Chapter 66
လမ်းဘေးခွေးတစ်ကောင်က သူ့လက်ထဲရှိ အသားပေါင်မုန့်ကိုကြည့်၍ သွားစွယ်ငေါငေါဖြင့် မာန်ဖီပြလိုက်သည့်အတွက် မျက်နှာတစ်ခုလုံး ဖြူလျော်သည်အထိ ကြောက်ရွံ့သွားပြီး မုန့်ကိုလွှင့်ပစ်ကာ တုန်တုန်ရီရီဖြင့် ထွက်ပြေးလိုက်တော့သည်။
ရွှယ်မြောင်မှာ ဆက်ပြီး မကြည့်ရက်တော့သည့်အတွက် ဗီဒီယိုကို ချက်ခြင်းရပ်ကာ ဗလုံးဗထွေးအသံဖြင့် ပြောလိုက်သည်။
"ဒါက တည်းဖြတ်ထားပြီးသား ရှစ်မိနစ်စာ ဗီဒီယို ဖြစ်တဲ့အတွက် အားလုံးရဲ့ အချိန်တွေကို မဖြုန်းမိအောင် အစအဆုံး ပြမနေတော့ပါဘူး တကယ်လို့များ စိတ်ဝင်စားလို့ အစအဆုံးကြည့်ချင်ရင် ရှောင်ရှုရဲ့ account မှာ link ချထားပေးပါတယ် ဒီနေ့သတင်းစာရှင်းလင်းပွဲကတော့ ဒီလောက်ပါပဲ တက်ရောက်လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူမက သားဖြစ်သူကိုကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ရှောင်ရှု ပြောစရာရှိသေးလား ..."
စင်အောက်ရှိ သတင်းထောက်များက ရုတ်ချည်း ထအော်လိုက်ကြသည်။
"ရှောင်ကျားရှု ကျေးဇူးပြုပြီး စကားနည်းနည်းလောက် ပြောပေးပါဦး ဒီလိုမျိုး မဟုတ်မမှန် အပြောခံရတဲ့အချိန်မှာ ဘယ်လို ခံစားရလဲ ..."
ရှောင်ကျားရှုက တစ်ခဏမျှ တွေးကာ ခေါင်းယမ်းပြလိုက်သည်။
"ပြောစရာမရှိပါဘူး ... သွားရအောင် ..."
သားအမိနှစ်ယောက်မှာ မှိန်ဖျော့ဖျော့ ကင်မရာမီးရောင်များကို နောက်ချန်ထား၍ လက်ချင်းတွဲကာ ထွက်လာခဲ့လိုက်ကြသည်။
ဆယ်စက္ကန့်ခန့် ရပ်နားထားချိန်တွင် အင်တာနက်တစ်ခွင်လုံး ဆွေးနွေးမှုများဖြင့် အုံကြွလာတော့သည်။ ဗီဒီယိုအပြည့်အစုံကို ကြည့်ရန် ရှောင်ကျားရှု၏ Weibo ကို ရောက်လာသူများလည်း အများအပြားပင်။ သူတို့မျက်လုံးဖြင့် မြင်လိုက်ရ၍သာ မဟုတ်ပါလျှင် အထက်တန်းလွှာတစ်ဦးက သရုပ်ဆောင်အရည်အချင်းကို စမ်းသပ်ရန် အလို့ငှာ ပိုင်ဆိုင်သမျှကို ခဝါချ၍ လမ်းပေါ်တွင် အိမ်ခြေယာမဲ့အဖြစ် နေထိုင်ခဲ့ကြောင်း လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။ သူ၏ အလေးအနက်ထားမှုနှင့် နှိုင်းယှဉ်ပါလျှင် ဂျက်စီ၊ ဂျင်ရှီဂျွန်းနှင့် လင်းလဲ့ယန်တို့မှာ ဘာမှပင် မဟုတ်တော့။
သရုပ်ဆောင်အရည်အချင်းတွေ ပေါက်ကွဲထွက်လာပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်လာဖို့ ကိုယ့်ပုံရိပ်ကို ဖျက်ဆီးတယ် ဟုတ်လား အတုတွေ အားလုံးက အတုတွေ ပုံပြင်ဆန်လိုက်သမှတော့ အကျိုးနည်းကိုပဲ...
