Chapter 155
အချစ်ဟူသည့် အရာမှာ အင်မတန် ပဉ္စလက်ဆန်လွန်းလှ၏။ ပျင်းရိဖွယ် နေ့စဉ်ဘဝကို ရသစုံလင်အောင် ပြောင်းလဲနိုင်ကာ မနှစ်မြို့ခဲ့သည့် အရာတို့ကိုလည်း စိတ်ဝင်စားဖွယ် ဖြစ်စေနိုင်သည်။ ရှောင်ကျားရှုကြောင့် သူ့ဘဝတစ်ခုလုံး မဟာပထဝီမြေကြီး တုန်ဟီးရသည်အထိ အပြောင်းလဲကြီး ပြောင်းလဲသွားကြောင်း သိထားသည့်တိုင် ထိုပြောင်းလဲမှုမှာ ကောင်းမွန်လှသည့် ချိုမြိန်ခြင်းတို့ဖြင့် ပြည့်နှက်နေပေသည်။
ထို့ကြောင့် ရှောင်ကျားရှုကို လိုက်ပို့ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းလက်ငင်းပင် အထီးကျန်မှုကို ခံစားလိုက်ရတော့သည်။ ယာဉ်မောင်းသူခုံတွင် အချိန်ကြာမြင့်စွာ ထိုင်နေခဲ့သည့်တိုင် ဘာဆက်လုပ်၍ လုပ်ရမည်မှန်း မသိတော့။ ဆယ်မိနစ်ခန့် ငေးငိုင်နေပြီးကာမှ အသစ်စက်စက် ပြန်လည်ပြင်ဆင်ထားသော တိုက်ခန်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်။ ရှောင်ကျားရှု ပြောင်းမလာသေးသရွေ့ ၎င်းမှာ အိမ်မဟုတ်၊ နေထိုင်ရာ တိုက်ခန်းမျှသာ ဖြစ်ပေသည်။
မူလက မြို့အပြင်ရှိ ဗီလာတစ်လုံးတွင် နေထိုင်ရန် ပြင်ဆင်ခဲ့သော်ငြား ရှောင်ကျားရှုက သဘောမတူ။ ဗီလာမှာ တစ်ယောက်၏ တည်ရှိမှုကို ကျန်တစ်ယောက်က မခံစားမိလောက်အောင် ကြီးမားကျယ်ပြန့်လွန်းသည်ဟု သူက ပြောလာခဲ့ပေသည်။ အကယ်၍ တစ်ယောက်က အောက်ထပ်ရှိ ဧည့်ခန်းတွင် တီဗီကြည့်နေပြီး ကျန်တစ်ယောက်က အပေါ်ထပ်တွင် အလုပ်လုပ်နေပါလျှင် ၎င်းမှာ တစ်ယောက်တည်းနေနေရသည့်နှယ် လွန်စွာ အထီးကျန်လှပေသည်။ တိုက်ခန်းခပ်သေးသေးတွင် နေရလျှင်မူ ထိုသို့မဟုတ်၊ အခန်းတစ်ခုစီခွဲကာ အလုပ်များနေသည့်တိုင် တစ်ယောက်အသံကို ကျန်တစ်ယောက်က ကြားနေရကာ အသံပေးလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဘေးနားရောက်လာပြီး ပွေ့ဖက်နမ်းရှိုက်နိုင်ပေသည်။
ဒါ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ...
