Ch 2
Viewers 75

​အခန်း (၂)

 

-သားရဲလေးများကို  ပြုစုပျိုးထောင်ပြီးနောက် စွန့်ပစ်နယ်မြေရှိ လူတိုင်း၏ အချစ်ကိုရရှိခြင်း-

 

​သူတို့ ဆေးခန်းမှထွက်လာသည့် အချိန်တွင် ကောင်းကင်ယံမှ မိုးဖွဲဖွဲလေးများ တကယ်ပဲ စတင်ရွာသွန်းလာသည်။ ဆရာဝန်က ဝေ့ရှင်း၏ ဒဏ်ရာများကို ပတ်တီးစည်းပေးနေစဥ်၊ ကြောင်ပိုင်ရှင် ထန်ချီက ကြောင်ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်ပြီး ကျေးဇူးတင်စကား ပြောနေခဲ့၏။

သူ့၏ ချစ်လှစွာသောကြောင်လေး 'ဟွမ်ဟွမ်’ ကို သူ မည်မျှအထိ ဂရုစိုက်ကြောင်း သိသာလှသည်။ ​ဝေ့ရှင်း၏ ပတ်တီးစည်းထားသော လက်မောင်းကို ကြည့်ပြီး ထန်ချီ အားနာနေဆဲပင်။

 

"ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် ဒုက္ခပေးမိတဲ့အတွက်လည်း တောင်းပန်ပါတယ်"

 

သူက နောင်တရစွာ ပြောလာ၏။

 

"ဒီနေ့ အပြင်မထွက်ခင် ပြတင်းပေါက်တွေကို သေချာစစ်ခဲ့တာပါ၊ အကုန်လုံးလည်း ပိတ်ထားတာ။ ဘယ်လိုဖြစ်ပြီး ပွင့်သွားလဲဆိုတာ ကျွန်တော် တကယ်ကို မစဉ်းစားတတ်တော့ဘူး"

 

ဖြစ်ခဲ့သည့် အရာများကို အတိအကျသိရရန် သူတို့အနေဖြင့် စောင့်ကြည့်ကင်မရာများကို စစ်ဆေးကြည့်ရန် လိုအပ်လိမ့်မည်။ ​

၀ေ့ရှင်းက ‘ကိစ္စမရှိပါဘူး’ ဟူ၍သာ ပြန်ပြောလိုက်၏။ သူတို့၏ အိမ်များက တစ်အိမ်နှင့် တစ်အိမ် အတော်လေးနီးပြီး ဘေးချင်းကပ် အဆောက်အအုံတွင်ရှိနေသည်။ ထန်ချီ ထမင်းလိုက်ကျွေးမည်ဆိုသည်ကို ယဉ်ကျေးစွာ ငြင်းပယ်ပြီးနောက် ဝေ့ရှင်းက တိုက်အောက်တွင်ပဲ သူနှင့် လမ်းခွဲခဲ့သည်။

 

​"မြောင်..."

 

၀ေ့ရှင်းက သူမ၏ အသက်ကယ်တင်ရှင်ဖြ စ်ကြောင်း ကြောင်မလေး ဟွမ်ဟွမ် မှတ်မိနေ၏။  မထွက်ခွာခင်တွင် သူမ လည်ပင်းလေးကို ဆန့်ပြီး တွန့်ဆုတ်စွာဖြင့် အော်မြည်ခဲ့သည်။ ထန်ချီ သူမကို ပွေ့ချီပြီး တိုက်ထဲဝင်သွားချိန်တွင်  တိုးတိုးရေရွတ်သံလေးများ ကျန်ရစ်ခဲ့သည်။

 

"မင်းကတော့ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ၊ ဒီကြောင်စုတ်လေး..."

 

ထိုသည်က အပြစ်တင်ဝေဖန်ခြင်း သို့မဟုတ် တာဝန်ကိုရှောင်ဖယ်ခြင်း မဟုတ်ပေ။ သူ့၏ ကြောက်ရွံ့စိုးရိမ်ခြင်းများ နောက်ဆုံးတွင် လျော့ပါးသွားကာ စိတ်အေးသွားရသည့်အတွက် အလွန်အမင်း သက်သာရာရသွားသော အမူအရာသာ ဖြစ်၏။ ကြောင်လေးကလည်း သူမ ပိုင်ရှင်ကို နှစ်သိမ့်ပေးသည့် အနေဖြင့် ချိုသာစွာ အော်ဟစ်လျက် ဟိုနားပွတ် ဒီနားလျက် လုပ်နေ၏။

 

