အပိုင်း ၁၂၇
Viewers 37k

Chapter 127




နှစ်ဦးသား ရွှီးယွိပင်အား ကြည့်နေကြချိန်တွင် အခြားတစ်ဖက်တွင်မူ ဟယ့် မိသားစုဝင်များက စမ်းကြည့်ရန် စိတ်အားထက်သန်နေကြ၏။

ဟယ့်ဝမ်ရှန်းက မည်သည့်နေရာမှမသိ ပေါ်လာကာ လင်းရုဖေး၏ပုခုံးအား ပုတ်လိုက်ပြီး : "လင်းကုန်းဇီ ခင်ဗျားနဲ့ကျွန်တော့်အစ်ကိုတို့ ဘာလို့ဒီကိုရောက်နေကြတာလဲ" လင်းရုဖေးက ရုတ်ချည်းအပုတ်ခံလိုက်ရသဖြင့် လန့်သွားကာ ထိုသူ့အသံကြားခါမှ ကူကယ်ရာမဲ့နေသည့်အကြည်ဖြင့်ကြည့်လိုက်ရင်း : "တာ့ကုန်းဇီက ကျွန်တော့်ကို အသီးကြည့်ရအောင် ခေါ်သွားပေးမယ်လို့ ပြောလို့ပါ"

သူက ဟယ့်မိသားစုမှာ ဤနည်းဖြင့် တစ်ယောက်ယောက်အား တွေ့သည့်အခါ နှုတ်ဆက်တတ်မှန်း သိလိုက်ရသည်။ သူတို့က လူအား မခေါ်မပြောမီ အရင်ပုခုံးအားပုတ်တတ်လေ၏။ သူတို့၏ဆက်ဆံရေးသာပိုမိုကောင်းမွန်ပါက လည်ပင်းကိုပင် လာဖက်ပေလိမ့်မည်။


“အို့"

သူက စနောက်ရင်း ပြောလာ၏။

"ကြည့်ကောင်းတယ် မဟုတ်လား"

“ကြည့်ကောင်းတယ် ကြည့်ကောင်းတယ်"

ဟယ့်ရှဲ့ယိက ခေါင်းညိမ့်လိုက်သည်။

ညီအစ်ကိုနှစ်ဦးက စွဲမက်ဖွယ်အပြည့်နှင့်လှပနေသော သစ်သီးပင်အား ကြည့်လိုက်ကြသည်။ သူတို့က စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်နေရင်းမှ တဖြည်းဖြည်းဖြင့် အသီးများသာ ပိုကြီးလာပါက အရသာသည်လည်းပိုကောင်းလာမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည့်အဖြစ်သို့ရောက်လာကြ၏။

“ငါ့ဘဝမှာ ဒီလိုအရသာရှိတဲ့အသီးမျိုး တစ်ခါမှမစားဖူးဘူး"

ဤဟယ့်မိသားစုမျိုးဆက်ထဲမှ သံရွှေရောင်သီးစားဖူးသည့် တစ်ဦးတည်းသောသူက သူ့ညီအားအတွေ့အကြုံကို အာပေါင်ရင်းသန်သန်ဖြင့်ပြောပြနေသည်။

"မင်းသူတို့ကို နောက်ပိုင်းခူးတဲ့အခါ အသားပိုများတဲ့အသီးကြီးကြီးကို ရွေးဖို့မမေ့နဲ့"

ဟယ့်ဝမ်ရှန်းက ဆိုသည်။ "ဒါမျိုးတော့...စိတ်ချစမ်းပါ"

“အပေါ်နားက ဘယ်ဘက်ထောင့်ကအသီးက တကယ်ကြီးမယ့်ပုံပဲ"

ဟယ့်ရှဲ့ယိက လျှာတစ်ချက်သပ်လိုက်ကာ : "မြန်မြန်လေးသွားပြီးတော့ အရှေ့မှာကြိုပြီးနေရာကောင်းလေးသွားရှာထား အခြားသူတွေမင်းအရှေ့ကြိုမရောက်စေနဲ့"

ဟယ့်ဝမ်ရှန်းက ခေါင်းညိမ့်ပြလိုက်သည်။ လင်းရုဖေးက သူ့ဘေးကလူထံ လှည့်ကာစကားဆိုလိုက်သည်။

"မင်းရော မသွားဘူးလား"

“ငါ..ငါမသွားတော့ဘူး"

ဟဲရှဲ့ယိက ဆို၏။

"ငါသုံးလုံးတောင် စားပြီးသွားပြီ...လုံလောက်ပါပြီ"

