Ch 3
Viewers 15

🎨 Chapter 3



သို့သော်  ချီလင်ချင်းက သူ့ ယခင်ဘဝကတည်းက ကိုယ်ပိုင်အတွေးအခေါ်များဖြင့်သာ ရေးဆွဲခဲ့သောကြောင့် သူတစ်ပါး၏ ပန်းချီကားများကို မည်သည့်အခါမှ ကူးယူခြင်းမရှိခဲ့ပေ။


ချီလင်ချင်းက စားပွဲရှေ့သို့ လျှောက်သွားပြီး သူ၏အကျင့်အရ စက္ကူကို ထိတွေ့လိုက်ရာ မျက်လုံးများမှာ လင်းထိန်နေသော မီးသီးတစ်လုံးကဲ့သို့ တောက်ပသွားသည်။


ဒါက အမှိုက်ပုံးထဲက ကောက်ခဲ့တဲ့ စက္ကူထက်တောင် အများကြီး ပိုကောင်းနေပါလား....


ချီလင်ချင်းက ပန်းချီဆွဲရန် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော ဤသို့ စက္ကူမျိုးကို တစ်ခါမှ မသုံးခဲ့ဖူးပေ။ သူ ချက်ချင်း စိတ်ဝင်စားသွားကာ လက်ကိုမြှောက်၍ စုတ်တံကို ကောက်ကိုင်ပြီး ဝှေ့ယမ်းလိုက်သည်။


သူ၏ မတ်တတ်ရပ်ပုံနှင့် ကလောင်ကိုင်ပုံတို့က ရှေးဟောင်းအနုပညာ၏ ထူးခြားသော ကျော့ရှင်းမှုကို ဖော်ပြနေပြီး သူ၏ စုတ်တံချက်များကလည်း ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ တည်ငြိမ်လှသည်။


သူ ပန်းချီကူးမဆွဲဖြစ်ခဲ့သည်က  ကြာပြီဖြစ်သောကြောင့် စာလုံးများကို အရင်ရေးရန် ဆုံးဖြတ်လိုက်သည်။


ချီလင်ချင်းက ဤစာလုံးမျိုးကို တစ်ခါမျှ မမြင်ဖူးသော်လည်း ရင်းနှီးသကဲ့သို့ ခံစားနေရသည်။ အကယ်၍ သူသာ သူ၏ ကိုယ်ပိုင်စုတ်တံ အရေးအသားအတိုင်း ရေးမည်ဆိုပါက အမှားအယွင်းများစွာ ရှိမည်မဟုတ်ဟု သူတွေးလိုက်သည်။


ချီလင်ချင်း စာလုံးတစ်ခုကို ရေးပြီးသွားသောအခါ လှောင်ပြောင်ရန် စောင့်နေသောလူအုပ်ကြီးမှာ လည်ပင်းများကို ဆန့်ထုတ်ကာ လှမ်းကြည့်ကြရင်း လည်ချောင်းများ ခြောက်ကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ 


သူတို့ရှေ့ရှိ ထိုလူငယ်လေးတွင် ယခုကဲ့သို့ အစွမ်းအစများရှိမည်ဟု မမျှော်လင့်ထားခဲ့ချေ။ 


ဒါရိုက်တာရှန်းမှာလည်း အတော်ပင် အံ့အားသင့်သွားရသည်။


ချီလဲ့လဲ့က အနီးကပ် လှမ်းကြည့်လိုက်ပြီး မှင်တက်သွားခဲ့သည်။


စက္ကူပေါ်မှ မင်များက မခြောက်သေးသော်လည်း စုတ်ချက်များ၏ အသက်ဝင်မှုက လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ပင်။


"မဖြစ်နိုင်တာ…"


ချီလဲ့လဲ့က သူ၏ အောက်နှုတ်ခမ်းကိုကိုက်လိုက်တာ စိတ်ထဲတွင်လည်း ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။


အခန်းထဲတွင်ရှိသော လူများကလည်း ချီလဲ့လဲ့ကဲ့သို့ တွေးနေကြသည်။


ချီလင်ချင်းက အင်တာနက်ပေါ်မှာ အပုပ်ချခံထားရတာ မဟုတ်လား....


သူတို့က လူအများ၏ ဝေဖန်ချက်ကိုကြည့်ကာ လူတစ်ယောက်ကို အကဲဖြတ်မိသည်မှာ သူတို့အမှားမဟုတ်ဟုသာ ထင်နေကြသည်။


ထုတ်လုပ်သူက တီးတိုးရေရွတ်လိုက်သည်။

"ငါ့ရဲ့ Grade 1 တက်နေတဲ့ တူလေးတောင် ဒီလိုစာလုံးမျိုး နီးပါး ရေးနိုင်တယ်...."


