Ch 5
Viewers 17

🎨 Chapter 5



တုယွမ်ပိုင်၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး ပြောလိုက်သည်။

"ဟားဟား…. ငါ နားလည်ပြီ…. မင်းတို့ နောက်နေကြတာမလား…..."


တုယွမ်ပိုင်သိသည့် ချီလင်ချင်းက ပျော့ညံ့ပြီး အနိုင်ကျင့်ခံရလျှင် ကြိတ်မှိတ်ခံတတ်သူ ဖြစ်သည်။ ယခုကဲ့သို့ 'လက်စားချေ' တတ်သူ မဟုတ်ပေ။


ချီလင်ချင်း၏ မျက်နှာတွင် နားမလည်နိုင်သည့် အမူအရာ ပေါ်လာသည်။ 

"ငါက ဘာလို့ မင်းကို နောက်ရမှာလဲ…."


သူငါ့ကို အနိုင်ကျင့်လို့ လက်စားပြန်ချေရုံပဲလေ…. ဒါက သာမန်ပါပဲ….


တုယွမ်ပိုင်က တစ်ခုခုပြောရန် ပြင်လိုက်

စဉ် ဖုန်းမှ 'တင်ခနဲ' အသံနှင့်အတူ Chat Box တစ်ခု တက်လာသည်။


#ကြားဖြတ်သတင်းဟေ့ အိမ်ရာပိုင်ရှင်များ Group#

[@အားလုံးကို သတင်းပို့ပါတယ်….! နောက်ဆုံးရသတင်း….!! ဒီမနက် ချီမိသားစုရဲ့ သားအကြီးဆုံး အပြင်ထွက်လာတာကို ကျွန်တော်တို့ လူ

တစ်ယောက်က ဓာတ်ပုံရိုက်မိထားတယ်…. ပါးနှစ်ဖက်လုံးမှာ လက်ဝါးရာတွေနဲ့ဗျို့….! ဒါက လူ့သဘာဝ ဖောက်ပြန်မှုလား ဒါမှမဟုတ် ကိုယ်ကျင့်တရား ပျက်ပြားမှုလား….?]


[ပုံ] 


[ပုံ] 


[ကျေးဇူးပြုပြီး ဒီကိစ္စကို အပြင်မှာ မဖြန့်ကြနဲ့နော်...]


လူတိုင်းကအမျိုးမျိုး ခန့်မှန်းနေကြသည်။ 

အချို့မှာ သူ့ရည်စားက ချီကော ဖောက်ပြန်သည်ကို လက်ပူးလက်ကျပ်မိပြီး ရိုက်လိုက်သည်ဟု ပြောကြသည်။ အချို့ကလည်း ချီအုပ်စု၏ရှယ်ယာများ ထိုးကျသွားသောကြောင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်နေသည်ဟု ဆိုကြသည်။


တုယွမ်ပိုင် Group ထဲမှစာကို ကြည့်လိုက်ရာ အလွန်လန့်သွားသဖြင့် လက်ထဲက ဖုန်းပင် လွတ်ကျသွားတော့သည်။


×××××


တစ်ချိန်တည်းမှာပင် အမှတ် (၁) ရိုက်ကွင်း မြင်းစီးကွင်း၌ -


"ဒီဇာတ်ဝင်ခန်းမှာအားလုံး ဇာတ်ညွှန်းကို သေချာဖတ်ကြစမ်း….  အထူးသဖြင့် မင်းပဲ ကျုံးချန်…. အဟွတ် အဟွတ်…." 


ဒါရိုက်တာရှန်းက  အနက်ရောင်ဝတ်ထားသည့်   á€œá€°á€„á€šá€şá€œá€ąá€¸á€™á€žá€Ź ရင်းနှီးမြှုပ်နှံသူ၏ သားဖြစ်သည်ကို သတိရသွားကာ လေသံကို ချက်ချင်း လျှော့လိုက်သည်။ 

"ပြီးခဲ့တဲ့အခေါက်ကလို စာသားတွေမေ့ပြီး အမှား မဖြစ်စေနဲ့နော်…. ဟုတ်ပြီလား…."


