အပိုင်း ၄၃
Viewers 57k

Chapter 43


လက်တွေ့တွင်မူ ... ရှောင်ကျားရှုမှာ အားကစားနှင့် ပတ်သက်၍ လုံးဝ မကျွမ်းကျင်။ basketball က သူ့ဆီ ပျံဝဲလာသည့်တိုင် အမိဖမ်းနိုင်ခြင်း မရှိ၍ ပြုတ်ကျလုဆဲဆဲ ဖြစ်သွားတော့သည်။ ကျိမြန်က ကူဖမ်းပေးနိုင်လိုက်၍သာ တော်သေးသည်။ 


"ကောကော ရှိနေလို့ တော်သေးတယ် ..." 


မြဲမြဲမြံမြံ ပြန်ရပ်ပြီးနောက် ရှောင်ကျားရှုက မျက်နှာနီနီလေးကို မော့ကာ ပြောလိုက်သည်။ သူ့အကြည့်တို့တွင် လေးစားအားကျစိတ်တို့ ယိုဖိတ်နေပေသည်။ 


လက်ကို မြှောက်နှင့်နေပြီဖြစ်သော လောကျန်းဝေ့က ရှောင်ကျားရှု၏ ချိုမြိန်သော အမူအရာတို့ကို တွေ့လ်ုရသည့်အခါ လက်ကိုသာ တစ်ဖြည်းဖြည်း ပြန်ချလိုက်တော့သည်။ Cut ဟု အော်မနေတော့။ 


ဝါရင့် သရုပ်ဆောင်များသည် ထိပ်သီးအဆင့် မီးစဉ်ကြည့်ကတတ်သော စွမ်းရည်ကို ပိုင်ဆိုင်ထားရာ ဒါရိုက်တာက မရပ်တန့်ခိုင်းမချင်း ဇာတ်ညွှန်းနှင့် သွေဖယ်နေသည့်တိုင် ဆက်လက်သရုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ကျိမြန်က ရှောင်ကျားရှု၏ ခေါင်းကို ပွတ်သပ်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။ 


"နိုင်ငံခြားမှာ နေခဲ့တုန်းက လေ့ကျင့်ခန်းကောင်းကောင်း မလုပ်ဘူး မဟုတ်လား ဘောလုံးကိုတောင် သေချာ မဖမ်းနိုင်တော့ဘူး ..." 


ထို့နောက် သူက ဘောလုံးကို ကောက်ယူကာ ခြင်းထဲသို့ လှမ်းပစ်လိုက်သည်။ 


မူလက ထိုအခန်းကို အပြည့်အဝ ရိုက်ကူးရန် ပြင်ဆင်မထား။ အနီးကပ်ရိုက်ချက်တစ်ခုသာ ထားပြီး ကျန်ရိုက်ချက်အားလုံးကို တည်းဖြတ်ပစ်ရန် ကြံရွယ်ထားသော်ငြား အားကစားတွင် ဆရာတစ်ဆူဖြစ်သော ကျိမြန်သည် ကွင်းနှင့် မီတာအနည်းငယ် အကွာတွင်ရပ်ကာ three points ပစ်ချက်တစ်ခုကို လှလှပပ ပြုလုပ်လိုက်သည်။ 


ကလေးများက ဝမ်းသာအားရ အားပေးလိုက်ကြပြီး ရှောင်ကျားရှုကလည်း တက်တက်ကြွကြွ ပြောလိုက်သည်။ 


"ကောကော ဘာလို့ နေရာတိုင်းမှာ ဒီလောက် တော်နေရတာလဲ ကျွန်တော်က US မှာဆို တော်တဲ့ ကျောင်းသားစာရင်းထဲ ပါပေမယ့် ကောရဲ့ရှေ့ကိုရောက်ရင် ဘာမှ အသုံးမကျတော့သလိုပဲ ..." 


