အခန်းထဲတွင် ဝေ့ရှင်း တုန်ရီနေသည့် အနက်ရောင်အမွှေးလုံးလေးကို
သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထား၏။
ယနေ့ညတွင် ရှောင်ဟေး ပုံစံမပြောင်းလဲသွားသည့် အကြောင်းကို သူ သိချင်နေမိသည်။
တကယ်တမ်းတွင် မျိုးရိုးဗီဇပြောင်းလဲထားသော သားရဲများသည် ပြင်းထန်စွာ ဒဏ်ရာရသည့်အခါ
သို့မဟုတ် အားအင်ချည့်နဲ့သွားသည့်အခါများတွင်သာ ဖြစ်ပေါ်လေ့ရှိသော ကိုယ့်ကိုယ်ကိုယ်
ကာကွယ်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သူ မသိပေ။
အကယ်၍ ရှောင်ဟေး၏ အသိစိတ်က ကြောင်ပုံစံဖြင့်နေခြင်းက
ပိုဘေးကင်းသည်ဟု ခံစားမိနေလျှင် သူ့ခန္ဓာကိုယ်က ကြောင်ပုံစံကိုပဲ ဆက်ထိန်းထားရန် စွမ်းအင်များကို
အလိုအလျောက် အသုံးပြုနေမည် ဖြစ်၏။
ဝေ့ရှင်း၏ ဇဝေဇဝါဖြစ်ခြင်းများက ခေတ္တမျှသာ ကြာလိုက်ပြီး
သူ့အနေဖြင့် တခြားအရာများကို စဉ်းစားရန် အချိန်မရှိတော့ပေ။
မည်သည်ကြောင့်ဆိုသော် ခြုံပုတ်မြွေပွေး အားလွီ၏ အဆိပ်က
မျိုးရိုးဗီဇမတည်ငြိမ်မှုကြောင့် ဖြစ်ရသည့် ရှောင်ဟေး၏ နာကျင်မှုကို ပိုပြီး ပြင်းထန်လာစေသည်။
ရှောင်ဟေး တောက်လျှောက် ဟိန်းဟောက်နေပြီး တစ်ကိုယ်လုံးကလည်း
နာကျင်ခြင်းကြောင့် တွန့်လိမ်နေ၏။
သူ့နောက်သို့ ရှောင်ဟေး လိုက်လာကတည်းက ဤမျှအထိ နာကျင်ခံစားနေရသည်ကို
ဝေ့ရှင်း တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ရှောင်ဟေး၏ အော်ဟစ်သံများကို ကြားရသည့်အခါ ဝေ့ရှင်း
ရင်ထဲတွင်လည်း အလွန်အမင်း နာကျင်ရ၏။
သို့ရာတွင် ဝေ့ရှင်းက စိုးရိမ်နေသော်လည်း ခြေမကိုင်မိ
လက်မကိုင်မိတော့ မဖြစ်သွားပေ။ သူ မျက်လုံးများကို ခေတ္တမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သည့်
အချိန်တွင် ထူးခြာသောတည်ငြိမ်ခြင်းမျိုးကို ပြသခဲ့သည်။ သူတို့ဆေးရုံသွား၍ မဖြစ်နိုင်ကြောင်းကို
သူ သိနေ၏။
ရှောင်ဟေး ခန္ဓာကိုယ်တွင် ညှဉ်းပန်းနှိပ်စက်ခံထားရသည့်
ဒဏ်ရာများ ပြည့်နှက်နေပြီး သူက ဆေးရုံသွားဖို့ကို ငြင်းဆန်သလို ရပ်ကွက်ထဲမှ ထွက်ရန်ပင်
တွန့်ဆုတ်နေ၏။
ရှောင်ဟေးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေခြင်း သို့မှမဟုတ်
တစ်စုံတစ်ယောက်၏ ဖမ်းဆီး လိုက်လံရှာဖွေခြင်းမှ ရှောင်တိမ်းနေခြင်း ဖြစ်လိမ့်မည်။
အကယ်၍ ဆေးရုံသွားသည့် လမ်းတွင်ဖြစ်စေ ဆေးရုံထဲတွင်ဖြစ်စေ
ရှောင်ဟေး ရုတ်တရက် ပုံစံပြောင်းသွားခဲ့ပါက နေ့ခင်းကြောင်တောင်ကြီးတွင် ဝေ့ရှင်းအနေဖြင့်
ဤလျှို့ဝှက်ချက်ကို မည်သို့မှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
၀ေ့ရှင်း သူ့ရင်ခွင်ထဲ ရုန်းကန်နေသော ရှောင်ဟေးကို
ထိန်းပွေ့ထားလျက် အိမ်ထဲတွင်ရှိသော ပစ္စည်းများကို လိုက်ရှာနေသည်။ လျှပ်စစ်စောင်၊ အပူပေးစက်၊
ရေနွေးအိုး၊ စောင်အထူကြီးများ...
