Chapter 128
သေတ္တာရှိ အကြောင်းအရာများ
----------------------
လင်းရုဖေးအတွက် ကုရွှမ်းတုအားနည်းနေတယ်ဟု ခံစားမိရန်မှာ ရှားလှသည်။ သူက ဘာဆက်ဖြစ်မည်ဆိုသည်အား မသိသော်လည်း လင်းရုဖေးမှာ သူ့အားအလုံးစုံယုံကြည်လိုက်ရန်သာ ရွေးချယ်လိုက်ရသည်။ သူက နေရာမှာတင် တိတ်တဆိတ်ရပ်နေပြီး ကုရွှမ်းတုအား သူ့ကိုယ်တွင်မှီခွင့်ပေးထားလိုက်သည်။
ဟယ့်ကျိထျန်း၏လုပ်ဆောင်ချက်မှာ အလွန်မြန်ဆန်ကာ ကျွမ်းကျင်လေသည်။ မကြာမီ သူက ရွှီယွိသစ်ပင်၏အမြစ်အားလုံးအား တူးပြီးသွားချေပြီ။ ဟယ့်မိသားစုက ဤသည်ကိုမြင်သော် သူတို့ရင်ထဲတွင်ဆို့နစ်နေသော်ငြား သူ့အားတားရန်ရှေ့မထွက်ရဲကြချေ။ သူတို့က ဟယ့်ကျိထျန်းမှာ ရွှီယွိသစ်ပင်အား နည်းနည်းချင်း နည်းနည်းချင်းတူးထုတ်နေသည်ကိုသာ ကြည့်နေရလေသည်။ သို့စေကာမူ ရွှီယွိသစ်ပင်အား အလုံးစုံတူးထုတ်ပြီးသော် သံရွှေရောင်သစ်သီးများမှာ ရုတ်တရက်ဆိုသလို ရွှေကြယ်မီးလုံးအစက်များအဖြစ် ပြောင်းသွားကာ သစ်ပင်ပေါ်မှ တဖြုတ်ဖြုတ်ကျလာတော့၏။ လူအုပ်ကြီးမှာ ထိုမြင်ကွင်းအားကြည့်ရင်း တုန်လှုပ်ချောက်ချားသွားသော်ငြား သူတို့အား အံ့အားအသင့်ဆုံးဖြစ်စေသည့် အရာမှာ ဆက်လာမည့်အရာပင်။
ဤကြယ်မီးလုံးများ၏အံ့ဖွယ်မြင်ကွင်းမှာ သူတို့တွင် ဘဝအသက်တစ်ခုရှိနေသကဲ့သို့ပင်။ ယင်းတို့က ဦးတည်ချက်တစ်ခုတည်းစုစည်းသွားကာ မြင်ကွင်းထဲရှိ သီးခြားဖြစ်နေသည့်တစ်စုံတစ်ယောက်ဘေးတွင် သက်ဆင်းလိုက်ကြလေ၏။ ထိုလူမှာ ဟယ့်မိသားစုထံ မနေ့ကမှရောက်လာသည့် မြင့်မြတ်သောဧည့်သည် လင်းရုဖေးပင်...။
လင်းရုဖေးသည်လည်း ဤမြင်ကွင်းကြောင့် သတိလစ်မတတ်ဖြစ်သွားရသည်။ ရာကျော်သည့် သံရွှေရောင် သစ်သီးတို့က ကြယ်မီးများအဖြစ်ပြောင်းကုန်ကြကာ သူ့ခေါင်းပေါ်နှင့်ပုခုံးပေါ်သို့ ကျလာကြသည်။ သူက မတုံ့ပြန်နိုင်ရသေးခင်တွင် ယင်းက သူ၏ကိုယ်တွင်းသို့ နစ်မြုပ်သွားလေ၏။ သူက တစ်ခုအားဆုပ်ကိုင်ရန် လက်လှမ်းလိုက်သော် ကြယ်မီးလုံးမှာ သူ့လက်ထဲတွင် သစ်သီးပုံစံပြန်ဖြစ်သွားလေသည်။ လင်းရုဖေးမှာ သူ့လက်ထဲရှိသစ်ကြားသီးအား ကြည့်နေရင်း သူ့ရင်ထဲတွင် ရုတ်တရက် မသက်မသာခံစားလိုက်ရသည်။ သူက မျက်လုံးပင့်ကြည့်လိုက်ရာ ဟယ့်မိသားစုဝင်များက သူ့အားစိုက်ကြည့်နေကြလေ၏။ သို့သော်ငြား ဤအကြည့်များက အံ့အားသင့်ခြင်း၊သံသယများနှင့် ရန်လိုစိတ်အနည်းငယ်လည်း ပါနေသည်။