လိုင်ဇယ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"ဒါက မတူဘူး…."


လိုင်ဇယ်က ထိုကောင်လေး၏ စုတ်ချက်အစွမ်းကြောင့် အာရုံစူးစိုက်မိသွားပြီး မှင်တက်သွားရာ၊ ထုတ်လုပ်သူ စကားပြောပြီးမှသာ သတိပြန်ဝင်လာသည်။ ပြန်စဉ်းစားကြည့်လျှင် သူ မှားယွင်းစွာ အကဲဖြတ်မိခဲ့သဖြင့် အနည်းငယ် ရှက်မိသွားသည်။ သူ နားလည်မှုလွဲသွားခဲ့သည်။


ချီလင်ချင်းက ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို လိုချင်နေခြင်းမဟုတ်ဘဲ အရည်အချင်းစစ်နှင့် စစ်မှန်သော ပါရမီရှိသူ ဖြစ်နေသည်။


အကယ်၍ တစ်စုံတစ်ယောက်က အနုပညာတွင် အနည်းငယ်မျှ ကျွမ်းကျင်သည်ဆိုပါက ထိုလူငယ်လေး၏ နူးညံ့ပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခန့်ညားထည်ဝါသော စုတ်တံအရေးအသားများကို မြင်တွေ့နိုင်မည်ဖြစ်သည်။


လိုင်ဇယ်က ဤကဲ့သို့ အနုပညာအလှတရားနှင့် စုတ်ချက်မျိုးကို သက်ကြီးရွယ်အို ပုဂ္ဂိုလ်ကြီးများတွင်သာ တွေ့ခဲ့ဖူးသည်။ ဥပမာ သူ၏ စီနီယာဆရာကြီးကဲ့သို့သောသူများ ဖြစ်သည်။


သို့သော် လိုင်ဇယ်အတွက် ပန်းချီအနုပညာကျောင်း တွင် နှစ်အတော်ကြာအောင် နာမည်မကြီးသေးသည့် ကျောင်းသားများကို မြင်တွေ့ရသည်က ထူးဆန်းလှသည်မဟုတ်ပေ။ မိသားစုအသိုင်းအဝိုင်း နောက်ခံက သူတို့ကို စတင်ရာမျဉ်းသို့ ရောက်အောင်သာ ကူညီပေးနိုင်သည်။


ထိုလူငယ်လေးတွင် ကောင်းမွန်သော ဆရာတစ်ယောက် ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ယခင်က ကျောင်းတွင်ရှိခဲ့ဖူးသည့် ပန်းချီလောကတွင် ထင်ရှားကျော်ကြားသော မိဘနှစ်ပါးမှ မွေးဖွားလာသည့် ပါရမီရှင် ကျောင်းသားလေးတစ်ယောက်ကဲ့သို့ပင်။ ထိုကျောင်းသားက ပြည်ပရှိ တော်ဝင်အနုပညာကျောင်းသို့ သွားရောက်ပညာသင်ကြားခဲ့ပြီး ယခုအခါ ငယ်ငယ်ရွယ်ရွယ်ဖြင့် နိုင်ငံရပ်ခြားတွင် နာမည်ကျော်ကြားနေပြီဖြစ်သည်။


ထုတ်လုပ်သူက ခဏတာ ပြောစရာစကားမရှိဖြစ်သွားပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"သူက လက်ရေးလှ ရေးနိုင်ရုံနဲ့ တရုတ်ရိုးရာပန်းချီကိုလည်း ကျွမ်းကျင်မယ်လို့ မဆိုလိုဘူး…." 


လိုင်ဇယ်က အတော်လေး ဆွံ့အသွားပြီး ပြောလိုက်သည်။ 

"သူက ပန်းချီအလုပ်အတွက် အင်တာဗျူးလာတာလေ…. သူတို့ ဒီကိုမလာခင်ကတည်းက သူတို့ရဲ့ ပန်းချီအရည်အချင်းအပေါ် ယုံကြည်မှုရှိပြီးသား ဖြစ်မှာပေါ့….”


ထုတ်လုပ်သူ : "....."


