အပိုင်း ၂၁၁ (End)
Viewers 92k

Chapter 211 (End) 




ကျိမြန်နဲ့ ရှောင်ကျားရှုရဲ့ ဆက်ဆံရေးက မှန်းဆချက်တွေ အများကြီးရဲ့ အဓိက‌အကြောင်းအရင်း ပြီးတော့ သူတို့လှုပ်ရှားမှုတွေကိုလည်း လူတွေအများကြီးက ဝေဖန်နေကြတာလေ သူတို့ဆက်ဆံရေးက တကယ်ကို ကောင်းလွန်းနေတယ် ဆိုပေမယ့် ရှောင်မိသားစုရဲ့ တုန့်ပြန်ပုံက ဘယ်လိုကြီးလဲ အရမ်းကို ဖြစ်ရိုးဖြစ်စဉ်ကြီးလိုပဲ နှစ်ယောက်လုံး ဂေးနေတာတော့ မဟုတ်လို့ ထင်တယ်နော် မဟုတ်ရင် ဘယ်လိုဖြစ်လို့ ရှောင်တင်းပန်းနဲ့ ရှောင်ချီကျဲက ‌ကျိမြန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလဲ ... 


လူတိုင်းက ဤသို့သာ တွေးလိုက်ကာ ရှောင်ကျားရှုနှင့် ကျိမြန်၏ ရင်းနှီးပူးကပ်မှုကို ထူးဆန်းသည်ဟု မတွေးကြတော့ချေ။ ရှေးရိုးစွဲသူများ၏ အတွေးအခေါ်မှာ အကန့်အသတ် ရှိလှသဖြင့် သူတို့နှစ်ယောက်လုံးသည် လက်ထပ်ပြီးဖြစ်သည့်အပြင် နှစ်ဖက်မိဘ၏ကောင်းချီးကိုပါပိုင်ဆိုင်ထားကြမည်ဟု လုံးဝ မတွေးမိကြပေ။ 


ထို့နောက် နောက်ထပ်စတားအနည်းငယ် ထပ်ရောက်လာသော်ငြား အားလုံးမှာ နောက်တန်းတွင်သာ ဖြစ်ပေသည်။ ထိုင်ခုံကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် စီနီယာများကို လာနှုတ်ဆက်ကြပြီး ၎င်းတို့အနက် တစ်ဦးမှာ အချိန်အတော်ကြာ မတွေ့မိတော့သည့် လင်းလဲ့ယန်ပင်ဖြစ်သည်။ 


သူ့ပြိုင်ဘက်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုသည် ပျင်းတိပျင်းရွဲ ထိုင်နေရာမှ ခါးကိုမတ်ကာ မျက်ဝန်းတို့ကို တောက်ပစေလျက် အံတင်းတင်းကြိတ်ကာ တွေးလိုက်သည်။ 


ကောင်စုတ်လေး ရောက်လာရဲသေးတယ်ပေါ့ ... 


ကျိမြန်က သူ့လက်ဖမိုးကို ဆုပ်ကိုင်ကာ သဘောတကျ ရယ်သွေးသွမ်းလိုက်သည်။ 


သဝန်တိုနေတဲ့ ရှောင်ရှုက အရမ်းချစ်ဖို့ကောင်းတာပဲ ... 


"မစ္စတာကျိ ရှောင်ကျားရှု မတွေ့ရတာ ကြာပြီနော် အခုတလော ဘယ်လိုနေကြလဲ ..." 


လင်းလဲ့ယန်က ဦးညွတ်နှုတ်ဆက်ကာ မေးလိုက်သည်။ 


"အဆင်ပြေပါတယ် ..." 


ရှောင်ကျားရှုက ကျိမြန်ပေါ် မှီချကာ ပြန်ဖြေရင်း ရုတ်ချည်း ကြောင်အသွားတော့သည်။


"ဟေး မင်းကြည့်ရတာ ပြောင်းလဲသွားသလိုပဲ အရင်ထက် အများကြီးကို ပိုချောလာတယ် ..." 


