နံနက်စောစော အရုဏ်တက်ချိန် ၀ေ့ရှင်းတစ်ယောက်
အလုပ်သွားရန် ပြင်ဆင်နေစဥ် များသောအားဖြင့် ဗီဒိုပေါ် အိပ်စက်အနားယူရသည်ကို နှစ်သက်သော
အနက်ရောင် အမွှေးလုံးလေးက အောက်ခုန်ဆင်းလာပြီး သူ့နောက်သို့ လိုက်မည့်ပုံစံမျိုး ပြနေ၏။
၀ေ့ရှင်း ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ရှောင်ဟေးကိုပါ
တိုက်အောက် ခေါ်ခဲ့လိုက်သည်။ ရပ်ကွက်ထဲရှိ ပန်းခြံလေးထဲ ရောက်သည့်အခါ ကျောင်းသားများ၊
ရုံးဝန်ထမ်းများနှင့် မနက်ခင်း လမ်းလျှောက်နေကြသော သက်ကြီးရွယ်အို အချို့ကို ဟိုတစ်စ
ဒီတစ်စ တွေ့လိုက်ရ၏။
၀ေ့ရှင်း သေချာ ဂရုစိုက်ပြီး ကြည့်မိသည့်အခါ
ရှောင်ဟေး၏ အကြည့်များက အခြားမည်သူ့ထံမှ မရောက်ဘဲ တည့်တည့်ရှိနေသည်ကို သတိပြုမိလိုက်၏။
ရှောင်ဟေး အပြင်ထွက်လာသည့် အကြောင်းရင်းက တခြားသူများနှင့် မဆိုင်ကြောင်း သေချာနေလေသည်။
ခေတ္တမျှ အတူတူ လမ်းလျှောက်လာပြီးနောက် ရပ်ကွက်ဂိတ်ပေါက်ဝနား
ရောက်သည်နှင့် အနက်ရောင် အမွှေးလုံးလေးက သူ့အလိုလို ရပ်တန့်လိုက်ပြီး ရှေ့ဆက်မသွားလိုကြောင်း
ပြသနေ၏။ ၀ေ့ရှင်းလည်း သူနှင့်အတူ လိုက်ရပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အရာမျှ
မရှိဘဲ သူ့ကိုသာ စိုက်ကြည့်နေသော ရွှေရောင်မျက်လုံးလေးများကို မြင်လိုက်ရချိန်တွင်—ရှောင်ဟေးက
သူ့ကို လိုက်ပို့ချင်သည့် စိတ်ကူးလေး ရုတ်တရက် ပေါ်လာသည်လားဟု ၀ေ့ရှင်း တွေးတောမိသွား၏။
ရုတ်တရက် ၀ေ့ရှင်း မျက်လုံးလေးများက ပြုံးယောင်သန်းသွားပြီး၊
သူ့ခေါင်းကို ငုံ့လိုက်ကာ အနက်ရောင် အမွှေးလုံးလေး၏ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
အတူတူ နေထိုင်ခဲ့သည့် ဤရက်အနည်းငယ်အတွင်းမှာပဲ
ရှောင်ဟေးအနေဖြင့် ၀ေ့ရှင်း၏ နီးကပ်လာခြင်းကို ကျင့်သားရနေခဲ့၏။ ထိုအရာက ရှောင်ဟေး
ကိုယ်တိုင်ပင် မယုံနိုင်လောက်သည့် အရာတစ်ခုပင်။ ထိုအချိန် သူ့ထံ ချဉ်းကပ်လာသူကို မည်သည့်နည်းဖြင့်
မောင်းထုတ်ရမလဲဆိုသည်ကို ရှောင်ဟေး တွေးနေဆဲဖြစ်ပြီး ၀ေ့ရှင်း၏ တိုက်စစ်ကို အချိန်မီ
မရှောင်တိမ်းနိုင်ခဲ့ပေ။
လူငယ်လေး၏ နှုတ်ခမ်းလေးက တိမ်စိုင်လေးများကဲ့သို့
နူးညံ့နေပြီး၊ သူ့ကို ထိတွေ့လာသည့်အခါ လျစ်လျူရှု၍ မရနိုင်သော နွေးထွေးခြင်းကို သယ်ဆောင်လာ၏။
လျှပ်စီးဖြင့် အပစ်ခံလိုက်ရသကဲ့သို့ပင် ရှောင်ဟေး စိတ်ထဲ ရှိနေသော ကြမ်းတမ်းသည့် အတွေးများက
ချက်ချင်းပင် လွင့်စင်သွား၏။
တစ်စုံတစ်ယောက်ထံမှ ဒုတိယအကြိမ် အနမ်းရရှိခြင်းဖြစ်ပြီး
နမ်းသည့် သူကလည်း ထိုလူသားပင်။ သို့သော်လည်း ပြီးခဲ့သည့် တစ်ခေါက်က ၀ေ့ရှင်းတစ်ယောက်
သတိလစ်ချင်သလို ဖြစ်နေသည့် အခြေအနေမျိုးဖြစ်ပြီး၊ ယခု တစ်ခေါက်နှင့် လုံးဝကို ကွဲပြားခြားနားလှ၏။