သူက ချီလင်ချင်းကို မနှစ်သက်သောကြောင့် စကားပြန်မပြောနိုင်သော်လည်း  ချီလင်ချင်း ကိုယ်တိုင် လက်တွေ့ ပန်းချီဆွဲပြသည်ကို မမြင်ရသေးသရွေ့  ဤလူငယ်လေးက တရုတ်ရိုးရာပန်းချီကို ဆွဲနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။


လိုင်ဇယ်က ဒါရိုက်တာရှန်းဘက်သို့ လှည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ကျွန်တော်ကတော့ ဒီကောင်လေး ဆွဲနိုင်မယ်လို့ ထင်

တယ်….


သူ့ရဲ့ အခြေခံအရည်အချင်းတွေက အရမ်းကို ခိုင်မာလွန်းတယ်...."


ဒါရိုက်တာရှန်းက ခေတ္တမျှ တွေဝေသွားသော်လည်း ကျွမ်းကျင်သူများ၏ အမြင်ကိုသာ ယုံကြည်ပေးရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ….” 


ချီလင်ချင်း၏ အရည်အချင်းက ချီလဲ့လဲ့ထက် တကယ်ပင် ပိုကောင်းနေသည်။ ထို့အပြင် သူက ချီမိသားစု၏ သားအရင်းလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် ချီမိသားစုထံမှ ဖိအားများကို စိုးရိမ်နေစရာ မလိုတော့ပေ။ သူ့မိဘများက ယခုပရောဂျက်ထဲတွင် အပိုထပ်ဆောင်း ရင်းနှီးမြှုပ်နှံမှုများကိုပင် လုပ်ပေးလာနိုင်ပေသည်။


ထိုသို့ တွေးတောရင်း ဒါရိုက်တာရှန်းက ကျေနပ်အားရသော အမူအရာဖြင့် ချီလင်ချင်းကိုကြည့်ပြီး ပြောလိုက်သည်။ 

"မင်း အင်တာဗျူး အောင်သွားပြီ….”


ထန်ယွဲ့ဖုန်းယွင်ရုပ်ရှင်ရိုက်ကူးရေးအချိန်က အလွန်နီးကပ်နေပြီဖြစ်သည်။ ထို့အပြင် ဒုတိယမင်းသားဖြစ်သော ချီလဲ့လဲ့က အထက်တန်းကျောင်းသားလေးဖြစ်သဖြင့် သူ့တွင် စာကျက်ရန်နှင့် သင်ခန်းစာများပြန်နွှေးရန် လိုအပ်နေသည်။  ထို့ကြောင့် ဒါရိုက်တာရှန်း က ချီလင်ချင်းကို ချက်ချင်းပြင်ဆင်ခိုင်းပြီး တိုက်ရိုက်ရိုက်ကူးရေး စတင်ရန် ပြောလိုက်သည်၊


ချီလင်ချင်း : "ပြင်ဆင်နေဖို့ မလိုပါဘူး….”


သူက အလုပ်ကို အမြန်ဆုံးအပြတ်ဖြတ်ပြီး ပန်းချီဆေးဝယ်ရန် ပိုက်ဆံရချင်နေပြီဖြစ်သည်။


ဘေးကကြည့်နေသောသူတစ်ယောက်က တအံ့တဩပြောလိုက်သည်။

 â€œá€Ÿá€„်‌. ငါ ဘာကြားလိုက်တာလဲ” 


၎င်းမှာ အလွန်ပင် မာနထောင်လွှားလွန်းရာ ရောက်ပေသည်။


ထုတ်လုပ်သူက ယခုအချိန်တွင် သူ့လက်ထဲမှာ လေမှုတ်တူရိယာတစ်ခုသာရှိပါက ချီလင်ချင်းကို ကမ်းပေးလိုက်ပြီး "ရော့…. အင့်…. မင်းက လေလုံးထွားရတာ တော်တော်ဝါသနာပါပုံရတယ်…" ဟု ပြောချင်စိတ်များ တဖွားဖွား ဖြစ်နေသည်။


ဒါရိုက်တာရှန်းက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ 

"ဒါဆိုရင်လည်း တန်းပြီး စလိုက်ကြရအောင်…."