သူသည် တည့်တိုးဆန်တတ်သူ ဖြစ်သည့်တိုင် ကိုယ်ရေးကိုယ်တာ အညှိုးအတေးကြောင့် တစ်ဖက်သူကို သိမ်ငယ်စိတ်ဝင်သွားအောင် လုပ်တတ်သည့် လူစားမျိုး မဟုတ်ချေ။ 


လင်းလဲ့ယန်က နှာတံကို တို့ထိကာ ရယ်လိုက်သည်။ 


"နှာခေါင်းကို ပြင်ထားလို့ပါ အဲဒါကြောင့် ပိုပြီး ဓာတ်ပုံစားလာတာ ..." 


သူ့ကို ကြည့်ကောင်းသည်ဟု ချီးကျူးသည်မှာ ရှောင်ကျားရှုက ပထမဆုံးဖြစ်သည်။ ကသိကအောက်ဖြစ်ဖွယ် ကိစ္စများ ဖြစ်ခဲ့သည့်တိုင် ရှောင်ကျားရှုကို စိတ်အနှောင့်အယှက် မဖြစ်မိပေ။ 


အသက်မွေးဝမ်းကြောင်းအတွက် သရုပ်ဆောင်များသည် အနည်းနှင့်အများ ခွဲစိတ်ပြုပြင်ကြရရာ ၎င်းမှာ ကိစ္စကြီးတစ်ခု မဟုတ်ချေ။ သူတို့အလုပ်မှာ သာမန်သူတို့နှင့် ခြားနားကာ ရုပ်ရည်သွင်ပြင် ခန္ဓာကိုယ်အချိုးအဆစ်က အခြေခံ ဖြစ်သည့်အတွက် ၎င်းတို့ကို မထိန်းသိမ်း၍ မရပေ။ ရှောင်ကျားရှုက ခေါင်းငြိမ့်ကာ နောက်တစ်ကြိမ် ချီးကျူးလိုက်ပြန်သည်။ 


"တကယ်ကို ဓာတ်ပုံစားတယ် ..." 


တစ်ချိန်တည်း ပွဲဦးထွက်လာသူထံမှ ပထမဆုံးအကြိမ် အကောင်းဘက် ဦးတည်သည့် မှတ်ချက်မျိုး ရဖူးခြင်း ဖြစ်သည့်အပြင် မနာလိုခါးသီးမှု တစ်စုံတစ်ရာလည်း မပါဝင်သည့်အတွက် လင်းလဲ့ယန်၏ စိတ်အာရုံတို့ လွန်စွာ သက်တောင့်သက်သာ ဖြစ်လာတော့သည်။ စကားအနည်းငယ် ဖလှယ်ပြီးနောက် နှုတ်ဆက်ကာ သူ့နေရာသို့ ပြန်လာလိုက်၏။ 


ရှောင်ကျားရှုက တကယ်ကို ထူးဆန်းတာပဲ စစချင်း တွေ့တဲ့သူဆို သူ့ကို ထောင်လွှားမောက်မာတယ် ထင်ပြီး သူနဲ့ ခပ်ဝေးဝေး နေရင်နေ မဟုတ်ရင် မုန်းတောင် မုန်းကြလိမ့်ဦးမယ် ဒါပေမယ့် သူ့အကြောင်း သိလေလေ သူ့ကို ပိုပြီး သဘောကျမိလာလေပဲ ဖူးစာဆိုတာမျိုးက မယုံလို့ကို မရဘူး ဖူးစာမပါရင် ဘယ်လောက်ကြိုးစားကြိုးစား ကွဲမှာပဲ ဖူးစာပါရင်တောင် ဘယ်လိုတွေပဲ အကြီးကြီး အထင်လွဲလွဲ တစ်နေ့မဟုတ်တစ်နေ့ ဆုံကိုဆုံတယ် ... 


