Chapter ( 9 )
ကျန်းဝေမင်းနှင့် သူ၏လူစုကတော့ အပေါ်ထပ်ရှိ ‘ငရဲပြည်သို့ ခရီးစဉ်’ ဧရိယာတွင် သဲလွန်စများ ပိုမိုရှာဖွေနိုင်လိမ့်မည်ဟု ထင်နေကြပုံရသဖြင့် မနေ့ကတည်းက အပေါ်ထပ်သို့သာ တစိုက်မတ်မတ် တက်သွားခဲ့ကြသည်။
စတုတ္ထထပ်က အိမ်ငှားတွေဆိုရင်ကော... ဒီလို အမှိုက်လိုဂိမ်းမျိုးထဲမှာ သာမန်လူတွေ ရှိနေနိုင်ပါ့မလား။
စုကျန်းက တံခါးကို အရင်ဆုံး ခေါက်လိုက်ရာ တံခါးပွင့်လာခဲ့သည်။ “ဟယ်လို—” သူက ခင်မင်ပျူငှာသော အပြုံးတစ်ခုကိုပါ ပြလိုက်၏။
“ဝုန်း!” ခနဲ အသံအကျယ်ကြီးနှင့်အတူ တံခါးက ပြန်ပိတ်သွားပြီး တံခါးတုန်ခါမှုအရှိန်က ကျန်ရစ်ခဲ့သည်။
စုကျန်း၏ ချောမောသော မျက်နှာထက်တွင် စိတ်ပျက်အလိုမကျမှုများ ယှက်သန်းသွားပြီး — “ငါက ရုပ်ဆိုးလို့လား ငါ စပြီး နာမည်ကြီးခါစတုန်းက တစ်ယောက်ယောက်က ငါ့ရဲ့ လူပျိုဘဝကို သိန်းဂဏန်းချီ ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့တာကို ဈေးနည်းလွန်းလို့ ငြင်းခဲ့တာ။ သူသိလို့လား။ သူက ဘယ်လိုသတ္တိနဲ့ ငါ့ကို ငြင်းပယ်ရဲတာလဲ”
ရန်မျန်က ရှေ့သို့ တိုးလာပြီး “ငါ စမ်းကြည့်မယ်” ဟု ဆိုသည်။
ဒီတစ်ကြိမ်တွင် သူမက တံခါးတစ်ခုကို ခေါက်လိုက်ရာ အိမ်ပိုင်ရှင်မှာ ပေါင် ၁၈၀ ခန့်ရှိသော အိုတာကူတစ်ဦး ဖြစ်နေပေသည်။ ထိုအိုတာကူသည် ဂျပန်အထက်တန်းကျောင်းသူ ယူနီဖောင်းဝတ် မိန်းကလေးများကို လုံးဝ မတွန်းလှန်နိုင်ပေ။ သူက အပြင်ဘက် သံတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းယန်၏ ကန်ချက်ကြောင့် အခန်းထဲသို့ လွင့်စင်ကာ ပြန်ကျသွားတော့သည်။
ရန်မျန်က မှင်တက်သွားမိသော်လည်း ကောင်းယန်နှင့် ပိုပြီး အတွဲညီသည့် စုကျန်းကတော့ အခန်းထဲသို့ အမြန်လျှောခနဲ ဝင်သွားပြီး ရန်မျန်ကို ဝင်လာရန် လက်ဟန်ပြကာ တံခါးနှစ်ထပ်လုံးကို ပိတ်လိုက်တော့သည်။
ပေါင် ၁၈၀ ရှိသော အိုတာကူမှာ ဘာမျှမတတ်နိုင်ဘဲ ဓားစာခံဖြစ်သွားရပြီး သူ၏ မျက်နှာကြီးတစ်ခုလုံးတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ အိမ်ထဲမှာ အေးဆေးနေရင်းနှင့် ဓားပြတိုက်ခံရလိမ့်မည်ဟု သူ မည်သို့မျှ ထင်မှတ်မထားခဲ့ပေ။
ကောင်းယန်က လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။ “ပထမထပ်နဲ့ ဒုတိယထပ်မှာ ဘာတွေ နေတာလဲ”
ထိုစကားကို ကြားလိုက်ရသောအခါ အိုတာကူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာပြီး — “မင်းတို့ကလည်း လာပြီး စွန့်စားခန်း ဖွင့်တာလား။ မသေချင်ရင် အမြန်ဆုံး ထွက်သွားဖို့ ငါ အကြံပေးပါရစေ။ အချို့အရာတွေကို စပ်စုပြီး သွားမထိတွေ့သင့်ဘူး”
“အောက်ထပ်မှာ ဘာတွေနေတာလဲလို့”
