Chapter 42
ဟွမ်မိန်ရွှမ်က သူမကို ရှောင်ကျားရှုနှင့် သတင်းမထွက်စေရန် ဆင်ခြင်ရမည်ဟု သတိပေးထား၍သာ မဟုတ်ပါလျှင် သူမကိုယ်တိုင် ပို့်စ်တင်လိုက်မည်ဖြစ်သည်။
နေ့လည်စာစားနေရင်း webpage ကို အပြန်ပြန်အလှန်လှန် refresh လုပ်ရင်း ဆယ်မိနစ်ကြာသွားသည့်တိုင် ရှောင်ကျားရှု၏ လှုပ်ရှားမှုတစ်စုံတစ်ရာကိုမှ မတွေ့ရသေးချေ။ လှမ်းကြည့်လိုက်သည့်အခါ တစ်ဖက်သူမှာ ထမင်းနောက်တစ်ပန်းကန်ပင် ထပ်ထည့်နေပြီး မြိန်ရေယှက်ရေ စားသောက်နေကြောင်း တွေ့လိုက်ရသည်။
ဟေး Weibo မှာ ဘာမှ မတင်ဘူးလား လူတွေကို ဘယ်လို hype လာအောင် လုပ်ရမလဲဆိုတာကိုရော သိရဲ့လားဟ ...
မြောင်မူချင်မှာ သံမဏိဖြစ်မလာသည့် သံချောင်းများကို အလွန်မုန်းတီးပေသည်။
(ဒါက မှန်းထားသလို ဖြစ်မလာလို့ စိတ်ပျက်လက်ပျက်ဖြစ်တဲ့ အခြေအနေမျိုးမှာ သုံးတာပါ)
ထိုအခါမှ လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့လည်း သက်ပြင်းခိုးချနိုင်သွားတော့သည်။ သို့သော် ရှောင်ကျားရှုက စားသောက်ပြီးပါလျှင် တင်လိမ့်ဦးမည်လား မသိသေးသည့်အတွက် လုံးဝ စိတ်အေးလက်အေး မနေရဲ။ ယခုအချိန်တွင် အင်တာနက်သုံးစွဲသူများက သူ၊ ကျိကောနှင့် ဟန်ကောတို့ တမန်တော်ကို အတူတူ ရိုက်ကူးနေကြကြောင်း သတိထားမိလောက်မည်ဖြစ်သည်။ သူ၏ အရင်းအမြစ်နှင့် စမှတ်တို့ကိုပါ တူးဆွနေကြရာ ရှောင်ကျားရှုကိုပင် လွှမ်းမိုးနိုင်နေပြီဖြစ်သည်။ ယခုအချိန်တွင် ရှောင်ကျားရှုကသာ ဓာတ်ပုံတင်လိုက်ပါလျှင် မျက်နှာဖြတ်ရိုက်ခံရသည့်နှယ် ဖြစ်ပေလိမ့်သည်။
ရှောင်ကျားရှုက ဘာလို့ ပို့်စ်တင်မယ့်အကြောင်း တွေးနေနိုင်မှာလဲ တစ်ခြားသူတွေရဲ့ အတွေးတွေက ဒရမာတစ်သိန်းနဲ့ ပြည့်နှက်နေပေမယ့် ဒီတစ်ခေါက်နေ့လည်စာက တော်တော်လေး စားကောင်းတယ်လေ ...
ထိုအချိန်တွင် ကျိမြန်က သူ့ကို လှမ်းကြည့်လိုက်သည့်အခါ သူကလည်း တောက်တောက်ပပ ပြန်ပြုံးပြလိုက်၏။
ကျိမြန်၏ မျက်နှာမှာ တောင့်တင်းသွားကာ ဟန်မဆောင်နိုင်လောက်အောင် ရယ်မောလိုက်သည်။
ကိုယ့်အလုပ်ပေါ်မှာပဲ အာရုံစိုက်ထားတဲ့သူတိုင်းက ဒီလိုမျိုး အပူအပင်ကင်းကြတာပဲလား မဟုတ်သေးဘူး စိတ်လွတ်နေတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ် ...