ကုတင်က သိပ်မကြီးသဖြင့် ဝေ့ရှင်း စောင်ကို ကြမ်းပြင်ပေါ်တွင်သာ
ဖြန့်ခင်းချလိုက်ပြီး မီးကြိုးခွေကို ဆွဲယူလိုက်သည်။ အားလုံး အသင့်ဖြစ်ပြီဆိုမှ ရှောင်ဟေးနှင့်အတူ
အလယ်တွင် ထိုင်လိုက်၏။
ကယ်လိုရီ မြင့်မားသော အစားအစာများ၊ အဓိကအားဖြင့်
ကြောင်စာဘူးများကို သူ့ညာဘက်အခြမ်းတွင် အလွယ်တကူ ယူလို့ရအောင် ချထားလိုက်သည်။ လျှပ်စစ်စောင်ကို
ဖွင့်၊ အပူပေးစက်ကို သူတို့ရှေ့တည့်တည့်တွင် ထားလိုက်ပြီး၊ ဆူပွက်နေသော ရေနွေးအိုးကိုတော့
မတော်တဆဖြစ်ခြင်းမှ ရှောင်ရှားရန် တခြားလျှပ်စစ်ပစ္စည်းများနှင့် ဝေးရာ သူ့အနောက်ဘက်
ဘယ်ဘက်ခြမ်းတွင် ထားလိုက်၏။
အလုပ်များနေသော ၀ေ့ရှင်း၏ လှုပ်ရှားမှုများကြား အနက်ရောင်အမွှေးလုံးလေးက
အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာသည်။
"၀ေါင်း..." (အေးတယ်…)
ရှောင်ဟေး ပြောသည်ကို ဝေ့ရှင်း နားမလည်သော်လည်း
ရေခဲကဲ့သို့ အေးစိမ့်နေသည့် ရှောင်ဟေး ကိုယ်အပူချိန်ကိုတော့ ခံစားလို့ ရနေသည်။ ‘တီ’
ဟူသော အသံနှင့်အတူ ဝေ့ရှင်း အဲကွန်းကိုဖွင့်ပြီး အခန်းထဲ နွေးထွေးသည့်လေများ လွှတ်လိုက်၏။
ခေတ္တအကြာတွင် တစ်ခန်းလုံး နွေးထွေးသွားသည်။
အခန်းအတွင်း အပူချိန် တက်လာသည့်အအမျှ ရှောင်ဟေး၏
တွန့်လိမ်နေခြင်းများက သိသာစွာ လျော့ပါးသွားသည်။ ဝေ့ရှင်းကတော့ တွန့်ဆုတ်မနေဘဲ သူတို့အရှေ့ရှိ
အပူပေးစက်ကိုပါ ထပ်ဖွင့်လိုက်၏။ အပူလှိုင်းများ သူတို့ထံ တိုးဝင်လာသည်။
သာမန်လူသားဖြစ်သည့် ၀ေ့ရှင်းအတွက်တော့ အခန်းထဲရှိ
အပူရှိန်က အတော်လေးပူနေ၏။ အပူပေးစက်နှင့် နီးနေသော သူ့ အရေပြားများ နီရဲလာသည်။ သို့သော်လည်း
ဝေ့ရှင်းက သူ့ကိုယ်သူ စောင်တစ်ထည် လွှားခြုံလိုက်ပြီး ရှောင်ဟေးထံကိုသာ အာရုံများပြန်စိုက်လိုက်၏။
"အဆင်ပြေသွားမှာပါ အဆင်ပြေသွားမယ်နော်"
၀ေ့ရှင်း နာကျင်နေသည့် ရှောင်ဟေးကို ချော့မြှူလိုက်၏။
