Chapter 156
သူ့အတွေးတို့ကို ကြားနေရသည့် ကျိမြန်က ပွေ့ဖက်ကာ နူးနူးညံ့ညံ့ အနမ်းခြွေလိုက်တော့သည်။ အိမ်သို့ ပြန်ရောက်ကာစက နှလုံးသားတစ်ခုလုံး အထီးကျန်လစ်ဟာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များ နွမ်းနယ်နေသည့်တိုင် နှလုံးသားက လိုချင်တောင့်တနေကာ တစ်ဦးကိုတစ်ဦး ဂရုစိုက်မိနေကြဆဲပင်။ ဤအချစ်ထက် ပိုကောင်းသည့် အချစ်ဟူ၍ မရှိနိုင်တော့။
"ထလေ တီဗီသွားကြည့်ရအောင် ..."
သူ့ကို အကြိမ်ပေါင်းများစွာ ပွေ့ဖက်နမ်းရှိုက်ပြီးနောက် ကျိမြန်က ရေချိုးဝတ်ရုံရှည်တစ်ထည်ကို သာမန်ကာလျှံကာ ကောက်ဝတ်လိုက်သည်။
"စနေပြီ စနေပြီ ..."
မီးဖိုထဲ ဝင်သွားသော ရှောင်ကျားရှုက အာလူးကြော်ထုပ်ကို ကိုင်လျက် အမောတကော ပြန်ပြေးထွက်လာသည်။
ကျိမြန်က ခြေထောက်တို့ကို ခွဲကာလက်မောင်းကို ဖွင့်ထားလျက် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ မေးကို ရှောင်ကျားရှု၏ ပုခုံးပေါ် တင်လျက် ပျင်းတိပျင်းရွဲဖြင့် ပြောလိုက်၏။
"ကိုယ့်ကိုလည်း ကျွေးပါဦး ..."
ရှောင်ကျားရှုကို ရင်ခွင်ထဲ ထည့်ထားနေရသရွေ့ သူ့စိတ်ရောကိုယ်ပါ နွေးထွေးကာ သက်တောင့်သက်သာ ရှိနေပေသည်။
ရှောင်ကျားရှုက သူကိုယ်တိုင်လည်းစား ကျိမြန်ကိုလည်း ခွံ့ကျွေးကာ စခရင်ကို မျက်တောင် မခတ်စတမ်း ငေးကြည့်နေလိုက်သည်။ ကွမ်ရှစ်တွင် လူကြိုက်များလှသည့် ကိုယ်ပိုင် ရုပ်သံလွှင့်ရုံ ရှိနေသည့်အပြင် ယခုအစီအစဉ်တွင် ပါဝင်သူများမှာ ချောမောလှပသူများသာ ဖြစ်သည့်အတွက် ရုပ်ရည်သွင်ပြင် တစ်ခုတည်းဖြင့်ပင်လျှင် ပရိသတ်အမြောက်အများ၏ အာရုံကို ဆွဲဆောင်နိုင်ပေသည်။
အင်တာနက်သုံးစွဲသူများက မှတ်ချက်ကဏ္ဍတွင် သူတို့အိုင်ဒေါ၏ နာမည်ကို ခေါ်ဝေါ်ရင်း အလုပ်များနေကြပြီး ကျိမြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သရဖူလေးများ၏ မှတ်ချက်တို့က စခရင်အပြည့် ဖုံးလွှမ်းသွားတော့၏။ ဤသည်မှာ ကျိမြန်၏ ကျော်ကြားမှုပြယုဂ်ပင် ဖြစ်ပေသည်။ ထို့ကြောင့်လည်း လတ်တလော ကိစ္စများတွင် ရှောင်ကျားရှုဘက်မှ ရပ်တည်ကာ တစ်ဖက်သူ၏ ယခင်ကျော်ကြားမှုကို ပြန်လည်ရရှိစေခဲ့ခြင်း ဖြစ်ပေသည်။
ချိုးတုနှင့် ကျန်းပင်းကျဲတို့၏ ပရိသတ်များက ရှောင်ကျားရှုကို အပုတ်ချနေကြဆဲ ဖြစ်သော်ငြား စကားလုံး အသုံးအနှုန်းမှာ လွန်စွာ ပြင်းထန်ရက်စက်လှသည့်အတွက် ဖြတ်သွားဖြတ်လာများပင် သည်းမခံနိုင်တော့။ အမှားအမှန် ဆုံးဖြတ်ချက်သို့ တစ်ဖြည်းဖြည်း နီးကပ်လာဟန်ပင်။ "အမှန်တရားက ဘာလဲ" ဟူသည့် မှတ်ချက်တို့သာ တစ်ဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။ အမှားအမှန်အားလုံးမှာမူ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ထုတ်လွှင့်ချိန်မှသာ ရှင်းရှင်းလင်းလင်း သိရမည်ဖြစ်သည်။
"ကျိကော ကောက အရမ်း နာမည်ကြီးတာပဲ ..."