ကျိမြန်က ထိုစကားကို ကြားကာစက ရယ်ရုံသာ ရယ်ခဲ့ပြီး ရှောင်ကျားရှုမှာ ချစ်စရာကောင်းလောက်အောင်ကို လူကပ်လွန်းသည်ဟုသာ ထင်ခဲ့သော်ငြား တိုက်ခန်းသို့ ပြန်ရောက်၍ အထီးကျန်ဆန်မှုကို မျက်မြင် ကြုံလိုက်ရကာမှသာ ထိုစကားတို့၏ အဓိပ္ပါယ်ကို သဘောပေါက်သွားတော့သည်။ အိမ်တွင်းစီးဖိနပ်တို့ကို လဲကာ ဧည့်ခန်းထဲသို့ လေးတိလေးကန် ဝင်လာရင်း နူးညံ့လှသည့် ဆိုဖာတွင်ထိုင်ကာ အတွင်းအိတ်ကပ်ထဲ လက်ထည့်ထားလိုက်သည်။ ထိုအခါမှ သူ ဆေးလိပ်မသောက်ဖြစ်တော့သည်မှာ လွန်စွာ ကြာမြင့်၍ အိတ်ထဲတွင် ဆေးလိပ်တစ်လိပ်မှပင် မရှိတော့ကြောင်း သဘောပေါက်သွားတော့သည်။
အခန်းထဲတွင် အလင်းရောင်လည်း မရှိ၊ အင်မတန် မှိန်ဖျော့နေကာ ပရိဘောဂတို့မှာလည်း အသစ်စက်စက်သာ ရှိနေသေး၍ သားရေအနံ့ကိုပင် ရံဖန်ရံခါ ရနေတော့သည်။ ၎င်းမှာ မနှစ်မြို့ဖွယ် မကောင်းလှသည့်တိုင် ရှောင်ကျားရှု၏ အငွေ့အသက်တို့ ကင်းမဲ့နေ၍ အိမ်ဟု မခေါ်နိုင်။ အမေရိကန်တွင် သူတို့ နေခဲ့သည့် ဟော်တယ်လောက်ပင်လျှင် ကောင်းသည်ဟု မခံစားရတော့ချေ။
သူက လည်စည်းကိုဖြုတ်၊ အပေါ်အင်္ကျီကို ချွတ်ကာ တစ်အိမ်လုံးကို လှန်လှောရှာဖွေလိုက်သည့်တိုင် ဆေးလိပ်တစ်လိပ်ကိုမှ မတွေ့ရ၊ ထို့ကြောင့် မီးကို ဖွင့်လိုက်၏။ မီးဖွင့်လိုက်သည့်အခါ ဗလာဖြစ်နေသော အခန်းမှာ ပို၍ပင် လစ်ဟာကာ စိတ်မသက်မသာ ဖြစ်လာရတော့သည်။ ဆိုဖာပေါ် ပြန်ထိုင်ကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်၏။ အလွန်အမင်း စိတ်ပင်ပန်းရမှုကို ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင် ဖုန်းသံတစ်ခု မြည်လာ၏။ ၎င်းမှာ ရှောင်ကျားရှုအတွက် သီးသန့်ထားထားသည့် ဖုန်းသံဖြစ်ရာ ကျိမြန်လည်း အံ့ဩတကြီးဖြင့် စခရင်ကို အမြန်ဆုံး ဖွင့်ကြည့်လိုက်တော့သည်။
ရှောင်ရှုမြောင် [ ကျိကော လွမ်းတယ် ]
ရှင်းပြ၍ မရသည့် စိတ်ကသိကအောက်ဖြစ်မှုကို ခံစားနေရသော ကျိမြန်က ချက်ခြင်းပင် နူးညံ့စွာ ရယ်မောကာ စာပြန်ပို့လိုက်သည်။
[ဒါပေမယ့် ကိုယ်တို့ မတွေ့ရတာ တစ်နာရီတောင် မရှိသေးဘူးလေ]
[ကောကို တကယ်ကို လွမ်းနေတာ ကျွန်တော့်အတွက် တစ်နာရီဆိုတာကကို အကြာကြီးလိုပဲ တစ်ရက်သာ ခွဲရရင် ပင်ပန်းနွမ်းနယ်ပြီး နှစ်ရက်သာဆို စိတ်ဓာတ်ကျမိလာတော့မှာ သုံးရက်ဆို ဝမ်းနည်းပက်လက် ဖြစ်ပြီး လေးရက်ထက်များ ပိုခွဲရရင် ကျိကော ကျွန်တော်လေ ဖျားတောင် ဖျားသွားမလားပဲ ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်]