​လူတစ်ယောက်နှင့် ကြောင်လေးတစ်ကောင် ထောင့်အချိုးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်လျက် ၀ေ့ရှင်း စိတ်ထဲ တစ်စုံတစ်ရာကြောင့်  ဟာတာတာ ဖြစ်နေသလို ခံစားလိုက်ရသည်။ သူ ခြေလှမ်းပြင်လိုက်သော်လည်း အပေါ်ထပ် တန်းမတက်သေးဘဲ ရပ်ကွက်ထဲရှိ ပန်းခြံလေးထဲတွင် လိုက်လံရှာဖွေနေခဲ့၏။ သို့သော် ပန်းခြံ၏ နေရာတိုင်းထောင့်စေ့အောင် ရှာဖွေပြီးသည့်တိုင်အောင် ရင်းနှီးနေသော အနက်ရောင် အမွှေးလုံးလေးကိုတော့ သူ မတွေ့ခဲ့ရပေ။

 

​ဆောင်းဦးညများက အမြဲတမ်း မြန်မြန်ဆန်ဆန်ပဲ ရောက်လာတတ်၏။ သူ မသိလိုက်ခင်ပဲ လမ်းမီးတိုင်များ လင်းထိန်လာခဲ့သည်။ တိမ်မည်းများက နိမ့်ဆင်းနေသည်မှာ ပြိုကျတော့မည့် အတိုင်းပင်၊ လေထုထဲတွင်လည်း အေးစိမ့်သော မြူနှင်းများ ပါဝင်နေ၏။ သူ့ပတ်တီးများအပေါ် စိုစွတ်ခြင်းများကို ၀ေ့ရှင်း ခံစားလိုက်ရသည်။ ‘ပတ်တီးကို ရေမစိုစေနဲ့’ ဟူသော ဆရာဝန်မှာကြားချက်ကို သတိရသဖြင့် အိမ်အရင်ပြန်ရန်သာ ရွေးချယ်လိုက်ရ၏။

 

​သူ အပေါ်ထပ်သို့ တက်သွားခါနီးတွင်၊ အနက်ရောင် အမွှေးလုံးလေးက သူ ခုနက ရပ်နေခဲ့သည့် နေရာသို့ တိတ်တဆိတ် ခုန်ဆင်းလာပြီး ထွက်ခွာသွားသော သူ့ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ အိမ်ကိုအမြန်ပြန်ရောက်ပြီးနောက် ဝေ့ရှင်းက စင်ပေါ်ရှိ ထီးကို ချက်ချင်းလှမ်းယူလိုက်၏။ အပြင်ပြန်ထွက်ရန် ပြင်လိုက်စဥ် ဆရာ၀န် အကြံပေးခဲ့သော စကားကို သူ သတိရသွားသည်။

 

"လေလွင့်တိရစ္ဆာန်တွေက များသောအားဖြင့် ဝအောင်မစားရဘူး။ လက်တွေ့ကျကျ စဉ်းစားစမ်း၊ ကြောင်စာနဲ့ ကြောင်စာဘူးတွေ ယူသွားလိုက်။ ကြောင်နက်လေးက အစားအစာတွေ အများကြီးကို မြင်သွားရင် အိမ်အထိ မင်းနောက်ကို လိုက်လာနိုင်တာပဲ”

 

​ဝေ့ရှင်း ကြောင်စာနှင့် ကြောင်စာဘူးအချို့ကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။ တစ်စုံတစ်ရာကို စိုးရိမ်သည့်စိတ်ကြောင့် သူက ပလတ်စတစ်အိတ်ထဲသို့ ကြောင်စာများ အပြည့်ထည့်လိုက်သည်။ ထို့နောက်မှသာ  တိုက်အောက်သို့ ပြန်ဆင်းလာခဲ့၏။ ကြောင်လေးကို ရှာရန် အတော်လေး အချိန်ပေးရမည်ဟု သူ ထင်ထားသော်လည်း တိုက်ထဲမှ မထွက်ရသေးခင်တွင်ပဲ အနက်ရောင် အမွှေးလုံးလေးနှင့် မမျှော်လင့်ဘဲ မျက်လုံးချင်း ဆုံမိသွား၏။

 

​ဝေ့ရှင်းက သူ့ခြေလှမ်းများကို ချက်ချင်း နှေးလိုက်သည်။ အနက်ရောင် အမွှေးလုံးလေးက ဝေ့ရှင်း ဤမျှ မြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု ထင်ထားပုံ မရသဖြင့် အနည်းငယ် လန့်သွားပုံရပြီး ထွက်ပြေးရမလားဆိုသည်ကိုပင် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေလေ၏။

