Chapter ( 8 )
သူက ကောင်းယန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား ချက်ချင်း သဘောတူလိုက်ပြီး အမွှေးတိုင် အတိုင်နှစ်ဆယ်ကို ကပျာကယာ ကမ်းပေးကာ လက်ရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်တုကို လုယူသကဲ့သို့ ဆွဲယူသွားတော့သည်။
အိမ်ပိုင်ရှင်က ကွမ်ရင်ရုပ်တု၏ ပြတ်တောက်နေသော လက်ကို ထိတွေ့လိုက်စဉ် မျက်နှာတွင် နာကျင်ရိပ်များ ယှက်သန်းသွားပြီး သူ့အပေါ် မတရားလုပ်ခဲ့ဖူးသော တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရသွားကာ ဒေါသကြောင့် မျက်နှာကြီး တွန့်လိမ်သွားတော့သည်။
သူ့တွင် အခန်းကို သန့်ရှင်းရေးလုပ်ရန် ကျန်ရှိနေသေးသဖြင့် အထဲသို့ ဝင်သွားပြီး သေနေသော ဝက်တစ်ကောင်လို ဇောက်ထိုးဆွဲလောင်း ခံထားရသည့် အလောင်း၏ ခေါင်းကို ကိုင်ကာ အားနှင့် ဆွဲချလိုက်သည်။ ၎င်း၏ ခြေလက်အင်္ဂါများကို ချိုးဖဲ့၍ အမှိုက်ပုံးထဲသို့ အတင်းထိုးထည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်က သွေးကွက်များကို သန့်ရှင်းရန် ကြမ်းတိုက်တံကို ကောက်ကိုင်လိုက်တော့သည်။
မကြာမီမှာပင် အခန်းတစ်ခုလုံး သပ်ရပ်သွားပြီး လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ထိုနေရာ၌ ရက်စက်ကြောက်မက်ဖွယ်ကောင်းသော လူသေမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟုပင် ထင်ရက်စရာ မရှိတော့ချေ။
ကောင်းယန်က အမွှေးတိုင် နှစ်စည်းကို ရန်မျန်ထံ ကမ်းပေးလိုက်ပြီး သိမ်းဆည်းခိုင်းလိုက်သည်။ သူမက အံ့သြသွားသည့် မျက်နှာပေးဖြင့်... "နင် ငါ့ကို ဒီလောက်တောင် ယုံကြည်တာလား"
"တို့တွေက တစ်ဖွဲ့တည်း မဟုတ်ဘူးလား" ကောင်းယန်က ပြန်ပြောလိုက်၏။
ရန်မျန် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။ "မှန်တာပေါ့"
သူမက အမွှေးတိုင် နှစ်စည်းကို ယူ၍ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်... "ငါ နင့်ကို ပြောစရာ တစ်ခုရှိတယ်"
ကောင်းယန်က ခေါင်းညိတ်လိုက်ပြီး... "အရင်ဆုံး သဲလွန်စတွေကို သွားရှာကြရအောင်"
သူတို့ သုံးယောက် အောက်ထပ်သို့ ဆင်းပြီး သဲလွန်စ ရှာဖွေရန် ပြင်ဆင်လိုက်ကြသည်။ လမ်းလျှောက်နေစဉ် စုကျန်းက သူ့စိတ်ထဲက ဇဝေဇဝါဖြစ်နေသည်များကို ဖွင့်ဟပြောဆိုလာ၏။ "လက်ရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်တုက ကာကွယ်ပေးတဲ့ နတ်ဘုရား ဖြစ်ရမှာလေ။ တစ်ခါသုံး အမွှေးတိုင်တွေနဲ့ ယှဉ်ရင် ကွမ်ရင်ရုပ်တုက အသုံးဝင်မှာ မဟုတ်ဘူးလား။ ယန်ကော... မင်း ဘာလို့ အဲဒါကို အမွှေးတိုင်တွေနဲ့ လဲလိုက်ရတာလဲ"
