အပိုင်း ၆၅
Viewers 57k

Chapter 65


လီကျားအာက မည်သူ့ကိုမှ မရင်ဆိုင်ရဲတော့သည့်အတွက် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်တော့သည်။ သူမကို အဝတ်ဗလာဖြင့် နှင်းတောထဲ ပစ်ချခံလိုက်ရသည့်နှယ် ခံစားလိုက်ရပြီး ရှက်ရွံ့စိတ်နှင့် ဒေါသစိတ်တို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာတော့သည်။ ထိုအသံဖိုင်မှာ အတုမဟုတ်ကြောင်း သူမ အသိဆုံးဖြစ်သည်။ 


သူမ ပြောခဲ့တာတွေကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ အဲဒီ့အချိန်တုန်းက ဟဲရီ ဖုန်းပြောရင်း ကားတိုက်ပြီး သေသွားပြီဆိုတာကို သိလိုက်ရတော့ ခဏလောက် ကြောက်သွားခဲ့မိပေမယ့် သူ့အဖေက သတင်းလည်း ပြန်မဖြန့်၊ အရိုးပြာကိုတောင် မယူတော့လို့ စိတ်အေးလက်အေး နေနေခဲ့တာလေ ... 


ဒါပေမယ့် ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့စကားက တကယ်ကို မှန်တာပဲ အပြစ်ပြန်မခံရဘူးလို့ မရှိဘူး အချိန်မကျသေးတာပဲရှိတာ ... 


လီကျားအာ၏ ဝဋ်ကြွေးမှာ နှစ်ပေါင်းများစွာ ကြာပြီးမှ တစ်ပတ်လည်လာသည့်တိုင် လုံးဝ အပြစ်မခံရခြင်းတော့ မဟုတ်ပေ။ 


ထိုအချိန်တွင် သူမ၏ မန်နေဂျာက ရဲသားအချို့နှင့်အတူ ရောက်လာကာ ကိုယ်နေဟန်ထား ခပ်ကျုံ့ကျုံ့ဖြင့် ပြောလိုက်သည်။ 


"ဒါက လီကျားအာပါ ..." 


ရဲများ စကားပြောလာမည်ကိုပင် မစောင့်ဘဲ သူမက သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။ 


"ရွှယ်မြောင်က ဟဲရီနဲ့ ဘာမှ မတော်လို့ တရားလို မဖြစ်ထိုက်ဘူး သူမသာ တရားလို မဟုတ်ရင် ရှင်တို့မှာ ကျွန်မကို ထိန်းသိမ်းခွင့် မရှိဘူး ..." 


သူမကိုယ်သူ ကာကွယ်နိုင်ရန် အလို့ငှာ ဥပဒေအကြောင်းလည်း အနည်းငယ် လေ့လာထားသေးသည်။ 


"မင်းက အများကြီး သိထားတာပဲ ကြည့်ရတာ ဒီနှစ်တွေထဲမှာ ဒီကိစ္စအကြောင်း အများကြီး တွေးထားတယ်ထင်တယ် ..." 


ရဲအရာရှိက အေးစက်စွာ ပြောလိုက်သည်။ 


"အမှန်အတိုင်း ပြောရရင် တရားလိုက ဟဲရီရဲ့ ညီနဲ့ ညီမပါ အခု သူတို့က တရုတ်ကို လာတဲ့ လမ်းပေါ်မှာ ပြီးတော့ တရားစွဲဖို့ မစ္စစ်ရွှယ်မြောင်ကို အပြည့်အဝ ကိုယ်စားလှယ်လွှဲထားပြီးပြီ စုံစမ်းစစ်ဆေးမှုကို ခံယူဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ ..." 


"ဟဲရီမှာ ဘယ်တုန်းက ညီလေးညီမလေးတွေ ရှိသွားတာလဲ ..." 


လီကျားအာမှာ ရှက်ရွံ့မှုကြောင့် သေလုမတတ် ခံစားနေရဆဲဖြစ်သည်။ 


"ဘာလို့ မေးခွန်းတွေ တအားများနေရတာလဲ လိုက်မှာလား မလိုက်ဘူးလား ..." 