ယခုအချိန်တွင် ကောင်းကင်က လုံးဝ အမှောင်သွားပြီဖြစ်သည်။ လမ်းမီးတိုင်မှ အလင်းရောင်များက လေနှင့် မိုးကြားတွင် ယိမ်းထိုးနေ၏။  ၀ေ့ရှင်း အမြင်တွင် ကြောင်နက်လေးက မိုးထဲလေထဲ တစ်ကောင်တည်း ရပ်နေပြီး သူ့၏ အမွှေးများကလည်း စိုရွှဲပြီး ကပ်နေသည်။

ထိုကြောင်လေးက ခေါင်းကို အနည်းငယ် မော့ထားပြီး ကျောပြင်ကို တည့်တည့်မတ်မတ် ထားထားဆဲပင်။ သို့ရာတွင် သူ့ကိုကြည့်ရသည်က မှောင်မိုက်သော ကမ္ဘာကြီးထဲ လမ်းပျောက်နေသည့် ပုံစံလေးနှင့် အထီးကျန်ခြင်းများ ဝန်းရံနေသကဲ့သို့ပင်။

 

၀ေ့ရှင်း၏ စိတ်နှလုံးသားလေးက ချက်ချင်းပဲ ပျော့ပျောင်းသွားလေသည်။ သူ ထီးကိုဖွင့်လိုက်ပြီး အနက်ရောင် အမွှေးလုံးလေးထံ ခြေဖျားလေးထောက်ပြီး သွားကာ ဆောင့်ကြောင့်လေး ထိုင်လိုက်၏။ အစားအစာများ အပြည့်ပါသော အိတ်ကို မြေကြီးပေါ် ချလိုက်သည့်အခါ ကြောင်စာများ အများကြီး ပေါ်လာ၏။ တုန်လှုပ်နေသော ကြောင်လေး မျက်လုံးလေးများကို စိုက်ကြည့်လျက် ၀ေ့ရှင်း ညင်သာစွာ ပြောလိုက်သည်။

 

 "မကြာခင် မိုးအရမ်းရွာတော့မယ် မင်း ရေစိုသွားပြီး အမွှေးလေးတွေ ပြန်မခြောက်ရင် နေမကောင်းဖြစ်လိမ့်မယ်"

 

"မင်း ဗိုက်ဝအောင် ငါကျွေးပါ့မယ် အမွှေးလေးတွေလည်း ဖြီးပေးမယ် ငါနဲ့အတူ အိမ်လိုက်ခဲ့မလား ဟုတ်ပြီလား"

 

အနက်ရောင် အမွှေးလုံးလေးက ခေါင်းငုံ့သွား၏။  ၀ေ့ရှင်း ယူလာသော အိတ်ကိုသာ သူ  စိုက်ကြည့်နေပြီး ထိုအထဲရှိ စိတ်ရင်းစေတနာအချို့ကို ခံစားမိပုံရပြီး ယခင်အချိန်များကဲ့သို့ မဟုတ်ဘဲ  လှည့်ထွက်မသွားပေ။

၀ေ့ရှင်း သူ့လက်ကို သတိထားပြီး လှမ်းလိုက်သည်။ အစပိုင်းတွင် အေးစိမ့်နေသော မိုးရေစက်များကို ခံစားလိုက်ရပြီး ခေတ္တအကြာတွင် အကြေးခွံများကဲ့သို့ မာကျောနေသော အမွှေးများနှင့် ထိမိသွား၏။ သူ ထပ်မံ ထိတွေ့လိုက်သည့်အခါ အနက်ရောင် အမွှေးလုံးလေး၏ တင်းမာနေသော ကြွက်သားများ ရုတ်တရက် လျော့ကျသွားပြီး တစ်ကိုယ်လုံး ၀ေ့ရှင်း လက်ဖဝါးထဲ ခွေကျလာသည်။

 

တစ်စုံတစ်ခု မှားနေပြီကို ၀ေ့ရှင်း ခံစားမိလိုက်သဖြင့် အမွှေးလုံးလေးကို အမြန် ပွေ့ချီလိုက်၏။ အမွှေးလုံးလေး၏ စိုစွတ်နေသော အမွှေးများကြားရှိ အရေပြားကို ထိမိသည့်အခါ အလွန်အမင်း ပူလောင်နေကြောင်းကို ခံစားလိုက်ရ၏။ သေချာပါပြီ၊ အနက်ရောင် အမွှေးလုံးလေးက လူများကို ရှောင်သည့် နေရာတွင် သွက်လက်ဖျတ်လတ်တတ်သော့လည်း ယခုအချိန်တွင် သူ ဖျားနေခဲ့သည်။

