Chapter 67
သူ့အပြုံးတို့ကို သတိထားမိလိုက်သည့် လင်းလဲ့ယန်က စကားလမ်းကြောင်းပြောင်းရန် ပြင်လိုက်သော်ငြား ကျိမြန်က ကွန်ပျူတာကိုသာ ပြန်အာရုံစိုက်သွားကာ အရယ်အပြုံး ကင်းမဲ့သွားတော့သည်။
"ဘာဖြစ်လို့လဲ ကျိကော ..."
အနားကို သွားကာ ကွန်ပျူတာကို ငုံ့ကြည့်လိုက်သည့်အခါ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းမှ အနီရောင် စာတန်းတစ်ခုကို တွေ့လိုက်ရသည်။
"မြောင်မူချင်က ပြီးခဲ့တဲ့ သတင်းမှားတွေကို ရှင်းလင်းဖို့အတွက် နောက်ဆယ်မိနစ်နေရင် တိုက်ရိုက်ထုတ်လွှင့်တဲ့ခန်းမထဲမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပါ့မယ်တဲ့ အားလုံးပဲ စောင့်ကြည့်ပေးကြပါဦး"
ကောလဟာလများအကြောင်း တစ်ခါမှပင် အာရုံမစိုက်ဖူးသည့် မြောင်မူချင်မှာ ပထမဆုံးအကြိမ် ရှင်းပြလာခြင်းဖြစ်သည်။ သူမသည် အပုပ်ချခံရမှုကြောင့် အကျိုးအမြတ်ရသွားသည့် ရှောင်ကျားရှု၏ လွှမ်းမိုးမှုကို ခံလိုက်ရဟန်ပင်။ ထိုသူနှစ်ဦးမှာ မောင်နှမအရင်းအချာအတိုင်းပင်။ ရှောင်ကျားရှု၏ ပြဿနာ ရှင်းလင်းသွားပြီဖြစ်ရာ မြောင်မူချင်က တစ်ဖန် စတင်လိုက်သည်နှင့်တစ်ပြိုင်နက် လူထုစိတ်ဝင်စားမှု တစ်ဖန် အုံကြွလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ဆိုင်းနေသည့် အရေအတွက်မှာ အမြင့်ဆုံးအထိ ရောက်ရှိလာတော့သည်။
လင်းလဲ့ယန်၏ မျက်နှာမှာ အနည်းငယ် ဖျော့တော့သွားတော့သည်။ သူက စိုးရိမ်တကြီး ပြောလိုက်၏။
"ကျိကော မြောင်မူချင်က ဘာပြောမှာလဲဟင် ကျွန်တော် မတော်တဆ လက်ချော်ပြီး like ပေးမိသွားတဲ့ ကိစ္စကရော ပြဿနာဖြစ်နိုင်လောက်လား ..."
ကျိမြန်က သူ့ကို မော့မကြည့်ဘဲ ဖုန်းကိုထုတ်ကာ ဖန်ခွင်းကို လှမ်းဆက်လိုက်သည်။
"PR ဌာနကို လူထုအမြင်အပေါ် အာရုံစိုက်ခိုင်းထားလိုက် လိုအပ်ရင် လဲ့ယန်အကြောင်း မပါလာအောင် ရေတပ်ငှားသင့်ရင်ငှားလိုက် ..."
တစ်ဖက်သူက သဘောတူလိုက်ကာမှ ဖုန်းကိုချကာ နက်နက်နဲနဲ ပြောလိုက်သည်။
"လူထုအမြင်က ပြောင်းသွားမှာပါလို့ မင်းကို သတိပေးခဲ့သားပဲ ရှင်းပြတဲ့ပို့စ် တင်ဖို့ကိုရောပဲလေ မြောင်မူချင်က ဒီလောကမှာ မင်းရဲ့ စီနီယာ အသက်လည်း ပိုကြီးတဲ့အတွက် လေးစားကြောင်းတော့ ပြရမှာပေါ့ ထားပါ အခုမှပြောနေလို့လည်း ဘာမှ မထူးတော့ဘူး သူမဘက်က ဘာပြောလာမလဲ စောင့်ကြည့်ကြတာပေါ့ ..."