စိတ်မရှည်တော့သော ရဲမေတစ်ဦးက သူမကို ဆွဲခေါ်လာလိုက်တော့သည်။ မူလက သူမကို အနည်းငယ် စာနာမိခဲ့သော်ငြား အမှန်တရားမှာ ဤသို့ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားပေ။ 


သူများတွေကို ဒုက္ခပေးရုံနဲ့တင် အားမရလို့ နာမည်ပါ ဖျက်လိုက်သေးတယ် ဒီလို ‌ယုတ်မာတဲ့သူကို လူလို့ရော ခေါ်လို့ရသေးလား တိရိစ္ဆာန်တွေပဲ ... 


လီကျားအာကို ရဲစခန်းသို့ ဖမ်းခေါ်သွားပြီး ရဲစခန်းအပေါက်ဝတွင် စောင့်နေသော သတင်းထောက်များက သူမ၏ ဓာတ်ပုံကို အလုအယက် ရိုက်ကူးကာ အင်တာနက်ပေါ် တင်လိုက်ကြတော့သည်။ ဤကဲ့သို့ ထိတ်လန့်ဖွယ် အလှည့်အပြောင်းကြောင့် အင်တာနက်သုံးစွဲသူအားလုံးမှာ မုန်တိုင်းဝင်မွှေခံလိုက်ရသည့် သူတို့၏ စိတ်ပိုင်းဆိုင်ရာကို ပြန်လည်တည်ငြိမ်လာစေရန် ဦးစွာ ပြုပြင်လိုက်ကြရတော့သည်။ 


လီကျားအာအတွက် တရားမျှတမှုကို တိုက်ယူရန် ဖွဲ့စည်းလိုက်သော အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှာလည်း အလွန်ရှက်ရွံ့မိသွားသည့်အတွက် ရှောင်ကျားရှုကို စော်ကားမော်ကား ပြောဆိုရေးသားထားသည်များကို အလျင်စလို ဖျက်လိုက်ကြတော့သည်။ သို့သော် လီကျားအာနှင့် တိုက်ခိုက်ရန် ရွှယ်မြောင်က ဟဲရီ၏ ညီနှင့်ညီမကို ငွေကုန်ကြေးကျခံကာ တရုတ်သို့ ခေါ်ခဲ့ရကြောင်းကိုတော့ မည်သူမှ မသိချေ။ 


ဤသည်မှာ ဟဲရီအဖေ၏ အမှားများလည်း ပါဝင်ပေသည်။ ထိုသူသည် မည်သည့်အလုပ်ကိုမှ ကောင်းမွန်စွာ မလုပ်သည့်အတွက် နိုင်ငံရပ်ခြားတွင် ခိုလှုံခွင့် ရရှိခဲ့သည့်တိုင် ဆင်းရဲမွဲတေနေဆဲဖြစ်သည်။ အသက်ရှင်သန်ရန် အလို့ငှာ ဇနီးဖြစ်သူနှင့် တရားမဝင် သားသမီးနှစ်ဦးကိုပါ စွန့်ပစ်ခဲ့သည်။ သူသည် အညှာအတာ ကင်းမဲ့သူတစ်ဦး ဖြစ်ရာ လီကျားအာ၏ မိသားစုဝင်များ လောဘဇောတက်ကာ ငွေညှစ်လာပါလျှင် သူတို့နှင့် ရင်ဆိုင်နိုင်စေရန် ဖုန်းခေါ်ဆိုမှုများကိုသာမက ဖျက်ချထားသော သန္ဓေသား၏ DNA စစ်ဆေးချက်ကိုပါ သိမ်းထားခဲ့သည်။ 


