Chapter 210
တွေ့လိုက်လား ကျိမြန်က နူးနူးညံ့ညံ့လေး ပြုံးပြီး ရှောင်ကျားရှုနားနားလေး ကပ်ပြောနေတာလေ စိတ်လှုပ်ရှားလွန်းလို့ မူးမေ့လဲတော့မှာပဲ ...
ဒီစုံတွဲက အရမ်းကို ချိုမြိန်ပြီး ဆွဲဆောင်မှု ရှိလွန်းလို့ တစ်ခြားဧည့်သည်တွေကိုပါ သတ်မိတော့မယ့်အတိုင်းပဲ သူတို့ရဲ့ ချောမောတဲ့ မျက်နှာလေးတွေ၊ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစားတွေ၊ တင့်တင့်တယ်တယ် လှမ်းလာတဲ့ ခြေတံရှည်ကြီးတွေ သူတို့က တကယ်ကို ...
ပရိသတ်များမှာ သူတို့ကို မည်သို့မည်ပုံ ဖော်ပြသင့်မှန်းပင် မသိတော့ချေ။ သို့သော် သူတို့နှစ်ယောက်မှာ အတူတူ ရှိနေသင့်သည်ဟုတော့ အခိုင်အမာ ယုံကြည်ထားသည်။ အကယ်၍ ဤနေ့တွင် အမျိုးသမီးသရုပ်ဆောင်တစ်ဦးစီနှင့် တွဲလျက်သာ ရောက်လာပါလျှင် နဖူးစည်းများ မြှောက်ကိုင်ကာ ဆန္ဒပြတော့မည်ဖြစ်သည်။
"ကျိလောင်ရှီး ရှောင်ကျားရှု ချစ်တယ်..."
"ကျိလောင်ရှီး ရှောင်ကျားရှု ရှေ့ဆက်ပြီးတော့လည်း အတူတူ အလုပ်တွဲလုပ်သွားကြရမယ်နော် ရှင်တို့ရဲ့ ရုပ်ရှင်တွေကို ကြည့်ရတာ ကြိုက်တယ် ..."
အမှန်တကယ် ပြောလိုသည်မှာ ဤသို့ဖြစ်သည်။
"ရှင်တို့တွေ အတူတူ ရှိသွားကြရမယ်နော် လမ်းမခွဲကြနဲ့ ..."
သို့သော် လူအများကြားတွင် ထုတ်ပြော၍ မသင့်တော်သည့်အတွက် သူမ၏ စကားများကို ပြန်၍သာ မျိုသိပ်ထားလိုက်ရတော့သည်။
ကျိမြန်က သူမ၏ စကားကို ကြားလိုက်သည့်ဟန် သူမ ရှိနေသည့်နေရာသို့ လှည့်ကြည့်ပြီး ရှောင်ကျားရှု၏ ပုခုံးကို ပုတ်လိုက်သည်။ နှစ်ယောက်လုံး တစ်ပြိုင်တည်း လှည့်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်မှာ လွန်စွာ သဟဇာတဖြစ်လှပေသည်။
"အား အား အား ဒီ လူအိုကြီးရဲ့ နုနုနယ်နယ် အသည်းလေးကတော့ ..."
ပရိသတ်တစ်ယောက်က ရင်ဘတ်ကို ဖိကိုင်ကာ သူမသူငယ်ချင်း၏ ရင်ခွင်ထဲသို့ အသာလှဲချလိုက်သည်။
ဒီမြင်ကွင်းလေးက အရမ်းကို ပီတိဖြစ်စရာပဲ သူမ ချစ်သူမရှိရင်နေ သူတို့နှစ်ယောက် ကြိုက်သွားတာပဲ မြင်ချင်တော့တယ်...
"ကျိကော ကျွန်တော်တို့မှာ ပရိသတ်တွေ အများကြီးပဲ ..."