​သူ့ကို တိရစ္ဆာန်ဆေးရုံထံ ချက်ချင်း ခေါ်သွားရန် လိုအပ်လေ၏။ သို့သော် အမွှေးလုံးလေးက သတိလစ်ချင်သလို ဖြစ်နေသော်လည်း သူ့ အသိစိတ်က ရှင်းနေပုံရသည်။  ရပ်ကွက်အပြင်ဘက်သို့ ၀ေ့ရှင်း ဦးတည်လိုက်သည်နှင့် အတင်းရုန်းကန်လာ၏။  သူ ရုန်းကန်ရာတွင် အလွန် အားပါသဖြင့် ၀ေ့ရှင်း  သူ့ကို မနိုင်မနင်းပင် ဖြစ်သွားရသည်။ တခြား နည်းလမ်း မရှိတော့သဖြင့် ၀ေ့ရှင်း သူ့ကို အိမ်သို့သာ အရင်ခေါ်သွားလိုက်ရ၏။

 

ယခင်က ဖြစ်ရပ်ကို သတိရလိုက်ပြီး ၀ေ့ရှင်းက သူအပြင်မထွက်ခင် တံခါးနှင့် ပြတင်းပေါက်များကို သေချာပိတ်ပြီးမှ တိရစ္ဆာန်ဆေးရုံတွင် ဆေးဝယ်ရန် ထီးတစ်ချောင်းဖြင့် ထွက်လာခဲ့သည်။ အသွားအပြန် မိနစ်လေးဆယ်လောက် ကြာခဲ့၏။ ဝေ့ရှင်း အမြန်ပြန်လာပြီး အိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါ သူ ချက်ချင်းပဲ ဆွံ့အသွားရသည်။ ကြောင်နက်လေး ရောက်လာသည်ကို ကြိုဆိုရန်အတွက် ကြောင်အိပ်ရာတစ်ခုကို အွန်လိုင်းမှ သူ ကြိုမှာထားခဲ့၏။

ဖျားနေသော အမွှေးလုံးလေးကို အိမ်ခေါ်လာပြီး ထိုအထဲတွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကြောင်အိပ်ရာထဲ ခွေနေရမည့် အမွှေးလုံးလေးကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။ ထိုအစား ကြမ်းပြင်ပေါ် စုတ်ပြဲနေသည့် ဂွမ်းစများသာ ပြည့်နှက်နေပြီး ဧရာမ သားရဲကြီးတစ်ကောင် ရှိနေ၏။

 

ထိုသားရဲကြီးက ကြမ်းပြင်ပေါ် ဝပ်နေပြီး သူ့ကို ကြည့်ရသည်မှာ မျိုးတုံးသွားပြီဟု ထင်ရသော သားရဲခေတ်ရှိ တွားသွား သားရဲကြီးတစ်ကောင်နှင့် ဆင်တူနေသည်။ သူ့ တစ်ကိုယ်လုံး အေးစိမ့်သော အလင်းရောင်များ ထွက်နေသည့် အကြေးခွံများနှင့် ဖုံးလွှမ်းထား၏။ သူ့ ခြေသည်း တစ်ခုချင်းစီသည် တီဗွီဖန်သားပြင် တစ်ဝက်မျှ ကြီးမားလေ၏။

ကြောင်အိပ်ရာ၏ ဂွမ်းစများအပြင် အားကောင်းလှသည့် ထိုခြေသည်းများ၏ ဖိခြေခြင်းကို ခံထားရတာက တစ်ဝက်မျှ ပျက်စီးနေပြီ ဖြစ်သော သစ်သားစားပွဲ၏ အပိုင်းအစများ ဖြစ်သည်။ ထိုစားပွဲကို သစ်သားအစစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ယခုကဲ့သို့ အပိုင်းအစများ ဖြစ်နေပုံကို ကြည့်ပါက ထိုသားရဲကြီး၏ ခြေသည်းများက မည်မျှအစွမ်းထက်လဲကို ခန့်မှန်းကြည့်နိုင်၏။

ဤသို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဝေ့ရှင်း ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားလေသည်။

 

‘ဒါက ငါ စိတ်ကူးယဉ်မိနေတာလား ဒါမှမဟုတ် အိပ်မက်လား’

 