"ဘာတွေ လျှောက်ပြောနေတာလဲ ကောကောက ကျောင်းတောင် မတက်ဖူးဘူး ဒါပေမယ့် တိတိလေးကတော့ ထိပ်တန်းကျောင်းသားကြီးတောင် ဖြစ်နေပြီလေ ..." 


ကျိမြန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ရင်း အင်္ကျီလက်ကို ပင့်တင်ကာ ရှောင်ကျားရှုကို ကွင်းထဲသို့ ခေါ်လာလိုက်သည်။ 


ရှောင်ကျားရှုက basketball ကို မကစား။ basketball ကသာ သူ့ကို ကစားနေသည်။ ကျိမြန်၏ အကူအညီ ရှိနေ၍သာ ဆိုးဆိုးဝါးဝါး မရှုံးနိမ့်ခြင်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်၏ ကစားပုံမှာ မျက်စိမူးနောက်ချင်စရာ ကောင်းလှသော်ငြား အနည်းဆုံးတော့ အရည်အချင်းရှိသူတစ်ဦး ပါနေသေး၍သာ တော်သေးသည်။ အမှတ်တွက်ပြီးနောက် နှစ်ဦးသား လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက်ရင်း ပွေ့ဖက်လိုက်ကြသည်။ ဤဇာတ်ဝင်ခန်းမှာ ဇာတ်ညွှန်းတွင် ဖော်ပြထားသည်ထက် ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းလှသည့်အပြင် ‌လင်ထောင်၏ နူးညံ့နွေးထွေးကာ သက်ဝင်လှုပ်ရှားသည့် ဘက်ခြမ်းကိုလည်း အပီအပြင် သရုပ်ဖော်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် သူ၏ ကောက်ကျစ်ရက်စက်မှုနှင့် နှိုင်းယှဉ်ပါလျှင် ဇာတ်ကြောင်း၏ ပဋိပက္ခနှင့် လွန်ဆွဲမှုတို့မှာ ပို၍ပင် အားကောင်းလာပေတော့မည်။ 


ရှောင်ကျားရှုက basketball ကိုသာ အာရုံစိုက်ကာ ကစားနေသည့်အတွက် သရုပ်ဆောင်ရမည်ကိုပင် မေ့လျော့သွားတော့သည်။ ဘေးနားတွင်ရပ်ကာ အတိတ်ကို လွမ်းဆွေးနေဟန်တို့ ပြည့်နှက်နေသော ကျိမြန်၏ အကြည့်တို့ကို မတွေ့ခင်အထိ သတိရမလာသေးချေ။ ကျိမြန်၏ အအူအယာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ စိတ်သက်သာရာ ရသည့်တိုင် အနည်းငယ် ဝန်လေးနေသေးဟန်ပင်။ မည်သို့ပင်ဖြစ်စေ သူ့ညီကို ကြည့်မိလေတိုင်း နူးညံ့နွေးထွေးသည့် အပြုံးတစ်ပွင့်ကိုတော့ ချိတ်ဆွဲထားမြဲဖြစ်သည်။ 


ရှောင်ကျားရှုက သွေးစွန်းနေသော လက်တို့ဖြင့် လင်ဖုန်း၏ အရိုးပြာကို စုစည်း၍ ‌ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားသော လင်ထောင်ကို တွေးလိုက်သည်။ ထို့နောက် လင်ဖုန်း၏ အလောင်းကို ပွေ့ဖက်ရင်း ရက်စက်ကြမ်းတမ်းသည့် လေသံဖြင့် စကားပြောလာသော "ဆွေမျိုးများအား သတ်ဖြတ်ခြင်း" အခန်းကိုပါ အမှတ်ရသွားတော့၏။ 


"ရှောင်ဖုန်း မင်း နားမလည်ပါဘူး လူတစ်ယောက်ရဲ့ လက်တွေက တစ်ခါ ညစ်ပတ်ပြီးသွားတာနဲ့ ဘယ်တော့မှ ဖြူစင်အောင် ပြန်ဆေးကြောလို့ မရတော့ဘူး ..." 