အနက်ရောင်အမွှေးလုံးလေး၏ စိတ်ထဲ ပရမ်းပတာများ
ဖြစ်နေသည်ကို ၀ေ့ရှင်းကတော့ လုံးဝ မသိပေ။ ၀ေ့ရှင်း ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပြီး
ပြောလိုက်သည်။
"လိမ္မာတယ်နော်၊ ဒီနေ့ ငါ စောစောပြန်လာခဲ့မယ်"
လူငယ်လေး၏ နူးညံ့သည့် အပြုံးနှင့် ဆုံမိသည့်အချိန်တွင်
ရှောင်ဟေး တစ်ကိုယ်လုံး ပူထူလာပြီး မျက်နှာတစ်ခုလုံးလည်း နီမြန်းလာ၏။ ကံကောင်းသည်က
ထူထပ်သော အနက်ရောင်အမွှေးများက သူ့ကို ဖုံးအုပ်ထား၍ ၀ေ့ရှင်းအနေဖြင့် ထူးဆန်းနေတာကို
သတိမထားမိလိုက်ပေ။
ဝေ့ရှင်းက အဓိက စီးပွားရေးလမ်းမပေါ်တွင်ရှိသော
ကိတ်မုန့်ဆိုင်လေးတစ်ခုတွင် အလုပ်လုပ်နေသည့် မုန့်ဖုတ်ပညာရှင်တစ်ယောက် ဖြစ်၏။ အလုပ်အင်တာဗျူးတုန်းက
သူသည် အနည်းငယ် စကားနည်းပြီး အေးဆေးစွာ နေတတ်သော်လည်း ခန့်ညားသည့် သူ့ ရုပ်ရည်နှင့်
ထူးချွန်သော မုန့်ဖုတ်အရည်အချင်းများကြောင့် အလုပ်လျှောက်ထားသူများထဲ ထင်ပေါ်နေခဲ့သည်။
သူလုပ်ထားသော ကိတ်မုန့်များကို မြည်းစမ်းကြည့်ပြီးနောက်
ဆိုင်မန်နေဂျာ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ့ကို အလုပ်ခန့်ရန် ချက်ချင်းဆုံးဖြတ်ခဲ့သည်။
"ဒီမျက်နှာနဲ့ ဒီခန္ဓာကိုယ်ကို ကြည့်ကြစမ်း၊
သူက လူကိုယ်တိုင် လျှောက်သွားနေတဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးပဲ လက်ကမ်းစာစောင်တွေ ဝေတဲ့အခါ
ဝေ့ရှင်းကို နည်းနည်းလောက် ပြင်ဆင်ပေးလိုက်ရင် ဖောက်သည်တွေကို ဆွဲဆောင်ဖို့ စိတ်ပူစရာတောင်
မလိုတော့ဘူး"
မန်နေဂျာက ဝန်ထမ်းအားလုံးကို ထိုသို့ ပြောခဲ့ဖူး၏။
ထိုအချိန်တုန်းက ဝေ့ရှင်း မန်နေဂျာ ဘေးတွင် ရပ်နေခဲ့ရပြီး အားနာသကဲ့သို့ ယဉ်ကျေးစွာ
ပြုံးနေခဲ့ပြီး တစ်ခုခုကို ပြောချင်သည့်စိတ်များကို ပြန်မျိုသိပ်ထားခဲ့သည်။ ပြီးနောက်
မန်နေဂျာက စိတ်အားထက်သန်စွာဖြင့် ထပ်ဖြည့်ပြောလာ၏။
"အရေးကြီးဆုံးကတော့ သူလုပ်တဲ့ ကိတ်မုန့်နဲ့
မုန့်တွေက အရမ်းအရသာရှိတာပဲ သူက ထုတ်ကုန်အသစ်တွေ ဖန်တီးဖို့လည်း အမြဲကြိုးစားတယ်၊ အလုပ်ကိုလည်း
သေသေချာချာနဲ့ စေ့စေ့စပ်စပ် လုပ်တတ်တယ် ဒီလိုလူမျိုးက စိတ်ဓာတ်မကောင်းစရာ အကြောင်းမရှိဘူး”
ထိုချီးမွမ်းစကားနှစ်ခုလုံးကို စိတ်အားထက်သန်သည့်
လုပ်ဖော်ကိုင်ဖက်များက တညီတညွတ်တည်း ထောက်ခံခဲ့ကြ၏။ အစပိုင်း မနာလိုဖြစ်ခဲ့သူများပင်
ဝေ့ရှင်းနှင့် အတူအလုပ်,လုပ်ကြည့်ပြီးနောက် သူ့၏ အလွန်အမင်း ကြိုးစားအားထုတ်ခြင်းကို
မချီးကျူးဘဲ မနေနိုင်ကြပေ။
ယခုဆို ဝေ့ရှင်း ဤအချိုပွဲဆိုင်တွင် အလုပ်လုပ်နေသည်က
သုံးနှစ်ရှိပြီဖြစ်ပြီး၊ ဆိုင်ကို အမြဲလာတတ်သည့် ဖောက်သည်အများစုက သူ့ကြောင့် လာကြသဖြင့်
မန်နေဂျာက သူမ၏ အစောပိုင်း ရွေးချယ်မှု မှန်ကန်ခဲ့သည်ဟု အမြဲတမ်း ကြွေးကြော်နေခဲ့၏။