ရှောင်ကျားရှုက စားသောက်ပြီးနောက် ဖုန်းကိုထုတ်ကာ ဂိမ်းဆော့လိုက်ပြီး ပို့စ်တင်မည့်အရိပ်အယောင်ကိုတော့ မတွေ့ရသေးချေ။ ထိုအစား သူက နောက်ယောင်ခံရန် နံပါတ်တစ်ခုကို စာရင်းသွင်းကာ နာမည်ကို "ဦးမညွတ်လိုက်နဲ့ သရဖူလေး ပြုတ်ကျသွားလိမ့်မယ်" ဟု အမည်ပေးလိုက်သည်။ ကျိမြန်၏ ပရိသတ်များက သူတို့ကိုယ်သူတို့ "သရဖူလေးများ" ဟု ခေါ်ဝေါ်ကြရာ ထိုနာမည်မှာ ကျိမြန်၏ ပရိသတ်ဖြစ်ကြောင်း သိသာလှပေသည်။
ကျိမြန်ကို အာရုံစိုက်ပြီးနောက် ယနေ့ ဖြစ်ပျက်ခဲ့သည့် သတင်းများကို ကြည့်လိုက်ချိန်တွင် ကျိမြန်က လင်းလဲ့ယန်ကို ချီးကျူးထားကြောင်း တွေ့လိုက်ရသည့်အခါ သူကပါ ပင်မaccount ကို ကူးပြောင်းကာ အားပေးလိုက်သည်။ အင်တာနက်သုံးစွဲသူများက သူနှင့် လင်းလဲ့ယန်ကို ဘာကြောင့် နှိုင်းယှဉ်နေကြမှန်း နားမလည်နိုင်။ အကယ်၍ နားလည်သည့်တိုင် များစွာ တွေးနေမိမည် မဟုတ်ချေ။ သူသည် ရိုက်ကူးရေးအပေါ်တွင်သာ အာရုံစိုက်ထားကာ ပရိသတ်အင်အားလည်း မတောင့်၊ များစွာလည်း မကျော်ကြား၊ အခြားအကျိုးအမြတ်များလည်း သိပ်မရှိလှသည့်အတွက် ထိုကိစ္စများမှာ သူတွေးနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပေသည်။
သရုပ်ဆောင်အတွက် အလုပ်ကောင်းကောင်း လုပ်ရန်ကသာ အရေးအကြီးဆုံးဟု ထာဝစဉ် ခံယူထားပေသည်။
ပင်မ account ကို အသုံးပြုပြီးနောက် အရန် account ကို ပြန်လာကာ သတင်းဆက်ဖတ်လိုက်ချိန်တွင် ရှစ်ထင်းဟန်နှင့် ကျိမြန်တို့၏ ရုပ်ရည်၊ စိတ်နေစိတ်ထား၊ သရုပ်ဆောင်အရည်အချင်းတို့ကို တစ်ခုချင်း နှိုင်းယှဉ်ထားသည့် ဗီဒီယိုအား တွေ့လိုက်ရသည်။ ရှောင်ကျားရှုမှာ နိုင်ငံခြားတွင် နေခဲ့စဉ်ကတည်းက ပြည်တွင်းသတင်းကိုပင် မဖတ်ခဲ့သူဖြစ်ရာ ထိုကဲ့သို့ ဒရာမာမျိုးကို တွေ့လိုက်သည့်အခါ ဝမ်းသာအားရ ကြည့်ရှုလိုက်မိတော့သည်။ ထို့နောက် သူက မှတ်ချက်အရှည်ကြီးတစ်ခုကို ချန်ထားလိုက်သည်။
"ငါက တရားလွန် မြှောက်ပင့်နေတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျိမြန်ရဲ့ လက်ရှိ အရည်အချင်းက တရုတ်ပြည်မှာ ပြိုင်ဘက်ကင်းပဲ နိုင်ငံတကာမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူရယ်လို့ လက်တစ်ဆုပ်ထပ် ပိုမရှိဘူး သူရိုက်သမျှ ရုပ်ရှင်တိုင်းကလည်း ဂန္တဝင်လက်ရာလို့တောင် ပြောလို့ရတယ် "ဒုက္ခနွံထဲက ကာလများ" ထဲက ခုန်ယန်တို့၊ "နောက်ဆုံးသော သမုဒ္ဒရာ"ထဲက ဟဲယွင်လိန်တို့ ...
