Ch 5
Viewers 71

Chapter 5

 

 

သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး သဘောကျတာခံခဲ့ရတယ်

 

 

အခြားတစ်ယောက်အပေါ်  မှီခိုနေရသည်ကို စိတ်မကောင်းဖြစ်မိသော မြွေပွေးအားလွီမှာ တစ်ခဏမျှ ကိုယ့်ကိုယ်ကို သနားမိသွားပြီး ရုတ်တရက် အနက်ရောင် အမွှေးလုံးလေး၏ အမူအရာမှာ ပုံမှန်နှင့်မတူဘဲ ပိုတင်းမာလာသည်ကို သတိပြုမိလိုက်၏။

 

 

သူ့ကိုယ်သူ တည်ငြိမ်စေရန် လုပ်လိုက်သော်ငြား စိုးရိမ်နေဆဲ ဖြစ်သည်။

 

 

အဆင့်ကွာခြားချက်၏ ဖိနှိပ်မှုကြောင့် ဗီဇပြောင်းအကောင်များ မည်မျှပင် ရောက်လာပါစေ သူတို့သည် အမိန့်ပေးခံရမည့် လက်အောက်ငယ်သားများသာ ဖြစ်လာမည် ဖြစ်၏။

 

 

အကယ်၍ သူသာ အနက်ရောင်အမွှေးလုံး အဆင့်လောက် ရှိနေပါက အခြားဗီဇပြောင်းအကောင်များ လာရောက်ခိုလှုံသည်ကို မြင်ရခြင်းမှာ ဝမ်းသာစရာ ဖြစ်မည်ပင်။

 

 

မကြာခင်မှာပင် အခြေစိုက်စခန်းမှာ ပို၍ပင် ရှုပ်ယှက်ခပ်လာပြီး လူသားများက စီမံခန့်ခွဲဖို့ရာအတွက် အလွန် အလုပ်များနေမည် ဖြစ်၏။ ထိုအချိန်အတွင်း သူတို့မှ ဗီဇပြောင်းအကောင်များ၏ နိုင်ငံတည်ထောင်ရန် အခွင့်ကောင်း ယူ၍ရပြီး ဒေသတစ်ခုအား အုပ်စိုးလိုက်၍ ရလေသည်။

 

 

သို့ပေမဲ့ အနက်ရောင်အမွှေးလုံးလေးက ကွဲပြားလေသည်။

 

 

အမှန်မှာ အနက်ရောင် အမွှေးလုံးလေးမှာ အခြားသော ဗီဇပြောင်းအကောင်များ အားလုံးနှင့် မတူပေ။

 

 

အခြေစိုက်စခန်း၌ အနက်ရောင် အမွှေးလုံးလေးတွင် အခြား ဗီဇပြောင်းအကောင်များကို စားကာ ကြိုတင် ဆင့်ကဲပြောင်းလဲထားပြီး လူသားများ၏ ကန့်သတ်ချက်ထဲမှ ထွက်ပြေးလွတ်မြောက်ကာ လက်စားချေရန် အခွင့်အရေး များစွာရခဲ့၏။

 

 

သို့သော်ငြား အနက်ရောင်အမွှေးလုံးလေးက ထိုကဲ့သို့ မလုပ်ခဲ့ချေ။

 

 

ထို့ကြောင့် အားလွီက လက်အောက်ငယ်သားများကို စုဆောင်းရန် စိတ်အားထက်သန်နေချိန်တွင် အနက်ရောင်အလုံးလေးကတော့ ငြင်းနိုင်ချေ ပိုများနေသည်။

 

 

အနက်ရောင် အမွှေးလုံးလေးက အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေကာ မျက်လုံးများမှာ မှုန်မှိုင်းနေသကဲ့သို့ သူ့အတွေးများကိုလည်း မသိနိုင်ချေ။

 

 