ဆိုင်သို့ ရောက်သည့်အခါ ဝေ့ရှင်း ဆိုင်ထဲတန်းမဝင်သေးဘဲ
သူ့ကိုယ်သူ ခြေဆုံးခေါင်းဆုံး ပြန်စစ်ဆေးလိုက်သည်။ ရှောင်ဟေး အမွှေးကျွတ်သည်ကို မတွေ့မိသော်လည်း
သူကတော့ စေ့စေ့စပ်စပ် စစ်ဆေးနေတုန်းပင်။ ကိတ်မုန့်လာဝယ်သည့် ဖောက်သည်များ စိတ်အနှောင့်အယှက်ဖြစ်တာမျိိုး
သို့မဟုတ် မန်နေဂျာနှင့် လုပ်ဖော်ကိုင်ဖက်များကို ဒုက္ခပေးမိမည်မျိုးကို သူ လုံးဝ မလိုလားပေ။
သူ့ကိုယ်ပေါ်တွင် ကြောင်မွှေးနှင့် တခြားအမွှေးအမျှင်များ
မရှိကြောင်း သေချာပြီဆိုမှ ဝေ့ရှင်း ဆိုင်ထဲဝင်ကာ ယူနီဖောင်းလဲလိုက်သည်။ ပြီးလျှင်
နှာခေါင်းစည်းတပ်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်အထိ လိပ်တင်လိုက်၏။ ထိုအခါ ဖြူဝင်းသွယ်လျသော
သူ့လက်မောင်းလေးများ ပေါ်လာပြီး သူ့အလုပ်ကို စတင်လိုက်သည်။
သိပ်မကြာခင်တွင်ပဲ လုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီးတစ်ယောက်
ရောက်လာကြ၏။
“မင်္ဂလာပါ ဆရာဝေ့”
လုပ်ဖော်ကိုင်ဖက်များ သူ့ကို မြင်သည့်အခါ ပြုံးပြီး နှုတ်ဆက်လာကြ၏။ ဝေ့ရှင်း အလုပ်,လုပ်နေလျက် မော့ကြည့်လိုက်ပြီး
မျက်လုံးထောင့်လေးများ ကွေးညွတ်သွားသည်အထိ ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ”
နှာခေါင်းစည်း တပ်ထားသော်လည်း နွေးထွေးညင်သာသော
သူ့အပြုံးကို ဖုံးကွယ်မထားနိုင်ပေ။ အကဲခတ်ကောင်းသည့် လုပ်ဖော်ကိုင်ဖက်အချို့က ယခင်ကထက်စာလျှင်
ယခုတလော ဝေ့ရှင်း ပိုပြီးပြုံးနေတတ်သည်ကို သတိထားမိကြ၏။ ထို့အပြင် အလုပ်ဆင်းချိန်ရောက်သည်နှင့် အချိန်မှန်
အိမ်ပြန်တတ်နေသည်။
အရင်တုန်းကဆိုပါက ၀ေ့ရှင်းတစ်ယောက် ည ၈ နာရီ၊
၉ နာရီအထိ မည်သည့် ညည်းညူသံမှ မရှိဘဲ အလုပ်,လုပ်တတ်သူဖြစ်ပြီး၊ နောက်ဆုံးတွင် မန်နေဂျာကိုယ်တိုင်က
မနေနိုင်ဘဲ အိမ်ပြန်ရန် တိုက်တွန်းရသည့်အထိပင် ဖြစ်ခဲ့၏။
"ဒါက မရိုးဘူး၊ တကယ်ကို မရိုးဘူး"
လုပ်ဖော်ကိုင်ဖက်များက အချင်းချင်း တိုးတိုးတိတ်တိတ်နှင့်
ပြောနေကြသည်။
"သူ ရည်းစားရနေတာများလား"
တွေးကြည့်လေလေ၊ ဖြစ်နိုင်ခြေရှိလေလေပင်။ အမျိုးသမီးဝန်ထမ်းများ
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရင်ထဲရှိ အဖူးအငုံ စိတ်ကူးယဉ်မှုလေးများက
ချက်ချင်းပင် အပင်ခြောက်၊ သစ်ရွက်ကြွေများ အဖြစ် ပြောင်းလဲသွားကြ၏။
ယနေ့တွင် ဟိုတယ်များနှင့် ကုမ္ပဏီပွဲများအတွက်
အော်ဒါအများကြီးရှိနေသဖြင့် ဝေ့ရှင်း အလုပ်များနေကာ တခြားအရာများကို သတိမထားမိခဲ့ပေ။
သူ ကြိုးစားလုပ်နေရင်းကနေ မကြာခင်တွင်ပဲ နေလည်စာ စားချိန် ရောက်လာ၏။ ကုန်တိုက်ရှိ အစားအသောက်များက
ဈေးကြီးသဖြင့် ဝန်ထမ်းများသည် အိမ်မှ ထမင်းဘူးများ ယူလာကြပြီး မီးဖိုချောင်ရှိ မိုက်ခရိုဝေ့ဖ်ဖြင့်
