Chapter ( 7 )
ကျန်းဝေမင်းက ဘေးတွင်ရပ်နေရင်း အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သော်လည်း ကောင်းယန်က သူ့ကို လှမ်းမေးလိုက်၏။ "မင်းပဲ အဆင့်နိမ့် ကစားကွင်းတွေမှာ လူမသေဘူးလို့ ပြောခဲ့တာ မဟုတ်လား"
ကျန်းဝေမင်းက အေးစက်စက်ဖြင့် ပြန်ဖြေသည်။ "သူက စကားနားမထောင်လို့ သေတာ"
ကောင်းယန်က ထပ်ပြောလိုက်၏။ "သူက မင်းစကားကို နားမထောင်လို့ သေတာ... ဟုတ်တယ်မလား"
ကျန်းဝေမင်းက တုန်လှုပ်ခြင်းမရှိဘဲ..."အခုအချိန်မှာ သွေးခွဲစကားတွေ ပြောမနေနဲ့တော့ ဂိမ်းထဲမှာ လူတိုင်းက အတူတူပဲ အချင်းချင်း ရန်ဖြစ်ပြီး ရှုပ်ယှက်ခတ်နေမယ့်အစား ကိုယ့်အသက်ကို ဘယ်လိုရှင်အောင်နေရမလဲဆိုတာ တွေးတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ ငါပြောတာတွေက ရှင်သန်ခြင်း နည်းဗျူဟာတွေပဲ နားမထောင်ရင်တော့ သေမှာပဲပေါ့"
အနည်းငယ် စိတ်ဝေခွဲမရဖြစ်နေသော ကျန်ရှိသည့် ကစားသမားလေးယောက်မှာ မနေ့ညက ထိုကြွက်သားထွားထွားနှင့် လူကြီးက ကျန်းဝေမင်း၏ သတိပေးချက်ကို လျစ်လျူရှုပြီး မဆင်မခြင် ပြုမူခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည်ကို ရုတ်တရက် သတိရသွားကြသည်။
ထိုအချက်ကို တွေးမိသွားကြသောအခါ ကစားသမား လေးယောက်လုံးသည် ကျန်းဝေမင်းနောက်သို့ လိုက်ရန်နှင့် သူ့စကားကို နားထောင်ရန် စိတ်ပိုင်းဖြတ်မှုကို ပိုမိုခိုင်မာသွားကြတော့သည်။
ကောင်းယန်က ပြောလိုက်သည်။ "မင်း ငါတို့ အခန်းထဲက အမွှေးတိုင်တွေကို ယူသွားတာ မဟုတ်လား"
သူက နံရံကို မှီထားရင်း လက်များကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ အကြည့်ကို နှိမ့်ချလျက် ပြောနေခြင်း ဖြစ်သည်။ "တံခါးဝမှာ ဆန်စိမ်း ငါးကျပ်သားရယ်၊ နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေကို ပူဇော်ဖို့ အမွှေးတိုင် သုံးတိုင်ရယ်ရှိကြတယ်။ အခန်း ၄၊ ၅၊ ၆ နဲ့ ၇ တွေမှာ အမွှေးတိုင် ပူဇော်တာမျိုး မရှိတော့လို့ ဝိညာဉ်တွေက လာတိုက်ခိုက်ကြတာ"
လူတိုင်း တိတ်ဆိတ်သွားကြပြီး ထိုချောမောလှပသော လူငယ်လေးကို ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေမိကြတော့သည်။