ဘာလို့ ဆေးလို့ မရတော့တာလဲ သူ့မှာ ဆေးချင်စိတ် မရှိလို့ မဟုတ်ဘဲ ဆေးနိုင်မယ့်အခွင့်အရေးကို မရှိတော့လို့လေ သူသာ နည်းနည်းလေး အားနည်းလိုက်တာနဲ့ ပထမဆုံး ထိခိုက်မှာက သူ့ညီလေး လင်ဖုန်းပဲ လင်ဖုန်းကို သူ့တစ်ဘဝလုံးနဲ့ ရင်းပြီး ဂရုစိုက်ပေးခဲ့၊ လောကကြီးရဲ့ အလှပဆုံး၊ အတောက်ပဆုံး အရာတိုင်းကို ပေးခဲ့ပေမယ့် နောက်ဆုံးမှာ‌တော့ ... အကုန်လုံးကို ဆုံးရှုံးလိုက်ရတာပဲ ... 


ရှောင်ကျားရှု၏ နှလုံးသားတစ်ခုလုံး ကျိုးကြောင်းဆီလျော်မှုမရှိသည့် မေတ္တာတရားတို့ဖြင့် ပြည့်နှက်သွားသည်။ သူက ဘောလုံးကို တစ်ခြားသူများထံ ပစ်ပေးပြီး သူ့အစ်ကိုကို ပြုံးပြလိုက်သည်။ ထိုစဉ်က ပြုံးပြခဲ့သည့် သူ့အပြုံးမှာ မည်မျှ သန့်စင်နွေးထွေးသည်ကိုတော့ သူမသိသေး။ သူချစ်ရသူတစ်ဦး ပျော်ရွှင်နိုင်ရန်ကိုသာ မျှော်လင့်နေမိသည်။ သူက ကျိမြန်အနီးသို့ စွေ့ကနဲ ရောက်လာကာ အရိုးသားဆုံး ပြောလိုက်သည်။


"ကောကော ဘာလို့ လက်မထပ်သေးတာလဲ ကျွန်တော့်ကိုပဲ တစ်ချိန်လုံး စောင့်ရှောက်နေလို့ မရဘူးလေ ကိုယ့်ဘဝအတွက်ကိုယ်လည်း တွေးရဦးမှာပေါ့ ကျွန်တော်လည်း အခု အရွယ်ရောက်လာပြီဆိုတော့ ကောကို ပြန်ပြီး စောင့်ရှောက်ပေးမယ်လေ ..." 


ကျိမြန်က သူ့ပုခုံးကိုပုတ်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"မင်းလက်ထပ်ပြီးမှပဲ ဒီအကြောင်းတွေ စဉ်းစားပါ့မယ် ဆက်ဆော့ချင်သေးလား ပြန်ချင်ရင် ပြန်ကြရအောင်လေ ..." 


"မဆော့ချင်တော့ဘူး ရေ‌နည်းနည်းလောက် သွားသောက်လိုက်ဦးမယ် ..." 


ရှောင်ကျားရှုက လက်ကိုယမ်းပြကာ ကွင်းဘေးနားရှိ ရေပန်းဆီသို့ ပြေးသွားလိုက်သည်။ 


သူ့နောက်ကျောကို ငေးကြည့်နေသည့် ကျိမြန်၏ မျက်နှာပေါ်ရှိ အပြုံးတို့ လွင့်စင်ပပျောက်သွားကာ ယခင်ကဲ့သို့ပင် ရက်စက်သည့် အရှိန်အဝါသာ ကျန်ရစ်ခဲ့တော့သည်။ သူက ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"အီဘိုလာအစီအစဉ်ကို ရုတ်သိမ်းလိုက်တော့ ..." 


