Chapter 212 (Extra -1)
ငါးနှစ်အကြာ နိုင်ငံတကာ ကိန်းရုပ်ရှင်ပွဲတော်တွင် ရှောင်ကျားရှုသည် <<Almost Human>>ဇာတ်ကား၏ ကျိုးလင်ဇာတ်ကောင်ဖြင့် Palme d'Or ဆုကို ရရှိခဲ့သည်။
(Palme d'Or ဆုက ကိန်းရုပ်ရှင်ပွဲတော်က ပေးတဲ့ဆုတွေထဲမှာ အမြင့်ဆုံးဆုပါ)
ကျိုးလင်ဇာတ်ကောင်မှာ အစောပိုင်းနှစ်များက သူသရုပ်ဆောင်ခဲ့သည့် <<Zerg Wars 3>> ကို မှီငြမ်းရေးသားထားခြင်းဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာမှာ ဟောလိဝုဒ်၏ ရွှေတံဆိပ်အဆင့် ဇာတ်ညွှန်းရေးဆရာ Reiner ပင် ဖြစ်ပေသည်။
ရှောင်ကျားရှု၏ 001 ကို တွေ့ပြီးကတည်းက Reiner သည် သူ့အတွက် ဇာတ်ညွှန်းတစ်ခု ရေးဦးမည်ဟု ပြောခဲ့ကာ သုံးနှစ်ကြာ ပြင်ဆင်အပြီးတွင် ဇာတ်ညွှန်းတစ်ခုအဖြစ် အကောင်အထည် ပေါ်ပေါက်လာကာ ကျိမြန်ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။
ထိုရုပ်ရှင်သည် လူသားနှင့် ဉာဏ်ရည်မြင့် စက်ရုပ်များအကြား တိုက်ပွဲအကြောင်းဖြစ်ကာ နောက်ဆုံးတွင် လူသားများ အနိုင်ရသွားပြီး ကျိုးလင်မှအပ တစ်ကမ္ဘာလုံးရှိ အခြားဉာဏ်ရည်မြင့်စက်ရုပ်များအားလုံးကို ဖျက်ဆီးလိုက်ကြတော့သည်။ အသက်ရှင်သန်ရန် အလို့ငှာ ကျိုးလင်သည် သူ့ကိုယ်သူ လူသားတစ်ဦးအဖြစ် ဟန်ဆောင်ကာ မြို့ထဲတွင် ရောနှောနေထိုင်လိုက်၏။ ကိစ္စများစွာတို့ကို တွေ့ကြုံခံစားခဲ့ရကာ အချို့မှာ ယုတ္တိမရှိ၊ အချို့မှာ လွန်စွာ လှောင်ရယ်ဖွယ် အချို့မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလှပေသည်။ သူ့ဇာတ်သိမ်းမှာ အများ မလိုလားဖွယ် ဖြစ်သော်ငြား သူ ဖော်ပြလိုသည့် ခံစားချက်တို့မှာမူ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ ထိုးဖောက်ဝင်ရောက်သွားနိုင်တော့သည်။
ရုံတင်ပြီးနောက် ထိုရုပ်ရှင်မှာ နာမည်မကြီးခဲ့သည့်တိုင် ငွေကြေးလည်း မဆုံးရှုံး၊ တော်ရုံသင့်ရုံမျှသာ ဖြစ်သော်ငြား ရှောင်ကျားရှုသည် ဤဇာတ်ကောင်ဖြင့်ပင် အကြီးမားဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။ လေးလံလှသည့် ဆုတံဆိပ်ကို ကိုင်မြှောက်ကာ ကျေးဇူးတင်စကား ပြောရာ၌ ထုံးစံအတိုင်းပင် သူ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနှင့် ဝန်ထမ်းများကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
