Chapter 154
ရှောင်ကျားရှုက သူ့အပြုံးမှာ မည်မျှအထိ အူကြောင်ကြောင်ဖြစ်နေမှန်း မသိသေး။ သို့သော် ကျိမြန်၏ အကြည့်ထဲတွင်မူ ချစ်စရာကောင်းသည်ဟုသာ မြင်နေရပေသည်။
ကျိမြန်မှာ သူ့ကောင်လေး၏ နှာဖျားကို ခပ်ဖွဖွဆွဲကာ နမ်းရှိုက်လိုသည့် ဆန္ဒတို့ကို ချိုးနှိမ်လိုက်၏။ အကြောင်းမှာ အနမ်းတစ်ပွင့်မှသည် မရေမတွက်နိုင်သည်အထိ များပြားလာမည်ဖြစ်ကာ သူတို့ရောက်နေသည့်နေရာမှာ ဟိုတယ်မဟုတ်၍ ပူးကပ်နေရန် နေရာမရှိသောကြောင့် ဖြစ်ပေသည်။
သူ့အကြည့်တို့ထဲမှ တွယ်ကပ်လိုစိတ်နှင့် စိတ်အားထက်သန်မှုတို့ကို မြင်လိုက်ရသည့် အမေကျိက ပြောလိုက်သည်။
"မင်းတို့ကို ဒီလို တွေ့လိုက်ရတော့ စိတ်ချသွားပါပြီ သားတို့ရဲ့ အိမ်ထောင်ရေးက သူများတွေနဲ့ မတူတော့ ရှေ့ဆက်ရမယ့် ခရီးလမ်းက ခက်ခဲလိမ့်မယ် တစ်ယောက်နဲ့တစ်ယောက် စိတ်ရှည်သည်းခံပြီး နားလည်ကြဖို့ မမေ့နဲ့နော် ပြီးတော့ ရှေ့နှစ်နည်းနည်းလောက် ကြာရင်လည်း ကလေးတစ်ယောက်လောက် မွေးစားလို့ ရတာပဲ အနည်းဆုံး တစ်နှစ်ကျော် ..."
ရှောင်ကျားရှုက ချက်ခြင်းပင် ငြင်းဆန်လိုက်သည်။
"ကျွန်တော်တို့ ကလေးမလိုချင်ဘူး ..."
ထို့နောက်တွင်မှ ကျိမြန်ကို လှမ်းကြည့်လိုက်သည့် သူ့ပုံစံမှာ အနည်းငယ် ကရုဏာသက်ချင်စရာပင်
သူကိုယ်တိုင်ကိုက ကျိကောရဲ့ အချစ်တွေ ဂရုစိုက်မှုတွေကို လိုအပ်နေသေးတဲ့ ကလေးလေးပဲ ဖြစ်နေတုန်းဟာကို ဘယ်လိုဖြစ်လို့ နောက်ထပ်ကလေးတစ်ယောက် ထပ်ယူရမှာလဲ အဲဒီ့ကလေးက ညကြီး ထငိုရင် ကျိ ကောက သူ့ကို ဖက်အိပ်လို့ မရတော့ဘူးပေါ့ ညဉ့်နက်သန်းခေါင်ကြီး အိပ်ယာထ သူ့အနှီးတွေကို လဲပေးရတော့မှာပေါ့ နေ့ခင်းဆိုရင်လည်း နို့တိုက်ရ အတူတူ ဆော့ပေးရဦးမယ် အရွယ်ရောက်လာရင်လည်း မနက်အစောကြီးထပြီး ကျောင်းလိုက်ပို့ရဦးမယ် နေ့ခင်းဆို အလုပ်စောစောဆင်းပြီး ကျောင်းသွားကြို ပြီးရင် ညနေပိုင်းကျ အိမ်စာကူလုပ်ပေး ...