ရှောင်ကျားရှုက အာလူးကြော်ကို တစ်ကိုက်ကိုက်ရင်း ပြောလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သူ့မျက်နှာတစ်ခုလုံး အမှောင်ဖုံးသွားတော့၏။
"လင်းလဲ့ယန်က ကောကို ကြည့်နေတယ် ဟမ့် ..."
သူကတော့ အခုထိ ချဉ်စူးနေတုန်းပဲ ပြီးတော့ ဒီခံစားချက်ကိုလည်း လွှတ်မချနိုင်ပါဘူးနော် အဲဒီ့အတိတ်ကြောင့်သာ ကျိကောကို တွန်းထုတ်ပြီး အေးစက်စက် ဆက်ဆံခဲ့မိတာ ဒီလိုမျိုး ဘယ်တော့မှ ထပ်ပြီး အရူးထတော့မှာ မဟုတ်ဘူး ...
ကျိမြန်က သူ၏ မို့တက်နေသော ပါးနှစ်ဖက်ကို ငုံ့နမ်းရင်း နှစ်သိမ့်ပေးလိုက်သည်။
"ကိုယ်က သူ့ကို မကြည့်ဘူးလေ မင်းတစ်ယောက်တည်းကိုပဲ ကြည့်နေတာကို ..."
"တကယ်ကြီးလား ကြည့်ကြည့်ရအောင် ..."
သူက ရီမုကိုယူကာ စခရင်အား နောက်ပြန်ဆုတ်မည်ပြုစဉ် ထူးထူးခြားခြား မှတ်ချက်တစ်ခုကို တွေ့လိုက်ရ၏။
[ ဟေး သတိထားမိကြလား ကျိလောင်ရှီး ပေါ်လာတော့ ရှောင်ရှုမြောင်ရဲ့ မျက်လုံးအရောင်တွေ တောက်သွားတာလေ အထူးပြုလုပ်ချက် ထည့်ထားတာ မဟုတ်ဘူးနော်]
ကျိမြန် ပေါ်လာသည့် အပိုင်းသို့ ရောက်ရှိလာတော့၏။ စခရင်ပေါ်ရှိ ရှောင်ရှုမြောင်က သူ့ကို လှည့်ကြည့်ကာ ချက်ခြင်းပင် အကြည့်တို့ ဝင်းလက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် ရယ်ပြလိုက်တော့သည်။ ကင်မရာက သူ့ခေါင်းလှည့်ရာဘက်သို့ လိုက်ကာ ကျိမြန်၏ ချောမောလှသည့် မျက်နှာကို အနီးကပ် ရိုက်ပြလိုက်ပြီး ဘေးပတ်လည်တွင် တောက်ပနေသည့် အထူးပြုလုပ်ချက်တို့ကိုပါ ထည့်ပေးလိုက်၏။ ရှောင်ရှုမြောင်၏ အကြည့်တစ်ခုလုံး ကျိမြန်ဖြင့်သာ ပြည့်နှက်နေကာ ကျိမြန်၏ အကြည့်တို့မှာလည်း သူ့ထံတွင်သာ ကပ်ငြိတွယ်နေသည့် အလားပင်။
ရှောင်ကျားရှု၏ စကားသံတို့ ချက်ခြင်းပင် တိတ်သွားကာ မရှက်တော့သည်မှာ အတော်ကြာနေပြီဖြစ်သော သူ၏ မျက်နှာတစ်ခုလုံး နီမြန်းလျက် ကျိမြန်၏ တုန့်ပြန်ပုံကို ချောင်းကာ ကြည့်နေလိုက်သည်။ ကျိမြန်က သူ့နားရွက်လေးကို ငုံ့နမ်းလျက် ပြုံးကာ ပြောလိုက်၏။
"ဆိုတော့ မင်းက ကိုယ့်ကို အဲဒီ့အချိန်ကတည်းက ကြိုက်နေခဲ့တာလား ..."