ရွှယ်မြောင်နည်းတူ မြောင်မူချင်ကလည်း PowerPoint ကိုသုံးကာ ရှင်းပြလာသည်။ ခန်းမထဲသို့ ဝင်လာပြီးနောက် စခရင်အကြီးကြီးကို ညွှန်ပြလျက် အရွှန်းဖောက်လိုက်သည်။
"တို့နတ်ဘုရားမဆီက သင်လာတဲ့ လှည့်ကွက်လေးပေါ့ ... အလုပ်ဖြစ်ပါ့မလား ကြည့်ကြည့်လိုက်ရအောင် ..."
ခန်းမထဲ ရောက်နေသူအားလုံး အားရပါးရ ရယ်မောလိုက်ကြကာ လေထုထဲရှိ တင်းမာမှုတို့ ပြေလျော့သွားတော့သည်။ အင်တာနက်သုံးစွဲသူများမှာမူ နောက်ထပ် အပြောင်းအလဲကြောင့် မျက်နှာဖြတ်ရိုက်ခံရမည်ကို ကြောက်ရွံ့စိတ်ဖြင့် မှတ်ချက်ပင် မရေးရဲကြတော့။ မြောင်မူချင်ကို မည်သို့မည်ပုံ အပုပ်ချကာ ရှောင်ကျားရှုကိုပါ ဆွဲချခဲ့ပုံများကို မမေ့သေးချေ။
"အိုကေ ပေါက်ကရတွေ ပြောမနေတော့ဘူး ဒီကိုပဲ ကြည့်ပေးကြပါ ..."
သူမက ရီမုကို သုံးလျက် ရိုက်ကွင်းမှ သူမ၏ ဓာတ်ပုံများကို တစ်ခုချင်း ပြသလိုက်သည်။ အားလုံးမှာ သူမ၏ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားမှုကိုသာ သိသာစေပြီး ဇာတ်လမ်းနှင့် ပတ်သက်၍ ပေါက်ကြားမသွားရစေရန် ဂရုတစိုက် တည်းဖြတ်ထားသည်။
လူသန်ကြီး၏ ကိုင်ပေါက်မှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နောက်ကျောတွင် အကာအကွယ် ထည့်ထားသည့်တိုင် အင်္ကျီစကို မြှောက်လိုက်သည့်အခါ ညိုမဲနေသော ဒဏ်ရာကြီးကို တွေ့လိုက်ရတော့သည်။ ရှစ်ထင်းဟန်၏ ကန်ချက်ကြောင့် အဆုတ်များပင် ကြွေမွမတတ် ခံစားလိုက်ရသော်လည်း လက်ကောက်ဝတ်ကို ဆန့်တန်းလျက် ဟာသနှောကာ ပြောလိုက်သည်။
"တော်သေးတာပေါ့ ငါ့ရင်ဘက်က ပြားကပ်နေလို့ ..."
တစ်ဖန် လင်းလဲ့ယန်၏ လက်သီးထိုးချက်ကြောင့် မျက်နှာတစ်ခုလုံး အသားပေါင်းနှယ် ယောင်ကိုင်းဖောင်းကြွလာပြန်သည်။ သူမက လက်ကိုယမ်းလျက် သာမန်ကာလျှံကာ ပြောလိုက်သည်။
"နောက်တစ်ခေါက်ကျ သေချာဂရုစိုက် ..."