ထိုသက်သေများမှာ လီကျားအာကို ငရဲသို့ ပို့ဆောင်ပေးမည့် လက်မှတ်များပင်ဖြစ်သည်။ 


အားလုံးမှာ ရွှယ်မြောင်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေပေသည်။ သူမက အသံဖမ်းစက်ကို ပိတ်ကာ အားလုံးကို တစ်မိနစ်ခန့် အချိန်ပေးလိုက်ပြီးကာမှ တစ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"နောက်ဆုံးမှာ ကြားလိုက်ရတဲ့ အသံအကျယ်ကြီးက ဟဲရီ ယာဉ်တိုက်မှု ဖြစ်သွားတဲ့အသံ ရှင်တို့အခေါ်ဆို မုဒိန်းကောင်ပေါ့ သူက နစ်နာသူတစ်ဖြစ်လဲ လီကျားအာရဲ့ စကားတွေကြောင့် အသိစိတ်လွတ်သွားပြီး တံတားအောက်ခြေတိုင်နဲ့ တိုက်မိသွားတာ နေရာမှာပဲ ပွဲချင်းပြီး သေသွားခဲ့တာလေ ကျွန်မသား ပြေးသွား‌တဲ့နေရာက ..." 


သူမက စခရင်ကိုထောက်ကာ ပြလိုက်သည်။ 


"ကား ပျက်စီးသွားတဲ့နေရာပေါ့ ..."


ဓာတ်ပုံနေရာတွင် ပြင်းထန်လှ‌စွာသော အရှိန်ဖြင့် မောင်းနှင်လာသည့် ပြိုင်ကားတစ်စီး တံတားအောက်ခြေတိုင်ကို ဝင်တိုက်မိသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည်။ ယာဉ်မောင်းသူက ကားထဲမှ လွင့်စင်လာသည့်တိုင် ချက်ခြင်း မသေဆုံးသေး။ ဆန့်တငင်ငင် ဖြစ်နေဆဲဖြစ်သည်။ ဖြတ်သွားဖြတ်လာများက ရဲကို အမြန်အကြောင်းကြားကာ သူ့ဖုန်းကို ကောက်ကိုင်၍ အများဆုံး ဆက်သွယ်ထားသူကို ဆက်သွယ်လိုက်သည်။ 


ဗီဒီယိုကို ငါးမိနစ်ခန့် ကျော်ကြည့်လိုက်သည့်အခါ ငယ်ရွယ်နုပျိုနေဆဲ သခင်လေးရှောင်ရှု ထွက်ပေါ်လာသည်။ သူက တက္ကစီပေါ်မှ အမြန်ဆုံး ပြေးဆင်းကာ အခင်းဖြစ်နေရာကို ကာထားသည့် အတားအဆီးများအား ကျော်ဖြတ်ကာ ဟဲရီ၏ဘေးသို့ ဝင်သွားလိုက်သည်။ ဒူးကိုထောက်ကာ လက်နှစ်ဖက် ဆန့်တန်းလိုက်သော်ငြား သူ့ကို မထိရဲ။ ကူကယ်ရာမဲ့စွာဖြင့် ဆံပင်တို့ကို ဆွဲလျက်သာ "ကယ်ကြပါဦး" ဟု ထပ်ကာထပ်ကာ ငိုကြွေးလိုက်တော့သည်။ ဗီဒီယိုမှာ အသံမပါသည့်တိုင် သူ၏ စိတ်ပျက်ဝမ်းနည်းနေဟန်ကို အတိုင်းသား မြင်တွေ့နေရသည်။ မျက်နှာတစ်ခုလုံး မျက်ရည်တို့ စိုရွှဲနေကာ ယူကျုံးမရစွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။ 


လူနာတင်ကား ရောက်မလာမီမှာပင် ဟဲရီမှာ အားတင်းမထားနိုင်တော့။ သူက ရှောင်ကျားရှု၏လက်ကိုကိုင်ကာ တစ်ခုခုကို ပြောလိုက်လျှင် ရှောင်ကျားရှုက နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြင်နာတတ်သူတစ်ဦးက သူကောက်ယူထားသည့် ဖုန်းကို လက်ထဲ ထည့်လာပေးကာ နောက်ထပ် မိနစ်ဝက်ခန့်အကြာတွင် ဟဲရီတစ်ယောက် ဇီဝိန်ချုပ်ငြိမ်းသွားတော့သည်။ ရှောင်ကျားရှုမှာ သူ့သူငယ်ချင်း ရုတ်ချည်း ကွယ်လွန်သွားသည့်အပေါ် လက်မခံနိုင်။ ဤဖြစ်ရပ်များမှာ သူ့အဖို့ အိပ်မက်ဆိုးသဖွယ်ပင် ဖြစ်သည်။ 


