Ch 1
Viewers 23

Volume 1 - ပြန်လည်မွေးဖွားလာခြင်း


🎨 Chapter 1


သူတို့ ပန်းဆိုင်ထဲဝင်သွားသောအခါ ဆိုင်ရှင်အမျိုးသမီးက သူမ၏ tabletကိုကိုင်ထားကာ "Metamorphosis Meter"၏ နောက်ဆုံးအပိုင်းကို ကြည့်နေသည်။ 


ကျေးလက်သူရဲကောင်းချီလင်ချင်း၏ မြို့ပြဘဝပြောင်းလဲမှုက အင်တာနက်တစ်ခွင်တွင် လှောင်ပြောင်စရာများဖြစ်ခဲ့သော်လည်း ထိုreality show၏ ကြည့်ရှုသူအရေအတွက်မှာ ၂၀၀မီလီယံထက် ကျော်သွားပြီး လူကြိုက်များမှုကလည်း ဆက်လက်မြင့်တက်နေသည်။


တုယွမ်ပိုင်က စခရင်ကို တစ်ချက်မျှကြည့်လိုက်ပြိီး ကျူးလစ်မျိုးစေ့များကို အသေအချာရွေးချယ်နေသော လူငယ်​ဆီသို့ အကြည့်လွှဲလိုက်သည်။


အစီအစဉ်တွင် ပါဝင်ပြီးနောက်မှာ တစ်ဖက်လူက ဆံပင်အရောင်ဆိုးလိုက်ပြီး တံဆိပ်အကောင်းစားများကို စတင်ဝတ်ဆင်လာသည်။ မကြာသေးမီကပင် သူ၏စရိုက်မှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ယခင်က တောသားပုံစံ၊ ကြောက်တတ်သောပုံစံမျိုးနှင့် လုံးဝမတူတော့ချေ။ ထို့ကြောင့်လည်း ဆိုင်ရှင်အမျိုးသမီးက သူ့ကို ချီလင်ချင်းမှန်း မမှတ်မိသည်မှာ အဆန်းမဟုတ်ချေ။


​တုယွမ်ပိုင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပန်းအိုးများ၊ ဂေါ်ပြားများ၊ ကိရိယာများနှင့် မျိုးစေ့များကို ညွှန်ပြကာ မေးလိုက်သည်။ 

"ဒါတွေအားလုံး ဝယ်ပြီး ကိုယ်တိုင်စိုက်မလို့လား......"


​ချီလင်ချင်း : "အင်း......"


သူ၏ ယခင်ဘဝတွင် အားလပ်ချိန်များ၌ ပန်းပင်စိုက်ရသည်ကို နှစ်သက်ခဲ့သည်။


တုယွမ်ပိုင် : "........"


^^^^^^^^


ချီလင်ချင်း၏ ခေါင်းပေါ်တွင် လူငယ်များနှစ်သက်သော ရွှေညိုရောင်ဆံပင်များ ရှိနေသော်လည်း တုယွမ်ပိုင်၏ စိတ်ထဲတွင်မူ အငြိမ်းစားလူအိုကြီးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။


​ဤလူသွားလမ်းတစ်လျှောက်သို့ မဝင်လာခင်က ချီလင်ချင်း၏ "ဈေးဝယ်ထွက်ခြင်း" ဆိုသည်မှာ ကုန်တိုက်ကြီးများရှိ တန်ဖိုးကြီး အမှတ်တံဆိပ်ဆိုင်များသို့ သွားခြင်းဖြစ်လိမ့်မည်ဟု တုယွမ်ပိုင် ထင်ထားခဲ့သည်။


​သို့သော် တစ်ဖက်လူမှာ ကျူးလစ်ပန်းမျိုးစေ့များနှင့် ရှေးဟောင်းပန်းချီဆေးများကဲ့သို့ ထူးဆန်းသော အရာများကို ဝယ်ရန် ဤမျှဝေးဝေးလံလံ လာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။


​"မင်းက ဘာဖြစ်လို့ ဆေးတွေ ဝယ်နေတာလဲ....." 

တုယွမ်ပိုင်က နားမလည်နိုင်စွာ မေးလိုက်သည်။


လွန်ခဲ့သည့်နှစ်ရတ်က ချီလင်ချင်းမှာ ဝေ့ပေါ်တွင် အနုပညာဘာသာရပ်ကို လေ့လာတော့မည်ဟု တင်ထားသည်ကို တုယွမ်ပိုင် တွေ့ခဲ့သော်လည်း ထိုစဉ်က သူနောက်နေသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်သည်။


​ချီလင်ချင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"ပန်းချီဆွဲမလို့....."


