Ch 4
Viewers 16

🎨 Chapter 4



ချီလင်ချင်းက စာအိတ်ကိုဖွင့်ကာ ပိုက်ဆံများကို ရေတွက်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘာလို့ ယွမ်၃၀၀၀တည်း ရှိနေရတာလဲ..."


ဒါရိုက်တာရှန်း အံ့သြသွားရသည်။

"ဘာဖြစ်လို့လဲ... မလောက်လို့လား...."


ထန်ယွဲ့ဖုန်းယွင်က အွန်လိုင်းဒရာမာဖြစ်သောကြောင့် ဘတ်ဂျက်မလုံလောက်ပေ။ အစားထိုးတစ်ယောက်အတွက် ပိုက်ဆံက ထိုမျှလောက်အထိ မရချေ။


ပေါက်စျေးအရ ယွမ်၁၅၀၀သာ ရရှိမည် ဖြစ်သည်။ ဒါရိုက်တာရှန်းနှင့် ထုတ်လုပ်သူတို့က တောင်းဆိုထားပေးသောကြောင့်သာ ယွမ်၃၀၀၀ပေးလိုက်ခြင်း ဖြစ်သည်။ 


ချီလင်ချင်း : "ဘောင်သွင်းဆိုင်ပိုင်ရှင်က တစ်သောင်းထက် ပိုရမယ်လို့ ပြောလို့ပါ..."


ဒါရိုက်တာရှန်း :"????"


ဒါရိုက်တာရှန်းက ရိုးရိုးသားသား ပြန်ပြောလိုက်သည်။

"သူ မင်းကို လိမ်လိုက်တာပဲ..."


ချီလင်ချင်း : "........"


တစ်နေ့လုံး ပင်ပင်ပန်းပန်းလုပ်ပြီးနောက် ရရှိလာသည့်ငွေမှာ ပန်းချီဆေးဝယ်ရန်ပင် မလုံလောက်ချေ။ 


ချီလင်ချင်း တစ်ယောက် သက်ပြင်းချမိသွားသည်။ 


ဘဝသစ်ရပြန်တော့လည်း ဆင်းရဲတွင်းက မလွတ်သေးပါလား.... 


"မင်း ပိုက်ဆံလိုနေတာလား..."

ဒါရိုက်တာရှန်းက ဝမ်းသာအားရ မေးလိုက်သည်။


"ဟုတ်ပါတယ်..."

ချီလင်ချင်းက ပြန်ဖြေလေသည်။


ဘဝသစ်၌ ပြန်လည်မွေးဖွားလာပြီးနောက် ချီလင်ချင်းတွင် ပြီးမြောက်အောင်ဆောင်ရွက်လိုသည့် နောက်ဆုံးဆန္ဒတစ်ခု ရှိနေသည်။ ယင်းမှာ ယခင်ဘဝက မပြီးဆုံးခဲ့သော “မိုင်တစ်သောင်း ရှုခင်းပန်းချီ” ကို ဆက်လက်ရေးဆွဲရန်ပင် ဖြစ်သည်။ ယခုခေတ်ပေါ် အစုလိုက်အပြုံလိုက် ထုတ်လုပ်သည့် ဘူးသွင်းဆေးရောင်များမှာ သူလိုအပ်သလောက် အဆင့်မမီသဖြင့် ဘောင်သွင်းဆိုင်ပိုင်ရှင်ထံမှ ရှေးဟောင်းသဘာဝဆေးများကို ဝယ်ယူရန် သူ အသည်းအသန် ငွေလိုနေခြင်းဖြစ်သည်။ ထိုဆေးများကို ပြန်လည်သန့်စင်ပြီးမှသာ သူအလိုရှိသည့် အရောင်စပ်မှုမျိုးကို ရရှိနိုင်မည် ဖြစ်သည်။


ထိုစကားကို ကြားရသောအခါ ဒါရိုက်တာရှန်း၏မျက်နှာမှာ ဝင်းပသွားတော့သည်။


ချီမိသားစု၏ တရားဝင်သားအဖြစ် သတ်မှတ်ခံရသော ချီသခင်လေးက အဘယ်ကြောင့် ပိုက်ဆံလိုနေမှန်းမသိသော်လည်း ၎င်းမှာ သူ့အတွက် အခွင့်အရေးပင် ဖြစ်သည်။ 