ထိုသူရဲ့ အေးအေးဆေးဆေးပြောနေပုံကိုကြည့်ပြီး လင်းရုဖေးမှာ သူ့အား ပိုပိုပြီးသဘောကျလာသည်။ လူတိုင်းကအသီးပင်၏အသုံးဝင်ပုံအား သိကြကာ သဘာဝအားဖြင့် များများစားရလေလေ ပိုကောင်းလေဖြစ်သည်။ ဟယ့်မိသားစုရှိ ဟယ့်ရှဲ့ယိ၏လက်ရှိအဆင့်အတန်းနှင့်ဆိုပါက သူ အရင်ဆုံးခူးမည်ဆိုလျှင်တောင် မည်သူမှ အပြစ်ပြောရဲလိမ့်မည်မဟုတ်ချေ။ရသို့သော်ငြား သူကစိတ်ဝင်စားမှုနည်းနည်းသာပြကာ လင်းရုဖေးနှင့်အတူ ပွဲကြည့်ပရိတ်သတ်သာလာလုပ်နေ၏။

လင်းရုဖေးနှင့်ဟယ်ရှဲ့ယိတို့က စကားပြောနေစဥ်အတွင်း ဟယ့်မိသားစုက သစ်ကြားသီးများခူးရန် တန်းစီနေကြချေပြီ။

ဤသို့ စိတ်လှုပ်ရှားနေကာ တစ်ချိန်တည်းမှာပင် သတိထားလျက် တန်းစီနေကြသည့် လူကြီးများအုပ်စုလိုက်ကို မြင်ရသည်မှာ တော်တော်လေးပင် သဘောကျစရာကောင်းလှသည်။ လင်းရုဖေးက အမိန့်ပေးရန် လူအုပ်အပြင်တွင် ရပ်နေသည့် ဟယ့်ကျိထျန်းကိုလည်း တွေ့လိုက်ရသည်။ သို့သော်လည်း သူ့အားအံ့သြသွားစေသည်က ဟယ်ကျိထျန်း၏မျက်နှာအမူအရာ အလွန်အမင်းပျော်ရွှင်နေခြင်းမဟုတ်၍ပင်။ သာမန်ထက် ပို၍ယဥ်ကျေးသိမ်မွေ့နေကာ ဟယ့်ရှဲ့ယိ၏မျက်နှာအမူအရာနှင့်ပင် အတော်လေးဆင်တူနေ၏။

နောက်ဆုံးတွင် ပထမဆုံးဟယ့်မိသားစုဝင်တစ်ဦးက ရွှီယွီသစ်ပင်သို့ရောက်လာကာ ပထမဆုံးသံရွှေရောင်သစ်သီးအား ထိကြည့်ရန် လက်ဆန့်လိုက်၏။

လူတိုင်းက ရင်တမမနှင့် စောင့်ကြည့်နေကြသည်။ လင်းရုဖေးသည်လည်း လေထုအခြေအနေက တွန်းပို့နေ၍ နေထိထိုင်မသာဖြစ်လာမိသည်။ သို့သော်ငြား ထိုလူ၏လက်က သစ်သီးအားဆွဲကိုင်လိုက်ချိန်တွင် မူလက လှုပ်သွားပုံပေါ်သော်လည်း အကိုင်းဘက်သို့ပြန်ကွေးသွားပြီး သံရွှေရောင်သစ်ကြားသီးက တုတ်တုတ်ပင်မလှုပ်တော့ချေ။ သူက မည်မျှပင်ဆွဲနေပါစေ ခူး၍မရနိုင်ဖြစ်နေသည်။

လူစုမှာ ဝမ်းနည်းသံများဖြင့် ကျွတ်ကျွတ်ညံသွားသည်။ ထိုလူက လက်မြောက်ကာ နှစ်ကြိမ်ထက်မနည်း ကြိုးစားသော်လည်း ရလဒ်က မပြောင်းလဲချေ။ ထို့ကြောင့် သက်ပြင်းရှည်ချကာ ခေါင်းငိုက်စိုက်ဖြင့် လှည့်ပြေးသွားတော့၏။

“စိတ်မကောင်းစရာပဲ"

လင်းရုဖေးသည်လည်း အလွန်ဝမ်းနည်းမိသောကြောင့် သက်ပြင်းချမိသည်။

ဟယ့်ရှဲ့ယိကလည်း ခေါင်းခါလိုက်ရင်း : "ဘယ်အရာကမှ တွန်းအားပေးလို့မရနိုင်ဘူး"

သူက အတန်ငယ် ကြံရာမရဖြစ်သွားမိသည်။

တစ်ယောက်ပြီးတစ်ယောက် ဟယ့်မိသားစုဝင်များက ရွှီယွီသစ်ပင်ဆီသွားကာ သစ်သီးအားမခူးနိုင်ပါက တစ်ယောက်လျှင် သုံးကြိမ်သာ ကြိုးစားခွင့်ရှိလေ၏။ ရွှေရောင်ယိမ်းထိုးနေသည့် သစ်သီးပင်က လူအများအား စိတ်အလိုမကျဖြစ်စေသည်။ ဤသည်က ပုံမှန်လို နှစ်လုံး သုံးလုံးသာရှိပါက သူတို့၏ကံဆိုးမှုကိုသာ အပြစ်တင်ရုံသာ တတ်နိုင်သည်။ သို့သော် ဤသို့ရာနှင့်ချီနေသည့် သံရွှေရောင် သစ်သီးများအား ခူး၍မရနိုင်ပါက လူအများအား အမှန်ပင် ဝမ်းနည်းစေလိမ့်မည်ဖြစ်သည်။