​သူက အခြားသူများကို စုံစမ်းမေးမြန်းခဲ့ပြီးနောက် ဤဆိုင်မှာ Bမြို့အတွင်းရှိ စစ်မှန်သော ရှေးဟောင်းဆေးရောင်စုံများကို ရောင်းချသည့် အနီးဆုံးနှင့် တစ်ခုတည်းသော ဆိုင်ဖြစ်ကြောင်း သိခဲ့ရသည်။


တုယွမ်ပိုင် : "....."


​မင်း တစ်ခုခုတော့ မှားနေပြီ.......


​တုယွမ်ပိုင်က ချီလဲ့လဲ့ မကြာသေးမီက ရှေးဟောင်းဒရာမာဇာတ်လမ်းတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံထားပြီး တရုတ်ရိုးရာပန်းချီကို အသည်းအသန် လေ့လာနေသည်ကို ရုတ်တရက် သတိရသွားသည်။


​ချီလင်ချင်းက တစ်ဖက်လူကို လိုက်တုကာ ပြဿနာရှာရန် ကြိုးစားရင်း နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် လူရယ်စရာဖြစ်အောင် လုပ်နေခြင်း ဖြစ်မည်ကို သူ စိုးရိမ်မိသွားသည်။


လိုက်တုဖို့ ကြိုးစားရင်း ဟာသဖြစ်နေတာပဲ......


[T/N: သူတစ်ပါးအပေါ်  အလွန်အကျွံအတုခိုး၍ မိမိကိုယ်ပိုင်ဟန် ပျောက်ဆုံးသွားခြင်း]


​"ဟေး... ငါ့ကိုလည်း စောင့်ဦးလေ...." 

သူ တွေးနေစဥ်မှာပင် ချီလင်ချင်းက အဝေးသို့ ရောက်နေပြီဖြစ်၍ ခပ်သုတ်သုတ် ပြေးလိုက်ရလေသည်။


ချီလင်ချင်းက ရွှယ်ယန် လက်ရေးလှနှင့် ပန်းချီဘောင်သွင်းဆိုင်ထဲသို့ လှမ်းဝင်သွားသည်။


​ထိုအချိန်တွင် ဆိုင်ရှင်ဖြစ်သူမှာ အခန်းထဲ၌ ပန်းချီကားတစ်ချပ်ကို ဘောင်သွင်းရန် အာရုံစိုက်နေသည်။


​"မင်္ဂလာပါ...." 

ချီလင်ချင်းက သူ၏ ဘေ့စ်ဘောဦးထုပ်ကို ဖိဆောင်းကာ လမ်းလျှောက်ဝင်လာပြီး မေးလိုက်သည်။ 

"ဒီမှာ တရုတ်ရိုးရာပန်းချီ ဆေးရောင်စုံတွေ ရောင်းလား....." 


​ဆိုင်ရှင်က စိတ်မရှည်သကဲ့သို့ အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ 

"အပြင်မှာ အကုန်ရှိတယ်....."


​"ကျွန်တော် အဲဒီလို ဘူးထဲထည့်ထားတာတွေကို မလိုချင်ဘူး....." 

ချီလင်ချင်းက ယခုခေတ်တွင် အသုံးပြုသော စကားလုံးများကို စိတ်ထဲတွင် ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ 

"သတ္တုဓာတ်တွေနဲ့ အပင်တွေကနေ ဖော်စပ်ထားတဲ့ သန့်စင်တဲ့ ရှေးဟောင်းဆေးရောင်စုံတွေကိုပဲ လိုချင်တာပါ...." 


​ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်ရှင်က မော့ကြည့်လာပြီး ဦးထုပ်အောက်ရှိ ဆယ်ကျော်သက်လေး၏ ချောမောသော မျက်နှာကို မြင်သွားသည်။ ထိုမျက်နှာက ရင်းနှီးနေသကဲ့သို့ပင် သူ ခံစားလိုက်ရသည်။


​သူ အံ့အားသင့်သွားပြီး အသံပင် ပျော့ပျောင်းသွားကာ ပြောလိုက်သည်။ 

"မင်းက ဘာတွေကို သီးသန့်လိုချင်တာလဲ..... ဒီ Bမြို့မှာတော့ ငါတို့ဆိုင်က ရှေးဟောင်းဆေးရောင်စုံ အမျိုးအစား အစုံဆုံးပဲ...."