သူထွက်သွားပြီးနောက် ရှောင်ကျားရှုက ထိုင်ခုံနောက်မှီပေါ် ပြန်မှီချကာ ကျိမြန်၏ လက်ဖမိုးကို လက်ဖျားထိပ်ဖြင့် အသာထိလိုက်သည်။ ခန်းမထဲတွင် သရုပ်ဆောင်တို့၏ လှုပ်ရှားမှုကို ရိုက်ကူးနေသည့် ကင်မရာများ အများအပြား ရှိနေကြောင်း သိသည့်တိုင် လုံးဝ ဖုံးကွယ်မထား။ စကားပြောနေကြသော ရှောင်ချီကျဲနှင့် ကျိမြန်က သူ့ကို လှမ်းကြည့်လိုက်ရာ မျက်ခုံးတို့ကို တင်းထားပုံမှာ လွန်စွာ အာရုံစိုက်နေသည့်ဟန်။ 


သူတို့အကြား လေထုမှာ လွန်စွာ ဒွိဟဖြစ်ဖွယ်ကောင်းကာ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် တစ်ခုခု ရှိနေမှန်း သိသာပေသည်။ သို့သော် ရှောင်ချီကျဲ၊ ရှောင်တင်းပန်းနှင့် ရွှယ်မြောင်တို့က ဘယ်ညာခြံရံကာ ထိုင်နေသည့်အတွက် မည်သို့မှ ထင်ကြေးမပေးရဲကြတော့။ 


အားလုံး စုံညီရောက်ရှိပြီးနောက် ဆုပေးပွဲအခမ်းအနားကို တရားဝင် စတင်တော့သည်။ ရှောင်ကျားရှု <<တမန်တော်>> <<Running all the way>> နှင့် <<ဧကရီဘုရင်မ >> ဇာတ်လမ်းတွဲသုံးခုလုံး ဆန်ကာတင်စာရင်းထဲ ပါဝင်နေပေသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကတွင် ကြီးမားသည့် ထုတ်လုပ်ရေး၊ မြင့်မားသည့် အရည်အသွေးနှင့် ဂုဏ်သတင်း ကြီးကျယ်သည့် လူသစ်သရုပ်ဆောင်ဟူ၍ အများအပြား မရှိရာ ‌ဓာတ်ပုံဆရာများက သူ့ကိုသာ ခဏခဏ အာရုံထားနေကြတော့သည်။


<<Running all the way>> ဖြင့် အကောင်းဆုံး သရုပ်ဆောင်ဆုကို ဝင်ရောက်ယှဉ်ပြိုင်၍ ရသော်ငြား လက်လျော့လိုက်သည်။ ဝူချွမ်းရီသည် အခြေခံ ခိုင်မာသည့် သရုပ်ဆောင်တစ်ဦးဖြစ်ကာ နောက်ခံမရှိ၊ အဆက်အသွယ် မရှိသည့်တိုင် အလုပ်ကို ပြင်ပြင်းထန်ထန် ကြိုးစားသူ ဖြစ်သည့်အတွက် သူ့ကို အခွင့်အရေး ပေးလိုသောကြောင့် ရှောင်ကျားရှုသည် အကောင်းဆုံး အရန်သရုပ်ဆောင်ဆုကိုသာ ရွေးချယ်လိုက်သည်။ <<တမန်တော်>>နှင့် <<ဧကရီဘုရင်မ>> တွင် သူ သရုပ်ဆောင်ခဲ့သည်များမှာလည်း ချီးကျုးထိုက်သော်ငြား <<ဧကရီဘုရင်မ>> တွင် လီရှန်းကျစ်အဖြစ် သရုပ်ဆောင်ခဲ့ခြင်းက ပိုမို ရင့်ကျက်သည့်အတွက် ၎င်းကိုသာ ဆန်ခါတင်ဇာတ်ကောင်အဖြစ် ရွေးချယ်လိုက်တော့သည်။ 