"ဂိမ်းဆိုတာ တရားမျှတမှုရှိပြီး လူတိုင်းက တန်းတူပဲ။ စုစုပေါင်း အခန်း ကိုးခန်းရှိတာဆိုတော့ အခန်းတိုင်းမှာ အမွှေးတိုင် သုံးတိုင်စီ ရှိရမယ်။ ဒါဟာ အဆင့်နိမ့် ကစားကွင်းက ကစားသမားသစ်တွေကို မျက်နှာသာပေးတဲ့ နည်းလမ်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ သုံးယောက် အခန်းထဲ ရောက်တော့ အမွှေးတိုင် တစ်တိုင်မှ ရှာမတွေ့ခဲ့ဘူး။ ပြီးတော့ ကျုပ်တို့ ရောက်ကတည်းက တံခါးက ပွင့်နေတာဆိုတော့ အမွှေးတိုင်တွေကို တစ်ယောက်ယောက်က ယူသွားတာ သိသာနေတယ်။ မနေ့က အပေါ်ထပ်ကို အရင်ဆုံး တက်လာတဲ့သူက မင်း ဖြစ်သလို အဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း မင်းပဲ။ အမွှေးတိုင်တွေက မင်းဆီမှာပဲ ရှိနေတာ မဟုတ်လား။ အမွှေးတိုင် မရှိလို့ နံပါတ် ၇ အခန်းက လူ သေသွားပြီ။ နောက်တစ်လှည့်ကျရင် ကျုပ်တို့အလှည့် ဖြစ်လာတော့မှာ"
"တောက်..." စုကျန်းတစ်ယောက် အင်္ကျီလက်ကို ပင့်တင်ပြီး ရှေ့သို့ တစ်ခေါက် ထပ်မံ အရှိန်ပြင်းပြင်းနှင့် တိုးသွားပြန်သည်။
ကောင်းယန်က ခေါင်းပင်လှည့်မကြည့်ဘဲ လှမ်းပြောလိုက်၏။ "ရန်မျန်... ငါတို့အဖွဲ့က ပြဿနာရှာတတ်တဲ့ကောင်လေးကို ထိန်းထားလိုက်ဦး"
ရန်မျန်က စုကျန်းကို ချက်ချင်း နောက်သို့ ဆွဲခေါ်လိုက်ပြီး... "စိတ်လျှော့စမ်းပါ တို့တွေက ယဉ်ကျေးတဲ့လူတွေလေ... လက်ပါးစေ အကြမ်းဖက်နည်းတွေ သုံးစရာမလိုပါဘူး။ ပြီးတော့ မင်းရဲ့ လက်မောင်းတွေ ခြေထောက်တွေက ပိန်ပိန်လေးကို... မဆင်မခြင် ရှေ့တိုးသွားလို့ အရိုးတွေ ကျိုးသွားရင် ကုစရာနေရာလည်း ရှိတာ မဟုတ်ဘူး"
ကျန်းဝေမင်းက ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြကာ အမွှေးတိုင်များ သူ့ထံတွင် ရှိနေကြောင်း ဝန်ခံလိုက်သည်။
"စုစုပေါင်း အမွှေးတိုင် ၂၇ တိုင် ရှိတယ်။ အဲဒါကို ကိုးကြိမ်အထိ ခွဲသုံးလို့ရတယ်။ အခုတော့ ၁၂ တိုင်ပဲ ကျန်တော့တယ်"
သူက ဆက်လက်၍... "ဂိမ်းက တရားမျှတတယ်ဆိုတာ မှန်ပေမဲ့ အသုံးအဆောင်ပစ္စည်းတွေရဲ့ အသုံးပြုပိုင်ခွင့် ဒါမှမဟုတ် ထားရမယ့် နေရာတွေအပေါ်မှာတော့ ကန့်သတ်ချက် မရှိဘူးလေ။ အဲဒီပစ္စည်းတွေကို အခန်းထဲမှာ ထားထားရင်တောင်မှ မင်းတို့ပိုင်တာ မဟုတ်ဘူး"
"ငါ မင်းတို့လို ကစားသမားသစ်တွေကို စည်းမျဉ်းတစ်ခု သင်ပေးရမယ် 'game props' တွေရဲ့ အဓိက ပိုင်ဆိုင်မှုက 'ဦးသူ အရင်ရ' စနစ်ပဲ"
ကျန်ရှိသော ကစားသမား လေးယောက်မှာတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေကြပြီး ကျန်းဝေမင်း၏ စကားကို ထောက်ခံသည့် သဘောမျိုး ပြသနေကြသည်။ အဘယ်ကြောင့်ဆိုသော် အမွှေးတိုင်များက ကျန်းဝေမင်းလက်ထဲတွင် ရှိနေခြင်းသည် သူတို့လက်ထဲတွင် ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်၏။ သူတို့လည်း အသေမခံလိုကြချေ။
ကောင်းယန်က တိုးတိုးမျှ ရေရွတ်လိုက်သည်။ "၁၂ တိုင်... ဒီည ဘယ်သူ သေဦးမှာလဲ..."