ညီဖြစ်သူကြောင့် ဆိုးရွားလှသည့် ရောဂါပိုးကို ဤနိုင်ငံထဲသို့ ခေါ်မသွင်းလိုတော့။ ဤဆုံးဖြတ်ချက်ကပင်လျှင် ဘေးဒုက္ခကပ်ဆိုးများ၏ စတင်ရာ ဖြစ်လာခဲ့တော့သည်။ 


"Cut ..." 


လှုပ်ရှားရန်ပင် မေ့လျော့နေသည့် လောကျန်းဝေ့က အော်ဟစ်လိုက်သည်။ 


ရှောင်ကျားရှုက ရေနှစ်ငုံခန့်သောက်ကာ ကွင်းဘေးတွင် ထိုင်နေလိုက်သည်။ တစ်ဆစ်ဆစ် နာကျင်နေသည့် ခေါင်းကိုက်မှု ပျောက်ကင်းသွားကာမှ ဒါရိုက်တာအနီးသို့ သွားကာ သူ သရုပ်ဆောင်ထားသည့် အခန်းကို ပြန်ကြည့်လိုက်သည်။ ကျိမြန်ကမူ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်လျက် ထိုနေရာတွင်သာ ရပ်နေဆဲဖြစ်သည်။ 


မူမမှန်သည့် အခြေအနေကို သတိထားမိလိုက်သော ဖန်ခွင်းက အလောတကြီး‌ ရောက်လာကာ မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ကျိမြန်က လက်ကိုချကာ အက်ကွဲနေသည့် အသံဖြင့် ခပ်တိုးတိုး ညဉ်းတွားလိုက်သည်။ 


"ဇာတ်ကောင်ထဲ ဝင်မိသွားလို့ ..." 


"အာ ..." 


ဖန်ခွင်းမှာ အလွန် အံ့ဩသွားသည့်အတွက် သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်လိုက်တော့သည်။ 


တစ်ခြားသူတွေတော့ မသိလောက်ပေမယ့် သူကတော့ ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ ကျိမြန်က ခံစားချက်တိုင်းကို ရသမြောက်အောင် ဖော်ပြနိုင်တဲ့ သရုပ်ဆောင်လေ ခံစားမှုရသကို ပေါ်လွင်အောင် ဖော်ကျူးတယ်ဆိုတာ ဘာလဲ ဟုတ်လား နာမည်ကြီး ပြင်သစ်အနုပညာရှင် Charles Galland ရဲ့ စကားတွေကို ပြန်ပြောရရင် : သရုပ်ဆောင်တစ်ယောက်က သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရမယ် သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်က မီးတောက်တစ်ခုလို အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်နေရင်တောင် သူကတော့ ရေခဲတုံးလို အေးစက်နေရမယ် သူက အညှာအတာကင်းမဲ့တဲ့ သိပ္ပံပညာရှင်လို လှုပ်ရှားနေတဲ့ အာရုံကြောတိုင်းကို ခွဲခြမ်းစိတ်ဖြာ၊ တဒုတ်ဒုတ် ခုန်နေတဲ့ သွေးကြောတိုင်းကို သိသာမြင်သာအောင် ဖော်ပြရမယ် နှလုံးသားထဲက သွေးတွေ အပေါ်ကို ဆန်တက်လာပြီး သူ့ရဲ့ သရုပ်ဆောင်မှုကို မဖျက်ဆီးပစ်နိုင်အောင် အချိန်တိုင်း ဂရိနတ်ဘုရားတစ်ပါးလို ကျင့်ကြံနေနိုင်ရမယ် ..." 