“သရဲတွေလေ! ဒီတိုက်မှာ သရဲခြောက်တယ်လို့ ကြားလို့ မင်းတို့ ရောက်လာကြတာ မဟုတ်ဘူးလား။ ခဏခဏ လူငယ်တွေနဲ့ မြို့ခံသတင်းထောက်တွေ ဒီကို လာတတ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး အသက်ပျောက်ပြီးပဲ ပြန်သွားကြရတယ်”
လူနှင့် သရဲတစ္ဆေများ အတူတကွ ယှဉ်တွဲနေထိုင်သည့် ဤ “ခေါင်းတလားပုံစံတိုက်ကြီး” ၏ ဒုတိယထပ်တွင် သရဲဧည့်သည်များ နေထိုင်နေကြခြင်း ဖြစ်နိုင်ပေသည်။ အိုတာကူ ပြောပြသည့် တိုက်ကြီးတွင် သရဲခြောက်သည့် အကြောင်းအရာသည် ဂိမ်း၏ နောက်ခံဇာတ်ကြောင်းဖြစ်ပြီး စွန့်စားသူများဆိုသည်မှာ ကစားသမားများကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
“ပထမထပ်ကော ဘာလဲ။ ငါ့ကို မလိမ်နဲ့။ အဲဒီမှာ နေတာ သရဲတွေ မဟုတ်ဘူးမလား”
အိုတာကူ၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့ကာ ကြောက်လန့်သွားရသည်။ သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။ “မင်း... မင်း အဲဒီအကောင်ကို မြင်ဖူးလို့လား”
ကောင်းယန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် — “တို့တွေ အများကြီး မသိဘူး။ ထွက်သွားချင်ပေမယ့် အခု ထွက်သွားလို့ မရတော့ဘူး” သူက ရန်မျန်ကို လက်ညှိုးထိုးပြရင်း “ဒီလို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဒီမှာ သေသွားတာကို မင်း တကယ်ပဲ ရက်ရက်စက်စက် ကြည့်ရက်မှာလား” ဟု ဆိုလိုက်ပြန်သည်။
ထိုအချက်ကတော့ အမှန်တကယ်ပင် မရက်စက်နိုင်စရာ ဖြစ်သည်။
အိုတာကူက ခေါင်းကို ကုတ်လိုက်ပြီး — “တကယ်တော့ ငါကလည်း အိမ်ငှားသစ်ပါပဲ။ ပြောင်းလာတာ မကြာသေးတော့ ဒီတိုက်ရဲ့ ဒဏ္ဍာရီတွေကို သိပ်မသိလှဘူး။ ကြားဖူးတာကတော့ ဟိုးရှေးရှေးတုန်းက ဒီနေရာမှာ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ထားတဲ့ ဘုရားကျောင်းတစ်ခု ရှိခဲ့ဖူးသတဲ့။ နောက်ပိုင်း အယူသီးမှုတွေကို ပယ်ဖျက်တဲ့အခါကျတော့ ဘုရားကျောင်းက ဖြိုဖျက်ခံလိုက်ရပြီး အုတ်မြစ်ပေါ်မှာ ဒီတိုက်ကြီးကို ပြန်ဆောက်ခဲ့ကြတာ။ ဒါပေမဲ့ မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတော့ ဆရာတစ်ယောက်ကို ပင့်ခဲ့ရတယ်။ သူက ‘ယင်နဲ့ယန် အတူယှဉ်တွဲနေထိုင်တဲ့ ခေါင်းတလားတိုက်’ ကို ဆောက်မှသာ အဲဒီ မကောင်းဆိုးဝါးအန္တရာယ်ကို နှိမ်နင်းနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်”
သူက ခဏမျှ နားပြီးမှ ဆက်ပြောသည်။ “ပြောင်းလာပြီးတဲ့နောက် အိမ်ငှားတွေက ညတိုင်း တံခါးဝမှာ ပူဇော်တဲ့အနေနဲ့ အမွှေးတိုင် ထွန်းရတယ်။ ဒါကို မသိတဲ့ အိမ်ငှားအသစ်တွေဆိုရင် ဒုက္ခရောက်တတ်ကြတယ်။ ပထမထပ်မှာ... နေတာက သရဲ မဟုတ်ဘူး”
“သေသေချာချာ ပြောရရင် အဲဒါက သေဆုံးသွားတဲ့သူတွေရဲ့ မကျွတ်မလွတ်ဘဲ ကျန်ရစ်ခဲ့တဲ့ နာကျည်းချက် အာဃာတတွေကနေ ဖြစ်တည်လာတဲ့ မကောင်းဆိုးဝါးပဲ"
