အပိုင်း ၁၅၃
Viewers 57k

Chapter 153





"အခုရော ခံစားချက်တွေ တည်ငြိမ်သွားပြီလား ..." 


"ဟင့်အင်း ..." 



သူ့ကို ငုံ့ကိုက်နေသည့် ရှောင်ကျားရှု၏ လေသံက ဗလုံးဗထွေးဖြင့် ထွက်ပေါ်လာသည်။ တစ်နေကုန်သည်အထိပင် စိတ်တည်ငြိမ်နိုင်မည်မဟုတ် ကျိကောကို ဆွဲထားရန် လိုအပ်နေပေသည်။ အကယ်၍ ကျိကောသာ သူ့ကို ဆွဲမထားပါလျှင် တစ်ကိုယ်လုံး ပျော်ရွှင်မှုတို့ ပြည့်နှက်ကာ လေပေါ် ပျံတက်သွားတော့မည်ဖြစ်သည်။ 


အိုး ကြည့်ရတာ "မြေကြီးပေါ်ကို ခြေပြန်မချနိုင်တော့ဘူး" ဆိုတဲ့ ခံစားချက်က ဒါမျိုးထင်တယ် ဒီစကားကို ဘယ်သူ တီထွင်ခဲ့တာလဲကွ အရမ်းကို တစ်ထပ်တည်းပဲ ... 


ထိုအတွေးနှင့်အတူ နှုတ်ခမ်းကို ကိုက်လျက် တိတ်တိတ်လေး ရယ်မောလိုက်သည်။ 


ကျိမြန်မှာလည်း ထိုအတွေးတို့ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောမိလုမတတ်ပင်။ သူ့ကောင်လေး၏ ခေါင်းကို ပွတ်သပ်ပေးလျက် ကျီစယ်လိုက်သည်။ 


"အိုကေ ဒါဆိုလည်း အချိန်ယူလိုက်ဦး မနက်ဖြန်မှ လက်ထပ်မှတ်ပုံတင်ဖို့ ပြည်သူ့ရေးရာဌာနကို သွားကြတာပေါ့ ..." 


ထိုအခါမှ ရှောင်ကျားရှုလည်း ကယ်လ်ဖိုးနီးယားတွင် လိင်တူလက်ထပ်မှုသည် တရားဝင်ဖြစ်ကြောင်း သတိရသွားတော့သည်။ ထို့ကြောင့် သတ်မှတ်ထားသော အချိန်အတွင်း လက်ထပ်ကာ အစိုးရအသိအမှတ်ပြု လက်ထပ်ပြီးစီးကြောင်း ထောက်ခံလွှာကို ရရှိနိုင်ပေသည်။ ထိုထောက်ခံလွှာမှာ တရုတ်သို့ ပြန်ရောက်လာပါလျှင် တရားမဝင်သည့်တိုင် ၎င်းမှာ စွဲမြဲယုံကြည်ကာ အမြတ်တနိုး တန်ဖိုးထားရမည့် ကတိသက်သေစာလွှာပင်ဖြစ်ပေသည်။ 


မျက်လုံးထောင့်စွန်းမှ မျက်ရည်စတို့ကို အလျင်အမြန် သုတ်ကာ ခေါင်းကိုမော့လျက် ပြောလိုက်သည်။ 


"ကျိကော ကျွန်တော် အဆင်ပြေသွားပြီ အခုပဲ သွားကြရအောင် ..." 


ထို့နောက် လက်ပတ်နာရီကို ငုံ့ကြည့်ကာ အလောတကြီး တိုက်တွန်းလိုက်သည်။ 


"ဟေး ကိုးနာရီတောင် ခွဲသွားပြီ သွက်သွက်လေးလုပ်တော့ မြန်မြန်သွားကြရအောင် မဟုတ်ရင် အလုပ်ဆင်းသွားကြလိမ့်မယ် ..." 