အမွှေးတိုင် ၁၂ တိုင်ကို လေးကြိမ်သာ အသုံးပြုနိုင်ပြီး သူတို့ကတော့ ငါးယောက် ကျန်ရှိနေသေးသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကစားသမားများမှာ စိတ်မအေးမချမ်း ဖြစ်လာကြတော့သည်။
ကျန်းဝေမင်းကတော့ တည်ငြိမ်နေဆဲပင်။ သူက ကျောခိုင်း၍ ထွက်ခွာသွားရင်း လှမ်းပြောလိုက်သည်။
"ငါတို့မှာ အသက်ကယ်ပစ္စည်း အသစ်တွေကို ရှာဖို့ တစ်နေ့ခင်းလုံး အချိန်ရှိသေးတာပဲ"
ထိုကစားသမား လေးယောက်စလုံးသည် ကိုယ်စီအတွေးများဖြင့် ကျန်းဝေမင်းနောက်မှ လိုက်ပါသွားကြပြီး လမ်းခရီးတစ်လျှောက် အသက်ကယ်ပစ္စည်းများနှင့် သဲလွန်စများကို လိုက်လံရှာဖွေကြတော့သည်။
စုကျန်း : "ယန်ကော... တံခါးဝမှာ အမွှေးတိုင် မထွန်းရင် တကယ်ပဲ လူသေမှာလား မနေ့ကတော့ ကျွန်တော်တို့ အဆင်ပြေခဲ့သားပဲ"
ကောင်းယန် : "မနေ့ညက တစ်ခုခု ရောက်လာခဲ့တာ... ဒါပေမဲ့ လက်ပြတ် ကွမ်ရင်ရုပ်တုနဲ့ တိုးမိသွားလို့ လန့်ပြေးသွားတာ"
စုကျန်း : "...ဒါဆို ကျွန်တော်တို့ သွားပြီး ကျန်းဝေမင်းဆီက အမွှေးတိုင်တွေကို ပြန်ခိုးကြမလား"
ကောင်းယန်က အဲဒီပစ္စည်းကို ရှာရတာ ထင်သလောက် လွယ်ကူမှာမဟုတ်ကြောင်း ပြောကာ တားဆီးလိုက်သည်။ စုကျန်းက စဉ်းစားကြည့်ပြီး သဘောတူလိုက်ကာ... "ဒါဆိုရင်လည်း ကျွန်တော်တို့ အသက်ကယ်ပစ္စည်းတွေကို မြန်မြန်သွားရှာရအောင် ဪ... ဒါနဲ့ အဲဒီ လက်ပြတ် ကွမ်ရင်ရုပ်တုကိုလည်း မြန်မြန်သွားပြီး ပူဇော်ကန်တော့ရမယ်"
ရန်မျန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဘာမှမပြောဘဲ ကောင်းယန်ကို စပ်စုချင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
ကောင်းယန် : "အဲဒါကို နောက်မှ ပူဇော်လည်း ရတယ်။ အခုတော့ ပစ္စည်းလာပို့တဲ့သူ ရောက်နေပြီ"
သူက ခေတ္တရပ်တန့်ပြီး စုကျန်းကို လှမ်းပြောလိုက်သည်။ "အခန်းထဲကို သွားပြီး အဲဒီ လက်ပြတ် ကွမ်ရင်ရုပ်တုကို ယူခဲ့ချေ"
စုကျန်းက အမိန့်အတိုင်း လိုက်လုပ်ရန် ထွက်သွားပြီး ရန်မျန်ကတော့ ကောင်းယန် ဘာအစီအစဉ် ရှိသလဲဆိုတာကို သိချင်သဖြင့် ဘေးတွင် တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