ပြတင်းပေါက် အပြင်ဘက်တွင်ရှိနေသော အားလွီက ထိုမြင်ကွင်းကို
ကြည့်နေလျက် သူ့မျက်လုံးထဲရှိ အထင်သေးသော အကြည့်များက တဖြည်းဖြည်း နူးညံ့သွားလေ၏။
ရှောင်ဟေးက အအေးဒဏ်ကြောင့် တုန်ရီနေခြင်း ရပ်သွားသော်လည်း
နာကျင်နေဆဲပင်။ ထို့ကြောင့် ရုန်းကန်ရင်း တစ်ပတ်လှည့်လိုက်ကာ မျက်လုံးများက ရုတ်တရက်
ပြူးကျယ်သွားသည်။
တစ်စုံတစ်ရာသော ကြောက်မက်ဖွယ် မြင်ကွင်းများကို
ပြန်မြင်ယောင်သွားသကဲ့သို့ပင် ရှောင်ဟေး၏ သူငယ်အိမ်များတွင်
သွေးကြောများယှက်ဖြန်းလာပြီး ချွန်ထက်သည့် သွားများနှင့် ခြေသည်းများကို ထုတ်ကာ မည်သူမှ
မခုခံနိုင်သည့် အရှိန်အဝါများဖြင့် ဟိန်းဟောက်လိုက်၏။
အရှိန်နှင့် လွင့်ထွက်သွားမလို ဖြစ်သွားသည့် အားလွီက
ဝါယာကြိုးစပေါ်တွင် သူ့အမြီးကို အမြန်ချိတ်လိုက်ရသည်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
ရုတ်တရက် သတိပြုမိလိုက်၏။
‘နံပါတ်တစ်ရဲ့ ကြောက်စရာ အရှိန်အဝါတွေက ရုပ်ဝတ္တုတစ်ခုလို
ထင်ရှားလာတာပဲ။ အထဲက လူသားက မျိုးရိုးဗီဇပြောင်း သားရဲတွေလို အာရုံမခံနိုင်ရင်တောင်မှ
ဒီလို အရှိန်အဝါမျိုးကို ကြောက်လန့်ပြီး ထွက်ပြေးသွားမှာ သေချာတယ်’
သို့သော်လည်း လက်တွေ့က အားလွီ၏ တွက်ဆချက်ထက် ကျော်လွန်နေသည်။
ဝေ့ရှင်းအနေဖြင့် ထိုအရှိန်အဝါ၏ ရိုက်ခတ်ခြင်းကို
တိုက်ရိုက်ရင်ဆိုင်နေရသော်လည်း သူ လုံးဝ မလှုပ်ရှားပေ။ အောင့်တက်လာသည့် သူ့ရင်ဘတ်ကို
သာသာလေး ဖိလိုက်ပြီး အမွှေးလုံးလေးကို ဆက်ပြီး ပွတ်သပ်ချော့မြှူနေဆဲပင်။
"ဘာဖြစ်လို့လဲ ရှောင်ဟေး အိပ်မက်ဆိုးတွေ မက်နေလို့လား”
နူးညံ့သည့် ၀ေ့ရှင်းအသံနှင့် ရင်ခွင်ထဲပြီး
ချော့မြှူမှုအောက်တွင် ရှောင်ဟေး ငြိမ်သက်စွာ လဲလျောင်းနေ၏။ သူ သတိပြန်ဝင်လာသည့်အချိန်တွင်
အားနည်းစွာ ဟိန်းဟောက်လိုက်၏။
"၀ေါင်း..." (သူတို့အားလုံး သေကုန်ကြပြီ...)