"မနက်ဖြန်ကျရင် မင်း သိရလိမ့်မယ်" ကောင်းယန်က သူ၏အစီအစဉ်ကို ထုတ်မပြောဘဲ ပြန်ဖြေလိုက်သည်။
စုကျန်းက ထပ်ပြီး အတင်းမမေးတော့ချေ။ သူက ကောင်းယန်ကို ရာနှုန်းပြည့် ယုံကြည်လေသည်။ ကောင်းယန်က အားကိုးထိုက်သူ ဖြစ်ရုံသာမကဘဲ လွန်ခဲ့သည့် တစ်နှစ်ခွဲလုံးလုံး သူ့ကို စောင့်ရှောက်ပေးခဲ့သောကြောင့်လည်း ဖြစ်၏။
ကောင်းယန်နှင့် အတူရှိနေဖူးသူ မည်သူမဆို သူ့အပေါ် လုံးလုံးလျားလျား မှီခိုတွယ်တာတတ်သည့် ကလေးငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတတ်ကြသည်။
အကယ်၍ စောစောစီးစီး အိမ်ထောင်မကျခဲ့ပါက စုကျန်းတစ်ယောက် ကောင်းယန်ကိုပင် စိတ်ကစားမိသွားနိုင်ပေသည်။
သူတို့ သုံးယောက် အောက်ထပ်သို့ ရောက်သွားကြစဉ်မှာပင် အဆောက်အအုံအတွင်းရှိကစားသမား ရှစ်ယောက်စလုံး စက်ရုပ်ဆန်ဆန် လျှပ်စစ်သံဖြင့် ကြေညာလိုက်သည့် အသံတစ်ခုကို ပြိုင်တူ ကြားလိုက်ရလေသည်။
"အထွတ်အထိပ်နတ်ဘုရားအဆင့်ရှိ ကစားသမားတစ်ဦးသည် ဖုံးကွယ်ထားသော ဇာတ်ကြောင်းတစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ကစားသမားအသစ် အဆင့်ရှိ 'ငရဲပြည်သို့ ခရီးစဉ်' ဂိမ်းနယ်မြေသည် အဆင့်မြင့်အဆင့်သို့ တိုးမြှင့်သွားပြီ ဖြစ်ပါတယ်... လိုင်းဆွဲသံ..."
ထိုအကြောင်းကြားစာ ထွက်ပေါ်လာသည့် ကာလအတွင်း လူတိုင်း၏ မျက်နှာအမူအရာများမှာ ရုတ်ချည်းပင် အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။ ထို့နောက် လျှပ်စစ်သံသည် လိုင်းမကောင်းသည့်အလား ဆူညံသံတချို့ ထပ်မံထွက်ပေါ်လာပြီးနောက် ငြိမ်သက်သွားခဲ့၏။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ထိုအသံက ထပ်မံကြေညာပြန်သည်။ "အထွတ်အထိပ်နတ်ဘုရားအဆင့်ရှိ ကစားသမားသည် ရှားပါးပစ္စည်းတစ်ခုကို အသုံးပြု၍ 'ငရဲပြည်သို့ ခရီးစဉ်' အဆင့်မြင့်ဂိမ်းနယ်မြေကို ကစားသမားအသစ်အဆင့်သို့ အတင်းအဓမ္မ ပြန်လည်လျှော့ချလိုက်ပြီ ဖြစ်ပါတယ်။ ဂိမ်းနယ်မြေမှ ရရှိမည့် အကျိုးခံစားခွင့်များကို ပယ်ဖျက်လိုက်ပြီး အသက်ကယ်ပစ္စည်း သုံးခုကို ဖယ်ရှားလိုက်ကာ အဆင့်မြင့် စည်းမျဉ်းဆိုင်ရာ ကာကွယ်မှုများကိုလည်း ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ကစားသမားများသည် နောက်ဆုံးကျန်ရှိနေသော လက်တစ်စုံကို ငါးရက်အတွင်း ရှာဖွေရမည် ဖြစ်ပြီး နတ်ဘုရားများသည်လည်း ၎င်းတို့၏ ကောင်းချီးများကို ပေးသနားမည် မဟုတ်တော့ချေ"
"စည်းမျဉ်းကတော့... နတ်ဘုရားများ၏ စကားကို နားထောင်ရန် ဖြစ်ပါတယ်"
"...."