ကောင်းယန်က “ဝိညာဉ်ရဲ့ နာကျည်းချက် ရန်ငြိုးပေါ့။ အဲဒါရဲ့ မြစ်ဖျားခံရာက ဘာလဲ” ဟု မေးလိုက်သည်။
အိုတာကူက “ငါမသိဘူး ငါက အခုမှ ပြောင်းလာတာဆိုတော့ ငါကိုယ်တိုင်လည်း သေချာမသိသေးတဲ့ အရာတွေ အများကြီး ရှိသေးတယ်” ဟု ပြန်ဖြေသည်။
ကောင်းယန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ “ဒီတိုက်ထဲမှာ ကွမ်ရင်မယ်တော်ရုပ်တု ရှိလား” ဟု မေးလိုက်ပြန်သည်။
‘ကွမ်ရင်မယ်တော်ရုပ်တု’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် အိုတာကူသည် တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် စားပွဲအောက်သို့ လျှောဝင်ပုန်းအောင်းကာ — “မ... မရှိဘူး တခြား ဘာကွမ်ရင်ရုပ်တုမှ မရှိဘူး။ ဘာမှမရှိဘူး... ဆက်မမေးပါနဲ့တော့ မင်းတို့ အမြန်ဆုံး ထွက်သွားကြပါတော့။ ငါ တခြားဘာမှ မသိတော့ဘူး သွားကြပါတော့”
တခြားမေးခွန်းတွေ မေးသည့်အခါတွင် အိုတာကူက အများအားဖြင့် မဖြေနိုင်တော့သော်လည်း သူ ဖြေနိုင်သမျှကိုတော့ ပူးပေါင်းပါဝင် ဖြေကြားပေးခဲ့သည်။ နောက်ဆုံးတွင် မည်သည့် သဲလွန်စမှ ထပ်မရနိုင်တော့သဖြင့် ကောင်းယန်နှင့် ကျန်နှစ်ယောက်လည်း ထွက်ခွာရန် ထရပ်လိုက်ကြသည်။
သူတို့ တံခါးဝသို့ ရောက်ရှိချိန်တွင် ကောင်းယန်က ရုတ်တရက် လှည့်ကြည့်ပြီး အိုတာကူကို လှမ်းမေးလိုက်သည်။ “မင်းနဲ့ တခြားအိမ်ငှားတွေက အိမ်ရှင်အမေရဲ့ အသုဘကို သွားကြမှာလား”
“ဗျာ...” အိုတာကူက ကြောင်တောင်တောင်ဖြင့် ပြန်ဖြေသည်။ “ဟင့်အင်း... ဒီတစ်ခေါက်တော့ မသွားဖြစ်ဘူးဗျ”
ကောင်းယန်က ခေါင်းညိတ်ပြပြီး “ကျေးဇူးပဲ” ဟု ဆိုသည်။
“ရ... ရပါတယ်ဗျာ”
တံခါးပြန်ပိတ်သွားပြီးနောက် အိုတာကူသည် ဧည့်ခန်းထဲသို့ ပြန်ဝင်ကာ ဆိုဖာပေါ်တွင် ခွေခွေလေး သွားထိုင်နေတော့သည်။ အပြင်ဘက် တိတ်ဆိတ်နေသော စတုတ္ထထပ် စင်္ကြံလမ်းတွင်မူ သူတို့သုံးယောက် ကျန်ရစ်ခဲ့သည်။
စုကျန်းက အသံကို ခပ်တိုးတိုးနှိမ့်ကာ — “ဒီတိုက်ထဲက အိမ်ငှားတွေက သာမန်လူသားတွေပဲပေါ့ ဟုတ်လား။ ဒီလို အမှိုက်လိုဂိမ်းမျိုးထဲမှာ အသက်ရှင်နေတုန်းဖြစ်တဲ့ NPC တွေ ရှိနေသေးတာလား”
တကယ့်ကို အဆင့်မြင့်ပြီး လက်တွေ့ဆန်လွန်းလှသည်။
“သူတို့က NPC တွေ မဟုတ်ဘူး” ရန်မျန်က တည်ငြိမ်စွာ ရှင်းပြသည်။
“ဒီဂိမ်းက သတ်မှတ်ချိန် ခြောက်ရက်ပဲ ရှိတာ။ ခြောက်ရက်ကျော်အောင် အသက်ရှင်ခဲ့ပေမဲ့ ဂိမ်းရဲ့ လုပ်ဆောင်ချက် တွေကို မအောင်မြင်တဲ့သူတွေ အမြဲတမ်း ရှိနေတတ်တယ်။ သူတို့က ဂိမ်းထဲကနေ ထွက်သွားလို့လည်းမရ သေလို့လည်းမရဘူး။ ဂိမ်းရဲ့ စည်းမျဉ်းတွေကြောင့် သူတို့က ဒီဂိမ်းထဲမှာ ‘ပုံးကောင်’(ဝိညာဉ်ဝင်ပူးခံရသူ) တွေ ဖြစ်သွားပြီး သရဲတစ္ဆေတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေကြရတာ။ သူတို့ကို NPC လို့တောင် သတ်မှတ်လို့မရဘူး။ အခု တို့တွေက အဆင့်နိမ့် မှာ ရှိနေသေးလို့ သတင်းအချက်အလက် ရှာရတာ လွယ်နေတာ။ နောက်ပိုင်းကျရင် ‘ပုံးကောင်’ တွေနဲ့ NPC တွေဆီကနေ သဲလွန်စရဖို့ မလွယ်တော့ဘူး”