အခြေအနေအား နားလည်နိုင်စွမ်းရှိသဖြင့် အားလွီမှ သူ၏လက်သည်းများအောက်၌ ယခုချိန်အထိ ရှင်ကျန်နေရခြင်း ဖြစ်၏။ အနက်ရောင် အမွှေးလုံးလေး၏ စိတ်အခြေအနေ မကောင်းသည်ကို ခံစားမိသဖြင့် သူက ချက်ချင်း တိတ်ဆိတ်ထားကာ ဒေါသဖြေရန်အတွက် ပစ်မှတ်ဖြစ်သွားမည်ကို စိုးရိမ်နေလေသည်။

 

 

တစ်ခဏကြာပြီးနောက် အနက်ရောင် အမွှေးလုံးလေး၏ ညည်းညူသံအား ကြားလိုက်ရသည်။

 

 

“ငါဒီကနေထွက်သွားမှရမယ်၊ သူ့ကို ဒီကိစ္စနဲ့ မပတ်သက်စေချင်ဘူး”

 

 

အားလွီက ဇဝေဇဝါဖြစ်သွား၏။

 

 

“သူ”

 

 

‘သူဆိုတာက ဘယ်သူလဲ’

 

 

ညနေခင်း၌ ဝေ့ရှင်းမှ အသင့်စားစရာအပြည့်နှင့် သေတ္တာကြီးတစ်ခုအား အိမ်သို့ ပြန်သယ်လာချိန်တွင် အနက်ရောင်

အမွှေးလုံးလေးက ရပ်ကွက်ပန်းခြံထဲမှာ ထိုင်ရင်း သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

 

 

အနက်ရောင် အမွှေးလုံးလေး၏ အမြီးမှာ ရှေ့နောက်ယိမ်းနေပြီး စိတ်တိုနေပုံရကာ မတက်ကြွနေပေ။

 

 

ဇဝေဇဝါ ဖြစ်သွားသည့် ဝေ့ရှင်းကထိုင်ချကာ မေးလိုက်၏။

 

 

 “ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်သွားလို့လား”

 

 

အနက်ရောင် အမွှေးလုံးလေးက စိတ်ပူနေသည့် လူငယ်လေးအား မော့ကြည့်လိုက်သော်ငြား နှုတ်ဆက်စကား မပြောနိုင်ဖြစ်နေခဲ့သည်။

 

 

ရှောင်ဟေးမှာ ပို၍ပင် စိတ်တိုလာပြီး သူ့လက်ချောင်းလေးဖြင့် အနီးနားရှိ ကျောက်စရစ်ခဲများအား ရိုက်ထုတ်ပစ်လိုက်သည်။

 

 

ဝေ့ရှင်းမှာ နားမလည်သော်ငြား အနက်ရောင် အမွှေးလုံးလေး၏ စိတ်အခြေအနေ မကောင်းနေကြောင်းကိုတော့ သိနိုင်သည်။ အမွှေးလုံးလေးအား နှစ်သိမ့်ရန်အတွက် သူက  ငြင်သာစွာ ပြောလိုက်၏။

 

 

 “ဝမ်းမနည်းပါနဲ့၊ ငါမင်းကို ခဏနေကျရင် အသားကင် လုပ်ကျွေးမယ်လေ”

 

 

သေတ္တာအား လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားရကာ လွတ်လိုက်၍ မရသဖြင့် အမွှေးပွပွခေါင်းလေးအား သူ့ခေါင်းနှင့် ပွတ်သပ်လိုက်ပြီး ပြုံးကာ ကြည်လင်သောအသံလေးနှင့် ပြောလိုက်သည်။

 

 

“တော်လိုက်တဲ့ ရှောင်ဟေးလေး”

 

 

အနက်ရောင် အမွှေးလုံးလေးမှာ တော်လိုက်တာဟု အပြောခံလိုက်ရချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရကာ ရှက်ရွံ့စွာ နောက်ဆုတ်သွားခဲ့သည်။

