Chapter 44
ထိုမေးခွန်းအတွက် အဖြေကိုမူ သူကိုယ်တိုင် မြင်တွေ့လိုက်ရပြီးဖြစ်သည်။ လဲကျလုနီးပါး ဖြစ်ပြီးနောက် ကျိမြန်ကို ကြည့်လိုက်သည့် သူ့အကြည့်တို့မှာ အစ်ကိုကြီးကို တွယ်တာလှသည့် ညီငယ်လေးတစ်ယောက်ကဲ့သို့ပင်။ ထို တဒင်္ဂအတွင်း ထွက်ပေါ်လာသည့် ခံစားချက်ကလေးကပင်လျှင် ကင်မရာမန်းနှင့် ဒါရိုက်တာကို မဆိုထားနှင့်၊ ကြည့်ရှုသူအားလုံး၏ စိတ်နှလုံးကိုပါ သိမ်းကျုံးဆွဲငင်သွားတော့သည်။
ကျိမြန် မတ်တပ်ရပ်ကာ တိတ်တဆိတ် အတွေးလွန်နေသည့် အခန်းတွင် လောကျန်းဝေ့သည် ကျိမြန်၏ နောက်ဆုံးလက်ကျန် အသိစိတ်ကို နှိုးဆော်နိုင်မည့်ငယ်ဘဝ အမှတ်တရများကို ထည့်သွင်းပြသရန် ကြံရွယ်ထားခဲ့သေးသည်။ သို့မှသာ ကြည့်ရှုသူများက အီဘိုလာအစီအစဉ်အား ရုတ်ချည်းဖျက်သိမ်းရခြင်း၏ အကြောင်းအရင်းကို နားလည်မည်ဖြစ်သည်။ သို့သော် ကျိမြန်က စိုက်ကြည့်နေကြောင်း သတိထားမိသည့်အခါ ပြုံးပြလာသည့် ရှောင်ကျားရှု၏ အပြုံးတို့မှာ ထိုအမှတ်တရများထက်ပင် များစွာ အကျိုးသက်ရောက်မှု ရှိလှသေးသည်။
သူကိုယ်တိုင် မခံစားမိခဲ့သည့်တိုင် ကင်မရာထဲရှိ ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံမှာ ရုတ်ချည်း ရေငွေ့လွှာတစ်ရပ် ရစ်သိုင်းကာ နှလုံးသားထဲတွင် ပြည့်နှက်နေသော နာကျင်မှု၊ နွေးထွေးမှု၊ မေတ္တာတရားနှင့် ကျေးဇူးတင်စိတ်တို့ကြောင့် ဝင်လုဆဲဆဲ နေရောင်အောက်တွင် တဆတ်ဆတ် တုန်ရီသွားတော့သည်။
သူ့အတွက် အကုန် ပုံအောပေးထားတဲ့ အစ်ကိုကို တစ်ဖန် ပျော်ရွှင်စေချင်တဲ့စိတ်တွေ ဘယ်လောက်တောင် ထက်သန်များပြားနေလိုက်သလဲ ...