ဂေါ်ပြားအား ကိုင်ထားဆဲဖြစ်သည့် ဟယ့်ကျိထျန်းက အမှန်ပင် အံ့အားသင့်သွားသော်ငြား အမြန်ပင် တည်ငြိမ်မှုအသွင်ယူလိုက်ရသည်။ သူက အခြားသူများအား အာရုံစိုက်မနေဘဲ ဂေါ်ပြားဖြင့်ဆက်ပေါက်ကာ မြေကြီးကိုသာ ဆက်တူးနေသည်။ မကြာမီပင် ရွှီယွိသစ်ပင်အားအမြစ်မှလှန်လိုက်ပြီးဖြစ်ကာ မူလက ကြီးသည်ဟုမထင်ရသည့် ရွှီယွိသစ်ပင်မှာ ယခုမူမြေပေါ်သို့သက်ဆင်းသွားရလေပြီ။ အနောက်မှ ဟယ့်မိသားစုလူစုမှလာသည့်တရှုံ့ရှုံ့မြည်သံတိုးတိုးလေးပါကပ်ပါလာလေ၏။ ဟယ့်မိသားစု၀င်အငယ်လေးအချို့က သူတို့မိသားစု၏အဖိုးတန်ဆုံးရတနာသစ်ပင်အား အမြစ်မှလှန်လိုက်သည့် အချက်အား လက်ခံနိုင်ရန်ခဲယဥ်းနေကြသည်။
ဟယ့်ကျိထျန်းသည်လည်း ကြားသော်ငြား တုတ်တုတ်ပင်မလှုပ်ပေ။ သူက နက်တထက်နက်နက်တူးနေကာ မြေကြီးအလွှာမှာ တဖြည်းဖြည်းနည်းလာ၏။ သွေးနီရောင်သတ္တာတစ်လုံးက အောက်ခြေတွင်ပေါ်လာကာ ဟယ့်ကျိထျန်းက နောက်ဆုံးဤအနီရောင်သေတ္တာအားတွေ့သော် စိတ်သက်သာရာရဟန် သက်ပြင်းရှည်ကြီးသိသိသာသာချလိုက်မိသည်။ သူက လက်ထဲရှိဂေါ်ပြားအား လွတ်ချလိုက်ကာ အနီရောင်သေတ္တာအား ဂရုတစိုက်ထုတ်ယူလိုက်သည်။
“အဖေ..အဲ့ဒါဘာလဲ"
ဟယ့်ရှဲ့ယိက တည်ငြိမ်နေသည့်ပုံရှိနေဆဲဖြစ်ကာ ဤထူးဆန်းသည့်အရာကြောင့်အံ့အားတသင့်ဖြစ်မသွားချေ။ သူက မြေကြီးထဲမှ တူးထုတ်ခံလိုက်ရသည့် အနီရောင်သေတ္တာအား မြင်ပြီးနောက် မေးရန်ပါးစပ်ဟလာ၏။
အနီရောင်သေတ္တာအား ထုတ်ယူပြီးနောက် အိတ်ထဲရှိလက်ကိုင်ပုဝါအားထုတ်ကာ သေတ္တာမှဖုန်များအား သတိကြီးကြီးထား၍ သုတ်လိုက်သည်။ လူတိုင်းက သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုမှာ အနီရောင်သေတ္တာအားဖွင့်ရန်ဟုထင်ထားကြသော်လည်း သူ့တွင် ဖွင့်ရန်ရည်ရွယ်ချက်မရှိသည်အား မည်သူကသိခဲ့မည်နည်း။ ထို့အစား သူက ကိုင်ထားလျက်ပင် လင်းရုဖေးထံ လျှောက်သွားလိုက်သည်။
လတ်တလောတွင် လင်းရုဖေးမှာ ကြယ်မီးလုံးများတလက်လက်နှင့်ဖြစ်နေကာ တစ်ချက်ကြည့်ရုံနှင့်ရွှေရောင်လူသားအသွင်တောက်ပနေ၏။ သူက ဟယ့်ကျိထျန်း၏လှုပ်ရှားမှုအား တွေ့လိုက်သောအခါ သတိလစ်မတတ်ဖြစ်သွားရပြီး တံတွေးသီးမတတ်ဖြစ်သွားရင်း : "ဟယ့်မိသားစုခေါင်းဆောင်"
ဟယ့်ကျိထျန်းမှာပြုံးကာ ဆိုလာ၏။
"လင်းကုန်းဇီ..ယူလိုက်ပါ”
လင်းရုဖေးက ဆိုလိုက်သည်။ "ဒါပေမယ့်......"
