Chapter 1
သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး
သဘောကျတာခံခဲ့ရတယ်
“လက်ဖက်ရည် သုံးဆောင်ပါဦး ဆရာ”
လူငယ်လေးက ဝန်ထမ်းမှ ကမ်းပေးလာသော ခွက်ကို ယူလိုက်ပြီး
ယဥ်ကျေးစွာ ပြောလိုက်သည်။
“ကျေးဇူးပါ”
ဤနေရာမှာ နွေးထွေးသည့်အရောင်များနှင့် ဒီဇိုင်းပုံဖော်ထားသော
ပုဂ္ဂလိက စိတ်ပိုင်းဆိုင်ရာ အကြံပေးစင်တာ ဖြစ်၏။ ဧည့်ခန်းထဲ၌လည်း သာယာဖွယ်ကောင်းသော
တေးဂီတလေးအား ဖွင့်ထားလေသည်။ ပိတ်ရက်ဖြစ်သောကြောင့် လူတော်တော်များများက ပုံမှန်အတိုင်း
ဆွေးနွေးရန် လာကြပြီး သူတို့မှာ စိတ်ပူနေသည့်ပုံ သို့မဟုတ် စိတ်လှုပ်ရှားနေသည့် ပုံပေါက်၏။
တိတ်ဆိတ်ကာ တည်ငြိမ်နေသည့် လူငယ်လေးမှာ သူတို့နှင့်ယှဥ်လျှင်
ဤနေရာနှင့် မသက်ဆိုင်သကဲ့သို့ ခံစားနေစေသည်။ အခြားလူနာများထံသို့ သွားပြီးနောက် အရှေ့စားပွဲသို့
ပြန်လာသည့် ဝန်ထမ်းတစ်ဦးမှ သူမ၏ လုပ်ဖော်ကိုင်ဖက်မှာ ထိုလူငယ်အား ကြည့်နေသည်ကို သတိပြုမိသွားခဲ့၏။
သူမက သူ့ကို သာသာလေး ထိလိုက်သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်မှာ သတိပြန်ဝင်လာပြီး တီးတိုးပြောလိုက်သည်။
“မစ္စတာဝေ့က တကယ်ချောတာပဲ”
လျှောက်လွှာဖြည့်ပြီးသွားသည့် လူတစ်ယောက်မှာလည်း
နားစွန်နားဖြား ကြားမိသွားကာ လှမ်းကြည့်လိုက်၏။ ထိုလူငယ်လေးမှာ ရိုးရှင်းသည့် အင်္ကျီလက်ရှည်ပေါ်တွင်
ကာကီရောင် ကုတ်အင်္ကျီရှည်ကို ထပ်ဝတ်ထားလေသည်။ သူ၏ ခါးမှစ၍ တစ်ကိုယ်လုံးအထိ သွယ်လျကာ
ခန့်ညားသည့် ခန္ဓာကိုယ်ပုံစံရှိသည်။
ပြတင်းပေါက်အပြင်ဘက်၌ လေတိုက်နေသည့်အတွက် သစ်ရွက်ခြောက်သံလေးများ
ကြားနေရ၏။ သူ၏ ခေါင်းအားမော့လိုက်ကာ သိမ်မွေ့သည့် မျက်နှာအနေအထားအား ထုတ်ဖော်ပြသလိုက်လေသည်။
သူက အတော်လေး ကြည့်ကောင်းသည်ဟု ထိုလူမှ တွေးမိသွား၏။
လူငယ်လေးထိုင်နေသည့် ဆိုဖာဘေး၌ မိခင်တစ်ဦးနှင့်
သူမ၏ သမီးလေး ထိုင်နေကာ သမီးလေးမှာ ခြောက်နှစ်ထက် ငယ်ဦးမည့် ပုံပေါက်၏။ သူတို့နှစ်ဦးရောက်လာကတည်းက
မိခင်ဖြစ်သူမှာ သူမ၏ခေါင်းအား ငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောဘဲ ကလေး၏ လက်ကိုသာ တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားလေသည်။ ကလေးမလေးက သူမ၏ အနည်းငယ် ခြောက်သွေ့နေသည့် နှုတ်ခမ်းလေးအား လျှာဖြင့်
လျက်လိုက်ကာ စားပွဲပေါ်ရှိ ရေနွေးကို သောက်ရန်အတွက် လှမ်းယူလိုက်၏။ သူမ၏ လက်လေးများမှာ
ခွက်ကို လှမ်းယူရန်အတွက် မမှီနိုင်ချေ။ သူမဘေးသို့ အကူအညီတောင်းရန် ကြည့်လိုက်သော်ငြား
သူမအမေ၏ ညှိုးငယ်နေသည့် မျက်နှာအား မြင်လိုက်သဖြင့် နှုတ်ခမ်းလေးအား လှုပ်ရှားလိုက်သော်ငြား
အသံတော့မထွက်လာခဲ့ပေ။
သူမတုံ့ဆိုင်းနေချိန်တွင် ဘေးမှ သွယ်လျကာ လှပသည့်
လက်တစ်စုံက ထွက်ပေါ်လာခဲ့ပြီး သူမအား ရေနွေးပူတစ်ခွက် ကမ်းပေးလိုက်၏။ ကလေးမလေးမှာ တစ်ခဏမျှ
လန့်ဖျပ်သွားခဲ့သည်။ လူငယ်လေး၏ တည်ငြိမ်သည့် အကြည့်များနှင့် ဆုံမိချိန်၌ သူမက အမြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