"ငါခူးခဲ့တဲ့နှစ်က ကံကောင်းသွားခဲ့တာပဲ"

သူ့မိသားစုဝင်များက တစ်ယောက်ပြီးတစ်ယောက် အရှုံးသမားပုံစံနှင့်ပြန်လှည့်လာသည်အားကြည့်ရင်း ဟယ့်ရှဲ့ယိက ထိုနှစ်အကြောင်း ပေါ့ပေါ့ပါးပါးပြောလာသည်။

"ငါက အကြီးဆုံးလေ ဒါကြောင့်ငါက အရင်ဆုံးခူးရတာ သုံးကြိမ်ခူးခွင့်ရလို့ခူးတာ သုံးလုံးရတယ် သူတို့ကငါ့ဆီကိုင်းညွှတ်လာကြတာ"

သူကတစ်ခဏမျှရပ်တန့်လိုက်ရင်း စကားကိုဆက်၏။

"ကျန်တဲ့သူတွေက သစ်သီးကို ထိခွင့်လေးတောင်မရလိုက်ဘူး မင်းနားလည်မှာပါ ဒီလိုအရာမျိုးက ဘယ်သူမှမပြောကြပေမယ့် သူတို့ရင်ထဲမှာ အာဃာတတွေရှိနေမယ်ဆိုတာ..."

အဆုံးတွင်မူ ထိခွင့်လေးတောင်မှကန့်သတ်ပိတ်ပင်ထားသဖြင့် ဒေါသထွက်မိကြမည်မှာ ပုံမှန်သာဖြစ်သည်။ လင်းရုဖေးက ထိုသူတို့၏ခံစားချက်များကို နားလည်နိုင်ပေသည်။

"ဒါပေမယ့် ကံကောင်းစွာနဲ့ ရွှီယွီသစ်ပင်က မကြာခင်ပဲ ခြောက်ခုထက်မနည်းသစ်သီးတွေ ထုတ်ပေးခဲ့တယ်"

ဟယ့်ရှဲ့ယိက ဆိုသည်။

"ဒါက တကယ်တော့ အတော်လေးထူးဆန်းတဲ့အရာပဲ သာမန်အခြေအနေမှာဆို ရွှီယွီသစ်ပင်က ပြန်အသီးသီးဖို့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာကြာတယ် ...ဒါပေမယ့် အခုတွက်ကြည့်ရင် ဒီနှစ်နွေဦးပါ အပါအ၀င်ဆိုရင်တောင် ဆယ်နှစ်တောင်မရှိသေးဘူး ခြောက်လုံးသီးနေပြီ. . မျိုးနွယ်စုထဲက လူတိုင်းက ပျော်နေကြပေမယ့် ငါ့အဖေတစ်ယောက်တည်းကပဲ တစ်ခုခုမှားနေပြီဆိုတာ ခံစားနေရတာ ..အရင်ကတော့ ငါနားမလည်ခဲ့ပေမယ့် ဒီနေ့မှာတော့ ငါနားလည်သွားပြီလို့ထင်တယ်“

“ဘာကို နားလည်သွားခဲ့တာလဲ"

လင်းရုဖေးက သူ့အားကြည့်လိုက်သည်။

“အရာရာကို လွဲမှားသွားအောင်လုပ်တဲ့ မိစ္ဆာတစ်ကောင်ရှိနေတယ်"

ဟယ့်ရှဲ့ယိက ဆက်၍ပြောသည်။

"ဟယ့်မိသားစုက ဒီသစ်ပင်နဲ့ နှစ်ပေါင်းရာနဲ့ချီ ဂုဏ်ရှိန်ကြီးမားလာခဲ့တာ ... ကြည့်ရတာ လာမယ့်ရက်တွေမှာ ဂုဏ်တက်စေမယ့်အရာနောက်တစ်ခုကိုငါတို့ရှာရမယ့်ပုံပဲ"

သူက ဤစကားလုံးများအား ချောချောမွေ့မွေ့ပြောနေသော်ငြား ဝမ်းနည်းနေသည့်အရိပ်အရောင်တို့ ခိုတွဲနေ၏။ လင်းရုဖေးမှာ သူ့စကားလုံးနောက်ကွယ်က ဆိုလိုရင်းအား နားလည်လိုက်ပြီးနောက် အံ့အားသင့်သွားမိသည်။

“အများကြီးစိုးရိမ်စရာ မလိုပါဘူး"