ရှောင်ကျားရှု၏ နီမြန်းနေသော မျက်လုံးနှင့် နှာခေါင်း၊ မျက်ရည်စတို့ဖြင့် စိုရွှဲတောက်ပနေသည့် မျက်ဝန်းတစ်စုံတို့ကို ငေးကြည့်ရင်း ကျိမြန်မှာ တဒိတ်ဒိတ်ခုန်လာသည့် ရင်ခုန်သံကို ထိန်းမထားနိုင်တော့၊ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက်လိုက်တော့သည်။ သွားဖုံးတို့ကို ဖွင့်ဟကာ သူ့လျာဖျားဖြင့် လျာအချင်းချင်း ရစ်ပတ်လျက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ 


"မစိုးရိမ်ပါနဲ့ ကိုယ် ဘုရားကျောင်းနဲ့ သင်းအုပ်ဆရာကို စီစဉ်ထားပြီးသား စာရင်းသွင်းပြီးတာနဲ့ ချက်ခြင်း လက်ထပ်ပွဲ လုပ်လို့ရတယ် ပြီးတော့ ငါးရက်အတွင်း လက်ထပ်မှတ်ပုံတင် ရလာမှာလေ ကိုယ့်ကို ဆုမချချင်ဘူးလား ..." 


စိတ်အားထက်သန်မှုတို့ ပြည့်လျှံသွားသော ရှောင်ကျရှုက သူ့ကို ပွေ့ဖက်ကာ ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်တော့သည်။ 


ဒီရက်‌အတွက် ကျိကောက အကြာကြီး အလုပ်များနေခဲ့ရမှာပဲ ဟုတ်တယ်မဟုတ်လား သူ့ရင်ထဲ အရမ်းကို ထိရှသွားလို့ ငိုချင်လာပြီ ... 


ကျိမြန်က သူ၏ နီမြန်းယောင်ကိုင်းနေသော မျက်ဝန်းတစ်စုံကို ဖိပွတ်ပေးရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"ကြည့်ရတာ ကိုယ်တော့ အငိုသန်တဲ့ ကလေးပေါက်စလေးကို ချစ်မိသွားတာထင်တယ် ဒါကို ဘယ်လိုလုပ်ရမလဲ .. ဟင် ..." 


"ဘာလုပ်မှာလဲ ... နောက်ပြန်ဆုတ်ချင်လို့လား ..." 


ရှောင်ကျားရှု၏ မျက်နှာထားမှာ မျက်ရည်လည်ရွှဲ ဖြစ်နေရာမှ ချက်ခြင်းလက်ငင်း ခက်ထန်သွားကာ ကျိမြန်၏ အောက်နှုတ်ခမ်းကို သူ၏ နှင်းလိုဖြူဖွေးနေသော သွားများဖြင့် နှစ်ကြိမ်တိုင် ဖိကြိတ်ပွတ်သပ်လိုက်သည်။


ကျိမြန်က သူ့ဆံပင်ကို ပွတ်သပ်ပေးရင်း ခပ်တိုးတိုး ရယ်မောလိုက်၏။ 


"ကိုယ့်တစ်ဘဝလုံး နောင်တရမှာ မဟုတ်ဘူး တကယ်လို့ နောင်တရခဲ့ရင်လည်း ရတဲ့သူ ခွေးပဲ အိုကေ အိုကေ မင်းဆံပင်ပုံစံကို မဖျက်တော့ဘူး ရေချိုးခန်းထဲ သွားပြီး မျက်နှာသစ်လိုက်ဦး ပြီးရင် သွားကြရအောင် ..." 


ရှောင်ကျားရှုလည်း သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ အလျင်အမြန် ပြင်ဆင်လိုက်သည်။ 


ကြိုတင်ပြင်ဆင်ကာ ချိန်းဆိုထားသည့်အတွက် လက်ထပ်မှတ်ပုံတင်သည့် လုပ်ငန်းစဉ်မှာ ချောချောမွေ့မွေ့ပင် ပြီးစီးသွားတော့သည်။ ပြည်သူ့ရေးရာဌာနမှ ထွက်လာပြီးနောက် ဘုန်းတော်ကြီးကို သက်သေထား၍ ဘုရားကျောင်းတွင် ရိုးရှင်းသည့် မင်္ဂလာပွဲတစ်ခုကို ကျင်းပခဲ့သည်။ ကျောက်ချွမ်၊ ဝူချွမ်းရီနှင့် ကျွမ်းလွမ်တို့ကိုသာ ဖိတ်ကြားခဲ့သည့်တိုင် ရှောင်ကျားရှု၏ အပျော်တို့က လျော့နည်းမသွား၊ ဘုန်းတော်ကြီးက အချင်းချင်း နမ်းကြရန် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှုတ်ခမ်းတစ်စုံကို ကျိမြန်ထံ ဖိကပ်လျက် နမ်းရှိုက်လိုက်တော့သည်။ အကြည့်တို့မှာ ထွန်းလင်းသည့် မီးရောင်နှင့်အပြိုင် တလက်လက် တောက်ပနေတော့သည်။ 