ကျိကော၏ အားလပ်ချိန်အားလုံးကို ကလေးထံ ပေးထားရမည်ဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ရှောင်ကျားရှု၏ အဆုတ်တစ်ခုလုံး ဒေါသတို့ ပေါက်ကွဲထွက်လာတော့သည်
ဒါဆို သူ့အတွက် နေရာရယ်လို့ မရှိတော့ဘူးပေါ့ ညဉ့်နက်သန်းခေါင် သူ ငိုရင် ဘယ်သူက ဂရုစိုက်မှာလဲ အလုပ်ကိုရော ဘယ်သူ လိုက်ပို့မှာလဲ ညနေပိုင်း ရေချိုးရင် ဘယ်သူက အင်္ကျီချွတ်ပေး၊ သူ့ခန္ဓာကိုယ်ကို ပွတ်သပ်ပေး၊ အိပ်ယာပေါ် ခေါ်သွားပြီး ဝလင်တဲ့အထိ ကျွေးမွေးတော့မှာလဲ ...
ထိုအကြောင်း ပြောရပါလျှင် နောက်ဆုံးအချက်က အရေးအကြီးဆုံးပင်ဖြစ်သည်။ ရှောင်ကျားရှု၏ မျက်နှာတစ်ခုလုံး နီရဲသွားကာ အကြည့်တို့မှာလည်း ချက်ခြင်းပင် ကြမ်းတမ်းကာ ခြိမ်းခြောက်လိုဟန်သို့ ပြောင်းလဲသွားတော့သည်။
ကျိမြန်ကလည်း သူ့ကို ရင်ခွင်ထဲ ချက်ခြင်း ဆွဲသွင်းကာ ခပ်ဖွဖွ ရယ်မောရင်း လေပြေအေးဖြင့် ချော့မော့လိုက်သည်။
"ဟုတ်ပြီ ကိုယ်တို့ ကလေးမမွေးဘူး မင်းက ကိုယ့်တစ်ဘဝလုံးမှာ တစ်ဦးတည်းသော ကလေးလေးပဲ ဟုတ်ပြီလား ..."
အနည်းငယ်သာ ပြောရသေးသည့်တိုင် သူ့စိတ်ထဲတွင်တော့ အများအပြား မြင်ယောင်မိနှင့်ပြီးဖြစ်သည်။
သို့သော် သူသည်လည်း ရှောင်ကျားရှုနှင့် အတွေးအတူတူပင်ဖြစ်သည်။ သူ့အချစ်အားလုံး ရှောင်ကျားရှုထံ ပုံအောထားပြီးဖြစ်၍ အခြားတစ်ယောက်ကို ဂရုစိုက်ပေးရန် အချိန်ရော စွမ်းအင်ပါ မရှိတော့။ အရည်အချင်း မပြည့်မီသည့် ဖခင်တစ်ဦး ဖြစ်ရမည့်အစား ဖခင်မဖြစ်ရခြင်းကသာ ပို၍ကောင်းပေသေးသည်။ ရှေးယခင်ကတည်းက သူ့အနာဂတ်အစီအစဉ်များတွင် မိဘဖြစ်ရန် မပါဝင်ခဲ့။ ရှောင်ကျားရှုမှာ လွန်စွာ ငယ်ရွယ်သေးရာ သူ့ကို ချစ်သူတစ်ယောက်လိုသာမက ကလေးတစ်ယောက်ကဲ့သို့ပါ အလိုလိုက်နိုင်၍ အခြားသူများအတွက် နေရာလွတ် မကျန်ရှိတော့ချေ။
ရှောင်ကျားရှု၏ မို့တက်နေသော ပါးနှစ်ဖက်ကို ဖျစ်ညှစ်ကာ အလေးအနက် ပြောလိုက်သည်။
"မား ကျွန်တော်တို့ ကလေးမယူဘူး ..."
အမေကျိက အနည်းငယ် တုန့်ဆိုင်းသွားသည့်တိုင် လက်မလျော့လိုသေး။
"ဒါပေမယ့် မင်းတို့ အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ စောင့်ရှောက်ပေးမယ့် သားသမီး မရှိနိုင်ဘူးလေ ..."