ဇာတ်ကွက်အရ ချီလင်ချင်း၏ လည်ပင်းအောက်ပိုင်းမှ  ပန်းချီဆွဲနေသော ပုံရိပ်ကို ရိုက်ကူးရမည်ဖြစ်သောကြောင့် ရွှေရောင်ဆံပင်များကို ဖုံးရန်မလိုတော့ပေ။


စာကြည့်ခန်းထဲသို့ နေရာရွှေ့ပြီးနောက် ရိုက်ကွင်းမန်နေဂျာက စားပွဲပေါ်တွင် စက္ကူ အသစ်တစ်ချပ်ကို ကျွမ်းကျင်စွာ ဖြန့်ခင်းပေးလိုက်သည်။


ချီလင်ချင်းက အားနာနာနှင့် မေးလိုက်သည်။ 

"ကျွန်တော့်ကို စောစောက သုံးထားတဲ့ စက္ကူ ပေးလို့ရမလား…"


ရိုက်ကွင်းမန်နေဂျာက စက္ကူကို ယူလာပေးပြီး နောက်

ပြောင်ပြောလိုက်သည်။ 

"မင်းရဲ့ လက်ရာလေးကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတာလား…"


ချီလင်ချင်းက ခေါင်းခါပြပြီး စက္ကူကိုယူကာ ဂရုတစိုက် လိပ်လိုက်သည်။ ထို့နောက် ရိုက်ကွင်းမန်နေဂျာကို ချည်ရန် ဂွမ်းကြိုးတစ်ချောင်း တောင်းကာ ပြောလိုက်သည်။


"ဒီလောက်ကောင်းတဲ့ စက္ကူကို အလဟဿ အဖြစ်မခံနိုင်လို့ပါ…"


ထန်မင်းဆက်ခေတ်က ဤမျှလောက် နူးညံ့ချောမွေ့သောစက္ကူမျိုး မရှိခဲ့ဖူးပေ။ အကယ်၍ ရှိခဲ့မည်ဆိုပါက အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်နေမှာ အမှန်ပင်။


ချီလင်ချင်းက ရိုက်ကွင်းမန်နေဂျာ လက်ထဲက စက္ကူထုပ်ကြီးကို သတိထားမိသွားပြီး တစ်ဖက်လူစိတ်ထားမှာ မမှန်ဟုတွေးကာ ပြောလိုက်သည်။

"ဒါနဲ့…. နောက်မှ ကျွန်တော့်ကို စက္ကူအပို အချပ်

နည်းနည်းလောက် ပေးလို့ရမလား…"


ရိုက်ကွင်းမန်နေဂျာ : "ရပါတယ်.… ရပါတယ်..."


လူအုပ်ကြီး : "......"


ထုတ်လုပ်သူက တစ်ယောက်တည်း ရေရွတ်နေမိသည်။

“ဒီစက္ကူတွေကို ရိုက်ကူးရေးအဖွဲ့က Pin Xixiမှာ ပို့ခအပါအဝင်မှ ၉.၉ယွမ် နဲ့ ဝယ်ထားတာ မဟုတ်ဘူးလား….”


ဒါရိုက်တာရှန်းက အံ့ဩလွန်းသဖြင့် နှုတ်ခမ်းထောင့်များပင် တွန့်သွားရသည်။


ချီလင်ချင်းက အင်အားကြီးတဲ့ မိသားစုက သခင်လေးအစစ် ဖြစ်နေပြီလေ.... ဘာဖြစ်လို့ သူက ဒီလောက်တောင် ကပ်စေးနှဲနေရတာလဲ….


×××××


ချီလင်ချင်းက ယခင်ဘဝတွင် လက်ရေးလှရေးခြင်းထက် ပန်းချီဆွဲခြင်းဖြင့် အသက်မွေးခဲ့သူဖြစ်ရာ ပန်းချီပညာတွင် ပို၍ ကျွမ်းကျင်လေသည်။


လက်ရေးလှရေးခြင်း၏ အနှစ်သာရမှာ တရုတ်စာလုံးများ၏ တည်ဆောက်ပုံပေါ်မူတည်၍ ဆင့်ကဲဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပုံစံအမျိုးမျိုး ကွဲပြားလေသည်။


အခြေခံရေးနည်း၊ ပုံသဏ္ဍာန်၊ ဦးတည်ချက်နှင့် စာလုံးပုံစံများမှာ သတ်မှတ်ချက်အတိုင်း ပုံသေရှိပြီးသား ဖြစ်သည်။ ၎င်းမှာ ပန်းချီကားများကဲ့သို့ စိတ်ကူးရှိသည့်အတိုင်း ဖန်တီး၍မရသကဲ့သို့ ပစ္စည်းများအပေါ်တွင်လည်း မမူတည်ချေ။


ချီလင်ချင်းက သူ့ကိုယ်သူ ပန်းချီပါရမီရှိသူဟုထင်သော်လည်း လက်ရေးလှအပိုင်းတွင်မူ ထိုမျှလောက်ယုံကြည်ချက်မရှိပေ။