စုကျန်းတစ်ယောက် ချက်ချင်းပင် ကျောချမ်းသွားတော့သည်။ သရဲခြောက်သော တိုက်ကြီးထဲတွင် ပိတ်မိနေပြီး ရှင်သည်လည်းမဟုတ် သေသည်လည်းမဟုတ်ဘဲ ‘ပုံးကောင်’ တစ်ကောင်အဖြစ် ဂိမ်းရဲ့ သတ်မှတ်ချက်အတိုင်း ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်လို ရှင်သန်ရမည်ဆိုသည့် အတွေးက တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။ ထိုသို့ဖြစ်မည့်အစား အိမ်ရှင်ရဲ့ အစားအစာအဖြစ် အစားခံလိုက်ရတာကမှ လူပီပီသသ သေဆုံးရလို့ ပိုပြီး တော်ဦးမည်ဟု သူ တွေးမိသည်။
ကောင်းယန်က ဗိုက်ကိုပွတ်ရင်း “ဗိုက်ဆာလိုက်တာ စားစရာတစ်ခုခု သွားရှာရအောင်” ဟု တိုးတိုးလေး ညည်းတွားလိုက်သည်။ သူက ရန်မျန်ကို လက်လှမ်းပြရင်း “နောက်မှ ဆက်ပြောကြတာပေါ့။ အရင်ဆုံး အိမ်ရှင်ဆီမှာ စားစရာ သွားတောင်းရအောင်။ တစ်မနက်ခင်းလုံး ဘာမှမစားရသေးဘူး ဆာလွန်းလို့ လူတောင် ခြေပစ်လက်ပစ် ဖြစ်နေပြီ”
ရန်မျန်က သက်ပြင်းချကာ — “မင်းလိုမျိုး မနက်စာကို မရရအောင် အလေးထားစားတတ်တဲ့ လူငယ်တွေ ဒီဘက်ခေတ်မှာ တော်တော် ရှားသွားပြီ”
သူမ မနက်စာမစားခဲ့သည်မှာ နှစ်နှစ်ပင် ရှိပြီဖြစ်ရာ တစ်မနက်ခင်းလုံး လျှောက်သွားနေခဲ့သော်လည်း ဗိုက်ဆာသည်ဟု မခံစားရပေ။
ကောင်းယန်က ပုခုံးတွန့်ပြရင်း “တကယ်လား မနက်စာစားတာက သွေးလည်ပတ်မှုကို အထောက်အကူပြုတယ်လေ” ဟု ဆိုသည်။
သူတို့ ငါးထပ်သို့ ပြန်ရောက်လာချိန်တွင် အိမ်ရှင်က စားစရာတွန်းလှည်းကို တွန်းကာ တံခါးတစ်ခုချင်းစီကို လိုက်ခေါက်နေသည်နှင့် ကွက်တိတိုးတော့သည်။ အချို့အခန်းများက တုံ့ပြန်မှုမရှိသဖြင့် သူက တံခါးကို ကန်ဖွင့်ကာ အထဲကို စစ်ဆေးပြီးနောက် နောက်အခန်းတစ်ခုသို့ ဆက်သွားနေခဲ့သည်။
အသက်ကယ်ပစ္စည်း သုံးခုလုံး ဖျက်သိမ်းခံလိုက်ရသဖြင့် ကျန်းဝေမင်းနှင့် ကျန်တဲ့သူများသည် အမွှေးတိုင် သုံးစွဲမှုကို လျှော့ချရန်အတွက် အခန်းများကို နှစ်ယောက်တစ်တွဲ တွဲ၍ နေကြရခြင်း ဖြစ်သည်။
သူတို့က တံခါးကိုဖွင့်ပြီး လူသားအသားကို စားတတ်သည့် အိမ်ရှင်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ သူပေးသည့် နေ့လယ်စာကို ငြင်းပယ်လိုက်ကြသည်။
သို့သော်လည်း ကျန်းဝေမင်းကတော့ နေ့လယ်စာကို ယူလိုက်ပြီး ကောင်းယန်ကို တစ်ချက်လှမ်းကြည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ သူတို့သုံးယောက် ဘာမှမရဘဲ လက်ဗလာဖြင့် ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ကျန်းဝေမင်း စိတ်အေးသွားပုံရသည်။