မျိုးရိုးဗီဇပြောင်းလဲထားသော သားရဲများအားလုံးကို
အတင်း မီးရှို့နေသည့် အိပ်မက်ဆိုးကို ရှောင်ဟေး မက်နေခဲ့ခြင်းပင်။ ထိုသားရဲများက တစ်ချိန်က
မည်မျှပင် ကြမ်းတမ်းခက်ထန်ခဲ့ပါစေ ယခုအခါ အသက်မဲ့သည့် အလောင်းများအဖြစ် အဆုံးသတ်ခဲ့ရသည်။
ကြီးမားသော ခန္ဓာကိုယ်ကြီးများက မီးလျှံများကြားထဲ
ပြာအဖြစ် ပြောင်းလဲသွားပြီး လေထဲလွင့်စဉ်ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရ၏။
ထိုအချိန်မှသာ ရှောင်ဟေးအနေဖြင့် အသက်ရှင်ခြင်းက
မည်မျှပင် ကျိုးပဲ့လွယ်သလဲဆိုသည်ကို ရုတ်တရက် နားလည်သွား၏။
ဤနာကျင်ခြင်းက ယခုတစ်ခေါက်တွင် သူ့အသက်ကို မနှုတ်ယူနိုင်သော်လည်း
သူသည် အစွမ်းအထက်ဆုံး သားရဲဖြစ်နေပါစေဦးတော့... တစ်နေ့နေ့တွင် သူလည်း သေဆုံးရမည်။
ဝေ့ရှင်းကတော့ သူ့၏ အလိုလိုသိစိတ်ကို အသုံးချပြီး
ရှောင်ဟေး ဆိုလိုသည်ကို အကြမ်းဖျင်း ခန့်မှန်းမိ၏။ သူ ရှောင်ဟေး၏ နဖူးလေးကို နမ်းလိုက်ပြီး
စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"အိပ်မက်ဆိုတာ လက်တွေ့ရဲ့ ဆန့်ကျင်ဘက်ပါ အဲဒါတွေက
အမြင်အာရုံအမှားတွေပဲလေ အဲဒီအတုအယောင်တွေကို မကြောက်ပါနဲ့”
"ရှောင်ဟေးလည်း ဒီမှာရှိနေတယ် ငါလည်း ဒီမှာရှိနေတယ်…ဒါကမှ အစစ်အမှန်ပါ"
ပြောပြောဆိုဆိုဖြင့် ၀ေ့ရှင်း ရှောင်ဟေး၏ ခြေဖဝါးလေးကို
ဆုပ်ကိုင်ပြီး သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။ ထိုနောက် မီးတောင်ထဲရှိ ချော်ရည်များ
လှုပ်ရှားနေသလိုမျိုး အားကောင်းပြီး အသက်ဝင်လှသည့် နှလုံးခုန်သံကို ခံစားနေရသည်။
ရှောင်ဟေးဟာ မှင်သက်မိသွား၏။ မခုခံနိုင်သော ဆွဲဆောင်မှုတစ်ခုထဲ သူ ကျဆင်းသွားသလိုမျိုးပင် မနေနိုင်ဘဲ ထိုအသံကို နားစွင့်နေမိသည်။
ဒုတ်... ဒုတ်... ဒုတ်...