၀ေ့ရှင်း ဆက်ပြီး စဉ်းစားရန် အချိန်မရလိုက်ပေ။ တံခါးပွင့်လာကြောင်းကို သတိပြုမိသွားသည့် သားရဲကြီးက ဟိန်းဟောက်ပြီး ရှေ့သို့ ခုန်အုပ်လိုက်သဖြင့် သူ ဘေးကိုပင် ရှောင်ချိန် မရလိုက်ဘဲ ကြမ်းပြင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရ၏။ ၀ေ့ရှင်း အနေဖြင့် သားရဲကြီး၏ ဖိထားခြင်းကို ခံနေရခြင်း မဟုတ်ဘဲ တောင်ကြီးတစ်လုံး၏ ဖိချခြင်းကို ခံနေရကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်လှသော အရှိန်ကြောင့် သူ့ အတွင်းကလီစာများပင် နေရာလွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်စွာ ညည်းတွားလိုက်မိ၏။

​ရုတ်တရက် ၀ေ့ရှင်းနှင့် သားရဲကြီး မျက်လုံးချင်း ဆုံသွားလေသည်။ သားရဲတစ်ကောင်၏ ဒေါင်လိုက် သူငယ်အိမ် အစစ်များ ဖြစ်ပြီး—ရက်စက်ကြမ်းကြုတ်ကာ သတ္တုကဲ့သို့ပင် အေးစိမ့်နေ၏။ ထိုမျက်လုံးများက ၀ေ့ရှင်း၏ အားနည်းနေသော လည်ပင်းထံ စိုက်ကြည့်နေပြီး မည်သည့် နေရာမှ စကိုက်ရမလဲဆိုသည်ကို တွေးတောနေသလိုပင်။ ၀ေ့ရှင်း တစ်ကိုယ်လုံး ချွေးအေးများ စီးကျလာ၏။

 

‘ဒီသားရဲကြီးက ဘယ်ကနေ ရောက်လာတာလဲ သူ ဒီလိုမျိုး အကြောင်းရင်းမရှိဘဲ သေရတော့မှာလား’

 

၀ေ့ရှင်း ထိုသို့ တွေးမိပြီး ပို၍ပင် အတင်းရုန်းကန်လိုက်သည်။ ​ချွန်ထက်လှသည့် ခြေသည်းများက သူ့ အရေပြားကို ထိုးခွဲတော့မည့် အချိန်တွင် ထိုသားရဲကြီးက နာကျင်ခြင်းကြောင့် မျက်လုံးများ မှေးစဥ်းသွားပြီး သတိပြန်ဝင်လာပုံရ၏။ သူ့ ခြေသည်းများဖြင့် ဖိထားခြင်းက အနည်းငယ် လျော့သွားလေသည်။

အကြောင်းရင်း အတိအကျမရှိဘဲ ထိုသားရဲကြီး၏ ထိန်းချုပ်ခြင်းနှင့် သည်းခံခြင်းကို ၀ေ့ရှင်း ခံစားလိုက်ရ၏။ အစပိုင်းတွင် လူသားစားသားရဲကြီးဟု  ထင်ခဲ့သော်လည်း လူသားစားမည့် သားရဲ၏ မျက်လုံးထဲတွင် ဤသို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမျိုး မည်သည်ကြောင့် ရှိမည်နည်း။ ထို့အပြင် ထိုရွှေရောင်ဒေါင်လိုက် သူငယ်အိမ်များက အနက်ရောင် အမွှေးလုံးလေးနှင့် ထူးခြားစွာ ဆင်တူနေလေ၏။

 

‘​...ခဏလေးနေပါဦး’

 

ချက်ချင်းဆိုသလို ၀ေ့ရှင်းစိတ်ထဲ မယုံကြည်နိုင်စရာ အတွေးတစ်ခု ဖြတ်ပြေးသွား၏။

 

တံခါးဖွင့်ပြီီးတော့ အနက်ရောင်ကြောင်လေးရဲ့ အရိပ်အယောင်လေးကိုတောင် သူ မတွေ့ခဲ့ရဘူး တစ်ကယ်လို့ သားရဲကြီးက ကြောင်လေးကို စားလိုက်တယ်ဆိုရင်တောင် သားရဲကြီးပါးစပ်မှာ သွေးတွေပေနေသင့်တာ…

 

​၀ေ့ရှင်း သူ့နှုတ်ခမ်းကို သူ ကိုက်လိုက်မိသည်။ နောက်ဆုံးတွင် သားရဲကြီး၏ အေးစက်သော အကြည့်များအောက်တွင် သူ့ကို အပိုင်းပိုင်း ဆွဲဖြဲနိုင်သည့် လက်သည်းကြီးကို သူလှမ်းကိုင်လိုက်ပြီး ငြင်သာစွာ ခေါ်လိုက်သည်။

 

“ရှောင်ဟေး”

 