နွှေးစားလေ့ရှိကြသည်။
တစ်စုံတစ်ယောက်က ဆိုင်ထဲရှိ တီဗွီကို ဖွင့်လိုက်သည့်အခါ
အရေးကြီးသည့် သတင်းထူးတစ်ခု လာနေကြောင်းကို တွေ့လိုက်ရ၏။
"မကြာသေးမီက H မြို့တော်ရှိ တိရစ္ဆာန်ဥယျာဉ်က
အမည်မသိ လူတစ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် အထဲမှာ ထိန်းသိမ်းထားတဲ့ ဧရာမ
တိရစ္ဆာန်အများအပြား ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒါကြောင့် မြို့ထဲမှာ တိရစ္ဆာန်တွေက
လူတွေကို ပြင်းထန်စွာ တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ အများအပြား ဖြစ်ပွားနေပါတယ်။ မိဘပြည်သူများအနေနဲ့
အပြင်ထွက်တဲ့အခါ ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်”
"အကယ်၍ တောရိုင်းတိရစ္ဆာန်တွေရဲ့ ခြေရာလက်ရာတွေကို
တွေ့ရှိပါက သက်ဆိုင်ရာဌာနရဲ့ ဖုန်းနံပါတ်ဆီကို ချက်ချင်း ဖုန်းဆက်ပြီး အကူအညီတောင်းခံပါ
မိမိဘာသာ ဖမ်းဆီးဖို့ မကြိုးစားပါနဲ့ ဖုန်းနံပါတ်- XXX-XXXXX"
"ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ်ကို ဆက်လက်
စောင့်ကြည့်သတင်းပို့သွားပါ့မယ်..."
လူများ သတိထားမိစေရန်အတွက် သတင်းထဲတွင် ဝက်ဝံနက်ကြီးတစ်ကောင်
သောင်းကျန်းနေသည့် ဗီဒီယိုဖိုင်ကိုပါ ထည့်သွင်း ပြသထား၏။ ထိုဝက်ဝံကြီးက လမ်းမပေါ် ပြေးတက်လာပြီး
လူများကို တိုက်ခိုက်နေ၏။ ထိုသို့ သွေးပျက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါ
ဆိုင်ရှိ ဝန်ထမ်းအမျိုးသမီးတစ်ယောက်က ပါးစပ်ထဲရှိ ထမင်းများကိုပင် သီးမလို ဖြစ်သွားသည်။
ခက်ခက်ခဲခဲ မျိုချပြီးနောက် သူမက ထမင်းဘူးထဲရှိ
ဝက်အသည်းများကို ကြည့်ပြီး စားချင်စိတ်ပင် ပျောက်ဆုံးသွား၏။
နောက်ထပ် ဝန်ထမ်းတစ်ယောက်ကတော့ ရက်စက်ကြမ်းကြုတ်လှသည့်
သတင်းနှင့် ဗီဒီယိုများကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာဖြင့် ရင်ဘတ်ကို
ဖိလျက် ပြောလာ၏။
"H မြို့တော်က ငါတို့နဲ့ ဝေးနေလို့ တော်သေးတာပေါ့"
"အခုတလော H မြို့တော်မှာ အေးအေးဆေးဆေး
မရှိဘူးထင်တယ် အစောတုန်းက သတင်းတစ်ခုမှာလည်း အိမ်ထဲ ပိတ်လှောင်ထားခံရတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်
ခွေးရူးပြန်ရောဂါ ဖြစ်နေတယ်လို့ တွေ့လိုက်ရသေးတယ်။ သူ့မိသားစုက သေသေချာချာ မစောင့်ကြည့်မိလို့
သူက အပြင်ကို ထွက်ပြေးပြီး လူတွေကို လျှောက်ကိုက်နေတာတဲ့"
"ငါလည်း အဲဒီသတင်းကိုတွေ့တယ် အဲ့ဒါက ခွေးရူးပြန်ရောဂါ
အမျိုးအစားသစ်ထင်တယ် အရင်က ကာကွယ်ဆေးတွေလည်း အသုံးမဝင်ဘူးတဲ့ စိတ်မကောင်းစရာပဲ လူအတော်များများ
သေကုန်ကြပြီ ကျန်တဲ့လူတွေကိုလည်း ဆေးရုံပို့ထားရပေမဲ့ သူတို့ကိုလည်း ကယ်လို့ရမယ့်ပုံမပေါ်ဘူး"
"အာ... တကယ်ကို ဝမ်းနည်းစရာပဲနော်..."