ကျိမြန်၏ နှလုံးသားတစ်ခုလုံး ပူပြင်းလာကာ အင်တာနက်စီးကြောင်းကို ဖြတ်၍ သူ့ချစ်သူလေးကို ထွေးပွေ့နမ်းရှိုက်လိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာရတော့သည်။
[ဒါဆို ကိုယ့်ကို ခွဲမသွားနဲ့ ပေါင်ပေ့ ကိုယ်လည်း မင်းကို လွမ်းတယ် တကယ်ကို လွမ်းနေတာ ဒီကို ဘယ်တော့ ရွှေ့လာမှာလဲ]
တစ်ဖက်မှ စာပြန်ပို့လာမည်ကို ပူပန်တကြီး စောင့်နေလိုက်သည်။
[မနက်ဖြန် ကျွန်တော် မားကို ပြောလိုက်တော့ သူမက မေးတယ် ဘာလို့ ချက်ခြင်းကြီး ပြောင်းနေချင်ရတာလဲတဲ့ ကျွန်တော်လည်း အမှီအခိုကင်းတဲ့ အချစ်ရေးဘဝကို လိုချင်လို့လို့ ပြောလိုက်တော့ သူမက သဘောတူလိုက်တယ်လေ တကယ်တမ်းပြောရရင် သူမက သဘောထား ပွင့်လင်းပါတယ် ကျွန်တော်တို့အကြောင်းကို ပြောပြချင်နေပြီ]
ကျိမြန်၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားကာ ချက်ခြင်း ဟန့်တားလိုက်သည်။
[အခု မပြောသေးနဲ့ဦး ဒီကိစ္စကို ကိုယ့်တာဝန်ပဲ ထားလိုက်နော် မင်းက ဘာမှ စိတ်မပူနဲ့ ]
ယခုအချိန်တွင် ရှောင်ကျားရှုကို သူ့ဘေးသို့ အမြန်ဆုံးသာ ခေါ်ထားလိုက်ချင်တော့သည်။ သို့မဟုတ်ပါလျှင် ရှေ့လျှောက် သူ့ကို တွေ့ခွင့်ရနိုင် မရနိုင် မသေချာတော့ချေ။
ရွှယ်မြောင်က အမြင်ကျယ်တယ် ဟုတ်လား... ဟုတ်ကောင်းဟုတ်မှာပေါ့ ဒါပေမယ့် သူမရဲ့ သားပြောတဲ့ အချစ်ရေးက ယောက်ျားတစ်ယောက်နဲ့ အတူတူနေတာလို့သာ သိသွားရင် သဘောထား ကြီးနိုင်ပါဦးမလား ...
သူက ရှောင်ကျားရှုမိသားစု၏ ကောင်းချီးပေးမှုကို လက်ခံနိုင်မည့် နည်းလမ်းတစ်ခု မုချရှာဖွေမည် ဖြစ်သော်လည်း ထိုအချိန်အတွင်းမှာပင် ရှောင်ကျားရှုကို ဆုံးရှုံးနိုင်ချေရှိသည့် ကိစ္စတို့အပေါ် အရဲမကိုးရဲ။ ပြီးပြည့်စုံသည့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေရမည်ဖြစ်ရာ အလျင်လိုနေရန် မလိုအပ်ချေ။
[အိုကေ]
ရှောင်ကျားရှု၏ ပြန်စာမှာ အလွန် ရိုးရှင်းလှသော်လည်း သူ၏ လိမ်လိမ်မာမာဖြင့် ခေါင်းငြိမ့်ကာ မျက်တောင်တဖျတ်ဖျတ် ခတ်ပြနေပုံကို စခရင်မှတစ်ဆင့်ပင် မြင်ယောင်နေရပေသည်။ ချိုမြိန်မှုတို့ ရောယှက်နေသည့် နူးနူးညံ့ညံ့ လေသံကြောင့် သူ့ကို နမ်းလိုစိတ်များ ဖြစ်ပေါ်လာရတော့သည်။
[ပေါင်ပေါင်]