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် ကျန်းဝေမင်းနှင့် သူ၏လူစု မည်သို့တုံ့ပြန်ကြမည်ကို ကောင်းယန်နှင့် သူ၏အဖော်များ မသိကြသလို သိလည်းမသိချင်ကြပေ။
စုကျန်းက ဇဝေဇဝါဖြစ်နေသည့်အလား ခေါင်းကို ကုတ်လိုက်ပြီး “စည်းမျဉ်းတွေကို ရှင်းပြပေးခဲ့တာက အဲဒီ ကွမ်ရင်မယ်တော်ရုပ်တုမလား။ အခု အိမ်ရှင်က အဲဒီရုပ်တုကို ယူသွားပြီဆိုတော့ တို့တွေ ရုပ်တုပြောတာကို ကြားနိုင်ပါဦးမလား။ ဒါနဲ့ အဲဒါက ဒီ ကစားကွင်း ရဲ့ Boss လား၊ ဒါမှမဟုတ် NPC လား။ ကစားကွင်းရဲ့ ခံစားခွင့်တွေကလည်း ဖျက်သိမ်းခံလိုက်ရပြီဆိုတော့ ကစားသမားတွေအတွက် စည်းမျဉ်းအရ အထူးအကာအကွယ်ပေးထားတာမျိုးလည်း ရှိတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲဒီအကာအကွယ် မရှိခင်ကတောင် လူသုံးယောက် သေသွားခဲ့တာလေ။ အခုဆို ပိုပြီး အန္တရာယ်မများသွားဘူးလား”
သူသည် ဘာကိုမှ သဘောမပေါက်နိုင်တော့ဘဲ လုံးဝကို စိတ်ရှုပ်ထွေးနေမိတော့သည်။
ဒီ ကစားကွင်းက လူတစ်ယောက်မှ မသေနိုင်တဲ့ နေရာမျိုးလို့ ကျန်းဝေမင်းက ပြောခဲ့ဖူးလေသည်။ သို့သော်လည်း တစ်ရက်အတွင်းမှာတင် လူသုံးယောက်တောင် သေဆုံးသွားခဲ့ပြီ။ ကြည့်ရသည်မှာ ဤနေရာသည် အထူးစည်းမျဉ်းများဖြင့် ကာကွယ်ပေးထားသည့် အဆင့်နိမ့်ကစားကွင်း တစ်ခုနှင့် လုံးဝမတူတော့ပေ။
သို့သော်လည်း ဂိမ်း၏ သတ်မှတ်ချက်အရ ဤနေရာသည် အဆင့်နိမ့် ကစားကွင်း တစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပေသည်။ တရားမျှတမှုရှိစေရန်အတွက် ဂိမ်းက တမင်သက်သက် လိမ်ညာထားစရာ အကြောင်းတော့မရှိပေ။
ထို့အပြင် သူ့ကို အချက်ပြုတ်ဆုံး ဖြစ်စေသည်က “လက်ရှစ်ဖက်ပြတ် ကွမ်ရင်မယ်တော်ရုပ်တု” ဖြစ်သည်။
ထိုရုပ်တုသည် စည်းမျဉ်းများကို ရှင်းပြပေးသည့် NPC ဖြစ်သလို ကစားသမားများကို ကာကွယ်ပေးထားသည့်အရာလည်း ဖြစ်နေပြန်သည်။
စုကျန်းက “ဘာတွေဖြစ်ကုန်တာလဲ” ဟု မေးလိုက်၏။
သူတို့သုံးယောက်သည် အောက်ထပ်ရှိ ဧည့်ခန်းမသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကောင်းယန်က ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ထို့ပြင် မြေအောက်ထပ်များဖြစ်သည့် ပထမထပ်နှင့် ဒုတိယထပ်ဆီသို့ ဆက်လက်ဦးတည်သွားနေခဲ့သည်။
“ငါလည်း သေသေချာချာ မသိသေးဘူး” ဟု ကောင်းယန်က ပြန်ဖြေလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ ရိပ်မိသလိုလို သံသယအချို့ ရှိနေခဲ့သည်။ သို့သော်လည်း လက်ရှိတွင် သူတို့ ပိုမိုအာရုံစိုက်မိနေသည်က ‘နတ်ဘုရားအဆင့် ကစားသမား’ ဆီသို့ ဖြစ်သည်။