ဝန်ထမ်းများက သနားကြင်နာသည့် အမူအရာများ ပြသနေကြသော်လည်း
သူတို့ စကားဝိုင်းထဲတွင် ကြောက်ရွံ့စိုးရိမ်ခြင်းများ သိပ်မရှိလှပေ။ မည်သို့ပင် ဆိိုစေကာမူ
H မြို့တော်မှ သူတို့၏ G မြို့တော်ကို ရောက်ရှိရန် ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာသည်။
တိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းပဲဖြစ်ဖြစ်၊ ခွေးရူးပြန်ရောဂါအသစ် သယ်ဆောင်ထားသော စိတ်ဝေဒနာရှင်ပဲဖြစ်ဖြစ်
သူတို့နှင့် အလွန်ဝေးကွာလှ၏။
ဝေ့ရှင်းလည်း ထမင်းဘူးကို ကိုင်ထားလျက် တီဗွီဖန်သားပြင်တွင်
ပြသနေသော မြေကြီးပေါ် လဲလျောင်းနေသည့် ဒဏ်ရာရသူများကို ကြည့်ပြီး ခေတ္တမျှ တိတ်ဆိတ်သွား၏။
ရုတ်တရက် သူ့အိတ်ကပ်ထဲရှိ ဖုန်းက နှစ်ချက် ဆက်တိုက် တုန်ခါသွားသည်။
တစ်စုံတစ်ယောက်က သူ့ထံ စာပို့လိုက်ခြင်းပင်။
အမည်နေရာတွင် ‘အစ်ကို’ ဟု မှတ်သားထား၏။ ဝေ့ရှင်း ငြိမ်သက်လျက် ထိုအမည်ကိုသာ စိုက်ကြည့်နေမိသည်။
တစ်ဖက်လူက စိတ်မရှည်စွာနှင့် နောက်ထပ်စာတစ်စောင် ထပ်ပို့လာမှသာ သူ ဖြည်းဖြည်းချင်း
ဖွင့်ဖတ်လိုက်၏။
အစ်ကို: "ငါ မင်းကို ပေးထားတဲ့ ကတ်ထဲကို
ပိုက်ဆံထည့်ခိုင်းထားတယ် စားစရာတွေ ဝယ်စုထား၊ ပြီးတော့ အခုတလော အပြင်မထွက်နဲ့ အိမ်မှာပဲ
ငြိမ်ငြိမ်လေးနေ”
အစ်ကို: "စာပြန်ဦး”
ဝေ့ရှင်း: "အင်း”
ဝေ့ရှင်း: "မလိုပါဘူး”
အစ်ကို: "?"
အစ်ကို: "မင်းက အတောင်စုံလာလို့ သတ္တိတွေ
ကောင်းနေတာလား..."