သူရိုက်ကူးနေသည့် ‘ထန်ယွဲ့ဖုန်းယွင်'ဇာတ်လမ်းမှာ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး မူလက ဒုတိယမင်းသား လီထျန်းယွီ၏ ရင်းနှီးသောသူငယ်ချင်း ‘ကောင်းလန်ရှီး’ ဆိုသည့် ဇာတ်ကောင် ပါဝင်သည်။ သို့သော် ထိုဇာတ်ကောင်မှာ ပန်းချီပညာ အလွန်ကျွမ်းကျင်ရန် လိုအပ်သဖြင့် ဒါရိုက်တာရှန်းက သင့်တော်သည့်သူကိုရှာမရဘဲ ဇာတ်ညွှန်းထဲမှပင် ဖြတ်ထုတ်ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။


ယခု သူ့ရှေ့က ချောက်ကပ်နေသည့် မြက်ခြောက်ကဲ့သ်ို့ဖြစ်နေသော  ရွှေရောင်ဆံပင်ကို ခေတ္တဘေးဖယ်ထားလျှင် ချီလင်ချင်း၏ ရုပ်ရည်မှာ ချီလဲ့လဲ့ထက်ပင် သာလွန်နေသေးသည်။ 


ထို့အပြင် သူတို့နှစ်ဦးမှာ 'Metamorphodis Meter'အစီအစဉ်ကြောင့် လွန်ခဲ့သော ၁၈ နှစ်ကတည်းက ဘဝချင်းမှားယွင်းခဲ့သူများအဖြစ် သတင်းကြီးနေသူများလည်း ဖြစ်သည်။ 


အကယ်၍ ချီလင်ချင်းသာ ‘ကောင်းလန်ရှီး’ အဖြစ် သရုပ်ဆောင်ပေးမည်ဆိုပါက ဇာတ်လမ်းအတွက် ကြော်ငြာကောင်းကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။


"ငါတို့ တစ်နေရာလိုနေတာ..."

ဒါရိုက်တာရှန်းက ဆက်ပြောလေသည်။ 

"မင်း သရုပ်ဆောင်ဝါသနာပါလား..."


ချီလင်ချင်းက ယဥ်ယဥ်ကျေးကျေးပင် ငြင်းဆိုလိုက်သည်။

"ကျွန်တော် စိတ်မဝင်စားဘူး..."


သူ စာအုပ်ထဲသို့ ပထမဆုံး ကူးပြောင်းလာသောအချိန်တွင် ချီလဲ့လဲ့က သရုပ်ဆောင်မှုကို အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် လုပ်ကိုင်နေသည်ကို သူနားမလည်နိုင်ပေ။


အချိန်ကာလပြောင်းလဲသွားသည်ကို သူသိသော်လည်း ချီလင်ချင်း၏စိတ်ထဲတွင် သရုပ်ဆောင်အလုပ်မှာ ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခုအဖြစ် သတ်မှတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။


"မင်းလို ရုပ်ရည်မျိုးနဲ့ သရုပ်ဆောင်မလုပ်တာ တကယ့်ကို နှမြောဖို့ကောင်းတယ်ကွာ...."

ထုတ်လုပ်သူက ဝင်ပြောလိုက်သည်။


ချီလင်ချင်း၏ ယခင်ဘဝတွင် သူ၏ရုပ်ရည်မှာ သာမန်သာဖြစ်သဖြင့် အာရုံစိုက်မခံရချေ။ သို့သော် ယခုဘဝတွင်မူ သူ၏ ရုပ်ရှည်ကြောင့် မင်းသားအလုပ်ကိုပင် ကမ်းလှမ်းခံရသည်။


သူက ပြတ်သားစွာဖြင့် ပြောလိုက်သည်။ 

"ကျွန်တော် သရုပ်ဆောင်တာကို တကယ်ပဲ စိတ်မဝင်စားလို့ပါ..."