ရှောင်ကျားရှုမှာ လှစ်ခနဲ ပြောလိုက်မိသည့်အပေါ် နောင်တရလာတော့သည်။ တိတ်တိတ်လေးနေကာ နောက်ပိုင်းတွင်မှ ကျိကောနှင့် ဆွေးနွေးသင့်သော်ငြား ထိုစကားတို့မှာ ထုတ်ပြောမိပြီးဖြစ်၍ ပြန်ရုတ်သိမ်း၍လည်း မရတော့။ ထို့ကြောင့် ရိုးသားမှုအပြည့်ဖြင့်သာ ပြောလိုက်တော့သည်။
"မား ကျွန်တော်က အခုထိ ငယ်သေးတယ်ဆိုတော့ ကျိကောက ကျွန်တော့်ကို နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးလိမ့်မယ် ကျိကော အိုမင်းလာတဲ့အခါ ကျွန်တော် ပြန်ဂရုစိုက်ပေးရမယ့်အလှည့် ရောက်လာပြီပေါ့ ကျွန်တော်တို့မှာ ကလေးရှိတယ်ပဲထား သူတို့လည်း အရွယ်ရောက်လာရင် ထွက်သွားကြမှာပဲ မဟုတ်လား ညကြီးမင်းကြီး တစ်ခုခု ဖြစ်လာရင် ကျွန်တော့်ဘေးနား ရှိနေပေးမှာ တစ်ခြားသူ မဟုတ်ဘူး ကျိကောပဲ ကျိကော အသက်ကြီးပြီး လမ်းမလျှောက်နိုင်တော့ရင် သူ့ကို နေ့တိုင်း ကူတွဲပြီး လမ်းလျှောက်ပေးမှာ ကျွန်တော်ပဲ ကိုယ်ပိုင်ဘဝနဲ့ မအားမလပ်ဖြစ်နေတဲ့ သားသမီးတွေ မဟုတ်ဘူး ကျွန်တော်တို့ပဲ တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း အားထားရင်း ထောက်ပံ့ပေးရင်းနဲ့ လက်ကျန်ဘဝကို ကုန်ဆုံးသွားရမှာ မဟုတ်လား ..."
သူနဲ့ ကျိကောက အရမ်း အသက်ကွာတယ်လို့ ဘယ်သူပြောတာလဲ သူ ငယ်နေသေးတဲ့အချိန်မှာ ကျိကောက ရင့်ကျက်နှင့်နေလို့ သူ့ကို လမ်းညွှန်ပေးနိုင်ပြီ ကျိကော အသက်ကြီးသွားရင် သူ့မှာ ဂရုစိုက်ပေးဖို့ ခွန်အားအပြည့်ပဲ ဒီလောကမှာ ဘယ်စုံတွဲကများ သူတို့ထက်ပိုပြီး ပြီးပြည့်စုံအောင် လိုက်ဖက်ညီနိုင်မှာတဲ့လဲ သူတို့ရဲ့ ဘဝက အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနေမယ်လို့ ယုံကြည်ထားပြီးသား ဘာနောင်တမှ ရှိလာမှာ မဟုတ်ဘူး ..."
အမေကျိက သူမ၏ အထီးကျန်ဆန်သော ဘဝကို တွေးကြည့်ရင်း အနည်းငယ် အားငယ်သွားရတော့သည်။
ဟုတ်သားပဲ သားသမီးဆိုတာ အချိန်တန်ရင် ထွက်သွားကြမှာ လက်တွဲဖော်ကပဲ အသက်ကြီးတဲ့အထိ ရှိနေနိုင်မှာ ဒါပေမယ့် သူမကတော့ လူရွေးမမှန်ခဲ့လို့ ကိုယ်ကိုယ်တိုင်တင်မက သားကိုပါ ဒုက္ခရောက်စေခဲ့ရတာ ...
အလွန်အမင်း လေးနက်စွာ စိုက်ကြည့်နေသည့် ကျိမြန်ကို ခါးသီးစွာ ပြုံးပြလျက် ခေါင်းကို ခပ်လေးလေး ခါယမ်းလိုက်သည်။
"ထားလိုက်ပါတော့ မင်းတို့မှာ ကိုယ့်အတွေးနဲ့ကိုယ် ရှိနေပြီးသား ဆိုမှတော့ မနှောင့်ယှက်တော့ပါဘူး ..."
"မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ အဆင်ပြေပါတယ် ..."