အလားတူ ရိုက်ချက်ပေါင်း အများအပြား ရှိနေသေးကာ ဒဏ်ရာဒဏ်ချက်တစ်ခုစီတိုင်းက ကြော်ညာတွင် သူမပြသခဲ့သည့် ဒဏ်ရာများနှင့် တစ်ထပ်တည်း တူညီနေကြသည်။ ထို့နောက် ရှောင်ကျားရှု ပေးပို့ထားသည့် ဗီဒီယိုကိုပါ ဖွင့်ပြလိုက်သည်။ ရှုထောင့် မတူညီ၊ ရိုက်ကူးထားသည့် အရည်အသွေးမှာလည်း မကောင်းမွန်သော်ငြား ရှေ့ဗီဒီယိုတွင် ပြသခဲ့သည့် ရိုက်ချက်များ ပါဝင်နေသဖြင့် သူမ ပြသသည့် သက်သေမှာ အစစ်ဖြစ်ကြောင်း သိသာနေပေသည်။
မြောင်မူချင်က ဘယ်နေရာမှာများ စိတ်မပါလက်မပါ လုပ်ခဲ့လဲ မင်းသမီးတစ်လက် ဖြစ်တာတောင် လူစားထိုး မသုံးဘဲ အကုန်လုံးကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့လို့ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ပဲ ဒါကိုမှ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတယ်လို့ ပြောလို့မရရင် ဒီလောကရဲ့ မင်းသမီး ၉၀ ရာခိုင်နှုန်းလောက်နဲ့ တစ်ချို့မင်းသားတွေကို အလုပ်အပေါ် စိတ်ပါဝင်စားတယ်လို့ ပြောလို့မရတော့ဘူး ဒီလူတွေတောင် အနုပညာလောကထဲ နေနေသေးတာ သူမက ဘာလို့ ထွက်သွားရမှာလဲ ...
အင်တာနက်သုံးစွဲသူများမှာ ပြောင်းလဲသွားမည့် အခြေအနေအတွက် စိတ်ကို ပြင်ဆင်ထားပြီးဖြစ်၍ ကိုယ်တိုင်ကြုံတွေ့ချိန်တွင် ယုံကြည်လိုက်ကြတော့သည်။ မြောက်များစွာသော မှတ်ချက်များက စခရင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်ကာ လူတိုင်းက သူမကို အားပေးလိုက်ကြတော့သည်။ ထို့ကြောင့် သူမ၏ ပုံရိပ်မှာလည်း "အကြံအစည်အပြည့်နဲ့ မြေခွေးမ " မှသည် "စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသည့် စန်းလန်" အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ဗီဒီယိုကို ပြသအပြီးတွင် သူမက အတိုချုပ်ကာ ပြောလိုက်သည်။
"တစ်ချို့က မေးကြတယ် ကျွန်မကို သုံးနှစ်အတွင်း ဘယ်လိုလုပ် A အဆင့်အထိ ရောက်လာတာလဲ အိပ်ယာပေါ်မှာ ကောင်းလို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လားတဲ့ ဒါရိုက်တာတွေ၊ စပွန်ဆာတွေ အများကြီးနဲ့ အိပ်ခဲ့ရတာလားတဲ့ ဒီနေ့ ရှင်တို့ကို သုံးနှစ်အတွင်း ဘယ်လိုနည်းနဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လာခဲ့သလဲဆိုတာ ရှင်းပြမယ် ချွေးတွေ၊ မျက်ရည်တွေ ပြီးတော့ သွေးတွေကိုပါ ရင်းနှီးခဲ့လို့ ဖြစ်လာတာ ..."
သူမက ရီမုကိုမြှောက်ကာ ဗီဒီယိုကို ဆက်ဖွင့်လိုက်သည်။
"ဒါက "Asura" ရိုက်တုန်းက ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားတဲ့ပုံ တအားကို ပြင်းပြင်းထန်ထန် ထိခိုက်သွားလို့ လုပ်ဖော်ကိုင်ဖက်တွေက သယ်ထုတ်လာခဲ့ပေးရတာ ဒါပေမယ့် အပြင်လောကမှာတော့ ကျွန်မက ဒါရိုက်တာရဲ့ အိပ်ယာပေါ် တက်ပြီး သူ့ပေါင်ကို ဖက်ထားလို့တဲ့ ဒါက "Super Speed Agent" ရိုက်တုန်းကပုံ ကားရဲ့ အရှိန်ကြောင့် အတားအဆီးတွေ ကြားထဲ ပြေးဝင်ပြီး ခြေထောက်ကျိုးသွားခဲ့တယ် ဒါပေမယ့် မူးပြီးကားမောင်းလို့ဆိုပြီး မဟုတ်မမှန် ပြောခဲ့ကြတာပေါ့ ..."
ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ထုတ်ပြလာလေလေ အင်တာနက်သုံးစွဲသူများ၏ ရှက်ရွံ့အားနာမှု ရောယှက်နေသည့် မှတ်ချက်တို့ များပြားလာလေပင်ဖြစ်သည်။ လူတိုင်း၏ ပါးစပ်ဖျားတွင် ဘတ်စ်ကားအဖြစ် အပုပ်ချခံရသည့် မြောင်မူချင်မှာ သူ့လမ်းကြောင်းကို ဇွဲမလျော့ဘဲ တစ်လှမ်းချင်း မဆုတ်မနစ် တက်လှမ်းခဲ့သူဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။
လူထုအမြင်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားရပြန်သည်။ ယခင်က ကွန်ယက်တစ်ခုလုံး၏ အပုပ်ချခံ မြောင်မူချင်မှာ ယခုမူ မိုးထိရောက်အောင် ချီးကျုးခံနေရပြန်တော့သည်။ သူမနှင့် အတူတူ အလုပ်လုပ်ခဲ့ဖူးသည့် ဒါရိုက်တာများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ သူမကို အလုပ်အပေါ် စိတ်နှစ်အထားနိုင်ဆုံး မင်းသမီးအဖြစ် ချီးကျူးလိုက်ကြတော့သည်။
ဒါရိုက်တာလောက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အခု @ မြောင်မူချင်က နာမည်ပျက်တအားများတာတောင် ဘာလို့ ဒါရိုက်တာတွေက မျက်စိကျသလဲဆိုတာ သိလောက်ကြရောပေါ့ ထုတ်မပြောနိုင်တဲ့ စည်းမျဉ်းတွေဆိုတာ မရှိဘူး အားလုံးက အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာကြောင့်ပဲ ပြီးတော့ @ သစ်ပင်ပေါက်ကလေး ကိုပါ တစ်ခါတည်း ချီးကျူးလိုက်ချင်တယ် သူက ငါတွေ့ဖူးသမျှ လူသစ်ထဲမှာ အရည်အချင်း အရှိဆုံးပဲ သူ့အနာဂတ်က တော်တော်လေး အလားအလာကောင်းတယ် ..."
ဆက်တိုက်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲများက လူထု၏ အာရုံစိုက်မှုကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်သည့်အပြင် ရှောင်ကျားရှုနှင့် မြောင်မူချင်၏ ပုံရိပ်ကိုပါ ပြောင်းပြန်လှန်နိုင်ခဲ့သည်။ ယခုမှစ၍ "အရည်အချင်းရှိသော အနုပညာရှင်" ဟူသည့် စကားကို ကြားပါလျှင် သူတို့နှစ်ယောက်ကို ဦးစွာ တွေးမိကြတော့မည်ဖြစ်သည်။
အမျိုးသမီးများ၏ အတွေးအခေါ်မှာမူ အမျိုးသားများနှင့် မတူညီလှ။ "အချက်အလက်မှားယွင်းမှု အပြည့်" ဟု သတ်မှတ်ခံရသည့် ကြော်ငြာအကြောင်း ဆွေးနွေးလိုက်ကြတော့သည်။
မြောင်မူချင်က တကယ်ကြီး ဒဏ်ရာရတဲ့အထိ အရိုက်ခံရတာ အဲဒီ့ဒဏ်ရာတွေ အထူးသဖြင့် မျက်နှာပေါ်က ဟာတွေကို foundation နဲ့ concealer လေး သုံးရုံနဲ့တင် လုံးဝ မမြင်ရတော့ဘူး အာနိသင်က မိုက်လိုက်တာနော် လာ လာ ညီအစ်မတို့ အမြန်ဆုံး သွားဝယ်လိုက်ကြရအောင် ဘယ်လောက်နောက်ကျနောက်ကျ ကိစ္စမရှိဘူး ...