သူ နာတာရှည်ဖျားနာခဲ့သော နှစ်နှစ်တာအတွင်းတွင် ဆရာကြီးနှစ်ဦး၏ သင်ကြားပေးမှုကိုခံရပြီး ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သည်။ သူက စာလုံးအမျိုးမျိုးကို ရေးနိုင်သော်လည်း 'အပြေးအနှေးစပ် စာလုံးပုံစံ'နှင့် 'အလွတ်ရေးစာလုံးပုံစံ'တို့တွင် အတော်ဆုံးဖြစ်သည်။


"မိုင်တစ်ရာ တောပြာငှက်" ပန်းချီကားပေါ်မှ စာသားမှာလည်း အလွတ်ရေးပုံစံပင် ဖြစ်သည်။


ချီလင်ချင်း ပန်းချီကားကိုကြည့်ရင်း ပိုမိုနက်ရှိုင်းသောအမြင်များ ရလာသည်။


ရိုက်ကွင်းမန်နေဂျာက 'အက်ရှင်'ဟု အော်လိုက်ပြီး ကတ်ပါဘုတ်ကို ရိုက်ချလိုက်သည်နှင့် ကင်မရာသုံးလုံးက သူ့ဘေးပတ်ပတ်လည်သို့ ရောက်လာသည်။ 


ချီလင်ချင်းက ထိုကဲသို့သောစက်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သတ္တုရောင်လက်နေသည့် ထူးဆန်းသော သတ္တဝါကြီးတစ်ကောင်အလား စိတ်ဝင်တစား ငေးကြည့်မိသွားသည်။


ဒါရိုက်တာရှန်း၏ မျက်နှာမှာ မဲမှောင်သွားတော့သည်။


ရိုက်ကွင်းမန်နေဂျာက ချီလင်ချင်းကို မျက်စိနှစ်

ဖက် မှိတ်ပြလိုက်တော့သည်။


သာ့ကော...သာ့ကော... ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာ အာရုံမလွင့်လို့ရမလား.....


ချီလဲ့လဲ့ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်ပူသွားရသည်။


ဒါရိုက်တာရှန်းက ဒေါသကြီးသူအဖြစ် နာမည်ကြီးလှသည်။ ဒါရိုက်တာရှန်းက တစ်ချက်တည်းနှင့် အဆင်ပြေသည့် သရုပ်ဆောင်ကိုပင် ချီးကျူးလေ့မရှိဘဲ အမှားအယွင်း အနည်းငယ်ရှိလျှင်ပင် အကြီးအကျယ် ငေါက်ငမ်းတတ်သူဖြစ်သည်။ ဒါရိုက်တာရှန်း ဆူပူကြိမ်းမောင်းရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် ချီလင်ချင်းက မိမိမှာ သူတစ်ပါးထံတွင် အခကြေးငွေဖြင့် အလုပ်လုပ်ပေးနေရသူဖြစ်ကြောင်း သတိရသွားကာ မျက်လွှာချ၍ ပန်းချီစဆွဲတော့သည်။


အခုအချိန်မှာ စူးစမ်းချင်တဲ့စိတ်ကို ခဏဘေးဖယ်ထားရမယ်... အိမ်ရောက်မှပဲ Baiduမှာ ပြန်ရှာကြည့်ရမယ်....


အလုပ်ရှင်စိတ်တိုင်းမကျ၍ ပိုက်ဆံမပေးမည်ကို သူ အလွန်ကြောက်ရွံ့လှသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယခင်ဘဝတွင် သူ ခဏခဏ ကြုံဖူးသောကြောင့်ဖြစ်သည်။


×××××


မော်နီတာနောက်တွင်ထိုင်နေသော ဒါရိုက်တာရှန်းက လိုင်ဇယ်ကို တီးတိုးမေးလိုက်သည်။


သူက ကျွမ်းကျင်သူများကို ယုံကြည်သော်လည်း ချီလင်ချင်း၏ ယခု သရုပ်ဆောင်မှုကိုကြည့်ကာ ရှန်းချန် စိတ်ပျက်သွားရသည်။


လိုင်ဇယ်က စခရင်ကိုညွှန်ပြပြီး ပြောလိုက်သည်။ 

"စောင့်ကြည့်လိုက်ပါဦး.... အဖြေက ထွက်လာတော့မှာပါ...."