​ချီလင်ချင်းက အသက်ရှူတစ်ချက်မျှပင် မနားဘဲ ဆေးအမျိုးအမည်များကို တန်းစီရွတ်ပြလိုက်သည်။

"အဝါဖျော့ရောင်၊ ရွှေရောင်ရွှံ့စေး၊ ကမာခွံမှုန့်၊ အပြာရောင်၊ ငွေရောင်ဟင်္သာပြဒါး၊ အနီရောင်ဟင်္သာပြဒါး၊ မြကျောက်စိမ်းရောင်၊ မြေဖြူ၊ ကျောက်နက်မှုန့်၊ နဂါးအမွှေးတိုင်... အားလုံး တစ်ကတ်တီစီ ပေးပါ......"


တုယွမ်ပိုင်က မဲ့ပြုံးပြုံးလိုက်သည်။ ချီလင်ချင်းက Baiduတွင်ရှာကာ အလွတ်ရွတ်ပြနေသည်ဟု သူထင်လိုက်သည်။ ယခင်ကလည်း ထိုကဲ့သို့ မိုက်မဲသောအရာများကို သူလုပ်ဖူးသောကြောင့်ပင် ဖြစ်သည်။


ဆိုင်ရှင်က ထိုလူငယ်မှာ မရိုးရှင်းကြောင်း ခံစားလိုက်ရသည်။ သူပြောလိုက်သော ရှေးဟောင်းဆေးရောင်စုံများမှာ အလွန်ကျွမ်းကျင်သောသူများသာ သိနိုင်သောအရာများဖြစ်ပြီး စျေးကြီးလွန်းလှသည်။ ဤနယ်ပယ်မှ မဟုတ်သောသူတစ်ယောက်က ထိုဆေးများကို သိမည်မဟုတ်ချေ။ 


" မင်းပြောတဲ့ ငွေရောင်ဟင်္သာပြဒါးဆိုတာ ခရမ်းရောင်အမှုန့်ကိုပြောတာမှတ်လား... အဲဒါက ပစ္စည်းပြတ်နေတာတော်တော်ကြာပြီ.... လူတွေက အဲ့ဒါအစား ပြဒါးဆာလဖိုက်ကိုပဲ အစားထိုးပြီးသုံးကြတာ...."


ချီလင်ချင်းက တွေဝေစွာဖြင့် ပြန်မေးလိုက်သည်။ 

" အာနိသင်က တူတူပဲလား...."


"ဒါပေါ့..."

ဆိုင်ရှင်က သူ၏ ရင်ဘက်ကိုပုတ်ပြကာ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ပစ္စည်းသာမမှန်ရင် ငါ့ကို အရှင်လတ်လတ် စားပစ်လိုက်လို့ရတယ်....."


တုယွမ်ပိုင်က သူ၏ရှေ့မှ အဆီပြန်နေသော ဆိုင်ရှင်၏ မျက်နှာကြီးကိုကြည့်ကာ တိုးတိုးလေး ရေရွတ်မိလိုက်သည်။

" ဘယ်သူက ခင်ဗျားကို စားချင်မှာလဲ...."


ချီလင်ချင်း : " ကောင်းပါပြီ.... ဒါတွေအားလုံး ဘယ်လောက်ကျလဲ..."


ဆိုင်ရှင်က ကွန်ပျူတာပေါ်တွင် တွက်ချက်ပြီးနောက် ပြောလိုက်သည်။ 

" အားလုံးပေါင်း ၃၈၀၀ ကျတယ်...."


" ဒီလောက်တောင် စျေးကြီးတာလား..."

တုယွမ်ပိုင် သံသယဝင်မိသွားသည်။


အဝတ်အစားတွေ ဖိနပ်တွေဝယ်လို့ ဒီလောက်ကုန်တာ ထားပါဦး... အခုက ပန်းချီပစ္စည်းအတွက်နဲ့ ဒီလောက်ကုန်ဖို့ လိုအပ်လို့လား....


ဆိုင်ရှင် : "သူ တောင်းတဲ့ 'ရွှေရောင်ရွှံ့စေး' ဆိုတာက တကယ့်ရွှေပြားတွေကို ထုခွဲလုပ်ထားတာ.... အခုတလော ရွှေဈေးတွေကလည်း ထိုးတက်နေတာလေ...

 ရွှေက ဘယ်မှာ ဈေးသက်သာဦးမှာလဲ...."


​ချီလင်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဤဈေးနှုန်းမှာ သူမျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်နေသည်။ အကြောင်းမှာ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ ခရက်ဒစ်ကတ်မှာ အပိတ်ခံထားရသဖြင့် သူ့လက်ထဲတွင် ယွမ် ၃၀၀၀ သာ ရှိတော့သောကြောင့်ဖြစ်သည်။


"စျေးလျှော့ပေးလို့ ရသေးလား...."