ကျိမြန်သည် ဤကဲ့သို့ အေးစက်တင်းမာသည့် သရုပ်ဆောင်တစ်ဦးပင်ဖြစ်သည်။ သူက အခြားသူများအား အလွယ်တကူ ဈာန်ဝင်စားစေနိုင်ကာ သူကိုယ်တိုင်ပင်လျှင် ဇာတ်ကောင်နှင့် တစ်ထပ်တည်း ကျသွားသည့်တိုင် သူ့နှလုံးသားမှာမူ မတည်ငြိမ်ခြင်း အလျဉ်းမရှိပေ။ သူ၏ ကျိုးကြောင်ဆင်ခြင်နိုင်စွမ်းက ခန္ဓာကိုယ်နှင့် စိတ်နေစိတ်ထားကို အမြဲလိုလို ထိန်းချုပ်ထားနိုင်သည့်အတွက် သရုပ်ဆောင်မှုတိုင်းမှာ ခြောက်ပစ်ကင်း သဲလဲစင်နေခြင်းဖြစ်သည်။ 


ဒါပေမယ့် အခု သူ ပြောသွားတာက ... ဇာတ်ကောင်ထဲကို ဝင်သွားတယ် အဲဒါကလည်း အခုမှ ဒီလောကထဲကို ရောက်လာတဲ့ ရှောင်ကျားရှုကြောင့် ဟုတ်လား ... 


(ရှုပ်သွားလောက်ပြီထင်တယ် ပုံမှန်ဆိုရင် ကျိမြန်က ဇာတ်ကောင်ရဲ့ ခံစားချက်တွေ လွှမ်းမိုးတာ မခံရဘူး ဥပမာ ပြောရရင် ဝမ်းနည်းစရာအခန်းကို သရုပ်‌ဆောင်ရတယ်ပဲထား ရိုက်ပြီးသွားတာနဲ့ ဝမ်းနည်းတဲ့စိတ် မကျန်ခဲ့တော့ဘူး ဒါပေမယ့် ရှောင်ကျားရှုနဲ့ အတူတူရိုက်တဲ့အချိန်မှာကျ သူ့ကိုယ်သူ တကယ့်လင်ထောင်အစစ်လို ခံစားလိုက်ရတာ ရိုက်ပြီးသွားတဲ့အထိ ဒီခံစားချက်က ကျန်ခဲ့တုန်း ဒီလိုပြောချင်တာပါ)


ဖန်ခွင်းက သံသယအချို့ကို ဖော်ပြလိုက်သည်။ 


"ဟုတ်လို့လား အခုရိုက်သွားတဲ့ ဇာတ်ဝင်ခန်းက ရိုးရိုးလေးပဲကို စာသားနည်းနည်းပါးပါး ပြောရုံကလွဲလို့ ဘာမှ ထွေထွေထူးထူး လုပ်ပြနေစရာမှ မလိုတာ ဘယ်လိုဖြစ်လို့ ဇာတ်ကောင်ထဲ နစ်ဝင်သွားတာလဲ ..." 


ကျိမြန်က ခေါင်းကို ယမ်းလျက် ပြုံးပြလိုက်သည်။ 


"မင်း နားမလည်ပါဘူး သူ ငါ့ကို ပေးတဲ့ ခံစားချက်က တကယ်ကို စစ်မှန်လွန်းတယ် မုသားအရိပ်အယောင် တစ်ခုလေးတောင် မရှိဘူး သူ့ရဲ့ သရုပ်ဆောင်တဲ့ပုံစံက တစ်ခုခု ချို့ယွင်းကောင်း ချို့ယွင်းလိမ့်မယ် ဒါပေမယ့် သူ ပေးစွမ်းတဲ့ ခံစားချက်က လူတိုင်းရဲ့ ယုံကြည်မှုကို အလွယ်လေး သိမ်းပိုက်နိုင်နေတယ် အဲ့ဒီအချိန်တုန်းကဆို ငါတောင် သူ့ကို ငါ့ညီလေးအရင်းလို့ တွေးလိုက်မိသေးတယ် ..." 


