Chapter 6( ငရဲပြည်သို့ခရီးစဉ် )
Viewers 13

Chapter ( 6 )


ညဉ့်နက်သန်းခေါင်အချိန်... ကောင်းယန် တစ်ယောက် ရုတ်တရက် မျက်လုံးပွင့်လာပြီး တံခါးဘက်ဆီသို့ အကြည့်ရောက်သွားခဲ့သည်။


အပြင်ဘက်စင်္ကြံလမ်းတွင် လေးလံလှသော ခြေသံများ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပျံ့လွင့်နေကာ အရပ်အမောင်း ထွားကြိုင်းလှသည့် သတ္တဝါကြီးတစ်ကောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသကဲ့သို့ တုန်ခါသံပြင်းပြင်းများကလည်း ခပ်အုပ်အုပ် ထွက်ပေါ်နေ၏။


ကောင်းယန်က အိပ်ရာနိုးလွယ်သူ ဖြစ်သဖြင့် စင်္ကြံလမ်းမှ အသံများ စတင်ထွက်ပေါ်လာကတည်းက ချက်ချင်း နိုးသွားခဲ့ခြင်း ဖြစ်သည်။


စုကျန်းနှင့် ရန်မျန်တို့ကတော့ အိပ်ပျော်နေကြဆဲပင်။ တစ်ယောက်က ဆိုဖာပေါ်တွင် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကုတင်တစ်လုံးပေါ်တွင် ဖြစ်သည်။ ဆိုဖာပေါ်က တစ်ယောက်မှာမူ နှုတ်ခမ်းလေး တလှုပ်လှုပ်ဖြင့် "ယောက်ျားရေ..." ဟု ယောင်ယမ်းကာ ရေရွတ်နေပြီး၊ ကျန်တစ်ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်း ဟောက်သံသဲ့သဲ့လေးပင် ထွက်နေချေပြီ။


ကောင်းယန် : "...နှစ်ယောက်လုံးကတော့ အေးဆေးပါပဲလား... တကယ့်ကို အထင်ကြီးစရာပဲ"


ထိုစဉ် တံခါးလက်ကိုင်က တဖြည်းဖြည်း လည်သွားပြီး "ကလစ်" ဆိုသည့် အသံနှင့်အတူ တံခါးချပ်က အက်ကြောင်းလေးတစ်ခုစာ ဟသွားခဲ့၏။ ထိုအက်ကြောင်းကြားမှတစ်ဆင့် မြွေဟောက်ဖြူကြီးတစ်ကောင်နှင့် တူလှသော ဖြူဖျော့ပြီး ပျော့အိနေသည့် လက်တစ်ဖက် စိမ့်ဝင်လာခဲ့သည်။ ဝါးကပ်နေသော အုန်းလက်ဝါးပြင်ကြီး ဖြန့်ကားလာစဉ် ၎င်း၏အလယ်တွင် ပါးလွှာသော အက်ကြောင်းတစ်ခုပါသည့် အသားပိုအဖုကြီးတစ်ခု ရှိနေပေသည်။


ထိုအက်ကြောင်းက ဥခွံကွဲအက်သံကဲ့သို့ အသံမျိုးပြုကာ ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး အထဲတွင်တော့ နက်မှောင်သော မျက်လုံးအိမ်ကြီးတစ်လုံး ရှိနေချေ၏။


ထိုအသားပိုအဖုမှာ အမည်းနှင့် အဖြူ ထင်ထင်ရှားရှား ကွဲပြားနေသော မျက်လုံးတစ်လုံး ဖြစ်သည်။ အကယ်၍ ထိုမျက်လုံးသာ ယခုလို ကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ နေရာမှားမနေပါက တကယ့်ကို လှပသည့် မျက်လုံးတစ်လုံး ဖြစ်နေပေလိမ့်မည်။


ကောင်းယန် စိတ်ထဲမှ ထိုသို့တွေးရင်း အိပ်ရာမှ ထထိုင်လိုက်ကာ ထိုလက်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေမိသည်။ သူရှိနေသည့် နေရာက မဟာဗျူဟာကျလှသဖြင့် တံခါးဝကို အထင်အရှား မြင်နေရသော်လည်း ထိုမျက်လုံးကတော့ သူ့ကို မြင်နိုင်စွမ်း မရှိချေ။


လက်ကြီးက တံခါးဝတွင် ခဏမျှ စမ်းတဝါးဝါး လုပ်နေပြီးနောက် ခေတ္တရပ်တန့်သွားကာ သူရှိရာဘက်သို့ ဦးတည်၍ ရွေ့လျားလာတော့သည်။