 

 

ဝေ့ရှင်းက ရေခဲတုံးကြီးအား စနောက်ရသည်ကို တစ်မျိုးတစ်ဖုံ သဘောကျပြီး ငြင်သာစွာရယ်မောရင်း သေတ္တာကိုမကာ မတ်တပ်ရပ်လိုက်၏။

 

 

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနက်ရောင်အလုံးလေးက မလိုက်လာသဖြင့် သူမှ လှည့်ကာ ခေါ်လိုက်သည်။

 

 

 “လာလေ ရှောင်ဟေး အိမ်ပြန်ဖို့ အချိန်ရောက်ပြီ”

 

 

ညနေခင်းနေ၏ အလင်းရောင်မှာ မြေပြင်ပေါ်သို့ ဖြာကျလာပြီး လူငယ်လေး၏အပေါ်သို့ နူးညံ့သည့် အလင်းလွှာလေးတစ်လွှာ ကျရောက်စေကာ သူ၏ ပြုံးနေသော မျက်နှာအား ပို၍ပင် ဆွဲဆောင်မှုရှိသွားစေ၏။

 

 

အကြိမ်ကြိမ် အခေါ်ခံရပြီးနောက် နေရာတွင် မလှုပ်မယှက် ရပ်နေသည့် ရှောင်ဟေးမှာ အံကြိတ်လိုက်ပြီး ဖြေးဖြေးချင်း သူ့နောက်သို့ လိုက်တက်သွားခဲ့သည်။

 

 

သူ့၏နှလုံးသားထဲ၌ အသားကင်အတွက် ကြောင့်ပဲဟု နှလုံးသွင်းထား၏။ စားပြီးရင် ထွက်သွားမည်ပင်။

 

 

အမျိုးသားနှင့် အမွှေးလုံးလေး ထွက်သွားပြီးနောက် အနီးနားရှိ အရိပ်ထဲမှ အားလွီ၏ မြွေခေါင်းလေး ထွက်လာခဲ့သည်။ သူ ယခုလေးတင် မြင်လိုက်ရသည် မြင်ကွင်းကို ပြန်တွေးရင်း ရယ်ချင်မိသွား၏။

 

 

‘အဲဒီတော့ သူဆိုတာက လူသားတစ်ယောက်ကို ရည်ညွှန်းတာပေါ့’

 

 

အလွန် အင်အားကြီးသည့် ထိပ်တန်းဗီဇပြောင်း အကောင်တစ်ကောင်က အားနည်းပြီး ရွံရှာဖွယ်ကောင်းသည့် လူသားတစ်ယောက်ရှေ့တွင် ဦးညွတ်ကာ  ပွတ်သပ်နေလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။

 

 

ဗီဇပြောင်းအကောင်၏ ဂုဏ်သိက္ခာအား မည်သူမျှ ဖျက်ဆီး၍မရနိုင်ပေ။ အကယ်၍ သူသာ အနက်ရောင် အမွှေးလုံးလေး၏ နေရာတွင်ရှိနေပါက ညှင်းပန်းနှိပ်စက်ခံရမည် ဆိုလျှင်တောင်မှ လူသားတွေအား ဘယ်သောအခါမှ နာခံမည် မဟုတ်ချေ။

 

 

အားလွီက ရုတ်တရက် အနက်ရောင် အမွှေးလုံးလေးထက် တစ်ခုသာသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်အား ပျော်ရွှင်စွာ လှုပ်ယမ်းလိုက်၏။

 

 

သူပြန်လှည့်ကာ ချုံပုတ်အရိပ်များထဲသို့ ပြန်တိုးဝင်သွားပြီး အနက်ရောင် အမွှေးလုံးလေး ပြန်ထွက်လာချိန်တွင် ကောင်းကောင်းကြီး ရယ်လိုက်ရန် စီစဥ်ထားလေသည်။

 

 

