လင်းရုဖေး၏မေးခွန်းအားကြားသော် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ရင်း : "ကောင်းကင်ဘုံအုပ်ချုပ်သူက ကျင့်ကြံခြင်းအဆင့်တစ်ဆယ်ရောက်နေပြီလေ...ကမ္ဘာပေါ်က ဘယ်သူကမှ သူ့ကိုထိခိုက်အောင်မလုပ်နိုင်တော့ဘူး..သူ ပုအယ်တိုက်ကြီးထဲကိုတစ်ယောက်တည်းဝင်သွားတုန်းကဆို မိစ္ဆာတွေရဲ့ဘုရင်ကို ခေါင်းဖြတ်သတ်ခဲ့တာ...အဲ့ဒီလိုလူမျိုးကို...ကမ္ဘာပေါ်က ဘယ်သူကများ ဒဏ်ရာရအောင်လုပ်နိုင်မှာတဲ့လဲ..."
စင်စစ်တွင် ဟယ့်ကျိထျန်း၏အဆိုမှာ ချဲ့ကားနေခြင်းမဟုတ်ချေ။ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကြီးမြတ်မှုအား ကမ္ဘာတစ်ဝန်းလုံးကြားသိရပြီး ကမ္ဘာပေါ်ရှိနေရာတိုင်းတွင် သူ၏လက်စလက်နများကျန်ရှိနေခဲ့သည်။ဤသည်မှာ တာ့ကျင့်နှင့် ဟယ့်မိသားစုသာမက ထိပ်တန်းကျင့်ကြံခြင်းမိသားစုတိုင်းနီးနီးမှာ ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် ခြွင်းချက်မရှိ အချိတ်အဆက်မိနေ၏။
____
Translated By IQ-Team.