ပရိသတ်များမှာ သူ ဆုရသည်ကို အသားကျနေပြီးဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်မှသာ ပွဲဦးထွက်လာခဲ့သည့်တိုင် တရုတ်ပြည်၏ ဂုဏ်သိက္ခာကြီးမားသော ဆုပေါင်းများစွာကို ဆွတ်ခူးပြီးဖြစ်ကာ ကျိမြန်နှင့်ပင် ယှဉ်၍ရသည့် အနေအထားသို့ ရောက်ရှိနှင့်နေပြီဖြစ်သည်။ ကြေငြာထောက်ခံချက်တို့ကို လက်ခံခဲကာ ရုပ်ရှင်ရိုက်ခြင်းကိုသာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး ရံဖန်ရံခါတွင် အခြားရုပ်ရှင်အချို့၌လည်း ရင်းနှီးမြှုပ်နှံတတ်သေးသည်။ သူ ပါဝင်သည့် သို့မဟုတ် ရင်းနှီးမြှုပ်နှံသည့် ရုပ်ရှင်အားလုံးမှာ အရည်အသွေးပိုင်း ပြောင်မြောက်သည်ဟု ဂုဏ်သတင်း ကြီးလှပေသည်။
သူ ရရှိထားသမျှအားလုံးသည် အရည်အချင်းပေါ် အခြေခံ၍သာ ရရှိခြင်းဖြစ်ရာ သူ့ပရိသတ်များကပင်လျှင် လွန်စွာ နှစ်ထောင်းအားရစွာ စနောက်လေ့ရှိသည်။
[ငါတို့ သစ်ပင်ပေါက်ကလေးက အခုဆို အရိပ်ကြီးကြီးနဲ့ သစ်ပင်ကြီး ဖြစ်လာပြီ အခုကနေစပြီး သူ့ကို နိုင်ငံတကာ ရုပ်ရှင်သရုပ်ဆောင်လို့တောင် ခေါ်ရတော့မှာ ဟားဟားဟား...]
ရှောင်ကျားရှုက ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ပြီးနောက် ဆုတံဆိပ်ကို မြှောက်ကာ နှုတ်ခမ်းဖြင့် ဖိကပ်ပြီး ချစ်ခင်မှု အပြည့်ဖြင့် ပြောလိုက်သည့်အတွက် ရယ်နေသည့် ပရိသတ်ပင်လျှင် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်ရတော့သည်။
"ဒီနေ့ ရလာတဲ့ ဆုအတွက် နောက်ထပ်လူတစ်ယောက်ကို ကျေးဇူးတင်ချင်ပါသေးတယ် သူကတော့ ကျွန်တော့်ချစ်သူပါ သူက မုန်တိုင်းမျိုးစုံကြားမှာ ကျွန်တော့်လက်ကို မလွှတ်စတမ်း တွဲပေးခဲ့ပြီး ဖြစ်ရပ်မျိုးစုံကိုလည်း အတူတူ ကြုံတွေ့ခံစားပေးခဲ့တယ် ဒီဆုက ကျွန်တော်တင်မကဘဲ သူနဲ့ပါ သက်ဆိုင်တဲ့အတွက် သူ့ကို တစ်ခုပြောချင်ပါတယ် "ချစ်တယ် ပြီးတော့ ကျေးဇူးလည်း တင်ပါတယ် " ..."