"ဟုတ်တယ် ကျွန်တော် ကောကို ဟိုး အကြာကြီးကတည်းက သဘောကျခဲ့တာ ..."
ရှောင်ကျားရှုက အခွင့်အရေးကို အမိဖမ်းကာ ဝန်ခံလိုက်သည်။
"တကယ်တမ်းတော့ ကိုယ်လည်း မင်းကို အဲဒီ့အချိန်ကတည်းက ကြိုက်ခဲ့တာ ကိုယ့်ကိုယ်ကို နားမလည်ခဲ့လို့သာ ..."
ကျိမြန်က သူ့နှာခေါင်းဖျားကို ငုံ့နမ်းကာ ခေါင်းချင်းတေ့လျက် အလွန်အမင်း ခံစားချက် ပြည့်ဝနေသည့် လေသံဖြင့် ပြောလိုက်သည်။ သူ့ကိုယ်သူ သတိမထားမိခဲ့သည့်တိုင် ကင်မရာကတော့ သတိထားမိပေသည်။ လူအုပ်ကြားထဲ ရပ်နေသည့်တိုင် တစ်ယောက်ကိုတစ်ယောက် ချက်ခြင်း ရှာတွေ့နိုင်ကာ အကြည့်ချင်း ဆုံမိလေတိုင်း ပြိုင်တူ ရယ်မောမိကြတော့သည်။
ထိုအချိန်တွင် မှတ်ချက်ရေးသူများ များပြားလာကာ [အား အား အား ဒါကမှ တကယ်ကို အချစ်စစ်ပဲ] ဟူသည့် မှတ်ချက်များက စခရင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။
ကျိမြန်က ခပ်တိုးတိုး ရယ်မောကာ ဟန်မဆောင်စတမ်း ပြောလိုက်သည်။
"လူထုရဲ့ အမြင်ကတော့ တကယ်ကို စူးရှတာပဲ ..."
သူ့ရင်အုပ်ကို ခေါင်းဖြင့် ပွတ်သပ်နေသော ရှောင်ကျားရှုမှာလည်း ပီတိစိတ်တို့ ပြည့်လျှံလာကာ နှစ်ကြိမ်ခန့် ခိုးရယ်လိုက်ပြီးကာမှ ဆက်ကြည့်လိုက်သည်။ ကျိမြန်က သူ့လက်ထဲရှိ အာလူးကြော်ထုပ်ကို ယူကာ နှလုံးသားတစ်ခုလုံးနှင့်အပြည့် စိတ်ပါလက်ပါ ခွံ့ကျွေးလိုက်၏။ ရံဖန်ရံခါတွင် ရေတစ်ငုံခန့်ကိုလည်း မမေ့မလျော့တိုက်လိုက်သေးသည်။
လူစိတ်ဝင်စားမှု များပြားစေရန် အလို့ငှာ ထုတ်လုပ်ရေးအဖွဲ့က ကျိမြန်နှင့် ရှောင်ကျားရှုအကြား ဆက်ဆံရေးကို ဦးတည်ကာ တည်းဖြတ်လိုက်၏။ ကျိမြန် အသင်းသားရွေးမည့် အချိန်တွင် တည်းဖြတ်ရေးအဖွဲ့မှ ရှောင်ကျားရှု၏ ခေါင်းပေါ်တွင် အနီရောင်မြားတစ်ချောင်းနှင့်အတူ စာသားအချို့ ထည့်ပေးလိုက်သည်။
[ကျွန်တော့်ကိုရွေး ကျွန်တော့်ကိုရွေး ကျိလောင်ရှီးရေ ကျွန်တော့်ကိုရွေး ]
ရှောင်ကျားရှုက မျက်နှာကို အုပ်လျက် ငြီးတွားလိုက်သော်ငြား သူ့နောက်နားရှိ ကျိမြန်ကမူ သဘောတကျ နက်ရှိုင်းစွာ ရယ်မောလိုက်မိတော့သည်။ သူ့အာရုံစိုက်မှုကို ရရန် ဘယ်ညာခုန်ပေါက်ကာ လက်ကို မြှောက်ပြနေသည့် ရှောင်ကျားရှု၏ ပုံစံမှာ လွန်စွာ ချစ်စရာ ကောင်းလှပေသည်။ ထိုလှုပ်ရှားမှုအားလုံးကို သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့သည့်တိုင် ကျိမြန်မှာ အကြည့်မလွှဲနိုင်သေး၊ စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရဆဲဖြစ်သည်။