ကျိမြန်ကလည်း ခပ်ဖွဖွ ရယ်မောကာ သူ့ခါးကို ပွေ့ဖက်လျက် နှစ်ကြိမ်တိုင် ‌လှည့်ပတ်ဝှေ့ယမ်းလိုက်၏။ ထိုအခါမှသာ "ပျော်ရွှင်မှုက မင်းကို ဝိုင်းကြီးပတ်ပတ် လည်‌တဲ့အထိကို ‌ဖြစ်စေနိုင်တယ်" ဟူသည့် စကားကို သဘောပေါက်သွားတော့သည်။ 


လူတစ်ယောက်က အလွန်အကျူး ပျော်မြူးလာပြီဆိုရင် ရူးနှမ်းတဲ့ အပြုအမူတွေကိုပါ လုပ်နိုင်တယ်ဆိုတာ တကယ်ပဲကိုး ... 


သုံးရက်အကြာ လက်ထပ်မှတ်ပုံတင် ရလာသည့်အခါ  ရှောင်ကျားရှုက ၎င်းကို ဓာတ်ပုံရိုက်ကာ Weibo ပေါ်တင်ရန် ပြင်လိုက်သော်ငြား ချက်ခြင်းပင် ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်၏။ သူ့အဖို့ လက်ထပ်ပြီးကြောင်း ကြေငြာခြင်းမှာ ကိစ္စကြီးမဟုတ်၊ အခြားစတားများကဲ့သို့ ပရိသတ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရန် မလို၊ သူ့စိတ်ကြိုက် လုပ်ဆောင်နိုင်ကာ ပရိသတ် မရှိတော့သည့်တိုင် အရင်းအမြစ် ရှားပါးမည့်သူ မဟုတ်ပေ။ သို့သော် ဤသို့ မလုပ်ဆောင်မီ အခက်ခဲဆုံးအဆင့်ဖြစ်သည့် သူ့မိသားစုကို ဖွင့်ပြောခြင်းအား ဦးစွာ လုပ်ဆောင်သင့်သည်ဟု ခံစားမိပေသည်။ 


ရှောင်ကျားရှုက သူ့ကို ဘဝတစ်ခုလုံးနှင့် ထပ်တူထပ်မျှ ချစ်ပေးရပါသည့် မိခင်ဖြစ်သူ၊ ရှေးရိုးစွဲကာ အရင်းရှင်ဆန်လှသော ဖခင်ဖြစ်သူ၊ လေးနက်တည်ငြိမ်ကာ လုပ်နိုင်စွမ်း ကြီးမားလှသည့် အစ်ကိုဖြစ်သူတို့ကို တွေးရင်း ဝမ်းနည်းပက်လက် သက်ပြင်းချလိုက်တော့သည်။ 


ကျိမြန်က သူ့လက်ကို ဆုပ်ကိုင်ထားလျက် စကားစလိုက်၏။ 


"ရှောင်ရှု တရုတ်ကို မပြန်ခင် ကိုယ့်အိမ်ကို လိုက်ခဲ့ပေးမလား ..." 


အိမ်ကို ပြန်မယ် ... 


ထိုအခါမှ ရှောင်ကျားရှုက ကျိမြန်၏ မိခင်မှာလည်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကာ ပြီးခဲ့သည့် နှစ်များစွာက ပဋိပက္ခများကြောင့် များစွာ မရင်းနှီးကြတော့ကြောင်း သတိရသွားတော့သည်။ 


"အိုကေ ..." 


သူက ချက်ခြင်း ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဘယ်တော့ သွားမလဲ ..." 