ထိုနှစ်လုံးသာ ပို့လိုက်သော်ငြား သူကိုယ်သူလည်း ဘာပြောချင်မှန်းမသိ။ ပြောလိုသည့် စကားများ၊ ထုတ်ပြလိုသည့် ခံစားချက်များ များလွန်းမက များနေသော်ငြား လက်ချောင်းတို့က ဖုန်းစခရင်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခုမျှပင် မမှတ်မိတော့ချေ။ ထို့ကြောင့် တုနှိုင်းမဲ့လှစွာသော ကြင်နာမှုအပြည့်ဖြင့်သာ ခေါ်လိုက်ရတော့သည်။
[လောင်ကုန်း]
တစ်ဖက်သူကလည်း စာလုံးနှစ်လုံးသာ ပြန်ပို့လာသော်ငြား ၎င်းကပင်လျှင် သူ့နှလုံးသားထဲရှိ လစ်ဟာမှုနှင့် မသက်သာမှုအားလုံးကို မောင်းထုတ်သွားနိုင်တော့သည်။ ရှောင်ရှုသည်လည်း သူ့ခံစားချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ကာ စကားလုံး ထောင်ပေါင်းများစွာ သုံး၍ပင် သူတို့၏ ချစ်ခြင်းတရားကို ပြည့်စုံအောင် ဖော်ကျူးနိုင်မည် မဟုတ်ကြောင်း သိနေပေသည်။
ဆိုဖာပေါ်တွင် လှဲကာ ဖုန်းကို ရင်ဘက်ပေါ်တင်၍ ဝမ်းသာအားရ ရယ်မောလိုက်သည်။ ထို့နောက် လက်သူကြွယ်ရှိ လက်ထပ်လက်စွပ်ကို နမ်းရှိုက်လိုက်၏။ ရှောင်ကျားရှုက သူမရှိလျှင် ဘာမှ မလုပ်တတ်ခြင်း မဟုတ်ဘဲ သူကသာလျှင် ရှောင်ကျားရှု မရှိဘဲ ဘာမှမလုပ်တတ်သူဖြစ်ကြောင်း လုံးဝ သဘောမပေါက်မိခဲ့ချေ။
တိတ်တိတ်လေး လဲလျောင်းနေလိုသော်လည်း ဖုန်းက အဆက်မပြတ် အသံမြည်လာသည်။ ဖုန်းခေါ်ဆိုမှုသာမက စာတိုများစွာပါ ဝင်နေသည့်တိုင် တစ်ခုကိုမှ အာရုံမစိုက်လို။ ရှောင်ကျားရှု မရှိတော့သည့်အခါ သူ့စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် အချိန်များစွာ လိုအပ်လာတော့သည်။ ဆေးလိပ်တစ်ဘူးရှိပါလျှင် အနည်းငယ် ပိုကောင်းနိုင်သော်ငြား ရှောင်ကျားရှုအတွက်ကြောင့်နှင့် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဆေးလိပ်ဖြတ်လိုက်မိခဲ့သည်။
ဤသည်မှာ ကျိမြန်အဖို့ ယုံနိုင်ဖွယ်ရာပင် မရှိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ သူသည် ဆေးလိပ်သောက်ခြင်းကို လွန်စွာ စွဲလမ်းသူဖြစ်ကာ တစ်နေ့လျှင် တစ်ဘူး တစ်ခါတစ်လေ တစ်ဒါဇင်ထက်မနည်း သောက်လေ့ရှိသူ ဖြစ်သည်။
သွားပြီ ကျိမြန် မင်းတော့ တကယ်ကို သွားပြီ ...
တွေးလေလေ ပိုပြီး အူမြူးလာကာ လက်ထပ်လက်စွပ်ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်တော့သည်။ ထိုအချိန်မှာပင် ရှောင်ကျားရှုထံမှ စာထပ်ရောက်လာပြန်၏။
[ကျိကော ကျွန်တော့်အမေက ဒီနေ့ပဲ ဟန်ကျိုးကို ရုပ်ရှင်ရိုက်ဖို့ သွားပြီ အခုချက်ခြင်း ပြောင်းလာမယ်နော် စောင့်နေပေး ]
ကျိမြန်လည်း ချက်ခြင်း ထထိုင်ကာ စာပြန်ပို့လိုက်သည်။
[ကိုယ် လာခေါ်မယ်]