အင်တာနက်သုံးစွဲသူများမှာလည်း ရယ်ရလွန်း၍ သေလုမတတ်ပင်။ ရှောင်ရှုမြောင်ကို ထောက်ခံသည့် မှတ်ချက်များ တစ်ရှိန်ထိုး ထွက်ပေါ်လာတော့၏။
[ကျိလောင်ရှီးရေ ရှောင်ရှုမြောင်ကိုပဲ မြန်မြန်လေး ရွေးလိုက်ပါ ဘာကို ကြည့်နေသေးတာလဲ]
[ငါ တကယ်ကို စိတ်ပူနေပြီ ကျိလောင်ရှီးသာ ရှောင်ရှုမြောင်ကို မရွေးရင် အချစ်ကို ဘယ်တော့မှ မယုံကြည်တော့ဘူး]
[ကြည့်ပြီးတဲ့နောက် ကျိလောင်ရှီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပါပြီ အားလုံးပဲ နောက်ထပ်လာမယ့် အချိုတွေအတွက် အဆင်သင့် ပြင်ထားကြပါ ]
ရှောင်ကျားရှုနှင့် ကျိမြန်တို့ ပွေ့ဖက်အပြီး ထိုမှတ်ချက်များ ထွက်ပေါ်လာရတော့သည်။ နှစ်ဦးသား တစ်ယောက်ခါးကို ကျန်တစ်ယောက်က ဖက်လျက် နားနားကပ်ကာ တီးတိုးပြောနေကြပြီး ရယ်မောလိုက်သော ရှောင်ကျားရှု၏ မျက်ဝန်းတစ်ခုလုံး ကျိမြန်၏ ပုံရိပ်တို့ဖြင့်သာ ပြည့်နှက်သွားတော့သည်။ ကျိမြန်၏ နှုတ်ခမ်းတို့က ကွေးညွတ်မလာသည့်တိုင် အကြည့်တို့မှာမူ သာမန်မျက်စိဖြင့် မြင်သာသည်အထိပင် နူးညံ့နေကာ မျက်လွှာချလျက် ရှောင်ကျားရှုကို တောက်လောင်နေသော အကြည့်တို့ဖြင့် ငုံ့ကြည့်နေလိုက်သည်။
အဓိပ္ပါယ်နှစ်ခွ ဖြစ်စေနိုင်သည့် နွေးထွေးမှုတို့က သူတို့အနားတွင် ရစ်ပတ်နေတော့သည်။ သူတို့သာလျှင် သိသည်ဟု ထင်ခဲ့မိသော်ငြား ရုပ်သံလွှင့်သည့်အခါ ကြည့်ရှုသူ အများအပြားလည်း ရှာတွေ့သွားကြတော့၏။
[ချိုလိုက်တာ ငါတော့ သူတို့နှစ်ယောက် ဖက်နေတာကို တစ်သက်လုံးတောင် ထိုင်ကြည့်နေလိုက်ချင်တယ် ]
တစ်ယောက်က ထုတ်ပြောလာ၏။
[ငါ အစကတော့ ဟွမ်ရင်ရွှယ်ကို ကြည့်ချင်လို့ ဒီကို ရောက်လာတာပဲ ဒါပေမယ့် မထင်မှတ်ထားဘဲ ရှောင်ကျားရှုကို စွဲလမ်းမိသွားပြီ သူ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းတာပဲနော် ကျိလောင်ရှီးဘေးနားမှာ လှည့်ပတ်နေတာလေးဆို ဝံပုလွေပေါက်စလေးအတိုင်းပဲ]
[နင်ပြောမှပဲ ငါပါ ဒီလို ခံစားမိလာရပြီ]
ကျန်ကြည့်ရှုသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သံယောင်လိုက်လိုက်ကြသည်။
ပျော်ရွှင်နေဆဲဖြစ်သည့် ရှောင်ကျားရှု၏ မျက်နှာမှာ ချက်ခြင်းလက်ငင်းပင် မည်းမှောင်သွားတော့သည်။
ဝံပုလွေပေါက်ဆိုတာ ဘာကြီးလဲ သူက ကျိကောရဲ့ ကလေးလေးပါနော် ဟုတ်ပြီလား ...