ကျုံးချန်က ဇာတ်ညွှန်းကို လှန်ကြည့်လိုက်ရာ စာသားများမှာ  ၁၀ လုံးထက်မပိုသော စာကြောင်း ၄ ကြောင်းသာ ရှိနေသည်။


သူ ဤစာအုပ်ထဲကို ကူးပြောင်းလာသည်မှာ တစ်လကျော်ပြီ ဖြစ်သော်လည်း မူလပိုင်ရှင်ကို စိတ်ထဲမှ မဆဲဘဲ မနေနိုင်ပေ။

ညီလေးရာ…. ငါးကတောင် မင်းထက် မှတ်ဉာဏ် ပိုကောင်းဦးမယ်….


ဒါရိုက်တာရှန်းက ထိုနေ့ကို သတိရတိုင်း ဗိုက်

အောင့်ချင်သကဲ့သို့ ခံစားရသည်။ ကျုံးချန်၏ သရုပ်ဆောင်ချက်မှာ အလွန်ဆိုးဝါးကြောင်း အားလုံးက သိသော်လည်း သူက အလွန်

အလုပ်ကြိုးစားသည့် ချီလဲ့လဲ့နှင့် အပြိုင်ဇာတ်ဝင်ခန်းများ ပါဝင်ရသည်။ ထိုနှစ်ယောက် ဇာတ်ဝင်ခန်းစသည်နှင့် ဇာတ်ထဲနစ်ဝင်သွားကာ ရပ်တန့်မရတော့ပေ။


ယခင်အခေါက်က တစ်ဖွဲ့လုံး မနက်မှ ညဥ့်နက်ထိ အလုပ်လုပ်ခဲ့ရပြီး တစ်နေ့လုံး ထမင်းပင် မစားခဲ့ရပေ။


ကျူံးချန်က ခဏလောက် တိတ်နေပြီးမှ ပြောသည်။

"ကျွန်တော်က စာသားတွေ မေ့မှာလား…."


ဒါရိုက်တာရှန်းက ခေါင်းညိတ်ရန် ပြင်လိုက်စဉ်

တစ်ဖက်လူ၏ စကားသံကို ကြားလိုက်ရသည်။


"အဲဒါ ကျွန်တော်မဟုတ်ဘူး…."


ဒါရိုက်တာရှန်း၏ စိတ်ထဲတွင်မူ.....


... မင်းမဟုတ်ရင် သရဲလား….


ဤဇာတ်ဝင်ခန်းမှာ ဇာတ်လမ်းအရ အရေးမပါသော်လည်း ရိုက်ကူးရန် အလွန်ခက်ခဲသည်။

အကြောင်းမှာ ချီလဲ့လဲ့ သရုပ်ဆောင်သည့် လီထျန်းယွီ နှင့် ကျုံးချန် သရုပ်ဆောင်သည့် အမည်မသိ ဇာတ်ကောင်တို့က မြင်းစီးရန် လိုအပ်သောကြောင့်ဖြစ်သည်။


ကုန်ကျစရိတ် သက်သာရန် ပြည်တွင်း Web Drama အများစုက Photoshop သုံးပြီး မြင်းအတုများကိုသာ သုံးကြသော်လည်း ဒါရိုက်တာရှန်းက အတုအယောင်များကို မသုံးချင်ပေ။


ထို့ကြောင့် ထုတ်လုပ်သူက ဘတ်ဂျက်ကို ဖြုန်းတီးသည်ဟု ဆဲနေသော်လည်း ဒါရိုက်တာရှန်းက မြင်းငှားခကို ရအောင် ထုတ်ပေးခဲ့သည်။


"ကာကွယ်ရေးပစ္စည်းတွေ အကုန်ဝတ်ပြီးပြီလား…. အားလုံး ဘေးကင်းရေးကို ဂရုစိုက်ကြပါ…." 

ရိုက်ကူးရေးမစမီ မြင်းစီးကျွမ်းကျင်သူက အော်ပြောနေသည်။


"ဟုတ်ကဲ့…. ဝတ်ပြီးပါပြီ…." 