ရှောင်ကျားရှုကမှ ကိုယ်စွမ်းရှိသမျှ အကုန်ထုတ်သုံးပြီး လူအုပ်ကြားထဲ ရောနှောနေခဲ့တာ သူက သရုပ်ဆောင်မှုရဲ့ အလှရသကို ခံစားဖို့ ဘဝနဲ့ရင်းပြီး အသုံးချနေတဲ့အချိန်မှာ တစ်ခြားသူတွေကရော ဘာလုပ်နေလဲ ဟိုနားသည်နား ဟေးလားဝါးလားနဲ့ အထက်တန်းလွှာသခင်လေးဆိုတဲ့အချက်ကို ထားလိုက်ဦးနော် သာမန်သူဆိုရင်တောင် လမ်းပေါ်မှာ သူံရက်လောက် လေလွင့်နေကြည့်ရဲလား ငါပြောရဲတယ် ငိုချင်းချပြီးတောင် အိမ်ပြန်သွားကြလိမ့်ဦးမယ် ...
ပညာမတတ်ဘူး ဟုတ်လား ဆောရီးပါ သူက အမြင့်ဆုံး ဆုတံဆိပ်တွေရဲ့ ပိုင်ရှင် အကျင့်စာရိတ္တ မကောင်းဘူး ဟုတ်လား မူးနေတဲ့ကောင်တွေကို ပြန်ရိုက်လို့ ရရဲ့သားနဲ့ မရိုက်ခဲ့ဘူးလေ သူက အရမ်းကို အလုပ်အပေါ်မှာ အလေးအနက် ထားပြီး ကျန်တဲ့နေရာတွေမှာတော့ အသံတိတ်နေလွန်းတယ် အဲဒါကြောင့်လည်း လူတွေက အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ ထင်ကုန်ကြတာ ...
ရှောင်ကျားရှုအကြောင်း သိလိုက်ရကတည်းက သူ့အပေါ် ထားရှိသည့် အင်တာနက်သုံးစွဲသူများ၏အမြင်မှာ ပြောင်းလဲသွားလေပြီ။ ယခင်က အမုန်းတရားများမှာ ယခုမူ နှစ်လိုမှုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို အဆက်မပြတ် တောင်းပန်နေကြတော့သည်။ အော်ငေါက်ရန် ရောက်လာကြသည့် follower သန်းပေါင်းများစွာမှာ ပြန်ထွက်မသွားသည့်အပြင် နောက်ထပ် ရာထောင်သောင်းမက ဆက်တိုက် တိုးနေဆဲဖြစ်သည်။ ဤအဖြစ်အပျက်တွင် ရှောင်ကျားရှုမှာ ကံအကောင်းဆုံးဟု ဆိုရပေမည်။ တစ်ခဏအတွင်းမှာပင် ကျော်ကြားမှု မရှိသေးသည့် လူသစ်တန်း သရုပ်ဆောင်မှသည် နာမည်ကျော် လူငယ်သရုပ်ဆောင်အဆင့်သို့ ရောက်ရှိသွားတော့သည်။ သူ၏ ကျော်ကြားမှုမှာ တစ်ချိန်တည်း ပွဲဦးထွက်ခဲ့သူများအကြား ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။
ကောင်းမွန်သည့် ပရောဂျက်တစ်ခုသာ ထပ်ရှ်ိခဲ့ပါလျှင် ဒုတိယဇာတ်လိုက် သို့မဟုတ် တတိယဇာတ်လိုက်နေရာမှာ သူ့အတွက် သေချာပြီးသားပင်။ တိုးတက်နှုန်းမှာ ဒုံးပျံစီးသည်ထက်ပင် မြန်ဆန်နေသေးသည်။ တစ်ဖက်တွင်မူ ကျိကွမ်း entertainment မှာ ကြီးမားစွာသော ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။ ရှောင်ကျားရှုကို သွားပုပ်လေလွင့် ပြောခဲ့သည့် အနုပညာရှင်အားလုံးကို ရွှယ်မြောင်နှင့် ရှောင်တင်းပန်းတို့က တရားစွဲဆိုလိုက်ကြကာ ချန်းယွဲ့ဟော်တယ်မှ ဆွဲထုတ်ခံလိုက်ရသည့် ရွမ်လင်ယီမှာမူ ကုမ္ပဏီပင် ပြန်မသွားနိုင်ခဲ့။ ရဲစခန်းသို့ တစ်ခါတည်း ဖမ်းခေါ်သွားခံလိုက်ရတော့သည်။
ည ၇နာရီခွဲ အချိန်ခန့်တွင် ချန်းယွဲ့ရေပူစမ်း အားလပ်ရက် အပန်းဖြေစခန်း၏ တရားဝင် Weibo account မှ ရှောင်ကျားရှုအတွက် တောင်းပန်စာအရှည်ကြီးတစ်စောင်ကို ရာထူးအပြောင်းအလဲများနှင့်အတူ ပူးတွဲထုတ်ပြန်လာသည်။ ရှောင်တင်းကျယ်၊ ဂျေးစမစ်နှင့် လုမန်နီတို့အပါအဝင် အလုပ်အမှုဆောင်ရှစ်ဦးကို တာဝန်မှ ရပ်စဲကာ ကျန်ဝန်ထမ်းအမြောက်အများကို အချိန်ကာလတစ်ခုကြာ လစာဖြတ်တောက်ခဲ့သည်။ ရာထူးတိုးခံရသူ၊ ရာထူးလျှော့ချခံရသူ၊
အလုပ်ဖြုတ်ခံရသူများကြောင့် ငလျင်ကြီးကြီးမားမား လှုပ်ခတ်လိုက်သည့်နှယ် အုတ်အော်သောင်းနင်း ဖြစ်နေပေသည်။
အမြင်စူးရှသူတို့၏ အကြည့်အောက်တွင်မူ ဤကိစ္စသည် အနုပညာလောကတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အပုပ်ချခြင်းသပ်သပ်သာ မဟုတ်၊ အမွေဆက်ခံခြင်းနှင့် ရှယ်ယာလွှဲပြောင်းခြင်းတို့ကဲ့သို့သော မြောက်များစွာသော အကျိုးအမြတ်များတွင် မပါဝင်နိုင်စေရန် ဖယ်ရှားသုတ်သင်ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သခင်လေးရှောင်မှာမူ အကျိုးအမြတ်အများဆုံး ရလိုက်သူဖြစ်သည်။ သေလမ်းသို့ တွန်းပို့ခံရမည့်အစား သူ့အကြောင်း မဟုတ်မမှန် သတင်းလွှင့်ခဲ့သူများကပင် သူ့ကိုတစ်ဖန် ခယနေကြရတော့သည်။
Weibo ကို ဖွင့်ကြည့်ရင်း လင်းလဲ့ယန်သည် ရှောင်ကျားရှု၏ follower မှာ တစ်ခဏအတွင်း ရှစ်သန်းမှ ဆယ်သန်းအထိ တိုးသွားကြောင်း တွေ့လိုက်ရသည်။ ရွှယ်မြောင်သည် ယခုအချိန်အထိ အမာခံပရိသတ် အမြောက်အများ ပိုင်ဆိုင်ထားသူဖြစ်ရာ ထိုသူအားလုံးက ရှောင်ကျားရှု၏ Weibo သို့ သွားရောက်ကာ "သစ်ပင်ပေါက်ကလေး" ဟု ချစ်စနိုး ခေါ်ဝေါ်နေကြသည်မှာ သူတို့၏ သားသမီးအရင်းအချာနှယ်ပင်။
ဒါက စူပါအိုင်ဒေါတစ်ယောက်ရဲ့ ပါဝါပဲ နှစ်နှစ်ဆယ်ကျော် ပျောက်နေတာတောင် ပရိသတ်တွေ အများကြီး ရှိနေတုန်းပဲ ...