အိမ်ပြန်ရောက်သောအခါ ပထမဆုံးအနေနှင့် ဝေ့ရှင်းက အသင့်စားအစားအစာများကို သိုလှောင်ခန်းထဲတွင် ထားလိုက်ကာ သူ၏နာကျင်နေသည့် လက်မောင်များအား လွတ်လပ်ခွင့်ပေးလိုက်သည်။

 

 

ပြီးနောက် သူက ဖုန်းထုတ်ကာ အစ်ကိုဆိုသူနှင့် စကားပြောချက်အား ဖွင့်လိုက်၏။

 

 

အစ်ကို: “မင်းအခုအတောင်တွေ ပေါက်နေပြီလား”

 

 

စကားပြောချက်မှာ ထိုပွင့်လင်းသည့် မေးခွန်းနှင့်သာ အဆုံးသတ်ထား၏။

 

 

ဝေ့ရှင်းမှ စာမပြန်သဖြင့် တစ်ဖက်လူကလည်း စာဆက်မပို့တော့ကာ သူတို့နှစ်ဦးသည် သွေးရင်းညီအစ်ကိုများ မဟုတ်ဘဲ သူစိမ်းများကဲ့သို့ပင်။

 

 

သူ၏ လက်ချောင်းများအား လှုပ်ရှားလိုက်ပြီး စကားပြောမှတ်တမ်းကို ကြည့်လိုက်သည်။ နောက်ဆုံးမက်ဆေ့ချ်မှာ လွန်ခဲ့သော ခြောက်လမှ ပို့ထားခြင်းဖြစ်၏။

 

 

စိတ်ကျန်းမာရေးဆရာဝန်က ဝေ့ရှင်းမှ မိသားစုစိတ်ဒါဏ်ရာများ ရခဲ့သည်ဟု ထင်ခဲ့သော်ငြား အမှန်တကယ်မှာတော့ မဟုတ်ပေ။ သူက မိသားစုအကြောင်း အားနည်းပြီး မည်သည်ကို ပြောရမည်အား မသိခြင်းသာ ဖြစ်၏။

 

 

သူ့မိခင်က သူ့ကိုမွေးဖွားရင်း သေဆုံးသွားခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် သူ့အဖေကလည်း အလွန်အမင်း ပူဆွေးမှုကြောင့် နာမကျန်း ဖြစ်သွားရသည်ကို သူမှတ်မိသေးသည်။

 

 

ထိုအချိန်၌ သူက လမ်းပင်ကောင်းကောင်း မလျှောက်တတ်သေးသည့် ကလေးလေးသာ ရှိသေး၏။ များပြားလှသည့် မိသားစုအမွေများမှာ သူ၏အစ်ကို ဝေ့ကျင်းဖုန့်၏ ပခုံးပေါ်သို့ ရောက်သွားသဖြင့် အမြဲတစေ အလုပ်များနေပြီး သူ့အနားတွင် မရှိပေးနိုင်ပေ။ အထက်တန်းပြီးသွားပြီးနောက် သူက အိမ်ကို ပြန်မလာတော့ပေ။

 

 

နောက်ပိုင်းတွင် အိမ်ကြီးက ကြီးမားလွန်းကာ ဘာမှမရှိသကဲ့သို့ ဝေ့ရှင်း ခံစားရသဖြင့် အိမ်မှ ပြောင်းရွေ့သွားခဲ့သည်။

 

 

ညီအစ်ကိုနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ဆက်၍ စိမ်းကားနေဆဲ ဖြစ်၏။ သူတို့နှစ်ဦးက တစ်နှစ်လျှင် နှစ်ကြိမ်ထက် ပိုမတွေ့ကြကာ မိသားစုကိစ္စများလည်း မပြောကြချေ။

 

 

အတိတ်အကြောင်းစဥ်းစားရင်း ဝေ့ရှင်း၏ လက်ချောင်းများမှာ ဖန်သားပြင်ပေါ်တွင် ငြိမ်သက်နေ၏။