ထို့အပြင် ကွင်းထဲတွင် ဖြစ်ပွားသွားသည့် ကို့ရို့ကားယားနိုင်မှုကြောင့် လင်ထောင်မှာ သူ့ညီလေးသည် ကလေးဘဝကကဲ့သို့ပင် စောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ထို့ကြောင့်လည်း အသူတစ်ရာချောက်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးမဝင်ခဲ့တော့ခြင်းဖြစ်သည်။
ဇာတ်ညွှန်းတွင် ထိုအကြောင်းအရာများကို အတိအကျ ဖော်ပြမထား။ လောကျန်းဝေ့က လင်ထောင်၏ အတွေးစများကို အဓိပ္ပါယ်ကောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နေရောင်အောက်တွင် အပူအပင်ကင်းစွာ ရပ်နေသည့် ညီဖြစ်သူကို တွေ့လိုက်ရချိန်တွင် လင်ထောင်သည် အပြစ်များကို ဆေးကြောကာ မြေအောက်လောကမှ ထွက်ခွါလိုစိတ်များ ဖြစ်လာတော့သည်။ ရှောင်ကျားရှုက ဇာတ်ညွှန်းအတိုင်း သရုပ်မဆောင်၊ စာသားများမှာလည်း မမှန်ကန်သော်ငြား သူ့ခံစားချက်များမှာ ဇာတ်ညွှန်းတွင် ဖော်ပြထားသည်ထက်ပင် ပိုမိုအသေးစိတ်ကျကျ ရုပ်လုံးကြွနေပေတော့သည်။
"Actor-Instrumental Theory" မှာ လက်ရှိ ရုပ်ရှင်လောကတွင် အလွန်ကျော်ကြားလှသည်။ ဒါရိုက်တာအများစုက သရုပ်ဆောင်များကို သူတို့၏ စိတ်ကူးစိတ်သန်းများအား အကောင်အထည် ဖော်ပေးနိုင်မည့် ပစ္စည်းကိရိယာများအဖြစ်သာ သတ်မှတ်ထားကြပြီး သရုပ်ဆောင်များအနေဖြင့် ဇာတ်ကောင်၏ စရိုက်သဘာဝကို ဖော်ကျူးရာတွင် ဒါရိုက်တာ၏ အမြင်ကို စက်ရုပ်တစ်ရုပ်နှယ် အတိအကျ လိုက်နာပြီး စိတ်ရှည်လက်ရှည်ဖြင့် သရုပ်ဆောင်ရန်သာ လိုအပ်ပေသည်။ သရုပ်ဆောင်စွမ်းရည် ရှ်ိခြင်းမရှိခြင်းမှာ များစွာ အရေးမပါလှ။ "သရုပ်မဆောင်တတ်သည့် မင်းသားမင်းသမီးဟူ၍ မရှိ၊ ဇာတ်လမ်းမရိုက်တတ်သည့် ဒါရိုက်တာသာ ရှိပေသည်" ဟု ဆိုလာကြသူများပင် ရှိသေးသည်။ ရုပ်ရှင်တစ်ခု၏ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းတို့မှာ ဒါရိုက်တာ၏ အရည်အချင်းပေါ်တွင်သာ လုံးလုံးလျားလျား မှီတည်နေပေသည်။
သို့သော် လောကျန်းဝေ့ကမူ ထိုသဘောတရားကို လက်မခံ။ အချို့ အရေးကြီးသော အပိုင်းများတွင် သူသည် သရုပ်ဆောင်များကို သူ့စိတ်တိုင်းကျ သရုပ်ဆောင်ခိုင်းတတ်သော်ငြား နေ့စဉ်ဓူဝ ဖြစ်ရပ်များ အထူးသဖြင့် စိတ်ခံစားချက် အမြောက်အများ ထည့်သွင်းထားရန် လိုအပ်သည့် ဇာတ်ဝင်ခန်းများတွင် သရုပ်ဆောင်၏ စိတ်ခံစားချက်အတိုင်းသာ စီးမြောသရုပ်ဆောင်စေသည်။ ရုပ်ရှင်ရိုက်ခြင်းဟူသည် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ရာ ဒါရိုက်တာကောင်း၊ သရုပ်ဆောင်ကောင်းများသာမက ထူးချွန်လှသော အသံအင်ဂျင်နီယာ၊ တည်းဖြတ်သူနှင့် မိတ်ကပ်ပြင်ဆရာတို့ပါ အတူတကွ ပူးပေါင်းလက်တွဲမှသာ မြောက်များလှစွာသော ရုံဝင်ကြေးကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပေသည်။
ရှောင်ကျားရှုတွင် ဇာတ်ကောင်ကို ကိုယ်တိုင် ထိုးထွင်းသိမြင်ကာ ဖန်တီးနိုင်စွမ်း ရှိနေသည့်အပြင် သူနှင့်အတူ တွဲဖက်သရုပ်ဆောင်ရသည့် ကျိမြန်သည်လည်း သူ့ကို လုံလုံလောက်လောက် ဖိနှိပ်နိုင်စွမ်းရှိသူဖြစ်သည်။ တစ်စုံတစ်ယောက်၏ ဆန္ဒအရ ပြောင်းလဲလိုက်ရပါလျှင် ထိုဇာတ်ဝင်ခန်းမှာ မုချ ပျက်စီးသွားမည်ဖြစ်သည်။
"ကောင်းတယ် အရမ်းကို ကောင်းတယ် ..."