ရွှယ်မြောင်က ဗီဒီယိုကို ရပ်လိုက်ကာ အစောပိုင်းက ပြထားသည့် ဓာတ်ပုံကို နောက်တစ်ကြိမ် ပြန်ပြလိုက်သည်။ ထိုမြင်ကွင်းနှစ်ခုမှာ လူများမှသည် နောက်ခံနေရာ အပါအဝင် အချိန်ကာလအပိုင်းအခြားအထိ အားလုံး တစ်ထပ်တည်းကျနေကာ မူမမှန်မှု တစ်ခုမှပင် မရှိချေ။ ၎င်းကမှ အမှန်တရားဖြစ်သည်။ 


နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ရှောင်ကျားရှုမှာ ထိုဖြစ်စဉ်ကို မြင်ယောင်မိလေတိုင်း နာကျင်ရ‌ဆဲဖြစ်သည်။ စခရင်ကို အကြည့်လွှဲလိုက်ကာ ကြည်လင်နေသော မျက်ဝန်းတို့မှာလည်း မျက်ရည်စတို့ ရစ်သိုင်းလာသည်။ ရုတ်ချည်း ငိုမချမိစေရန် အလို့ငှာ လက်သီးကို တင်းတင်းဆုပ်လျက် မျက်နှာကြတ်ကို မော့ကြည့်နေလိုက်သည်။ 


သတင်းထောက်များက သူ၏တုန့်ပြန်ပုံ အထူးသဖြင့် မျက်ရည်တို့ ရစ်သိုင်းနေသည့် မျက်လုံးနှင့် သွေးကြောများ ပေါက်ထွက်လုမတတ် လက်သီးဆုပ်ထားသည်များကို အနီးကပ် ရိုက်ကူးပြလိုက်သည်။ တိုက်ရိုက်ကြည့်နေသူများမှာလည်း စကားပင် မပြောနိုင်တော့။ 


အမှန်တရားက ထွက်ပေါ်ပြီးသွားပြီ ဆေးသုံးတယ်ဆိုတာကလည်း အတု၊ ဆိုးသွမ်းပျက်စီးနေတဲ့ လူချမ်းသာကလေးဆိုတာကလည်း အတု၊ ကားတိုက်ပြီး ထွက်ပြေးတယ် ဆိုတာကတောင် အတု၊ ဆန်ကုန်မြေလေးကောင်လို့ အကြိမ်ပေါင်းများစွာ ဆဲဆိုခံခဲ့ရတဲ့ ရှောင်ကျားရှုက တကယ်တမ်းတော့ နစ်နာသူတဲ့လား ... 


ဘယ်လိုတောင် ... ဘယ်လိုတောင် ဆိုးရွားယုတ်မာလွန်းရတာလဲ ဒီကောလဟာလတွေကို စဖြန့်တာ ဘယ်သူတွေလဲကွ ငါတို့ကို လာကစားနေတာလား လူတိုင်းကို အရူးလို့ သဘောထားပြီးတော့လေ ... 


နောက်ကွယ်မှ ကြိုးကိုင်သူများမှာလည်း ဤမျှအထိ ပြဿနာကြီးသွားလိမ့်မည်ဟု မထင်ထားပေ။ ရွှယ်မြောင်သည် ရှောင်ချီကျဲနှင့် ကွာရှင်းပြတ်စဲထားပြီးဖြစ်ကာ ပိုင်ဆိုင်ခွင့်ကိုပါ လက်လျော့လိုက်၍ ထိုသူ၏ ထိန်းချုပ်မှုအောက်တွင် ရှ်ိမနေတော့ကြောင်း မသိသေးပေ။ ယခုမူ သူမသည် သူမ၏ ရင်သွေးကို ဒုက္ခပေးသူတိုင်းအား အသေကိုက်သတ်မည့် ခြင်္သေ့တစ်ကောင်အလားပင်။ ရှောင်မိသားစု၏ ဇနီးမယားနေရာကို မတပ်မက်တော့သလို ပိုင်ဆိုင်မှုများကိုလည်း ဂရုမစိုက်တော့။ သတင်းဆိုးများ ထွက်လာသည်နှင့် တစ်ပြိုင်နက် သားဖြစ်သူကို နိုင်ငံခြားပို့ပစ်သည့် လုပ်ရပ်မျိုး လုံးဝ မလုပ်နိုင်ပေ။ 