ရှောင်ကျားရှုက ကျိမြန်၏လက်ကို ဆုပ်ကိုင်ရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ထိုအခါမှ ကျိမြန်လည်း အသိစိတ်ပြန်ကပ်ကာ ခေါင်းငြိမ့်ပြလိုက်တော့သည်။
သူနဲ့ ရှောင်ရှုရဲ့ အသက်ကွာဟချက်ကြီးကို အများဆုံး စိုးရိမ်ခဲ့ရပေမယ့် ရှောင်ရှုရဲ့ စိတ်ထဲမှာကျ ဒါက ကောင်းတဲ့အထဲတောင် ပါနေပါ့လား ငယ်တုန်းမှာ တစ်ယောက်ကိုတစ်ယောက်ချစ် ကြီးလာရင် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထား ဒီလိုဘဝမျိုးက တကယ်ကို နောင်တမရှိစရာပါပဲလား ...
ရှောင်ကျားရှုကို အစွမ်းကုန် ချစ်ပေးခဲ့ပြီးပြီဟု ထင်ခဲ့မိသော်ငြား ယခုမူ သူ့ကို ပို၍ပင် ထပ်ချစ်ပေးနိုင်သေးသည်ဟု ခံစားမိလာရပြန်တော့သည်။
ဘာလို့ ကလေးတစ်ယောက် လိုနေဦးမှာလဲ ...
ရှောင်ကျားရှုကို ငုံ့ကြည့်လိုက်ရင်း သူ့နှလုံးသား တစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွားတော့သည်။ များလွန်း၍ လျှံထွက်ကျလာလုမတတ်ပင်။
ယောက္ခမဖြစ်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည့်အပြင် အချို့ကိစ္စများ၌ ကွာဟချက်များ ရှိနေသည့်တိုင် ရှောင်ကျားရှု၏ ကောင်းမွန်နေသော စိတ်အခြေအနေအပေါ် သက်ရောက်မှုမရှိ၊ အကြောင်းမှာ ကျိမြန်က သူ့ကို အမြဲလိုလို အားပေးထောက်ခံနေ၍ဖြစ်သည်။
ကော်ဖီတစ်အိုး ကုန်သွားပြီးနောက် အမေကျိက သားနှစ်ယောက်အတွက် ကိုယ်တိုင် ချက်ပြုတ်ရန် ပြင်ဆင်ကာ အိမ်တော်ထိန်းကို နေ့တစ်ဝက် ခွင့်ပေးလိုက်သည်။
ကျိမြန်က အင်္ကျီလက်ကို ခေါက်တင်လျက် ပြောလိုက်၏။
"မား ထိုင်နေပါ ကျွန်တော် လုပ်လိုက်မယ် ..."
"ကျိကော ကျွန်တော် ကူပေးမယ် ..."
ရှောင်ကျားရှုကလည်း ကိုယ်ချင်းဆက်အမြွာသဖွယ် သူ့နောက်ကျောကို ဖက်ထားလျက် မီးဖိုထဲ လိုက်သွားလိုက်တော့သည်။ လက်နှစ်ဖက်က ခါးကို တင်းတင်းဖက်လျက် တီးတိုးပြောလိုက်၏။
"ဆုံးဖြတ်ပြီးသွားပြီ ကလေးမယူဘူးနော် ..."
ဒီအဆိုပြုချက်ကို အရမ်းကို ကန့်ကွက်နေတယ်ဆိုပေမယ့် တစ်ချိန်ချိန်မှာ စိတ်ပြောင်းသွားနိုင်တာပဲလေ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး ဘာပဲဖြစ်ဖြစ် ကျိကောရဲ့ အာရုံစိုက်မှုတွေကို ဘယ်သူ့ဆီမှ ရောက်သွားခွင့်ပြုမှာ မဟုတ်ဘူး ...
"အိုကေ ကိုယ် မင်းစကားကို နားထောင်မယ် ..."
ကျိမြန်က သူ့ဖက်လှည့်ကာ အလိုလိုက်သည့် အပြုံးတစ်ပွင့်ဖြင့် ငုံ့ကာ နမ်းရှိုက်လိုက်၏။
"ပြန်ရောက်ရင် အတူတူ နေကြရအောင် ..."
ရှောင်ကျားရှုက ဆက်ပြီး တောင်းဆိုလိုက်သည်။
"ကောင်းပါပြီ ကိုယ်တို့ ပြန်ရောက်ရင် ပြောင်းရွှေ့ဖို့ အရင်လုပ်ကြမယ် အိမ်က သန့်ရှင်းပြီးသား ပရိဘောဂတွေ၊ နေ့စဉ်သုံးပစ္စည်းတွေနဲ့ ကိရိယာတွေအကုန်လုံးကလည်း အဆင်သင့်ပဲ ..."
ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။
"ကိုယ့်ကို အေပရွန်ထုတ်ပြီး ဝတ်ပေးဦး ..."
ရှောင်ကျားရှုက အေပရွန်ကိုထုတ်ကာ သူ့ကို ဝတ်ပေးရင်း ကတိပေးလိုက်၏။
"ကျွန်တော်လည်း ပြန်ရောက်ရင် ကျွန်တော့်မိသားစုကို ဖွင့်ပြောလိုက်မယ် ကျွန်တော်တို့က နှစ်ယောက်လုံး ညီတူညီမျှ ပွင့်လင်းရိုးသားရမယ်လေ ..."
ကျိမြန်က အနည်းငယ် ကြောင်အသွားကာ တစ်ခဏမျှ ကြာကာမှ သူ့ကို ပြန်ဆွဲယူပြီး အလေးအနက် ပြောလိုက်သည်။
"ဒီကိစ္စကို မင်း စိတ်ပူနေဖို့ မလိုပါဘူး ကိုယ်လုပ်လိုက်မယ် ကိုယ် ဘယ်ဟာကို နောင်တအရဆုံးလဲ သိလား ..."
"ဘယ်ဟာလဲ ..."
ရှောင်ကျားရှုက သူ့ကို မော့ကြည့်လိုက်သည်။
"Adventure in the wilderness ရိုက်တုန်းက မင်းကို ထပ်ပြီး အကြင်နာမကင်းမဲ့နဲ့တော့လို့ ပြောခဲ့တာလေ တကယ်တမ်းတော့ ပြောပြီးကတည်းက နောင်တရခဲ့တာ အခုဆို ပိုတောင် နောင်တရမိနေပြီ ကိုယ်က မင်းကို အကြင်နာမဲ့ပြီး ဘာကိုမှ စိတ်မပူတာမျိုးပဲ ဖြစ်စေချင်ခဲ့တာ အတိတ်မှာ မင်းမိသားစုက ကာကွယ်ပေးခဲ့တယ် ရှေ့လျှောက် မင်းမှာ ကိုယ်ရှိနေပြီ ကြိုက်တာသာလုပ် ပြဿနာအားလုံးက ကိုယ့်တာဝန်ထား ..."
"ဒါပေမယ့် ကျွန်တော့်အမေက အရမ်းကြောက်ဖို့ကောင်းတာ ကောရဲ့ အမေထက် အဆတစ်ရာလောက် ကြောက်ဖို့ကောင်းတယ် ..."
ရှောင်ကျားရှု၏ နှလုံးသားတစ်ခုလုံး ချိုမြိန်သွားသည့်တိုင် ကျိမြန်ကိုလည်း တစ်ယောက်တည်း မရင်ဆိုင်စေလို။
"ကိုယ့်မှာ နည်းလမ်းရှိပါတယ် မစိုးရိမ်နဲ့ ..."
ကျိမြန်က သူ့ကို ပြင်းပြင်းရှရှ နမ်းရှိုက်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"လာ ကိုယ် မင်းကို စတိခ် ဘယ်လိုချက်ရမလဲ သင်ပေးမယ် ရေခဲသေတ္တာထဲက ကြက်သွန်နည်းနည်းလောက် ယူလာခဲ့လိုက် ..."
"အိုကေ ..."
ရှောင်ကျားရှု၏ ပူပန်မှုတို့က အလွယ်တကူ ပျောက်ဆုံးမသွား။ သို့သော် အလျင်အမြန်ပင် ပျော်ရွှင်လာပြန်တော့သည်။ သူက ဂရုစိုက်မှုအပြည့်ဖြင့် တယုတယ ခေါ်လိုက်၏။
"ကျိကော ..."
"ဟမ် ..."
ကျိမြန်က သူ့ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။
သူက ခြေဖျားထောက်ကာ ကျိမြန်ကို ချိုမြိန်စွာ နမ်းလိုက်သည်။
"လောင်ကုန်း ..."