တစ်ချို့သူတွေက အဖေ့ရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ မှီခိုကြတယ် ဒါပေမယ့် ရှောင်ကျားရှုကတော့ ကံကောင်းလိုက်တာ မှီခိုစရာ အဖေနဲ့အမေတင် မကဘူး အစ်ကိုကြီးတစ်ယောက်ပါ ရှိနေသေးတယ် တကယ်ကို နှိုင်းယှဉ်ကြည့်လို့ မရနိုင်ဘူးပဲ ...
လင်းလဲ့ယန်မှာ ကြည့်လေလေ စိတ်မသက်မသာ ဖြစ်လာသည့်အတွက် ဖုန်းကိုပိတ်ကာ ကျိမြန်ကို လိုက်ရှာလိုက်သည်။ သူ လမ်းပျောက်ချိန်တိုင်း ကျိမြန်ကသာလျှင် လုံခြုံဘေးကင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သူ့နောက်ခံမှာ မကောင်းမွန်လှသည့်တိုင် မှီခိုနိုင်သည့်သူတစ်ဦးတော့ ရှိနေဆဲဖြစ်သည်။
ရုံးခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကွန်ပျူတာကို ကြည့်နေသော ကျိမြန်အား တွေ့လိုက်ရသည်။ ထွက်လာသည့် အသံများအရ အကဲဖြတ်ရပါလျှင် ရှောင်ကျားရှု၏ ဗီဒီယိုကို ကြည့်နေခြင်းဖြစ်ရမည်။ သူ့မျက်နှာပေါ်ရှိ အပြုံးတို့ ရုတ်ချည်း အေးခဲသွားတော့၏။
ရှောင်ကျားရှုမှာ ခြေသလုံးအိမ်တိုင်ဘဝဖြင့် နေထိုင်ခဲ့သည့် သုံးရက်တာကာလအတွင်း ကိစ္စအမြောက်အများနှင့် ကြုံတွေ့ခဲ့သည်။ တည်းဖြတ်ရာ၌ ကျွမ်းကျင်သူတစ်ဦးက ဗီဒီယို၏ အဓိကအပိုင်းများကို စုစည်းကာ နောက်ခံသီချင်း ထည့်သွင်းလျက် အမျိူးမျိုးသော တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများတွင် တင်လိုက်သည်။ ထိုဗီဒီယိုကပင်လျှင် ကြည့်ရှုသူဆယ်သန်းနီးပါး ရှိလာခဲ့သည်။
ကျိမြန်က ထိုဗီဒီယိုကို ကြည့်နေခြင်းဖြစ်သည်။ ရှောင်ကျားရှုမှာ ခွေးထံမှ အစာအလုခံလိုက်ရသည့်အတွက် နောက်ဖေးလမ်းကြားကို နောက်တစ်ကြိမ် ပြန်မသွားရဲတော့။ ပြန့်ပြူးသည့် နေရာလွတ်တစ်ခုကို ရှာလျက်သာ အိပ်စက်လိုက်သည်။ ၁၁ နာရီ ထိုးသည့်အခါ လမ်းပေါ်တွင် မည်သူမှ မရှိတော့သည့်အတွက် သက်တော်စောင့်တစ်ဦး ထွက်လာပြီး သူ့ကို စောင်ခြုံပေးလိုက်သည်။
ရှောင်ကျားရှုက ရုတ်ချည်း အိပ်ယာမှထကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဘာလုပ်တာလဲ အခု ကျွန်တော်က ရှောင်ကျားရှု မဟုတ်ဘဲ အိမ်ခြေယာမဲ့တစ်ယောက်ပါလို့ ဘယ်နှကြိမ် ပြောနေရဦးမှာလဲ ကင်မရာကို ကျွန်တော့်ကိုပေး ကိုယ့်ဘာသာကိုယ်ပဲ ရိုက်လိုက်တော့မယ် ခင်ဗျားတို့က သွားအိပ်ကြတော့ ..."