အမြီးကို ဖွက်ထားပြီးတော့ ဒီလိုမျိုးတွေ လုပ်လာတယ် ဒီလောက် အမွေနည်းနည်းလေး အတွက်နဲ့လေ မဖြစ်နိုင်လိုက်တာ ... ရန်ဖြစ်‌ချင်နေတာ မဟုတ်လား ဒါဆိုလည်း လုပ်လိုက်လေ သူမက အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်လာတာ ဘယ်သူ့ကိုမှ မကြောက်တတ်တော့ဘူး ... 


ဤသို့ပြောခြင်းမှာ ပထမဆုံးအကြိမ်တော့မဟုတ်။ သို့သော် ယခုအချိန်အထိ သူမ ပြောခဲ့ဖူးကြောင်း မှတ်မိသူ မရှိသေးချေ။ ထပ်ကာထပ်ကာ ပြောနေခြင်းမှာ သားဖြစ်သူ၏ အပြစ်ကင်းမှုကို သိသာစေလို၍ သီးသန့်သာမဟုတ်၊ အားလုံးကို ကြေငြာချင်သည့် ရည်ရွယ်ချက်လည်း ပါဝင်ပေသည်။ 


သက်သေတွေကို ရုံးတော်မှာ တင်ပြပြီးပြီ‌ဆိုတာနဲ့ တရားစွဲဖို့ အဆင်သင့်ပဲ တရားခံကရော ဟုတ်လား ရှောင်ကျားရှုအကြောင်း မဟုတ်မမှန် သတင်းလွှင့်ပြီး အပုတ်ချတဲ့သူအကုန်လုံး ကိုယ့်ဘာသာ သိကြမှာပေါ့ ... 


တစ်ချိန်တည်းမှာပင် Weibo ပို့်စ်များကို ရှင်းလင်းကြသူများ အများအပြား ထွက်ပေါ်လာတော့သည်။ သိူ့သော် ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော ‌ရွှယ်မြောင်က အေးစက်စွာ သရော်လိုက်သည်။ 


"အလုပ်ရှုပ်မနေကြနဲ့တော့ သိမ်းသင့်တဲ့သက်သေတွေ အားလုံးကို သိမ်းထားပြီးသားဆိုတော့ တရားရုံးက ဆင့်ခေါ်လာမှာကိုပဲ အေးအေးဆေးဆေးလေး စောင့်နေလိုက်ကြ ..." 


အများဆုံး ကျိန်ဆဲခဲ့သည့် "ကိုယ်ကျင့်တရား လက်ကိုင်ထားသူများ" မှာ သွေးဆုတ်ဖြူလျော်ကုန်ကာ စခရင်ကို ဖြတ်လျက် ရွှယ်မြောင်ကို ဒူးထောက်တောင်းပန်လိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ သို့သော် ရှောင်တင်းပန်း၏ ပို့စ်ကြောင့် အခြေအနေမှာ ပို၍ပင် ဆိုးဝါးလာတော့သည်။ 


တရားစွဲတဲ့နေရာမှာ ငွေကြေးထောက်ပံ့ပေးဖို့ အဆင်သင့်ပဲ @ ရွှယ်မြောင် @ ကျုံးရှန်းဥပဒေအကျိုးဆောင်ကုမ္ပဏီ @ ရှင်းခိုင် 


ကျူံးရှန်း ဥပဒေအကျိုးဆောင်အဖွဲ့မှာ တရုတ်ပြည်၏ ထိပ်တန်း ဥပဒေအကျိုးဆောင်ကုမ္ပဏီတစ်ခု ဖြစ်ကာ ရှင်းခိုင်သည် ထိုကုမ္ပဏီ၏ ရွှေအဆင့် ရှေ့နေတစ်ဦးဖြစ်ကြောင်း အများအသိပင်ဖြစ်သည်။ သူ နာမည်ကြီးလာကတည်းက ရှူံးသည့်အမှုဟူ၍ မရှိ၊ ငှားရမ်းခ ဈေးကြီးသည့်တိုင် အကောင်းဆုံးလည်း ဖြစ်ပေသည်။ 