ကောင်းယန်က အိပ်မောကျနေဆဲဖြစ်သော စုကျန်းနှင့် ရန်မျန်တို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ခပ်ဖွဖွချကာ ကုတင်ဘေးအံဆွဲထဲမှ လက်ကိုင်ချွန်ချွန်ပါသည့် ဘီးတစ်ချောင်းကို ရှာဖွေထုတ်ယူလိုက်၏။ ဘီးသွားများကို အပြင်ဘက်သို့ အချွန်ဘက်မျက်နှာမူလျက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ရန် အဆင်သင့်အနေအထားဖြင့် အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။


ထိုလက်ကြီးမှာ ပုံမှန်ထက် ထူးဆန်းစွာ ရှည်လျားလှပြီး အရိုးမရှိသကဲ့သို့ ပျော့အိနေကာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိရဘဲ တံခါးဝမှနေ၍ ကုတင်ခြေရင်းအထိ ဆန့်ထွက်လာခဲ့သည်။ လက်ဝါးပေါ်မှ အသားပိုအဖုမျက်လုံးက ကုတင်ပေါ်တွင်ရှိသော ကောင်းယန်ကို သတိပြုမိသွားပုံရပြီး ခြေကျင်းဝတ်ကို လှမ်းဖမ်းရန် ကုတင်တိုင်အတိုင်း တွားတက်လာတော့သည်။


ဟက်တက်ပြားကောင်ကြီးတစ်ကောင် ခြေကျင်းဝတ်ပေါ် တွားသွားသကဲ့သို့ စေးကပ်ကပ် အထိအတွေ့မျိုးကို ခံစားလိုက်ရသဖြင့် ကောင်းယန် မျက်မှောင်ကြုတ်သွားပြီးနောက် ထိုလက်မောင်းကို ဖမ်းချုပ်ရန် ရုတ်တရက် ဝုန်းခနဲ ထထိုင်လိုက်၏။


သို့သော် ထိုအခိုက်အတန့်တွင်ပင် ကုတင်ခြေရင်းတွင်ရှိသော "လက်ရှစ်ဖက်ပြတ် ကွမ်ရင်မယ်တော်ရုပ်တု" ၏ ဦးခေါင်းပေါ်မှ ဆံပင်နီနီများက အပေါ်သို့ ပင့်မြောက်သွားခဲ့သည်။ ထိုအရုပ်ဆိုးလှသော လက်ဖဝါးပေါ်က မျက်လုံးသည် ကွမ်ရင်ရုပ်တုကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် နောက်သို့ ဝုန်းခနဲ ပြန်ဆုတ်သွားခဲ့ကာ တံခါးချပ်ကြီးက "ဒုန်း" ခနဲ မြည်ကာ ဝုန်းခနဲ ပိတ်သွားပြီး အပြင်ဘက်မှ သဲ့သဲ့လေးနှင့် ကြောက်လန့်တကြား အော်ဟစ်သံတစ်ခု ပဲ့တင်ထွက်လာခဲ့၏။


ကောင်းယန်က ကုတင်ပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလိုက်ပြီး တံခါးဝဆီသို့ အသံမထွက်အောင် လျှောက်သွားလိုက်ကာ တံခါးမှ မျက်လုံးပေါက်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်လိုက်သည်။ အပြင်ဘက်တွင်တော့ မည်းမှောင်နေပြီး အလင်းရောင် အစအနမျှပင် မရှိချေ။


စက္ကန့်ပိုင်းမျှအကြာတွင် ကောင်းယန်က လက်ထဲမှ ဘီးကို မြှောက်ကာ အချွန်အတက်ပါသော လက်ကိုင်ဖြင့် တံခါးမျက်လုံးပေါက်ထဲသို့ အားပြင်းပြင်းနှင့် ထိုးစိုက်ချလိုက်သည်။ အရာဝတ္ထုတစ်ခုခုကို ထိုးစိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး စေးကပ်ကပ် သွေးညှစ်သံမျိုးကလည်း နားထဲသို့ တိုးဝင်လာ၏။


ထို့နောက် ချက်ချင်းဆိုသလိုပင် ကြောက်လန့်တကြားနှင့် စူးရှလှသော အော်ဟစ်သံ နောက်တစ်ခု ထပ်မံထွက်ပေါ်လာပြီး စင်္ကြံလမ်းတစ်လျှောက် ရုန်းရင်းဆန်ခတ် အသံများဖြင့် ဆူညံသွားတော့သည်။