ချီလဲ့လဲ့က  ခေါင်းညိတ်ပြသည်။


ကျုံးချန်က မာကျောသည့် ကာကွယ်ရေးပစ္စည်းများကို ဝတ်ရသည်မှာ အသားမကျသေးပေ။


မြင်းစီးနည်းပြက ယင်း၏ အားသာချက်များကို ရှင်းပြလိုက်သောကြောင့် ဝတ်ရန် သဘောတူလိုက်သည်။


ဒါရိုက်တာရှန်းနှင့် ထုတ်လုပ်သူတို့က ဤမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချမိကြသည်။


ဒီဘိုးဘေးလေးကျုံးချန်က အသက်ငယ်သာငယ်တာ…. စိတ်ကတော့ တော်တော်ဆိုးတာပဲ….


ဒါရိုက်တာရှန်းက ထိုသို့ တွေးနေရင်း ချီလဲ့လဲ့၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"သေချာလုပ်နော်…. ခဏနေရင် ကျုံးချန်ကို ကူပေးလိုက်ဦး…. ဒီမှာ မြင်းစီးသင်ထားတာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်..."


ဒါရိုက်တာရှန်းက ချီလဲ့လဲ့ မြင်းစီးဝါသနာပါကြောင်း ကြားဖူးသည်။ သူ့တွင်ကိုယ်ပိုင် မြင်းခြံရှိပြီး နိုင်ငံခြားမှ အဖိုးတန်မြင်းများကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသာ ချီမိသားစု၏သားအရင်း မဟုတ်ကြောင်း မသိရသေးပါက ချီမိသားစုက သူ့အတွက်ဝယ်ပေးထားသည့် မြင်းကိုသုံးပြီး ဤဇာတ်လမ်းအတွက် ကုန်ကျစရိတ် အတော်သက်သာသွားနိုင်ပေသည်။


ချီလဲ့လဲ့က နှိမ့်ချစွာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး….  ကျွန်တော် အားလပ်ချိန်တွေမှာ လေ့လာထားတာပါ…."


ထိုသို့ ပြောသော်လည်း ရိုက်ကူးရေး စသောအခါတွင် ဗြိတိန်တွင် သင်ယူခဲ့သော ‘ဇက်ကြိုးမဲ့ မြင်းစီးနည်း' ကို မပြဘဲ မနေနိုင်ပေ။


ရိုက်ကူးရေး ပိုကောင်းစေရန် ရှန်းချန်က မြင်းစီးနည်းပြနှင့် ခင်မင်မှုကို သုံးကာ မြင့်မားထွားကျိုင်းသည့် မြင်းနှစ်ကောင်ကို ငှားရမ်းခဲ့သည်။ အထူးသဖြင့် ချီလဲ့လဲ့ စီးနေသည့် ရွှေအိုရောင် မြင်းမှာ အသက် ၃ နှစ်သာ ရှိသေးပြီး ကျောပြင်က ဝိုင်းကာ ကိုယ်ထည် တောင့်တင်းလှသည်။


"ကျား....." 

ချီလဲ့လဲ့က လက်တစ်ဖက်ဖြင့် နှင်တံကို ရိုက်လိုက်ရာ မြင်းက စတင် ဒုန်းစိုင်းပြေးတော့သည်။


ဘေးပတ်ပတ်လည်မှ လူများက သူ၏ စွမ်းရည်ကို ချီးကျူးကာ အော်ဟစ်အားပေးကြသည်။


"ဒီကလေး တော်သားပဲ…." 

မြင်းစီးနည်းပြက ခေါင်းတညိတ်ညိတ်နှင့် ချီးမွမ်းနေသည်။


ချီလဲ့လဲ့၏ လက်ထောက်က အသံကျယ်ကျယ်

ဖြင့် အော်ပြောလိုက်သည်။

"ကျွန်တော်တို့ လဲ့လဲ့က အင်္ဂလန်မှာ Pony Club Level လက်မှတ်တောင် ရထားတာပါ…."


ကျုံးချန်က  ပျင်းရိစွာ ကြည့်ရင်း သူ မပြောသည်မှာ အချိန်အတော်ကြာပြီဖြစ်သော စကားတစ်လုံးကို ရေရွတ်လိုက်သည်။

"ဒါပဲလား…."


ဘေးနားက လူအချို့မှာ ထိုစကားကြောင့် အံ့သြသွားကြသည်။


သခင်လေးကျုံးရဲ့ စိတ်က တကယ့်ကို ပဟေဠိပါပဲ.....