အားရပါးရ ချီးကျူးပြီးနောက် သူက အာပေါင်အာရင်းသန်သန် ပြောဆိုလိုက်သည်။
"မြန်က ရှစ်ထင်းဟန်ထက် ပိုသာတယ် ဘာဖြစ်လို့လဲ သိလား သူက အရမ်းကို ဩဇာတိက္ကမနဲ့ ပြည့်စုံလွန်းလို့ သရုပ်မဆောင်နိုင်တဲ့ ဇာတ်ကောင်ဆိုတာမျိုး မရှိဘူးလေ ရှစ်ထင်းဟန်ရဲ့ ဇာတ်ကောင်တွေကတော့ အပ်ကြောင်းထပ်နေပြီ ရည်ရည်မွန်မွန်နဲ့ သူရဲကောင်းဆန်တဲ့ ဇာတ်ကောင်ဆို လူတိုင်းက သူ့ကိုပဲ ပြေးမြင်နေကြတဲ့အထိ ပုံစံခွက်ထဲ ရောက်နေလို့ သူရွေးနိုင်တဲ့ ဘောင်ကလည်း ကျဉ်းသွားပြီ ဒါကကို သူ့ရဲ့ အကြီးဆုံး အားနည်းချက် ဖြစ်နေတော့တာပဲ "
"ငါ သူ့ရဲ့"Montenegro" ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖူးတယ် အဲဒါက သူဌေးရဲ့ ဖိနှိပ်မှု၊ သူ့ဇနီးရဲ့ သစ္စာဖောက်မှုတွေကြောင့် စိတ်နှလုံး အမှောင်ဖုံးသွားတဲ့ ဝန်ထမ်းလေးအကြောင်း ရိုက်ထားတာ ဇာတ်သိမ်းက နည်းနည်းလေး ဝမ်းနည်းဖို့ ကောင်းတယ် အဲဒါက သူ သရုပ်ဆောင်ခဲ့သမျှထဲမှာ ရွံစရာ အကောင်းဆုံး ဇာတ်ကောင်ပဲ ဒီဇာတ်ကောင်ကြောင့်လည်း တော်တော်ကို နာမည်ကျသွားခဲ့တာလေ ဒါပေမယ့် ငါပြောချင်တာက ဘာလဲဆိုရင် ရှစ်ထင်းဟန်ကလေ သူ့ရဲ့ သူရဲကောင်းဆန်ဆန် ဇာတ်ကောင်တွေကနေ ရုန်းထွက်နိုင်ဖို့ ဒါကို ကြိုးကြိုးစားစားကို သရုပ်ဆောင်ခဲ့တာ ဇာတ်ကောင်တွေ အများကြီးကို သရုပ်ဆောင်နိုင်ရဲ့သားနဲ့ သူ့အရည်အချင်းက တော်တော်ကို လူသိနည်းနေတယ် ဘယ်သူမှတောင် မမြင်နိုင်သလောက်ပဲ တကယ်တမ်းပြောရရင် သူက သူ့ကိုယ်သူလည်း မရှုံးဘူး ကျိမြန်ကိုလည်း မရှုံးဘူး သူ့ပရိသတ်တွေကြောင့် ရှုံးသွားတာ "
စာအရှည်ကြီးကို ရိုက်ပြီးနောက် မတင်မီ ရှောင်ကျားရှုက ရှစ်ထင်းဟန်ကို ခိုးကြည့်လိုက်သေးသည်။
စားသောက်နေဆဲ ကျိမြန်က သခင်လေးရှောင်ကို နားလည်ရခက်နေဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
စားသောက်ပြီးနောက် ရှစ်ထင်းဟန်က သူ့အကျင့်အတိုင်း Weibo ကို တစ်ချက် စစ်ကြည့်လိုက်သည့်အခါ လူပြောများနေသော မှတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။ "ဦးမညွတ်လိုက်နဲ့ သရဖူလေး ပြုတ်ကျသွားလိမ့်မယ်" က သူနှင့် ကျိမြန်၏ အနုပညာသက်တမ်းတစ်လျှောက် တိုးတက်ပြောင်းလဲလာပုံ အမျိုးမျိုးကို ခြုံငုံသုံးသပ်ပြထားပြီး သူ့မှတ်ချက်အောက်တွင် အချို့က သဘောတူကြကာ အချို့ကမူ လှောင်ပြောင်ရယ်မောနေကြသည်။ ရုပ်ရှင်ဧကရာဇ်ကို စော်ကားမော်ကားပြောရဲသည့် သရဖူလေးမှာ အလွန်မသတီဖွယ် ကောင်းလှသည်ဟု ဆဲရေးနေသူများပင် ရှိသေးသည်။