ထိုသို့ တွေးလိုက်မိသည့်အပေါ် သူ့ကိုယ်သူလည်း ရယ်မောလိုက်မိတော့သည်။ ကလေးလေးမှာ ဝံပုလွေပေါက်စလေးဆိုသည်လောက် ထူးကဲခြင်း မရှိဟု ခံစားလိုက်ရတော့၏။
အိုကေ ဝံပုလွေပေါက်ဆိုလည်း ဝံပုလွေပေါက်ပေါ့ ကျိကောရဲ့ မိသားစု ဖြစ်နေသရွေ့ သိပ်ကိစ္စမရှိပါဘူး ...
သူက ကျိမြန်ရင်ခွင်ထဲ လူးလှိမ့်ကာ ခါးကို တင်းတင်းဖက်လျက် တီဗီဆက်ကြည့်နေလိုက်သည်။
ရှောင်ကျားရှု၏ အတွေးတို့မှာ အင်တာနက်သုံးစွဲသူများထက်ပင် ပိုမို ထူးဆန်းလှကြောင်း ခံစားလိုက်မိသည့် ကျိမြန်ကမူ သူ့ဆံပင်ကို ပွတ်သပ်ပေးရင်း ဖုံးဖိ၍ မရနိုင်လောက်စွာ ပြုံးလိုက်မိတော့သည်။
ရှောင်ရှုကို ရင်ခွင်ထဲ ထည့်ပြီး အာလူးကြော်တစ်ထုပ်ကို နှစ်ယောက်အတူတူ မျှစား တစ်ယောက်ခန္ဓာကိုယ်ကို တစ်ယောက်က နွေးထွေးစေရင်းနဲ့ စကားစမြည် ပြောနေရတာက တကယ်ကို စိတ်ချမ်းသာစရာပဲ မိသားစုဆိုတာ ဒါမျိုးလား တကယ်ကို ကောင်းလိုက်တာ ...
အစီအစဉ်က တစ်ဖြည်းဖြည်း ရှေ့ဆက်လာကာ အသင်းနှစ်သင်းရှိ အဖွဲ့သားအားလုံး၏ လူသူကင်းမဲ့သည့် ကျွန်းပေါ်ရှိ စွန့်စားရေးခရီးစဉ်ကို စတင်လိုက်ကြတော့သည်။ ကျိမြန်က ရှောင်ကျားရှုကို ဟွမ်ရင်ရွှယ်ထက်ပင် ပိုဂရုစိုက်ကြောင်း တွေ့လိုက်ရသည့်အခါ အချို့က မကျေနပ်ကြတော့။ ရှောင်ကျားရှု၏ ခြေဖဝါးမှ အရေကြည်ဖုတို့ကို တွေ့သည့်တိုင် မရပ်နားခဲ့သည့်အပေါ် လူကြီးလူကောင်း မဆန်လှဟု ထင်မြင်ခဲ့ကြတော့သည်။
သူ့စနောက်မှုအောက်တွင် ကိုယ့်ခြေထောက်ကိုယ် ပြန်ငုံ့နမ်းလိုက်သည့် ရှောင်ကျားရှု၏ အပိုင်းကို တည်းဖြတ်ရေးအပိုင်းမှ တာဝန်ရှိသူများက ဖြတ်ထုတ်ခြင်း မပြု။ သူ့ခြေထောက်ဘေးနားတွင် ပုစွန်ပုပ်၊ ငါးပုပ်အများအပြားနှင့်အတူ ခြင်ဆေးခွေပုံစံ မျက်လုံးများဖြင့် လူသေးသေးလေးကိုပါ ဆွဲထားပေးလိုက်သေးသည်။ အင်တာနက်သုံးစွဲသူများမှာ အသက်ထွက်လုမတတ်ပင် ရယ်မောလိုက်ကြတော့၏။ ယခင် အပုပ်ချခံရမှုအားလုံးမှာလည်း ဤတစ်ခန်းတည်းဖြင့်ပင် ဆေးကြောပြီးသား ဖြစ်သွားတော့သည်။ နောက်တစ်နေ့မနက် သူမေ့လဲကာ ဆရာဝန်က သွေးချင်းချင်းနီနေသော ခြေထောက်ကိုစစ်ဆေးလိုက်သည့်
