Chapter 10( ငရဲပြည်သို့ခရီးစဉ် )
Viewers 8

Chapter ( 10 )


ကောင်းယန်က “ကျွန်တော်တို့အတွက် နေ့လယ်စာ သုံးပွဲပေးပါ” ဟု အိမ်ရှင်ကို ပြောလိုက်သည့်အခါ  အိမ်ရှင်၏ မျက်နှာမှာ တောင့်တင်းသွားပြီး အတင်းပြုံးပြရင်း နေ့လယ်စာ သုံးပွဲကို ကောင်းယန်ထံ ကမ်းပေးလိုက်သည်။ ထို့ပြင် သကြားလုံးဘူး အသေးလေးတစ်ဘူးကိုပါ ကောင်းယန်ကို ပေးလိုက်သေးကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက စကားလုံးနှစ်လုံးကို မနည်းညှစ်ထုတ်ကာ ပြောလိုက်သည် — “လက်ဆောင်ပေါ့"


ကောင်းယန်က အိမ်ရှင်ကို ထူးဆန်းသော မျက်မှန်းဖြင့် ကြည့်လိုက်ပြီး — “ခင်ဗျားတို့ဆီမှာ ပြင်ပကမ္ဘာက သကြားလုံးတွေကိုတောင် ရောင်းတာလား”


အိမ်ပိုင်ရှင်က “နိုင်ငံခြားက တင်သွင်းတာလေ။ အထူးလမ်းကြောင်းကနေ ရတာ” ဟု ပြန်ဖြေသည်။


သူ့မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသောအမူအရာ ဖြစ်ပေါ်နေပြီး ‘ငါ့အဖေ ရှာပေးနိုင်တဲ့ လမ်းကြောင်းတွေက မင်းတို့ စိတ်ကူးထဲကထက်တောင် ကျော်လွန်တယ်’ ဟု ပြောနေသည့်အလား။ သို့သော်လည်း သူ့ကို သကြားလုံးတွေ အလကားပေးအောင် အတင်းအကျပ် လုပ်ခဲ့သည့် ထိုလူယုတ်မာကို တွေးမိသွားကာ စိတ်ထဲတွင် နာကျည်းချက်များဖြင့် ပြည့်နှက်သွားတော့သည်။


ကောင်းယန်က နေ့လယ်စာ သုံးပွဲနှင့် သကြားလုံးဘူးကို ယူလိုက်ပြီး အိမ်ရှင်ကတော့ တွန်းလှည်းကို ဒေါသတကြီး တွန်းထုတ်သွားရာ ဂျိန်းဂျိန်းဂျန်းဂျန်း အသံများ ဆူညံသွားတော့သည်။


စုကျန်းက နေ့လယ်စာဘူးတွေကို သယ်ရင်း သကြားလုံးဘူးကို တစ်ချက်ကြည့်ကာ အံ့ဩတကြီးဖြင့် — “ယန်ကော ဒါက အစ်ကို အမြဲတမ်း ဆောင်ထားတတ်တဲ့ အသီးသကြားလုံး တံဆိပ်မလား”


ကောင်းယန်တွင် သွေးတွင်းသကြားဓာတ်နည်းသည့်ရောဂါ ခပ်ပါးပါး ရှိနေသည်ကို သူပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ၎င်းက ပြင်းထန်သည့်ရောဂါတော့ မဟုတ်ဘဲ ဗိုက်ဆာသည့်အခါ သကြားလုံးတစ်လုံး စားပေးရုံမျှသာ ဖြစ်သည်။ သို့သော်လည်း ဂိမ်းထဲကို အလောတကြီး ဝင်လာခဲ့ရသဖြင့် သူ့မှာ သကြားလုံး တစ်လုံးမှ ပါမလာခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အိမ်ရှင် ပေးလိုက်သည်က သူစားနေကျ တံဆိပ်တူ ဖြစ်နေခဲ့သည်။


“အတော်လေး အကွက်မြင်သားပဲ” စုကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။


ရန်မျန်ကတော့ စိတ်ကူးယဉ်ငေးမောနေသဖြင့် ဤအရာများကို သတိမထားမိပေ။


သူတို့သုံးယောက် အခန်းထဲသို့ ဝင်လာကြသောအခါ အခန်းထဲတွင် ရှာဖွေမွှေနှောက်ထားသည့် လက္ခဏာများကို တွေ့လိုက်ရသည်။


ကောင်းယန်ကတော့ ဤသို့ဖြစ်လာမည်ကို တွေးထားပြီးသား ဖြစ်သည်။ သူက — “မနေ့ညက တို့တွေ အမွှေးတိုင် မထွန်းဘဲနဲ့ အသက်ရှင်ခဲ့ကြတာလေ။ ကျန်းဝေမင်းက တို့တွေဆီမှာ အသက်ကယ်ပစ္စည်းတွေ ရှိနေတယ်လို့ သံသယဝင်နေတာ သေချာတယ်။ ဒါကြောင့် တို့တွေ အပြင်သွားတုန်း လာခိုးတာဖြစ်မယ်”