"သခင်လေးရှောင် အအေးမမိအောင် ဗိုက်ကို စောင်ခြုံထားမှ ရမယ်လေ ကျွန်တော်တို့ကို လစာတွေ အများကြီး ပေးထားတာ နာရီနည်းနည်းလောက် မအိပ်ရလို့လည်း ကိစ္စမရှိပါဘူး ဒါက ကျွန်တော်တို့ရဲ့ အလုပ်ပဲလေ ..."
သက်တော်စောင့်က လမ်းပျောက်နေဟန်ဖြင့် ပြောလိုက်သည်။
ရှောင်ကျားရှုက လက်ကိုသာ ယမ်းပြလိုက်တော့သည်။
"သွားတော့ သွားတော့ ကျွန်တော်က လူ့ဘဝကို တွေ့ကြုံခံစားကြည့်နေတာ ဒါတွေကို ခင်ဗျားတို့ နားမလည်ပါဘူး ..."
ထို့နောက် စောင်ကိုယူကာ အနီးအနားရှိ အိပ်ပျော်နေသော ကလေးတစ်ယောက်ကို ခြုံပေးလိုက်သည်။ ထိုကလေးက မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လျက် ထထိုင်လိုက်ချိန်တွင် ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အတွက် ကြောင်အသွားတော့သည်။ သို့သော် သူ့လက်ထဲရှိ စောင်ကို သတိပြုမိလိုက်သည့်အခါတွင်တော့ စိတ်အေးသွားတော့သည်။
ရှောင်ကျားရှုက သူ့ကို စောင်ခြုံပေးမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန် ပြလိုက်သည့်တိုင် ကလေးက နေရာတွင်သာ မလှုပ်မယှက် ထိုင်နေဆဲဖြစ်သည်။ အမှောင်ထဲရှိ သူ့မျက်လုံးများက တဖျတ်ဖျတ်တောက်ပနေကာ မျက်ရည်တို့ စီးကျလာသည်။ နောက်တစ်နေ့မနက်တွင် ထိုကလေးက စောင်ကို သေသေသပ်သပ်ခေါက်၍ အိတ်ထဲထည့်ကာ ဟိုင်နန်လေသံဖြင့် ပြောလိုက်သည်။
"ဟေး ... ငါ ... ရေဘူးတွေယူခဲ့ ... သွားမယ် ..."
ရှောင်ကျားရှုက သူ့လေသံကို နားမလည်သည့်အတွက် ပါးစပ်အဟောင်းသားနှင့်သာ ရူးကြောင်မူးကြောင် ငေးကြည့်နေလိုက်သည်။
ထိုကလေးက သူ့ကို ရူးနေသည်ဟု အထင်ရောက်သွားလေသလားမသိ၊ စိတ်ရှည်ရှည်ဖြင့် ထပ်ပြောလိုက်သည်။
"ရေဘူးယူခဲ့ ... သွားရောင်းပြီး ပိုက်ဆံရလာရင် စားစရာဝယ်စား ..."
ထမင်းစားသည့် လက်ဟန်ခြေဟန်ကိုပါ လုပ်ပြလိုက်သည်။
ထိုအခါမှ ရှောင်ကျားရှုလည်း သဘောပေါက်သွားပြီး အိတ်ကိုကောက်ကိုင်လျက် သူ့နောက်မှ အပြေးအလွှား လိုက်သွားလိုက်သည်။ နှစ်ဦးသား လှည့်ပတ်သွားလာပြီးနောက် လေးယွမ်ရလာခဲ့သည့်အခါ တစ်ယွမ်တန် အသားပေါင်းနှစ်ခုကို ဝယ်လျက် လမ်းဘေးတွင်ထိုင်ကာ စားသောက်လိုက်ကြသည်။ စားသောက်ပြီးနောက် ထိုကလေးက ပြောလိုက်သည်။
"ရေဘူးရလာရင် ဒီမှာလာရောင်း နားလည်လား ..."
"နားလည်တယ် ..."