သူက ဘေးနားတွင် နာနာခံခံဖြင့် ထိုင်နေသော ရှောင်ကျားရှုကိုကြည့်ကာ ချီးကျူးလိုက်သည်။
"ရှောင်ရှု မင်းရဲ့ အားသာချက်က ခံစားချက်တွေ ကြွယ်ဝပြီး လွယ်လင့်တကူ သရုပ်ဆောင်နိုင်တာပဲ ဒါပေမယ့် မကောင်းတဲ့အချက်က ဘာလည်းသိလား မင်းရဲ့ ခန္ဓာကိုယ်က သေချာလိုက်မလာနိုင်ဘူး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ များများလုပ်၊ စာအုပ်တွေ ပိုဖတ်၊ မရောက်ဖူးတဲ့ နေရာတွေကို ခရီးထွက်ကြည့်ပြီး မင်းရဲ့ ခံစားချက်တွေကို လမ်းကြောင်းတစ်ခု ဖော်ပေးလိုက် မှတ်ထား သရုပ်ဆောင်တဲ့နေရာမှာ ပြောင်မြောက်တယ်ဆိုတာ ခန္ဓာကိုယ် လှုပ်ရှားမှု၊ တိကျသေချာတဲ့ ခံစားချက်နဲ့ ကြွယ်ဝတဲ့ ဘဝအတွေ့အကြုံတွေကို အချိုးကျ ရောနှောထားလို့ပဲ ..."
"သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာလော ..."
ရှောင်ကျားရှုက တက်တက်ကြွကြွ ခေါင်းငြိမ့်ပြလိုက်သည်။ ကျိမြန် အနားသို့ ရောက်လာကြောင်း တွေ့လိုက်ရချိန်တွင်မူ မျက်နှာတစ်ခုလုံး နီမြန်းလျက် ထပြေးသွားတော့သည်။
အခုအချိန်မှာတော့ ကျိမြန်နဲ့ မျက်နှာချင်း မဆိုင်ရဲသေးဘူး မဟုတ်ရင် သူ့ကို ပွေ့ဖက်နှစ်သိမ့်ပေးပြီး မကောင်းတဲ့အတွေးတွေကို ဖျောက်ပြီး အလင်းဝင်လာဖို့ ဖြောင်းဖြမိတော့မှာ ...
ကျိမြန်က သူ့နောက်ကျောကို ငေးကြည့်ကာ ပြုံးလိုက်သည်။
မကောင်းတဲ့အတွေးတွေကို ပြောင်းလဲပစ်ရမယ် ဘာတွေလဲ ...
လင်းလဲ့ယန်က အနားသို့ ရောက်လာကာ သူ့အင်္ကျီလက်ကို ဆွဲရင်း ပြောလိုက်သည်။
"ကျိကော ကျွန်တော်နဲ့ လိုက်လာပေးလို့ ရမလား ..."
သရုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သိသည့်တိုင် သူ၏ မနာလိုမှုကို ချုပ်တည်း၍ မရနိုင်တော့ချေ။ ကျိကောပြုံးလိုက်သည့် အပြုံးမှာ ရှောင်ကျားရှုကို အသွေးထဲအသားထဲအထိ ချစ်ခင်နေသည့်နှယ် နူးညံ့နေလွန်း၍ သူ့စိတ်အာရုံတစ်ခုလုံး နေမထိထိုင်မသာ ဖြစ်နေရတော့သည်။
ကျိမြန်၏ အပြုံးတို့ အနည်းငယ် တောင့်တင်းသွားတော့သည်။ သူက လင်းလဲ့ယန်ကို အဝတ်လဲခန်းထဲသို့ ခေါ်လာကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
"ကျိကော ကျွန်တော် ကိုယ်ရေးကိုယ်တာလက်ထောက် တစ်ယောက်လောက် ထပ်လိုချင်လို့ပါ ..."