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ ကုတ်အင်္ကျီပင် မဝတ်ဘဲ ကမန်းကတမ်း ထွက်လာခဲ့လိုက်တော့၏။ သူ၏ နွမ်းနယ်နေသော မျက်နှာမှာလည်း ခွန်အားအသစ်တို့ ပြန်လည်ပြည့်ဖြိုးလာတော့သည်။ သို့သော် ကားပါကင်သို့ဆင်းရန် ဓာတ်လှေကား စောင့်နေစဉ်မှာပင် ရှောင်ကျားရှုက သူထွက်လာနေပြီးဖြစ်၍ လာကြိုရန် မလိုအပ်တော့ဟု စာပြန်ပို့လာသည်။
ဤအချိန်တိုအတွင်းမှာပင် အထုပ်အပိုး ပြင်လိုက်နိုင်သည့် ရှောင်ကျားရှု၏ ရေးကြီးသုတ်ပျာနိုင်မှုမှာ သူ့ထက် မလျော့နည်းလှ။ ကျိမြန်က ခပ်ဖွဖွပြုံးလျက် သူပို့ထားသည့်စာကို စိုက်ကြည့်နေလိုက်သည်။ ယခင် ပို့ထားသည်များကိုပါ ပြန်လည်ကြည့်ရှုရင်း ရင်တသိမ့်သိမ့်တုန်သည်အထိ ပျော်ရွှင်မှုကို ခံစားလိုက်ရတော့သည်။
အဝင်ဝနားအထိ လျှောက်လာကာ ရှောင်ကျားရှု ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို မြင်နိုင်စေရန် အလို့ငှာ လမ်းမီးတိုင်အောက်တွင် ရပ်နေလိုက်၏။ စူပါမားကတ်ကို ဖြတ်လာစဉ်က ဆေးလိပ်တစ်ဘူး ဝယ်လိုခြင်း ဖြစ်သော်ငြား ၎င်းအစား ကွန်ဒုံးဘူးအချို့ကိုသာလျှင် ဆွဲယူလာလိုက်မိတော့သည်။ အတော်ကြာ လမ်းလျှောက်လာပြီးကာမှ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်၏။
အတူတူနေတာ ကြာလာရင် စုံတွဲတွေက တစ်ယောက်နဲ့တစ်ယောက် တူလာတယ်ဆိုတဲ့စကားက အမှန်ပဲ ထင်တယ် သူ့ရဲ့ ပြုမူပုံတွေက ရှောင်ကျားရှုနဲ့ တစ်ဖြည်းဖြည်းချင်း တူလာသလိုပဲ ...
ဘောင်းဘီအိတ်ကပ်ထဲရှိ ကွန်ဒုံးဘူးကို အသာစမ်းကာ ခေါင်းကိုယမ်းလျက် ပြုံးလိုက်မိတော့သည်။
ဆယ်မိနစ်ခန့်အကြာ ရှောင်ကျားရှု၏ကား ရောက်လာ၏။ ကျိမြန်က လုံခြုံရေးဂိတ်ကို ကြိုတင်အသိပေးထားသည့်အတွက် ဂိတ်ထဲသို့ အလျင်အမြန်ပင် ဝင်ခွင့်ရလာခဲ့တော့သည်။ ရှောင်ကျားရှုက ကားထဲမှ ခေါင်းထုတ်ကာ လမ်းမီးတိုင်အောက် ရပ်နေသူကို လှမ်းမျှော်ကြည့်ရင်း "ကျိကော" ဟု အော်ခေါ်လိုက်ချင်သော်ငြား ဓာတ်ပုံခိုးရိုက်နေသည့် ပါပါရာဇီတို့ ရှိနေမည်ကို စိုးရိမ်စိတ်ကြောင့် လက်ကိုသာ ဝမ်းသာအားရ ဝှေ့ယမ်းပြလိုက်သည်။
ကျိမြန်က ယာဉ်မောင်း၏ ဘေးခုံတွင် ဝင်ထိုင်ပြီး သူ ဝယ်လာသည့် ကွန်ဒုံးများကို ထုတ်ကာ ပြောလိုက်သည်။
"ဒီမှာ မင်းအတွက် လက်ဆောင် ..."
ရှောင်ကျားရှုက ၎င်းကို ယူကြည့်ကာ ရယ်မောလိုက်သည်။
"ကော ဝယ်ထားမယ်မှန်းသာ သိရင် လမ်းမှာ ကျွန်တော် ဝင်မဝယ်ခဲ့ပါဘူး အဲဒါကြောင့်နဲ့ကို မိနစ်တွေ အများကြီး နှောင့်နှေးသွားရပြီ ..."