ထို ‘နတ်ဘုရားအဆင့် ကစားသမား’ ပေါ်လာခြင်းကြောင့် ကစားကွင်းသည် ကန့်သတ်ချက်များအရ အဆင့်နိမ့်မှ အဆင့်မြင့်သို့ အလိုအလျောက် မြှင့်တင်ခံခဲ့ရပြီးမှ အတင်းအကျပ် အဆင့်ပြန်နှိမ့်ချခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤ ‘နတ်ဘုရားအဆင့် ကစားသမား’ က ဘယ်လောက်တောင် စွမ်းအားကြီးမားနေလို့လဲ။
ဒုတိယထပ်သည် မြေအောက်ခန်းဖြစ်ပြီး လူသူကင်းမဲ့ကာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။ မှိန်ပျပျ မီးလင်းထိန်မှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းမိုးနေပြီး ခြေလှမ်းသံ ခပ်ဖွဖွလေးကပင် ဟိန်းထွက်နေ၏။
ဒုတိယထပ်ရှိ တံခါးများအားလုံးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် စုကျန်းက “ငါတို့ တံခါးတွေ ဖွင့်ကြည့်ကြမလား” ဟု မေးလိုက်သည်။
ရန်မျန်က အနီးဆုံးအခန်းသို့ လျှောက်သွားပြီး တံခါးလက်ကိုင်ကိုဆွဲကာ ဖွင့်ရန် ကြိုးစားကြည့်ကြည့်သည်။ “သော့ခတ်ထားတယ် ဖွင့်လို့မရဘူး”
ကောင်းယန်က “ထားလိုက်တော့ ပထမထပ်ကို သွားကြည့်ရအောင်” ဟု ပြောကာ လှည့်ထွက်ပြီး အောက်ထပ်သို့ ဆင်းသွားတော့သည်။
စုကျန်းနှင့် ရန်မျန်တို့လည်း နောက်ကနေ လိုက်လာကြပြီး မကြာမီမှာပင် ပထမထပ် စင်္ကြံလမ်းအဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။ အဝင်ဝကို သံတံခါးကြီးတစ်ခုဖြင့် ပိတ်ဆို့ထားပြီး သော့မရှိသဖြင့် သူတို့ ဖွင့်၍မရနိုင်ကြပေ။
တံခါးနှင့် အနီးဆုံးတွင် ရှိနေသော ရန်မျန်က တံခါးတွင် နားကပ်ကာ ခဏမျှ အကဲခတ်နားစွင့်လိုက်သည်။
“အထဲမှာ လှုပ်ရှားသံတစ်ခုခု ရှိနေတယ်။ လေတိုက်တဲ့ အသံမျိုးပဲ” သူက သင့်တော်မည့်စကားလုံးကို ရှာဖွေရင်း ခပ်အေးအေး ပြောလိုက်သည်။
“ပြီးတော့ ရေသံလည်း ကြားရတယ်... ဟို လိပ်ပြာလောင်း အကောင်တွေ ဒါမှမဟုတ် ရေဘဝဲတွေ အစုလိုက်အပြုံလိုက် တွန့်လိမ်လှုပ်ရှားနေတဲ့ အသံမျိုးပဲ”
ကောင်းယန်က ရှေ့သို့တိုးကာ တံခါးကို တွန်းကြည့်သော်လည်း တုပ်တုပ်မျှ မလှုပ်ပေ။ ၎င်းသည် တံခါးဘောင်နှင့် တသားတည်းဖြစ်အောင် ပိတ်ဆို့ထားသဖြင့် အတွင်းထဲသို့ ချောင်းကြည့်ရန်ပင် အပေါက်အစအန မရှိချေ။
သူက သော့ပေါက်ကို တစ်ချက်ကြည့်လိုက်ပြီး “အိမ်ရှင်ဆီမှာ သော့ရှိရမယ်” ဟု ဆိုသည်။
ပထမထပ်ကို ဝင်၍မရ၊ ဒုတိယထပ် တံခါးများကလည်း တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် ထိုအထပ်နှစ်ခုလုံးသည် အမှန်တကယ်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။ ဘာမှ အဖတ်မတင်ဘဲ ဖြစ်နေသဖြင့် သူတို့သုံးယောက်သည် စတုတ္ထထပ်ဆီသို့ ပြန်တက်လာခဲ့ကြသည်။ တတိယထပ်က ဧည့်ခန်းမ ဖြစ်ပြီး စတုတ္ထထပ်မှာမူ ဘေးအန္တရာယ်များ ကင်းဝေးစေရန် တံခါးဝတွင် အမွှေးတိုင်ထွန်းထားကြသည့် အိမ်ငှားများ နေထိုင်ရာ ဖြစ်ပေသည်။