စာမဆုံးခင်တွင်ပဲ ဝေ့ရှင်း အမူအရာကင်းမဲ့လျက်
စာမျက်နှာကို ‘နှောင့်ယှက်ခြင်းမပြုရန်’ အဖြစ် သတ်မှတ်လိုက်ပြီး မည်သည့်စာကိုမျှ မမြင်လိုက်သကဲ့သို့ပင်
ဖုန်းပိတ်လိုက်သည်။
×××××××
တစ်ဖက်တွင် အနက်ရောင် အမွှေးလုံးလေးက သစ်ကိုင်းတစ်ကိုင်းပေါ်
ဝပ်နေပြီး မျက်လုံးများကို မှိတ်ကာ အာရုံစူးစိုက်နေ၏။ သူ့ ကြွက်သားများက အဆုံးစွန်အထိ
တင်းမာနေသည်။ သူ့၏ ခြေသည်းများအောက်တွင် တောင်များကိုပင် ရွှေ့နိုင်ပြီး ပင်လယ်များကိုပင်
ပြောင်းပြန်လှန်ပစ်နိုင်သည့် အင်အားကြီးမားသော စွမ်းအားများ စုစည်းနေကြောင်းကို မည်သူမျှ
မသိနိုင်ပေ။
သစ်ရွက်ထူထူများ ကြားထဲမှ အကြေးခွံများနှင့်
သစ်ရွက်များ ပွတ်တိုက်မိသလိုမျိုး အသံများနှင့်အတူ
မှောင်မိုက်ပြီး မသိမသာ တွားသွားလာသည့် အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာ၏။
အနက်ရောင် အမွှေးလုံးလေးက ရုတ်တရက် ကြမ်းတမ်းသည့်
ဟိန်းသံတစ်ခု ပြုလုပ်လိုက်သည်။ ထိုအသံက သူ့၏ မျိုးနွယ်တူများသာ နားလည်နိုင်သည့် အသံလှိုင်းများဖြစ်၏။
"နောက်ထပ် တစ်လှမ်းပဲ ထပ်တိုးကြည့်လိုက်၊
ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
တွားသွားသံများက တကယ်ပဲ ရပ်တန့်သွား၏။ ထိုနေရာတွင်
နဂါးဦးချိုများနှင့် ဆင်တူပြီး အထစ်,ထစ်များ ပါ၀င်ကာ တြိဂံပြောင်းပြန်ပုံစံ မြွေခေါင်းတစ်ခု
ပေါ်လာသည်။ အကယ်၍ တတ်ကျွမ်းနားလည်များ ဤနေရာတွင် ရှိနေပါက အရောင်အမျိုးမျိုးရှိပြီး ငါးအကြေးခွံများကဲ့သို့
အကြေးခွံများ ဖုံးလွှမ်းနေပြီး၊ အဆိပ်ရှိသော်လည်း မသေစေနိုင်သည့် ခြုံပုတ်မြွေပွေး
ဖြစ်ကြောင်း သိကြလိမ့်မည်။
သို့သော်လည်း ထိုအစိမ်းရောင် မြွေပွေးက သာမန်မဟုတ်ပေ။
သူ့ ကျောပေါ်တွင် ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ကြည်လင်ပါးလွှသည့် အတောင်ပံတစ်စုံပါရှိပြီး
အပြည့်အဝတော့ မကြီးထွားသေးပေ။ မြွေပွေးက သူ့ ခေါင်းကို မော့လိုက်ပြီး ရက်စက်သော မျက်လုံးများဖြင့်
အနက်ရောင်အမွှေးလုံးလေးကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"နံပါတ်တစ် မင်းတော့ ကျဆုံးသွားပြီပဲ မင်းရဲ့
မူလခန္ဓာကိုယ်က ဒီလောက်အင်အားကြီးပြီး ခန့်ညားတာကို အခုတော့ ဒီလိုမျိုး ရယ်ချင်စရာကောင်းပြီး
သနားစရာကောင်းတဲ့ ပုံစံအဖြစ် ဟန်ဆောင်နေရတာလား”
အနက်ရောင်အမွှေးလုံးလေးက မည်သည်ကိုမျှ မတုံ့ပြန်ပေ။
သူ့ကိုယ်မှ မမြင်နိုင်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး သစ်ကိုင်းပေါ် ခိုတွယ်နေသည့်
မြွေပွေးက ချက်ချင်းပဲ ထိခိုက်သွားကာ မြေကြီးပေါ် ဘုန်းခနဲပင် ပြုတ်ကျသွား၏။
"သေစမ်း”
အရှက်ရသွားသည့် မြွေပွေးက ခေါင်းထောင်ကြည့်လိုက်၏။
သို့သော် သူ မတုံ့ပြန်နိုင်ခင်တွင် အနက်ရောင် အမွှေးလုံးလေးက သူ့ရှေ့သို့ ချက်ချင်းရောက်လာပြီး
မြွေများ၏ အသက်ဖြစ်သော ခုနစ်လက်မနေရာကို ခြေသည်းဖြင့် တိကျစွာ ဖိချလိုက်သည်။
အနက်ရောင် အမွှေးလုံးလေး၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို
ခံစားလိုက်ရသည့်အခါ မြွေပွေးတွင် ချွေးစေးများ ထွက်လာခဲ့၏။
"စိတ်အေးအေးထားပါ နံပါတ်တစ် စိတ်အေးအေးထား
ငါက မင်းရဲ့ ရန်သူမဟုတ်ပါဘူး”
အနက်ရောင် အမွှေးလုံးလေးကတော့ မလှုပ်မယှက်ဘဲ
အေးစိမ့်သော အကြည့်များနှင့် ကြည့်နေဆဲပင်။
"ပြောစမ်း မင်း ဒီကို ဘာလာလုပ်တာလဲ မင်းရဲ့
ရည်ရွယ်ချက်က ဘာလဲ”
H မြို့တော်ကနေ ဤနေရာသို့ ရောက်ရန် ကီလိုမီတာ
နှစ်ထောင်ကျော် ကွာ၀ေးပြီး ဤမြွေပွေးက တောင်များ မြစ်များကို ကျော်ဖြတ်ပြီး သူ့ထံ အလည်သက်သက်
လာရုံသာဟု သူ မယုံကြည်ပေ။
"ငါ..."