သူက ချီလဲ့လဲ့ကို အရမ်းကြိုက်တယ်လို့ နာမည်ကြီးနေတာလေ…. အခုကျမှ ဘာလို့ လှောင်ပြောင်နေတာလဲ….


သို့သော် ထိုအချိန်တွင် ချီလဲ့လဲ့ စီးနေသည့် ရွှေအိုရောင်မြင်းက တစ်ခုခုကြောင့် ထိတ်လန့်သွားပြီး ရူးသွပ်စွာ ဟီသံပေးကာ မြင်းကွင်းထဲမှ ဒုန်းစိုင်းထွက်ပြေးသွားတော့သည်။


လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။


ချီလဲ့လဲ့က ကြောက်လန့်သွားသည်။ သူ၏မျက်နှာမှာ ဖြူလျော်လာပြီး တစ်ကိုယ်လုံး ပျော့ခွေသွားကာ မြင်းကျောတွင် မှောက်လျက် မြင်းကိုယ်ထည်ကို တင်းတင်းကျပ်ကျပ် ဖက်ထားတော့သည်။ 


နည်းပြက  နောက်မှ ပြေးလိုက်ရင်း အော်

ပြောသည်။  

"မင်း…. ဇက်ကြိုးကို ဆွဲထား…. ဇက်ကြိုးကို ဆွဲ…."


ချီလဲ့လဲ့မှာ အလွန်ကြောက်ရွံ့နေသဖြင့် ဘာမှ မကြားရတော့ပေ။ လမ်းတွင် သူ၏ ခေါင်းပေါ်မှ အတင်တန်ဆာများပါ ပြုတ်ကျသွားပြီး သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေကာ ဆံပင်တုကြီးနှင့် အော်ဟစ်နေတော့သည်။


"ကယ်ကြပါဦး…."


×××××


ယမန်နေ့က ဒါရိုက်တာရှန်း ပေးလိုက်သည့် သရုပ်ဆောင်ကတ်ပြားကြောင့် ချီလင်ချင်းနှင့် တုယွမ်ပိုင် နှစ်ယောက်စလုံး စတူဒီယိုအတွင်းသို့  ချောချောမွေမွေ့ ဝင်နိုင်ခဲ့သည်။


နံပါတ် (၁) ရိုက်ကွင်းအတွင်း ရိုက်ကူးမည့် ထန်ယွဲ့ဖုန်းယွင် ဇာတ်လမ်းအပြင် အခြားသော ဒရာမာဇာတ်ကား များကိုလည်း ရိုက်ကူးနေသဖြင့် တစ်ဝင်းလုံး ဆူညံနေသည်။ 


သူတို့နှစ်ဦး လမ်းလျှောက်လာစဉ် ထိန်းချုပ်မှုမဲ့နေသော ရွှေညိုရောင်မြင်းတစ်ကောင်က သူတို့ရှိရာဘက်သို့ ဒုန်းစိုင်းပြေးလာသည်။ 


မြင်းပေါ်တွင် လူတစ်ယောက် မှောက်လျက်ပါလာပြီး အသက်ရှိသေးလား မရှိတော့လား မသိရပေ။

တုယွမ်ပိုင် အံ့အားသင့်သွားပြီး  ချီလင်ချင်း၏ အင်္ကျီလက်ကို ဆွဲကာ ထွက်ပြေးတော့သည်။


"ပြေး.… မြန်မြန်ပြေးတော့…."

သို့သော် ထိုမြင်းက သူတို့ကို သတိထားမိသွားသဖြင့် သူတို့နောက်မှ အရှိန်နှင့် လိုက်လေသည်။


ဤမတော်တဆမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်သဖြင့် ဘေးပတ်ဝန်းကျင်ရှိ ရိုက်ကူးရေးအဖွဲ့သားများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ အချို့မှာ ဖုန်းများထုတ်ပြီး ဓာတ်ပုံရိုက်နေကြသည်။


"လူ့ခြေထောက်က မြင်းခွာကို မကျော်နိုင်တာ အမှန်ပဲ…"

အထူးသဖြင့် လမ်းတစ်လျှောက်မှအတားအဆီးများကို တိုက်မိပြီး လဲကျနေသော ချီလင်ချင်းနှင့်တုယွမ်ပိုင်တို့အတွက် ပို၍ပင် မလွယ်ကူတော့ချေ။