"ဒီဟာက မူလကတည်းက မင်းအပိုင်ပါ"
ဟယ့်ကျိထျန်းက ဆိုလိုက်ရင်း : "ငါ မင်းဘယ်သူဆိုတာမသိပေမယ့် ဘိုးဘွားစဥ်ဆက်မှာကြားမှုအရဆို ဒါက မင်းအပိုင်ဖြစ်သင့်တယ်"
ဤသည်က အလွန်ထူးဆန်းသည့် ကိစ္စရပ်ပင်။ လင်းရုဖေးမှာ ဤနေရာတွင် ရှင်းရှင်းလင်းလင်းထိုင်နေသော်ငြား ဟယ့်ကျိထျန်းက သူမည်သူဖြစ်သည်အား မသိပါဟူ၍ပြောလာသည်။ လင်းရုဖေးမှာ အနည်းငယ်တုံ့ဆိုင်းနေချိန်တွင် ဟယ့်ကျိထျန်းမှာမူ လင်းရုဖေးက သေတ္တာအား မယူလိုက်ပါက ထွက်မသွားမည့်နှယ် ပြတ်သားနေ၏။ ထို့ကြောင့် အဆုံးတွင်ဖြင့် လင်းရုဖေးက လက်ကမ်းလိုက်ပြီး အနီရောင်သေတ္တာအားယူလိုက်ရသည်။
အနီရောင်သေတ္တာမှာ သူ့လက်ထဲတွင် အလွန်လေးနေပြီး မည်သည်တို့ပါရှိမှန်းလည်း သူအတိအကျမသိချေ။ လင်းရုဖေးက ဟယ့်ကျိထျန်းအား"ကျေးဇူးပါ"ဟုတီးတိုးဆိုလိုက်ရာ ဟယ့်ကျိထျန်းက အသာ လက်ယမ်းပြလေ၏။
သူက ဤသည်မှာဘိုးဘွားစဥ်ဆက်မှာကြားမှုသာဖြစ်ပြီး စည်းမျဥ်းအရ သူတို့မိသားစုလုပ်သင့်သည့်အရာဖြစ်ရာ လင်းရုဖေးက သူ့အားကျေးဇူးတင်ရန်မလိုကြောင်းပြောလာသည်။
“နောက်ကျနေပြီ..လူစုခွဲရအောင်.."