L'OREALအလှကုန်၏ ရောင်းအားမှာ ရုတ်ချည်း မြင့်တက်သွားသည့်အတွက် ကုမ္ပဏီ၏ CEO ကပင်လျှင် သူမကို အထူးတလည် ချီးကျူးဂုဏ်ပြုလိုက်တော့သည်။
သူမက တကယ်ကို ဘာပြစ်ချက်မှ ရှာလို့မရဘူး ပြောရေးဆိုခွင့်ရသူတစ်ယောက်အနေနဲ့ လှပတဲ့ အိုင်ဒီယာတွေ အများကြီးရှိရုံတင် မကဘူး မားကတ်တင်းဆင်းတဲ့ နည်းလမ်းတွေက ပိုပြီးတောင် ထူးကဲကောင်းမွန်သေးတယ် ..."
မြောင်မူချင်က ချီးကျူးမှုကို လက်ခံကာ သတင်းထောက်တို့၏ မေးခွန်းများကို ဖြေကြားခြင်း မပြုဘဲ ခန်းမထဲမှ ထွက်လာလိုက်သည်။ စင်နောက်သို့ မိတ်ကပ်ဖျက်ရန် ရောက်လာချိန်တွင် သူမ၏ အေးဂျင့်က ပါးစပ်ကို အုပ်လျက် ငိုကြွေးလိုက်သည်။
"မူချင်ကျဲရေ ကျွန်မကို ဆိတ်ဆွဲကြည့်ပါဦး မြန်မြန်လေး ဇိမ်ခံကားကုမ္ပဏီကနေ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အနေနဲ့ လာကမ်းလှမ်းတာတဲ့ အိပ်မက်မက်နေတာ မဟုတ်လောက်ပါဘူးနော် ..."
မြောင်မူချင်မှာ ကားကြော်ငြာတစ်ခုကိုမှ လက်မခံဖူးရာ ဇိမ်ခံကားအကြောင်း ထည့်ပြောနေရန်ပင် မလိုအပ်တော့ချေ။ ဓာတ်ပုံကို ကြည့်လိုက်ရုံနှင့်ပင် "ဇိမ်ခံကား" ဟူသည့် အဓိပ္ပါယ်ကို မြင်ယောင်နိုင်ပေသည်။ မျက်လုံးကို လှိမ့်လျက် ရယ်မောလိုက်သည်။
"ဘာလို့ မယုံနိုင်နေတာလဲ ဒီကုမ္ပဏီရဲ့ ဥက္ကဌက ရှောင်တင်းပန်းနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလေ သူတို့တွေ အရင်က ရွမ်လင်ယီကို ရွေးထားကြတာ အခု သူမက ရှောင်ကျားရှုကို အပြစ်ပြုမိသွားတော့ ဒီအခွင့်အရေးကလည်း တစ်ခြားသူလက်ထဲ ရောက်လာမှာပဲလေ ပထမသခင်လေးရှောင်ရဲ့ အကြံပြုချက်ပဲ နေမှာပေါ့ မဟုတ်ရင် တစ်ခြားစူပါစတားတစ်ယောက်ကို ရှာလိုက်ကြမှာပဲလေ ..."
"အိုး .... ရှောင်ကျားရှုဘက်က ကူပြောပေးခဲ့မိတာ ကံကောင်းတာပဲ မဟုတ်ရင် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီး ဘယ်သူရသွားမလဲ မသိဘူး ကျဲကို Weibo ဖျက်ထားဖို့ပါ ပြောတော့မလို့ တော်သေးတာပေါ့ ကျွန်မပြောတာကို နားမထောင်လိုက်လို့ ..."
အေးဂျင့်က လက်အုပ်ချီလျက် ကောင်းကင်နှင့် မြေပြင်ကို ကန်တော့လိုက်သည်။
ဒါကို ဘယ်လိုပြောရပါ့မလဲ အကန့်အသတ်မရှိ ကံကောင်းခြင်းလို့ ပြောရမလား ...