"တောက်.… ဘယ်သူကများ အကျင့်ပုပ်ပြီး ဒီမှာ ငှက်ပျောခွံ လာပစ်ထားတာလဲ…"  

တုယွမ်ပိုင်က မြေပြင်ပေါ်မှ ထရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။


ချီလင်ချင်းက နာကျင်မှုကို အောင့်ထားရင်း ဘောင်းဘီစကို မကာ သူ၏ခြေကျင်းဝတ်ကို ငုံ့ကြည့်လိုက်သည်။ 


ထို့နောက် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ 

"မင်း အရင်ပြေးနှင့်တော့…. ငါ ခြေကျင်းဝတ် လည်သွားပြီ…." 


သူသာ ချီလင်ချင်းကိုထားပြီး ထွက်ပြေးသွားပါက ချီမိသားစု၏ အပြစ်တင်ခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် တုယွမ်ပိုင်က ပြန်ထိုင်လိုက်ပြီး ကြောက်ကြောက်လန့်လန့်နှင့် အော်လိုက်သည်။ 

"သေရင်လည်း အတူတူသေကြတာပေါ့ကွာ…."


သူတို့နှစ်ဦးကို မြင်းက မှီတော့မည်ကို မြင်လိုက်ရသဖြင့် ဘေးကလူများမှာ ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ 


ဘယ်လိုလုပ်ကြမလဲ…. အခုသွားကူဖို့လည်း အချိန်မမီတော့ဘူး…. လူနာတင်ကားပဲ ခေါ်ထားရမလား….


သို့သော် ထိုအချိန်တွင် နီညိုရောင်မြင်းတစ်ကောင်က အနောက်မှ လိုက်ပါလာသည်။ မြင်းပေါ်တွင် ဝတ်စုံနက်နှင့် လူငယ်လေးတစ်ဦးမှာ မြင်းဇက်ကြိုးကို ကျွမ်းကျင်စွာ ဆွဲကိုင်ထားပြီး မြင်း၏တင်ပါးကို နှင်တံဖြင့် အားရပါးရ ရိုက်လိုက်သည်။


"ဟီးးးးးး"


နီညိုရောင်မြင်းကြီးက လည်ပင်းကို မြှင့်ကာ ဟီသံပေးလိုက်ပြီး ရွှေညိုရောင်မြင်း၏ ဘေးကို ဝင်တိုက်လိုက်လေသည်။ 


ရွှေညိုရောင်မြင်းမှာ မြေပြင်ပေါ်သို့ ဘေးတိုက် လဲကျသွားသည်။

မြင်းပေါ်မှ လူမှာလည်း မြေပြင်ပေါ်သို့ နှစ်ပတ်၊ သုံးပတ်ခန့် လိမ့်သွားသည်။


နီညိုရောင်မြင်းမှာ ဘာဒဏ်ရာမှ မရဘဲ ငြိမ်

သက်စွာ ရပ်နေပြီး မြေပြင်ကို ခွာဖြင့် နှစ်ချက်ခန့် ယက်လိုက်သည်။


ဘေးကလူများမှ အာမေဍိတ်သံများ ထွက်လာကြသည်။ 

"ရင်ခုန်စရာကြီးပဲ…. ဒါ ဘယ်အဖွဲ့က ရိုက်ကွင်းလဲ မသိဘူး…."


တုယွမ်ပိုင်မှာ မြင်းပေါ်မှ ဆင်းလာသော ဝတ်စုံ

နက်နှင့် လူငယ်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးသွားတော့သည်။


ဒါ.... ဒါငါတို့ကျောင်းက ကျုံးချန် မဟုတ်လား….


ဝတ်စုံနက်နှင့် လူငယ်မှာ မြင်းပေါ်မှ ကျွမ်းကျင်စွာ ဆင်းလာပြီး မြင်း၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ လူနှစ်ဦးကို လှည့်ကြည့်လိုက်သည်။ သူက ချီလင်ချင်းကို ကူညီရန် ရွေးချယ်လိုက်ပြီး မေးလိုက်သည်။ 


"အဆင်ပြေရဲ့လား..."