"နှစ်ယောက်နဲ့တင် မလုံလောက်ဘူးလား ..."
"လုံလောက်ပါတယ် ဒါပေမယ့် ချိန်ဖမ်းရှင်းရဲ့ ညီမလေးက ဒီနှစ်ကောလိပ်ဝင်ခွင့် စာမေးပွဲကို ကျသွားတယ်လေ ထပ်ဖြေဖို့ကိုလည်း ငြင်းဆန်နေလို့ သူမက ပေကျင်းကို စိတ်ပြေလက်ပျောက် လာနေချင်လို့တဲ့ ပညာရေးကလည်း သိပ်မကောင်းတော့ တစ်ခြား ဘာအလုပ်မှလည်း လုပ်နိုင်မှာ မဟုတ်ဘူးလေ အဲဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက် လုပ်ခိုင်းမလားလို့ ..."
ပြောရရင် ဒါက သူ့ညီအစ်ကိုကောင်းရဲ့ ညီမလေးပဲလေ ...
"ကိုယ် သဘောမတူနိုင်ဘူးဆိုရင်ရော ..."
ကျိမြန်က ပြောလိုက်သည်။
"မင်းနားလည်ထားဖို့က သူမက ချိန်ဖမ်းရှင်းရဲ့ ညီမ မင်းအနေနဲ့ သူမကို အလကားနေရင်း ထောက်ပံ့ပေးနေလို့ မရဘူး ပြီးတော့ နောက်တစ်ချက် ရှိသေးတယ် တကယ်လို့ သူမနဲ့ ချိန်ဖမ်းရှင်းမှာသာ မကောင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိနေရင် သူတို့က မင်းကို သေလမ်းအထိတောင် တွန်းပို့သွားလိမ့်မယ် ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေနဲ့ အများကြီး အလုပ်တွဲမလုပ်တာ အကောင်းဆုံးပဲ မဟုတ်ရင် ပြဿနာဖြစ်တဲ့အခါ ပိုပြီး ရှင်းရခက်တယ် ဆွေမျိုးကောင်းစားရေးဝါဒကို လက်ကိုင်ထားရင် အရည်အချင်းရှိပါတယ်ဆိုတဲ့ အသင်းအဖွဲ့တွေတောင် ပျက်စီးတတ်တယ် ..."
ချိန်ဖမ်းရှင်းကို စကားလွန်ထားမိသည့် လင်းလဲ့ယန်မှာ သောကရောက်လာတော့သည်။
"ကျိကော လခကို ကျွန်တော့်ဘာသာပဲ ပေးပါ့မယ် ကောကိုလည်း အနှောင့်အယှက် မဖြစ်စေရဘူးလေ နွေကျောင်းပိတ်ရက် ပြီးသွားရင်လည်း သူမကို ကျောင်းဆက်တက်ခိုင်းမှာပါ ပြီးတော့ ကျွန်တော်က ချိန်ဖမ်းရှင်းနဲ့အတူတူ ကြီးပြင်းလာတော့ သူမနဲ့ဆို မောင်နှမတွေလိုပါပဲ ကျွန်တော့်ကို ထိခိုက်စေမှာ မဟုတ်ဘူး ..."
"ဒါဆိုလည်း မေးပါရစေဦး ကျောင်းတက်ဖို့အတွက် ဘယ်လိုများ စီစဉ်ထားလဲ ပေကျင်းမှာ ယာယီနေထိုင်ခွင့်လည်း မရှိ၊ ထောက်ခံပေးမယ့် ကျောင်းသားဟောင်းလည်း မရှိဘဲနဲ့ ဘယ်ကျောင်းကများ သူမကို လက်ခံမှာတဲ့လဲ ..."
