Ch 2
Viewers 20

🎨 Chapter 2



ထိုသတင်းကိုဖတ်ပြီးနောက် အဝတ်လဲခန်းထဲမှ အခြားသရုပ်ဆောင်များက ချီလဲ့လဲ့ကို သနားသောမျက်လုံးများဖြင့် ကြည့်နေကြသည်။


ငယ်ငယ်တည်းက အချစ်ခံပြီးအလိုလိုက်ခံရတဲ့ အဲ့ဒီလူငယ်လေးက သူ့မိဘတွေရဲ့ သားအရင်းမဟုတ်ဘူးဆိုတာသိလိုက်ရတော့ အရမ်းဝမ်းနည်းနေမှာပဲ....


ချီလဲ့လဲ့က  ထိုအကြည့်များကို သတိထားမိသွားပြီး သူ၏ခေါင်းကိုမော့ကာ ခါးသက်သက်ပြုံးရင်း ပြောလိုက်သည်။ 

" ကျွန်တော် ဂရုမစိုက်ပါဘူး.... ကျွန်တော့်အစ်ကိုကတော့ ကျွန်တော့်မိဘတွေရဲ့ အလိုလိုက်ခံနေရပုံပဲ..... မဟုတ်ဘူး.... ကျွန်တော့်ဦးလေးနဲ့အဒေါ်က သူ့ကိုအရမ်းအလိုလိုက်နေတာ... နွေရာသီ အပန်းဖြေတုန်းကတောင် မကာအိုမှာ လောင်းကစားလုပ်လို့ ပိုက်ဆံသန်းပေါင်းများစွာကို သူဖြုန်းတီးခဲ့တာ..."


​ထိုနေရာရှိ လူများထဲတွင် 'Metamorphosis Meter' အစီအစဉ်ကို မကြည့်ဖူးသူများပင်လျှင် ကျေးလက်မှလာသော အစ်ကိုဖြစ်သူ ချီလင်ချင်းမှာ အင်တာနက်တစ်ခွင်တွင် ဝိုင်းပယ်ခံနေရသူဖြစ်ကြောင်း သိကြသည်။ ဤသတင်းအချက်အလက်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့က ချီလင်ချင်းကို "ငတုံး၊ ငအ" ဟု သမုတ်ရန် ပို၍ပင် ခိုင်လုံသောအကြောင်းပြချက် ရသွားကြတော့သည်။


ဝေဖန်သူများက ချီလင်ချင်းကို နေ့တိုင်းဝိုင်းပြောနေသည်မှာ အံသြစရာ မဟုတ်တော့ချေ။


ဘယ်လို IQမျိုးပါလိမ့်...


မီလီယံနဲ့ချီကို ရှုံးခဲ့တာ.....


"ဒါပေမဲ့ မင်းရဲ့မိဘတွေကို ဘာလို့ ဦးလေးနဲ့အဒေါ်လို့ခေါ်နေရတာလဲ...."

တစ်ယောက်ယောက်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။


ချီလဲ့လဲ့က တီးတိုးပြောလိုက်သည်။

"ကျွန်တော် သူတို့ကို အဖေနဲ့အမေလို့ ခေါ်ချင်ပါတယ်.... ဒါပေမဲ့ ကျွန်တော့်အစ်ကို စိတ်ဆိုးသွားမှာကိုစိုးရိမ်လို့ပါ... သူက ကျွန်တော့်ကို သားအရင်းမဟုတ်ဘူးလို့ပြောတယ်.... ကျွန်တော့်မှာ အဖေနဲ့အမေလို့ ခေါ်ခွင့်မရှိဘူးတဲ့...."


ထိုစကားများက ကြားရသူအပေါင်းကို စိတ်မကောင်းဖြစ်စေပြီး ထိုနေရာရှိ လူအားလုံး၏ စိတ်ထဲတွင် ချီလင်ချင်းအပေါ် ရွံရှာမုန်းတီးမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။


မွေးကျေးဇူးထက် ကျွေးကျေးဇူးက ပိုပြီးတော့ သိသာနေတာမဟုတ်လား.... ဘာလို့ ချီလဲ့လဲ့က ခေါ်ခွင့်မရှိရတာလဲ.....