ဒါရိုက်တာရှန်း ခဏမျှ ကြောင်အမ်းသွားရပြီး ဆက်ပြောလိုက်သည်။

"ဒီဇာတ်ကောင်က စကားပြောစရာတောင် မလိုပါဘူး... သရုပ်ဆောင်ဖို့လည်း မလိုသလောက်ပါပဲ.... မင်း ခုနကလို ပန်းချီဆွဲပြရုံပဲ... ငါတို့က အဲဒီပုံဆွဲနေတဲ့ ပုံရိပ်ကို ရိုက်ကူးမှာ... ပုံတူကူးတာပဲဖြစ်ဖြစ် ကိုယ်တိုင်ဆွဲတာပဲဖြစ်ဖြစ် ရတယ်.... ဒီတစ်ခါတော့ ရှုခင်းပန်းချီကို ဆွဲပေးနိုင်မလား...."


ကောင်းလန်ရှီးက သူ၏ ရှုခင်းပန်းချီများကြောင့် နာမည်ကြီးသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဒါရိုက်တာရှန်းကလည်း ဇာတ်ကောင်နှင့် တူညီသူကို လိုက်ရှာနေခြင်းဖြစ်သည်။ 


ချီလင်းချင်း ခဏတာ တွေဝေသွားသည်။ 


ရိုက်ကွင်းတစ်ခုလုံးမှာလည်း ကျီးကန်းတစ်အုပ် ပျံသန်းသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ ဒါရိုက်တာရှန်းက သူ၏တောင်းဆိုချက်က လွန်သွားသလားဟု စိုးရိမ်စိတ်ဖြင့် ခြေဖျားလေးများကို မြေကြီးပေါ်တွင် ပွတ်တိုက်နေမိသည်။


ချီလင်ချင်းကဲ့သို့ ချီမိသားစု၏ ကျောထောက်နောက်ခံရှိသူတစ်ဦးအဖို့ ရုပ်ရည်ကိုဖြစ်စေ၊ အရည်အချင်းကိုဖြစ်စေ အားကိုးပြီး အလုပ်လုပ်နေစရာ မလိုဟု သူထင်နေခြင်း ဖြစ်သည်။ 


ခုနက 'ငွေလိုနေတယ်' ဆိုတာကလည်း ဟာသလုပ်ပြီး ပြောနေတာပဲ ဖြစ်ရမယ်.... 


ထို့အပြင် ပန်းနှင့်ငှက်ကို ဆွဲနိုင်တိုင်း ပို၍ခက်ခဲသော ရှုခင်းပန်းချီကို ဆွဲနိုင်ပါ့မလားဟုလည်း သူတွေးနေမိသည်။


"ကျွန်တော့်ကို ယွမ်၇၈၀၀ ပေးနိုင်မလား..."

ချီလင်ချင်းက ရုတ်တရက် ထမေးလိုက်သည်။


သူက ဆေးဝယ်ရန် လိုအပ်နေသော ငွေပမာဏကို တွက်ချက်ကြည့်ရာ လက်ထဲရှိ ၆,၀၀၀ ကို နှုတ်လိုက်လျှင် ၇,၈၀၀ အတိအကျ လိုအပ်နေခြင်း ဖြစ်သည်။


ဒါရိုက်တာရှန်းက ကြောင်အသွားကာ ထပ်မေးလိုက်သည်။

"ဘာပြောလိုက်တာလဲ...."


ချီလင်ချင်း : "ကျွန်တော့်ကို သရုပ်ဆောင်ခ ယွမ်၇၈၀၀ ပေးနိုင်မလားလို့ မေးတာပါ...."


"ဒါပေါ့... ပေးနိုင်တာပေါ့...."

ဒါရိုက်တာရှန်းက ပြောလိုက်သည်။

"မင်းသာ သဘောတူမယ်ဆိုရင် ငါကိုယ်တိုင် ဆုံးဖြတ်ပြီး ယွမ်တစ်သောင်းရှိတဲ့ စာအိတ်နီကြီး ပေးမယ်...."


ချီလင်ချင်းက ခေါင်းညိတ်ကာ ချက်ချင်းပင် သဘောတူလိုက်သည်။

"ကောင်းပါပြီ... အဆင်ပြေပါတယ်....."


ဒါရိုက်တာရှန်း : "..........."