မြောင်မူချင်က မိတ်ကပ်ကို ဖျက်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"ငါက ဆယ်ကျော်သက်အရွယ်ကတည်းက ပွဲဦးထွက်လာတာ လူတွေရဲ့စိတ်ကို ဖတ်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်လို့ မပြောနိုင်ပေမယ့် ရှောင်ကျားရှုကတော့ လုံးဝကို အပြစ်မရှိဘူး သူသာ တကယ် လူသတ်ဖူးရင် ငါ လည်လှီးခံလိုက်မယ် ဒါနဲ့ နေပါဦး လင်းလဲ့ယန်ကရော ဘာဖြစ်တာလဲ ရူးတယ်ဆိုတာလည်း အကန့်အသတ်တော့ ရှိရဦးမယ်လေ ဒီလောက် ပွက်လောရိုက်နေတာကိုတောင် ပြဿနာ ထပ်ရှာလိုက်သေးတယ် သူ့ကို လက်စားမချေလိုက်ရတာ စိတ်မကောင်းစရာပဲ ဒီတစ်ခေါက်ကိစ္စကနေ သူ သင်ခန်းစာ ယူနိုင်ဖို့ပဲ မျှော်လင့်ပါတယ် နေရာတကာ မောက်မာလို့ မရဘူးဆိုတာကို သိသွားဖို့ပေါ့ ကျိမြန်က အကြွင်းမဲ့အာဏာပိုင်စိုးထားတာမှ မဟုတ်တာ ..."
အေးဂျင့်က ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ သူမ၏ အကြည့်တို့မှာ လှောင်ပြောင်လိုဟန်တို့ ဖြတ်သန်းနေသည်။
.........
လင်းလဲ့ယန်က ကွန်ပျူတာကို ထောက်ပြရင်း အလောတကြီး ပြောလိုက်သည်။
"ကျိကော တွေ့လိုက်လား ကျွန်တော်က မြောင်မူချင်ကို မတော်တဆ ရိုက်မိသွားတယ်ဆိုပေမယ့် သူ့အေးဂျင့်ကလည်း ကျွန်တော့်ကို အကြာကြီး ဆူပူခဲ့တာပဲကို အကြိမ်ကြိမ်အခါခါလည်း တောင်းပန်ခဲ့ရဲ့သားနဲ့ ဘာလို့ အဲဒါတွေကို ဖြတ်ထုတ်ပြီး သူ ခွင့်လွှတ်တဲ့နေရာလေးပဲ ထည့်ထားရတာလဲ ဒါ တမင်တကာကို လုပ်နေတာပဲ ဒီဗီဒီယိုကလည်း ကြိုတင်ကြံစည်ပြီး ရိုက်ထားတာပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား သူမမှာ အကြံရှိနေတာလေ ဒီကိစ္စကလည်း သူ တမင်လုပ်လိုက်တာပဲ နေမှာ ကျိကော ကျွန်တော် ဘာလုပ်သင့်လဲ အခု လူတွေအများကြီး ကျွန်တော့်ကို ဝိုင်းပြောကြတော့မှာ ..."
ကျိမြန်၏ နောက်ခံကြောင့် လင်းလဲ့ယန်မှာ ပွဲဦးထွက်မှာ အဆင်ပြေချောမွေ့ခဲ့ကာ ကျိမြန်နှင့် ရှစ်ထင်းဟန်တို့၏ ချီးကျုးမှုကြောင့် ရှောင်ကျားရှုထက်ပင် ကျော်ကြားသည်ဟု ဆိုနိုင်ပေသည်။ တစ်ချိန်တည်း ပွဲဦးထွက်ခဲ့သူများအနက် နာမည်အကြီးဆုံးပင်ဖြစ်သည်။ ဤအတိုင်း တောက်လျှောက် ချောမွေ့နေလိမ့်မည်ဟု တွေးခဲ့သည့်အတွက် အခက်အခဲကို နဖူးတွေ့ဒူးတွေ့ ကြုံလာရသည့်အခါ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင်ပင် ပျာယာခတ်နေတော့သည်။
Xxxxxxxx