"ဒီနေ့ပဲ ..." 


ကျိမြန်က လက်မှတ်နှစ်စောင်ဖြတ်ရန် ဖုန်းဆက်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"လက်ထပ်တာလို အရေးကြီးတဲ့ ကိစ္စမျိုးကို သူမကို အသိပေးဖို့ လိုအပ်တာပေါ့ ..." 


မူလကမူ သူ့အမေကို အသိပေးခြင်း မပေးခြင်းက အရေးမကြီးလှဟု တွေးခဲ့မိသေးသည်။ ရံဖန်ရံခါ ဖုန်းဆက်ခြင်း သို့မဟုတ် တွေ့ဆုံခြင်းကပင်လျှင် လုံလောက်နေပြီဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် မနှောင့်ယှက်နိုင်ပါလျှင် အကောင်းဆုံးဖြစ်သည်။ သူမက သူ့(ကျိမြန်)အဖေကို ရွေးချယ်ကာ သူ့အနာဂတ်နှင့် ဘဝတစ်ခုလုံးကို လက်လျော့လိုက်ကတည်းက မိသားစုနှင့် ပတ်သက်၍ မျှော်လင့်ချက် ရှိမနေတော့ချေ။ 


ယခုမူ သူ့ချစ်သူ၊ ကိုယ်ပိုင်မိသားစု ရှိလာပြီဖြစ်ရာ ထိုအတွေးအားလုံးကို လွှတ်ချလိုက်တော့သည်။ သို့မဟုတ် ရှောင်ကျားရှုနှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်မှ တစ်ဖြည်းဖြည်း လွှတ်ချနိုင်ခဲ့သည်ဟု ပြော၍ ရပေလိမ့်မည်။ သို့သော် သူကမူ လုံးဝ သတိမပြုမိခဲ့။ သူ့မိခင်ကို စိတ်အေးအေးထားကာ စကားပြောနိုင်လာသည်၊ ရှောင်ကျားရှုကို အိမ်သို့ ခေါ်သွားကာ သူ့ကို ဂရုစိုက်ပေးရန် သူမအား တောင်းဆိုလာနိုင်သည်၊ ရှောင်ကျားရှုကြောင့် သူ့စိတ်ထဲမှ ဒဏ်ရာအားလုံး တစ်ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာရတော့သည်။ 


ရှောင်ကျားရှုသာ အသိအမှတ်ပြုမှုနှင့် ကောင်းချီးစကားကို လက်ခံရမည် ဆိုပါလျှင် ဤပျက်ယွင်းနေသော ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရမည် ဆိုလျှင်ပင် သူ့အနေဖြင့် လိုလိုလားလား ဆန္ဒရှိပေသည်။ 


ထိုသို့ဖြင့် နေ့လည်ငါးနာရီတွင် လော့အိန်ဂျလိစ်သို့ လေယာဉ် ဆိုက်ရောက်လာကာ ကျိမြန်၏ မိခင်ဖြစ်သူ နေထိုင်ရာအိမ်သို့ ကားဖြင့် သွားလိုက်ကြတော့သည်။ 


"ဘယ်သူပါလဲ ..." 


အိမ်တော်ထိန်းက ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။ 


"ဘုရားရေ တစ်ဖနီ ဘယ်သူ ရောက်နေလဲဆိုတာ လာကြည့်လှည့်ပါဦး ရှင့်သားလေ ကျိ‌ ရောက်လာတာ ..." 


ရှောင်မြန်က ပြီးခဲ့တဲ့ ခြောက်လလောက်ကမှ လာထားတာ မဟုတ်လား ဘယ်လိုဖြစ်ပြီး ထပ်ရောက်လာတာလဲ ...


သားဖြစ်သူကို တစ်နှစ်မှ တစ်ခါသာ တွေ့ရသည့် အမေကျိအဖို့ ယနေ့ဖြစ်ရပ်မှာ အံ့အားသင့်စရာပင်။ ချိုင်းထောက်နှင့်အတူ တံခါးဝသို့ အလောတကြီး လျှောက်လာကာ သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေလိုက်သည်။ ကျိမြန်က စကားပြောတော့မည် ပြင်လိုက်စဉ်မှာပင် သူ့နောက်တွင် ရပ်နေသည့် ရှောင်ကျားရှုက ခေါင်းထွက်လာကာ ဝမ်းသာအားရ ပြောလိုက်သည်။ 


"မား ကျွန်တော်တို့ မားကို လာတွေ့တာပါ ..." 