ငွေအနည်းငယ်လေးက ဤသခင်လေး၏ စိတ်ကို ဤမျှလွယ်လွယ်ကူကူ ပြောင်းလဲနိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ


×××××


ညဥ့်နက်ပိုင်းတွင် ချီလဲ့လဲ့က ဝေ့ပေါ်သို့တက်လာပြီး စာသားအချို့နှင့်အတူ Selfie ပုံတစ်ပုံ တင်လိုက်သည်။


[လူဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အလွယ်တကူ ဖြစ်မလာနိုင်ပါဘူး…. ဘယ်အရာမဆို ဒီလိုပါပဲ….]


သို့သော် ထိုပိုစ့်ကိုတင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်ဖျက်ချလိုက်သည်။


ကွန််မန့်များတွင်မူ-

[ပေါင်အာ…. စိတ်ညစ်နေလို့လား….]


[တစ်ခုခု အဆင်မပြေတာ ကြုံနေရလို့လား....]


[ဖက်ထားပေးမယ်လေ...]


ချက်ချင်းဆိုသလိုပင် ပရိသတ်များက သူ ယခင်ကတင်ထားသည့် တရုတ်ပန်းချီ လေ့ကျင့်နေသော ပိုစ့်ကိုပါ ဖျက်လိုက်သည်ကို သတိပြုမိသွားကြသည်။


နာမည်ကြီး အတင်းအဖျင်း Group တစ်ခု၏ ဖော်ပြချက်အရ ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးက ချီလဲ့လဲ့ ယခုတလော တရုတ်ရိုးရာပန်းချီကို ကြိုးစားသင်ယူနေကြောင်း၊ လူအစားမထိုးဘဲ ကိုယ်တိုင်လုပ်ဆောင်ချင်၍ အလွန်အလုပ်ကြိုးစားပြီး ပရော်ဖက်ရှင်နယ် ဆန်ကြောင်း စသဖြင့် ချီးမွမ်းခန်း စာသားပေါင်း တစ်ထောင်ကျော်ကို ဖွင့်ဟထားသည်။


မကြာသေးမီကမှ သူ "Metamorphosis Meter" အစီအစဉ်တွင်ပါဝင်ခဲ့ပြီးနောက် ၁၈ နှစ်ကြာ ဘဝချင်းလဲလှယ်ခဲ့ရသော ကျေးလက်တောရွာမှ လူငယ်လေးက ချီမိသားစု၏ သားအရင်းဖြစ်သည်ဆိုသော အရှိန်အဝါကို သုံးပြီး ချီလဲ့လဲ့၏ လူစားထိုးသရုပ်ဆောင်နေရာကို ရယူကာ လက်စားချေနေသည်ဟု သတင်းထွက်လာသည်။ ထို့အပြင် ဒါရိုက်တာကို ဖိအားပေးပြီး သူ့အတွက် သီးသန့်ဇာတ်ကောင်နေရာ တစ်ခုပါ စီစဉ်ခိုင်းခဲ့သေးသည်။ 


[WTF]


[@ထန်ယွဲ့ဖုန်းယွင်... ဝေ့ပေါ်မှာ သေချင်ယောင်

ဆောင်မနေနဲ့…. စီမံခန့်ခွဲသူတွေ အမြန်ထွက်ရှင်းပေး...]


[ငါတို့ ပရိသတ် ၂ သန်းကို မျက်စိထဲမထည့်တာလား….]


[မြန်မြန် လူစုကြ….သူကိုယ်တိုင် တောင်းပန်တဲ့အထိ ဆဲကြမယ်]


[ချီမိသားစုရဲ့ သားအရင်းဆိုတဲ့လူက မှန်မရှိရင်တောင် ကိုယ့်ဆီးထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်သင့်တာ မဟုတ်ဘူးလား….]


[ပညာမတတ်တဲ့ တောသားက လဲ့လဲ့ရဲ့ နတ်သားလိုအလှတရားနဲ့ ယှဉ်ချင်နေတာလား....]


[သူ့ကိုယ်သူ ဘယ်အဆင့်လဲဆိုတာ မသိဘူးလား….]


[လမ်းကြုံဖြတ်သွားတဲ့ သာမန်လူတစ်ယောက်အနေနဲ့ ပြောရရင် ဒီသတင်းက တစ်ခုခုတော့ မှားနေသလိုပဲ….]