နွေးထွေးသည့် ဆုမွန်ကောင်းသည့် စစ်မှန်သည့် မျှော်လင့်ခြင်းတို့ ဝန်းရံထားသည့် ထိုအခိုက်အတန့်ကို ကျိမြန်အနေဖြင့် မည်သို့ ‌ဖော်ပြသင့်မှန်းပင် မသိတော့။ ပို၍ ဆိုးသည့်အချက်မှာ ထိုအခြေအနေမှ ချက်ခြင်း ရုန်းမထွက်နိုင်ခြင်းဖြစ်သည်။ သူ့ဘဝတစ်လျှောက် ဆုမွန်ကောင်း တောင်းပေးခြင်းကို မကြုံဖူးသလို မည်သူကမှလည်း သူ့အပေါ် မမျှော်လင့်ခဲ့ဖူးသည့်အတွက် ထိုခံစားချက်ကို အသားမကျလှချေ။ 


"ဒီလောက်ထိတောင်လား ..." 


ဖန်ခွင်းမှ ယခုအထိ မယုံကြည်နိုင်သေး။ ကျိမြန်မှာ နူးညံ့သိမ်မွေ့ကာ လွယ်ကူလိုက်လျောတတ်ဟန် ရှိသော်ငြား ၎င်းတို့မှာ အပေါ်ယံမျှသာ ဖြစ်ပေသည်။ အလွန် ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်သူ ဖြစ်ကာ ခံစားချက်များက သူ့လုပ်ဆောင်ချက်အား လွှမ်းမိုးသွားမည့် အဖြစ်မျိုးကိုလည်း လုံးဝ လက်သင့်မခံနိုင်သူဖြစ်သည်။ အသက်မွေးဝမ်းကြောင်းတစ်ခု စတင်သင့်သည်ဟု တွေးမိသည့်အတွက် ရုပ်ရှင်ဧကရာဇ် ဖြစ်လာသည်။ ဆက်‌ဆံရေးတစ်ခု ရှိသင့်ပြီဟု ယူဆသည့်အတွက် လင်းလဲ့ယန်နှင့် တွဲလိုက်သည်။ အနားယူသင့်ပြီဟု ခံစားရချိန်တွင် အလုပ်များကို ရိုက်ကွင်းနောက်ကွယ်သို့ ပြောင်းရွှေ့လိုက်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အခြေတကျ နေထိုင်သင့်ပြီဟု ထင်လာပါလျှင်လည်း ဤလောကမှ ချက်ခြင်း နှုတ်ထွက်ကာ လင်းလဲ့ယန်နှင့် နိုင်ငံခြားတွင် လက်ထပ်ပြီး ကလေးမွေးစားလျှင် မွေးစား၊ မဟုတ်လျှင် ဖန်ပြွန်သန္ဓေသားဖြင့် ကလေးယူမည့် လူစားမျိုးပင် ဖြစ်ပေသည်။ 


သူ့ဘဝလမ်းကြောင်း တစ်လျှောက်လုံးကို ထိန်းချုပ်မှုအောက်တွင်သာ ထားထားသည့်အတွက် သူ့ကို အချိန်မရွေး နိုးထလာစေနိုင်သည့် ခံစားမှုသရုပ်ဖော်ဇာတ်ကောင်များကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ငွေရောင်ပိတ်ကားထက်တွင် ထင်ဟပ်လှသည့် သူ၏ ဂန္တဝင်မြောက် ဇာတ်ကောင်တစ်ခုစီတိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ရန် မည်မျှ အချိန်ယူကာ ကြိုးစားခဲ့ရကြောင်းကိုတော့ မည်သူမှ သိလိမ့်မည်မထင်။ စိတ်ကစဉ့်ကလျားရောဂါသည်အဖြစ် သရုပ်ဆောင်ရန် စိတ်ကျန်းမာရေးဆေးရုံတွင် လအချို့ သွားရောက်နေထိုင်ခဲ့ပြီး လယ်သမားအဖြစ် သရုပ်ဆောင်ရန် နယ်စွန်နယ်ဖျားတွင် လယ်စိုက်ခဲ့သေးသည်။ သူ၏ သရုပ်ဆောင်အရည်အချင်းများမှာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံအပေါ် တုပထားခြင်းသာဖြစ်ရာ မျှဝေခံစားသည်ဟု မဆိုနိုင်ပေ။ 