နိုင်ငံခြားသားများအဖို့ ပေကျင်းတွင် စာသင်နိုင်ရန် မည်မျှခက်ခဲကြောင်း လင်းလဲ့ယန် အသိဆုံးဖြစ်သည်။ သူ ကောလိပ်ပြန်တက်ခွင့် ရခဲ့ခြင်းမှာလည်း ကျိကော၏ ကျေးဇူးကြောင့်သာ ဖြစ်ပေသည်။ ကျိကောက သူ့ကို ထုတ်မပြောဘဲ လိုအပ်သည်များကို တိတ်တဆိတ်သာ စီစဉ်ပေးတတ်သည်ဟု ထင်ထားခဲ့ရာ ယခုကဲ့သို့ မေးခွန်းများ အဆက်မပြတ် မေးလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။
ကျိကောက ကူညီတတ်တဲ့သူဆို မဟုတ်ဘူးလား ...
ကျိမြန်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားတော့သည်။ နောက်ဆုံးတွင်မူ သူက သက်ပြင်းချကာသာ သဘောတူလိုက်တော့သည်။
"အိုကေ သူမကို အရင်ဆုံး လာခိုင်းလိုက် ကိုယ် အကဲခတ်ကြည့်ဦးမယ် စိတ်ချရတယ်ဆိုမှ ကျောင်းကိစ္စ ဆက်စဉ်းစားတာပေ့ါ ..."
"ကျေးဇူးတင်ပါတယ် ကျိကော ..."
လင်းလဲ့ယန်က သူ့မျက်နှာကို နမ်းကာ ပြေးထွက်သွားတော့သည်။ ချိန်ဖမ်းရှင်းကို သတင်းကောင်းပြောကာ သူ့ညီမအတွက် အစောဆုံးလက်မှတ် ဝယ်ပေးရဦးမည်ဖြစ်သည်။
ကျိမြန်က မျက်နှာကို သုတ်ပစ်လိုက်သည်။ သူ့အကြည့်တို့မှာ အကူအညီမဲ့နေမှုတို့ဖြင့် ပြည့်နှက်နေ၏။
...
နေ့လည်ပိုင်းတွင် လင်ထောင်နှင့် လင်ဖုန်း၏ ငယ်ဘဝကို သရုပ်ဆောင်မည့် ကလေးနှစ်ဦး ရောက်လာ၏။ ရှောင်ကျားရှုမှာ အိမ်ပြန်ရန် ပြင်ဆင်ပြီးကာမှ ကလေးနှစ်ဦး သရုပ်ဆောင်ပုံကို စပ်စုလို၍ ပြန်လှည့်လာလိုက်သည်။
လောကျန်းဝေ့က သူတို့ကို ရိုက်ကူးမည့် ဇာတ်ဝင်ခန်းအကြောင်း အသေးစိတ်ရှင်းပြကာ ခံစားချက်များကို ပြင်ဆင်ထားစေလိုက်သည်။ ထို့နောက် ဘေးနားတွင် ထိုင်နေသော ရှောင်ကျားရှုကို ပြောပြလိုက်၏။
"သူတို့ကို ပေါက်စလေးတွေဆိုပြီး တွေးမနေနဲ့ တစ်ယောက်က ၁၃ နှစ်၊ တစ်ယောက်က ၆ နှစ်ဆိုပေမယ့် ဒီလောကထဲမှာ နှစ်နှစ်သုံးနှစ်လောက် အတွေ့အကြုံ ရှိနေပြီ ပြီးတော့ သူတို့ရဲ့ အရည်အချင်းကလည်း မင်းထက်တော့ မညံ့ဘူး နောက်ပိုင်းကျ သူတို့ သရုပ်ဆောင်တာကိုပါ ကြည့်ပြီး လေ့လာထား ..."
"နှစ်နှစ်သုံးနှစ် ဟုတ်လား ဒါဆို အငယ်လေးက သုံးလေးနှစ်သားလောက်ကတည်းက စပြီး သရုပ်ဆောင်ခဲ့တာပေါ့ ..."