ဟယ့်ရှဲ့ယိက လင်းရုဖေးပုခုံးကို သိုင်းဖက်လိုက်ကာ ပြုံးဖြဲဖြဲလုပ်ရင်း ပြောလာသည်။

"လူတွေက တကယ်တမ်း သူတို့ဆီးသွားနေရင်းနဲ့တောင် သေနိုင်တယ်[1]"

“အဲ့တာ မှန်တယ်"

လင်းရုဖေးလည်း ရယ်မောလိုက်မိ၏။

မသိိမသာနှင့်ပင် လူတစ်ဝက်ခန့်က သစ်ကြားသီးခူးရန်ကြိုးစားပြီးဖြစ်သော်လည်း သစ်ကြားသီးတစ်လုံးမှ ခူးလို့မရသေးကာ လင်းရုဖေးမှာ နောက်ဆုံးတွင် ဟယ့်ဝမ်ရှန်းအား တွေ့လိုက်ရသည်။ ဟယ့်ဝမ်ရှန်းက တည်တည်ငြိမ်ငြိမ်ပုံပေါ်နေသော်လည်း သေချာကြည့်ပါလျှင် သူအလွန်စိတ်လှုပ်ရှားနေကြောင်းပြောနိုင်၏။

သူက အသက်ပြင်းပြင်းရှူလိုက်ရင်း ရွှီယွိသစ်ပင်ဆီသို့ ဖြေးဖြေးချင်းလျှောက်သွားသည်။ သူက ဖြေးဖြေးချင်း လက်ဆန့်လိုက်ကာ ပထမဆုံးသစ်ကြားသီးပေါ်ဆုပ်ကိုင်လိုက်သည်။ လူတိုင်း၏မျက်လုံးများမှာ ဟယ့်ဝမ်ရှန်းကိုယ်ပေါ်တွင်သာ ကျနေ၏။ သူဖြေးဖြေးလေးဆွဲလိုက်သည့်အခါ ပါ့ ခနဲအသံနှင့်အတူ သစ်သီးက အညှာမှကြွေကာ သူ့လက်ထဲသို့ လွယ်လွယ်ကူကူသက်ဆင်းသွားသည်။

"အို့..."

ရှိနေသည့် လူများက တစ်စုံတစ်ယောက်မှာ သစ်သီးအား နောက်ဆုံးတွင်ခူးဆွတ်နိုင်သွားသည်ကို မည်လိုက်ရပြီးနောက် လူတိုင်းက ပျော်ရွှင်မှုကြောင့် ထခုန်မိကာပြင်းပြင်းထန်ထန် သြဘာပေးကြတော့သည်။

“ကောင်းချက်ပဲ ခွေးကောင်လေးရေ"

ဟယ့်ရှဲ့ယိက သူ့ညီလေးမှာ သစ်ကြားသီးခူးဆွတ်နိုင်သည့် ပထမဆုံးသောသူဖြစ်၍ ပျော်ရွှင်နေသည့်ပုံအား ပြသလာ၏။

"မင်းမှာ အကြိုက်ကောင်းကောင်းရှိတာပဲ မင်းကတကယ်ကို အသားပေါတဲ့ဟာ ခူးလိုက်တာပဲ"

လင်းရုဖေးက အသံထွက် ရယ်မောလိုက်မိပြီး ဤဟယ့်မိသားစုဝင်များက ရိုးသားလွန်းသည်ဟုတွေးမိလိုက်သည်။

ဟယ့်ဝမ်ရှန်းက သူ့လက်ထဲရှိသစ်ကြားသီးအား ကြည့်ကာ အပျော်လွန်နေ၏။ သူက အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကာ ဒုတိယသစ်ကြားသီးအတွက် လက်လှမ်းလိုက်သည်။ ယခုအချိန်တွင် သူက ဆွဲစရာပင်မလိုဘဲ ခူးနိုင်ပေသည်။ မကြာမီ တတိယအကြိမ် စတုတ္ထအကြိမ် ပဥ္စမအကြိမ်ခူးသည်အထိ အခန်းထဲတွင် အသံထွက်လာခြင်းမရှိချေ။ လူတိုင်းက ရင်တမမနှင့် ဟယ့်ဝမ်ရှန်းအား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

သို့သော်ငြား သူ၏ကံကောင်းခြင်းက ဆဌမအကြိမ်ခူးသည့်အခါတွင် ရပ်သွားလေသည်။ ဟယ့်ဝမ်ရှန်းက မည်မျှပင် ပြင်းပြင်းဆွဲသော်လည်း ဆဌမအကြိမ်သစ်သီးက လှုပ်မလာပေ။ ဟယ့်ဝမ်ရှန်းက သူ့နှာဖူးထက်တွင် အပြာရောင်သွေးကြောများ မြင်ရသည်ထိ အားကုန်သုံးနေသော်လည်း သစ်သီးမှာ ရွေ့မလာဆဲပင်။ ယင်းက သံမှိုဖြင့်ဆွဲရိုက်ထားသကဲ့သို့ပင်။

ဤမြင်ကွင်းအား မြင်သော် ဟယ့်ဝမ်ရှန်းက အရှုံးပေးရန်သာ ရွေးလိုက်ရပေသည်။ သို့သော်လည်း သူ၏ဖောင်းနေသည့်အိတ်ကပ်များက လူတိုင်းအား သူ၏ဆွတ်ခူးခြင်းမှာ လုံလောက်သွားပြီဖြစ်ကြောင်း ပြောပြနေ၏။

“ယို...ဒီကလေးက သူ့ရဲ့စစ်မှန်တဲ့အရောင်တွေကို ဖုံးထားတယ်လို့မထင်ဘူးလား.."