သူ မေးလိုက်သည်။ 


"ဒါက စျေးအတော်ဆုံး ထားထားပေးတာပဲ....."


"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်.... ဒါပေမယ့် ဒါတွေဝယ်ဖို့ ကျွန်တော့်မှာ ပိုက်ဆံမလောက်ဘူး..."


ချီလင်ချင်းက နှမြောတသဖြစ်စွာ လှည့်ထွက်သွားသည်။


ချီလင်ချင်းက သူ့တွင် ပိုက်ဆံမရှိလျှင်ပင် သေလျှင်ပင် ပြောမည့်သူမျိုးမဟုတ်ကြောင်း တုယွမ်ပိုင်သိထားလေသည်။ သူ၏မျက်နှာ ဖူးယောင်နေလျှင်ပင် လူဝကြီးကို ထောက်ခံနေဦးမည် ဖြစ်သည်။ ယခု သူ ထိုကဲ့သို့ ပြောလိုက်သည်မှာ အနောက်အရပ်မှ နေထွက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။ 

[T/N: မျက်နှာ ဖူးယောင်နေလျှင်ပင် လူဝကြီးကို ထောက်ခံနေဦးမည် = သူ၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေလျှင်ပင် ခေါင်းမာမာနှင့် ဆက်လုပ်နေမည်။]


"မင်းမှာပိုက်ဆံမလောက်ရင် ငါချေးထားပေးလို့ရပါတယ်..."

တုယွမ်ပိုင် ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ချီမိသားစုမှာ အလွန်ချမ်းသာသောကြောင့် ထိုပိုက်ဆံကို သူ ပြန်မရမည်ကို စိုးရိမ်စရာမလိုချေ။ 


ချီလင်ချင်း ခေါင်းခါလိုက်သည်။ သူ ဘယ်သောအခါမှ ပိုက်ဆံချေးမည် မဟုတ်ချေ။ 


သူတို့ဆိုင်ထဲမှ ထွက်လိုက်သောအခါ ဆိုင်ရှင်က အော်ဟစ်ကာ လှမ်းတားလိုက်သည်။

" ခဏနေပါဦး လူငယ်လေး...."


တုယွမ်ပိုင်က ဤသည်မှာ ချီလင်ချင်း၏ စျေးဆစ်ဗျူဟာဖြစ်ပြီး အောင်မြင်သွားကြောင်း တွေးမိလိုက်သည်။


တောကလာပေမယ့် မဆိုးပါလား.....


ချီလင်ချင်း : "........"


ဆိုင်ပိုင်ရှင်က မေးလိုက်သည်။ 

"ဒီဆေးတွေကို မင်းကိုယ်တိုင်သုံးဖို့ ဝယ်တာလား...."


ချီလင်ချင်း ခေါင်းညိတ်ကာဖြေလိုက်သည်။

"ဟုတ်ပါတယ်...."


"မင်း တရုတ်ရိုးရာပန်းချီဆွဲတတ်တာလား..."


"အင်း.."


ဆိုင်ပိုင်ရှင်၏ အကြည့်များက သန့်ရှင်းသွယ်လျကာ ဖြူဖွေးနေသော လူငယ်၏ လက်ချောင်းများဆီသို့ ရောက်သွားသည်။


တကယ်လို့ သူသာ ရိုးရာပန်းချီကိုဆွဲတတ်ရင် ဒီအလုပ်အတွက် တော်တော်အဆင်ပြေမှာပဲ.....


ဆိုင်ရှင်က ပြောလိုက်သည်။

"တကယ်လို့ မင်းပန်းချီဆွဲတော်ရင် လစာကောင်းတဲ့ အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်.... အဲဒါကအချိန်အများကြီးမယူဘူး.... အများဆုံးကတော့ တစ်ရက်ပဲ... အဲဒီကရတဲ့ပိုက်ဆံတွေက မင်းဒီဆေးတွေ ဝယ်ဖို့အတွက်လုံလောက်မှာပါ..."