[+1]


[လက်စားချေချင်ရင် ဘာလို့ လူစားထိုးလုပ်မှာလဲ…. ချီလဲ့လဲ့ရဲ့ နေရာကို တိုက်ရိုက်လုမှာပေါ့….]


[ဟားဟား…. သူက ငါတို့ လဲ့လဲ့ဆီကနေ လုယူနိုင်မယ်လို့ ထင်နေတာလား….]


[တောမှာ ကြီးလာတဲ့သူက တရုတ်ရိုးရာပန်းချီကို ဘယ်လိုဆွဲနိုင်မှာလဲ…. ဒါက ယုတ္တိမရှိတဲ့ အချက်ပဲ…. မဟုတ်လား….]


[တကယ်လို့ ချီလင်ချင်းသာ တရုတ်ရိုးရာပန်းချီ တကယ်တတ်ရင် ငါ Live လွှင့်ပြီး ချီးစားပြမယ်...]


[ပြောစရာ မလိုဘူး…. သူ လဲ့လဲ့ကို မနာလိုဖြစ်နေတာပဲ….]


[အမှန်အတိုင်း ပြောရရင် သူ့ဘဝရဲ့ ပထမ ၁၈ နှစ်မှာ ဒုက္ခရောက်ခဲ့ရတာလေ…. ငါတို့ လဲ့လဲ့က သူ့ရဲ့ အဆင့်အတန်းကို သုံးပြီး သူဌေးမိသားစုမှာ ပျော်နေခဲ့တာဆိုတော့.… သူ့စိတ်ထဲမှာ မမျှမတ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်…. ဒါပေမဲ့ ဒါက ငါတို့ လဲ့လဲ့ရဲ့ အပြစ်မှ မဟုတ်တာ….]


[ဟုတ်တယ်…. အဲဒါ ကလေးထိန်းရဲ့ အမှားပဲ…. လဲ့လဲ့က အပြစ်ကင်းတယ်!]


[ သခင်လေးရာ…. အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး စည်းစိမ်ကိုခံစားပါ…. ဘာလို့ မိစ္ဆာတစ်ကောင်လို သောင်းကျန်းနေရတာလဲ…. နဂိုက သူတို့ မင်းကို မဆဲချင်ဘူး….]


[ချီလင်ချင်းက လူကောင်းမဟုတ်ဘူးဆိုတာ “Metamorphosis Meter" ကြည့်ဖူးတဲ့ ညီအစ်မတွေ အကုန်လုံး သိတယ်…. သူက မနာလိုစိတ်ရှိတယ်…. ပရိယာယ်များတယ်….  ဒေါသကြီးတယ်…. နှုတ်ကြမ်းတယ်…. ဘယ်လိုကံတရားက ဒီလိုလူကို မင်းသား ဖြစ်စေခဲ့တာလဲ …. ဘုရားသခင်က တကယ်မတရားဘူး….]


[သူနဲ့ ယှဉ်ရင် လဲ့လဲ့က အရမ်းကို စိတ်ထားကောင်းလွန်းတယ်….]


[ချီလင်ချင်းရဲ့ နှိပ်စက်မှုတွေကို လဲ့လဲ့ တော်တော်ခံနေရမှာပဲ…. သူမှာ ငါတို့ပဲ ရှိတော့တာ….]


[အားလုံးပဲ Super Topics တွေမှာ သွားဝန်းရံကြစို့….]


#ကမ္ဘာ့အကောင်းဆုံးချီလဲ့လဲ့ကိုကာကွယ်ကြစို့#

#ကမ္ဘာ့အကောင်းဆုံးချီလဲ့လဲ့ကိုကာကွယ်ကြစို့#


^^^^^^^^


တနင်္ဂနွေနေ့…..


ချီမိဘများက အလုပ်ကိစ္စဖြင့် ပြည်ပထွက်သွားသည်။


ချီလဲ့လဲ့ကလည်း ရိုက်ကူးရေးကြောင့် ရိုက်ကူးရေးအဖွဲ့ရှိရာတွင်သာ နေထိုင်နေသည်။ အိမ်ကြီးက ဟာလာဟင်းလင်းဖြစ်ပြီး အလွန်ခြောက်ကပ်နေသည်။


ချီလင်ချင်းက မနက် ၆ နာရီခွဲတွင် အိပ်ရာထ၍  အပြင်တွင် လမ်းလျှောက်ပြီး ပြန်လာကာ ရေချိုး မနက်စာ စားသည်။


မနက် ၇ နာရီခွဲ….