ထိုအသံက လူငယ်လေး၏ နှလုံးခုန်သံပင်။ ရှောင်ဟေး အကြည့်များက
ဝေဝါးလာပြီး သူက တခြားအရာများကိုပါ ပိုပြီး သတိရသွားကာ ကြမ်းရှရှ ဟိန်းဟောက်လိုက်ပြန်သည်။
"ဝေါင်း…” (လူတိုင်းက ငါ့ကို ကြောက်ကြတယ် မင်းတစ်ယောက်ပဲ
မကြောက်တာ လူတိုင်းက ငါ့ကို ရိုက်ကြတယ် မင်းတစ်ယောက်ပဲ
ငါ့ကို ပွေ့ဖက်တာ)
ဝေ့ရှင်းကတော့ ရှောင်ဟေး သူ့ကို ချွဲနေသည်ဟု သတ်မှတ်လိုက်ပြီး
ပြန်ပြောလိုက်၏။
"အင်း... ငါ အမြဲတမ်း မင်းဘေးမှာ ရှိနေမှာပါ"
အနက်ရောင်အမွှေးလုံးလေး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
သူ့နှုတ်ခမ်းလေးကို အသာအယာ ကွေးလိုက်ပါသည်။ သူ မသိမသာလေး ပြုံးလိုက်ခြင်းပင်။
ဝေ့ရှင်းနှင့် ဆုံတွေ့ရသည်က ရှောင်ဟေးအတွက် မမျှော်လင့်ထားသော
ပျော်ရွှင်ခြင်းတစ်ခုပင်။ သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေများထဲ သနားစရာကောင်းသော
အကောင်လေး တစ်ကောင်အတွက် မုန်တိုင်းခိုနားရန် အမိုးအကာတစ်ခုသာ လိုအပ်ခဲ့၏။
သို့သော် ဝေ့ရှင်းကတော့ သူ့ကို အိမ်ထဲအထိ ခေါ်ဆောင်လာပြီး
တစ်အိမ်လုံးကိုပါ ပိုင်ဆိုင်ခွင့် ပေးခဲ့သည်။
ရှောင်ဟေးက ဝေ့ရှင်း လက်မောင်းပေါ်ကို ခေါင်းလေး
ဖြည်းဖြည်းချင်း တင်လိုက်ပြီး တန်ဖိုးရှိသည့် ရတနာတစ်ခုကို ထိန်းသိမ်းထားသလိုမျိုး
မျက်လုံးလေးများမှေးကာ ချွဲလိုက်သည်။
"၀ေါင်း…" (ထပ်ပြီး ချော့ပေးပါဦး…)
မနက် သုံးနာရီကျော်သည်အထိ ဝေ့ရှင်း ကြမ်းပြင်ပေါ်တွင်သာ
တင်ပျဉ်ခွေထိုင်ပြီး ရှောင်ဟေးကို စိတ်ရှည်လက်ရှည် ချော့မြှူပေးနေဆဲပင်။ အမွှေးလုံးလေး
ရေငတ်ပါက ဇွန်းလေးဖြင့် ရေတိုက်၏၊ ဗိုက်ဆာပါက ကြောင်စာဘူးလေး ဖွင့်ကျွေးသည်။
ခါးနာလာ၍ နံရံကို ခေတ္တမှီလိုက်သည်ကလွဲ သူ အနားမယူခဲ့ပေ။
အခန်းထဲတွင်လည်း ပစ္စည်းမျိုးစုံနှင့် အပူပေးထားသဖြင့် လူငယ်လေး၏ မျက်လုံးများက အပူရှိန်ကြောင့်
ခဏခဏ ပုတ်ခတ်နေပြီး စိုစွတ်တောက်ပနေတာကာ ကမ္ဘာမြေပေါ် ကျဆင်းလာသည့် နေမင်းကြီးတစ်ခုလိုပင်။
လွန်ခဲ့သည့် နာရီအနည်းငယ်ကတည်းက အားလွီ ထိုမြင်ကွင်းကို
ကြည့်ပြီး ငြီးငွေ့နေသင့်၏။ သို့သော် တစ်စုံတစ်ခုကြောင့် သူက နေရာမှ မရွေ့သလို အမှောင်ထဲ ပြန်သွားရန်လည်း မတွေးမိပေ။ လမင်းကြီးက
လင်းထိန်လာလိုက် တိမ်ဖုံးသွားလိုက်နှင့် အပြင်ဘက်တွင် အေးစိမ့်စိမ့် လေများ တိုက်ခတ်နေပြီး
အပူချိန်က ပိုကျလာပုံရသည်။
ထိုညတွင် ဝေ့ရှင်းက နွေးထွေးသည့် အခန်းလေးထဲ ရှောင်ဟေးကို