လူအုပ်ထဲကို လက်ယမ်းပြလိုက်သည့် ရှောင်ကျားရှုမှာ စိတ်လှုပ်ရှားမှုကြောင့် ပါးနှစ်ဖက် နီမြန်းလာတော့သည်။ သူ့ကိုယ်သူ မည်မျှနာမည်ကြီးမှန်း ပထမဆုံးအကြိမ် သဘောပေါက်သွားခြင်း ဖြစ်ပေသည်။ ဆက်တိုက် ထွက်ပေါ်လာသည့် ကင်မရာမီးရောင်များကြောင့် မျက်ဝန်းတို့ ခြောက်ကပ်လာသော်ငြား တစ်ချိန်တည်းမှာပင် မတူညီသည့် ကျေနပ်မှုတစ်စုံတစ်ရာကို ပေးစွမ်းနေပေသည်။ ဤခံစားချက်မှာ နာမည်ကြီးသည့်အပေါ် ကျေနပ်အားရမှုကြောင့် ထွက်ပေါ်လာခြင်း မဟုတ်၊ အလုပ်ကြိုးစားပြီးနောက် ရရှိလာသည့် ကျေနပ်မှု ဖြစ်ပေသည်။
"ရှေ့လျှောက် ပိုတောင် များလာဦးမှာ မင်းမှာ ရှေ့ဆက်ရမယ့်လမ်းတွေ အများကြီး ရှိသေးတယ် ကိုယ်ကအမြဲဘေးနားမှာရှိသွားပေးမယ် ..."
ကျိမြန်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည့်အခါ ပရိသတ်တို့၏ ဆူဆူညံညံ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထိုတုန့်ပြန်ချက်မှာ အံ့ဩလောက်စရာ မဟုတ်တော့ချေ။
ရုပ်ရှင်များစွာ အတူတူ ရိုက်ဖူးသည့်အပြင် ရိုက်ဖူးသမျှအားလုံး တွဲဖက်အဖြစ် ပါဝင်ထားသော်ငြား တစ်ခုမှ ဇာတ်သိမ်းမကောင်း။ အရေအတွက် တိုးများလာသည့် CP fan များမှာ ထိုဇာတ်သိမ်းအပေါ် အတော်စိတ်မကောင်းဖြစ်ရသည့်အတွက် သူတို့၏ လက်တွေ့ဘဝတွင် အနည်းငယ် ပိုမိုပျော်ရွှင်စေရန် ဆုတောင်းမိကြတော့သည်။ တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေသည်ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် အချင်းချင်း ပုခုံးချင်းဖက်၊ တစ်ယောက်တစ်လှည့် ခေါင်းပုတ်ပေးကာ ချိုမြိန်ဖွယ် အချစ်ဇာတ်လမ်းအသီးသီးကို ကြံဆတွေးတောလိုက်ကြတော့သည။
ကျိမြန်မှာ ပြုံးလျက်နှင့် ခေါင်းယမ်းရုံသာ တတ်နိုင်တော့သည်။ ထိုသူတို့၏ အတွေးကို စိတ်မဆိုးသလို သူနှင့် ရှောင်ရှု၏ ဆက်ဆံရေးကို တစ်ကမ္ဘာလုံး သိသွားမည်ကိုလည်း စိုးရိမ်ခြင်း မရှိ။ သူတို့မှာ စုံတွဲများ ဖြစ်သည့်အတွက် ကြောက်လန့်နေစရာ မလိုအပ်ချေ။
ဤသို့ တည့်တိုးဆန်လှသည့်အတွက်လည်း အပြင်လူများက သံသယဝင်သည့်တိုင် အမှန်တကယ် တွဲနေပါသည်ဟု မထင်ကြခြင်းဖြစ်သည်။ ထိုတစ်ခဏ၌ ရွှယ်မြောင်နှင့် ရှို့ချန်ယုတို့ ရောက်လာသည်ကို တွေ့လိုက်ရသည့်အတွက် ကျိမြန်နှင့် ရှောင်ကျားရှုလည်း ကော်ဇောနီအလယ်တွင်သာ ရပ်နေလိုက်ကြတော့သည်။