ချီလင်ချင်း ငုံ့ကြည့်လိုက်သောအခါ သူ မ,ထားသည့် ဘောင်းဘီအောက်နားမှ ပန်းရောင် အစက်အပြောက်ပါသည့် ခြေအိတ်လေး တစ်ဝက်ခန့် ပေါ်နေသည်ကို မြင်လိုက်ရသည်။


သူ့ကို ကယ်တင်လိုက်သူမှာ မူရင်းဇာတ်လမ်းထဲမှ အရံဇာတ်ကောင်ဖြစ်သူ ကျုံးချန် ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိသွားသည်။


" အဆင်ပြေပါတယ်…." 

ချီလင်ချင်းအနည်းငယ် ကြောင်အမ်းနေသော်လည်း တစ်ဖက်လူ၏လက်ကို ဆွဲကာ မတ်

တတ်ရပ်ရန် ကြိုးစားလိုက်သည်။


မြင်းကို ဒုန်းစိုင်းစီးလာသဖြင့် ကျုံးချန်၏ လက်မှာ ပူနေပြီး အနည်းငယ် ချွေးစိုနေသည်။ ကျုံးချန်က သတိထားမိသွားသဖြင့် သူ၏လက်ကို ပြန်ရုတ်လိုက်သည်။ 


သူ့ဘောင်းဘီတွင် ချွေးသုတ်ပြီးမှ ချီလင်ချင်းလက်ကို ပြန်ဆွဲလိုက်သည်။


ထိုသို့  ကိုင်လိုက်သည့် ခဏတွင် ကျုံးချန် အနည်းငယ် အံ့သြသွားသည်။ ချီလင်ချင်း၏ လက်ဖမိုးမှာ သွယ်လျပြီး သပ်ရပ်နေသော်လည်း လက်ဖဝါးမှာ အသားမာများဖြင့် ကြမ်းတမ်းနေသည်။ သူထင်ထားသည်ထက် ပို၍ ကြမ်းတမ်းနေသည်။


ကျုံးချန်က မေးသည်။

"လမ်းလျှောက်နိုင်သေးလား…."


ချီလင်ချင်းက ခေါင်းခါပြကာ ပြန်ဖြေသည်။ 

"ခဏတော့ မလျှောက်နိုင်သေးဘူး…." 


ကျုံးချန်က တုယွမ်ပိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။


တုယွမ်ပိုင်က ဟန်ဆောင်ပြီး အော်လိုက်သည်။

"အား…. ကျုံးကော…. ကျွန်တော့် တင်ပါးကို ထိသွားပြီ…. အား.... ဘာလို့ ထလို့မရတော့တာလဲ…. ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့…. လင်ချင်းကို အရင်ကူပေးလိုက်ပါ…."


ချီလင်ချင်းက ကျုံးချန်ကို တိတ်တခိုး ချစ်နေသည်ဟု ထင်သဖြင့် အနှောင့်အယှက် မဖြစ်စေရန် တုယွမ်ပိုင်က အခွင့်အရေး ဖန်တီးပေးနေခြင်း ဖြစ်သည်။


"ကောင်းပြီလေ…."


ကျုံးချန်က ချီလင်ချင်းကို တွဲကူရန် လှည့်လိုက်သော်လည်း ဤကောင်လေးမှာ သူ့ထက် ခေါင်းတစ်လုံးစာခန့် ပိုရှည်နေသည်။ ထို့ကြောင့် တစ်ဖက်လူ၏ ပခုံးပေါ်သို့ လက်တင်ရန်မှာ သူ၏အတွက် အတော်ပင် ခက်ခဲနေသည်။


ချီလင်ချင်းက နားမလည်သဖြင့် ငေးကြည့်နေမိသည်။


ကျုံးချန်က စိတ်မရှည်စွာဖြင့် ခနဲ့ပြီး မေးလိုက်သည်။

"မင်းက ဘာလို့ ဒီလောက်တောင် အရပ်ရှည်နေရတာလဲ…."


“……..”

ချီလင်ချင်းက ဘာပြန်ပြောရမှန်း မသိပေ။


ကျုံးချန်မှာ စိတ်တိုလာပြီး ထပ်မေးလိုက်သည်။

"မင်းက ဆွံ့အနားမကြားလား…." 