ပွေ့ပိုက်ပြီး ချော့မြှူနေသမျှ ကာလပတ်လုံး
အားလွီကလည်း အပြင်ဘက်ရှိ အေးစိမ့်နေသည့် ဝါယာကြိုးပေါ် တွဲလွဲခိုလျက် တခြား
မည်သည့်အရာကိုမှ မတွေးနိုင်ဘဲ ငေးကြည့်နေခဲ့၏။
×××××××
နောက်တစ်နေ့ မနက်တွင် နှိုးစက်သံကြောင့် ၀ေ့ရှင်း
နိုးသွား၏။ ပင်ပန်းနွမ်းနယ်ခြင်းများကို အံတုပြီး သူ့ဖုန်းကို ပိတ်ရန် လက်လှမ်းလိုက်စဉ်
သူ့၏နားရွက်နားတွင် နူးညံ့သော အမွှေးလေးများ လာထိနေသည်ကို ခံစားလိုက်ရ၏။
ဝေ့ရှင်း မျက်လုံးဖွင့်လိုက်သည်အခါ ရွှေရောင်သူငယ်အိမ်တစ်စုံနှင့်
ဆုံမိသည်။
ရှောင်ဟေး၏ မျက်လုံးများက လှုပ်ခတ်နေပြီး သူ့ခံစားချက်များက
ပုံမှန်နှင့် မတူတော့သလိုပါပင်။ ခေတ္တအကြာ ရှောင်ဟေး ရှက်ကိုးရှက်ကန်းဖြစ်ပြီး အကြည့်များကို
လွှဲဖယ်လိုက်ရသည်။
ဝေ့ရှင်းကတော့ ရှောင်ဟေး အမူအရာကို သိပ်ပြီး အထူးအဆန်းမတွေးမိပေ။
သူ ရှောင်ဟေးကို ပွေ့ချီပြီး သေချာ စစ်ဆေးကြည့်လိုက်သည်။ ယခုအချိန်တွင် တကယ်ပဲ နေကောင်းသွားပြီဖြစ်ကြောင်း
မြင်လိုက်ရမှသာ သက်ပြင်းချနိုင်ပြီး မျက်နှာသစ်
အဝတ်အစားလဲရန် ထလိုက်သည်။
သူ့ အစ်ကိုဖြစ်သူ ဝမ်ကျင်းဖုန့်က သူ့ကို အိမ်မှာပဲနေရန်
ပြောထားသော်လည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အလုပ်မှ ခွင့်အကြာကြီးယူလို့
မရပေ။ မည်သည့်အရာများ ဖြစ်နေသလဲကို သူ ပြန်မေးထားသော်လည်း အခုထိတော့ စာပြန်မလာသေးပေ။
ပြင်ဆင်ပြီးသွားသည့်အခါ ဝေ့ရှင်း အရင်လိုပဲ ရှောင်ဟေးကို
နှုတ်ဆက်လိုက်သည်။
"ငါ သွားတော့မယ်နော် မင်း အိမ်မှာပဲ အနားယူနေဦး”
"မြောင်..."
ဝေ့ရှင်း တိုက်အောက်ဆင်းလိုက်သည်။ မနေ့ညက ရှောင်ဟေး၏
အရှိန်အဝါကြောင့် သူ့ရင်ဘတ်က အနည်းငယ် အောင့်ပြီး နာကျင်နေတုန်းပင်။ ယနေ့တွင် အလုပ်စောစောပြီးပါက
ဆေးရုံသွားကာ စစ်ဆေးမှုခံယူရန် သူ စဉ်းစားထားသည်။
လမ်းလျှောက်နေစဥ် ဝေ့ရှင်း ခေတ္တစဥ်းစားလိုက်ပြီး
သူ့ဖုန်းကို ထုတ်ကာ ထန်ချီနှင့် စကားပြောခန်းကို ဖွင့်လိုက်သည်။ သူတို့ သူငယ်ချင်း
ဖြစ်ပြီးကတည်းက စာများအတော်များများ အပြန်အလှန် ပို့ဖြစ်နေကြပင်။
ဤစာများက တခြားသူများအတွက် သာမန်ဟုသာ ထင်ရသော်လည်း
ဝေ့ရှင်းအတွက်တော့ အကြီးမားဆုံး တိုးတက်ခြင်းပင်။ တခြားသူများနှင့်ဆိုပါက ဟယ်လိုဟု
နှုတ်ဆက်ပြီးသည်နှင့် စကားက ရှေ့ဆက်မတိုးတော့ဘဲ ရပ်သွားတတ်၏။
ထန်ချီတစ်ယောက် ဝေ့ရှင်းနှင့် စကားလက်ဆုံကျနိုင်တာက