အမှန်တကယ်တော့ သူ့တွင် ပြောစရာမရှိ။ သူ့အခွင့်အရေးကို ကြေငြာလိုက်ခြင်းသာ ဖြစ်ပေသည်။
နောက်ဆုံးတော့ လောင်ကုန်းလို့ ပွင့်ပွင့်လင်းလင်း ခေါ်လို့ ရသွားပြီ ဟီးဟီး ...
ကျိမြန်က ခပ်တိုးတိုး ရယ်လိုက်၏။
"ကြည့်ရတာ မင်း အပြင်ဘက်သွားပြီး အမေနဲ့ စကားပြောနေတာ ပိုကောင်းမယ်ထင်တယ် မဟုတ်ရင် မင်းကို စားပွဲပေါ် တင်ထားပေးမယ် ..."
ရှောင်ကျားရှာလို ကလေးကြီးနဲ့ လက်ထပ်ခွင့်ရတာ ရှေးဘဝတုန်းက ဂလက်ဆီတစ်ခုလုံးကို ကယ်တင်ခဲ့မိလို့ထင်တယ် ...
........
အမေကျိ၏ အိမ်တွင် နှစ်ရက်ခန့် နေထိုင်ခဲ့ပြီးနောက် ရှောင်ကျားရှုနှင့် ကျိမြန်တို့လည်း တရုတ်ပြည်သို့ ပြန်လာခဲ့လိုက်ကြတော့သည်။ သားဖြစ်သူနှင့် အချိန်အတော်ကြာ ခွဲခွါခဲ့ရသည့် ရွှယ်မြောင်က လေဆိပ်အထိ ကိုယ်တိုင်ကိုယ်ကျ လာကြိုကာ ကျိမြန်ကို ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်၏။ စားသောက်နေကြစဉ်အတွင်း ကျိမြန်က အလွန်ယဉ်ကျေးနေကာ သူမကို အန်တီရွှယ်ဟု ခေါ်၍ အလွန်အမင်း ယဉ်ကျေးပျူငှာသော အမူအယာဖြင့် ခွက်ချင်းတိုက်ကာ ဝိုင်အချို့ ငှဲ့ပေးခဲ့သေးသည်။
ရှောင်ကျားရှုက သူ့ဘေးထိုင်နေသည့်တိုင် ရင်းနှီးသည့် အမူအယာမျိုး တစ်ခုမှပင် မပြသရဲ။ သူ့အမေ လစ်သည့်အချိန်တွင် နှုတ်ခမ်းစူကာ မျက်စိမှိတ်ပြလျက် ခေါင်းစောင်းပြီး ပြုံးပြရုံမျှသာ လှုပ်ရှားရဲပေသည်။ သူ့လုပ်ရပ်များကြောင့် စားသောက်နေစဉ်တစ်လျှောက် ကျိမြန်၏ နှလုံးသားတစ်ခုလုံး ယားယံကာ ကူကယ်ရာ မဲ့နေရတော့၏။ ရွှယ်မြောင်၏ကားအဝေးကြီးအထိ ရောက်သွားသည်ကို ကြည့်နေပြီးကာမှ သက်ပြင်းအရှည်ကြီးချလျက် သူ့ကိုယ်ပိုင်ကားရှိရာသို့ ပြန်လာလိုက်တော့သည်။
အမေရိကန်တွင် နေခဲ့စဉ်က သူနှင့် ရှောင်ကျားရှုတို့ နှစ်လနီးပါးခန့် အတူတူ နေထိုင်ခဲ့ကြရာ ဤသည်မှာ ပထမဆုံးအကြိမ် ခွဲခွါရခြင်းဖြစ်၍ ၎င်းကို အသားမကျလှချေ။ အတိတ်တွင် ရှောင်ကျားရှုက သူနှင့်အတူ အမြဲတမ်းလိုက်ကာ ကားထဲရောက်သည်နှင့် တစ်ပြိုင်နက် သူ့ရင်ခွင်ထဲ တိုးဝင်ပြီး အကြိမ်အနည်းငယ် နမ်းရှိုက်စကားဆိုပြီးမှသာ သူ့ထိုင်ခုံနေရာသို့ တုံ့ဆိုင်းစွာ ပြန်သွားလေ့ရှိပေသည်။ လမ်းအခြေအနေ ကောင်းမွန်နေပါလျှင် ကျိမြန်၏ လက်တစ်ဖက်ကို တိတ်တိတ်လေး ဆုပ်ကိုင်ထားတတ်ပြီး လမ်းမကောင်းပါလျှင်မူ ထိုင်ခုံတွင်သာ ငြိမ်ငြိမ်လေး ထိုင်နေရင်း ကျိမြန်ကို ကြည့်၍ပင် မဝနိုင်သည့်နှယ် ခဏခဏ စိုက်ကြည့်နေတတ်ပေသည်။