ရှင်းခိုင်က ရွှယ်မြောင်၏ သီးသန့်ရှေ့နေကို tag လုပ်ရင်း အလျင်အမြန် ပြန်တင်လိုက်သည်။ တရုတ်ပြည်၏ ထိပ်သီး ဥပဒေကုမ္ပဏီနှစ်ခု အတူတူ ပူးပေါင်းဆောင်ရွက်ကြသည့် ပထမဆုံးအကြိမ် ဖြစ်ကာ သေးငယ်သည့် တရားမအကျိုးဆောင်ကုမ္ပဏီများအဖို့ အလွန်ထိတ်လန့်ဖွယ်ရာပင်ဖြစ်သည်။ 


anti-fan နှင့် သတင်းအမှားဖြန့်သူများအားလုံး ပုန်းလျှိုးကွယ်လျှိုးဖြင့် ပျောက်ကွယ်ကုန်ကြပြီး ဘေးမှ ပွဲထိုင်ကြည့်သည့် ဖြတ်လျှောက်များ၏ စကားသံသာ ကျန်ရစ်ခဲ့တော့သည်။ 


ဟေး ဟိုတစ်ယောက် ကြောက်နေပြီ မဟုတ်လား ဘောင်းဘီထဲရော သေးပေါက်ချလိုက်သေးလား 


ကြောက်တာပေါ့ ဘာလို့ မကြောက်ဘဲ နေနိုင်မှာလဲ ရူးနေတဲ့သူမှ ပြန်ပြောရဲမှာလေ ... 


အမြဲ ဆူညံပွက်လောရိုက်နေတတ်သည့် အင်တာနက်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ သေချာဂရုတစိုက် နားထောင်ကြည့်ပါလျှင် လေအေးတိုးသံများကိုပင် ကြားရဦးမည်ဖြစ်သည်။ 


ရွှယ်မြောင်မှာ ဖုန်းကြည့်ရန်ပင် မအားသည့်အတွက် လင်ပါသားက သူမတို့သားအမိကို တိတ်တဆိတ် ပံ့ပိုးပေးနေမှန်း မသိသေးချေ။


"စတုတ္ထအချက်အနေနဲ့ ထောက်ခံချက်ကိစ္စ ဒါက ရွမ်လင်ယီနဲ့ တစ်ချို့ဘလော့ဂါတွေရဲ့ သီးသန့် စကားပြောထားတဲ့ screenshot တွေ ရေတပ်ဝယ်ဖို့ စာရင်းလုပ်ထားတာတွေပါ ပါပါတယ် ဒီ သတင်းမှားဖြန့်တဲ့ကိစ္စမှာ ကျိကွမ်ကုမ္ပဏီက အဓိကလက်သည်ဆိုတာ အားလုံးလည်း ရှင်းလောက်ပြီ ထင်ပါတယ် ပါဝင်သမျှလူတိုင်းကို ဥပဒေနဲ့အညီ အကုန် တရားစွဲဆိုသွားမှာပါ ..." 


"နောက်ဆုံးတစ်ခုက ..." 


နောက်ဆုံးတွင်တော့ ပွဲဦးထွက်စဉ်ကကဲ့သို့ အပြုံးမျိုး ပြန်လည်ပြုံးပြလာတော့သည်။ 


"သားနဲ့ပတ်သက်ပြီး တစ်ခုလောက် ရှင်းလင်းချင်သေးတယ် သူက သရုပ်ဆောင် မကောင်းတာလည်း မဟုတ်သလို အခက်အခဲကို မရင်ဆိုင်နိုင်တာလည်း မဟုတ်ဘူး အလေးအနက်နဲ့ အလုပ်ကြိုးစားပြီး သရုပ်ဆောင်ခြင်းနဲ့ သက်ဆိုင်သမျှကို စိတ်အားတက်တက်ကြွကြွနဲ့ ချဉ်းကပ်‌ဆည်းပူးတတ်တဲ့သူပါ ..." 