ဤတစ်ကြိမ်တွင် ချီလင်ချင်းက ပြန်ပြောသည်။  "မဟုတ်ပါဘူး…."


ကျုံးချန် : "......"


ဒီလူက ဘာလို့ ဒီလောက်တောင် အ နေရတာလဲ….


သူ ချီလင်ချင်း၏လက်ကို ချက်ချင်း လွှတ်လိုက်သည်။ ခဏအကြာတွင် အခြားရိုက်ကူးရေးအဖွဲ့သားများက ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဒါရိုက်တာရှန်း၏ တောင်းဆိုချက်အရ အကုန်ဖျက်လိုက်ကြသည်။ 


အကယ်၍ ဤသတင်း ပေါက်ကြားသွားပါက ထန်ယွဲ့ဖုန်းယွင် ဂုဏ်သိက္ခာကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။


အစီအစဉ်က မြင်းစီးခန်းရိုက်ပြီးလျှင် ချီလင်

ချင်းနှင့် ချီလဲ့လဲ့တို့၏ မျက်နှာချင်းဆိုင် သရုပ်ဆောင်ရမယ့် အလှည့်ဖြစ်သည်။


မူလက အခက်အခဲအားလုံး ပြီးဆုံးသွားပြီဟု အားလုံးက ထင်ခဲ့သည်။ သို့သော် ချီလင်ချင်းတစ်ယောက် မိတ်ကပ်ပြင်ရန် အခန်းထဲဝင်သွားချိန်၌ ချီလဲ့လဲ့က ရုတ်တရက် ရင်ဘတ်အောင့်လာပြီး အော်ဟစ်တော့သည်။ တစ်ဖွဲ့လုံးပျာယာခတ်ကုန်ပြီး ၁၂၀ကိုခေါ်ကာ သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရသည်။


ကျုံးချန်က မစောင့်တော့ဘဲ တက္ကစီငှားပြီး ပြန်သွားခဲ့သည်။ သို့သော် မပြန်ခင် ကျုံးချန်က တုယွမ်ပိုင်ကို မေးလိုက်သေးသည်။ 

"မင်း ဒီမှာ ဘာလုပ်နေတာလဲ…."


ကျောင်း၏နာမည်ကြီးလူမိုက်က သူ့ကို အရင် စကားလာပြောသဖြင့် တုယွမ်ပိုင် ရင်တုန်သွားသည်။ 

 

ငါ ခုနက သူ့ကို လိမ်ပြောထားတာ သိသွားပြီလား မသိဘူး.....


တုယွမ်ပိုင်၏ ခြေထောက်များ တုန်ယင်လာပြီး အသံတိုးတိုးလေးနှင့် ပြန်ဖြေလိုက်သည်။

"ကျွန်.… ကျွန်တော် လင်ချင်းနဲ့ လိုက်လာတာ….သူက ထန်ယွဲ့ဖုန်းယွင်က ပန်းချီဆွဲတဲ့ နေရာကနေ ပါလို့ပါ…."


ရှေးဟောင်းဝတ်စုံဝတ်ဒရာမာဖြစ်၍ တရုတ်

ရိုးရာပန်းချီကား ရေးဆွဲရမည် ဖြစ်နိုင်သည်။ 


ကျုံးချန်က ချီလင်ချင်းအကြောင်း အနည်းငယ် ကြားဖူးသည်။ တောရွာမှ မတော်တဆ ပြန်တွေ့ခဲ့သော ချီမိသားစု၏ သားအရင်းပင် ဖြစ်သည်။ သူက ပေကျင်း၏ လူကုံထံ အသိုင်းအဝိုင်းတွင် နာမည်ပျက်နှင့် ကျော်ကြားနေသူဖြစ်သကဲ့သို့ အင်တာနက်ပေါ်တွင်လည်း လူမုန်းများသူဖြစ်သည်။


ကျုံးချန်က မျက်ခုံးပင့်သွားသည်။ ခုနက ဆံပင်ရွှေဝါရောင်နှင့် ကောင်လေးက တရုတ်ရိုးရာ အနုပညာရပ်နှင့် ပတ်သက်နေမည်ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။ ထို့အပြင် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကိုလည်း ချီလင်ချင်းက ကြိုက်နေခဲ့ပုံရသည်။ 