ချီလဲ့လဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ 

"ကျွန်တော်က ဦးလေးနဲ့အဒေါ်ကို တကယ်ပဲစိတ်ပူနေတာ.... ကျွန်တော့်အစ်ကို ကျွန်တော့်လိုပဲ အထက်တန်းတတိယနှစ်ကိုတက်ရတော့မှာလေ.... တကယ်လို့ သူ့အမှတ်တွေကမကောင်းရင် သူတို့တကယ်ပဲစိတ်ပူနေကြမှာ...."


လူတိုင်း၏အမြင်တွင် ကျေးလက်တွင်မွေးဖွားလာသော ချီလင်ချင်းက အမှတ်ကောင်းကောင်းရမည်မဟုတ်ဟု ထင်ကြသည်။ ထို့ကြောင့် တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်မှာ -


​"ရပါတယ်.... ချီမိသားစုမှာ မင်းရှိသေးတာပဲ.... မင်းရဲ့ အဆင့်တွေက အရမ်းကောင်းတာ မဟုတ်လား... မင်းရဲ့ မိဘတွေကို မင်းက စိတ်သက်သာရာရအောင် လုပ်ပေးနိုင်မှာပါ...."


​"ဟူး... လဲ့လဲ့လေးက သန်မာတယ်.. ချောတယ်... သနားဖို့ကောင်းသလို ချစ်ဖို့လည်း အရမ်းကောင်းတာပဲ...."


​"........"


ဒါရိုက်တာ၏ ပြောစကားများကြောင့် မှိုင်းညို့နေသော သူ၏ စိတ်အစဥ်မှာ ထိုလူအုပ်၏ စကားများကြောင့် ပြန်လည်ကြည်လင်သွားတော့သည်။


သူ တစ်ခုခုပြောရန်ပြင်လိုက်စဥ်တွင်.....


ရိုက်ကွင်းမန်နေဂျာက အလောတကြီးပြေးဝင်လာကာ သူ၏ ပန်းချီများကို ဒါရိုက်တာရှန်းကို ယူလာပြရန် ပြောလေသည်။


​ချီလဲ့လဲ့မှာ အလွန်အမင်း ဝမ်းသာသွားပြီး သူ၏ ပန်းချီကားကို ပိုက်ကာ အပြေးအလွှား ထွက်သွားတော့သည်။


ငါ နေ့မနားညမနား လေ့ကျင့်ခဲ့တာအားလုံးက ဒီနေ့အတွက်ပဲ မဟုတ်လား....


ဒါရိုက်တာရှန်းက ပန်းချီကိုယူပြီးနောက် ဖြန့်ကြည့်လိုက်သည်။ အပေါ်ယံကြည့်ရုံနှင့် အဆင်ပြေသောကြောင့် လိုင်ဇယ်ကိုပြရန် ယူသွားလေသည်။ လိုင်ဇယ်က တရုတ်ရိုးရာပန်းချီ အထူးပြု မဟုတ်သော်လည်း သူ၏ဝေဖန်ချက်များက ရှောင်လွှဲ၍မရအောင် ထိရောက်လှသည်။


​"ဒီပန်းချီက အပြင်လူကို လှည့်စားဖို့ဆိုရင်တော့ ရပါတယ်.... ဒါပေမဲ့ ပညာရှင်တစ်ယောက်သာ ကြည့်လိုက်ရင်တော့ အမှားတွေက ချက်ချင်း ပေါ်လာမှာပဲ.... ကြည့်ပါဦး... သူက 'မိုင်တစ်ရာ တောပြာငှက်' ကို အတုခိုးဆွဲထားတာ သိသာပေမဲ့ သူ့လက်ရာက ငှက်နဲ့မတူဘဲ ကြက်တစ်ကောင်နဲ့ပဲ တူနေတယ်"