ဆိုင်ရှင်၏စကား မဆုံးခင်မှာပင် တုယွမ်ပိုင်က ချီလင်ချင်း၏လက်ကိုဆွဲကာ ဆိုင်အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။


ဤလူမှာ ငယ်စဥ်ကတည်းကပင် ဆင်းရဲတွင်းနက်ခဲ့သူတစ်ဦးဖြစ်သည်။ ချီမိသားစု၏ အသိအမှတ်ပြုခြင်းကိုခံရပြီးနောက် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမည်ဟု သစ္စာဆိုကာ တစ်ညတည်းနှင့် ချမ်းသာလာမှုကို စွဲလန်းခဲ့သူတစ်ဦးဖြစ်သည်။ သူက အငြှိုးနှင့် အဖိုးတန်ပစ္စည်းများကို ရူးရူးမူးမူးဝယ်ခဲ့ရုံသာမက လွန်ခဲ့သည့်လကပင် မကာအိုကိုသွားကာ လောင်းကစားလုပ်ရာတွင်လည်းအကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ ထိုသို့ရှုံးနိမ့်ပြီးနောက် ထီလက်မှတ်များကိုဝယ်ကာ ကံစမ်းတော့သည်။


ထိုကဲ့သို့ လူတစ်ယောက်အတွက် အချိန်ပိုင်းအလုပ်ဆိုသည်မှာ မဖြစ်နိုင်သောအရာတစ်ခုဖြစ်သည်။ ချီလင်းချင်း၏ဘဝတွင် အချိန်ပိုင်းအလုပ်ဆိုသည်မှာ ဘယ်တော့အခါတွင်မှ ရှိမလာနိုင်သောအရာတစ်ခုဖြစ်သည်။ 


"ငါတို့မကြာခင် အထက်တန်းတတိယနှစ်ရောက်တော့မှာ... ငါတို့မှာ အချိန်ရှိမှာမဟုတ်...."


တုယွမ်ပိုင် စကားမဆုံးခင်တွင် ချီလင်ချင်းက ဖြတ်ပြောလိုက်သည်။


"အသေးစိတ်ပြောပြပါဦး..."

ချီလင်ချင်းက ဆိုင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားသည်။


ဆိုင်ရှင်က ရေခဲသေတ္တာထဲမှ လိမ္မော်ဖျော်ရည်ကိုယူလိုက်ပြီး လူငယ်လေး၏လက်ထဲသို့ ကမ်းပေးလိုက်ကာ ဆိုင်ထဲသို့ စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွားသည်။


" လာ လာ... မင်းရဲ့ ပန်းချီလက်ရာတွေကို ငါ့ကိုပြပါဦး...."


တုယွမ်ပိုင် ကြောင်သွားရသည်။


"???"


ဆိုင်ထဲတွင် ပန်းချီဆွဲရန် အဆင်မပြေသောကြောင့် ဆိုင်ရှင်က ချီလင်ချင်း၏ ယခင်ကလက်ရာများကိုသာ ကြည့်လိုခြင်း ဖြစ်သည်။ 


ချီလင်ချင်းက သူ၏အိတ်ထဲမှ တွန့်ကြေနေသော စာရွက်တစ်ခုကိုထုတ်ပြီး ဆိုင်ရှင်ကိုပေးကာ မေးလိုက်သည်။

"ဒါဆိုရင်အဆင်ပြေလား..."


တုယွမ်ပိုင်က သူ့ကို အေးစက်စက်ကြည့်ပြီး စိတ်ထဲတွင် ပြောလိုက်သည်။ 

နောက်တစ်ခါလာပြန်ပြီ.... ဒီလူက ဟန်ဆောင်နေတုန်းပဲလား...


အကယ်၍ ချီလင်ချင်းသာ ထိုပန်းချီကို တကယ်ဆွဲခဲ့ပါက သူ လက်တစ်ဖက်ထောက်ကာ ခေါင်းလျှော်ပြမည်ဟု စိတ်ထဲတွင် ပြောလိုက်သည်။ 


ဆိုင်ရှင်က ထိုစာရွက်ကိုဖွင့်ကြည့်လိုက်သောအခါ မျက်လုံးများပင် ပြူးသွားရသည်။ 


ပန်းချီထဲက ရှုခင်းတွေ တိမ်တိုက်တွေနဲ့ သစ်ပင်တွေက စုတ်ချက်နည်းနည်းလေးနဲ့တောင် အသက်ဝင်နေပါလား....


သို့သော်လည်း ထိုကဲ့သို့ ပြီးပြည့်စုံသောပန်းချီက တွန့်ကြေနေသောစာရွက်ပေါ်တွင် အစင်းကြောင်းများဖြင့် ရှုပ်ထွေးနေသည်မှာ အလွန်နှမြောဖွယ် ကောင်းလှသည်။


ဆိုင်ရှင်က နှမြောတသဖြစ်သောလေသံဖြင့် ပြောလိုက်သည်။

"ဒီလောက်လှတဲ့ပန်းချီကို ဘာလို့စာရွက်အစုတ်ပေါ်မှာ ဆွဲထားရတာလဲ....."