"သူတို့က အနုပညာအသိုင်းအဝိုင်းထဲက လူတွေလေ သူတို့အဖေက ကလေးပြဇာတ်ကုမ္ပဏီကို စဖွင့်နေပြီ အမေကလည်း ပီကင်းအော်ပရာမှာ သီချင်းဆိုတာ အဲဒါဆိုတော့ ငယ်ငယ်လေးကတည်းက ဒီလမ်းကြောင်းပေါ် ရောက်လာတာ ထုံးစံပါပဲ ..."
"ဒီလိုဆိုတော့လည်း မထူးဆန်းတော့ပါဘူး ..."
ရှောင်ကျားရှုက ချက်ခြင်းလက်ငင်း သဘောပေါက်သွားတော့သည်။
နောက်ထပ် ရိုက်ရမည့်အခန်းမှာ လင်အဖေနှင့်အမေ အသတ်ခံရသည့်အပိုင်း ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်က ဘေးလွတ်ရာတွင် ပုန်းအောင်းနေခဲ့သော်ငြား လင်ထောင်မှာမူ မိဘနှစ်ပါး၏ ဝမ်းနည်းဖွယ် သေဆုံးမှုကို မော်နီတာမှတစ်ဆင့် တပ်အပ် မြင်တွေ့လိုက်ရသည်။ ကလေးသရုပ်ဆောင်နှစ်ဦးက ညစ်ပေနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားကာ လက်မောင်းနှင့် မျက်နှာတွင်လည်း သွေးစအနည်းငယ် စွန်းထင်းနေသည်။ နှစ်ဦးလုံးမှာ ဇာတ်ကောင်၏ ပုံစံနှင့် ကိုက်ညီနေသည့်တိုင် မည်သို့မည်ပုံ သရုပ်ဆောင်ရမည်ကိုတော့ မသိကြသေးချေ။
အပြင်းအထန် ကြောက်ရွံ့တာနဲ့ အလွန်အကျူး မုန်းတီးစိတ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ပြနိုင်ဖို့ဆိုတာ မလွယ်လောက်ဘူး ...
ရှောင်ကျားရှု၏ အတွေးပင် မဆုံးသေး။ လောကျန်းဝေ့က လှမ်းအော်လိုက်သည်။
"အက်ရှင် ..."
ကလေးသရုပ်ဆောင်နှစ်ဦးက အိမ်၏ ထောင့်စွန်းနားတွင် ပုန်းလိုက်ကြတော့သည်။ ပိုကြီးသည့်ကလေးက တဆတ်ဆတ်တုန်ရီနေသော သူ့ညီလေးကို ပွေ့ဖက်ရင်း မော်နီတာကို အလန့်တကြား စိုက်ကြည့်နေလိုက်သည်။
စခရင်တွင် လက်ထောက်ဒါရိုက်တာဝမ်၏ လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်သော ဇနီးမောင်နှံနှစ်ဦးကို ပြသထားသည်။ ကလေးများ မထိတ်လန့်သွားစေရန် အလို့ငှာ အသံပြုလုပ်ချက်များကို များစွာ ထည့်သွင်းမထား။ တည်းဖြတ်ချိန်မှသာ ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။
လင်ထောင်အဖြစ် သရုပ်ဆောင်ရမည့် ကလေးက အလျင်အမြန်ပင် ဇာတ်ကောင်စရိုက်ထဲသို့ ဝင်ရောက်နိုင်သွားကာ သူ့အစ်ကို၏ ရင်ခွင်ထဲ မျက်နှာအပ်လျက် တဆတ်ဆတ်တုန်ရီကာ ငိုကြွေးနေလိုက်သည်။ အစ်ကိုကြီးက သူ့ခေါင်းကို လက်ဖြင့် ခပ်ဖွဖွ အုပ်မိုးပေးထားရင်း နားရွက်နှစ်ဖက်ကိုပါ ဖုံးအုပ်လိုက်သော်ငြား အကြည့်တို့မှာမူ စခရင်ပေါ်တွင်သာ ကပ်ငြိနေဆဲဖြစ်သည်။