ရှောင်ဟေး ဆိုသည်က အိမ်နီးနားချင်းလူကြီးများက ထိုအနက်ရောင် အမွေးလုံးလေးကို ပေးထားသည့် အမည်ပင်။ ၀ေ့ရှင်းလည်း ကြောင်လေးနှင့် ရင်းနှီးလာပြီးသည့်နောက် ထိုအတိုင်းပဲ ခေါ်လေ့ရှိ၏။

​ရင်းနှီးနေသော ၀ေ့ရှင်း အသံနှင့် သူ့အမည် ခေါ်သံကို ကြားသည့်အခါ သူ့ကို ဖိထားသော သားရဲကြီးက လက်သည်းများကို အမှန်တကယ် မလိုက်ပြီး နောက်သို့ အနည်းငယ်ဆုတ်သွား၏။ ထိုသို့ တုံ့ပြန်မှုကို ရရှိလိုက်သည့်အခါ ၀ေ့ရှင်း နှလုံးခုန်သံများ နှေးမသွားသည့်အပြင် ပို၍ပင် မြန်လာပါ၏။

သူ့စိတ်ထဲ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်  လေလွင့်ကြောင်လေးကနေ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာမျိုးက စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်များတွင်သာ ရှိသည်ဟု သူထင်ခဲ့၏။ ယခုကဲ့သို့ ကိုယ်တိုင်မြင်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ​သိပ္ပံနည်းကျဖြစ်စေ၊ သာမန် အသိတရားနှင့်ဖြစ်စေ သူ့ရှေ့ရှိ ထူးဆန်းသောမြင်ကွင်းကို သူ ရှင်းပြ၍ မရနိုင်ပေ။

 

‘အနက်ရောင်ကြောင်လေးက မွေးရာပါ နတ်ဆိုးတစ်ကောင်လား၊ ဂြိုဟ်သားလား ဒါမှမဟုတ် လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခုခုကနေ ထွက်ပြေးလာတဲ့ သတ္တဝါလား ဒီကမ္ဘာကြီးကရော သူသိထားတဲ့ ကမ္ဘာကြီး ဟုတ်ပါဦးမလား သူ မတော်တဆပဲ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတာလား အဲ့ဒီအတွက်ကြောင့် သူ နှုတ်ပိတ်ခံရမလား…’

 

ယခု မည်သို့ဆက်လုပ်ရမလဲဆိုသည်ကို မည်သူမျှ သူ့ကို အကြံမပေးနိုင်ပေ။ ​သူထင်သည့် အကောင်းဆုံး လုပ်ဆောင်ချက်က သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားရန်သာ။  စက္ကန့်အနည်းငယ် ကြာပြီးနောက်  တောင့်တင်းနေသော သူ့ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်၏။ သူ့အိတ်ကပ်ထဲရှိ ဖုန်းကိုထုတ်ရန် ကြိုးစားသော်လည်း ဝေခွဲမရ ဖြစ်နေသည်။

 

‘... တကယ်လို့ သူသာ ရဲခေါ်လိုက်ရင် အနက်ရောင် ကြောင်လေး ဘာဖြစ်သွားမလဲ’

 

သားရဲကြီး၏ တိုးညှင်းသော ဟိန်းသံက အတွေးများထဲမှ သူ့ကို လက်တွေ့ထံ ပြန်ခေါ်မလာခင်အထိ ၀ေ့ရှင်း၏ စိတ်များ ရှုပ်ထွေးနေခဲ့သည်။ သူ ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်မိ၏။ လွန်ခဲ့သော မိနစ်ပိုင်းကမှ အလွန်အမင်း ကြမ်းတမ်းနေခဲ့သည့် သားရဲကြီးက ယခုတော့ ပြင်းထန်သော နာကျင်ခြင်းများကို အောင့်ခံထားရသလိုမျိုး ကြမ်းပြင်ပေါ် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေ၏။

ရွှေရောင်မျက်လုံးများက ၀ေ့ရှင်းကိုသာ စိုက်ကြည့်နေသည်။ နောက်တစ်စက္ကန့်တွင် သားရဲကြီးက အကြည့်လွှဲလိုက်၏။ ၀ေ့ရှင်း တံခါးဝထံ ပြေးသွားပြီး အလျင်အမြန် ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရ၍ပင်။

 

‘သူထွက်ပြေးသွားတာလား’

 

သားရဲကြီး၏ သူငယ်အိမ်များက ကျုံ့သွားပြီး ဒေါသထွက်စွာဖြင့် တိုးညင်းသော ဟိန်းသံများ အော်ညည်းလိုက်သည်။