အကောင်းဆုံး အရန်သရုပ်ဆောင်ဆု ကြေငြာတော့မည့်အခါ စခရင်ထက်တွင် ဆန်ခါတင်စာရင်းဝင် သရုပ်ဆောင်တို့၏ ဇာတ်ကွက်အသီးသီး ပေါ်ထွက်လာတော့သည်။ လီရှန်းကျစ်က ဓားကိုလွှဲကာ အဖြူရောင် ဖယောင်းတိုင်နှင့် နံ့သာအိုးတို့ကို ခုတ်ပိုင်းပြီး တောက်လောင်နေသော မီးတောက်အလယ်တွင် ခေါင်းတလားထဲသို့ ခုန်ဆင်းလိုက်သည်။ စိတ်ပျက်အားငယ််မှုနှင့် စိတ်သက်သာရာရမှုတို့ ရောယှက်နေသည့် သူ့နောက်ဆုံးပုံစံမှာ မမေ့ဖျောက်နိုင်စရာပင်။ 


ကင်မရာသမားက ရှောင်ကျားရှု၏ တုန့်ပြန်ချက်ကို ရိုက်ကူးရန် ကင်မရာကို လှည့်လိုက်သည့်အခါ အနည်းငယ် စိတ်ဖိစီးနေဟန်ဖြင့် စခရင်ကို ငေးကြည့်နေသူအား တွေ့လိုက်ရတော့သည်။ 


"မစိုးရိမ်ပါနဲ့ ကိုယ့်နှလုံးသားထဲမှာ မင်းက အကောင်းဆုံးပဲ ..." 


ကျိမြန်က သူ့လက်ဖမိုးကို အသာပုတ်ပေးလိုက်သည်။ 


အခြားသူများအတွက်မူ ဤစကားမှာ နှစ်သိမ့်ပေးရာတွင် သုံးသော ဖန်တစ်ရာတေနေသည့် လက်သုံးစကား ဖြစ်သော်ငြား ကျိကော၏ နှလုံးသားထဲတွင်မူ သူသည်သာ အကောင်းဆုံးဖြစ်ကြောင်း ရှောင်ကျားရှုလည်း နက်နက်ရှိုင်းရှိုင်း သိထားပေသည်။ ဤသို့ပြောရသည်မှာ အနည်းငယ် ကိုယ်ရည်သွေးရာ ရောက်နိုင်သော်ငြား ကျိကော၏ နှလုံးသားထဲတွင် သူသည် အကောင်း‌ဆုံး အရန်သရုပ်ဆောင် ဖြစ်ရုံသာမက အကောင်းဆုံးဇာတ်လိုက်လည်း ဖြစ်နိုင်ကာ အကောင်းဆုံးဟူသည့် ဂုဏ်ပုဒ်မှန်သမျှသည် သူ့အတွက်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ ထို့နည်းတူ သုူ့အတွက် ကျိကောသည်လည်း အတူတူပင်ဖြစ်သည်။ 


ကျိကော၏ အသိအမှတ်ပြုခြင်းကို ခံရသည်မှာ သူ့အတွက် အကောင်းဆုံး ဆုလာဘ်ပင်ဖြစ်သည်။ ရွှေဆုဖြစ်စေ အော်စကာဆုဖြစ်စေ ကျိကော၏ အသိအမှတ်ပြုမှုကို မယှဉ်နိုင်။ ထို့ကြောင့် ချက်ခြင်း စိတ်အေးလက်အေး ဖြစ်လာကာ အပြုံးခပ်ရေးရေးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ 