ကောင်းယန် တံခါးကို ဖွင့်ကြည့်လိုက်သောအခါ လှေကားအတိုင်း သုတ်ခြေတင် ပြေးဆင်းသွားသည့် အဖြူရောင် အရိပ်တစ်ခုကိုသာ တွေ့လိုက်ရတော့သည်။ သူ ထိုအရိပ်နောက်သို့ လိုက်မဖမ်းဘဲ စင်္ကြံလမ်းရှိ ကျန်ရှိသော တံခါးငါးချပ်၏ အောက်ခြေထောင့်များကို လှမ်းကြည့်လိုက်မိသည်။ ထိုတံခါးတစ်ခုချင်းစီ၏ ဘေးတွင် ဆန်စိမ်းများ ထည့်ထားသော ခွက်တစ်ခွက်စီ ရှိနေပြီး ၎င်းခွက်များထဲတွင်တော့ လောင်ကျွမ်းပြီးသား အမွှေးတိုင် သုံးတိုင်စီ စိုက်ထားလျက် ရှိနေ၏။


သူ့မျက်နှာက ချက်ချင်း ညိုမှောင်သွားပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ စင်္ကြံလမ်းတစ်လျှောက်ရှိ တံခါးရှစ်ချပ်လုံးကို တစ်ချက် အကဲခတ်လိုက်ရာ... နောက်ဆုံးတွင်တော့ မည်သည့်အရာမျှ ရှိမနေဘဲ ဗလာဖြစ်နေသည့် နံပါတ် ၇ တံခါးထောင့်ဆီသို့ အကြည့်က ရောက်ရှိသွားတော့သည်။


ကောင်းယန် စိတ်ထဲမှ သက်ပြင်းတိတ်တိတ်ချကာ တံခါးကို ပြန်ပိတ်ပြီး အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။ သူ မျက်လုံးများကို မှိတ်လျက် ယခုအခြေအနေကို စိတ်ထဲမှ အစီအစဉ်တကျ ပြန်လည်တွေးတောနေရင်း မကြာမီမှာပင် ပြန်လည် အိပ်ပျော်သွားခဲ့တော့သည်။


နောက်တစ်နေ့ မနက်တွင်တော့ လူတိုင်းမှာ စူးစူးဝါးဝါး အော်ဟစ်သံများကြောင့် လန့်နိုးလာကြရ၏။


စုကျန်းက ဆိုဖာပေါ်မှ လိမ့်ကျလာပြီး ခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်နေတော့သည်။ "ယောက်ျားရေ... ကယ်ပါဦး ဒီကောင်းယန်ကြီးကို ဝေးဝေးသာ လွှင့်ပစ်လိုက်ပါတော့ဗျာ"


ရန်မျန် : သူမက မျက်နှာပျက်ပျက်ဖြင့် အိပ်ရာမှ ထလာသော ကောင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး သနားကရုဏာသက်စွာဖြင့် ပြောလိုက်သည်။


"သူနဲ့ လမ်းခွဲလိုက်စမ်းပါ။ တကယ့်ကို အပေါ်ယံ သူငယ်ချင်းသံယောဇဉ်ပဲ"


ကောင်းယန်က ညက ကောင်းကောင်းမအိပ်ရသဖြင့် နားထင်ကို တစ်စုံတစ်ယောက်က လွန်ပူနှင့် မနားတမ်း ဖောက်နေသကဲ့သို့ ခေါင်းကို ကိုက်ခဲနေချေပြီ။


"အပြင်ထွက်ပြီး သွားကြည့်ရအောင်"


ရန်မျန်က ပြန်ထူးလိုက်ပြီး စုကျန်းကလည်း ယောင်ချာချာအခြေအနေမှ ချက်ချင်း သတိဝင်လာကာ ကောင်းယန်အပေါ် သူ၏ သစ္စာရှိမှုကို ပြသသည့်အနေဖြင့် ဆိုဖာအောက်မှ ကုန်းရုန်းထွက်လာလေသည်။ ကောင်းယန်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း လောလောဆယ် ဆူပူကြိမ်းမောင်းဖို့ စိတ်မပါသဖြင့် လွှတ်ထားလိုက်တော့သည်။


သူတို့ သုံးယောက် အခန်းထဲမှ ထွက်လာသောအခါ စင်္ကြံလမ်းရှိ နံပါတ် ၇ အခန်းတံခါးဝတွင် ကစားသမား ငါးယောက် ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရသည်။ ထိုသူများအားလုံးက နံပါတ် ၅ အခန်းထဲမှ ထွက်လာသော ကောင်းယန်နှင့် သူ၏အဖော်များကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ မျိုးစုံဖြစ်သွားကြပြီး သူတို့အဖွဲ့ထဲမှ မည်သူမျှ သေဆုံးခြင်းမရှိသည်ကို အံ့သြနေကြပုံရသည်။


လူကုံထံပုံစံနှင့် လူတစ်ယောက်က သဲ့သဲ့မျှ ရေရွတ်လိုက်၏။ "သူတို့ ဘာလို့ မသေတာလဲ..."