မြွေပွေး ရုန်းကန်ရန် ကြိုးစားနေစဥ် အနက်ရောင်အမွှေးလုံးလေး၏ ချွန်ထက်သော ခြေသည်းများက
သူ့အကြေးခွံများကို အလွယ်တကူ ထိုးဖောက်သွားပြီး သွေးများပန်းထွက်လာသည်။ နောက်ဆုံးတွင်တော့
သူက ကြောက်လန့်တကြား အော်ဟစ်ရုံသာ တတ်နိုင်လေ၏။
"ငါ အခြေစိုက်စခန်းကနေ ထွက်ပြေးလာတာ ပြီးတော့
မင်းရဲ့ အငွေ့အသက်ကို ခံစားမိလို့ လိုက်လာတာပါ”
အနက်ရောင်အမွှေးလုံးလေးက မျက်မှောင်ကြုတ်လိုက်ပြီး
လှောင်ရယ်လိုက်၏။
"မင်းက ငါ့ရဲ့ အငွေ့အသက်ကို ခံစားမိလို့
ဟုတ်လား အဲဒီတော့ ဘာဖြစ်လဲ အဲဒါက မင်း ဒီကို လာရတာနဲ့ ဘာဆိုင်လို့..."
သူ့စကားများ ရုတ်တရက် ရပ်တန့်သွား၏။ အနက်ရောင်အမွှေးလုံးလေးက
တစ်စုံတစ်ခုကို သတိပြုမိသွားကြောင်း မြွေပွေး မြင်လိုက်ရသည့်အခါ၊ ကြောက်ရွံ့ခြင်းနှင့်
မနာလိုခြင်းများ ရောပြွမ်းနေသာ အမူအရာဖြင့် ခေါင်းကို ခါယမ်းလျက် ကြည့်နေသည်။ နောက်ဆုံးတွင်
မြွေပွေးက ရက်စက်သော ရယ်မောသံတစ်ခုကို ထုတ်ဖော်လိုက်၏။
"ငါ ဒီကို လာရတာက... အခြေစိုက်စခန်းက အဲဒီအသုံးမကျတဲ့
လူသားတွေက မင်းကိုမှ အထူးတလည် မျက်နှာသာပေးခဲ့လို့ မဟုတ်ဘူးလား နံပါတ်တစ်”
"သူတို့က မင်းကို အင်အားအကောင်းဆုံး မျိုးဗီဇတွေ
အပြည့်စုံဆုံး ပြုပြင်ပြောင်းလဲမှုတွေ ပေးအပ်ခဲ့ကြတာ မင်းရဲ့ အရှိန်အဝါ တစ်ခုတည်းကသာ
ငါတို့ရဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ အင်အားတွေကို ဖိနှိပ်ပေးနိုင်ပြီး ငါတို့ရဲ့
မပြည့်စုံတဲ့ပုံစံတွေကို ပြည့်စုံစေဖို့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်အောင် ကူညီပေးနိုင်တာ”
ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် ရှောင်ဟေး မျက်နှာက တစ်ဖြည်းဖြည်း မှောင်ကျသွား၏။
သူနှင့် သူ့ရှေ့ရှိ မြွေပွေးက အမျိုးအစားတူများပင်
—သဘာဝတရားကို ဆန့်ကျင်ပြီး လူသားသိပ္ပံပညာရှင်များ ဖန်တီးထားသည့် မျိုးရိုးဗီဇပြောင်း
သားရဲများပင်။ ဗီဇပြောင်းလဲထားသည့် မျိုးရိုးဗီဇများက တည်ငြိမ်ခြင်း မရှိပေ။ အမြင့်ဆုံးအဆင့်ဖြစ်သော
ပြည့်စုံသည့် ပုံစံသို့ မရောက်ခင်အထိ ထိုမတည်ငြိမ်ခြင်းကို သက်သာစေရန် စခန်းမှ ထုတ်လုပ်ထားသော
ဆေးဝါးများကို လိုအပ်၏။
ထိုအချက်က ရှောင်ဟေး၏ခန္ဓာကိုယ် ညတိုင်း ထူးဆန်းသည့် အပြောင်းအလဲများ မည်သည်ကြောင့် ဖြစ်နေရသလဲဆိုသည့်