သူပြောလိုက်သည့်စကားကြောင့် သူ့ချစ်သူလေး ပျော်ရွှင်သွားကြောင်း သိလိုက်ရသည့်အခါ ကျိမြန်လည်း ကျေနပ်စိတ်တို့ တသိမ့်သိမ့် ထွက်ပေါ်လာတော့သည်။ ရှောင်ကျားရှုသည် သူ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရကြောင်း သတိထားလိုက်မိသည့်အတွက် သူ့ကို နေ့ရက်တိုင်း အထူးဂရုစိုက်ကာ ပျော်ရွှင်အောင် ထားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ရှောင်ရှု၏ နှလုံးသားထဲမှ အချစ်စိတ်များ သူ့ထံ ကူးစက်လာသည့်အခါ သူလည်း အလိုလို ပျော်ရွှင်လာပြီး ပင်ပန်းဆင်းရဲမှု တစ်စုံတစ်ရာကိုမှ မခံစားရ။ ရှောင်ရှု၏ လိုအပ်ချက်များမှာလည်း လွန်စွာ နည်းပါးလှကာ အနမ်းတစ်ပွင့်၊ ပွေ့ဖက်မှုတစ်ခု၊ နွေးထွေးသည့် စကားလုံးများနှင့် ဂရုစိုက်ပေးသည့် စာတိုတစ်ခုကပင်လျှင် သူ့ကို တစ်နေ့လုံး ပျော်ရွှင်အောင် စွမ်းဆောင်နိုင်နေပြီဖြစ်သည်။ 


စိတ်ဖတ်သည့်အစွမ်းကို မသုံးသည့်တိုင် သူ့အတွေးတို့ကို ခန့်မှန်း၍ ရနေသည်။ 


"ကျိကော ကျွန်တော် အခု မစိုးရိမ်တော့ဘူး ..." 


ရှောင်ကျားရှုက သူ့နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ 


"ကောက ကျွန်တော့်ရဲ့ ဆုတံဆိပ်ပဲ ..." 


ကျိမြန်က ခေါင်းမော့ကာ ခပ်တိုးတိုးရယ်မောပြီး သူ့ကို ပွေ့ဖက်နမ်းရှိုက်ချင်စိတ်များအား အစွမ်းကုန် ဖိနှိပ်ထားလိုက်တော့သည်။ 


အခြားသော သရုပ်ဆောင်များကဲ့သို့ ကိုယ်နေဟန်ထား တင်းတောင့်မနေ၊ ခပ်ရေးရေးပင် ပြုံးနေလိုက်သေးသည့် ရှောင်ကျားရှုကို သတိထားမိလိုက်သော ကင်မရာသမားက သူ့မျက်နှာကို အနီးကပ် ရိုက်ကူးပြလိုက်၏။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများက သူ၏ တည်ငြိမ်သည့် စိတ်ထားအား ချီးကျူးကာ နားနားကပ်ကာ စကားပြောနေသည့် သူနှင့် မစ္စတာကျိ၏ ပုံကို screenshot ရိုက်ယူထားလိုက်သည်။ 


ဒီ CP ရဲ့ ပရိသတ်ဖြစ်ရတာ အရမ်းကောင်းတာပဲ နေ့တိုင်း ခွေးစာအပြည့်နဲ့ အားဖြည့်နေလို့ရတယ် ဒီ့ထက်နည်းနည်းလောက် တိုးပေးကြပါဦးလား နှာခေါင်းထိပ်ဖျားချင်းတောင် ထိနေပြီဆိုတော့ နောက်တစ်ဆင့်က နမ်းရမယ့်အဆင့်ပဲ ... 


များမကြာမီ ပရိသတ်၏ မျက်စိရှေ့မှ ကျိမြန် ပျောက်ကွယ်သွားကာ နေရာလွတ်တစ်ခုသာ ကျန်ခဲ့တော့သည်။ ရှောင်ကျားရှုကလည်း စခရင်ကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေသည်။ 


[ဖာ့ခ် မျက်စိတစ်မှိတ်လေး အတွင်းမှာကို ထသွားပြီ သူတို့နှစ်ယောက် အတူတူ မရှိတာကို ဘာလို့ နေသားမကျသလိုကြီး ခံစားနေရတာလဲ ] 


ပရိသတ်တစ်ဦးက ငြီးတွားလိုက်သည်။ 


[ငါသိတယ် ဘာလို့ဆို ကျိလောင်ရှီးက ရှောင်ရှုမြောင်အနား မရှိလို့လေ သူတို့နှစ်ယောက်ကို အတွဲလိုက် တွေ့နေကျဆိုတော့ တစ်ယောက်မရှိတာနဲ့ ချက်ခြင်းကြီး ထူးဆန်းသွားတာ ] 