".........."

ချီလင်ချင်း ကြောင်အမ်းအမ်းဖြစ်သွားရသည်။


အမှန်တကယ်တွင် သူက လွန်ခဲ့သည့်နှစ်ရက်ကမှသာ ထန်မင်းဆက်မှ နိမ့်ကျသော ပန်းချီဆရာလေးဖုယီအဖြစ်မှ ယခုဝတ္ထုထဲတွင် အင်တာနက်တစ်ခုလုံးပေါ်မှ လူတိုင်းဝိုင်းပယ်ခြင်းခံရသော အရံဇာတ်ကောင်အဖြစ် ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။


သူ၏အမြင်တွင် ထိုစက္ကူများမှာ အရည်အသွေး အလွန်ကောင်းမွန်လေသည်။ ယခင်ရက်တွင် ချီလဲ့လဲ့က တရုတ်ရိုးရာပန်းချီဆွဲလေ့ကျင့်ရာတွင် အနည်းငယ်သာသုံးခဲ့သော စက္ကူနှင့် စုတ်တံများကို အမှိုက်ပုံးထဲသို့ ပစ်ခဲ့သည်။ ချီလင်ချင်းက နှမြောသောကြောင့် အမှိုက်ပုံးထဲမှကောက်ကာ ပြန်လည်သုံးစွဲခဲ့သည်။


"ကောင်းပါပြီ ကောင်းပါပြီ... ရှောင်ကော... ငါတို့ Wechat အပ်ထားရအောင်...."

ဆိုင်ရှင်က ချီလင်ချင်း၏ လက်ရာများကို အလွန် သဘောကျသွားသည်။


ဆိုင်ရှင်က တစ်ဆင့်ခံရောင်းသူဖြစ်မည်ဟု ချီလင်ချင်း ခန့်မှန်းလိုက်သည်။


၎င်းမှာ ထန်မင်းဆက်ကအချိန်နှင့် တူပေသည်။ မည်သည့်အချိန်တွင်မဆို စျေးဝယ်သူက ပန်းချီဆရာနှင့် တိုက်ရိုက်မပြောချင်လျှင် သို့မဟုတ် စာမရေးပေးချင်လျှင် သူတို့က တစ်ဆင့်ခံဟုခေါ်သော ကြားတွင်ဆက်သွယ်ပေးသူနှင့် ပြောကြသည်။ ထို့အပြင် စာပို့ငှက်များနှင့်လည်း အချင်းချင်း ဆက်သွယ်ကြသည်။


ချီလင်ချင်းက ဖုန်းကိုထုတ်လိုက်ပြီး ကိုးယိုးကားယားနိုင်စွာဖြင့် လမ်းညွှန်စာအုပ်ကိုဖွင့်ပြီး ပြောလိုက်သည်။ 

"ဖုန်းနံပါတ်ပေးထားရင်ရော အဆင်ပြေလား.... Wechatဘယ်လိုအပ်ရမလဲဆိုတာ မလေ့လာထားရသေးလို့ပါ..."


ဆိုင်ရှင်က သူ့လက်ထဲတွင်ကိုင်ထားသည့် လွန်ခဲ့သည့်နှစ်ကမှ ထုတ်ထားသော နောက်ဆုံးပေါ်ဖုန်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။


Wechatမအပ်ချင်လို့ ငါ့ကို လိမ်နေတာလား....


သို့သော် တုယွမ်ပိုင်ကမူ ထိုအခြေအနေကို နားလည်လေသည်။ ချီလင်ချင်း "Metamorphosis Meter"တွင် မပါဝင်ခင် သူကျောင်းသို့ စပြောင်းလာသောအချိန်တွင် အင်တာနက်ပင်ချိတ်မရသော smart watchအဟောင်းလေးကိုသာ သုံးခဲ့ရသောကြောင့်ပင်။ 


ယခုတွင်မူ သူက ချီလဲ့လဲ့မသုံးတော့ဘဲ ပစ်လိုက်သော smartဖုန်းကို အစားထိုးလိုက်သည်။ ထို့ကြောင့် ချီလင်ချင်း ဖုန်းမသုံးတတ်သည်မှာ အဆန်းမဟုတ်ချေ။


သူတို့နှစ်ဦး ဖုန်းနံပါတ်လဲလှယ်ပြီးနောက် ဆိုင်ရှင်က မေးလိုက်သည်။ 

"မနက်ဖြန် မင်းအားလား... ငါမင်းကို လာကြိုမယ်..."