စုကျန်းက “ကွမ်ရင်မယ်တော်ရုပ်တုကို ရောင်းလိုက်တာ တကယ် ကံကောင်းတာပဲ” ဟု ဆိုကာ ဤအပေးအယူက တကယ့်ကို ထိုက်တန်လှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


ကောင်းယန်က တခြားအကြောင်းအရာတွေကို မဆွေးနွေးခင် အရင်ဆုံး ဗိုက်ဖြည့်ကြရန် အကြံပြုလိုက်သည်။ သူက အသီးသကြားလုံးဘူးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ထမင်းစားပြီးနောက် ဘူးကိုဖွင့်ကာ လိမ္မော်သီး အရသာ သကြားလုံးတစ်လုံးကို ထုတ်ပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။


ပြည့်ဝသော အရသာနှင့် အရည်ရွှမ်းမှုတို့မှာ အမှန်တကယ်ပင် သူအမြဲတမ်း စားနေကျ တံဆိပ်အတိုင်း ဖြစ်သည်။


ကောင်းယန်က ဆိုဖာပေါ်တွင် တည်ငြိမ်စွာ လှဲလျောင်းနေပြီး သူ၏ အမူအရာမှာ ထူးခြားစွာပင် နူးညံ့သိမ်မွေ့ကာ လိမ္မာယဉ်ကျေးသော ပုံစံပေါက်နေလေသည်။ သူ၏ ကတ္တီပါရောင် ဆံပင်နက်များက သပ်ရပ်စွာ ဝဲကျနေပြီး အသားအရေက ဖြူစင်ကာ ရုပ်ရည်ကလည်း ချောမောလှပသည်။


ကြည့်ရသည်မှာ တကယ့်ကို နုပျိုလွန်းလှပြီး တက္ကသိုလ် ပထမနှစ် ကျောင်းသားလေးတစ်ယောက်နှင့်ပင် တူနေခဲ့သည်။


အမှန်တော့ သူက ဘွဲ့ရပြီးနောက် အလုပ်သင် စလုပ်ခါစပဲ ရှိသေးပေသည်။ သို့သော်လည်း အစအဆုံး အခြားသူနှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ဦးဆောင်ပေးနိုင်ခဲ့ခြင်းက သူသည် အလွန်အားကိုးထိုက်သူတစ်ယောက် ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။


ရန်မျန်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး —

“ငါ့ကိုယ်ငါ တရားဝင် ပြန်မိတ်ဆက်ပါရစေ။ ငါ့နာမည်က လုရန်မျန်ပါ။ စွေ့ဟိုင်မြို့က ပရော်ဖက်ရှင်နယ် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူ တစ်ယောက် ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင်တော့ ငါက စွေ့ဟိုင်မြို့မှာရှိတဲ့ ချန်ချွန်း တောက်ဝါဒီဘုရားကျောင်းရဲ့ နောက်ထပ် ကျောင်းထိုင်ဆရာတော် ဖြစ်လာမယ့်သူ... ထောက်ဝါဒ ဘုန်းကြီးတစ်ပါးပေါ့”


ကောင်းယန်က မော့ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားခဲ့သည်။


ပွင့်လင်းပြီး အေးဆေးနေတတ်သည့် စုကျန်းကတော့ အော်လိုက်မိသည် —“အစ်မ... အစ်မက တောက်ဝါဒီ ဘုန်းကြီးဆိုရင် ဘာလို့ ဆံပင်တွေ ရှိနေတာလဲ”


“...ငါက တောက်ဝါဒီ ဘုန်းကြီးလေ။ တုတ်တုတ်ပြတ် ကတုံးတုံးထားတဲ့ သီလရှင် မဟုတ်ဘူး။ ငါ့ကို အရင်အတိုင်း ရန်မျန်လို့ပဲ ခေါ်လို့ရပါတယ်။ ဒါက တရားဝင် လွှဲပြောင်းယူထားတာ မဟုတ်သေးတော့ လုဆိုတဲ့ မျိုးရိုးအမည်ကို မသုံးသေးတာ” ရန်မျန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောသည် —


“ငါက ကျင့်ကြံခြင်းအတွက် ဒီဂိမ်းထဲကို ကိုယ့်သဘောနဲ့ကိုယ် ဝင်လာခဲ့တာ။ အသေးစိတ်ကို ရှင်းပြရခက်သလို ဂိမ်းရဲ့ သဘောသဘာဝကိုလည်း ငါ သေသေချာချာ မသိဘူး။ ဒါက ငါ့အတွက်လည်း အဆင့်နိမ့် နေရာတစ်ခုပဲ ဖြစ်နေသေးတော့ အဆင့်မြင့်ထိ ရောက်အောင် ငါ အသက်ရှင်နိုင်ပါ့မလား မသိဘူး။ ဒါကြောင့် ဘယ်သူမှလည်း ငါ့ကို ဂိမ်းရဲ့ အနှစ်သာရကို သေသေချာချာ ရှင်းမပြထားကြဘူး”