[ကျိလောင်ရှီးက ဆုကြေငြာရမှာ မဟုတ်လား ရှောင်ကျားရှုသာ ဆုရသွားရင် စဉ်းစားကြည့်လိုက်ကြ ... ဟားဟားဟား]


[အရမ်းကို ချိုမြိန်နေမှာပဲ ရှောင်ရှုမြောင်သာ ဆုမရရင် ကျိလောင်ရှီးက ဆုကြီးကိုပါ လွှင့်ပစ်မလားပဲ ဟားဟားဟား] 


ဆန်ခါတင်သရုပ်ဆောင်များနှင့် သရုပ်ဆောင်ချက်အသီးသီးကို ပြသပြီးနောက် တင်ဆက်သူက ဆုကြေငြာပေးမည့် ဧည့်သည်တော်အား ဖိတ်ခေါ်လိုက်သည်။ ကျိမြန်က လှပသည့် ကတ်တစ်ခုနှင့်အတူ တက်လာ၏။ အားလုံး လက်ခုပ်သံပြိုင် တီးလိုက်ကြကာ အွန်လိုင်းပေါ်မှတစ်ဆင့် ကြည့်နေကြသူများကမူ ပါးစပ်ကို အုပ်လျက် သဘောတကျ ရယ်မောလိုက်ကြတော့သည်။ 


ဆုပေးရမယ့်သူက တကယ်ကြီး ကျိလောင်ရှီးကွ ဆုရတဲ့သူက ရှောင်ရှုသာ မဟုတ်လို့ကတော့ ပွဲစီစဉ်သူကို တစ်နှစ်လုံးစာ မုတ်ဆိတ်ရိတ်ဓားတွေ ပို့ပေးလိုက်မယ် ... 


"မစ္စတာကျိ ဘယ်သူ ဆုရမယ်လို့ ထင်လဲ ..." 


တင်ဆက်သူက သူ့အတွက် တွင်းတစ်ခု တူးပေးလိုက်သည်။ 


"လူတိုင်းမှာ အခွင့်အရေး ရှိပါတယ် ..." 


ထိုသို့ ပြောလိုက်သည့်တိုင် သူ့အကြည့်တို့မှာမူ ရှောင်ကျားရှုထံသာ ရစ်ဝဲနေပေသည်။ 


ရှောင်ကျားရှုက ပါးစပ်ကို အုပ်ထားလိုက်၏။ ဂုဏ်ယူနေသည့် အမူအယာကို မတွေ့ရတော့သည့်တိုင် ကွေးတက်နေသည့် မျက်ခုံးတို့က သူ့ကိူ သစ္စာဖောက်နေပေသည်။ 


တင်ဆက်သူက "အိုး" ဟု အာမေဋိတ် ပြုလိုက်လျှင် အွန်လိုင်းပေါ်မှ ကြည့်ရှုသူများကလည်း သူ့နောက်မှ သံယောင်လိုက်လိုက်ကြသည်။ 


ကျိလောင်ရှီးရေ ဟန်ဆောင်မနေပါနဲ့ ရှောင်ကျားရှုကို ဒီထက်နည်းနည်းလောက်ပိုပြီး အားတက်သရော ကြည့်ပေးလို့ ရမလား ... 


"ကောင်းပါပြီ အခု မစ္စတာကျိက အကောင်းဆုံး အရန်သရုပ်ဆောင်ဆုကို ကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ ..." 


တင်ဆက်သူက လက်ကိုမြှောက်ကာ ပြောလိုက်သည်။ 


ကျိမြန်က ကတ်ကို ဖြည်းဖြည်းချင်းဖွင့်ကာ နာမည်ကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးကာမှ  ဝမ်းမြောက်ဝမ်းသာ ကြေငြာလိုက်သည်။ 


"ဒီနှစ်ရဲ့ အကောင်းဆုံး အရန်သရုပ်ဆောင်ဆုကို ရရှိသွားသူကတော့ ..." 