လိုင်ဇယ်က ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်သည်။


ထိုစကားကြောင့် ဒါရိုက်တာရှန်း စိတ်ပျက်သွားလေသည်။ ယခင်က ရိုက်ကူးခဲ့သော ရှေးဟောင်းဇာတ်လမ်းတွဲ၌ ပန်းချီဆွဲသည့်နေရာတွင် လူစားထိုး မသုံးမိခဲ့သောကြောင့် ပရိသတ်များ၏ လှောင်ပြောင်မှုကို အကြီးအကျယ် ခံခဲ့ရဖူးသည်။ ထို့ကြောင့် ချီမိသားစုကို အားနာစရာ ဖြစ်သွားသော်လည်း ချီလဲ့လဲ့နေရာတွင် အစားမထိုးဘဲ ရိုက်ကူးမည့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ရသည်။


ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် သူငယ်ချင်း​ဖြစ်သူ တရုတ်ရိုးရာပန်းချီဘောင်သွင်းဆိုင်ပိုင်ရှင်ဆီမှ ဖုန်းဝင်လာသည်။ လူစားထိုးပန်းချီဆရာ ရှာခိုင်းထားသည်ကို သတိရသွားပြီး ဒါရိုက်တာရှန်း၏မျက်နှာတွင် မျှော်လင့်ချက်ရောင်ခြည်သမ်းသွားကာ သူ၏ ဖုန်းကိုကိုင်ကာ အပြင်ထွက်ရန်ပြင်ပြီး ပြောလိုက်သည်။ 

"ငါ ဖုန်းသွားပြောလိုက်ဦးမယ်...."


လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရသောကြောင့် ချီလဲ့လဲ့၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။


သို့သော် သူက ထုတ်မပြဘဲ အပြစ်ကင်းသောအပြုံးဖြင့် နွေးထွေးစွာ ပြောလိုက်သည်။ 

"လမ်းပြပေးလို့ ကျေးဇူးပါ ဒါရိုက်တာလိုင်...."


"......."


လိုင်ဇယ် သက်ပြင်းချမိသွားသည်။


ချီလဲ့လဲ့က ဝေဖန်ခံရသည်မှာ ထင်ရှားနေသော်လည်း ပြောင်းပြန်အနေဖြင့် တစ်ဖက်လူကို လမ်းညွှန်မှုအတွက် ကျေးဇူးတင်စကားပြောလိုက်သည်။ ချီလဲ့လဲ့က ဖျော်ဖြေရေးလောကတွင် အမြဲလိုလို နာမည်ကောင်းရနေသည်မှာ အံ့ဩစရာ မရှိတော့ချေ။


ခဏမျှကြာပြီးနောက်.....


ဒါရိုက်တာရှန်းက မျက်နှာပျက်ပျက်နှင့် ပြန်လာပြီး သူ့နောက်ကလူကို လက်ညှိုးထိုးပြကာ ရိုက်ကွင်းမန်နေဂျာကို ညွှန်ကြားလိုက်သည်။ 

"ဒါက လူသစ်....ပန်းချီလူစားထိုးပဲ....သူ့အတွက် လူတွေ့စစ်ဆေးမှုတစ်ခု စီစဉ်ပေးလိုက်....."


ဒါရိုက်တာရှန်း၏ နောက်မှ လိုက်ဝင်လာသော လူငယ်​လေးက အသက်ကြီးပုံ မရသေးပေ။ သူက သာမန်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကိုသာ ဝတ်ဆင်ထားသော်လည်း သူ့ထံတွင် အေးစက်သော အငွေ့အသက်တစ်ခု ရနေသည်။


ချီလဲ့လဲ့ သူ့ကို မြင်သောအခါ သူ၏ အမူအရာမှာ သရဲတစ်ကောင်ကို နေ့ခင်းဘက်တွင် တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။ 


လူတိုင်း မှင်တက်သွားရသည်။


ဒါက ပန်းချီလူစားထိုးလား.....


ရသစုံရှိုးရဲ့အိုင်ဒေါက လမ်းမှားပြီး ရောက်လာတာလား.....