မနက်ဖြန်က စနေနေ့ဖြစ်သောကြောင့် အတန်းချိန်မရှိချေ။ 


ဒါပေမယ့် ဘယ်ကိုသွားမှာလဲ....


ချီလင်ချင်းက ပန်းချီအော်ဒါရပြီဟူ၍ ထင်နေခဲ့သည်။ သို့သော် မသေချာသောကြောင့် သူမေးလိုက်သည်။

"ကျွန်တော်အားပါတယ်.... ဒါပေမယ့် ဘာလုပ်ရမလဲဆိုတာ သိလို့ရမလား..."


^^^^^^


နောက်တစ်နေ့ No.1 ရှေးဟောင်းရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင်......


"ထန်ယွဲ့ဖုန်းယွင်"ရိုက်ကွင်းတွင် သရုပ်ဆောင်များက ထောင့်တစ်ထောင့်တွင်ထိုင်ကာ နေ့လည်စာစားနေကြပြီး ဝန်ထမ်းများကမူ သူတို့ကြားတွင် အလုပ်ရှုပ်နေကြသည်။


"အခု ငါတို့ ဘယ်မှာမှရှာလို့မရဘူး..."

ရိုက်ကွင်းမန်နေဂျာက ငိုတော့မည့်မျက်နှာနှင့်ပြေးလာကာ ပြောသည်။ 


ချီလဲ့လဲ့က ဒုတိယဇာတ်လိုက်နေရာဖြစ်သော ရှေးခေတ်ပန်းချီဆရာ လီထျန်းယွီအဖြစ်သရုပ်ဆောင်ပြီး ပန်းချီဆွဲသည့်အခန်းတွင် လူစားထိုးရန် လိုက်ရှာနေခြင်း ဖြစ်သည်။


ဇာတ်လမ်းတွဲတွင် အစားထိုးမည့်ပန်းချီဆရာ၏ လက်နှင့် ကိုယ်တစ်ခြမ်းကို ဖော်ပြမည်ဖြစ်သောကြောင့် အသက်၃၀အောက်အရွယ်ကို လိုက်ရှာနေခြင်း ဖြစ်သည်။ 


မွန်းလွဲပိုင်းတွင် ရိုက်ကူးရေးအဖွဲ့ဝင်များက အနုပညာကောလိပ်များ၊ တက္ကသိုလ်များနှင့် ရုပ်ရှင်အသင်းအဖွဲ့အနှံ့ ရှာခဲ့သော်လည်း သင့်တော်သူ တစ်ယောက်မှ မတွေ့ခဲ့ချေ။ 


ဒါရိုက်တာရှန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ 

"မင်းပဲ လိုင်ဇယ်ရဲ့ အနုပညာသင်တန်းကျောင်းက တရုတ်ရိုးရာပန်းချီ မေဂျာယူထားတဲ့ စီနီယာတစ်ယောက်ကို ဖိတ်လို့ရတယ်ဆို...."


လိုင်ဇယ်က ဤဇာတ်လမ်း၏ အနုပညာဆိုင်ရာ ဒါရိုက်တာတစ်ဦး ဖြစ်လေသည်။


ရိုက်ကွင်းဒါရိုက်တာက ပြန်ပြောလိုက်သည်။ 

​"ဒါပေမဲ့ အဲဒီစီနီယာက ပြည်နယ်ကိုယ်စားပြု ပန်းချီပြိုင်ပွဲအတွက် ပြင်ဆင်နေတာကြောင့် လာဖို့ အချိန်မရှိဘူးလို့ ပြောတယ်....."


ဒါရိုက်တာရှန်း အတော်ပင် စိတ်ညစ်သွားရသည်။ အကယ်၍ ထိုလူကိုခေါ်နိုင်ပါက ချီလဲ့လဲ့ စိတ်ကျေနပ်သွားမည်ဖြစ်ပြီး ချီမိသားစုကလည်း ထပ်မံ၍ တွန်းအားပေးတော့မည် မဟုတ်ချေ။ သို့သော်.......


ထုတ်လုပ်သူက အခြေအနေကိုနားလည်သွားပြီးနောက် အကြံပေးလိုက်သည်။

"ချီလဲ့လဲ့ကို ကိုယ်တိုင်ဆွဲခိုင်းလိုက်ပါလား..... သူလည်း တရုတ်ရိုးရာပန်းချီကို နှစ်ပတ်လောက် အပြင်းအထန် လေ့ကျင့်ထားတာပဲလေ...."


"နှစ်ပတ်က အသုံးမဝင်ဘူး...."