ကျိမြန်က လက်သီးဆုပ်လျက် သူ့နှုတ်ခမ်းကို ဖိပိတ်ထားလိုက်၏။ ရယ်ချင်စိတ်ကို လုံးဝ ထိန်းချုပ်ထား၍ မရတော့ချေ။ 


ကလေးကြီးတစ်ယောက်ကို လက်ထပ်ရတာ ဒီလိုမျိုးပါ့လား တစ်နေကုန်ကို ရယ်ချင်နေတာ ဘယ်လိုမှ ရပ်လို့မရဘူး အခြေအနေတွေက ဘယ်လောက်ပဲ ကသိကအောက်ဖြစ်စရာကောင်းကောင်း သူနဲ့သာဆို အလွယ်တကူကို ဖြေရှင်းနိုင်သွားတာပဲ ... 


အမေကျိက အတော်ကြာ ကြောင်အသွားပြီးကာမှ အပြုံးတစ်ပွင့်ကို ဖျစ်ညှစ်ပြုံးပြလိုက်၏။ သူမကိုယ်သူမ ခြေထောက်သာမက အကြားအာရုံပါ ချို့ယွင်းသွားလေသလားဟုပင် တွေးလိုက်မိတော့သည်။ 


"မား ကျွန်တော်နဲ့ ရှောင်ရှု ဒီနေ့ပဲ လက်ထပ်လိုက်ပြီ အဲဒါ တရုတ်မပြန်ခင် မားကို တွေ့ချင်လို့ ..." 


ကျိမြန်က သူ့ကို တင်းတင်းဆုပ်ကိုင်ထားသည့် ရှောင်ကျားရှု၏ လက်ကို မြှောက်ကာ သူမအား လက်ထပ်လက်စွပ်ကို ပြလိုက်သည်။ 


"မင်း ... မင်းတို့နှစ်ယောက်က လက်ထပ်ပြီးသွားပြီလား ..." 


အမေကျိက အစောပိုင်းတွင် အံ့အားသင့်သွားသော်ငြား ချက်ခြင်းပင် ဝမ်းသာအားရ ပြုံးပြရင်း ပြောလိုက်တော့သည်။ 


"လက်ထပ်တာ ကောင်းတာပေါ့ ထိမ်းမြားမှုဆိုတာ အခြေကျသွားတဲ့ သဘောပဲလေ ပြီးတော့ ရှေ့ရေးကလည်း အလားအလာ ကောင်းလာလိမ့်မယ် လာ လာ အထဲဝင်ပြီး ထိုင်ကြ ဂျင်းနီရေ တို့တွေအတွက် ကော်ဖီလေး တစ်အိုးလောက် ပြင်ပေးပါဦး ..." 


အိမ်တော်ထိန်းကလည်း သူ့တို့ကို နွေးနွေးထွေးထွေး ဂုဏ်ပြုပေးကာ မီးဖိုထဲ ပြေးသွားလိုက်ရတော့သည်။ 


အမေကျိက ရှောင်ကျားရှုပါလာသည့် လက်ဆောင်ထုပ်ကြီးငယ်များကို လက်ခံရယူကာ ကြည့်လေလေ သူ့ကို ပိုပြီး မျက်စိကျလာမိတော့သည်။ 


ပထမဆုံးအကြိမ် သူ့သား အိမ်ကိုခေါ်လာတဲ့ ယောကျာ်းလေးက ဒီလို လူချောလေး ဖြစ်နေတာပဲကိုး ဘယ်လိုဖြစ်ပြီး သူ့မှာ ဘာအတွေးမှ မရှိဘဲ နေမလဲ ... 