 

 

သူ့အား စကားများများ မပြောတတ်သည့် ဝေ့ကျင်းဖုန့်မှ ရုတ်တရက် အစားအသောက်များ စုဆောင်းထားရန် မက်ဆေ့ချ်ပို့လာခြင်းဖြစ်သဖြင့် တစ်ခုခုဖြစ်နေခြင်း ဖြစ်ရမည်။

 

 

ထို့ကြောင့် အလုပ်ဆင်းပြီးနောက် သူက အသင့်စားစားစရာများအား သေတ္တာကြီးအပြည့် ဝယ်လိုက်ကာ နောက်နေ့၌ ထပ်ဝယ်ထားရန် စဥ်းစားထားလေသည်။

 

 

သူအထက်တန်းပြီးနောက် အိမ်က ထွက်လာချိန်တွင် ဝေ့ကျင်းဖုန့်ပေးခဲ့သည့် ကဒ်အားအသုံးမပြုဘဲ သူကိုယ်တိုင်ရှာထားသည့် ပိုက်ဆံကိုသာ အသုံးပြု၏။

 

 

ဝေ့ရှင်းမှ တစ်ခဏမျှ မလှုပ်ရှားသည်ကို မြင်သဖြင့် အနက်ရောင် အမွှေးလုံးလေးက ထလာကာ သူ့အား စူးစမ်းနေလေသည်။

 

 

ဝေ့ရှင်းက သတိပြန်ဝင်လာကာ အမွှေးလုံးလေးကို ပြုံးပြလိုက်ပြီး ရေခဲသေတ္တာထဲမှ အသားပြားများကို အရည်ပျော်စေရန် ထုတ်ထားလိုက်၏။

 

 

မီးဖိုချောင်က တိတ်ဆိတ်နေပြီး ရေပိုက်ခေါင်းအား ဖွင့်ထားသောကြောင့် ရေကျသံကိုသာ ကြားနေရလေသည်။

 

 

ဝေ့ရှင်းခေါင်းငုံ့ကာ ညစာပြင်ရန် လုပ်လိုက်ပြီးမှ ရုတ်တရက် ပြောလာခဲ့သည်။

 

 

“ရှောင်ဟေး အိမ်အကြီးကြီးမှာ တစ်ယောက်တည်းနေတာက မင်းကို အိမ်ပြန်ဖို့ ကြောက်စေတယ်ဆိုတာကို မင်းသိလား”

 

 

အနက်ရောင်အမွှေးလေးက ခေါင်းမော့လိုက်ကာ ဝေ့ရှင်းကလည်း ပြန်ကြည့်နေ၏။

 

 

ကြောင်လေး၏ ပယင်းကဲ့သို့ ကြည်လင်နေသည့် မျက်လုံးများက သူ့တစ််ကိုယ်လုံးကို ကြည့်နေသည်ကို မြင်လိုက်ရလေသည်။

 

 

မသိလျှင် အထီးကျန်နေသော လူတစ်ယောက်က သူနှင့်သက်ဆိုင်​သည့် နေရာတစ်ခုအား ရှာတွေ့သွားသကဲ့သို့ပင်။

 

 

ဝေ့ရှင်းက သူလုပ်နေသည့် အလုပ်ကိုရပ်လိုက်ကာ သူ့လက်တွေကို သုတ်လိုက်ပြီး အမွှေးလုံးလေး၏ ခေါင်းကို ပွတ်ပေးဖို့အတွက် ထိုင်ချလိုက်ပြီးနောက်  ပြောလိုက်၏။

 

 

 “လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်”

 

 

သူပြောနေရင်း ခေါင်းငုံ့လိုက်ကာ အနက်ရောင် အမွှေးလုံးလေးနှင့် နဖူးချင်းထိလိုက်ပြီး တောင်းဆိုသည့် လေသံနှင့် ပြောလိုက်မိသော်ငြား သူ့ကိုယ်သူတောင် သတိမထားမိချေ။