သူ၏ တောက်လောင်နေသော အကြည့်တို့မှာ တစ်နေရာတွင်သာ ရပ်တန့်နေရာ သူ့အကြည့်နောက် လိုက်ပါလာသည့် ဓာတ်ပုံဆရာမှာလည်း ကျိမြန်ကို ဦးတည်မိလျက်သား ဖြစ်သွားတော့သည်။
[ဖာ့ခ် ငါ အင်္ဂလိပ်လို နားလည်တယ် ရှောင်ကျားရှုက he လို့ သုံးသွားတာ she မဟုတ်ဘူး ဆိုတော့ သူ့ချစ်သူက ယောက်ျားလေးလား ]
ပရိသတ်တစ်ဦးမှာ မူးမေ့လဲတော့မည်ဟုပင် ခံစားလာရတော့သည်။ သူမသည် CP fan တစ်ဦးဖြစ်ကာ ရှောင်ကျားရှုနှင့် ကျိလောင်ရှီးတို့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် တွဲဖက်သွားကြလိမ့်မည်ဟု မရေမတွက်နိုင်လောက်အောင် စိတ်ကူးယဉ်ခဲ့ဖူးသည့်တိုင် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားချေ။ အကြောင်းမှာ သူတို့နှစ်ဦးသည် လွန်စွာ သဘောထားကြီးပြီး အင်တာနက်ပေါ်မှ ကောလဟာလများကြောင့် တစ်ယောက်နှင့်တစ်ယောက် စိမ်းကားမသွား၊ မိသားစုများဖြင့်ပင် ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထား၍ဖြစ်သည်။ ကျိမြန်က ရှောင်ချီကျဲနှင့် ဂေါက်ရိုက်လေ့ ရှိသလို ရှောင်ကျားရှုကလည်း လစဉ် အမေကျိရှိရာ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်လေ့ရှိသည်။
ထို့ကြောင့် လူတိုင်း မျက်စိလည်သွားကာ သူတို့ကို အလွန်အမင်း ရင်းနှီးသည့် သူငယ်ချင်းများအဖြစ်သာ သတ်မှတ်လိုက်ကြတော့သည်။
သူတို့သာ ဂေးဆိုရင် မိဘတွေ ဒေါသပုန်ထနေလောက်ရောပေါ့ ဘယ်လိုလုပ် ဒီလိုကြီး ပျော်ရွှင်နေနိုင်မှာလဲ ...
[ကျိလောင်ရှီးလား ရှောင်ကျားရှုက ကျိလောင်ရှီးအကြောင်း ပြောနေတာ မဟုတ်လား ကျိလောင်ရှီးရဲ့ အမူအယာကို ကြည့်ကြပါဦး]
အိပ်မက်တို့ အမှန်တကယ် ဖြစ်လာသည်ကို ပရိသတ်အများစုက မယုံကြည်နိုင်ကြသေးပေ။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ရှောင်ကျားရှုနှင့် ကျိမြန်၏ ပရိသတ်များ တစ်စုတစ်စည်းတည်း ဖြစ်လာကာ CP fan များက အဓိကနေရာသို့ ရောက်လာခဲ့သည်။ ကျိလောင်ရှီးမှာ လက်ထပ်သင့်သည့် အရွယ်ကို များစွာ ကျော်လွန်နေပြီဖြစ်ရာ သူ့ကို လက်ထပ်ရန် မတိုက်တွန်းတော့သည့်အပြင် ရှောင်ကျားရှုကို စောင့်ရန်သာ ကြိမ်ဖန်များစွာ ပြောလိုက်ကြတော့သည်။ သူတို့အဖို့ မင်္ဂလာပွဲနှစ်ခု ပြိုင်တူကျင်းပခြင်းကသာလျှင် အကောင်းဆုံး မျှော်လင့်နိုင်ဖွယ်ရာ ဖြစ်ပေသည်။ စိတ်ထဲတွင်မူ ထိုသူနှစ်ယောက် လက်တွဲသွားကြရန် ဆုတောင်းနေသည့်တိုင် ထုတ်မပြောခဲ့။ စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝကို သီးသန့်စီ ခွဲခြားနားလည်တတ်ကြပြီးဖြစ်ပေသည်။
သို့သော် ယခုမူ အိပ်မက်မက်နေသယောင် ခံစားလာရတော့သည်။ တစ်ချို့ကမူ သရဲကို တွေ့လိုက်ရသလို ပါးစပ်ကို လက်ဖြင့်အုပ်ကာ ကြောင်အနေကြတော့သည်။
[ကျိလောင်ရှီးကလည်း အံ့ဩနေသလိုပဲနော် ငါ မကြည့်ရဲတော့ဘူး နှလုံးခုန်တာရော အသက်ရှူတာရော ရပ်သွားတော့မယ်ထင်တယ် ]