ဒါရိုက်တာရှန်းက ခေါင်းခါ၍ ပြောလိုက်သည်။


ထုတ်လုပ်သူ : "မင်း.. မင်းက အမြဲ ပြည့်စုံချင်နေတာပဲ.... ငါတို့က အဆင့်၃လောက်ပဲရှိတဲ့ web dramaပဲလေ... ၂ပိုင်း ၃ပိုင်းလောက်ပဲလိုတာ.... ဘာလို့ အရမ်းတွေ အလေးအနက်ထားနေရတာလဲ.... ချီမိသားစုက ချီလဲ့လဲ့ရဲ့ဆန္ဒအတိုင်းလုပ်ဖို့ မင်းကို ပြောထားလို့လား..."


ထိုအချိန်တွင် ရိုက်ကွင်းမန်နေဂျာက ဖြတ်ပြောလိုက်သည်။

"ဒါရိုက်တာရှန်း... ခင်ဗျား ဘာလို့ ချီလဲ့လဲ့ရဲ့လက်ရာကို အရင်မကြည့်ရတာလဲ...သူ ဟိုဘက်အခန်းမှာ ပန်းချီဆွဲနေတာ..."


ဝန်ခံရလျှင် ဒါရိုက်တာရှန်းအနေဖြင့် မင်းသား ချီလဲ့လဲ့၏ သရုပ်ဆောင်တစ်ယောက်အဖြစ် ကြိုးစားအားထုတ်မှုနှင့် ပရော်ဖက်ရှင်နယ်ဆန်မှုကို မငြင်းနိုင်ချေ။ သူက လူစားထိုးသရုပ်ဆောင်ကို အသုံးမပြုလိုသဖြင့် တရုတ်ပန်းချီပညာကို အချိန်ပေး၍ သင်ယူခဲ့သည်။


​သို့သော်လည်း ဤအရာမှာ ထိရောက်မှုမရှိသော ကြိုးပမ်းမှုသာ ဖြစ်ခဲ့သည်။


​ဒါရိုက်တာရှန်း၏ အမြင်တွင် ပရော်ဖက်ရှင်နယ် အလုပ်များကို ကျွမ်းကျင်သူများထံသာ လွှဲအပ်သင့်သည်ဟု ယူဆသည်။


သို့သော် ချီမိသားစု၏ ဖိအားပေးမှုများကြောင့် ဒါရိုက်တာရှန်းက ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်သည်။ 

"ဒါဆိုလည်း သူ့ပန်းချီကားကို ယူလာခိုင်းလိုက်ပါ..."


ရိုက်ကွင်းမန်နေဂျာက ချက်ချင်းပင် လှည့်ထွက်သွားပြီး တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်သည်။


^^^^^^^^


Banana Entertainment : [မကြာသေးမီက နာမည်ကြီး အိုင်ဒေါတစ်ဦးဖြစ်သူ ချီလဲ့လဲ့ထံမှ ဟိုးလေးတကျော်ကျော် သတင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူနှင့် သူ၏ တွဲဖက်သရုပ်ဆောင်ဖြစ်သူ—'Metamorphosis Meter' အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျေးလက်မှ ဆယ်ကျော်သက်လေးတို့က မွေးကင်းစအရွယ်ကတည်းက ကလေး မှားယွင်းလဲလှယ်ခြင်း ခံခဲ့ရပြီး၊ ၁၈ နှစ်အကြာမှသာ ဤအမှန်တရားကို သိရှိခဲ့ရခြင်း ဖြစ်သည်။


ချီလဲ့လဲ့က ချမ်းသာတဲ့ချီမိသားစုရဲ့ သွေးသားအရင်းအချာမဟုတ်ဘဲ ကျေးလက်ကလူငယ်လေးကမှ သားအရင်းဖြစ်နေတယ်]


ချီလဲ့လဲ့က သူ၏ဖုန်းမျက်နှာပြင်အား မှိုင်းတွေနေသောမျက်လုံးများဖြင့် ကြည့်နေသည်။ လူထု၏ ဝေဖန်ပြောဆိုမှုများကို ထိန်းချုပ်ပေးရန် သူ၏ ဖခင်အား ရှင်းရှင်းလင်းလင်း ပြောထားခဲ့သော်လည်း မမျှော်လင့်ဘဲ Banana Entertainment က "လေပြင်းမုန်တိုင်းကြားက မိစ္ဆာတစ်ကောင်ကဲ့သို့" ရဲရဲတင်းတင်း လှုပ်ရှားလာခဲ့လေသည်။



🎨🎨🎨