“ငါသိတဲ့ တစ်ခုတည်းသော အချက်က ဒီမှာသေရင် တကယ်သေတာပဲ။ ပြီးတော့ ဂိမ်းကိုအောင်မြင်ရင် ရမယ့် ဆုလာဘ်တွေကလည်း တကယ့် အစစ်အမှန်တွေပဲ။ လူသားတွေရဲ့ စိတ်ဓာတ်က ခန့်မှန်းရခက်လွန်းလို့ အန္တရာယ်ရှိနိုင်တာကြောင့် ဒါတွေကို အရင်က ထုတ်မပြောခဲ့တာပါ။ ဘာမှမသိချင်ယောင်ဆောင်ပြီး နေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”


ကောင်းယန်နှင့် စုကျန်းနှစ်ယောက်လုံးက ရန်မျန် ဖုံးကွယ်ထားခဲ့ရသည့် အကြောင်းရင်းကို နားလည်ပေးနိုင်ကြသဖြင့် စိတ်ထဲတွင် မထားကြပေ။


ရန်မျန်က မျက်မှောင်ကုတ်လိုက်ပြီး ထပ်ပြောသည် — “ကျန်းဝေမင်းနဲ့ ပတ်သက်ပြီးတော့ ငါ အရင်က ကြားဖူးတယ်။ သူက နာမည်တော်တော်ပျက်နေတဲ့သူ။ လူသစ်တွေကို မကြာခဏ လိမ်ညာပြီး တမင်သက်သက် လမ်းမှားပြတတ်လို့ လူအများကြီး သေခဲ့ရဖူးတယ်။ သူ သုံးတဲ့ နည်းလမ်း အသေးစိတ်ကိုတော့ မသိရဘူး”


သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကောက်ယန်ကို ကြည့်ကာ မေးလိုက်သည် — “မင်းကော ကြည့်ရတာ ဒီလို မော်ကွန်းလျှို့ဝှက်ပညာရပ်တွေ အကြောင်းကို တော်တော်လေး သိတဲ့ပုံပဲ... မင်းကလည်း ဒီလောကထဲကပဲလား”


“မဟုတ်ပါဘူး ကျွန်တော် တက္ကသိုလ်တက်ခဲ့တဲ့ လေးနှစ်အတွင်းမှာ ပြင်ပက ပရောဂျက် စီစဉ်ရေး အလုပ်တွေ အများကြီး လုပ်ခဲ့ရတာ။ အဲဒီအထဲက နှစ်နှစ်လောက်က သဘာဝလွန် ဖြစ်ရပ်တွေ ဆွေးနွေးတဲ့ ဖောင်တစ်ခုမှာ စာတွေ ရေးပေးခဲ့ရလို့ အဲဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီး လေ့လာဖတ်ရှုခဲ့ဖူးတာပါ”


စုကျန်းက ဝင်ထောက်ခံပေးသည် — “ဒါကတော့ ငါ အာမခံနိုင်တယ်။ ယန်ကောရဲ့ စာကြည့်ခန်းထဲမှာ ကမ္ဘာဦး ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင် စာအုပ်တွေ တစ်တန်းကြီး ရှိတယ်”


ဒီလို ရိုးရိုးသားသား ရင်ဖွင့်စကားဆိုပြီးနောက် သူတို့ကြားတွင် ယုံကြည်မှု အငွေ့အသက်များ ပိုမိုတိုးပွားလာခဲ့သည်။


စုကျန်းက “ဒါဆို တို့တွေ သဲလွန်စတွေ ဆက်ရှာကြဦးမလား။ ဒီတစ်ခေါက်တော့ အပေါ်ထပ်တွေကို သွားပြီး ရှာရတော့မယ် ထင်တယ် ဟုတ်တယ်မလား” ဟု မေးလိုက်သည်။


သူသည် လျှို့ဝှက်ဇာတ်ကြောင်း တွေကို ဖြစ်ပေါ်စေခဲ့သည့် ထို ‘နတ်ဘုရားအဆင့် ကစားသမား’ တွေအကြောင်းကို ပိုပြီး သိရှိလိုနေခြင်း ဖြစ်သည်။


ရန်မျန်က ခေတ္တမျှ ကြောင်အသွားပြီးမှ ခေါင်းခါပြကာ — “ငါ ဒီဂိမ်းထဲမဝင်ခင်တုန်းက ‘နတ်ဘုရားအဆင့် ကစားသမား’ ဆိုတာ မရှိသေးဘူး”