×××××


ရိုက်ကွင်းမန်နေဂျာက အင်္ကျီတန်းပေါ်က ရှေးဟောင်းအဖြူရောင်ဝတ်စုံကို ဖြုတ်ချလိုက်ပြီး ချီလင်ချင်းကိုယ်လုံးနှင့် တိုင်းလိုက်သည်။ ၎င်းကို ကြည့်ရသည်မှာ တော်မည့်ပုံ ပေါ်နေသည်။


"မင်းဝတ်လို့ရလား...."


ချီလင်ချင်းက ခေါင်းညိတ်လိုက်သည်။ 


ဂျင်းဘောင်းဘီကို ဝတ်ရခက်သော်လည်း ရှေ့ဟောင်းအင်္ကျီကိုမူ သူ အလွယ်လေးဝတ်နိုင်သည်။ 


ထို့နောက် ရိုက်ကွင်းမန်နေဂျာက သူ့က်ို အင်္ကျီပေးပြီး အဝတ်လဲခန်းထဲသို့ တွန်းပို့လိုက်သည်။

“ခုန တစ်ယောက်က ချီလဲ့လဲ့နဲ့ ဘဝချင်းလဲထားတဲ့ ချီလဲ့လဲ့အစ်ကို လား….”


“သူက တောကလာတယ်လို့တောင် မထင်ရဘူးနော်….”


“တော်တော်ချောတာပဲ….”


“သူ့ဆံပင်စတိုင်ကလည်း နောက်ဆုံးပေါ် ဒီဇိုင်းလိုပဲ…..ဟား…ဟား…ဟား….”


“……..”


လူတိုင်းက အတင်းပြောနေကြသည်။


အဝတ်လဲခန်းထဲတွင်…. 


ချီလင်ချင်းအဝတ်လဲပြီးနောက် သူ့ဖုန်းထဲ စာများ ဝင်ထားသည်ကို တွေ့လိုက်သည်။


တုယွမ်ပိုင် : [မင်းတကယ်ပဲ အစားထိုးပန်းချီဆရာလုပ်တော့မလို့လား]


[ငါ့ကိုလည်း ရိုက်ကွင်းကိုသွားခွင့်ပေးပါဦး]

 

အမှန်တွင် တုယွမ်ပိုင်က ရိုက်ကွင်းတွင် တစ်ဖက်လူတစ်ယောက် အရှက်ကွဲသည်ကို ကြည့်ချင်နေမိသည်။


ချီလင်ချင်းက ပြောလိုက်သည်။

“မရဘူး….”


တုယွမ်ပိုင် : [ဟာ]


[အဲ့ဒါ ဘာဇာတ်ဝင်ခန်းလဲ…. အနည်းဆုံးတော့ မင်းငါ့ကို ပြောပြသင့်တယ်လို့ မထင်ဘူးလား]


ချီလင်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ pinyinစကားလုံးများကို မသိပေ။ ထို့ကြောင့် သူက ဖုန်းခေါ်ပြီး ပြောလိုက်သည်။ 


တုယွမ်ပိုင် ဇဝေဇဝါဖြစ်သွားသည်။ 

“ဘာ….”


ချီလင်ချင်းက စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။

“ဇာတ်ကားနာမည်က ‘ထန်ယွဲ့ဖုန်းယွင်’ပဲ….”


တုယွမ်ပိုင် အံသြသွားရသည်။

“ဟာ တိုက်ဆိုင်လိုက်တာ…. ချီလဲ့လဲ့နဲ့ ကျုံးချန် ကလည်း အဲ့ဇာတ်ကားထဲမှာပဲ သရုပ်ဆောင်နေကြတာလေ….”