ချီယင်ကျွင်း တစ်ယောက် လှေကားထစ်များအတိုင်း ဆင်းလာချိန် ထမင်းစားပွဲ၌  ထိုင်ကာ သတင်းစာ ဖတ်နေသည့် ညီဖြစ်သူကို တွေ့လိုက်သည်။


ထိုလူငယ်လေးက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး ရှုပ်ပွနေသည့် ရွှေရောင်ဆံပင်များက စူးရှတောက်ပနေဆဲ ဖြစ်သည်။ ရှေ့တွင်ရှိသော မနက်စာမှာ ရိုးရှင်းသော်လည်း စုံလင်လှသည်။ ဆန်ပြုတ်အနည်းငယ်၊ အချဉ်နှင့် ပဲငပိဟင်းနှစ်ခွက်၊ စားကြွင်းစားကျန် အီကြာကွေးတစ်ဝက်၊ လက်ဖက်ကြက်ဥ၊ ဘဲဥငန် အနှစ်သုံးပုံတစ်ပုံနှင့် အငွေ့တထောင်းထောင်း ထနေသော ပဲနို့တစ်ခွက်တို့ ရှိနေသည်။ 


ချီယင်ကျွင်းက ထိုကောင်လေးက ယခင်ကမူ အခြားသူများကို တမင်အတုခိုးကာ လုပ်ပြနေခဲ့သည်ဟု တွေးမိသည်။


သူက လွန်ခဲ့သော လဝက်ခန့်ကမူ အင်္ဂလိပ်စတိုင် နံနက်စာနှင့် နေ့လယ်စာကိုသာ စားခဲ့ပေသည်။ 


အခုကြည့်စမ်း….


နဂိုဗီဇက ပေါ်လာပြီ…. 


တောမှာ ကြီးပြင်းလာတဲ့ ကလေးတွေက ချီလဲ့လဲ့လို အမြင်မျိုး မရှိကြဘူး......


သူတို့မိသားစု၏ အကြီးအကဲများက UKသို့ ပြောင်းရွှေ့အခြေချခဲ့ကြသဖြင့် ချီမိသားစုဝင်အများစုက အင်္ဂလိပ်စတိုင်နံနက်စာကိုသာ ယဉ်ပါးနေကြသည်။


မနက်စာဆိုလျှင် သခင်မကြီးချီက လတ်ဆတ်သော အသီးအရွက်စိမ်းများနှင့် Oatmeal Milk ကိုသာ စားလေ့ရှိသည်။


ချီယင်ကျွင်းက ပေါင်မုန့်၊ အရည်အသွေးမြင့် အသားနှင့် အသီးအနှံအချို့ကို စားသည်။


ချီလဲ့လဲ့ အကြိုက်ဆုံးက ၆ မိနစ် ၇ မိနစ်ခန့် ပြုတ်ထားသည့် အနှစ်မကျက်တကျက် ကြက်ဥပြုတ်ဖြစ်သည်။


သခင်ကြီးချီ တစ်ယောက်သာလျှင် ဖက်ထုပ်ကို စားသည်။


ချီလင်ချင်းက သူ့ကို မြင်သောအခါ သာမန်ကာလျှံကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ...."


ချီယင်ကျွင်း၏ မျက်နှာအမူအရာက မပြောင်းလဲသော်လည်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။


ရိုင်းစိုင်းတဲ့ကောင်...ငါ့ကို 'အစ်ကို' လို့ ခေါ်ရင် မင်ဘာဖြစ်သွားမှာမို့လို့လဲ….


ဘာ 'မင်္ဂလာပါ' လဲ….မင်း ငါ့ကို အလေးမထားတာ ငါမသိဘူး ထင်နေတာလား….