တစ်နည်းပြောရရင်တော့ ထို ‘နတ်ဘုရားအဆင့် ကစားသမား’ တွေက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အဆင့်တက်သွားကြတာ ဖြစ်နိုင်ခြေများသည်။


“ဒါပေမဲ့” ရန်မျန်က စကား ဆက်ပြောပြန်သည် — “အကယ်၍ ‘နတ်ဘုရားအဆင့် ကစားသမား’ ဖြစ်လာဖို့ အလားအလာအရှိဆုံးသူတွေအကြောင်း ပြောရမယ်ဆိုရင်တော့ သူတို့က  ‘နတ်ဘုရားများ’ အဖွဲ့က ဖြစ်ဖို့များတယ်”


"  ‘နတ်ဘုရားများအဖွဲ့’ ဆိုတာ အဖွဲ့ဝင် ၁၃ ယောက်ပဲရှိတဲ့ အဖွဲ့တစ်ဖွဲ့လေ။ အဲဒီအထဲက သုံးယောက်က နတ်ဘုရားအဆင့်နီးပါး ရောက်နေပြီဖြစ်ပြီး ကျန်တဲ့သူတွေအားလုံးကလည်း အဆင့်မြင့်နတ်ဘုရားတွေချည်းပဲ။ သူတို့ရဲ့ မူလမည်သူမည်ဝါဖြစ်ကြောင်းကိုတော့... အင်း ငါလည်း သေသေချာချာမသိဘူး။ တို့တွေ ကစားသမားအစစ်အမှန်မဟုတ်သေးတော့ သတင်းအချက်အလက်တွေ အများကြီး မစုဆောင်းနိုင်သေးဘူး။ ဒါပေမဲ့ တို့တွေ အသက်ရှင်ပြီး ဒီကနေ ထွက်သွားနိုင်တာနဲ့ ဂိမ်းရဲ့ တရားဝင်ကစားသမားတွေ ဖြစ်လာပြီး ဂိမ်းအကြောင်းနဲ့ နတ်ဘုရားတွေအကြောင်း အများကြီး သိလာရလိမ့်မယ်”


“ ‘နတ်ဘုရားများ’ အဖွဲ့ကတော့ ဒဏ္ဍာရီတစ်ခုပဲ”


ရန်မျန်က မျှော်လင့်ချက်အပြည့်ရှိနေတဲ့ မျက်နှာလေးဖြင့် ပါးပြင်ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ပြောလိုက်သည်။ “တို့တောက်ဝါဒီ အသိုင်းအဝိုင်းထဲက လူတော်တော်များများ ဒီဂိမ်းထဲကို ဝင်ပြိုင်ဖူးကြပြီး ‘နတ်ဘုရားများ’ အကြောင်းကို မသိတဲ့သူ မရှိသလောက်ပဲ။ တို့အားလုံးကတော့ တစ်နေ့နေ့မှာ ကံကောင်းပြီး အဖွဲ့ဝင်အသစ်အဖြစ် ရွေးချယ်ခံရဖို့ အမြဲတမ်း အိပ်မက်မက်နေကြတာ”


ရန်မျန် သိထားတဲ့ ဂိမ်းအကြောင်းက သူတို့ထက် ပိုပြီး မများလှပေ။ သူတို့လိုပဲ လူသစ်တစ်ယောက်ဖြစ်တာကြောင့် တူညီတဲ့ စမှတ်တစ်ခုကနေ စတင်နေရခြင်းဖြစ်ရာ ဂိမ်းရဲ့ စည်းမျဉ်းတွေက တကယ့်ကို မျှတလှသည်ဟု ဆိုရမည်။


ကောင်းယန်က “ဒီနေ့မွန်းလွဲပိုင်းတော့ မင်းတို့ဘာသာမင်းတို့ပဲ လုပ်စရာရှိတာလုပ်ကြပေါ့။ ရန်မျန်... အရင်ဆုံး ငါ့ကို ဘုရားအမွှေးတိုင် သုံးတိုင်လောက် ပေးပါဦး” ဟု ပြောလိုက်သည်။


ရန်မျန်က ကျန်တဲ့ အမွှေးတိုင် ၁၇ တိုင်ကို သူမအနားမှာ သိမ်းထားပြီး ကောင်းယန်ကို အမွှေးတိုင် သုံးတိုင် ကမ်းပေးလိုက်သည်။


မွန်းလွဲပိုင်းတွင် ရန်မျန်နှင့် စုကျန်းတို့က သဲလွန်စရှာရန် အပေါ်ထပ်သို့ တက်သွားကြပြီး ကောင်းယန်ကတော့ ခဏတဖြုတ် အိပ်စက်အနားယူနေခဲ့သည်။