ချီလင်ချင်း အံ့ဩသွားသည်။


မူလက သူနားမလည်ပေ။


ထို့နောက် သူနားလည်လာခဲ့သည်။ သူတို့နှစ်ယောက်က အဓိကဇာတ်လိုက်နှင့် အမြောက်စာဇာတ်ကောင် တို့ဖြစ်ကြောင်း သူသိသွားသည်။


ဖုန်းတစ်ဖက်က တုယွမ်ပိုင်က တတွတ်တွတ်နှင့် 

စကားဆက်ပြောနေသည်။


"ငါကြားတာ ကျုံးချန်က ချီလဲ့လဲ့အတွက် ဒီဇာတ်လမ်းကို ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံပေးဖို့ သူ့အဖေကို အတင်းအကျပ် တောင်းဆိုခဲ့တာတဲ့…. ဒါပေမဲ့ နောက်ဆုံးတော့ အဆင်မပြေခဲ့ဘူး…. သူ့အဖေက ၂.၅ သန်းပဲ ရင်းနှီးမြှုပ်နှံပေးပြီး ကျုံးချန်ကို ချီလဲ့လဲ့နဲ့ မျက်နှာချင်းဆိုင် သရုပ်ဆောင်ရမယ့် အရံဇာတ်ကောင်နေရာလေးပဲ ရအောင် ချော့မော့ပြီး လုပ်ပေးလိုက်တာ.…”


အဝတ်လဲခန်းအပြင်ဘက်တွင် ရိုက်ကွင်းမန်နေဂျာက သူ့ကို အပြင်ထွက်လာရန် အတင်းပြောနေသည်။

ချီလင်ချင်း ဖုန်းချလိုက်ရပြီး လိုက်ကာကို မကာ အပြင်သို့ ထွက်လာခဲ့သည်။


ရိုက်ကွင်းမန်နေဂျာက သူ့အင်္ကျီလက်ကိုဆွဲပြီး ခေါ်သွားသည်။

"ညီလေး…. ဒါရိုက်တာကို အရင်သွားတွေ့ဖို့ ငါ့နောက်လိုက်ခဲ့ဦး….”


“ဟုတ်ကဲ့….”


ရိုက်ကွင်းမန်နေဂျာက ချီလင်ချင်းကို ခဏခဏ ခိုးကြည့်နေမိသည်။ သူ ချီလင်ချင်းနှင့် ချီလဲ့လဲ့ တို့ ပါဝင်ခဲ့သည့် “Metamorphosis Meter” အစီအစဉ်ကို သူ ကြည့်ဖူးသည်။ သို့သော် ယခုမြင်နေရသည့် လူငယ်လေးက မွေးစက ဘဝချင်း အလဲခံခဲ့ရသည့် ကြောက်နေတတ်သော တောသားလေးနှင့် မတူဘဲ လုံးဝကွဲပြားနေသည်ဟု သူတွေးနေမိသည်။


စိတ်နေစိတ်ထားနှင့် အရှိန်အဝါ ပြောင်းလဲသွားခြင်းက ဆံပင် အရောင်ပြောင်းခြင်ထက် ပိုသိသာနေသည်။ ၎င်းက မြေငလျင်လှုပ်သကဲ့သို့ ပို၍ ရိုက်ခတ်မှု ပြင်းထန်လှသည်။


ချီလင်ချင်းကို မြင်လိုက်ရသည့်အခါ ရိုက်ကွင်းပေါ်ရှိ လူများ၏ တုံ့ပြန်မှုက အံ့အားသင့်ပြီး ဆွံ့အသွားကြသည်။


ထိုရုပ်ချောသည့် လူငယ်လေးက ဝတ်ရုံဖြူနှင့် ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ခေါင်းပေါ်ရှိ ရွှေရောင်ဆံပင်များကြောင့် တစ်ကိုယ်လုံးက လှိုင်းလုံးများကြားတွင် ရုတ်တရက် ပေါ်လာသည့် ပလတ်စတစ် အမှိုက်စလေးတစ်ခုကဲ့သို့ ဖြစ်နေပြီး အသွင်အပြင်မှာ အလွန်ပင် ကန့်လန့်ကြီး ဖြစ်နေလေသည်။


ထုတ်လုပ်သူက မယုံကြည်နိုင်ဘဲ မေးလိုက်သည်။ 

"ဒါရိုက်တာရှန်း…. ဒါ ခင်ဗျား ရှာထားတဲ့ အစားထိုး ပန်းချီဆရာလား….”