ထိုစဉ် အိမ်ပိုင်ရှင်က ကြမ်းတိုက်တံနှင့် အမှိုက်ပုံးကို ကိုင်ကာ ကပျာကယာ ရောက်လာပြီး... "ငါ ပြောတာကို မင်းတို့ ထပ်ပြီး နားမထောင်ကြပြန်ဘူးလား။ ရောက်တာ တစ်ရက်ပဲ ရှိသေးတယ်။ အခန်းကို ဒီလောက်အထိ အညစ်အကြေးတွေ ဖြစ်အောင် လုပ်ပစ်လိုက်ကြပြီ။ ငါ အပြတ်ပြောလိုက်မယ်... အိမ်လခ တိုးပေးမလား။ ဒါမှမဟုတ် အခုချက်ချင်း ဆင်းပေးမလား မင်းတို့ကို ဆက်ပြီး မငှားနိုင်တော့ဘူး"
သူသည် အိမ်ပိုင်ရှင်အဖြစ် သရုပ်ဆောင်ရသည်ကို သဘောကျနေပုံရပြီး မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ်များ တောက်ပနေသော်လည်း လေသံကိုတော့ မာန်ပါပါဖြင့် ဟန်လုပ်ပြောဆိုနေခြင်း ဖြစ်သည်။
"ကောင်းပြီလေ..." ကောင်းယန်က ခေါင်းညိတ်လိုက်ပြီး...
"အိမ်လခကို ပြန်အမ်းပေးပါ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားမယ်"
အိမ်ပိုင်ရှင်၏ မျက်နှာပေါ်က အားရပါးရ အပြုံးကြီးက ချက်ချင်း တောင့်တင်းသွားပြီး..."ဟမ်..."
လူသေတာကို မြင်လိုက်ရခြင်း၊ အကောက်ကြံခံရခြင်းနှင့် အိပ်ရေးမဝဘဲ အတင်းနှိုးခံရခြင်းတို့ကြောင့် ကောင်းယန်၏ မျက်နှာက အာဏာစက်အပြည့်နှင့် ညိုမှောင်နေပြီး... "ငါ စာချုပ် ဖျက်ချင်တယ်"
အိမ်ပိုင်ရှင် : "ဒီကောင်လေးကတော့... စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ"
အိမ်ပိုင်ရှင်က အခြေအနေကို သဘောပေါက်သွားပြီးနောက် ယုတ်မာပြီး လောဘဇောတိုက်နေသည့် အပြုံးမျိုး ပြုံးလိုက်ကာ... "ဧည့်သည်... မင်း စာချုပ် ဖျက်ချင်တာ တကယ်ပဲ သေချာလို့လား"
ကောင်းယန် : "ကျုပ်တို့က ကြောက်လန့်နေတာလေ... ကြောက်ရွံ့ပြီး ဒွန်တွဲနေတဲ့ စိတ်ကြောင့် အခန်းကနေ ထွက်သွားချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတာ သဘာဝပဲ မဟုတ်လား"
အိမ်ပိုင်ရှင်က ဂရုမစိုက်သလို ကြည့်လိုက်၏။ "အော်... ကြောက်လို့တဲ့လား၊ ကြည့်ရတာတော့ တစ်စက်မှ မတူပါလား"
ကောင်းယန်: "အလုပ် ကိစ္စ စကားပြောကြမလား၊ မပြောဘူးလား"
အကြောင်းအရာက ရုတ်တရက်ကြီး ကောင်းယန်ပြောင်းလဲသွားသဖြင့် အိမ်ပိုင်ရှင်မှာ ဆွံ့အသွားပြီးမှ ပြန်မေးလိုက်သည်။
"ဘာအလုပ်လဲ..."