၀ေ့ရှင်း မသိခဲ့သည်က သူနှင့် မဆုံတွေ့ခင် ထိုသားရဲကြီးက ကြင်နာတတ်ပုံရသည့် လူသားအများအပြားနှင့် တွေ့ခဲ့ဖူး၏။ ထိုလူများက သူ့ထံသို့ ယခုကဲ့သို့ပင် နူးညံ့သည့်ပုံစံဖြင့် ချဉ်းကပ်ခဲ့ကြပြီး အိမ်ခေါ်သွားပါမည်ဟု ကတိများ အခိုင်အမာပေးခဲ့ကြသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ် ပြောင်းလဲသွားသည့် အချိန်တွင် တစ်ယောက်မကျန် ကြောက်လန့်တကြား အော်ဟစ်ခဲ့ကြပြီး သူ့ကို နှိမ်နင်းရန် တခြားလူများကို လိုက်ရှာခဲ့ကြ၏။ သူ့အနေဖြင့် လူသားများအပေါ် စိတ်ပျက်အားလျော့နေခဲ့တာ ကြာပြီဖြစ်သည်။

သို့ရာတွင် ၀ေ့ရှင်းကိုတော့ သူ ယုံကြည်နေဆဲပင်။ ပြင်းထန်သော နာကျင်မှုများက ကျန်ရှိနေသည့် သူ့အသိစိတ်ကို နှိပ်စက်နေ၏။ သားရဲကြီးက စိတ်ပျက်လက်ပျက်ဖြင့် ကျန်နေတဲ့ ကြောင်အိပ်ရာ တစ်ဝက်ကို အပိုင်းပိုင်းဆွဲဖြဲပစ်လိုက်ပြီး ပြတင်းပေါက်ထံ ယိမ်းထိုးစွာဖြင့် လျှောက်သွား၏။

သူ အမြန်ထွက်ပြေးရမည်။ မည်သည်ကြောင့်ဆိုသော် မကြာခင်တွင် ယူနီဖောင်းဝတ် ရဲအရာရှိများ ရောက်လာလိမ့်မည်။ ထိုအရာရှိများ သူ့ကို မထိခိုက်စေနိုင်သော်လည်း သူ့အား ဖန်တီးခဲ့သည့် လူသားများကိုတော့ သတိပေးမိသလို ဖြစ်သွားနိုင်သည်။ ထိုသို့ဆိုလျှင်  သည်းမခံနိုင်စရာ နှိပ်စက်ညှဉ်းပန်းခြင်းများကို သူ ရင်ဆိုင်ရလိမ့်မည်။

 

​"ရှောင်ဟေး“

 

သူ့အနောက်မှ နူးညံ့သာ အသံလေး ထွက်ပေါ်လာ၏။ သားရဲကြီး တောင့်ခဲသွားပြီး ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည့်အခါ ၀ေ့ရှင်း ထွက်မပြေးသွားကြောင်းကို ဝေဝါးစွာ သိလိုက်ရ၏။

 

‘သူ့အနောက်မှာ ဘာမှမရှိဘူး—သူက တခြားလူတွေကို ခေါ်မလာခဲ့ဘူး’

 

စောစောက အလောတကြီး ဖြစ်နေကာ ၀ေ့ရှင်းအနေဖြင့် သူ ယူလာသည့် ဆေးများကို မကိုင်ထားမခဲ့ပေ။ ထိုအရာများကို ပြန်ယူရန် သူ အချိန်အနည်းငယ် ပေးခဲ့ရ၏။ ယခုအခါ သူ့လက်ထဲ ဆေးအစုံရှိနေသည်။ အဖျားကျဆေး၊ လိမ်းဆေး၊ ပတ်တီး၊ သွေးတိတ်ဆေး...။

အကယ်၍ ကြောင်လေး နေမကောင်းဖြစ်ပါက အသေးစိတ် စစ်ဆေးမှုလုပ်ရန်အတွက် တိရစ္ဆာန်ဆရာဝန်က ယူလာခိုင်းထားသည့် ဆေးများပင်။ အပြန်လမ်းတစ်လျှောက်  ဤအနက်ရောင် အမွှေးလုံးလေးကို မည်သို့ ဖျောင်းဖျပြီး ဆေးခန်းခေါ်သွားရမလဲဆိုသည်ကိုသာ ၀ေ့ရှင်း စိတ်ပူနေခဲ့၏။

သို့ရာတွင် ယခုအချိန် သူ့ရှေ့ရှိနေသော တောင်ကြီးတစ်မျှ မြင့်မားနေသည့် သားရဲကြီးနှင့် ရင်ဆိုင်နေရသည့်ခါ အရင်က ပြဿနာက ပြဿနာ မဟုတ်တော့သလိုပင်။