ရွှယ်မြောင်နှင့် ရှို့ချန်ယုတို့က လက်ချင်းတွဲလျက် လျှောက်လာလိုက်ကြသည်။ သူတို့နှစ်ဦးထံ လျှောက်လာပြီးနောက် ပြုံးကာ စကားစမြည်ပြောပြီး မီဒီယာထံ ဓာတ်ပုံအရိုက်ခံကာ ဆက်လျှောက်လာလိုက်ကြသည်။ ရွှယ်မြောင်က ကျိမြန်၏ ပုခုံးကို ကြင်ကြင်နာနာ ပုတ်ပေးလိုက်ပြီး ကျိမြန်ကလည်း သူမကို လေးစားစွာ ဆက်ဆံသည်။ အချိန်ကျလာ၍ အထဲဝင်ရမည့်အချိန်တွင် ရှို့ချန်ယုက သူမကို ကူတွဲပေးပြီး ကျိမြန်က ရှောင်ကျားရှု ခါးကိုဖက်ကာ သူ့ခြေထောက်တို့ကို အကြည့်ကပ်ရင်း အလွန်အမင်း ကာကွယ်လိုဟန်တို့ ထုတ်ပြလိုက်သည်။ သူ့ပုံစံမှာ လွန်စွာ ဒွိဟဖြစ်ဖွယ် ကောင်းလှသော်ငြား ရွှယ်မြောင်ရှိနေသည့်အတွက် မည်သူမှ မသင့်လျော်သည့် အတွေးမျိုး မတွေးရဲကြတော့ချေ။
ဒီနှစ်ယောက်ကသာ တကယ်ကြီး တစ်ခုခုဆိုရင် ရွှယ်မြောင်က ဒီလောက်အထိ နီးနီးကပ်ကပ် နေခိုင်းပါ့မလား မဖြစ်နိုင်လိုက်တာ စိတ်ကူးယဉ်က စိတ်ကူးယဉ်ပဲပေ့ါ အမှန်တကယ် ဖြစ်မလာနိုင်ပါဘူး ...
ခေါင်းစီးရေးရန် ပြင်နေကြသူများက ချက်ခြင်းပင် ယခင်အကြံများကို လက်လျော့ကာ ပိတ်ကားထက်ကို စိုးမိုးသွားမည့် သားအမိနှစ်ယောက်အကြောင်း စာတစ်တန် ပေတစ်တန် ဖွဲ့နွဲ့ရေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။
လေးယောက်သား စင်ပေါ်ရပ်ကာ တင်ဆက်သူနှင့် စကားအနည်းငယ် ပြောပြီးနောက် နံရံပေါ် လက်မှတ်ထိုးကာ ခန်းမထဲ ဝင်လာလိုက်ကြတော့သည်။ ဝင်ဝင်ချင်း အမှောင်ထုကို ကြုံတွေ့လိုက်ရသည့်အတွက် ရှောင်ကျားရှုက ကျိမြန်လက်ကို ဆွဲကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ကော်ဇောနီပေါ်တွင် ကျိမြန်က သူ့ကို အမြဲတမ်း အဖော်ပြုပေးမည်ဟု ပြောခဲ့ကတည်းက ဤသို့ လုပ်ချင်နေခဲ့ခြင်းဖြစ်သည်။
ကျိမြန်ကလည်း သူ့လက်တို့ကို ပြန်လည်ဆုပ်ကိုင်ကာ မီးရောင်ထိန်လင်းနေသည့် နေရာအထိ အတူတူ လက်ချင်းတွဲလာလိုက်သည်။ ထို့နောက် ဘာမှ မဖြစ်သည့်နှယ် ရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်၏။ ဝါရင့် ရုပ်ရှင်ဧကရာဇ်နှင့် ဧကရီများ၏ တုန့်ပြန်ပုံများ အမျိုးမျိုး ထွက်ပေါ်လာတော့သည်။ အချို့က မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြပြီး အချို့ကမူ သူတို့ကို ဖျတ်ခနဲ လှမ်းကြည့်ရုံမှအပ အာရုံမစိုက်ကြချေ။
"ရွှယ်မြောင်ရေ အောင်မြင်မှုတွေနဲ့အတူ ပြန်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်နော် ..."