မနက်မိုးလင်းကတည်းကပင် ချီယင်ကျွင်း ဒေါသထွက်နေရသည်။ သူက စားပွဲ၏ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး အိမ်ဖော်အဒေါ်ကြီးကို မနက်စာ ပြင်ခိုင်းရင်း ချီလဲ့လဲ့ အိမ်မှာရှိစဉ်က နေ့ရက်များကို လွမ်းဆွတ်နေမိသည်။


တစ်ဖက်တွင်မူ.…


ချီလင်ချင်းက မူရင်းဝတ္ထုထဲက ဇာတ်လမ်းကို ပြန်စဉ်းစားနေသည်။


ချီယင်ကျွင်းက ချီလဲ့လဲ့အပေါ် ညီအစ်ကိုထက် ပိုသော ခံစားချက် ရှိနေခဲ့သည်မှာ ချီလဲ့လဲ့အသက် ၁၆ နှစ်ကတည်းက ဖြစ်သည်။


သွေးမတော် သားမစပ်ပေမယ့် ဘာလို့ ယောင်္ကျားတစ်ယောက်က ကိုယ့်ညီအရင်းအပေါ် ဒီလိုတွေးနိုင်ရတာလဲ….


ချီလင်ချင်းက ၎င်းကို နားမလည်နိုင်ပေ။


​၎င်းက ဆရာနှင့် တပည့်ကြားက တားမြစ်ထားသော ပတ်သက်မှုမျိုးပင်။ ထန်မင်းဆက်ခေတ်တွင်သာ ဆိုပါက ထိုကဲ့သို့လူမျိုးက ဝက်ခြင်းထဲထည့်ပြီး ရေနှစ်အသတ်ခံရမည်မှာ သေချာသည်။


ထိုအကြောင်းကို တွေးမိသောအခါ ချီလင်ချင်း  စားချင်စိတ် ပျောက်သွားသည်။ သူက သတင်းစာကို ချလိုက်ပြီး ဆန်ပြုတ်ကို အမြန်သောက်လိုက်ကာ မတ်တတ်ထရပ်ပြီး အပြင်က ဒရိုင်ဘာကို လှမ်းမေးလိုက်သည်။ 


"ဦးလေးချန်…. ကျွန်တော့်ကို XX လမ်းမကြီး အမှတ် (၁) ရှေးဟောင်းဝတ်စုံ ရိုက်ကွင်းနေရာကို လိုက်ပို့ပေးလို့ရမလား…."


ဒရိုင်ဘာက ခေါင်းညိတ်ပြသည်။

 "ရပါတယ်…. သခင်လေး…."


ချီလင်ချင်းက ကျေးဇူးတင်စကား ပြောပြီး အနောက်ဖေးဥယျာဉ်ဘက်သို့ လှည့်ထွက်သွားသည်။ အချိန်ရသေးသဖြင့် ယမန်နေ့က သူစိုက်ထားသည့် ကျူးလစ် မျိုးစေ့များကို ရေလောင်းရန် ရည်ရွယ်ထားပေသည်။


ချီယင်ကျွင်းက တံခါးဝတွင် ရပ်ပြီး ခိုးနားထောင်နေရာ ထိုလိပ်စာကို ကြားလိုက်ရသောအခါသူ အံ့သြသွားသည်။


ဒါ ချီလဲ့လဲ့ ရိုက်ကူးရေး လုပ်နေတဲ့ နေရာ မဟုတ်လား….


သူက ယမန်နေ့ညက ချီလဲ့လဲ့ တင်ခဲ့သည့်  ပိုစ့်နှင့် ချီလင်ချင်းက  လက်စားချေချင်နေသည်ဆိုသော အွန်လိုင်းက မှတ်ချက်များကို ချက်ချင်း ဆက်စပ်မိသွားသည်။


၎င်းက အမှန်တကယ်ဖြစ်လာမည်ဟု သူ မထင်ထားခဲ့ပေ။


ချီယင်ကျွင်းက ဒေါသတကြီး အော်ပြောလိုက်သည်။

"ချီလင်ချင်း…. အဲဒီမှာ ရပ်လိုက်စမ်း…."