သူ့မျက်ဝန်းတို့မှာ သူငယ်အိမ်ပင် ထွက်ကျလာလုမတတ် ပြူးကျယ်နေပြီး ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။ မိဘများ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်ကြောင်း တွေ့လိုက်ရချိန်တွင်မူ ထို ကြောက်ရွံ့မှုအားလုံး မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မငိုမိစေရန် အံကို တင်းတင်းကြိတ်ထားလိုက်သော်ငြား သွားဖုံးကို အလွန်အကျူး ဖိကိုက်ထားသည့်အတွက် သွေးများပင် စီးကျလာတော့သည်။ သူ့မျက်ဝန်းများမှာ တစ်ဖြည်းဖြည်း နက်မှောင်ကာ အလင်းရောင်ဟူသမျှကို အငမ်းမရ ဝါးမျိုစားသုံးနေသည့် တွင်းနက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ့ညီ၏ တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်ကြောင့်သာ ထိုအဖြစ်ဆိုးမှ နိုးထလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ညီဖြစ်သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်လေးကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်တွယ်ရင်း ကျန်လက်တစ်ဖက်ဖြင့် နှုတ်ခမ်းထောင့်စွန်းရှိ သွေးတို့ကို သုတ်လိုက်သည်။ အမုန်းမီး တောက်လောင်နေသည့် မျက်နှာမှာ တစ်ဖြည်းဖြည်း တည်ငြိမ်သွားသော်ငြား မျက်ဝန်းတို့မှာမူ အမှောင်ဖုံးနေဆဲဖြစ်သည်။ ထိုအပိုင်းကို ရိုက်ကူးခြင်း ပြီးစီးသွားလေပြီ ...
လောကျန်းဝေ့က အသက်ကို ပြင်းပြင်းရှုသွင်းရင်း လက်ကို မြှောက်လျက် ပြောလိုက်သည်။
"အိုကေ ပြီးသွားပြီ ..."
ဘေးမှ ကြည့်နေသူများက သောင်းသောင်းဖျဖျ ချီးကျူးလိုက်ကြသည်။ ရှောင်ကျားရှုမှာမူ ကြက်သေသေနေတော့သည်။
ဒီလို ခက်ခဲတဲ့အပိုင်းကို ကလေးတွေ သရုပ်ဆောင်ရမှာဆိုတော့ NG အခု ၂၀၊ ၃၀ လောက် ရသင့်တာ မဟုတ်ဘူးလား ဒါပေမယ့် သူတို့က တစ်ခေါက်တည်းနဲ့ ပြီးသွားတယ် ပြီးတော့ သရုပ်ဆောင်သွားတာကလည်း တကယ်ကို အမိုက်စားပဲ ကြောက်စရာကောင်းလိုက်တာ ...
ကလေးသရုပ်ဆောင်လေးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူက ဦးစွာ မိတ်ဆက်လိုက်သည်။
"မင်းတို့နှစ်ယောက်က ရုပ်ချင်းဆင်လိုက်တာ ညီအစ်ကိုတွေလား နာမည်ကရော ဘာတဲ့လဲ ..."
"ဟယ်လို ကောကော ကျွန်တော့်နာမည်က ဝေ့ပေါ်ရုန်ပါ သူက ဝေ့ပေါ်ရီတဲ့ ..."
အကြီးလေးက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ သူ့လက်ထဲတွင် ချီထားသော နို့နှစ်ရောင်နှယ် ဆွတ်ဆွတ်ဖြူနေသည့် ကောင်လေးက "ကောကော" ဟု ချိုချိုသာသာ ခေါ်လိုက်သည်။ မျက်လုံးနှင့် နှာခေါင်းတို့ နီရဲကာ တစ်ကိုယ်လုံး သွေးများပေကျံနေသည့် ပုံစံမှာ အလွန်သနားဖွယ်ရာ ကောင်းလှသည်။
Xxxxcx