ပြီးခဲ့သည့် နှစ်များအတွင်း သားဖြစ်သူ၏ အိမ်ထောင်ရေးကို စိတ်ပူခဲ့သည့်တိုင် မည်သို့မှလည်း စကားမစရဲ။ ပြီးခဲ့သည့် ကိစ္စများကပင်လျှင် သူတို့ သားအမိနှစ်ဦးအကြား အဖိုးတန်ဆက်ဆံရေးကို ထိခိုက်စေနှင့်ပြီး ဖြစ်ပေသည်။ 


သားဖြစ်သူကို သင်ပြဆုံးမပိုင်ခွင့် ဆုံးရှုံးထားပြီဖြစ်‌၍ သူကြိုက်သူမှာ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဂရုမစိုက်တော့၊ သူ့ဘဝတစ်လျှောက် ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းကာ အတိတ်၏ အရိပ်ဆိုး‌တို့ကြောင့် မနာကျင်ရတော့စေရန်သာ မျှော်လင့်ပေတော့သည်။ ယခု သူ့တွင်လည်း ကိုယ်ပိုင်အိမ် ရှိနေပြီ ဖြစ်သည့်အတွက် သူမလည်း

စိတ်အေးသွားရတော့သည်။ 


ထိုအတွေးနှင့်အတူ အမေကျိ၏ မျက်ဝန်းတို့ ငွေ့ရည်ဖွဲ့လာသည့်အတွက် အလျင်အမြန်ပင် ခေါင်းကို ငုံ့ချကာ မျက်ရည်စတို့ကို သုတ်လိုက်ရတော့သည်။ 


ကျိမြန်က သူမကို နားမလည်နိုင်စွာ စိုက်ကြည့်ရင်း နှစ်သိမ့်ပေးလိုက်သည်။ 


"မား ကျွန်တော်နဲ့ ရှောင်ရှုက တကယ်ကို အဆင်ပြေပါတယ် မား စိတ်ပူနေဖို့ မလိုပါဘူး ..." 


ရှောင်ကျားရှုကပါ သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ထပ်ပြောလိုက်သည်။ 


"မား ကျွန်တော်နဲ့ ကျိကော မားကို မကြာခဏ ပြန်လာတွေ့ပါ့မယ် ..." 


"ကောင်းပြီ ကောင်းပြီ မင်းတို့ ပျော်နေတယ်ဆို မားလည်း စိတ်အေးရပါပြီ နှစ်ယောက်လုံး အလုပ်များကြမှန်း သိထားပြီးသားဆိုတော့ မကြာခဏ လာတွေ့နေဖို့ မလိုပါဘူး ဖုန်းပိုဆက်ပေးရင်ကို လုံလောက်နေပါပြီ ရှောင်မြန် ရှောင်ရှုက ငယ်သေးတယ် သူ့ကို လွတ်လွတ်လပ်လပ် နေပါစေဦး ဟုတ်ပြီလား ..." 


ကျိမြန်ပင် ခေါင်းငြိမ့်မပြရသေး၊ ရှောင်ကျားရှုက သူ့ဘက်မှ ချေပလိုက်သည်။ 


"မား မပူပါနဲ့ ကျိကောက ကျွန်တော့်ကို အများကြီး ဂရုစိုက်ပေးပြီးတော့ ကျွန်တော်ကလည်း ကျိကောကို အများကြီး ကြင်နာပေးမှာပါ ကျွန်တော်တို့က ဘဝတစ်သက်တာလုံးကို အတူတူ ကုန်‌ဆုံးသွားကြမှာလေ ..." 


ချွေးမတွေက ယောက္ခမလောင်းနဲ့ တွေ့ရမှာကို ကြောက်ကြတယ်တဲ့ သူကဖြင့် ဘယ်လိုမှကို မသက်မသာဖြစ်တယ်လို့ မခံစားရပါဘူး ကျိကောအမေကလည်း သူ့အမေပဲဟာ ဒီလိုတွေးလိုက်တာနဲ့ကို "မား" လို့ ချောချောမွေ့မွေ့ ထွက်လာတော့တာပဲ ... 