ထိုအချိန်တိုင်း ကျိမြန်ကလည်း သူ့ဘက်လှည့်ကာ ပြန်ပြုံးပြလေ့ သို့မဟုတ် ဆံပင်ကို ပွတ်သပ်ပေးလေ့ရှိပြီး ပျင်းတိပျင်းရွဲ အခြေအနေမှ ချက်ခြင်းလက်ငင်း အားအင်ပြည့်ဖြိုးသွားလေ့ ရှိပေသည်။
ကားကို ပထမဆုံးအကြိမ် ဝယ်ဖူးကြသူတိုင်းမှာ ကားမောင်းရသည့်အပေါ် လွန်စွာ စိတ်အားထက်သန်ပြီး ကီလိုမီတာ ရာပေါင်းများစွာ မောင်းနှင်ပြီးကာမှ တစ်ခဏနား၍ ဖြစ်စေ၊ လုံးဝ အနားမယူဘဲဖြစ်စေ ပြန်လည်မောင်းနှင်လာလေ့ ရှိကြသည်။ အကြောင်းမှာ သူတို့အဖို့ ကားမောင်းရခြင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှ၍ ဖြစ်ပေသည်။ သို့သော် ကားမောင်းသက် ရှည်လာသည့်အခါ ထိုသို့ မောင်းနှင်ရသည့်အပေါ် ပို၍ ငြီးငွေ့လာရတော့၏။ ကိုယ်တိုင် ကားမောင်းရမည်ဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျောက်ရုပ်တစ်ရုပ်နှယ် ထုံထိုင်းသွားသည့်အလားပင်။ ဟိုးယခင် ကျိမြန်မှာလည်း ထိုအတိုင်းပင်၊ ကားမောင်းခြင်း...အထူးသဖြင့် နာရီပေါင်းများစွာ ကားမောင်းရခြင်းကို လွန်စွာ ပင်ပန်းငြီးငွေ့နေတော့၏။
သို့သော် ရှောင်ကျားရှု ရှိလာသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်အတူတူ အနီးကပ် နေနေရသည့် ခံစားချက်ကို သဘောကျမိလာတော့သည်။ မည်သည့် အကြောင်းအရာမဆို စိတ်ဝင်စားဖွယ် ကောင်းလာကာ အကယ်၍ ထူးထူးခြားခြား ပြောစရာ မရှိပါလျှင်လည်း ချစ်စကားတို့ တီတီတာတာ ပြောကြရင်း အနမ်းအချို့ကို အလျင်အမြန် ဖလှယ်လိုက်ကြသည်။ ရှောင်ကျားရှုနှင့်သာ ဆိုပါလျှင် မရောက်ဖူးသည့် မြို့ကိုပင် နာရီပေါင်းများစွာ ခြေဦးတည့်ရာ မောင်းနှင်နိုင်ကာ သူ့ကို မရောက်ဖူးသည့် မြို့များသို့ ခေါ်သွားပေးရင်း လမ်းဘေးစားသောက်ဆိုင်တွင် ပီဇာတစ်စိတ်စီစား သို့မဟုတ် ကော်ဖီတစ်ခွက်စီ သောက်ရင်း ညဉ့်နက်သန်းခေါင်မှလည်း အိမ်ပြန်လာနိုင်ပေသည်။
မည်မျှပင် ရှည်လျားသည့် ခရီးလမ်း ဖြ
စ်နေပါစေ ရှောင်ကျားရှုသာ အတူရှိနေပါလျှင် လုံးဝ ပင်ပန်းသည်ဟု မခံစားရ။ ရှောင်ကျားရှုနှင့်သာဆိုလျှင် ကမ္ဘာဆုံးသည်အထိပင် ကားမောင်းနိုင်သည်ဟု ခံစားမိပေသည်။
Xxxxxx