ရှစ်ထင်းဟန်က ပထမတစ်ကြောင်းနှစ်ကြောင်းခန့်ကို ဟာသအဖြစ် ဖတ်လိုက်သော်ငြား သူ့အမူအယာမှာ တစ်ဖြည်းဖြည်း လေးနက်လာကာ မျက်ခုံးနှစ်ဖက်မှာလည်း ထိလုမတတ် နီးကပ်လာတော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူက ခပ်ဖြည်းဖြည်း ရေရွတ်လိုက်သည်။
"ဒီ သရဖူလေးဆိုတဲ့တစ်ယောက်က ဘယ်သူလဲ တကယ်ကို အကျိုးနည်းလောက်အောင်ကို ..."
ဘေးနားတွင်ထိုင်ကာ သူ့ကို အကဲခတ်နေသည့် ရှောင်ကျားရှုက တိတ်တိတ်လေး ထပြေးသွားတော့သည်။
ရှစ်ထင်းဟန်မှာတော့ သခင်လေးရှောင်၏ မူမမှန်မှုကို သတိမပြုမိသေး။ အံကို တင်းတင်းကြိတ်လျက် ဆက်ပြောနေလိုက်သည်။
"ငါ့နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး သရုပ်ဆောင်တာကွ ဒီသခင်ကြီးရဲ့ သရုပ်ဆောင်စကေးတွေက တကယ်ပဲ မင်းထက် ဆိုးရွားနေတာလား မဟုတ်ဘူးနော် ငါ့ရဲ့ ဇာတ်ကောင်ရွေးချယ်ခွင့်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ခံထားရလို့ ကုမ္ပဏီကရော ပရိသတ်တွေကပါ ငါ့ကို တစ်ခြားဇာတ်ကောင်တွေ သရုပ်ဆောင်ခွင့် မပေးမှတော့ ငါလည်း ဘာဆက်လုပ်နိုင်ဦးမှာလဲ "Montenegro" က ငါအကြိုက်ဆုံးရုပ်ရှင် ဒါပေမယ့် ဘယ်ရုပ်ရှင်ကို အကြိုက်ဆုံးလဲလို့ အမေးခံရရင် ငါ့မှာ ဖြေစရာမရှိဘူး အရမ်းကို ခါးသီးစရာ ကောင်းလိုက်တာမှ ဒီ သရဖူလေးက တော်တော်ကို ထိုးဖောက်ပြီး မြင်တတ်တာပဲ သူ့ကို လက်မအကြီးကြီး ပေးမှရမယ် ..."
ပရိသတ်များက သရဖူလေးကို ချေမှုန်းရန် ကြိုးစားနေကြစဉ် အိုင်ဒေါဖြစ်သူက ထိုမှတ်ချက်ကို သဘောကျကြောင်း ပြလိုက်သည့်အတွက် အားလုံး ကြက်ပေါက်များနှယ် ငြိမ်သက်သွားကြတော့သည်။ သို့သော် ရူးရူးမူးမူး မေးခွန်းထုတ်လိုက်သူတစ်ဦးတော့ ရှိနေဆဲဖြစ်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ ရှစ်ထင်းဟန် ပြန်ပေးဆွဲခံလိုက်ရတာတော့ မဟုတ်လောက်ပါဘူးနော် ..."