ဒါရိုက်တာရှန်း မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။ ထိုလူငယ်လေးက ဆံပင်ရွှေရောင်နှင့် ဖြစ်နေသော်လည်း ကင်မရာထဲတွင် ကြည့်ကောင်းလှသည်။ ခန္ဓာကိုယ်မှာ သွယ်လျပြီး အရပ်အမောင်းမှာလည်း ချီလဲ့လဲ့နှင့် ခပ်ဆင်ဆင်ပင်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ရှေးဆန်ပြီး တည်ကြည်သည့် အငွေ့အသက်များ လွှမ်းမိုးနေသည်။


ယခုတစ်ကြိမ်တွင် ချီလင်ချင်းက ကဗျာစာသားကို အရင်မရေးတော့ဘဲ ပုံမှန်အတိုင်း မင်ရည်စိမ်ကာ ပန်းချီကိုသာ အရင်စဆွဲသည်။ သူ ယခင်က အသေးစိတ်အချက်အလက်များမှ စတင်ကာ ငှက်၏နှုတ်သီးနှင့် နှာခေါင်းကို အရင်ပုံဖော်လေ့ရှိသော်လည်း ယခုဆွဲပုံမှာ ကြည့်နေသူများကို ဝေခွဲမရဖြစ်စေသည်။


"သူ ဘာတွေဆွဲနေတာလဲ...."


"ငှက်နှုတ်သီးက ငှက်နှုတ်သီးပုံမပေါ်ဘဲ ဘဲလိုဖြစ်နေတယ်..."


ချီလင်ချင်းက တောပြာငှက်၏ နှုတ်သီးကို ဆွဲပြီးသွားကာ နောက်တစ်ကြောင်းဆွဲရန် ပြင်ဆင်နေသည်။ ရိုက်ကွင်းရှုထောင့်မှကြည့်လျှင် ထိုပုံစံက အတော်လေးထူးဆန်းနေသည်။


ချီလဲ့လဲ့သည် ဘေးတွင်ရပ်ရင်း သူ့အစ်ကို အရှက်ရမည့်မြင်ကွင်းကို မကြည့်ရက်သည့်အလား ကျောခိုင်းလိုက်သည်။


"ချီလဲ့လဲ့ကို ကိုယ်တိုင်ဆွဲခိုင်းလိုက်တာမှ ပိုကောင်းဦးမယ်.... သူတို့နှစ်ယောက်လုံးက ငှက်ပုံဆွဲနေပေမဲ့ တစ်ယောက်က ကြက်ပုံပေါ်ပြီးတော့ နောက်တစ်ယောက်က ဘဲပုံပေါ်နေတယ် ဘာမှသိပ်မကွာခြားပါဘူး..."

ထုတ်လုပ်သူက လှောင်ပြောင်ပြောဆိုလိုက်သည်။


ချီလဲ့လဲ့ : "........."


"ဟုတ်သားပဲ...ဒါရိုက်တာရှန်း... အင်တာနက်ပေါ်မှာ နာမည်ဆိုးနဲ့ လူသိများနေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ကို အစားထိုးဖို့အတွက် ဘာလို့ငှားခဲ့တာလဲ...."

ချီလဲ့လဲ့နှင့် ရင်းနှီးသောသရုပ်ဆောင်တစ်ဦးက ဝင်၍ မြှောက်ပင့်ပြောလိုက်သည်။


ထိုစကားကိုကြားရသောအခါ ဒါရိုက်တာရှန်းက အကြောင်းပြချက်မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။


သူက မော်နီတာကို မကြည့်နေတော့ဘဲ ထသွားကာ ထောင့်တစ်ထောင့်တွင် ဆေးလိပ်သွားသောက်သည်။ ချီလင်ချင်းနှင့်ပတ်သက်၍ သူအတော်ပင် စိတ်အနှောင်အယှက် ဖြစ်နေရသည်။


ငါ့သူငယ်ချင်းက ငါ့ကို လိမ်နေတာလား.....


လက်ရေးလှတိုင်း တရုတ်ရိုးရာပန်းချီမှာ တော်နိုင်ပါ့မလား....


မျှော်လင့်ချက် ကြီးသွားတာလား....