လိုင်ဇယ်က ပါးနပ်သော လေသံဖြင့် ပြောရန် ကြိုးစားလိုက်သည်။ 

"သူက တကယ်တော့ ဘေးနားက ယောကျာ်းလေးအဖွဲ့ လူသစ်ရွေးပွဲကို သွားလို့ရနေတာပဲ….”


ဒီလို ဆံပင်အရောင်မျိုးနဲ့ တရုတ်ရိုးရာပန်းချီ အတွက် အစားထိုးပန်းချီဆရာ လုပ်မလို့လား…. ဒါက ဘယ်လို ဟာသကြီးလဲ…. 


ဒါရိုက်တာရှန်း မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူကိုယ်တိုင်လည်း "အစားထိုးပန်းချီဆရာ" ၏ အပြင်ပန်းပုံစံကို လက်မခံနိုင်ဖြစ်နေခြင်းပင်။


ထိုအချိန်တွင် ဆိုင်ရှင်က ထိုလူငယ်ကို ပို့ပေးခဲ့ပြီး ပေါ့ပေါ့ပါးပါးပြောဆိုကာ ထွက်သွားသည်။


"ကျွန်တော်က ပညာရှင်တစ်ယောက် မဟုတ်ပါဘူး…. ဒါပေမဲ့ သူ့ ပန်းချီပညာက အစားထိုးပန်းချီဆရာ ဖြစ်ဖို့ လုံလောက်တာထက် ပိုတယ်…"


ကာလရှည်ဖွင့်ထားသည့် တရုတ်

ပန်းချီနှင့် မှန်ဘောင်သွင်းဆိုင် ပိုင်ရှင်ဖြစ်သော သူငယ်ချင်း၏ ထောက်ခံချက်သာ မပါလျှင် ဒါရိုက်တာရှန်းအနေဖြင့် လူတွေ့စစ်ဆေးမှုအတွက် အချိန်ဖြုန်းနေမည် မဟုတ်ပေ။


ထိုအချိန် ပရိသတ်ထဲမှ “Metamorphosis Meter” အစီအစဉ်ကို ကြည့်ဖူးသည့် သရုပ်ဆောင်အချို့က ချီလင်ချင်းကို မှတ်မိသွားပြီး အော်ပြောလိုက်သည်။


“အရင်တုန်းက သူက အင်တာနက်စာမျက်နှာတစ်ခုလုံးရဲ့ ဝိုင်းပယ်တာကို ခံခဲ့ရတဲ့ ချီမိသားစုက သခင်လေး မဟုတ်လား….”


လွန်ခဲ့သော အချိန်အတောအတွင်းက ချီမိသားစု၏ သခင်လေးအစစ်နှင့် အတုအကြောင်း သတင်းများက အင်တာနက်ပေါ်တွင် အတော်လေး ဂယက်ရိုက်ခဲ့ဖူးသည်။


ဒါရိုက်တာရှန်း မျက်နှာ ပျက်သွားသည်။


Watsonတစ်ယောက် ကွယ်ပျောက်နေသည့် အချက်အလက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ လူအုပ်ကြီးက အမျိုးမျိုးသော ပြောဆိုသံများဖြင့် ဆူညံသွားတော့သည်။


"တောမှာကြီးလာတဲ့ လူငယ်တစ်ယောက်က တရုတ်ပန်းချီကို ဘယ်လိုလုပ် ဆွဲတတ်မှာလဲ….”


ထိုအချိန် ချီလဲ့လဲ့ကဆိုသည်။


“ကျွန်တော့်အစ်က်ိုက သူလည်း ဖျော်ဖြေရေးလောကထဲကို ကြယ်ပွင့်တစ်ယောက်အနေနဲ့ ဝင်ချင်တယ်လို့ ပြီးခဲ့တဲ့တစ်ခေါက်က ပြောဖူးတယ်….” 