သို့သည့်တိုင် သူ၏ ထူးထူးကဲကဲ ဖော်ပြနိုင်စွမ်းနှင့် ကြွယ်ဝလှသော ဘဝအတွေ့အကြုံတို့က ဇာတ်ကောင်တိုင်းကို သက်ဝင်လှုပ်ရှားလာစေခဲ့သည့် အချက်ကိုမူ မည်သူမှ ငြင်းဆန်လို၍ မရချေ။ 


ဒါပေမယ့် မတူညီတဲ့ ဇာတ်ကောင် တစ်ခုကနေ တစ်ခုကို ချက်ခြင်းကြီး ခုန်ကူးနေတာဆိုတော့ နည်းနည်းပါးပါးတော့ မသက်မသာ ဖြစ်မှာပဲလေ ဟုတ်တယ် မဟုတ်လား ... 


ထိုအကြောင်းကို တွေးမိသည့်အခါ ဖန်ခွင်းမှာ အလွန် ပူပန်လာရတော့သည်။ 


"အဆင်ပြေရဲ့လား နားနေခန်းထဲ သွားပြီး ခဏ‌တစ်ဖြုတ်လောက် အနားယူချင်လား ..." 


"မလိုပါဘူး ..." 


ကျိမြန်က တစ်ခဏတွေးကာ ခေါင်းယမ်းပြလိုက်သည်။ 


"အမှန်အတိုင်းပြောရရင် ဒီခံစားချက်ကလည်း သိပ်တော့ မဆိုးလှပါဘူး ..." 


"တော်သေးတာပေါ့ လာ ရေလေး‌နည်းနည်းလောက် သောက်လိုက် ..." 


ဖန်ခွင်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း ရေသန့်ဘူးတစ်ဘူး ထုတ်ပေးလိုက်သည်။ 


ရှောင်ကျားရှုလည်း ပြင်းထန်လှသည့် ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ သူသာ ဇာတ်ညွှန်းရေးဆရာ ဖြစ်ခဲ့ပါလျှင် လင်ထောင်နှင့် လင်ဖုန်းတို့၏ ဇာတ်သိမ်းကို မုချ ပြောင်းလဲပစ်မည်ဖြစ်သည်။ ဒေဝါလီ ခံလိုက်ရပါစေ၊ ထောင်ပဲ ကျသွားပါစေ၊ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်သွားရလျှင်ပင် ယခုလက်ရှိ ဝမ်းနည်းဖွယ် ဇာတ်သိမ်းထက် အဆ ရာထောင်သောင်းမက သာလွန်နေသေးသည်။ 


ကျစ် ... ကျစ် ... တကယ်ပါပဲ ... လူတွေက လမ်းမှားရောက်နိုင်တယ်ဆိုပေမယ့် တစ်လှမ်းလေး မှားလိုက်တာနဲ့ တစ်ပြိုင်နက် ကံကြမ္မာဆိုးက စောင့်ကြိုနေတာပါ့လား ... 


သူက စခရင်ကို ခံစားချက်အပြည့်ဖြင့် စိုက်ကြည့်ပြီးနောက် တစ်ဖြည်းဖြည်း သဘောပေါက်သွားတော့သည်။ 


ဟေး ... သူ သရုပ်ဆောင်တာတွေက ဇာတ်ညွှန်းနဲ့လည်း မတူပါဘူးရော စာသားတွေလည်း အကုန်မှားနေတယ်လေ ဘာလို့ ဒါရိုက်‌တာလောက မရပ်ခိုင်းတာလဲ ...


Xxxxxx,,