ဟယ့်ရှဲ့ယိမျက်လုံးများက ဟယ့်ဝမ်ရှန်းအား စိုက်ကြည့်ရင်း တလက်လက်တောက်နေ၏။

"သူတို့စကားလုံးတွေက မှန်လောက်မယ် ..ငါကသူတို့ရဲ့အခွင့်အရေးကို ပိတ်ထားခဲ့မိတာပဲ"

လင်းရုဖေးက ရယ်မောလိုက်ရင်း : "မင်းဒီလိုမျိုးတွေးစရာမလိုပါဘူး...တကယ်လို့ သူသာ သစ်သီးတွေကို ကြိုခူးမိခဲ့ရင် ဒီနေ့လိုအခွင့်အရေးမျိုးရှိချင်မှရှိလာမှာ မဟုတ်ဘူးလား"

ကံကောင်းမှုက ကပ်ဘေးနောက်လိုက်ကာ ကပ်ဘေးကလည်း ကံကောင်းမှုအတွင်း ချောင်းမြောင်းနေ၏။

ယင်းကြောင့် ကံကောင်းမှုနှင့် ကံဆိုးမှုအား မည်သူက ရှင်းရှင်းလင်းလင်းပြောနိုင်မည်နည်း။

သစ်သီးများအား ခူးပြီးသည့်နောက် ဟယ့်ဝမ်ရှန်းကလူစုအတွင်းတိုးမှထွက်လာချိန်တွင် တည်ငြိမ်နေသည့်ပုံပေါ်နေသည်။

သူက သူတို့ဘေးနား လျှောက်လာကာ အသံသြသြဖြင့် ဆိုလာ၏။

"အစ်ကို ကျွန်တော် ငါးလုံးခူးခဲ့တယ်"

"ငါမြင်လိုက်တယ် ..ဒါမှ ငါ့ရဲ့တော်လိုက်တဲ့ညီလေး"

ဟယ့်ရှဲ့ယိက ဟယ့်ဝမ်ရှန်းပုခုံးအပေါ်အားရ၀မ်းသာပုတ်လိုက်သည်။

ဟယ့်ဝမ်ရှန်းက ဆိုသည်။

"အစ်ကို ကျွန်တော်ငါးလုံးခူးခဲ့တယ်"

ဟယ့်ရှဲ့ယိက ထပ်ပြောလိုက်သည်

"ငါမြင်တယ်လို့..."

ဟယ့်ဝမ်ရှန်းက အဖန်ဖန်ပြောလာ၏။

"အစ်ကို ကျွန်တော်ငါးလုံးခူးခဲ့တယ်"

ဟယ့်ရှဲ့ယိက သံသယ၀င်လာမိသည်။ နောက်ဆုံးတွင် သူက သူ၏ညီဖြစ်သူမှာ တစ်ခုခုဖြစ်နေသည်ဟု ခံစားမိ၍ လက်ဆန့်ကာ ဟယ့်ဝမ်ရှန်းရှေ့ယမ်းပြလိုက်သည်။ သို့စေကာမူ ဟယ့်ဝမ်ရှန်းက မျက်တောင်ခတ်လာခြင်းမရှိကာ တူညီသောအသံနေအသံထားနှင့် အမူအယာဖြင့်သာ ဆက်ပြောပြန်သည်။

"အစ်ကို...."

သို့သော်ငြား သူစကားမဆုံးမီပင် ဟယ်ရှဲ့ယိထံမှ ဓါးရိုးဖြင့်ပိတ်ရိုက်ခြင်းခံလိုက်ရကာ မူးမေ့လဲသွားတော့၏။

လင်းရုဖေးမှာ ဤလုပ်ရက်ကြောင့် သတိလစ်မတတ်ဖြစ်သွားရကာ : "ဒီ...."