သူသည် ဖော်ရွေပြီး စကားပြောကောင်းသူဖြစ်သကဲ့သို့ စကားပြတ်သွားပြီး အနေရခက်မည်ကိုလည်း
မကြောက်တတ်၍ပင်။
အထူးသဖြင့် ဝေ့ရှင်းတွင်လည်း ကြောင်ရှိသည်ဆိုတာကို
သိသွားပြီးနောက် ထန်ချီက ကြောင်နှင့်ပတ်သက်သည့် ဗဟုသုတရေတွင်းကြီးကဲ့သို့ ဖြစ်သွားပြီး ကြောင်မွေးပါက လုပ်ရမည့် အရာများနှင့် ရှောင်ရမည့် အရာများကို မမောနိုင်မပန်းနိုင် ရှင်းပြနေတတ်သည်။
ထိုအချက်များက ရှောင်ဟေးအတွက် အသုံးမဝင်သော်လည်း
ဝေ့ရှင်းကတော့ သေချာစွာ နားထောင်ပေး၏။ ထို့ကြောင့် တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်
စကားများ ပိုပြောဖြစ်လာကြသည်။
ဝေ့ရှင်း ကြောင်စာဘူးများ ဝယ်ချင်နေကြောင်း ထန်ချီ သိသည့်အခါ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရည်အသွေးကောင်းသည့်
ပစ္စည်းတွေကို ကူရှာပေးတတ်၏။
တခြားသူများနှင့်ဆိုပါက ဝေ့ရှင်းအနေဖြင့် ပစ္စည်းများ
ဝယ်စုထားပေးရန် ခိုင်းရမည်ကို အားနာမည် ဖြစ်သလို
၀ယ်စုရန် အကြောင်းပြချက်ကိုလည်း ရှင်းပြရခက်နေလိမ့်မည်။
သို့သော် ထန်ချီဆိုပါက ပိတ်ရက်တွင် အတူတူ ဈေးဝယ်ထွက်ရန်
တိုက်ရိုက်ပြောလိုက်နိုင်သည်။
ဝေ့ရှင်း:
"ဒီအပတ်
ပိတ်ရက်မှာ စီးပွားရေးလမ်းမက ဆိုင်တွေမှာ ပရိုမိုးရှင်းရှိတယ် စားစရာတချို့ လျှော့စျေးပေးနေတယ်။
အတူတူ သွားမလား"
တန်ချီ:
"တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း မုန့်တွေ
ကုန်တော့မှာဆိုတော့ ဝယ်စုထားမလို့ပဲ အတူတူ သွားကြတာပေါ့ ဟဲဟဲ”
အချိန်သတ်မှတ်ပြီးသွားသည့်နောက်
ဝေ့ရှင်း သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအချိန်တွင်ပဲ
ချုံပုတ်ထဲမှ အကောင်လေးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး သူ့လမ်းကို ပိတ်လိုက်သည်။
ဝေ့ရှင်း ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ထိုအကောင်လေးက
မည်သည့် အရာကိုမျှ အားနာရှက်ရွံ့မနေဘဲ ကိုယ်ကို တွန့်လိမ်ပြီး အမူအရာအပြည့်ဖြင့် အော်လာ၏။
"မြောင်..."
ဝေ့ရှင်း၏ မျက်နှာက ထူးဆန်းသော အမူအရာဖြစ်သွားလေသည်။
အစိမ်းရောင်... ကြောင်လေးတစ်ကောင်လား?
စာရေးသူ၏ မှတ်ချက်:
အားလွီ:
“ဟား ဒီလို လူသားအဆင့်လောက်ကတော့"
အားလွီ:
“အရူးကသာ
သနားစရာကောင်းတဲ့ ကြောင်အတု လုပ်နေမှာပေါ့”
အားလွီ:
"ငါကတော့
လူသားတွေရှေ့မှာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး”
(ခေတ္တအကြာတွင်)
အားလွီ:
"ဟင်... ဒါက ခံစားလို့ အတော်ကောင်းသားပဲ”