ထို့ကိစ္စပြီးနောက် ဟယ့်ကျိထျန်းမှာ အလွန်ပင်ပန်းနေဟန်ရှိသည်။သူက ဟယ့်မိသားစုအား လူစုခွဲရန်ပြောလိုက်ပြီး လင်းရုဖေးကို သူ့အခန်းသို့ပြန်ပို့ပေးရန် ဟယ့်ရှဲ့ယိအား ညွှန်ကြားလိုက်သည်။
လင်းရုဖေးမှာ ယဥ်ကျေးစွာငြင်းပယ်ချင်ပါသော်ငြား ဟယ့်ရှဲ့ယိက သူ့လည်ပင်းအားသိုင်းဖက်လိုက်ရင်း ပြုံးပြလိုက်ကာ : "ဒီအချိန်ထိရောက်လာပြီးပြီပဲ....ယဥ်ကျေးမနေပါနဲ့တော့ လင်းကုန်းဇီ"
သူက အသံကိုနိမ့်လိုက်ရင်း : "မင်း ဒီလူတွေရဲ့မျက်လုံးတွေကို မြင်ပြီးပြီမလား.. ငါ့အတွက် မင်းကိုပြန်ပို့ပေးတာက ပိုလုံခြုံလိမ့်မယ်"
ဟယ့်မိသားစုများ၏မျက်လုံးများက လင်းရုဖေးအား အရှင်လတ်လတ်စားချင်နေသကဲ့သို့ တယားယားဖြစ်နေကာ ဟယ့်ကျိထျန်းကြောင့် အတတ်နိုင်ဆုံးချိုးနှိမ်ထားရသော်လည်း အလွန်ကိုသိသာနေ၏။
လင်းရုဖေးသည်လည်း ဤသည်အားသတိထားမိပြီးဖြစ်၍ ဆက်မနေလိုတော့ချေ။
ဟယ့်ရှဲ့ယိက လင်းရုဖေးအား တံခါး၀ဆီသို့လိုက်ပို့ပေးပြီး သူအခန်းထဲသို့ဝင်သွားသည်အား စောင့်ကြည့်ပြီးမှသာ လှည့်ထွက်လိုက်သည်။ သူထွက်ပြီးပြီးချင်းမှာပင် ဟယ့်ကျိထျန်းက မလှမ်းမကမ်းတွင် ရပ်နေသည်အား တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ဂေါ်ပြားကိုင်ထားဆဲဖြစ်ကာ မှေးမှိန်နေသည့်မျက်နှာဖြင့် စောင့်ကြည့်နေခြင်းသာဖြစ်သည်။
“အဖေ"
ဟယ့်ရှဲ့ယိက ဟယ့်ကျိထျန်းထံလျှောက်သွားကာ ခေါ်လိုက်သည်။
"လင်းကုန်းဇီရဲ့ဇာတ်မြစ်အတိအကျက ဘာများဖြစ်မလဲ"
ဟယ့်ကျိထျန်းက ဟယ့်ရှဲ့ယိအား နက်နက်နဲနဲကြည့်ကာ : "မင်း ကောင်းကင်ဘုံအုပ်ချုပ်သူက ဒါပြီးတော့ ဘယ်မှာအဆုံးသတ်သွားလဲ သိလား"
“ကောင်းကင်ဘုံအုပ်ချုပ်သူက ဟင်းလင်းပြင်ကနေ လှမ်းပြီးထွက်သွားခဲ့တာ မဟုတ်ဘူးလား"
ဟယ့်ရှဲ့ယိက မျက်မှောင်ကြုတ်လိုက်ရင်း : "အဖေက ဒါကနေ ဘာအဓိပ္ပါယ်ဖွင့်ချင်တာလဲ"
ဟယ့်ကျိထျန်းက ခေါင်းခါလိုက်ကာ : "ဒီကိစ္စက အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ် ..လူအနည်းစုလောက်ကပဲ သိကြတာ...အဖေတို့ ဟယ့်မိသားစုဘိုးဘေးတွေနဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူက အလွန်ကိုရင်းနှီးတဲ့ မိတ်ဆွေတွေ...ဒီတော့ သူတို့က အနည်းအကျင်းတော့သိကြတယ်"
ဟယ့်ရှဲ့ယိက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။သူက သူ့အဖေ၏စကားလုံးများမှတဆင့် စကားဖြင့်ပြော၍မရနိုင်သည့် အမှန်တရားတချို့အား ထိတွေ့ခွင့်ရလိုက်သည်ဟု ခံစားမိသွားသည်။