သူ့ကောင်လေးကို ခပ်ပြုံးပြုံး စိုက်ကြည့်ကာ အတူမရှိ နူးညံ့မှု အပြည့်ဖြင့် နာမည်သုံးလုံးကို မြွက်ဟလိုက်သည်။ 


"ရှောင် ကျား ရှု ..." 


ကြည့်ရှုနေသူအားလုံး တစ်ညီတစ်ညာတည်း လက်ခုပ်ဩဘာပေးလိုက်ကြကာ အွန်လိုင်းပေါ်မှတစ်ဆင့် ကြည့်နေသူများကလည်း ဂုဏ်ပြုစကားများ ရေးသားလိုက်ကြသည်။ ဤဆုကို ရှောင်ကျားရှု ရမည်ဖြစ်ကြောင်း သိရန် အတွင်းလူ မလိုအပ်။ ဤနှစ်အတွက် ဆန်ခါတင်စာရင်းတွင် သူ့ရုပ်ရှင်သုံးခုလုံး ပါဝင်ကာ တစ်ခုချင်းစီတိုင်းမှာလည်း လွန်စွာ အံ့ဩဖွယ် ကောင်းလှသည်။ အကောင်းဆုံး သရုပ်ဆောင်ဆုကိုပင် ယှဉ်ပြိုင်၍ ရနိုင်သော်ငြား အခြားသူများကို အခွင့်အရေး ပေးချင်၍ လက်လျော့ခဲ့ခြင်းဖြစ်ကာ သူသည် သန်မာသည့် အရည်အချင်းကြောင့် လူသိများသူဖြစ်သည်။ 


ရှောင်ကျားရှုက မတ်တပ်ထရပ်ကာ အခြားသူများကို လက်ပြနှုတ်ဆက်ပြီး ရှောင်တင်းပန်း၊ ရွှယ်မြောင်၊ ရှို့ချန်ယုတို့ကို ပွေ့ဖက်လိုက်သည်။  ရှောင်ချီကျဲက လက်ကိုသာဆန့်ထုတ်ပေးလိုက်သော်လည်း သူက မတုန့်မဆိုင်းဘဲ ပွေ့ဖက်ကာ နောက်ကျောကို နှစ်ကြိမ်ခန့် ပုတ်လိုက်သည်။ ဤအသံတိတ် သင့်မြတ်ခြင်းကြောင့် ရှောင်ချီကျဲမှာ မျက်ရည်များပင် ဖြိုင်ဖြိုင်ကျလာတော့သည်။ 


ဒါက သူ့သားလေး ပြီးတော့ သူ့အတွက်လည်း အရမ်း ဂုဏ်ယူရတယ် ... 


ရွှယ်မြောင်၏ မျက်လုံးတို့ နီမြန်းလာကာ တစ်ဖက်ကိုလှည့်၍ မျက်ရည်စတို့ကို သုတ်လိုက်သည်။ သူမက  ရှောင်ချီကျဲကို မုန်းသည့်တိုင် သားဖြစ်သူကိုတော့ သူချစ်ရသူများအတွက် လိုက်ပါမမုန်းတီးစေလို။ သူသည် အကောင်းဆုံး လူတစ်ယောက်၊ ကြင်နာတတ်ပြီး စိတ်သဘောထား ကျယ်ပြန့်သူတစ်ယောက်အဖြစ် ကြီးပြင်းလာကာ သူ့ဘဝခရီးလမ်း စတင်ပြီဖြစ်သည်။ 


ရှောင်ကျားရှုက စင်ပေါ်တက်ကာ ကျိမြန်အနီးသို့ ခပ်ဖြည်းဖြည်း လျှောက်လာလိုက်သည်။ ဆုကို မယူဘဲ တစ်ဖက်သူကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။ ကျိမြန်ကလည်း ဆုကို စင်ပေါ်ထားကာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။ သူတို့အဖို့ ဆုတံဆိပ်ဟူသည် မရှိလျှင်လည်း ဖြစ်သည့် အလှပြ အဆင်တန်ဆာမျှသာဖြစ်ကာ တစ်ယောက်ဘေးတွင် တစ်ယောက်က ရှိနေပေးခြင်းကသာ အရေးအကြီးဆုံးဖြစ်သည်။ 