“အဆင်ပြေပါတယ်"

ဟယ့်ရှဲ့ယိက အေးအေးဆေးဆေးပင် လက်ယမ်းပြလာပြီး : "သူ တအားစိတ်လှုပ်ရှားသွားလို့ပါ...အမွှေးတိုင်တစ်တိုင်စာကြာရင် ကောင်းသွားပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူက ဟယ့်ဝမ်ရှန်း၏ကိုယ်အား သူ့ခြေထောက်အနားသို့ ပစ်ချလိုက်ပြီးနောက် တခြားခြေထောက်တစ်ဖက်ကိုမူ ဟယ့်ဝမ်ရှန်း၏အိတ်ကပ်အပေါ်တွင် ထားလိုက်သည်။

သူကရှင်းပြလာ၏။ "သူ့သစ်သီးတွေ သူများခိုးသွားမှာစိုးလို့"

လင်းရုဖေး:"........"

အာ ...ညီအစ်ကိုနှစ်ယောက် တစ်ဦးနှင့်တစ်ဦးဂရုစိုက်ကြပုံက အမှန်ပင် စိတ်အားတက်ကြွစဖွယ်ပင်..။

ဟယ့်ဝမ်ရှန်းက လူမြင်ကွင်းရှေ့မှာပင် ဟယ့်ရှဲ့ယိထံမှ အထုခံလိုက်ရသော်လည်း မည်သူမျှ မအံ့သြကြချေ။လူတိုင်း၏စိတ်အာရုံမှာ သူတို့ရှေ့က ရွှီယွိသစ်ပင်ဆီသာ အရောက်ပို့ထားလေသည်။ဟယ့်ဝမ်ရှန်းက စလိုက်သည်နှင့် လူစု၏ဆုံးရှုံးသွားသောကိုယ့်ကိုယ်ကို ယုံကြည်အားထားမှုက ပြန်လည်သွတ်သွင်းခံလိုက်ရပြီး ရွှီယွိသစ်ပင်အား ဆာလောင်နေသောဝံပုလွေမျက်လုံးများနှင့် ပြာကျမတတ်စိုက်ကြည့်နေကြသည်။ဤသည်မှာ သူတို့က အသည်းအသန်ဖြစ်နေသည့်အကြည့်နှင့် သစ်ကြားသီးအချို့အား စိုက်ကြည့်နေကြခြင်းပင်။

သို့သော်ငြား တစ်ချို့အရာများမှာ တွေးကြည့်ငေးကြည့်နေရုံနှင့် အောင်မြင်မှုရရှိနိုင်မည်မဟုတ်။ကျန်ရှိနေသည့်ဟယ့်မိသားစုဝင်တွေထဲမှ နောက်ထပ်တစ်ယောက်သာလျှင် ခူးယူနိုင်ပေ၏။နောက်ဆုံးကျန်သည့် လူက စမ်းကြည့်ခြင်းပြီးသွားသည့်တိုင် ဆွတ်ခူးနိုင်သည့်နောက်ထပ်တစ်ယောက်မရှိတော့ပေ။ဤသည်က အနှီရာကျော်သောသစ်ကြားသီးတို့မှာ ဟယ့်မိသားစုအတွက် သီးလာခြင်းမဟုတ်သည့်နှယ်။

ဤမြင်ကွင်းအားမြင်သော် ရှိနေသည့်လူတို့က သူတို့၏ဝမ်းနည်းမှုအား ပြသကြလေသည်။

သို့စေကာမူ ယခုအချိန်ထိ နဘေးတွင်တိတ်တဆိတ်ရပ်နေသည့် ဟယ့်ကျိထျန်းက ရုတ်တရက် ထွက်လာသည်။သူက ဂေါ်ပြားအား စိုက်ကြည့်လျက် ရွှီယွီသစ်ပင်ဘေးသို့ အေးအေးဆေးဆေးလျှောက်လာ၏။သူ၏လှုပ်ရှားမှုများက သဘာဝဆန်နေလွန်း၍ဖြစ်မည်ထင် လူစုက တုံ့ပြန်လာခြင်းမရှိချေ။ဤသည်က သူသည် ဂေါ်ပြားအားသုံးပြီး သစ်ပင်အမြစ်ဆီသို့ဦးတည်၍ မြေကြီးအားကော်တူးမပစ်လာခင်အထိသာ။

"မိသားစုခေါင်းဆောင်..ဘာများလုပ်နေတာပါလဲ"

“အဖေ..ဘာတွေလုပ်နေတာလဲ"

ဟယ့်ကျိထျန်းလုပ်ကိုင်နေသည်အား ကြည့်ကာသူ့မိသားစုဝင်အားလုံးက အထိတ်တလန့်ဖြစ်သွားဟန်ပြလာကြသည်။သို့သော်ငြား ဟယ့်ကျိထျန်း၏ တစ်စုတစည်းရှိနေသည့် သြဇာအာဏာကြောင့် မည်သူမျှရှေ့တိုးကာ မတားရဲကြချေ။

ဟယ့်ကျိထျန်းက နှာဖူးထက်ရှိချွေးစတို့အား လက်မြောက်ကာသုတ်လိုက်ရင်း ရှင်းပြလာ၏။

"အမှန်တော့ ငါမင်းတို့ကို ပြောမပြဖူးတဲ့ တစ်ခုခုရှိတယ်"