“ကောင်းကင်ဘုံအုပ်ချုပ်သူက တကယ်ကို ဟင်းလင်းပြင်ကို တက်လှမ်းသွားနိုင်ခဲ့တယ်"
ဟယ့်ကျိထျန်းက ဆက်၍ဆို၏။
"သူက ထွက်မသွားခဲ့တာလေးတစ်ခုပဲ"
“ဒါဆို သူက အခုဘယ်မှာလဲ"
ဟယ့်ရှဲ့ယိက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်မိသည်။
“အဖေလည်း မသိဘူး"
ဟယ့်ကျိထျန်းက ဆိုသည်။
"ဒါက ကမ္ဘာပေါ်မှာ အကြီးမားဆုံးလျှို့ဝှက်ချက်ပဲ...မိသားစုခေါင်းဆောင်က သေချာ မသိခဲ့ဘူးဆိုပေမယ့် ကောင်းကင်ဘုံအုပ်ချုပ်သူက ထွက်မသွားသေးဘူးဆိုတာကိုတော့ သိခဲ့တယ် ဒါပေမယ့် သူဘယ်မှာလဲဆိုတာတော့ အတိအကျမသိဘူး"
ဟယ့်ရှဲ့ယိက ရှုပ်ထွေးသွားမိသည်။
"ဒါပေမယ့် ရွှီယွိသစ်ပင်အောက်မှာ မြုပ်ထားတဲ့ အရာက ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ ဆက်စပ်နေရမယ်"ဟယ့်ကျိထျန်းက ဆိုလိုက်သည်။
“ဒါဆို ဒီလင်းကုန်းဇီက ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ ဆက်စပ်နေတာများလား"
ဟယ့်ရှဲ့ယိက ဟယ့်ကျိထျန်းပြောနေသည့် စကားလုံးများရဲ့ နောက်ကွယ်က ဆိုလိုရင်းအား ဖမ်းမိလိုက်၏။
ဟယ့်ကျိထျန်းက ခေါင်းညိမ့်ပြလိုက်သည်။
ဟယ့်ရှဲ့ယိက အတွေးနစ်သွားမိသည်။
လင်းရုဖေးက အခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် လက်ထဲရှိ အနီရောင်သေတ္တာအား ချလိုက်သည်။ လင်းရုဖေးက အနီရောင်သေတ္တာဘေးတွင် ထိုင်ချလိုက်ပြီး လက်ချောင်းများအား ဆန့်တန်းလာသည်။ သူက အနီရောင်သေတ္တာအား တစ်ခဏမျှ ခပ်ဖွဖွထိလိုက်ရင်း လင်းရုဖေးက မေးလိုက်သည်။
"သေတ္တာထဲကဟာက ခင်ဗျားပစ္စည်းလား"
ကုရွှမ်းတုက ခေါင်းညိမ့်ပြလိုက်သည်။
လင်းရုဖေးက ဆိုသည်။
"ကျွန်တော် အခုဖွင့်လိုက်ရမလား"
ကုရွှမ်းတုက ဖြေ၏။ "အင်း....."
အကြောင်းပြချက်တစ်ချို့ကြောင့် လင်းရုဖေးမှာ ရှင်းမပြနိုင်အောင် စိတ်တုန်လှုပ်နေမိသည်။ အနီရောင်သေတ္တာမှာ သော့ခတ်ထားခြင်းမရှိကာ သတ္တုချိပ်လေးတစ်ခုသာရှိသည်။ လက်ကလေးမလိုက်ရုံနှင့် လွယ်လွယ်ကူကူဖွင့်လိုက်နိုင်၏။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် လင်းရုဖေးမှာ သေတ္တာထဲရှိအရာမှာ သူထင်ထားတာထက် ပိုလေးကြောင်းခံစားလိုက်ရသည်။ သူက စိတ်ဖိစီးမှုကြောင့် နှုတ်ခမ်းအားတင်းတင်းစေ့ကာဖိကိုက်မိသည်။ ဆိုရလျှင် သူက စတင်ရန်တွန့်ဆုတ်နေဆဲပင်။
___
Translated By IQ-Team.