ထုတ်လုပ်သူက အော်ပြောလိုက်သည်။

"ဟား.… ဒါဆို သူက မင်းကို လက်စားပြန်ချေဖို့ ကြိုးစားနေတာပေါ့….”


ချီလဲ့လဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး.… ကျွန်တော့်အစ်ကိုက အဲဒီလို ယုတ်မာတဲ့လူမျိုး မဟုတ်ပါဘူး…. သူက လမ်းမှာဖြတ်သွားတဲ့ ပိုးဟပ်တစ်ကောင်ကိုတောင် မနင်းရက်လောက်အောင် စိတ်ထားကောင်းတဲ့သူပါ….” 


လူအုပ်ကြီး : "ဒါက 'မလုပ်နိုင်တာ မဟုတ်ဘဲ မလုပ်ရဲတာ' မဟုတ်ဘူးလား….” 


သူတို့အားလုံး စဉ်းစားပြီးနောက် တူညီသည့် အဖြေတစ်ခုထွက်ပေါ်လာသည်။


ဒီဆံပင်ရွှေရောင်နဲ့ကောင်လေးက အစားထိုးပန်းချီဆရာအဖြစ် ဟန်ဆောင်ပြီး ရည်ရွယ်ချက်ရှိရှိ ရောက်လာတာပဲ…. ဒါပေမဲ့ သူက စေတနာကောင်းနဲ့ လာတာတော့ မဟုတ်ဘူး…. 


အဝတ်လဲခန်းထဲတွင်ပြောသောစကားများကို နားထောင်နေကြသော သရုပ်ဆောင်များက ပို၍ ဒေါသထွက်လာကြသည်။


"ဒါရိုက်တာရှန်း…. ဒီလိုလူမျိုးကို အဖွဲ့ထဲ ပေးမဝင်သင့်ဘူး….”


"ကြွက်ချေးတစ်လုံးက ဆန်တစ်အိုးလုံးကို ဖျက်ဆီးပစ်လိမ့်မယ်….”


"........"


ရှန်းချန်က တုံ့ဆိုင်းပြီး ဝေခွဲမရဖြစ်နေသော်လည်း သူနှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သည့် သူငယ်ချင်းဖြစ်သူက သူ့ကို လိမ်ညာမည်မဟုတ်မှန်း ခံစားမိသည်။


ရှန်းချန်က ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ညွှန်ကြားရန် လှည့်လိုက်သည်။


"သူ့ကို အခွင့်အရေးပေးလိုက်ပါ….”


ရှန်းချန်က စက္ကူနှင့် ဆေးရောင်စုံပစ္စည်းများ ပြင်ဆင်ရန် ရိုက်ကွင်းမန်နေဂျာကို လှည့်၍ အမိန့်ပေးလိုက်သည်။


ချီလင်ချင်းက မလှမ်းမကမ်းတွင် ရပ်နေခဲ့ပြီး လူ အုပ်ကြီးက သူ့အကြောင်းပြောနေကြသည်ကို သူ အသေအချာ ကြားနေရသည်။


သို့သော် သူ ဂရုမစိုက်ချေ။


ရိုက်ကွင်းမန်နေဂျာက စားပွဲတစ်လုံးကို ရွှေ့လာပြီး စုတ်တံများ၊ မင်ရည်များ၊ စက္ကူနှင့် မင်သွေးကျောက်တို့ကို ချထားပေးလိုက်သည်။


စားပွဲရှေ့တွင်မူ လေးပေပတ်လည်ရှိသော ပန်းချီကားတစ်ချပ်ကို ဒေါင်လိုက်ချိတ်ထားသည်။


လိုင်ဇယ်က ချီလင်ချင်းကို ပြောလိုက်သည်။


"မင်း ဒီ 'မိုင်တစ်ရာ တောပြာငှက်' ပုံကို နမူနာယူပြီး ကူးဆွဲလို့ရတယ်…. ပုံတစ်ပုံလုံး ပြီးအောင်ဆွဲဖို့ မလိုပါဘူး…. မင်းရဲ့ အရည်အချင်းကို ငါတို့သိနိုင်အောင် သုံးပုံတစ်ပုံလောက် ဆွဲပြရင် ရပြီ…"