အခန်းမှာမူ ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်သွားတော့သည်။
သူ့ခြေထောက် ဤမျှအထိ ဒဏ်ရာရနေသည့်တိုင် လုံးဝ စောဒကမတက်၊ တောင်တက်ရမည်ဟု ပြောလာလျှင် တောင်ပေါ်တက်ကာ ပင်လယ်ထဲ ဆင်းရမည် ဆိုလျှင်လည်း ပြေးဆင်း၍ ပျဉ်ပြားအားလုံးကို တစ်ယောက်တည်း သယ်နေလိုက်သည်။
[ရှောင်ကျားရှုမှာ စိတ်ကူးယဉ်ကြည့်လို့တောင် မရနိုင်လောက်တဲ့ သည်းခံနိုင်စွမ်းတွေ ရှိနေတာပဲ တကယ်ကို အထင်ကြီးစရာပဲနော်]
[အတည်ပြောနေတာ မင်းတို့ သူ လမ်းပေါ်မှာ ခြေသလုံးအိမ်တိုင် လျှောက်သွားတဲ့ ဗီဒီယိုကိုလည်း ရှာကြည့်လို့ရတယ် သူက ဘာကို သည်းမခံနိုင်တာလဲ အာ ငါ တကယ်ကို ဝေခွဲမရ ဖြစ်နေပြီ သူ့ပုံစံအရဆို ဒါရိုက်တာက ရေထဲမှာ အခန်းနည်းနည်းလောက် ရိုက်ခိုင်းရုံလေးနဲ့ ရိုက်ကူးရေးကို ရပ်ပစ်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရေထဲ ပြုတ်ကျရတာက Adventurers in the wilderness ထက် ပိုခက်ခဲနိုင်မှာတဲ့လား ငါတော့ လုံးဝကို မယုံကြည်နိုင်တော့ဘူး]
[ငါ ကြားတာတော့ ဇာတ်ညွှန်းအပြောင်းအလဲလည်း ဖြစ်သွားသေးတယ်တဲ့]
[ဒါကလည်း သိပ်ပြီး ယုံချင်စရာ မကောင်းပါဘူး ဇာတ်ညွှန်းပြောင်းလား မပြောင်းလားဆိုတာ နဂါးနှစ်ကောင်ရဲ့ ရာဇဝင် ရုပ်သံလွှင့်တဲ့အချိန် သိရမှာပေါ့]
ထိုသည်ကို မြင်လိုက်ရသည့် အင်တာနက်သုံးစွဲသူ အများအပြား ရှောင်ကျားရှု၏ ဘက်တော်သားအဖြစ်သို့ ကူးပြောင်းလာတော့၏။ သူ့တွင် ခမ်းနားကြီးကျယ်သည့် မိသားစုနောက်ခံ ရှိနေသော်ငြား ထောင်လွှားမောက်မာခြင်း မရှိ၊ လူတိုင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကာ ခက်ခဲမှုများကို ရင်ဆိုင်ကျော်လွှားသည့်အပြင် နွေးထွေးသည့် စိတ်နေစိတ်ထားလည်း ပိုင်ဆိုင်ထားသေးသည်။ သူ့စကားနှင့် အပြုအမူများမှတစ်ဆင့် သူ့စရိုက် အစစ်အမှန်ကို အကဲခတ်ရန် မခဲယဉ်းလှ။ reality show များမှာ နတ်ဆိုးကြေးမုံသဖွယ်ပင် ခံစားမှုအပိုင်းတွင် ဉာဏ်နည်းလှသူများနှင့် အကျင့်စရိုက် ဆိုးဝါးလှသူများအဖို့ ခပ်ပေါ့ပေါ့ မတွေးပါလျှင် ပို၍ ကောင်းပေသည်။ သို့မဟုတ်ပါလျှင် မူရင်းပုံစံသို့ အမြန် ရိုက်ချခံရမည်ဖြစ်သည်။