မူလပိုင်ရှင်က ချီလဲ့လဲ့ကြောင့် ထန်ယွဲ့ဖုန်းယွင်တွင် လာရိုက်သကဲ့သို့ ချီလင်ချင်းကလည်း သူ့ကြောင့်လာခြင်း ဖြစ်နိုင်သည်။ ကျုံးချန်  စိတ်ပျက်သွားသည်။ ၎င်းက သူ့အလုပ် မဟုတ်ချေ။ တက္ကစီလာရန် သုံးမိနစ်သာလိုတော့သဖြင့် သူ့ဖုန်းကို ကြည့်ရင်း စောင့်နေသည်။


ကျုံးချန် ဘာမှပြန်မပြောတော့သဖြင့် တုယွမ်

ပိုင် ပိုကြောက်သွားပြီး တစ်ခုခုကို ချီးကျူးစကားဆိုလိုက်သည်။  

"ကျုံးကော... ကျုံးကော မြင်းစီးတာက ရှေးခေတ်က လူတစ်ယောက်အတိုင်းပဲနော်…. ဟို တီဗီထဲက သိုင်းသမားတွေလိုပဲ…. အရမ်းကျွမ်းကျင်တာပဲ…."


သူ ဥပမာပေးပြီး ပြောမှန်း သိသော်လည်း ကျုံးချန်၏ နှလုံးသားက ထိတ်ခနဲ ဖြစ်သွားသည်။ သူက တကယ်ပင် ရှေးခေတ်က ကူးပြောင်းလာသူဖြစ်ကြောင်း အခြားသူများ သိသွားပါက သူ့ကို ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတစ်ကောင်ကဲ့သို့ လှီးဖြတ်ပြီး စမ်းသပ်ကြမည်ကို သူ ကောင်းကောင်း သိနေပေသည်။


"ပါးစပ်ပိတ်ထားစမ်း…." 

ကျုံးချန်က အပြင်ကို ထွက်သွားရင်း တုယွမ်

ပိုင်ကို သတိပေးသော အကြည့်နှင့် ကြည့်လိုက်သည်။


"မင်းကမှ ရှေးခေတ်လူ….မင်းတို့ တစ်မိသားစုလုံး ရှေးခေတ်လူတွေ…."


တုယွမ်ပိုင်: "?"


×××××


တစ်နာရီအကြာတွင်….


ဆေးရုံတွင် ချီလဲ့လဲ့က ရင်ဘတ်ကို ဓာတ်မှန်

ရိုက် နေသည်။ ဆရာဝန်က စိုးရိမ်စရာ မရှိသော်လည်း ဆေးရုံမှာသာ စောင့်ကြည့်ရန် အကြံပြုသည်။ 


ဒါရိုက်တာရှန်းကလည်း သူ့ကို ကောင်းကောင်း အနားယူရန် တိုက်တွန်းလိုက်သည်။


ချီလဲ့လဲ့က ခေါင်းခါပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ 

"မရဘူး…. နောက်ရိုက်မယ့် အခန်းက ကျွန်တော့်အစ်ကိုနဲ့ ရိုက်ရမှာ…. ကျွန်တော့်ကြောင့် ရိုက်ကူးရေး အဖွဲ့သားတွေ နောက်ကျသွားလို့ မဖြစ်ဘူး…. ကျွန်တော် ပြန်သွားရမယ်…."


ချီလဲ့လဲ့က အလွန်ဇွဲကောင်းသောကြောင့် ဒါရိုက်တာရှန်းက သဘောတူလိုက်ရသည်။ ထိုအရာကိုကြားသော အဖွဲ့သားများက ချီလဲ့လဲ့၏ အလုပ်အပေါ် စိတ်အားထက်သန်မှုကို ချီးကျူးနေကြသည်။


ချီလဲ့လဲ့က အထက်တန်းကျောင်းသားအရွယ်သာ ရှိသေးသော်လည်း ဖျော်ဖြေရေးလောကတွင် နာမည်ရနေသည်က မဆန်းပေ။။ ချီမိသားစု၏ ထောက်ပံ့မှုက အဓိကဆိုသော်လည်း သူ၏ စိတ်ဓာတ်ကောင်းမွန်မှုကလည်း အဓိက ကျပေသည်။


🎨🎨🎨