လိုင်ဇယ်က ချီလင်ချင်းမှာ ဖျော်ဖြေရေးလောကထဲဝင်ပြီး ကင်မရာရှေ့တွင် မျက်နှာပြချင်ရုံသာလိုအပ်သည်ဟု ယုံကြည်နေသည်။ 


သူ့တန်ဖိုးကို မပြဘဲ အစားထိုးပန်းချီဆရာ ဖြစ်လာနိုင်မယ်လို့ သူ တကယ်ပဲ ထင်နေတာလား…. 


ငါတို့ရဲ့ ထန်ယွဲ့ဖုန်းယွင်ဇာတ်လမ်းက ဘယ်သူ့ကိုမဆို အလွယ်တကူ လှည့်စားပြီး ဝင်လို့ရတဲ့ ဘတ်ဂျက်နည်းတဲ့ ဇာတ်လမ်းမျိုးလို့ သူတို့ ထင်နေကြတာလား….


ချီမိသားစုကို နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ခိုင်းပြီး အရေးကြီးတဲ့ သရုပ်ဆောင်နေရာတစ်ခုကို တိုက်ရိုက်ယူခိုင်းတာကမှ ပိုကောင်းဦးမယ်….


"ကူးဆွဲရမှာလား...."

ချီလင်ချင်း၏ လေသံက ဝေခွဲမရဖြစ်နေသည်။


အခြားသူများ၏ လက်ရာကို ကူးဆွဲရမည်ဟု အလုပ်ရှင်က သူ့ကို ကြိုမပြောခဲ့ဖူးချေ။


လိုင်ဇယ်က ရယ်မောရင်း ပြောလိုက်သည်။


“ဘာလဲ…. မင်းက ဘာမှမရှိတဲ့လေထဲကနေ စိတ်ကူးယဉ်ပြီး ဆွဲနိုင်မယ်လို့ ထင်နေတာလား….”


ချီလင်ချင်း တိတ်ဆိတ်သွားသည်။

တကယ်တော့ ငါ ဆွဲနိုင်တယ်လေ....


ဖုယီက ကြီးသည့်အရာဖြစ်စေ သေးငယ်သည့်အရာဖြစ်စေ သူ့လက်နှင့်ကိုယ်တိုင် ဖန်တီးလေ့ရှိသည်။ 


ထိုမြင်ကွင်းကိုကြည့်နေသော ဘေးလူများ၏မျက်လုံးထဲတွင် ၎င်းက ချီလင်ချင်းက ကြောက်စိတ်ကြောင့် ထိတ်လန့်သွားသည်ဟု ထင်နေကြသည်။


“သူ ကြောက်သွားပြီ…. ကြောက်သွားပြီ….”


“ရယ်ချင်စရာပဲ…. ပရော်ဖက်ရှင်နယ် ပန်းချီဆရာတစ်ယောက်လို ဟန်ဆောင်ရဲအောင် သူ့ကိုယ်သူ ဘယ်လောက်တန်ဖိုးရှိတယ်လို့ ထင်နေလဲမသိဘူး….”


“ဘယ်သူကများ သူ့ကို ဒီလိုသတ္တိတွေ ပေးလိုက်တာလဲ တကယ်မသိဘူးနော်….”


“........”


ချီလင်ချင်း၏မျက်နှာက တည်ငြိမ်နေဆဲပင်။ 


ကိစ္စမရှိပါဘူး.... ဖြစ်လာသမျှကို ရင်ဆိုင်လိုက်တာက ပိုကောင်းပါတယ်.....


သူက ကူးမဆွဲတတ်ခြင်း မဟုတ်ပေ။ သူ့ ငယ်စဉ်ဘဝတွင် ဆရာကြီးများ၏ လမ်းညွှန်မှုများဖြင့် တစ်ဆင့်ချင်းစီ ဆွဲတတ်အောင် သင်ယူခဲ့ဖူးပေသည်။


🎨🎨🎨