ပရိသတ်တစ်ယောက်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ကျိမြန်မှာလည်း အမှန်ပင် အံ့အားသင့်သွားခြင်းဖြစ်သည်။ ဤသို့သော ပွဲအခမ်းအနားမျိုးတွင် သူ့ချစ်သူက ဖွင့်ဟဝန်ခံလိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။ ဆုယူရန် စင်ပေါ် မတက်ခင်အထိ ရှောင်ကျားရှု၏ စိတ်အခြေအနေမှာ လွန်စွာ တည်ငြိမ်နေခဲ့ကာ ဖွင့်ဟပြမည့် အရိပ်အယောင် တစ်ခုလေမှပင် မတွေ့ရ။
ဘယ်လိုဖြစ်ပြီး သူ့အချစ်ကို ရုတ်တရက်ကြီး ဝန်ခံဖို့ အကြံရသွားတာပါလိမ့် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာကို သိရဲ့လား လူတွေ ဘယ်လောက်ကများ သူတို့ကို ဝေဖန်ရှုံ့ချကြမလဲ ရှောင်ရှုက အခုမှ နိုင်ငံတကာဆုကို ရကာစပဲ ရှိသေးတာကို ဒီလိုမျိုး come outလုပ်လိုက်ရင် သူ့ရဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းက ပိုပြီးများ ကျဉ်းသွားမလား ထိပ်ဆုံးမရောက်ခင် နစ်မြုပ်သွားနိုင်တယ်ဆိုတာကို သူ နားမလည်ဘူးလား ...
ရှောင်ကျားရှုကလည်း သူ့စိုးရိမ်မှုများကို မသိဘဲမနေ။ သို့သော် လုံးဝ ဂရုမစိုက်ဘဲ စခရင်ဘက်လှည့်ကာ ကျိမြန်၏ အံ့အားသင့်နေသော မျက်နှာကို ညွှန်ပြရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ဟုတ်တယ် ကင်မရာသမားက မှန်သွားပြီ ဒါက ကျွန်တော့်ရဲ့ ချစ်ရသူ ကျိမြန်လေ ..."
ပရိသတ်အားလုံး မိုးခြိမ်းသည့်နှယ် အားရပါးရ သြဘာပေးလိုက်ကြတော့သည်။ နိုင်ငံခြားသားများမှာ တရုတ်တို့ထက်ပိုမိုကာ အမြင်ပွင့်ကြသူများ ဖြစ်သည့်အတွက် come out လုပ်ခြင်းကို ကိစ္စကြီးတစ်ခုဟု မမြင်။ ထို့အပြင် ကာယကံရှင်နှစ်ဦးကပင်လျှင် စိတ်မပူရာ သူတို့အနေဖြင့် ပူပန်နေရန်အကြောင်း မရှိပေ။
ကျိမြန်က အံ့ဩမင်သက်မှုကို ဘေးဖယ်ကာ ဝမ်းသာအားရ ရယ်မောလိုက်သည်။ မတ်တပ်ထရပ်ကာ စင်ပေါ်သို့ လျှောက်လာရင်း ရှောင်ကျားရှုနှင့် ဝေးကွာနေသေးသည့်တိုင် လက်မောင်းကို ဆန့်တန်းကာ သူ့ကို ပွေ့ဖက်လိုကြောင်း အရိပ်အယောင်ပြလိုက်သည်။ ရှောင်ကျားရှုကလည်း ဆုကို တင်ဆက်သူလက်ထဲ ထိုးထည့်ကာ သူ့ထံသွား၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။
ရှောင်ကျားရှုမှာ အစောကြီးကတည်းက အချိန်ဇယား ချထားပြီးဖြစ်သည်။ သူ့ကိူယ်သူ ငါးနှစ်သာ အချိန်ပေးကာ ငါးနှစ်ပြည့်သည်နှင့် တစ်ပြိုင်နက် ရည်မှန်းချက် ပြည့်ဝသည် ဖြစ်စေ၊ မပြည့်ဝသည်ဖြစ်စေ ကျိကောနှင့်အတူ အချိန်ဖြုန်းနိုင်ရန် အနားယူတော့မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရုပ်ရှင်ရိုက်ရန် တစ်ယောက်တည်း သွားရလေတိုင်း ကျိကောကို မည်မျှ လွမ်းဆွတ်ရကြောင်း ဘုရားသခင် အသိဆုံး ဖြစ်ပေသည်။ ထိုအိပ်ပျက်ညများကို တောင့်ခံနိုင်ခဲ့သည့် သူ့ကိုယ်သူလည်း အံ့ဩမိ၏။ သူ့အသက်မွေးဝမ်းကြောင်းသည် မိသားစုထက်ပင် ပိုအရေးကြီးသည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။
ဟုတ်တယ် သူက ရည်မှန်းချက်မရှိတဲ့သူ တစ်ယောက်ပဲ ...