အကြောင်းရင်းလည်း ဖြစ်၏။ သို့ရာတွင် ဆေးဝါးများအပြင် မျိုးရိုးဗီဇမတည်ငြိမ်ခြင်းကို
ထိန်းချုပ်နိုင်သော နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးသည်။ ထိုနည်းက မိမိထက် အဆင့်မြင့်သော
မျိုးရိုးဗီဇပြောင်းသားရဲများနှင့် နီးကပ်စွာ
နေထိုင်ခြင်းပင်။
မည်သည်ကြောင့်ဆိုသော် ဗီဇပြောင်းလဲသူများကြား
တင်းကြပ်သော အဆင့်အတန်း ခွဲခြားခြင်းများ ရှိနေ၍ပင်။ အဆင့်မြင့်သူများက သူတို့ထက် နိမ့်ကျသူများ၏
မတည်ငြိမ်သော မျိုးရိုးဗီဇများကို အရှိန်အဝါနဲ့တင် ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။ ထိုအချက်က
သဘာဝအလျောက် ဆင့်ကဲပြောင်းလဲခြင်း ရလဒ်ဖြစ်ပြီး စခန်းရှိ သိပ္ပံပညာရှင်များပင် မမျှော်လင့်ထားခဲ့သည့် အရာတစ်ခုပင်။
ရှောင်ဟေးကို ရန်စပြီးနောက် မြွေပွေး၏ လေသံပျော့သွားလေသည်။
သူသည်လည်း အလွန်အစွမ်းထက်သော မျိုးရိုးဗီဇပြောင်း သားရဲတစ်ကောင် ဖြစ်ပြီး အင်အားကြီးမားချင်သည့်
စိတ်ဆန္ဒများက သူ့ဗီဇထဲတွင် ကိန်းအောင်းနေ၏။ စခန်းတွင် ရှိစဥ် သူက ရှောင်ဟေးနှင့် တိတ်တဆိတ် ပြိုင်ဆိုင်ခဲ့ဖူးသည်။
အကြိမ်ကြိမ် အရိုက်ခံရသော်လည်း အရှုံးမပေးခဲ့သူပင်။
သို့သော်လည်း ယခု အချိန်တွင် မြွေပွေးအနေဖြင့်
ရှောင်ဟေးက သူ့ထက် အများကြီး သာလွန်ကြောင်းကို ဝန်ခံလိုက်ရပြီး သူ့ကို လက်ခံစောင့်ရှောက်ပေးရန်
နှိမ့်ချစွာ တောင်းပန်ရမည့် အခြေအနေ ဖြစ်နေ၏။ မဟုတ်ပါက နောက်ပိုင်း မျိုးရိုးဗီဇများ
ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည့်အခါ 'ပြည့်စုံသည့် ပုံစံ’ သို့ မရောက်နိုင်ရုံတင်မကဘဲ
နာကျင်စွာဖြင့် သေဆုံးသွားရမည်။
မြွေပွေးက အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့်
အမှန်တရားကို ဖွင့်ဟလိုက်သည်။
"လူသားတွေရဲ့ တွက်ချက်မှုတွက်ချက်မှုက မှားသွားပြီ
သူတို့က မျိုးရိုးဗီဇစွမ်းအားတွေကို မထိန်းချုပ်နိုင်တော့ဘူး အခြေစိုက်စခန်းရဲ့ အတွင်းပိုင်းမှာလည်း
အခြေအနေတွေက စပြီး ထိန်းချုပ်မှုလွတ်နေပြီ”
"ငါ ထွက်ပြေးလာနိုင်သလို တခြားသားရဲတွေလည်း
ထွက်ပြေးလာနိုင်ကြတယ် သူတို့တွေက 'ပြည့်စုံတဲ့ ပုံစံ' ကို ချောချောမွေ့မွေ့ ကူးပြောင်းဖို့နဲ့
လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လုံးဝလွတ်မြောက်ဖို့အတွက်... မင်းကို လိုက်ရှာကြလိမ့်မယ်..."