[အား ... တောင်းပန်ပါတယ် ငါ ခွေးစာတွေ အများကြီး စားလိုက်မိတော့ လေချဉ်တက်မိတော့မယ်ထင်တယ် ] 


[ဆုကို လိုချင်သေးရဲ့လား] 


[ဆုတံဆိပ်လေး : ငါ့ကို ကြည့်ကြပါဦး ငါက အကောင်းဆုံး အရန်ဇာတ်ကောင်ဆုအတွက် ပေးတဲ့ ဆုတံဆိပ်လေးလေ ] 


ပရိသတ်တို့၏ စနောက်မှုများ ထွက်ပေါ်လာသည့်တိုင် သူတို့သည်လည်း ထပ်တူ စိတ်လှုပ်ရှားနေရပေသည်။ နှစ်‌ယောက်သား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် မြင်ကွင်းမှာ လွန်စွာ နွေးထွေးလွန်းလှသည့်အတွက် ပြန်ကြည့်ချိန်တိုင်း အလိုလို ပြုံးမိလာတော့သည်။ 


ကျိမြန်က သူ့နောက်ကျောကို ပုတ်ပေးလိုက်သည်။ ထိုအခါမှ ရှောင်ကျားရှုလည်း ဘေးတွင် ချထားသည့် ဆုကို ယူကာ ကျေးဇူးတင်စကား ပြောလိုက်တော့၏။ သူ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနှင့် ဝန်ထမ်းတို့ကို ကျေးဇူးတင်ပြီးနောက် ကျိမြန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။ 


"နောက်ဆုံးအနေနဲ့ ကျွန်တော့်ကို ဦးတည်ရာမဲ့နေတဲ့ လမ်းကြောင်းပေါ်က ဆွဲထုတ်ပေးခဲ့တဲ့ ကျိကောကို ကျေးဇူးတင်ချင်ပါတယ် သူသာ မရှိရင် ဒီနေ့ ရှောင်ကျားရှုဆိုတာလည်း ရှ်ိလာမှာ မဟုတ်ပါဘူး ..."


ထို့နောက်တစ်ဖန် ကျိမြန်ရင်ခွင်ထဲ တိုးဝင်ကာ ပွေ့ဖက်လိုက်ပြန်သည်။ လူတိုင်းမြင်နေရသည့် ရှူထောင့်တွင် ရပ်နေရင်းပင် သူ့ကိူ ခပ်တိုးတိုး ပြောလိုက်၏။ 


"ကျိကော ကောက ကျွန်တော့်ရဲ့ လက်ရှိ၊ အနာဂတ် ပြီးတော့ ကျွန်တော့်တစ်ဘဝလုံးပဲ ကောကိုချစ်တယ် ..." 


ကျိမြန်၏ မျက်ဝန်းတို့ စိုစွတ်ကာ တရိပ်ရိပ် ထိုးတက်လာသည့် ခံစားချက်တို့ကို ထိန်းချုပ်ရင်း နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ 


"ကိုယ်လည်း မင်းကို ချစ်တယ် ..." 


ပရိသတ်က ‌သောင်းသောင်းဖျဖျ လက်ခုပ်ဩဘာ ချီးမြှင့်လိုက်သည်။ သူတို့ပြောနေသည့် စကားကို မည်သူမှ မကြားရသည့်တိုင် ပျေ

ာ်ရွှင်မှုနှင့် စိတ်ခံစားချက်တို့ကိုမူ အလိုလို ခံစားသိရှိနေကြပေသည်။ 




ပြီးပါပြီရှင် ...

Extra လေးနှစ်ပိုင်းပြီးရင် သစ်ပင်ပေါက်လေးနဲ့ခွဲရပါပြီ .....