ထိုသို့တွေးကာ ရှောင်ကျားရှုလည်း သူ့ကိုယ်သူ ရယ်မောလိုက်မိတော့သည်။
ကျိမြန်က သူ့ဆံပင်ကို ပွတ်သပ်ကာ အားလုံး၏ အကြည့်အောက်မှာပင် ပါးမို့မို့ကို ငုံ့နမ်းလိုက်သည်။
ဒီ ရည်မှန်းချက် မရှိပါဘူးဆိုတဲ့ ကောင်လေးကို ချစ်လိုက်တာ ...
[အား အား အား တကယ်ကြီးကို ကျိလောင်ရှီးဟေး]
[နှစ်ယောက်အတူတူ ဖက်နေတာကို မြင်လိုက်ရတော့ ငါ သေမယ်ဆိုတောင် နောင်တကင်းကင်းနဲ့ သေနိုင်ပြီ]
[ငါ့ကို ဆိတ်ဆွဲပေးကြပါ တစ်ယောက်လောက် အိပ်မက်မဟုတ်ဘူးလို့ ပြောပေးကြပါဦး မနေ့ကမှ ရှောင်ကျားရှုနဲ့ ကျိလောင်ရှီးတို့ come out လုပ်တယ်လို့ အိပ်မက်မက်တာ ဒီနေ့ တကယ်ကြီး ဖြစ်လာပြီ ငါ အရမ်းကို စိတ်လှုပ်ရှားလွန်းလို့ ငိုချချင်လာပြီ .]
[နောက်ဆုံးတော့ အရှုံးမပေးခဲ့မိတဲ့ ငါ့ကိုယ်ငါ ဝမ်းသာလိုက်တာ CP တွေ အများကြီးရဲ့ ပရိသတ် ဖြစ်ခဲ့ပေမယ့် ဒီတစ်ခုက ငါ့ရဲ့ ကံကြမ္မာပဲ ]
[လူတိုင်းပဲ တင်ဆက်သူကို ကြည့်ကြည့်လိုက်ကြပါဦး သူ့ပုံစံက ရယ်စရာ မကောင်းဘူးလား ငါလေ ဟိုး ငါးနှစ်ကျော်က ရွှေရုပ်ရှင်ဆုပေးပွဲကိုတောင် သတိရသွားပြီ သူတို့က အဲဒီ့အချိန်ကတည်းက အတူတူ ရှိနေခဲ့ကြတာများလားပဲ]
ထိုပရိသတ်၏ ထောက်ပြမှုကြောင့် အားလုံး၏ အာရုံသည် ထောင့်နားတွင် ရပ်ကာ မည်သူမှ ဂရုမစိုက်သည့် ဆုတံဆိပ်ကို ကိုင်ထားရင်း လမ်းပျောက်နေဟန်ဖြင့် ပုခုံးတွန့်ပြနေသည့် တင်ဆက်သူထံ ရောက်ရှိသွားကြတော့သည်။
ဟယ်လို ဖက်လို့ ဝကြပြီလား ဝရင်လည်း ဆုလေး ပြန်ယူကြပါဦး ဒါက အရမ်းကို ဂုဏ်သိက္ခာကြီးမားတဲ့ Palme d'Or ဆုနော် ဟုတ်ပြီလား ...