ရန်မျန် မျက်မှောင်ကြုတ်သွားစဉ် စုကျန်းက ချက်ချင်း ပြန်ပြောလိုက်တော့သည်။ "ကျုပ်တို့က ရုပ်လည်းချော စိတ်လည်းကောင်းတဲ့သူတွေဗျ သရဲတွေတောင် ကိုယ့်ကိုယ်ကိုယ် အောက်ကျတယ်လို့ ခံစားရပြီး နတ်ဘုရားတွေတောင် မရက်စက်ရက်ကြဘူး ဟုတ်ပြီလား"


"တကယ် အရှက်မရှိတဲ့ကောင်ပဲ"


နံပါတ် ၇ အခန်းတံခါးကို ဖွင့်လိုက်သောအခါ ပြင်းထန်လှသော သွေးညှီနံ့များ ဝုန်းခနဲ တိုးဝှေ့ထွက်လာခဲ့သည်။ ပျစ်ခဲနေသော သွေးကွက်ကြီးများက အခန်းထဲမှနေ၍ တံခါးဝအထိ စီးကျလာသဖြင့် မည်သူမျှ အထဲသို့ မဝင်ရဲကြချေ။ အဖွဲ့ထဲမှ အမျိုးသမီး နှစ်ယောက်မှာမူ မျက်နှာများ ဖြူဖျော့လျက် နံရံကို မှီကာ အန်ချနေကြပြီ ဖြစ်သည်။


ကျန်ရှိသောသူများက လမ်းဖယ်ပေးလိုက်သဖြင့် ကောင်းယန်နှင့် သူ၏အဖော်နှစ်ယောက် အထဲသို့ လျှောက်ဝင်သွားရာ ကုတင်ထက် ကြမ်းပြင်ပေါ်တွင် မဟုတ်ဘဲ မျက်နှာကျက်မှ ဇောက်ထိုးဆွဲလောင်း လျှောက်ထားခြင်းခံရသည့် ကြွက်သားထွားထွားနှင့် ကစားသမားတစ်ဦး၏ အလောင်းကို တွေ့လိုက်ရသည်။ သူက မနေ့ကတင် အကောင်းအတိုင်း ရှိနေသေးပြီး အဖွဲ့ကို ဦးဆောင်ရန်ပင် ကြိုးစားနေခဲ့သူ ဖြစ်သည်။


ယခုတော့ သူက ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်တစ်ခု ဖြစ်နေချေပြီ။


ထိုသန်သန်မာမာ လူကြီးမှာ တစ်ကိုယ်လုံး ဇောက်ထိုးဖြစ်နေပြီး သွေးများအားလုံး အကုန်အစင် ဖောက်ထုတ်ခံထားရကာ အခန်းတစ်ခုလုံးလည်း နီရဲနေပေသည်။ လူတစ်ယောက်တည်းဆီမှ ယခုလောက် သွေးပမာဏအများကြီး ထွက်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ချေ။ သူ့လက်မောင်းနှစ်ဖက်လုံးမှာ အဆစ်လိုက် ဆွဲဖြဲခံထားရပြီး ဘယ်နေရာရောက်သွားသည် မသိပါ။ မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် တွန့်လိမ်နေကာ မျက်လုံးနှစ်လုံးမှာလည်း အကန်ခံထားရသဖြင့် နက်မှောင်သော တွင်းနက်ကြီး နှစ်ခုသာ ကျန်ရှိတော့သည်။


သူတို့ သုံးယောက်လုံး တိတ်ဆိတ်သွားကြပြီး မျက်နှာအမူအရာများကို ဖတ်ရခက်လှသည်။ အံ့သြစရာကောင်းသည်မှာ သူတို့အားလုံးက တည်ငြိမ်အေးဆေးနေကြပြီး ပုံမှန်ဆိုလျှင် အကြောက်တတ်ဆုံးဖြစ်သည့် စုကျန်းပင်လျှင် မျက်နှာဖြူဖျော့သွားရုံမှတစ်ပါး အန်ခြင်းမရှိချေ။