မြေအားကော်တူးနေရင်း သူကလူအများအားရှင်းပြလာ၏။

"ဟယ့်မိသားစုခေါင်းဆောင်မျိုးဆက်တိုင်းက ရွှီယွိသစ်ပင်နဲ့ပတ်သတ်ပြီး ဘိုးဘွားဆိုင်ရာမှာကြားခြင်းစာအုပ်ကို အမွေဆက်ခံရတယ်"

“ဘယ်လို ဘိုးဘွားဆိုင်ရာမှာကြားခြင်းမျိုးလဲ"

လူထုက သူ၏ လှုပ်ရှားမှုအားစောင့်ကြည့်နေရင်းမှ သူတို့ရင်ထဲတွင် ဆိုးဆိုးဝါးဝါးခံစားနေရသည်။

“ငါတို့ ဘိုးဘွားတွေနဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူကြားက သဘောတူညီမှုပဲ"

ဟယ့်ကျိထျန်းက ဆက်ပြောသည်​။

"နောက်ကြောင်းပြန်ရရင် ကောင်းကင်ဘုံအုပ်ချုပ်သူက ဟယ့်မိသားစုကို ရွှီယွိသစ်ပင်လက်ဆောင်ပေးတုန်းက သူက ဟယ့်မိသားစုရဲ့ဂုဏ်သရေတိုးတက်မှုကို နှစ်ပေါင်းရာနဲ့ချီထိန်းသိမ်းပေးခဲ့ပြီး ဟယ့်မိသားစုကို စည်းမျဥ်းတစ်ခုချမှတ်ခဲ့တယ်"

သူ့အသံမှာ ကျယ်ကျယ်လောင်လောင်မရှိသော်ငြား လူတိုင်းက ရှင်းရှင်းလင်းလင်းကြားနိုင်ပေသည်။

"ဆိုလိုတာက ထူးထူးခြားခြားနေ့တစ်နေ့ရောက်လာရင် ရွှီယွိသစ်ပင်ကနေ သံရွှေရောင်သစ်သီးတွေ ရာနဲ့ချီသီးပေးလာလိမ့်မယ် ငါတို့က သူ့အမြစ်ကိုခုတ်ပြီး အပင်အောက်မှာရှိတဲ့ အရာကို ထုတ်ယူရမယ်"

လူစုမှာ အံ့အားသင့်သွား၏။လူအချို့မှာ ယုံကြည်ရန်ငြင်းဆန်နေဆဲဖြစ်ကာ ဟယ့်ကျိထျန်းအား ထိုသို့မလုပ်ရန် ဖျောင်းဖျရန်ကြိုးစားလာကြသည်။အမှန်တွင်ဖြင့် သံရွှေရောင်သစ်သီးအများအပြားက ဟယ့်မိသားစုရယူနိုင်လျှင် ယင်းထံမှစွမ်းရည်ရှိသူဘယ်လောက်များများ ထွက်လာနိုင်မည်နည်း။

ဤလူ၏အမေးအား မျက်နှာမူလိုက်ကာ ဟယ့်ကျိထျန်းက မေးခွန်းတစ်ခုသာမေးလာ၏။

"မင်းတို့ဒါကို ခူးလို့ရလား"

လူစုမှာပြောစရာမရှိချေ။

“စမ်းကြည့်ရုံလေးပါ ဟုတ်ပြီလား"

ဟယ့်ကျိထျန်းက ဆိုလိုက်သည်။

"ငါ မင်းတို့တွေအတွက် ခြွင်းချက်တစ်ခုလုပ်ခိုင်းပြီး တစ်ယောက်ပြီးတစ်ယောက်စမ်းကြည့်ခိုင်းပြီးပြီ...ပြီးတော့ ဘာဖြစ်သွားလဲ"

သူက ထူးမခြားနားစွာပြောလာသည်။

"ငါတို့က ဟယ့်မိသားစုမူလပိုင်တဲ့ ခြောက်လုံးပဲ ခူးလို့ရတယ် မဟုတ်ဘူးလား"

ဤခဏတွင် ရွှီယွိသစ်ပင်ပေါ်ရှိ အသီးများမှာ ပေါများနေဆဲဖြစ်ကာ သံရွှေရောင် သစ်သီးများမှာလည်း ကြယ်များသဖွယ် တလက်လက်တောက်ပနေ၏။

ကွင်းပြင်တွင် တိတ်ဆိတ်မှုသာကြီးစိုးသွားလေသည်။

ဟယ့်ကျိထျန်းက ဆိုသည်။

"ငါမင်းတို့အတွေးတွေကို သိပါတယ် ဒါပေမယ့် ကံကြမ္မာနိမ့်တဲ့သူတွေ လက်မခံနိုင်တဲ့ တချို့အရာတွေရှိသေးတယ် . ငါတို့ဟယ့်မိသားစုကသာ ယူဖို့ကောင်းချီးပေးမခံရတဲ့ ရာနဲ့ချီတဲ့ သံရွှေရောင်သစ်သီးတွေကို ဖိအားပေးပြီးယူလိုက်ရင် ဆုံးရှုံးရတာက ပိုင်ဆိုင်ရတာနဲ့မထိုက်တန်မှာစိုးမိတယ်"