ကျိမြန်က သူ၏ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည့်ဟန်၊ သူ့ချစ်သူ၏ပါးကို နောက်တစ်ကြိမ် အနမ်းခြွေကာ ဆုကို လှမ်းယူလိုက်သည်။ ရှောင်ကျားရှုက သူ့လက်ကို အုပ်မိုးကာ ဆုကို နှစ်ယောက်အတူတူ ကိုင်မြှောက်လိုက်ရင်း တောက်တောက်ပပ ပြုံးလိုက်သည်။ သူ အချစ်ရဆုံးသူမှာ ကျိကောဖြစ်ကြောင်း တစ်ကမ္ဘာလုံးရှေ့တွင် ထုတ်ဖော်ကြေငြာလိုသည့် သူ့ဆန္ဒ ပြည့်ဝသွားချေပြီ။
ကျိမြန်၏ မျက်ဆန်အိမ်တို့ ရုတ်ချည်း စိုစွတ်သွားရတော့၏။
ကိန်းရုပ်ရှင်ပွဲတော်တွင် ဖွင့်ဟဝန်ခံလိုက်သည့်သတင်းမှာ လွန်စွာ နာမည်ကြီးသွားပြီး သူတို့ကို ကိုယ်တိုင် အင်တာမဗျုးရသေးသည့်အတွက် ပြည်တွင်းသတင်းဌာနများက ရင်းနှီးသော မိတ်ဆွေနှင့် မိသားစုဝင်များအနောက် တကောက်ကောက် လိုက်လာကြတော့သည်။ ရွှယ်မြောင်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောရန်မရှိဟုသာ ပြောလာရာ ရှစ်ထင်းဟန်နှင့် အခြားသူများဘက်သို့ မြားဦးလှည့်လာကြတော့သည်။
ရှောင်တင်းပန်းကိုပင် အင်တာဗျူးရဲသည်အထိ သတ္တိကောင်းသော သတင်းထောက်များလည်း ရှိလာကာ ထိုသူအားလုံး တစ်ဖက်သူ၏ သက်တော်စောင့်များနှင့်သာ ရင်ဆိုင်လိုက်ရသည့်အတွက် ရှောင်ချီကျဲကို ပိတ်ဆို့ရန် ဂေါက်ကွင်းသို့ ချီတက်လိုက်ကြတော့သည်။ ဤနှစ်ပိုင်းအတွင်း ရှောင်ချီကျဲသည် လွန်စွာ စိတ်အေးလက်အေး နေထိုင်ကာ ဂေါက်ရိုက်ရခြင်းကို လွန်စွာ နှစ်သက်လာခဲ့သည်။ အားလပ်ချိန်တိုင်းကို သစ်ပင်ပန်းမာန်စိုက်ပျိုးခြင်း၊ သူ့ဇနီးဟောင်း သို့မဟုတ် သားဖြစ်သူ ရိုက်ကူးသည့် ရုပ်ရှင်များ သွားကြည့်ခြင်းဖြင့်သာ ကုန်ဆုံးကာ စိတ်အေးချမ်းသည့်အတွက် ကိုယ်လည်း ကျန်းမာကာ ရုပ်ရည်မှာလည်း လွန်စွာ ကြည့်ကောင်းလာတော့သည်။
သတင်းထောက်များနှင့် သက်တော်စောင့်များ အခြေအတင် ဖြစ်လုမတတ် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ကားမှန်ကိုချကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့မေးတာကို မဖြေခင် ငါ အရင် မေးမယ် မင်းတို့အဖြေက ငါ့ကို စိတ်တိုင်းကျစေတယ်ဆိုရင် အကုန် ဖြေပေးမယ် ..."
"မေးစရာရှိရင် မေးပါ ..."