စုကျန်းက အနီရောင်အဝတ်စ ခြုံထားသော လက်ပြတ် ကွမ်ရင်ရုပ်တုကို ပွေ့ချီလျက် အနားသို့ ချဉ်းကပ်လာသည်။ ကောင်းယန်က အဝတ်စကို ပင့်မလိုက်ပြီး အိမ်ပိုင်ရှင်ကို မိတ်ဆက်ပြလိုက်၏။
"ဒါကတော့ ရှားပါးလှတဲ့ စန္ဒကူးသားနဲ့ ထုလုပ်ထားတဲ့ 'လက်ရှစ်ဖက်ပြတ် ကွမ်ရင်မယ်တော်ရုပ်တု' ဖြစ်ပါတယ်။ အသေးစိတ်ကအစ ပညာရှင်ရဲ့ လက်ရာမြောက်လှတဲ့ အတတ်ပညာတွေနဲ့ စေ့စပ်သေချာစွာ ထုဆစ်ထားတာပါ။ အနာအဆာ အနည်းငယ် ရှိပေမဲ့ ဈေးနှုန်းကတော့ တကယ့်ကို သင့်တင့်မျှတပါတယ်။ အမွှေးတိုင် သုံးစည်းပေးရင် ဒီအရောင်းအဝယ်ကို အဆုံးသတ်ပေးမယ် ဘယ်လိုလဲ..."
ငရဲသွားလိုက်စမ်း... အိမ်ပိုင်ရှင်က စိတ်ထဲမှ အော်ဟစ်ဆဲဆိုလုနီးပါး ဖြစ်သွားသော်လည်း သူ၏ ပုံရိပ်ကို ထိန်းသိမ်းရန် နောက်ဆုံးအခိုက်အတန့်တွင် အောင့်အီးသည်းခံလိုက်ရသည်။ ထိုကောင်စုတ်လေးက သူ့အဆောက်အအုံထဲက ပစ္စည်းကိုပဲ သူ့ကို ပြန်ရောင်းဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော်လည်း ဂိမ်းစည်းမျဉ်းများအရ သူ ငြင်းဆန်ခွင့်မရှိဘဲ ထိုအရောင်းအဝယ်ကို မဖြစ်မနေ လုပ်ဆောင်ရတော့မည်။ ရှုံးတဲ့ အရောင်းအဝယ်ပဲ။ တကယ့်ကို အရှုံးကြီး ရှုံးတဲ့ အရောင်းအဝယ်။
အိမ်ပိုင်ရှင်က မျက်နှာပျက်ပျက်ဖြင့်... "အများဆုံး နှစ်စည်းပဲ... မဟုတ်ဘူး၊ အမွှေးတိုင် ကိုးတိုင်ပါတဲ့ တစ်စည်းပဲ။ မင်းက ဒီကနေ အမွှေးတိုင် ၁၈ တိုင် ယူသွားနိုင်မှာ။ မင်း ဒီလောက်ဆို ကျေနပ်သင့်ပြီ။"
"ဪ... ဒါဆို အမွှေးတိုင်တွေကို အပြင်ကို ယူသွားလို့ ရတာပေါ့" ကောင်းယန်၏ အပြုံးက အနည်းငယ် နူးညံ့သွားပြီး... "ဒါဆိုရင် အဝိုင်းလိုက်ပဲ အတိုင်နှစ်ဆယ် ထားလိုက်ရအောင်"
အိမ်ပိုင်ရှင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ခဏအကြာတွင် ကောက်ကျစ်သော အပြုံးတစ်ခုက မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ... အတိုင်နှစ်ဆယ်ပေါ့"