ကျိမြန်မှာ လုံးဝ သည်းမခံနိုင်တော့။ မိခင်ဖြစ်သူကို ရှေ့ထားလျက်ပင် ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲသွင်းလျက် နဖူးကို ကြင်ကြင်နာနာ နမ်းရှိုက်လိုက်မိတော့သည်။ 


ကြည့်ရတာ အတိတ်တုန်းက သူ့အမေရဲ့ ဆုံးဖြတ်ချက်ကို နားလည်နိုင်သွားပြီထင်တယ် တစ်ချို့လူတွေကတော့ သားသမီးကသာ အရာရာလို့ တွေးကောင်းတွေးလိမ့်မယ် ဒါပေမယ့် မိသားစုတစ်စုမှာ လင်မယားနှစ်ယောက်ကြားက ဆက်ဆံရေးက အရေးအကြီးဆုံးပဲ ဘာလို့ဆို သားသမီးဆိုတာ အနှေးနဲ့အမြန် ခွဲခွါသွားမှာ အိမ်ထောင်ဖက်ကမှ သေတစ်ပန် သက်တစ်ဆုံး အတူတူ ရှိနေပေးနိုင်မှာလေ ... 


အမေက အဖေ့ကို သူမကိုယ်သူမထက် ပိုပြီးကို ချစ်ခဲ့တာ ပြီးတော့ ဒါကလည်း အမှားတော့ မဟုတ်ပါဘူး အပြစ်ပြောစရာဆိုလို့ ချစ်ဖို့ မထိုက်တန်တဲ့သူကို ချစ်ခဲ့မိတာလေးပဲ ရှိတာ သူသာ အလားတူ အခြေအနေမျိုး ကြုံရမယ် ဆိုရင်လည်း ရှောင်ရှုကိုပဲ  သေချာပေါက် ရွေးမိမှာ ပြီးတော့ အတိတ်နဲ့ ပတ်သက်ပြီးလည်း ဘာမှ ပူပန်စရာ မလိုတော့တဲ့ဟာကို ဘာလို့ နာကြဉ်းမှုတွေ သယ်ပိုးထားနေဦးမှာလဲ ... 


ကျိမြန်က သူ၏ နောက်ဆုံးလက်ကျန် မုန်းတီးမှုတို့ကို ပစ်ချကာ ရှောင်ကျားရှုကို ပွေ့ဖက်လျက် အေးမြစွာ ပြုံးပြလိုက်တော့သည်။ 




ရှောင်ကျားရှုက အနည်းငယ် နားလည်ရခက်သွားသည့်တိုင် သူ့ကိုမှီကာ အကြိမ်အနည်းငယ် နမ်းရှိုက်လျက် တောက်တောက်ပပ ပြုံးပြလိုက်သည်။ ကျိကော၏ တောက်‌ပနေသော နေရောင်သဖွယ် နွေးထွေးကြည်လင်လှသည့် အပြုံးမျိုးကို လွန်စွာ နှစ်သက်လှပေသည်။ မိခင်ဖြစ်သူနှင့် တွေ့ပေးရန် လော့အိန်ဂျလိစ်သို့ ခေါ်လာပေးခြင်းကိုမူ ပို၍ပင် နှစ်သက်လှသေးသည်။ ကောင်းချီးပေးမှုနှင့် အသိအမှတ်ပြုခံရသည့်အတွက် ပျော်ရွှင်မှုတို့ကို အပြည့်အဝ ခံစားလိုက်ရတော့၏။ 


ရှောင်ကျားရှုက သူ့အပြုံးမှာ မည်မျှအထိ အူကြောင်ကြောင်ဖြစ်နေမှန်း မသိသေး။ သို့သော် ကျိမြန်၏ အကြည့်ထဲတွင်မူ ချစ်စရာကောင်းသည်ဟုသာ မြင်နေရပေသည်။ သူ့ကောင်လေး၏ နှာဖျားကို ခပ်ဖွဖွဆွဲကာ နမ်းရှိုက်လိုသည့် ဆန္ဒတို့ကို ချိုးနှိမ်လိုက်၏။ အကြေ

ာင်းမှာ အနမ်းတစ်ပွင့်မှသည် မရေမတွက်နိုင်သည်အထိ များပြားလာမည်ဖြစ်ကာ သူတို့ရောက်နေသည့်နေရာမှာ ဟိုတယ်မဟုတ်၍ ပူးကပ်နေ‌ရန် နေရာမရှိသောကြောင့် ဖြစ်ပေသည်။ 


Xxxxxxx