သတင်းထောက်က လောဆော်လိုက်သည်။
"ပထမတစ်ခု ငါ့သားက ငယ်ငယ်ကတည်းက မင်းတို့ထမင်းကို စားခဲ့ဖူးလား ဒုတိယတစ်ခု သူ come out လုပ်တဲ့အချိန်မှာ မင်းတို့ထဲက ဘယ်သူ့ကို နာကျင်စေခဲ့သလဲ တတိယတစ်ခု ငါ့သား ကလေးရှိတာ မရှိတာ မင်းတို့နဲ့ ဘာဆိုင်လဲ ..."
ရှောင်ချီကျဲက မေးခွန်းသုံးခု မေးလိုက်သည်။
သူ့မေးခွန်းကြောင့် သတင်းထောက်များ ကြောင်အသွားသည်ကို တွေ့လိုက်ရသည့်အခါ အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
"ငါ့သားက မင်းတို့ထမင်းလည်း မစားဘူး ဘယ်တစ်ယောက်ကိုမှလည်း မနာကျင်စေခဲ့ဘူး မင်းတို့က ဘာတွေ ပူပင်နေကြတာလဲ မိဘတွေဖြစ်တဲ့ ငါတို့တောင် ဘာမှ မပြောတာ မင်းတို့မှာ ဝေဖန်နိုင်တဲ့ အရည်အချင်း ရှိတယ်များ ထင်နေကြသေးလား ကားထဲဝင် သွားမယ် ..."
နောက်ဆုံးစကားမှာ သက်တော်စောင့်များကို ပြောလိုက်ခြင်းဖြစ်သည်။
သက်တော်စောင့်အများအပြား ကားတံခါးပိတ်ကာ ချက်ခြင်း ထွက်ခွါသွားကြတော့သည်။ ထို့နောက်တွင်တော့ သတင်းထောက်များသည် ရှောင်မိသားစု မည်မျှမောက်မာကြောင်း အများပြည်သူ သိစေရန် အလို့ငှာ ထိုဗီဒီယိုကို အင်တာနက်ပေါ် တင်လိုက်သော်ငြား ချီးကျူးမှုများစွာကိုသာ ထင်မှတ်မထားလောက်အောင် ရရှိခဲ့ရသည်။ ထိုညတွင်ပင် ရှောင်တင်းပန်းကလည်း Weibo ကို ပြန်ဖွင့်လိုက်၏။
[ငါ့အဖေဟောင်းက တကယ် ရှိန်လောက်စရာပ့ါလား ]
ရှောင်မိသားစု၏ အကြီးအကဲမှာ ကွယ်လွန်သွားပြီဖြစ်ရာ ရှောင်တင်းပန်းက အကြီးအကဲအသစ် ဖြစ်လာခဲ့သည်။ လူထုအမြင်ကို ပယ်ချရန် အကောင်းဆုံး ကြိုးပမ်းကာ ကျိမြန်အား ဈာပနအခမ်းအနားသို့ မိသားစုဝင်တစ်ဦးအဖြစ် လာရောက်ရန် တောင်းဆိုခဲ့သည့်အတွက် သူနှင့် ရှောင်ကျားရှု၏ ဆက်ဆံရေးမှာ ရှောင်မိသားစုအတွင်း ပွင့်လင်းမြင်သာသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာတော့သည်။
ရွှယ်မြောင်ကလည်း ချက်ခြင်းပင် ဤသို့ ပြန်တင်လိုက်၏။
[နောက်ဆုံးတော့ လူအိုကြီးလည်း ကောင်းတဲ့ကိစ္စတစ်ခု လုပ်ခဲ့ပြီပေါ့]
ရှို့ချန်ယုမှာ အနည်းငယ် တုန့်ဆိုင်းနေသေးသည့်တိုင် ထိုပို့စ်ကိုမူ like ပေးလိုက်သည်။ ဤသည်မှာ ရှောင်ချီကျဲအား အသံတိတ်ထောက်ခံခြင်းဟု ယူဆ၍ ရပေသည်။
သတင်းထောက်မှာ နားဝေတိမ်တောင် ဖြစ်သွားတော့၏။ ရှောင်မိသားစု၏ တုန့်ပြန်မှုမှာ ဤသို့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။
ဟေး မင်းတို့သားက အခြေခံကျင့်ဝတ်ကို ဖောက်ဖျက်တာလေ ပြီးတော့ သားသမီးလည်း ချန်မထားနိုင်မယ့်ဟာကို ဘာလို့ ဒေါသမထွက်ကြတာလဲ ပြောရရင် ဆွေ့ဆွေ့ခုန်ပြီး သူ့ကို ဆူပူကြိမ်းမောင်းနေရမှာလေ ...