ရှောင်ကျားရှုက ဆီများပေကျံနေသည့် ပါးစပ်ဖြင့် ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ ထိုကလေး ထွက်သွားတော့မည်ဖြစ်ကြောင်း သတိထားမိလိုက်သည့်အခါ ရှောင်ကျားရှုက အလောတကြီး မတ်တပ်ရပ်လိုက်သည်။
ထိုကလေးက သူ့ကို ဝန်ထုပ်ဝန်ပိုးအဖြစ် သဘောထားနေဟန်ပင်။
"ငါ့နောက်ကို လိုက်မလာနဲ့ မင်းလို လူအကြီးကြီးကို တင်ကျွေးမထားနိုင်ဘူး နည်းနည်းပဲကောက်ပြီး အစားကြီးနေရင် နောက်နေ့မနက် ထွက်မယ့်နေကို မမြင်နိုင်တော့အောင် လုပ်ပစ်မှာ ..."
ရှောင်ကျားရှု၏ မျက်နှာကို ပါးသိုင်းမွေးတို့ဖြင့် ဖုံးကွယ်ထားသည့်တိုင် နီရဲသွားမှန်း သိသာနေပေသည်။ ထိုကလေးနောက်မှ ဆက်လိုက်ရန်လည်း ရှက်ရွံ့နေမိသည့်အတွက် အသားပေါင်း၏ အရသာကို ပြန်တွေးရင်း တံတွေးမျိုချလျက် အမှိုက်ပုံးများကို လှန်လှောရှာဖွေနေလိုက်သည်။ ရေသန့်ဘူးအလွတ်များကိုင်ကာ ဖြတ်သန်းသွားသူများကို တွေ့လေတိုင်း ထိုကလေး၏ ဟိုင်နန်လေသံကို အတုခိုးလျက် တစာစာ တောင်းခံလိုက်သည်။
"ရေသန့်ဘူးအလွတ်လေးများ ပါလာကြရင် သနားကြပါ ... ကျေးဇူးအများကြီး တင်ပါတယ် ..."
စိတ်လှုပ်ရှားစရာ ကောင်းလှသည့် အပိုင်းများ အမြောက်အများ ရှိနေသေးသော်ငြား စခရင်တစ်ခုလုံး အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
"ဒါ ငါတွေ့ဖူးသမျှထဲမှာ အရိုးသားဆုံးနဲ့ ဟိတ်ဟန်မထုတ်တတ်ဆုံး သူဌေးသားပဲ တစ်ခြား ပရောပရည်လုပ်တတ်တဲ့ ခွေးကောင်တွေနဲ့များ တစ်ခြားစီပဲ ..."
တစ်ယောက်က မှတ်ချက်ရေးလိုက်သည်။
နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။
"ရှောင်မိသားစုဝင်တစ်ယောက် မဟုတ်ခဲ့ရင်တောင် ငါပြောရဲတယ် ရှောင်ကျားရှုက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကံကောင်းမှာပဲ အမှိုက်ကောက်တဲ့ လောကကြီးကနေ ထွက်ပေါ်လာမယ့် စီးပွားရေးပညာရှင် အလောင်းအလျာလေး ..."
ကျန်သူများကလည်း ပြောလိုက်သည်။
"သခင်လေးရှောင်က အကဲဖြတ်မှုကို တကယ်ကို အလေးအနက် လုပ်ထားတာပဲ ငါတော့ ဘာလို့ တစ်ပြိုင်တည်း ငိုလည်းငိုချင်၊ ရယ်လည်းရယ်ချင်နေရတာလဲ မသိဘူး လောကကြီးမှာ ဆင်းရဲဒုက္ခတွေ အများကြီး ရှိနေတယ်ဆိုပေမယ့် စစ်မှန်တဲ့ ခံစားချက်တွေလည်း ရှိနေတုန်းပဲကိုး ..."