PPT ကို တင်ဆက်ကာ ဗီဒီယိုကို ဖွင့်လိုက်လျှင် ရှောင်ကျားရှု၊ ဂျက်စီ၊ ဂျင်ရှီဂျွန်း၊ လင်းလဲ့ယန်တို့၏ အမည်များ အသီးသီး ပေါ်လာသည်။ အားလုံး စင်ပေါ်တက်ကာ အလှည့်ကျ မဲနှိုက်လိုက်ကြပြီး ရှောင်ကျားရှုက သူတောင်းစားကို မဲနှိုက်မိသွားသည်။ ထို့နောက် ကင်မရာက ဆံပင်အတု၊ မုတ်ဆိတ်မွေးအတုနှင့် ညစ်ပတ်စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ကာ သူတောင်းစားအုပ်စုအကြား ရောနှောနေသူကို ပြသလိုက်သည်။ အစပိုင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်နေသေးသော်ငြား များမကြာမီ သူတောင်းစားအိုကြီးတစ်ယောက်နောက်လိုက်ကာ သူကဲ့သို့ လှည့်လည်သွားနေလိုက်သည်။ အခြားသူများ မြေကြီးပေါ် ထိုင်သည့်အခါ သူလည်း လိုက်ထိုင်ပြီး အခြားသူများ အမှိုက်ကောက်သည့်အခါ သူလည်း အမှိုက်ပုံကို လှန်လှောရှာဖွေသည်။ စားစရာအတွက် ဖြတ်သွားဖြတ်လာများကို တောင်းရမ်းနေသူများအား တွေ့လိုက်သည့်အခါ သူလည်း ဒူးထောက်ချကာ သိမ်ငယ်နေသည့် သနားစဖွယ် မျက်လုံးလေးများဖြင့် အခြားသူများနည်းတူ တောင်းရမ်းလိုက်သည်။ 


ရွှယ်မြောင်က သူမကိုယ်သူမ သန်မာသည်ဟု ထင်ခဲ့သော်ငြား ထိုမြင်ကွင်းကို တွေ့လိုက်သည့်အခါတွင်မူ ရုတ်ချည်း အကြည့်လွှဲကာ ခေါင်းမော့လျက် မျက်ရည်ကျမလာအောင် ထိန်းထားလိုက်ရတော့သည်။ ဤတစ်ကြိမ် နှစ်သိမ့်ပေးရသူမှာ ရှောင်ကျားရှု ဖြစ်သွားတော့သည်။ သူက နောက်ကျောကို ပုတ်လျက် ခပ်တိုးတိုး ပြောလိုက်သည်။ 


"မား အဆင်ပြေပါတယ် ကျွန်တော် တောင်းပန်ပါတယ်နော် ..." 


ရွှယ်မြောင်က သူ့ကို စိုက်ကြည့်ပြီးနောက် ဗီဒိယိုကို ဆက်ကြည့်ရန် သူမကိုယ်သူမ တွန်းအားပေးလိုက်သည်။ 


နောက်နေ့မနက်တွင်တော့ ရှောင်ကျားရှုမှာ အတွေ့အကြုံရှိသွားဟန်ပင်။ တစ်နေရာမှ မြွေအရေခွံအိတ်တစ်လုံး သယ်လာကာ လမ်းဘေးနှင့် အမှိုက်ပုံးများထဲရှိ ပလက်စတစ် ရေသန့်ဘူးခွံများကို လိုက်ကောက်နေလိုက်သည်။ မည်သည့်နေရာတွင် ရောင်းရမည်မှန်း မသိ၍ အခြားသူများကို လိုက်မေးသော်ငြား ထိုသူများက မပြောပြသည့်အတွက် ဆက်ပြီး အငတ်နေရန်သာ ရှိတော့သည်။ သည်းမခံနိုင်တော့သည့်အခါတွင်တော့ စားသောက်ဆိုင်တစ်ဆိုင်၏ နောက်ဖေးလမ်းကြားကို သွားကာ အမှိုက်ပုံထဲ၌ စားသုံးသူများ စွန့်ပစ်ထားသည့် စားကြွင်းစားကျန်များကို လိုက်ရှာလိုက်တော့သည်။ 


Xxxxxxx