အင်တာနက်သုံးစွဲသူများကမူ ဤမိသားစုကို ကျိုးကြောင်းစဉ်းစားတတ်သည်ဟုသာ ကောက်ချက်ချလိုက်ကြတော့သည်။
ရှောင်ချီကျဲပြောတာ ဟုတ်သားပဲ ရှောင်ကျားရှုက သူတို့ဆန်ကို စားတာလည်း မဟုတ်၊ လူများကို ထိခိုက်အောင် လုပ်နေတာမှ မဟုတ်တာ ဘာလို့ သူတို့စုံတွဲရဲ့ ပျော်ရွှင်မှုကို ဝင်ဟန့်တားနေရမှာလဲ နှစ်ဖက်မိဘတွေတောင်မှ မကန့်ကွက်တာ ပြီးတော့ သူတို့ ပရိသတ်တွေကလည်း ရှေ့ထွက်ပြီး ပြောဆိုသောင်းကျန်းမနေကြတာကို မင်းတို့က ဘာအခွင့်အရေးရှိလို့ ဝေဖန်နေတာလဲ ...
ဒီစစ်ပွဲတွင် CP fan များက အဓိကနေရာမှာ ပါဝင်ကာ တိုက်ခိုက်လိုက်ကြသည်။ လူထုအမြင်ကို ထိန်းကျောင်းကာ အာရုံစိုက်ခံရမှုကို လမ်းလွှဲပြီး ကမ္ဘာမြေ တုန်ဟီးစေနိုင်လောက်သည့် သတင်းများကို တစ်ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကွမ်ရှစ်နှင့် ကွမ်ရှီ၏ ရေတပ်အကူအညီကိုပင် မလိုအပ်ခဲ့။
ဤသည်မှာ ရှောင်ကျားရှုနှင့် ကျိမြန်တို့၏ ငါးနှစ်ကြာ အရှုပ်အထွေးနှင့်လည်း များစွာ သက်ဆိုင်နေပေသည်။ "သံသယဖြစ်ဖွယ် အချစ်ရေး" ဟူသည့် ခေါင်းစဉ်ကို မြေပြင်သတင်းတွင်ဖြစ်စေ၊ အွန်လိုင်းပေါ်တွင်ဖြစ်စေ အမြဲလိုလို မြင်တွေ့နေရရာ လူထုမှာ ၎င်းနှင့် အသားကျနှင့်ပြီးဖြစ်သည်။ တစ်နေ့ ရုတ်တရက် အတူ လက်တွဲသွားကြသည့်တိုင် အားလုံးက နေသားတကျပင်။
ဟုတ်ပြီ ဟုတ်ပြီ သူတို့နှစ်ယောက် ကြိုက်သွားကြတယ် ဟုတ်လား ဒီတော့ရော ဘာဖြစ်လဲ သူတို့က အစကတည်းက စုံတွဲတွေပဲဟာ ဘာထူးဆန်းလို့လဲ ...
ထို့ကြောင့် ထူးခြားသည့် အခြေအနေတစ်ရပ် ပေါ်ပေါက်လာသည့်အခါ လူထုက သူတို့ကို မရွံရှာရုံသာမက ဝမ်းသာသူ
များပင်လျှင် အများအပြား ထွက်ပေါ်လာတော့သည်။
နိုင်ငံ့စုံတွဲက တကယ်ကြီး နိုင်ငံ့စုံတွဲ ဖြစ်နေတာပဲ စနောက်နေတာ မဟုတ်ဘူးတဲ့ ...
Xxxxxx