 

 

“ကျေးဇူးပြုပြီး ငါ့ကိုထားမသွားပါနဲ့ နော်”

 

 

အနက်ရောင် အမွှေးလုံးလေးမှာ ထိုစကားကို ကြားပြီးနောက် တန့်သွားကာ အတွင်းစိတ်ထဲ၌ ငြင်းခုံမှုများနှင့် ပြည့်သွား၏။

 

 

သူက ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက် အခါခါ လုပ်‌နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ အမြီးရှည်ကြီးအား မြှောက်ကာ လူငယ်လေး၏ တုန်ယင်နေသည့် လက်ပေါ်တွင် တင်လိုက်ပြီး လေးလေးနက်နက် ‘မြှောင်’ ဟု ပြောလိုက်လေသည်။

 

 

 

‘ကောင်းပါပြီ၊ ငါမထွက်သွားတော့ပါဘူး’

 

 

မကြာခင်တွင် ညစာအဆင်သင့် ဖြစ်သွား၏။ ဝေ့ရှင်း၏ ချက်ပြုတ်ရေးစွမ်းရည်မှာ အလွန် ကောင်းမွန်သဖြင့် အနက်ရောင် အမွှေးလုံးလေးက မြိုင်ရေရှက်ရေ စားသုံးခဲ့၏။

 

 

အစားအစားကို သက်သောင့်သက်သာ စားပြီးနောက် အနက်ရောင်အမွှေးလုံးလေးက မျက်နှာသစ်ရန်အတွက် သူ၏လက်အား ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်၏။ ပြီးနောက် သူစားပွဲပေါ်မှ ခုန်ဆင်းသွားပြီး သူ၏ရှည်လျားသော အမြီးဖြင့် တံခါးကိုရိုက်ကာ  သူ့ကို အပြင်ထွက်ခွင့်ပေးရန် ဝေ့ရှင်းအား အချက်ပြလိုက်လေသည်။

 

 

ဝေ့ရှင်းမှ နံရံပေါ်ရှိ နာရီအား တစ်ချက်ကြည့်လိုက်၏။

 

 

 “ဒီလောက်နောက်ကျနေပြီကို အပြင်သွားဦးမလို့လား”

 

 

 ရှောင်ဟေးက ခေါင်းညိတ်ပြလေသည်။

 

 

ဝေ့ရှင်းက သူ၏ အမွှေးပွပွခေါင်းလေးအား ကြမ်းကြမ်းပွတ်သွားပါသော်ငြား တံခါးဖွင့်ပေးဆဲပင်။

 

 

 “စောစောပြန်လာခဲ့နော်”

 

 

ရှောင်ဟေးက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြီး သူ့ခြေထောက်ဖြင့် အမြှောက်ပုံဆွဲပြကာ ဆယ်မိနစ်အတွင်းပြန်လာမည်ဟု ဆိုလိုပြီး အမြန်ထွက်သွားလေသည်။

 

 

အောက်ထပ်ရှိ ပန်းခြံသို့ ရောက်ချိန်တွင် အားလွီမှာ ချုံပုတ်များထဲ၌ စောင့်ဆိုင်းနေဆဲ ဖြစ်၏။

 

 

သူက ပျင်းနေပြီး သူ၏ ချောမွတ်ကာ ပျော့ပျောင်းသည့် ခန္ဓာကိုယ်အား S ပုံစံပြောင်းလိုက် B ပုံစံပြောင်းလိုက် လုပ်နေလေသည်။

 

 

အနက်ရောင်အမွှေးလုံးလေး အောက်ထပ်သို့ ပြေးဆင်းလာသည်ကို မြင်လိုက်ရချိန်၌ သူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

 

 

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ၊ ငါမင်းကို စောင့်နေတာ”

 

 