ရုပ်ရှင်ဘုရင်မတစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ သူမသည် ရွှယ်မြောင်နှင့် တစ်ချိန်တည်း ပွဲဦးထွက်ခဲ့သူဖြစ်ကာ ရွှယ်မြောင် နာမည်ကြီးခဲ့စဉ်အထိ သူမ သရုပ်ဆောင်ရသည့် ဇာတ်ကွက်မှာ ခြေဆေးပေးရသည့် အစေခံဇာတ်ကောင်မျှသာ ရှိသေးသည်။ နှစ်ဦးအကြား ကွာဟချက်တို့ လွန်စွာ ကြီးမားခဲ့သော်လည်း ယခုမူ အခြေအနေတို့ မတူတော့။ သူမသည် ရုပ်ရှင်ဆုပေါင်းများစွာကို ဆွတ်ခူးထားပြီးဖြစ်သော်ငြား ရွှယ်မြောင်ကမူ အသက်လေးဆယ် အဦးပိုင်းတွင်မှ အစက ပြန်စရမည့်သူဖြစ်သည်။
"အယ် ရှင်နဲ့ ရှင့်သားကလည်း ရှေ့ဆုံးတန်းမှာပဲလား နေရာချပေးတဲ့သူတွေ အမှားလုပ်မိကြတာများလား ..."
သူမ၏ ပုံစံမှာ စိုးရိမ်နေဟန် ဖြစ်သော်ငြား အမှန်တကယ်မှာမူ သူတို့သားအမိကို လှောင်ပြောင်ခြင်းသာ ဖြစ်ပေသည်။
ရှေ့ဆုံးတန်းဆိုတာ တကယ့် ရွှေပေါင်လုံးကြီးတွေပဲ ထိုင်ကြမှန်း လူတိုင်း သိပြီးသားလေ ...
"ဟုတ်တယ် ထိုင်ခုံနေရာတွေ ပြောင်းခိုင်းလိုက်တာ သိပ်မကြာသေးဘူး မစ္စစ်ရှန်အနေနဲ့ ဘာများ ပြောစရာရှိသေးလဲ ..."
ရှောင်တင်းပန်းက တစ်ဖြည်းဖြည်းချင်း ရောက်လာကာ အေးစက်စွာ ပြောလိုက်သည်။ ရှောင်ဆေးဝါးလုပ်ငန်းစုသည် ယခုနှစ် ဆုပေးပွဲ၏ အကြီးဆုံး ထောက်ပံ့သူဖြစ်ရာ ပွဲစီစဉ်သူများအနေဖြင့် သူတို့ဘက်မှ တောင်းဆိုသမျှကို လိုက်လျောပေးရမည်ဖြစ်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျွန်မက ရွှယ်မြောင် နေရာမှားသွားမှာကို စိုးရိမ်လို့ပါ မစ္စတာရှောင် တွေ့ရတာ ဝမ်းသာပါတယ် ..."
ထိုသရုပ်ဆောင်က ရှက်အားတကြီး ရယ်မောလိုက်သည်။ ကွာရှင်းထားသည့် ရွှယ်မြောင်တွင် ဘာမှ မရှိနိုင်တော့ဟု ထင်ထားခဲ့ရာ ရှောင်မိသားစုက သူမကို ဤကဲ့သို့ ကာကွယ်ပေးနေဦးမည်ဟု လုံးဝ မမျှော်လင့်မိချေ။
"တင်းပန်း အခုတလော ဘာတွေ လုပ်နေလဲ ..."
ရွှယ်မြောင်က သူ့ကို ပွေ့ဖက်နှုတ်ဆက်လိုက်သည်။
"ထုံးစံအတိုင်းပါပဲ ..."