ရှောင်ကျားရှုမှာလည်း သူ့ပုံစံအစစ်အမှန်ကို ဖော်ထုတ်ခံလိုက်ရသည့်တိုင် သူ့အစစ်အမှန်မှာ မကောင်းသတင်းများနှင့်တော့ ကွာခြားလှပေသည်။ ပရိသတ်အဖို့ သူ့ကို မုန်းတီးရန် ခဲယဉ်းလှသော်ငြား ကြိုက်နှစ်သက်ရန်မူ များစွာ လွယ်ကူလှပေသည်။
ထိုသည်ကို ငေးကြည့်ရင်း ရှောင်ကျားရှု၏ မျက်ဝန်းတို့ ပူနွေးကာ နှလုံးသားတစ်ခုလုံး နားလည်မှုအပျော်တို့ ပြည့်နှက်လာတော့သည်။ ထိုစဉ် ကျိမြန်က သူ့ကို ပွေ့ဖက်ကာ ပြောလိုက်သည်။
"ရှောင်ရှု ကိုယ်တောင်းပန်ပါတယ်..."
သူ့ခံစားချက်များကိုသာ စောစောစီးစီး လက်ခံနိုင်ခဲ့ပါလျှင် ရှောင်ရှုလည်း ဤဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရတော့မည် မဟုတ်ချေ။
"ရှောင်ရှု ကံကောင်းလို့ပေါ့ ကံကောင်းလို့သာ ကိုယ် အချိန်မီ သဘောပေါက်ပြီး မင်းနဲ့ အတူရှိရမယ့် အခွင့်အရေးကို မဆုံးရှုံးခဲ့တာ ..."
သူ့ကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းရင်း ကြောက်ရွံ့မှုတို့ ရောယှက်နေသော နူးညံ့မှုအပြည့်ဖြင့် ကြင်ကြင်နာနာ နမ်းရှိုက်လိုက်သည်။
သူ့ ခံစားချက်များကို ရင်ဆိုင်ရန် တုန့်ဆိုင်းနေခဲ့ပါလျှင် မည်ကဲ့သို့သော အထီးကျန်ဆန်မှုများနှင့် ကြုံတွေ့နိုင်ကြောင်း စိတ်ပင် မကူးရဲတော့။ ဦးတည်ရာမဲ့စွာ လေလွင့်နေရင်း လူသူကင်းမဲ့သည့် အဆောက်အဦးကြီးထဲတွင် အသက်အရွယ် ကြီးရင့်ကာ ပိုမိုလစ်ဟာဖွယ် အခမ်းအနားတစ်ခုဖြင့် မှေးစက်သွားရနိုင်ပေသည်။ သူ့အုတ်ဂူရှေ့တွင် လွမ်းသူ့ပန်းခွေ အများအပြား ရှိနိုင်သော်ငြား ၎င်းတို့မှာ စူပါစတား ကျိမြန်အတွက်သာ၊ မည်သည့်တစ်ခုကမှ သေမျိုးကျိမြန်ကို ကိုယ်စားမပြု၊ သူ့ကို အမှန်တကယ် န
ားလည်ပေးနိုင်သူထံမှ ရောက်လာသည့် ပန်းခွေများ မဟုတ်ချေ။ ထိုကဲ့သို့ ဘဝမျိုးမှာ မတွေးရဲလောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
Xxxxxxxx