သူ့စကားမဆုံးခင်မှာဘဲ အနက်ရောင် အမွှေးလုံးလေးက အတည်ကြီးပြောလာ၏။

 

 

“ငါ့ကိုကိုက်လိုက်”

 

 

အားလွီက လန့်ဖျပ်သွားခဲ့သည်။

 

 

 “ဘာ”

 

 

သူနားကြားမှားသွားသည်ဟုထင်ကာ သူ၏ မြွေမျက်လုံးများက ချက်ချင်း ပြူးကျယ်လာခဲ့သည်။

 

 

အနက်ရောင်အမွှေးလုံးလေးက စိတ်မရှည်စွာပင် ထပ်ပြော၏။

 

 

 “ငါ့ကို ကိုက်လိုက် အဆိပ်တွေ ပိုသွင်းပေး”

 

 

အားလွီက အံ့ဩသွားခဲ့သည်။

 

 

“မင်းတကယ် ပြောနေတာလား”

 

 

အမှန်တကယ်လည်း သူက သူထိုးသွင်းသည့် အဆိပ်ပမာဏကို ထိန်းချုပ်နိုင်ပါသော်ငြား ထိုကဲ့သို့ လန့်စရာကောင်းသည့် တောင်းဆိုမှုမျိုးကိုတော့ တစ်ခါမှ မကြားဘူးချေ။

 

 

အနက်ရောင် အမွှေးလုံးလေး၏ စူးရှသည့် အကြည့်အောက်၌ အားလွီမှ အမွှေးလုံးလေး၏ ဦးနှောက် ထိခိုက်ထားသည်ဟု ထင်သည်ဆိုလျှင်တောင်မှ သူက နာခံစွာ လိုက်နာရမည် ဖြစ်၏။

 

 

အားလွီသည် သတ္တိစုစည်းကာ အဆိပ်ထိုးသွင်းပြီးနောက် အနက်ရောက်အမွှေးလုံးလေးမှာ သိသိသာသာကို အားနည်းသွား၏။

 

 

ဗီဇပြောင်းအကောင်များကို သူ့ဆီ ရောက်လာစေသည့် ထူးခြားသော အရှိန်အဝါမှာလည်း သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။

 

 

ထိုပြောင်းလဲမှုများကို သတိပြုမိသွားသည့် အားလွီမှာ အနည်းငယ် လန့်ဖျပ်သွားခဲ့သည်။

 

 

အကယ်၍ အခြားဗီဇပြောင်းအကောင်များသာ သူ့အဆိပ်မိခဲ့ပြီး အထူးသဖြင့် ပမာဏအများဆိုပါက သေကိုသေမည် ဖြစ်၏။ သို့ပေမဲ့ အနက်ရောင်အမွှေးလုံးလေးက အားနည်းသွားရုံသာ ဖြစ်၏။

 

 

အနက်ရောင် အမွှေးလုံးလေးက အဆိပ်ကြောင့်ဖြစ်သည့် ဝေဒနာအား မျိုသိပ်ရန် ရုန်းကန်ပြီးနောက် သူ့မျက်လုံးများကို ကျဥ်းမြောင်းကာ အားလွီကို သတိပေးလိုက်သည်။

 

 

“မင်းဒီမှာ နေလို့ရတယ်၊ ဒါပေမဲ့ ပြဿနာမရှာနဲ့၊ ဘာမှလည်းမလုပ်နဲ့၊ မဟုတ်ရင်တော့ ဒီနေရာက မင်းရဲ့သင်္ချိုင်းမြေ ဖြစ်သွားလိမ့်မယ်”

 

 

“ဒီနေ့ကနေရပြီး ငါမင်းကို ညတိုင်းလာရှာမယ်၊ အဲဒါကို မှတ်ထားလိုက်”

 

 