သူက နူးညံ့စွာ ပြုံးရင်း ပြန်ဖြေလိုက်၏။
"ကော ကောကို အရမ်းလွမ်းနေတာ ..."
သူ့အမေ ဖက်ပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုကပါ ကိုအာလာတစ်ကောင်နှယ် ပွေ့ဖက်ထားလိုက်တော့သည်။
ရှောင်တင်းပန်း၏ အပြုံးတို့ ချက်ခြင်း နွေးထွေးကာ အကြည့်တို့တွင် နက်ရှိုင်းသည့် နှစ်လိုသဘောကျခြင်းတို့ ပြည့်နှက်သွားတော့သည်။ သူညီလေး၏ နောက်ကျောကိုပုတ်ကာ ခေါင်းကို နောက်တစ်ကြိမ် ပွတ်လိုက်ပြန်၏။ သူ့ကို လွှတ်ပေးပြီးသည့်အခါတွင်လည်း ကင်မရာရှေ့တွင် ရှုပ်ပွမနေစေရန် ဆံပင်ကို မမေ့မလျော့ ပြန်ပြင်ပေးလိုက်သည်။ သူ့ညီလေးမှာ အရွယ်ရောက်နေပြီဖြစ်သော်ငြား ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ပြီးနောက် ကလေးစိတ်ပြန်ပေါက်သွားသည့်ဟန် လွန်စွာလူကပ်တတ်လာတော့သည်။
သို့သော် သူကမူ စိတ်အနှောင့်အယှက် ဖြစ်ရမည့်အစား သဘောပင်ကျနေသေးသည်။ သူ့ညီလေး၏ ကလေးဘဝကို လွမ်းဆွတ်မိသည့်တိုင် သူနှင့်အတူ ကြီးပြင်းသွားနိုင်ပေသေးသည်။ ယခုမှ အသက်နှစ်ဆယ်သာ ရှ်ိသေးရာ လျှောက်လှမ်းရန် လမ်းအရှည်ကြီး ကျန်နေသေးသည်။
"မြောင်မြောင် ရှောင်ရှု မတွေ့ရတာတော်တော်တောင် ကြာပြီနော် ..."
သားဖြစ်သူ၏ ရှည်လျားခက်ထန်လှသော နောက်ကျောပြင်ဖြင့် ပိတ်ဆို့ခံထားရသည့် ရှောင်ချီကျဲက အက်ကွဲနက်ရှိုင်းသည့် အသံဖြင့် နှုတ်ဆက်လိုက်သည်။
"ပါး ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ..."
ရှောင်ကျားရှုက အံ့ဩသွားသည့်တိုင် မကျေနပ်မှု တစ်စုံတစ်ရာကိုမှ မပြသ။ သူသည် သူစိမ်းတစ်ဦးအပေါ်တွင်ပင် အငြှိုးအတေး မထားတတ်သူဖြစ်ရာ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည့် ဖခင်အရင်းကို မုန်းတီးရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
ရွှယ်မြောင်က မျက်ခုံးပင့်ပြရုံမှအပ မတုန့်ပြန်။
သားဖြစ်သူ နှုတ်ဆက်ခြင်းကပင်လျှင် သူ့အတွက် လုံလောက်နေပြီဖြစ်ရာ နောက်ထပ် မတောင်းဆိုရဲတော့။ ထို့ကြောင့် ခေါင်းကိုယမ်းကာ ခါးသီးစွာသာ ပြုံးလိုက်သည်။ မြောက်များစွာသော သရုပ်ဆောင်များကလည်း ချက်ခြင်း မတ်တပ်ထကာ အတွေးများနေဟန်ဖြင့် နှုတ်ဆက်လိုက်ကြ၏။ ရှောင်ချီကျဲက လက်ကိုယမ်းကာ အားလုံးကို ထိုင်ခိုင်းလိုက်သော်ငြား သူ့အကြည့်တို့မှာမူ ကျိမြန်ထံတွင်သာ ရစ်ဝဲနေပေသည်။
"ရှောင်မြန် မင်းရော ဘယ်လိုနေလဲ ..."