^^^^^^^


ယမန်ညက တုယွမ်ပိုင်၏ စာတိုများနှင့် မရပ်မနား ပို့နေသည့် မက်ဆေ့ချ်များကြောင့် နောက်ဆုံးတွင် သူ့ကိုထန်ယွဲ့ဖုန်းယွင်ရိုက်ကွင်းသို့ ခေါ်သွားရန် ချီလင်ချင်း သဘောတူလိုက်ရသည်။


တုယွမ်ပိုင်က ချီလင်ချင်း ဘာကြောင့် ရုတ်တရက် ထိုဇာတ်ကောင်နေရာ ရသွားသည်အား မသိပေ။ သူက အဓိပ္ပာယ်ပါပါ ပြုံးနေသည်။


"Metamorphosis Meter" အစီအစဉ်အပြီးတွင် ချီမိသားစု၏ သခင်လေးအစစ်နှင့် အတုမှာ တစ်နေရာတည်းတွင် ဆုံမည့်သတင်းက နာမည် ကြီးသွားခဲ့သည်။


ဝေဖန်သူများက ဤအခွင့်အရေးကို အလွတ်မခံနိုင်ပေ။


ထို့ကြောင့် တုယွမ်ပိုင်က ရိုက်ကွင်းသို့ တစ်နာရီစောပြီး ရောက်နေသည်။ သို့သော် ဝန်ထမ်းကတ်မရှိသဖြင့်အတွင်းသို့ ဝင်မရပေ။  တံခါးဝတွင် သနားစဖွယ် ဆောင့်ကြောင့်ထိုင်နေပြီး ချီလင်ချင်းအလာကို မျှော်လင့်တကြီး စောင့်နေရသည်။


ခဏအကြာတွင်အနက်ရောင် Maybach ကားတစ်စီး ရိုက်ကွင်းဂိတ်ဝတွင် ထိုးရပ်လိုက်သည်။


ကားနံပါတ်က "88" ဖြစ်ပြီး ချီမိသားစု၏ အသုံးအများဆုံး ကားနံပါတ်ဖြစ်သည်။


တုယွမ်ပိုင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဖင်ကိုခါ၍ မတ်တတ်ရပ်လိုက်သည်။


ချီလင်ချင်းက Mask တပ်ထားသော်လည်း သူ၏ ထင်ရှားသည့် ရွှေရောင်ဆံပင်များကြောင့် တုယွမ်ပိုင် ချက်ချင်း မှတ်မိသွားသည်။


"ဘာလို့ Mask တပ်ထားတာလဲ…. အအေးမိနေလို့လား…."

တုယွမ်ပိုင်က မေးလိုက်သည်။


"မဟုတ်ဘူး....." 

ချီလင်ချင်းက ခေါင်းခါပြပြီး Mask ကို ချွတ်လိုက်သည်။


ချီလင်ချင်း၏ ဘယ်ဘက်ပါးပေါ်တွင် လက်ဝါးရာကြီးကို တုယွမ်ပိုင် မြင်လိုက်ရသည်။


တုယွမ်ပိုင် ထိတ်လန့်သွားသည့် မျက်နှာဖြင့် မေးလိုက်သည်။ 

 "ဘယ်သူ ရိုက်လိုက်တာလဲ...."


ချီလင်ချင်းက ပြောသည်။

"ချီယင်ကျွင်းလေ…. ငါက ချီလဲ့လဲ့ကို လက်စားချေဖို့ ကြံနေတယ်လို့ သူက ထင်နေပုံပဲ…."


တုယွမ်ပိုင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူအတွေးမှာလည်း ဥက္ကဌချီယင်ကျွင်းနှင့် တူနေသည်။


တုယွမ်ပိုင်က အားပေးစကား ပြောလိုက်သည်။

"ဒီကိစ္စနဲ့ မင်းအစ်ကိုက မင်းကို ပါးရိုက်

တာ မဖြစ်သင့်ဘူး…. ဒါ သူ့အမှားပဲ…."


ဘာပဲဖြစ်ဖြစ် ချီလင်ချင်းက ချီယင်ကျွင်းရဲ့ ညီအရင်းပဲလေ….ဒီလောက်အထိတော့ ဘက်မလိုက်သင့်ဘူး….


ချီလင်ချင်းက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ရပါတယ်….  ငါလည်း ပြန်ရိုက်လိုက်ပြီ…. တစ်ဖက်ကို နှစ်ချက်စီ ပြန်ရိုက်လိုက်တာ…."


တုယွမ်ပိုင်: "???"


🎨🎨🎨


သေပါပြီ လက်သံကလည်းပြောင်လိုက်တာ😆