လက်ရေးလှသာမက ပန်းချီပါ ကျွမ်းကျင်သည့် လူငယ်ပါရမီရှင်တစ်ယောက်နှင့် ရုတ်တရက် ဆုံတွေ့ရန်ဆိုသည်မှာ လက်တွေ့တွင် ဖြစ်နိုင်ပါ့မလားဟု သူတွေးတောနေမိတော့သည်။


လူအများက အတင်းပြောနေကြချိန်တွင် ချီလင်ချင်းက ငှက်၏ပုံကြမ်းကို အချောသတ်လိုက်ပြီး အောက်ဘက်ရှိ မက်မွန်ခက်နှင့် အရွက်များကို စတင်ရေးဆွဲနေပြီဖြစ်သည်။ သူက မူရင်းပန်းချီကားကို စက်ရုပ်တစ်ရုပ်သဖွယ် ပုံတူကူးနေခြင်းမျိုးမဟုတ်ဘဲ သူ၏ ကိုယ်ပိုင်စုတ်ချက်၊ ကိုယ်ပိုင်ဟန်တို့ဖြင့် ဖန်တီးနေခြင်းဖြစ်သည်။ 


အကယ်၍ အလုပ်ရှင်က စိတ်တိုင်းမကျခဲ့လျှင်လည်း သူတတ်နိုင်သလောက် အကောင်းဆုံး ဆွဲပေးပြီးပြီဟုသာ မှတ်ယူရပေတော့မည်။


ဒါရိုက်တာရှန်း ဆေးလိပ်သောက်ပြီးသွားသောအခါ ဆေးလိပ်တိုကို ခြေထောက်ဖြင့်နင်းကာ ရိုက်ကွင်းဆီသို့ လျှောက်လာခဲ့သည်။


"ဒါရိုက်တာရှန်း ရိုက်လို့ပြီးသွားပါပြီ....."

ရိုက်ကွင်းမန်နေဂျာက စားပွဲပေါ်က ပန်းချီကားကို ညွှန်ပြ၍ ပြောလိုက်သည်။


ရိုက်ကွင်းပေါ်ရှိ လူအားလုံး၏ ထူးဆန်းသောမျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် ဒါရိုက်တာ၏ မျက်ခုံးများ ပင့်တက်သွားရသည်။ 


ချီလဲ့လဲ့က သူ၏ မိတ်ဆွေများဖြစ်သော အခြားသရုပ်ဆောင်များကို တီးတိုးပြောလိုက်သည်။

"ငါ့အစ်ကိုက ပန်းချီကောင်းကောင်းဆွဲတတ်တာပဲ.... သူ့မှာ အဲ့လောက်စွမ်းရည်ရှိမယ်လို့ ငါမထင်ထားဘူး...."


ဤသည်မှာ 'Metamorphosis Meter' အစီအစဉ်တွင် မနာလိုဝန်တိုစိတ်ကြီးလှသော ချီလင်ချင်း၏ ပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ရာ ရိုက်ကွင်းပေါ်ရှိလူများက ချီလဲ့လဲ့ကို နတ်သားလေးတစ်ပါးအလား ထင်မှတ်နေကြသည်။


အခုအချိန်တွင် ထုတ်လုပ်သူက ဘယ်ကမှန်းမသိယူလာသော မှန်ဘီလူးတစ်လက်ကိုကိုင်ကာ စားပွဲပေါ်ရှိ ပန်းချီကို အသေးစိတ်ကြည့်နေသည်။ သူ၏မျက်နှာမှာ ခုနက လှောင်ပြောင်ခဲ့မိသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး မြေကြီးထဲသို့သာ ခေါင်းလျှိုဝင်သွားချင်စိတ် ပေါက်နေတော့သည်။


ဒါရိုက်တာရှန်းက သံသယများစွာဖြင့် စားပွဲအနီးသို့ လျှောက်သွားလိုက်သည်။ 


ငါ ကျောခိုင်းထားတဲ့ ခဏအတွင်းမှာပဲ ဒီဆံပင်ရွှေရောင်နဲ့လူငယ်လေးက နာမည်ကြီးလောက်တဲ့အထိ ဆွဲနိုင်သွားတာလား.... 


ပန်းချီကားကို မြင်လိုက်ရသည့် ခဏမှာပင် ဒါရိုက်တာရှန်း၏ တည်ငြိမ်လှသော မျက်နှာထားမှာ လုံးဝ ပျက်ယွင်းသွားတော့သည်။ 


ငါမှားသွားတာပဲ... ငါ့သူငယ်ချင်းက ငါ့ကို မညာခဲ့ဘူး....