မူလက လိင်တူချစ်ကြိုက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည့် ရှောင်ချီကျဲလည်း သားဖြစ်သူ အလိုကျစေရန် အလို့ငှာ သားမက်ကို မျက်နှာချိုသွေးလိုက်ရတော့သည်။
"အရမ်း အဆင်ပြေပါတယ် အန်ကယ်ရှို့ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
ကျိမြန်က ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။
"မင်း အားရင် ရှောင်ရှုနဲ့အတူ ငါ့နေရာ လာလည်ကြလေ အခု လန်ဟွာတောင်ကို ပြောင်းနေနေတာ ပတ်ဝန်းကျင်က တော်တော်လေးကောင်းတယ် တိတ်ဆိတ်ပြီးတော့ ပါပါရာဇီတွေလည်း မရှိဘူး ..."
ရှောင်ချီကျဲက အကြံပေးလိုက်သည်။ သားဖြစ်သူကို မတွေ့နိုင်သည့်အတွက် သားမက်ထံတွင်သာ မျှော်လင့်ချက်တို့ စုပုံထားလိုက်ရတော့သည်။ ယခုမူ မည်သူမှ မရှိသည့် အထီးကျန်ဘဝဆိုသော အဓိပ္ပါယ်ကို နားလည်သွားချေပြီ။ ဇနီးလည်း မရှိ၊ သားနှစ်ယောက်ကလည်း သူ့ဘက်တော်သား မဟုတ်သည့်အတွက် မိသားစုဝင်အသစ် ကျိမြန်ကိုသာ သိမ်းသွင်းရပေတော့မည်။
နောက်ပိုင်းတွင် သူ့သားနှင့် လမ်းခွဲမခွဲမှာ မေးရန်ပင် မလိုအပ်သည့် မေးခွန်းမျိုး ဖြစ်ပေသည်။ သူ့သားပျော်ရွှင်ပါလျှင် အားလုံး အဆင်ပြေပေသည်။ သူ့ကို နှစ်ပေါင်းများစွာ လျစ်လျူရှုကာ အသတ်ခံရလုနီးပါးပင် ဖြစ်စေခဲ့သည့်အတွက် မပျော်မရွှင်ဖြစ်မည့်လမ်းသို့ မတွန်းပို့ရဲတော့။ သားဖြစ်သူသာ ငယ်စဉ်ဘဝကကဲ့သို့ ချိုမြိန်စွာ ပြုံးရယ်နိုင်နေပါလျှင် သူသည်လည်း မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျသည်အထိ စိတ်လှုပ်ရှားမိမည်ဖြစ်သည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ အချိန်ရရင် လာခဲ့ပါ့မယ်..."
ရှောင်ကျားရှုက သူ့အဖေကို မုန်းတီးစိတ်များ သယ်ပိုးထားခြင်း မရှိတော့ကြောင်း သိ၍သာ သူလည်း သဘောတူရဲခြင်းဖြစ်သည်။
"ကောင်းတယ် အရမ်းကြီး အလုပ်မများစေနဲ့ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက် မင်းရဲ့ နိုင်ငံခြားက အင်တာဗျူးကို တွေ့လိုက်တယခ တကယ်ကို မလွယ်ဘူးနော် ဆယ်မီတာကျော်လောက် မြင့်တဲ့နေရာကနေ ဝါယာကြိုးနဲ့ တွဲလောင်းချည်ခံရတာ ... တကယ်ကို ကြောက်စရာကောင်းတယ် ..."