သူ၏ပုံပန်းသွင်ပြင်မှာ ခက်ထန်ပုံပေါ်သော်လည်း သူ၏စိတ်နှလုံးမှာ အနုစိတ်လေသည်။

လင်းရုဖေးက ထိုမြင်ကွင်းမျိုးအား မမျှော်လင့်ထားချေ။သူက ဟယ့်ကျိထျန်းမှာ သစ်ပင်အား ဖြေးဖြေးချင်းခုတ်လှဲနေပြီး ရွှီယွိသစ်ပင်လဲကျသွားသည်အား မျက်လုံးအပြူးသားနှင့် ကြည့်နေမိသည်။လင်းရုဖေးမှာ သူ့ပုခုံးအား တစ်ယောက်ယောက်က ညင်ညင်သာသာဖိလာသည်အား ခံစားလိုက်ရသည်။သူက မူလက ဟယ့်ရှဲ့ယိဖြစ်မည်ထင်သော်ငြား ကြည့်ရန်ခေါင်းလှည့်လိုက်ရာ ကုရွှမ်းတုဖြစ်နေသည်အား တွေ့လိုက်ရသည်။

ကုရွှမ်းတုမှာ အနောက်တွင်ရပ်နေရတာကို ငြီးငွေ့နေပုံပေါ်၏။သူက ခေါင်းစောင်းလိုက်ရင်း သူ့ပုခုံးပေါ်မေးတင်လာသည်။

"ဘာဖြစ်လို့လဲ" လင်းရုဖေးက မေးလိုက်သည်။

"ကိုယ်နည်းနည်း ပင်ပန်းနေတယ်"

ကုရွှမ်းတုက ဆက်၍ဆိုသည်။

"ဒါပေမယ့် အဆင်ပြေပါတယ် ..ကိုယ်သာရှောင်ကျို့ပုခုံးပေါ် ခဏလောက်မှီလိုက်ရင် ...ကောင်းသွားမှာပါ"

လင်းရုဖေးက သူ၏သွင်ပြင်အားကြည့်ကာ စိတ်မကောင်းသကဲ့သို့ခံစားလိုက်ရသဖြင့် ဖြောင့်ဖြောင့်ရပ်ကာ ကုရွှမ်းတုအား သူ့ထံမှီခွင့်ပေးလိုက်လေ၏။

****

စာရေးသူမှာ ပြောစရာရှိတယ်~


ကုရွှမ်းတု : ကိုယ်တော်တော် ပင်ပန်းနေတယ်..

လင်းရုဖေး : သစ်သီးခြောက်လုံးစားလိုက်[3]...ဦးနှောက်ကိုအားပြည့်သွားအောင်

ကုရွှမ်းတု : သစ်သီးတွေနေရာမှာ ရှောင်ကျို့နဲ့အစားထိုးလိုက်တာ ပိုကောင်းမယ်..တကယ်တော့ ရှောင်ကျို့[4]က ယန်ထက်ပိုအားရှိတယ်လေ[5]

လင်းရုဖေး : ........

─────────────────────────────────────────────────
[1]ပြသနာတစ်ခုကို အတွေးနဲ့ပဲဖြေရှင်းလို့မရနိုင်တာမျိုး..ဒီစကားစပ်မှာ ထိုင်ပြီးဘာမှမလုပ်ဘဲမနေသင့်ဘူး ဆီးသွားဖို့ထိုင်နေတာမျိုး တခြားဖြေရှင်းချက်တွေရှာရမယ်(ပြောချင်တာက ရေချိုးခန်းသုံးတာမျိုး)

[2] အသံတစ်ခုခုထွက်လာတာမျိုးပါ

[3]သစ်ကြားသီးစားရင်ဉာဏ်ကောင်းတယ်လို့ တရုတ်တွေကဆိုပါတယ်

[4]လူတွေမေ့သွားမှာစိုးလို့ ရှောင်ကျို့က ကြက်သွန်မြိတ်လေးလို့ အဓိပ္ပါယ်ရပါတယ်

[5]အမ် ဒီနေရာ ဘာသာပြန်တာက "ကာမအားတိုးဆေး"ဆိုပေမယ့် ဒီစကားစပ်မှာတော့ အဓိပ္ပါယ်လွဲသွားခဲ့တယ် ဒါကြောင့် ယန်ဓါတ်အားတိုးစေတယ်လို့ တိုက်ရိုက်ပြန်လိုက်ရင်း ထည့်ပေးလိုက်တာပါ

____

Translated By IQ-Team.