ရှစ်ထင်းဟန်က သရဖူလေး၏ account ကို ဝင်ကြည့်လိုက်သည့်အခါ ကျိမြန်ကိုသာ follow လုပ်ထားသည့် account သစ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကျိမြန်ရဲ့ ပရိသတ်တွေက အရေအတွက်မှာရော၊ အရည်အသွေးမှာပါ အကောင်းဆုံးဆိုတာ အမှန်ပဲထင်တယ် ဒီသရဖူလေးရဲ့ စကားတွေအရဆိုရင် သူက ဝါရင့် ရုပ်ရှင်ဝေဖန်ရေးသမားပဲ ဖြစ်ရမယ် သူ့ရုပ်ရှင်တွေရော ကျိမြန်ရဲ့ ရုပ်ရှင်တွေကိုပါ နှံ့နှံ့စပ်စပ် မကြည့်ဖူးရင် ဒီလိုမျိုး ပြောနိုင်မှာ မဟုတ်ဘူး ...
ကျိမြန်က ထိုမှတ်ချက်ကို စိုက်ကြည့်ရင်း like ပေးသင့် မပေးသင့် စဉ်းစားလိုက်ပြီးနောက် မပေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ပရိသတ်များက သူနှင့် ရှစ်ထင်းဟန်ကို မကြာခဏ နှိုင်းယှဉ်လေ့ရှိကြရာ သူသာ ဝင်ပါလာပါလျှင် ပိုပြီး ကြီးကျယ်သွားပေလိမ့်မည်။
"မင်း ပြောင်းလဲရတော့မယ့် အချိန်ပဲ ..."
သူက သူငယ်ချင်းဖြစ်သူကို ပြောလိုက်သည်။
"၃၄ နှစ်ဆိုတာ သင့်လျော်တဲ့အရွယ် ဖြစ်နေပြီ ..."
"ငါလည်း ဒီလိုပဲ တွေးမိတယ် ..."
ရှစ်ထင်းဟန်က ပြုံးပြလိုက်သည်။
"နောက်တစ်ခေါက်ကျရင် ဗီလိန်နေရာမျိုးမှာ သရုပ်ဆောင်ချင်လိုက်တာ ..."
ကျိမြန်ကလည်း ပြန်ပြုံးပြလိုက်သည်။
"ဇာတ်ညွှန်းကောင်းလေး တွေ့ရင် မင်းကို ပြပေးမယ် မွန်ရည်တဲ့ ရုပ်ရည်နဲ့ ဗီလိန်ဆိုရင် စိတ်ဝင်စားစရာကောင်းမှာ ကျိန်းသေတယ် ..."
သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်ရင်း လင်းလဲ့ယန်၏ ရှောင်ကျားရှုနှင့် အယှဉ်ခံရသည့်အတွက် အချဉ်ပေါက်နေသည့်စိတ်များ လွင့်စင်ပပျောက်သွားတော့သည်။ မိနစ်နှစ်ဆယ်ခန့် တစ်ရေးအိပ်ပြီးနောက် မြောင်မူချင်၏ မျက်နှာပေါ်ရှိ နီမြန်းယောင်ယမ်းနေမှုတို့ လျော့ကျသွားကာ အမာရွတ်အနည်းငယ်သာ ကျန်ခဲ့တော့သည်။ concealer ဖြင့် ဖုံးလိုက်ပါလျှင် လုံးဝ သိသာတော့ခြင်း မရှိတော့သည့်အတွက် အစောပိုင်းကလောက် စိတ်တိုမနေတော့ပေ။
ထို့ကြောင့် နေ့ခင်းပိုင်းရိုက်ကူးရေးကို NG အနည်းငယ်နှင့်အတူ ဟန်ချက်ညီညီ အပြီးသတ်နိုင်လိုက်သည်။ ထိုအခါမှသာ လောကျန်းဝေ့၏ တင်းမာနေသော မျက်နှာထားလည်း ပြေလျော့သွားတော့သည်။
"အိုကေ ဒါပြီးရင် နောက်တစ်ခုအတွက် အဆင်သင့်ပြင်ထား ..."