 

‘လူတွေရဲ့ဆေးကုသမှုတွေက ဒီအနက်ရောင် ကြောင်လေးအပေါ်မှာ ထိရောက်ပါ့မလား’

 

၀ေ့ရှင်းလည်း မသေချာပေ။ သူ သက်ပြင်းချလိုက်ပြီး ရှောင်ဟေးထံ လျှောက်သွားလိုက်၏။ သူ ခြေတစ်လှမ်း တိုးလိုက်တိုင်း သားရဲကြီးက ခြေတစ်လှမ်း ဆုတ်သွား၏။ မကြာခင်တွင်ပဲ ပြတင်းပေါက်ဘောင်နားအထိ ရောက်သွားသည်။

ကြမ်းတမ်းပြီး ကြီးမားသည့် သားရဲကြီးက သေးသွယ်ပိန်ပါးသော လူသားတစ်ယောက်ကြောင့် အကြိမ်ကြိမ် ဆုတ်ခွာနေရသည်က တကယ်ကို ရယ်စရာကောင်းသော မြင်ကွင်းပင်။ ထို့ကြောင့် ၀ေ့ရှင်းမျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများ ပေါ်လာ၏။

သားရဲကြီးက ၀ေ့ရှင်းနှင့် အကြည့်ချင်းဆုံသည့်အခါ  အလိုအလျောက်ပင် အကြည့်လွှဲမိလိုက်သော်လည်း ထိုကဲ့သို့ ရှောင်ဖယ်နေသည့် အပြုအမူက ရှက်စရာကောင်းသည်ဟု ခံစားမိပုံရပြီး ခေါင်းကို ပြန်လှည့်လာကာ ၀ေ့ရှင်းကို မောင်းထုတ်ရန် ကြိုးစားသည့်အနေဖြင့် တိုးညှင်းသော ဟိန်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

 

သို့သော် ၀ေ့ရှင်းအနေဖြင့် အပြင်ပန်းတွင် ကြမ်းတမ်းနေသော သားရဲကြီး၏ အားနည်းချက်ကို မြင်နေရ၏။ ဤအချိန်တွင် လွန်ခဲ့သောတစ်နာရီက သည်းထန်စွာရွာသွန်းနေသည့် မိုးရေများကြားတွင် အနက်ရောင်အမွှေးလုံးလေး၏ အထီးကျန်နေသော ပုံရိပ်ကို မြင်ခဲ့ရသည့်အချိန်ထံ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

၀ေ့ရှင်း ခေတ္တမျှ မှင်သက်သွားပြီးနောက် ရုတ်ချည်းပင် သားရဲကြီးကို မကြောက်ရွံ့တော့ပေ။ ခန္ဓာကိုယ်အရွယ်အစား ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်ခြင်းများပင် ပျောက်ကွယ်သွား၏။

၀ေ့ရှင်း ဖြည်းဖြည်းချင်း အရှေ့သို့ လျှောက်သွားပြီး  တိတ်ဆိတ်စွာ ခုခံနေသည့် သားရဲကြီး၏ အေးစက်နေသော ခန္ဓာကိုယ်ကြီးကို ဖက်ထားလိုက်သည်။ ​အနက်ရောင် အမွေးလုံးလေး၏ အမွှေးများက အမြဲတမ်း မာကျောပြီးစူးရှနေခဲ့သည်။

ယခင်က အာဟာရချို့တဲ့ခြင်းကြောင့် အမွှေးများ ခြောက်သွေ့ကြမ်းတမ်းနေသည်ဟု သူ ထင်ခဲ့ခဲ့ပြီး ထိုအကြောင်းကြောင့် အကြာကြီး စိတ်ပူနေခဲ့သည်။ ယခုအခါ မာကျောပြီး သက်သောင့်သက်သာ မရှိစေသည့် အကြေးခွံများကို ထိတွေ့မိသည့်ခါမှသာ တကယ့်အကြောင်းရင်းကို ၀ေ့ရှင်း နားလည်သွား၏။ ဝမ်းနည်းသလိုလို. စိတ်သက်သာရာရသလိုလို ခံစားရပြီး အနက်ရောင်အမွေးလုံးလေးကို အနည်းငယ် တုန်လှုပ်သွားစေမည့် စကားတစ်ခွန်းကို ၀ေ့ရှင်း တိုးတိုးလေး ပြောလိုက်သည်။

 

​"သံသယဖြစ်စရာ မလိုဘူး၊ မင်းက ငါသိတဲ့ ရှောင်ဟေး‌လေး ဖြစ်နေတုန်းပဲ”