အတောင်ပံတို့ ဖြန့်ကျက်ကာ ကျိမြန်ထံ ပျံသန်းရန် မစောင့်ဆိုင်းနိုင်တော့။ မိနစ်ပိုင်းကပင်လျှင် တစ်နာရီအလားပင်။ သို့သော် အခြားနည်းလမ်းလည်း မရှိ။ ပျော်ရွှင်မှုက လွန်စွာ အရေးကြီးသည့်တိုင် လုံခြုံဘေးကင်းသည့် လိင်မှုဘဝသည်လည်း အရေးပါပေသည်။ နှစ်ဦးလုံး ကာကွယ်ရမည်ဖြစ်သည်။
ကျိမြန်က ကျယ်ကျယ်လောင်လောင် ရယ်မောကာ ကားနောက်ကြည့်မှန်မှတစ်ဆင့် မည်သည့် ပါပါရာဇီမှ အိမ်ယာဝင်းအတွင်း ဝင်မလာနိုင်ကြောင်း အတည်ပြုပြီးနောက် သူ့ခေါင်းကို ဆွဲယူကာ ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်တော့သည်။ နှစ်ယောက်လုံး အိမ်ထဲသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် ခံစားချက်တို့ ပေါက်ကွဲထွက်ကုန်တော့၏။ ဧည့်ခန်းထဲရှိ ကော်ဇော်ပေါ်တွင်တစ်ခါ၊ ရေချိုးခန်းတွင်တစ်ကြိမ် ချစ်ပွဲဝင်ပြီးမှသာလျှင် နှလုံးသားထဲရှိ လစ်ဟာအထီးကျန်မှုတို့ သက်သာရာ ရသွားတော့သည်။
"အိပ်ချင်ပြီလား ..."
ကျိမြန်က သူ့ကို ပွေ့ဖက်နမ်းရှိုက်ရင်း မေးလိုက်သည်။
"မအိပ်ခင် ခဏလောက် တီဗီကြည့်ရအောင်လေ Adventurers in the wilderness က ဒီညလွှင့်မှာ မဟုတ်လား မှတ်မိသေးလား ..."
ရှောင်ကျားရှုက ညဝတ်အင်္ကျီကို ဝတ်ဆင်ရင်း လောဆော်လိုက်သည်။
"လာပါ ဧည့်ခန်းထဲကို တီဗီသွားကြည့်ရအောင် ..."
"အိပ်ခန်းထဲ ကြည့်တာက မကောင်းဘူးလား ..."
ကျိမြန်က မလှုပ်ရှားချင်တော့။ စားသောက်ပြီးသည့်အခါ ခြင်္သေ့ကြီးတစ်ကောင်နှယ် ကျေနပ်စိတ်ကြောင့် ပျင်းရိလာတော့သည်။
"တီဗီကြည့်ရင်း မုန့်လည်း စားချင်လို့ အိပ်ယာထဲ လှဲရင်း ကြည့်မယ်ဆိုရင် အကုန်လုံး ပေပွမကုန်ဘူးလား ..."
ရှောင်ကျားရှုက အိပ်ယာထဲ ခုန်ဝင်ကာ ကျိမြန်၏ အားနည်းသည့် အစိတ်အပိုင်းကို ခြေဖဝါးထိပ်ဖြင့် အသာအယာ နင်းလိုက်သည်။ ထိုအခါ ၎င်းမှာ ကြောက်စရာ ကောင်းလောက်အောင်ပင် ဖောင်းပွလာတော့၏။
ကျိမြန်က သူ့ခြေကျင်းဝတ်ကို ဆွဲကိုင်ကာ အက်ကွဲစွာ ပြောလိုက်သည်။
"တီဗီကောင်းကောင်းကြည့်ချင်သေးရင် ရပ်လိုက်တော့ ..."
ရှောင်ရှုမှာ သေချာပေါက် ပင်ပန်းနေမည်ဖြစ်ရာ သူ့ကို ထပ်ပြီး ပင်ပန်းအောင် မညှင်းပန်းလိုတော့။
ရှောင်ကျားရှုက သူ့ခြေထောက်ကို ပြန်ဆွဲယူကာ ကျိကောကို ဖိကိုက်နမ်းရှိုက်ရင်း မြှောက်ပင့်ပြောလိုက်သည်။
"ကျွန်တော်က ပြဿနာရှာနေတာ မဟုတ်ပါဘူးနော် ကောနဲ့အတူတူ တီဗီကြည့်ချင်ရုံလေးတင်ပါ ကြည့်ပြီးသွားရင် အိပ်ကြတော့မလား ..."
လေယာဉ်ပေါ်မှာ အကြာကြီး ထိုင်လ
ာရတော့ ကျိကောက သေချာပေါက်ကို ပင်ပန်းနေမှာ သူ့ခန္ဓာကိုယ်က တုန့်ပြန်နေတယ် ဆိုရင်တောင် ထပ်ပြီး မလုပ်စေချင်တော့ဘူး ...
Xxxxxxxx