ရိုက်ကွင်းကို စတူဒီယိုအပြင်ဘက်ရှိ basketball ကွင်းသို့ ပြောင်းရွှေ့ကာ လင်မျိုးရိုး ညီအစ်ကိုနှစ်ယောက်၏ နေ့စဉ်ဘဝကို ရိုက်ကူးရန် ပြင်ဆင်လိုက်သည်။
ထသွားထလာဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသော ရှောင်ကျားရှုက ကျန်သရုပ်ဆောင်များနှင့် စကားလက်ဆုံကျနေသည်။ သူတို့အားလုံးမှာ အလွန်ငယ်ရွယ်ကြကာ အကြီးဆုံးကပင်လျှင် အသက် ၂၀ သာ ရှိသေးပြီး အငယ်ဆုံးမှာ ခြောက်နှစ်ပင် မပြည့်သေး။ ရုပ်ရှင်ထဲတွင် ပါဝင်ပါလျှင် ယွမ်တစ်ရာရကာ စာသားများပါ ပြောရပါလျှင် ယွမ်နှစ်ရာ အသီးသီး ရကြပေသည်။
"မင်းတို့မိဘတွေကလည်း ရုပ်ရှင်ရိုက်ဖို့ သဘောတူတယ်ပေါ့ ၁၅ နှစ် ၁၆ နှစ်ဆို စာပဲ သင်နေရဦးမှာ မဟုတ်ဘူးလား ..."
"မဟုတ်ဘူး ကျွန်တော်တို့ကိုယ်တိုင်ကိုက ကျောင်းဆက်မတက်ချင်တော့လို့ အဆင့်တွေကလည်း မကောင်းမှတော့ စာဆက်သင်နေလည်း အလကားပဲလေ ..."
"ဒါက သိပ်မကောင်းဘူးနော် အာ သူတို့ကိုတော့ ပြောပြမှ ရမယ် မဟုတ်ရင် မင်းတို့ အပြင်မှာ ဘာတွေလုပ်နေသလဲဆိုတာ သိကြမှာ မဟုတ်ဘူး ဒါက မလုံခြုံဘူးလေ ..."
ရှောင်ကျားရှုက ကလေးများကို နားချရန် ပြင်နေစဉ်မှာပင် ထသွားထလာအဝတ်အစားများနှင့် ကျိမြန်က ဖြည်းဖြည်းချင်း ရောက်လာသည်။ သူ့ဆံပင်များကို ယခင်ကကဲ့သို့ နဖူးပေါ်သို့ သပ်သပ်ရပ်ရပ် ဖီးသင်မထား။ ပျော့ပျောင်းပွယောင်းနေသည့် ဆံပင်များ ဘေးနှစ်ဖက်တွင် ကပိုကယို ကျဆင်းနေသည်မှာ လက်ရှိအသက်ထက် များစွာ ငယ်သွားသယောင်ပင်။ သူ့ပုံစံမှာလည်း ယခင်ကထက် များစွာ သိမ်မွေ့ဟန် ပေါ်သွားတော့သည်။
ဤသည်မှာ လင်ဖုန်း၏ ရှေ့တွင်သာ ပြသလေ့ရှိသည့် လင်ထောင်၏ သရုပ်မှန်ဖြစ်သည်။ အများ၏ အမြင်တွင် လင်အုပ်စု၏ အဓိကဥက္ကဌ၊ နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးဂိုဏ်းတစ်ခု၏ ရက်စက်ကောက်ကျစ်လှစွာသော ခေါင်းဆောင်ဖြစ်သော်ငြား သူ့ညီ၏ ရှေ့မှောက်တွင်မူ အထက်မြတ်ဆုံး၊ အသိမ်မွေ့ဆုံး အစ်ကိုကြီးတစ်ဦးသာ ဖြစ်ပေသည်။ သူ့ဘဝကို နှစ်မျိုးနှစ်စား ပိုင်းခြားထားပြီး သူကိုယ်တိုင်နှင့် ကမ္ဘာတစ်ခုလုံး၏ ရှေ့မှောက်တွင် အမှောင်ဖုံးသည့် အခြမ်းကို ချပြထားကာ နွေးထွေးတောက်ပသည့်ဘက်ခြမ်းမှာမူ သူ့ညီတစ်ဦးတည်းအတွက်သာ ဖြစ်ပေသည်။