မြောက်များစွာသော မှတ်ချက်များက ဗီဒီယိုကို အကောင်းမြင်စိတ်များဖြင့် ဖုံးလွှမ်းလိုက်သည်။ သခင်လေးရှောင်၏ ခက်ခဲလှသော ဘဝကို တွေ့လိုက်ရချိန်တွင် သူတို့၏ ဘဝများမှာ အနည်းငယ် ချိုမြိန်လာဟန်ပင်။
ထူးဆန်းလိုက်တာ ...
ထိုဗီဒီယိုကို ကြည့်ပြီးနောက်တွင်တော့ ရှောင်ကျားရှု၏ ချောမောသောငြား မောက်မာတတ်သည့် မြူဆွယ်တတ်သော မြေခွေးကောင်ဟူသော ဂုဏ်ပုဒ်မှာ ပျောက်ကွယ်သွားတော့သည်။ အားလုံးက သူ၏ အလေးအနက်ထားသည့်တိုင် အတွင်းပိုင်းတွင် ခပ်တုံးတုံးနှင့် ချစ်စရာကောင်းကာ ဟာသရွှင်တတ်သည့် စိတ်ထားကို တွေ့မိသွားကြတော့သည်။ သူ့ကိုယ်သူ ကြီးမြတ်လှသည့် အရှိန်အဝါပိုင်ရှင်ဟု တွေးကောင်းတွေးနေနိုင်သော်ငြား အများပြည်သူ၏ အကြည့်ထဲတွင်မူ သူသည် အလွယ်တကူ အရူးလုပ်ခံရနိုင်သည့် သနားစဖွယ် ကလေးလေးပင်ဖြစ်သည်။
တစ်ဖန် သတင်းစာရှင်းလင်းပွဲကို ကြည့်မိသည့်အခါတွင်တော့ ခံစားချက်တို့ ကွဲပြားသွားပြန်သည်။ ကားတိုက်သည့်အခန်းကို ပြသသည့်အခါ ခပ်တင်းတင်းဆုပ်ထားသည့်လက်သီးနှင့် နီရဲနေသော မျက်ဝန်းတို့မှာ သူ့စိတ်အတွင်းရှိ ဝမ်းနည်းမှုနှင့် ဒေါသကို ဖော်ပြနေသည်။
ဒီအပိုင်းကြောင့်သာ မဟုတ်ရင် သူက လီကျားအာကို လမ်းပိတ်ထားမှာ မဟုတ်ဘူး ဒါပေမယ့် လီကျားအာကကျ ဘာလုပ်လဲ သူ့အတွက် တစ်လမ်းစာလေး ချန်ထားပေးတာတောင် ကျေးဇူးမတင်ဘဲ ပြန်ကိုက်ချင်နေသေးတယ် နင့်လိုလူကိုမှ ခွေးလို့ မခေါ်ရင် ခေါ်စရာလူကို မရှိတော့ဘူး ရွံစရာကောင်းလိုက်တာ ...
အင်တာနက်သုံးစွဲသူများ၏ ဒေါသရေချိန် ပြန်လည်မြင့်တက်လာပြန်ကာ လီကျားအာ၏ Weibo ကို လာရောက်၍ ဆူပူကြိမ်းမောင်းလိုက်ကြပြန်သည်။
ကျိမြန်က ဗီဒီယိုကိုရပ်ကာ ကွန်ပျူတာစခရင်ကို ငေးကြည့်နေလိုက်သည်။ အတော်ကြာသည်အထိ လင်းလဲ့ယန် ရောက်နေမှန်း သတိမထားမိသေး။
"ဘယ်ကတည်းက ရောက်နေတာလဲ ...."
သူက တအံ့တဩ မေးလိုက်သည်။
"ဗီဒီယိုကို ကြည့်နေကတည်းက ..."
လင်းလဲ့ယန်က ပြောလိုက်သည်။
"ရှောင်ကျားရှုက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ ခြေသလုံးအိမ်တိုင်ဘဝနဲ့ သုံးရက်တောင် နေခဲ့တာ..."
"တကယ့်လူပဲ ..."
ကျိမြန်က ခေါင်းကိုယမ်းလျက် ရယ်မောလိုက်သည်။
Xxxxxxx