ရှောင်ချီကျဲမှာ အမှန်တကယ် အိုမင်းလာပြီဖြစ်၍ စကားစမိသည်နှင့် မရပ်တန့်လိုတော့။ ယခင်က သူ့စကားကို မည်သူမှ နားမထောင်ဘဲ မနေရဲသော်ငြား ယခုမူ သူပြောသမျှကို နားထောင်ပေးမည့်သူ မည်သူမှ မရှိတော့။ တစ်ဦးတည်းသာလျှင် ကျန်ရှိပေတော့သည်။
ကျိမြန်က သူ့ဘေးတွင်ထိုင်ကာ စိတ်ရှည်လက်ရှည်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည်လည်း ရှောင်မိသားစုဝင်ပင်ဖြစ်ရာ လေးစားသင့်သူကို လေးစားရပေမည်။ အထူးသဖြင့် လူအများ၏ မျက်စိရှေ့တွင် ပို၍ပင် လေးစားသင့်သေးသည်။
ရှောင်ကျားရှုက သူ့ဘေးတွင် ထိုင်ကာ လက်တစ်ဖက်က ကုလားထိုင်လက်တန်းပေါ် တင်ထားပြီး ကျန်တစ်ဖက်က ခေါင်းကို ကိုင်ထားကာ တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူ့မိသားစုအခြေအနေမှာ လွန်စွာ ရှုပ်ထွေးသည့်တိုင် ကျိကောက ကောင်းစွာ ကိုင်တွယ်ကာ သူ့ကို အရှက်မရစေသလို အခက်လည်း မကြုံစေ။
ကျိကောလို တာဝန်သိတတ်တဲ့သူမျိုးနဲ့ အိမ်ထောင်ပြုခွင့်ရတာ တကယ်ကို ကံကောင်းတာပဲ ...
အယ် နေပါဦး ဘာလို့ "အိမ်ထောင်ပြုခွင့်ရ" ဆိုပြီး သုံးမိတာလဲ ...
ခေါင်းကို ထောက်ထားသည့်လက် အနည်းငယ်ချော်ထွက်သွားသည့်အတွက် ထိုင်ခုံလက်တန်းနှင့် မျက်နှာအပ်မိလုမတတ် ဖြစ်သွားတော့သည်။ ကျိမြန်သာ သူ့နဖူးကို ကိုင်မထားမိပါလျှင် ကြီးစွာ အရှက်ကွဲနေလောက်ပြီဖြစ်သည်။
"ဘာတွေ စဉ်းစားနေတာလဲ ..."
ကျိမြန်က သူ့နားရွက်နားကပ်ကာ တီးတိုးပြောလိုက်သည်။ သူ ပြုံးနေကြောင်း ထိုအသံမှတစ်ဆင့် အကဲခတ်၍ ရပေသည်။
"ဘာမှ မတွေးပါဘူး မနေ့ညက နည်းနည်း ပင်ပန်းသွားတော့ အိပ်ချင်နေလို့ ..."
ရှောင်ကျားရှုက မျက်နှာနီနီဖြင့်ပင် လက်ကို ယမ်းပြလိုက်သည်။
ကျိမြန်၏ မျက်ဝန်းထဲရှိ အပြုံးတို့ ပိုမိုအားကောင်းလာကာ ရေဘူးအဖုံး ဖွင့်ပေးရင်း ပြောလိုက်သည်။
"ရေသောက်လိုက် အိပ်ချင်ပြေသွားအောင်လို့ ..."
ရှောင်ကျားရှုက ရေတစ်ငုံသောက်ရင်း အရိုင်းဆန်သည့် အတွေးစတို့ကို ရှင်းလင်းလိုက်သည်။ ရှောင်တင်းပန်းက သူ့ပုခုံးကိုကိုင်ကာ နူးညံ့စွာ ပြောလိုက်သည်။
"အိပ်ချင်ရင်
ကောကောအပေါ် မှီထားလိုက်လေ ဘာပဲဖြစ်ဖြစ် ပွဲမှ မစသေးတာ ..."
ပျော်ရွှင်ဖွယ် မိသားစုပုံရိပ်ကြောင့် အပြင်လူအားလုံး ကြောင်အသွားကြတော့သည်။
Xxxxxx