သူ့ပုံစံအသစ်ကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှု၏ အကြည့်တို့ လင်းလက်တောက်ပသွားတော့သည်။ နောက်ပိုင်းတွင် ခံစားချက်ကို မရှာဖွေနိုင်ဘဲ ဖြစ်မည်ကို ပူပန်နေရန် မလိုအပ်တော့။ ဇာတ်ကောင်၏ သဘောသဘာဝနှင့် ကိုက်ညီနိုင်ရန် ကျိမြန်သည် ဝတ်စားဆင်ယင်ပုံမှအစ စိတ်နေစိတ်ထားအဆုံး ဘက်စုံထောင့်စေ့အောင် ပြင်ဆင်ထားသည့်အတွက် လွဲချော်မှုတစ်စုံတစ်ရာမှ ဖြစ်ပွားလိမ့်မည် မဟုတ်ချေ။ သူနှင့်အတူတွဲကာ သရုပ်ဆောင်ရခြင်းသည် အလွန် စိတ်သက်သာဖွယ်ရာ ကောင်းလှပေသည်။
"ဒါရိုက်တာလော ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ ..."
ရှောင်ကျားရှုက လောကျန်းဝေ့ကို အိုကေဟု လက်ဟန်ခြေဟန် ပြလိုက်သည်။
ကျိမြန်ကလည်း ခေါင်းငြိမ့်ပြကာ ကွင်း၏ ဘေးစည်းအနီးသို့ လျှောက်လာလိုက်သည်။
"အက်ရှင် ..."
လောကျန်းဝေ့၏ စကားသံအဆုံးတွင် နှစ်ဦးသား basketball ကွင်းထဲသို့ ဝင်လာလိုက်ကြတော့သည်။
အချိန်ပိုင်းသရုပ်ဆောင်လေးများက ကွင်းထဲတွင် ကစားနေသည့် ကလေးများအဖြစ် သရုပ်ဆောင်ထားကြသည်။ နှစ်ဦးသား ချဉ်းကပ်လာသည့်အခါ သူတို့က ဘောလုံးကို မတော်တဆ ပစ်ပေါက်မိဟန် ဆောင်ရမည်ဖြစ်သည်။ ဇာတ်ညွှန်းအရဆိုလျှင် ရှောင်ကျားရှုက လှလှပပ ခုန်ဖမ်းကာ ပြီးပြည့်စုံသည့် သုံးမှတ်ပစ်ချက်ဖြင့် ပြန်ပစ်ပေးရမည်ဖြစ်ပြီး ထိုအခါမှ ကလေးများက လက်ခုပ်လက်ဝါးတီးကာ အားပေးရင်း သူ့ကို အတူတူကစားပေးရန် ဖိတ်ခေါ်ကြရမည်ဖြစ်သည်။ သူက လင်ထောင်ကိုပါ ကွင်းအတွင်း ဆွဲသွင်းလာကာ အတူတကွ ကစားကြခြင်းဖြင့် ငယ်ဘဝ အမှတ်တရတို့ ပြန်လည် တူးဆွကြမည်ဖြစ်သည်။ basketball ကွင်းမှ ထွက်လာသည့်အခါ လင်ထောင်က အရှေ့တောင်အာရှသို့ မူးယစ်ဆေးအသစ် တင်သွင်းမည့် အစီအစဉ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူ့ညီလေး၏ မျက်စိရှေ့ရှိ လှပသာယာသော ကမ္ဘာကြီးကို မဖျက်ဆီးလိုတော့၍ ဖြစ်သည်။
Xxxxxxxx