ဒါက ပြန်ကူးဆွဲထားတာဖြစ်ပေမဲ့ ဘာဖြစ်လို့ မူလ'မိုင်တစ်ရာ တောပြာငှက်'နဲ့ ကွာပြီးတော့ အသက်ဝင်နေရတာလဲ…


ရိုက်ကွင်းမန်နေဂျာက တရုတ်ရိုးရာပန်းချီကို သေသေချာချာ မလေ့လာခဲ့ဖူးသောကြောင့် နားမလည်ချေ။ သူက ချီလင်ချင်း၏ ပန်းချီကားနှင့် မူရင်းကားကို ယှဉ်ကြည့်ရင်း မျက်နှာပျက်နေသည်။ တစ်ပုံက ပြားချပ်နေသော်လည်း နောက်တစ်ပုံကမူ အပြင်တွင် တကယ်ရှိနေသကဲ့သို့ ထုထည်နှင့် မြင်နေရသည်။


ဘာလို့ လူတိုင်းက ချီလင်ချင်းရဲ့ ပန်းချီကို ချီးကျူးနေရတာလဲ....


"ဒီပုံနှစ်ပုံက လုံးဝမတူဘူး..."

ရိုက်ကွင်းမန်နေဂျာက တိုးတိုးလေး ရေရွတ်လိုက်သည်။


လူအုပ်ကြီးဆီမှ အသံတိုးတိုး ထွက်လာသည်။

"ဟုတ်တယ်... ဒီကောင်လေးဆွဲထားတာ အရမ်းတော်တယ်.... အပြင်မှာရှိနေသလိုပဲ...."


လိုင်ဇယ်၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး သူက ပြန်ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ သူက ကူးဆွဲထားတာမဟုတ်ဘူး.... သူ့ရဲ့ ကိုယ်ပိုင်စုတ်ချက်တွေနဲ့ သက်ရှိငှက်တွေ၊ ပန်းလေးတွေရဲ့ လှုပ်ရှားမှုကို တခြားတစ်နည်းနဲ့ ဖော်ပြလိုက်တာမို့လို့ပဲ..."


လူတို့က ထူးဆန်းအံ့သြဖွယ်ရာတစ်ခုနှင့် ကြုံတွေ့ရသောအခါ ပြင်ပလောကကို မေ့လျော့သွားတတ်ကြသည်။ 


လိုင်ဇယ်က ခုနက လူများ အတင်းပြောနေကြစဉ်မှာပင် ဘာကိုမှ မကြားနိုင်လောက်အောင် ပန်းချီကားထဲ၌ စီးမျောနေခဲ့ခြင်း ဖြစ်သည်။ သက်ရှိတောပြာငှက်လေးတစ်ကောင် မွေးဖွားလာမှုကို သူက မျက်မြင်တွေ့ရှိခဲ့ရသူ ဖြစ်သည်။


လိုင်ဇယ်၏ မေဂျာဘာသာရပ်မှာ ဆီဆေးပန်းချီဖြစ်သည်။ အနောက်တိုင်း၏ ပန်းချီလောကတွင် အရိပ်များကိုသုံးထားသည့် သုံးဖက်မြင် ပန်းချီကားများစွာကို တွေ့ခဲ့ဖူးသော်လည်း တရုတ်ရိုးရာပန်းချီတွင် စုတ်ချက်လိုင်းများဖြင့်သာ ဤမျှ အနက်နှင့် ထုထည်ကို ဖော်ပြနိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ 


ဤသည်မှာ သူသိထားသော ပညာရပ်နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။


ဒါရိုက်တာရှန်းက ဆံပင်အဝါရောင်နှင့် ကောင်လေးကို ကြည့်လိုက်သည်။ သူ ခုနကအော်ခဲ့သည့်အတွက် ထိုကောင်လေး လန့်သွားမည်ကို စိုးရိမ်သောကြောင့် အသံကို ညင်သာစွာဖြင့် ပြောလိုက်သည်။ 

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်.... ရိုက်ကွင်းမန်နေဂျာကို ခဏနေကျရင် မင်းအတွက် ပိုက်ဆံလွှဲခိုင်းလိုက်ပါ့မယ်.... Alipayနဲ့လိုချင်လား... Wechatနဲ့လား..."


ချီလင်ချင်း : "ငွေသားနဲ့ ပေးလို့ရမလား..."


သူ softwareများကို ဘယ်လိုသုံးရမှန်း မသိချေ။ 


ဒါရိုက်တာရှန်းက ခဏမျှ ကြောင်သွားရပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ 

"ရတာပေါ့... ရတာပေါ့..."


ဒါရိုက်တာရှန်းက ရိုက်ကွင်းမန်နေဂျာကို အနီးအနားရှိ ဘဏ်တစ်ခုတွင် ပိုက်ဆံသွားထုတ်ခိုင်းပြီးနောက် စာအိတ်အနီထဲသို့ထည့်ကာ ထိုကောင်လေးကို ကမ်းပေးလိုက်သည်။


🎨🎨🎨