 စကားပြောပြီးနောက် အနက်ရောင် အမွှေးလုံးလေးက အပေါ်ထပ်သို့ ပြန်ပြေးတက်သွားခဲ့၏။ အားလွီက ထိုနေရာတွင် အချိန်အတော်ကြာ မလှုပ်မယှက် ရပ်နေခဲ့ပြီး အသိမဝင်လာချေ။

 

 

သူက ထွက်သွားရန် ဆုံးဖြတ်ထားသည့် တစ်ဖက်လူမှာ ညစာလေးစားပြီးနောက် အလွယ်တကူ စိတ်ပြောင်းသွားပြီး ကိုယ့်အရှိန်အဝါကို ဖိနှိပ်ရန် ကိုယ်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းအား အဘယ်ကြောင့် သုံးရသည်ကို သူနားမလည်နိုင်ချေ။

 

 

သူက ရုတ်တရက် အနက်ရောင် အမွှေးလုံးလေးအား ပျော်ရွှင်စွာ အိမ်ပြန်ခေါ်သွားသည့် လူငယ်လေးကို သတိရမိသွား၏။

 

 

‘ထပ်ပြီး အဲဒီလူသားပဲလား’

 

 

အားလွီက ရွဲ့ပြုံးပြုံးပြီးနောက် အလွန် ထူးဆန်းသည့် လှောင်ပြောင်သံတစ်ခု ထွက်ခဲ့သည်။

 

 

“ဟ့”

 

 

ကြာရှည်စွာ မျိုသိပ်ထားခဲ့ရသည့် ခံစားချက်များ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ လေပြင်းတစ်ချက်က တိုက်ခတ်လာပြီး ပန်းပင်များကို အမြစ်မှ ကျွတ်ထွက်စေကာ သစ်ပင်များကို လဲစေခဲ့၏။

 

 

စခန်း၌ ခံစားခဲ့ရသည့် ညှင်းပန်းမှုများအား ပြန်တွေးမိချိန်တွင် အားလွီမှာ ဒေါသများ ခါးသီးမှုများနှင့် ပြည့်နှက်သွားလေသည်။

 

 

“လူသားတွေကို ဗီဇပြောင်းအကောင်တွေက ဘာလို့ အလျှော့ပေးရမှာလဲ”

 

 

“လူသားတွေက အဆိပ်ရှိမြွေတွေထက် ပိုပါးနပ်ပြီး ရက်စက်ကြမ်းကြုတ်တယ်၊ သူတို့တွေက ဘာမလို့ ဗီဇပြောင်းအကောင်တွေက ဂရုစိုက်ပေးရမှာလဲ”

 

 

ထိုနေရာ၌မျက်နှာထားတင်းတင်းနှင့် အချိန်အတော်ကြာ ရပ်နေပြီးနောက် အားလွီက သူ့ခန္ဓာကိုယ်ကို တွန့်ကာ ဝေ့ရှင်းနေထိုင်ရာ အဆောက်အဦးဆီသို့ ချဥ်းကပ်လာလေသည်။

 

 

သူက အဆောက်အဦး အပြင်ဘက်ရှိ ရေဆင်းပိုက်မှ တွားသွားတက်သွားပြီးနောက် လူငယ်လေး၏ ပြတင်းပေါက်အပြင်ဘက်၌ ရပ်တန့်သွားခဲ့၏။

 

 

မကြာသေးခင်က ဝေ့ရှင်းမှ ပြတင်းပေါက်များကို ကာထားခဲ့သည့်အတွက် အားလွီအထဲသို့ ဝင်မရချေ။ သို့ပေမဲ့ သူက ဂရုမစိုက်ဘဲ ပြူးကျယ်နေသည့် မြွေမျက်လုံးများနှင့်သာ ခန်းစီးကြားကတစ်ဆင့် အထဲတွင် လှုပ်ရှားနေသည့် ပုံရိပ်ကိုသာ စွဲစွဲလမ်းလမ်း စိုက်ကြည့်နေခဲ့သည်။