သူတိုနှစ်ဦး၏ အပြန်အလှန်ဆက်ဆံမှုအား အရှေ့စားပွဲရှိ
ဝန်ထမ်းများက သတိပြုမိသွားပြီး သူတို့အားလုံး တစ်ခဏမျှ အနည်းငယ် သနားမိသွားကြသည်။ ချောမောကာ
နူးညံ့သိမ်မွေ့သော သူကဲ့သို့ လူမျိုးက အဘယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေရသနည်း။
ကလေးမလေးအား ခွက်ကမ်းပေးပြီးနောက် ဝေ့ရှင်းက တိတ်တဆိတ်
ပြန်ထိုင်နေလိုက်သည်။ ခဏအကြာတွင် ဧည့်ကြိုဝန်ထမ်းမှ သူ့ကိုခေါ်သည့် အသံအား ကြားလိုက်၏။
“မစ္စတာဝေ့
မစ္စတာအလှည့်ရောက်ပါပြီ”
ဝေ့ရှင်းမှာ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း
မဟုတ်ပေ။ ဤနေရာအား ရင်းနှီးနေသဖြင့် ဆရာဝန်ဖြစ်သူ၏ ရုံးခန်းအား သူက အလွယ်အကူ ရှာတွေ့သွားခဲ့သည်။
သူ့အရှေ့က လူနာမှာ ယခုလေးတင် ထွက်လာခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူမှ တံခါးခေါက်လိုက်လေသည်။
“ဝင်လာခဲ့ပါ”
ထိုအသံအား ကြားသဖြင့် သူက ဝင်သွားခဲ့သည်။ ဆွေးနွေးသည့်
အခန်းအား အဝါရောင်နံရံကပ်စက္ကူများ၊ ပြတင်းပေါက်တွင် ချိတ်ထားသည့် အပင်များနှင့် နွေးထွေးစွာ အလှဆင်ထားပြီ ဆိုဖာပေါ်တွင် တင်ထားသည့်
ဝက်ဝံရုပ်နှစ်ရုပ်ပါ ရှိသေး၏။
ဝက်ဝံရုပ်နှစ်ရုပ်အား ဝေ့ရှင်းမှ ကြည့်နေသည်ကို မြင်သဖြင့်
ဆရာဝန်က ပြုံးကာ ပြောလိုက်သည်။
“မင်းအရုပ်ကို ဖက်ထားချင်တယ်ဆိုရင် ဖက်လို့ရတယ်နော်”
ဝေ့ရှင်းက တုံ့ဆိုင်းမနေဘဲ ဝက်ဝံရုပ်လေးတစ်ရုပ်အား
ဖက်ထားလိုက်သည်။ သူထိခဲ့ဖူးသည့် အနက်ရောင် အမွှေးလုံးလေး နှင့်မတူဘဲ အမွှေးအမျှင်လေးများမှာ
နူးညံ့နေသည်ကို ခံစားရသည်။ အနက်ရောင် အမွှေးလုံးလေး၏ အမွှေးမှာ ချွန်ထက်သည့် အမွှေးများကဲ့သို့
ဖြစ်ပြီး အနည်းငယ် မာကျောကာ ထိတွေ့ရန်မှာ အစူးများလွန်းလေ၏။
ဆရာဝန်က ဝေ့ရှင်း၏ ဖိုင်အားဖွင့်လိုက်ကာ မှတ်စုရေးနေလေသည်။
စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများမှာ ပုံမှန်အားဖြင့် တစ်နာရီလောက် ကြာလေ့ရှိသော်ငြား
ဝေ့ရှင်းမှ ပူးပေါင်းဆောင်ရွက်ပေးပြီး ဆရာဝန်မေးသမျှအား အမှန်အတိုင်း ဖြေဆိုပေးသဖြင့်
နာရီဝက်ခန့်သာ ကြာတတ်၏။ သူ့မိသားစုနှင့် ဆိုင်သည့်မေးခွန်း မေးလျှင်တော့ သူက ပြန်မဖြေပေးချေ။
ဝေ့ရှင်း၌ မကောင်းသည့် အကျင့်မရှိသည့်အပြင် သူ၏ ရန်မဖြစ်တတ်ကာ
မပြိုင်ဆိုင်တတ်သည့် နူးညံ့သောစိတ်ထားကြောင့် သူ့တွင် လူအများမကြိုက်သည့် အချက်များ
မရှိသလောက်ပင်။ သို့ပေမဲ့ သူက အဆက်အဆံ မရှိသလောက်ရှားပြီး လူများနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန်
ခက်ခဲနေလေသည်။ သူ၏ ပြဿနာမှာ သူ့မိသားစုမှ စတင်ခဲ့ခြင်းမျိုး ဖြစ်နိုင်ကြောင်း ဆရာဝန်က
ခန့်မှန်းလိုက်၏။ ထို့ကြောင့် သူက ဝေ့ရှင်းအား ချစ်စရာကောင်းကာ အန္တရာယ်မရှိသည့် တိရစ္ဆာန်လေးများနှင့်
ပိုဆက်ဆံရန် အားပေးကာ အခြေအနေကောင်းလာပါက သူ့နှလုံးသားအား ပျှော်ရွှင်စေရန်အတွက် အိမ်မွေးတိရစ္ဆာန်ကို
မွေးမြူသင့်ကြောင်း ပြော၏။ ဝေ့ရှင်းကလည်း နားထောင်လေသည်။
ယခင်တစ်ခေါက် လာဆွေးနွေးချိန်တုန်းက သူ့အိမ်အနီး၌
အိမ်မွေးတိရစ္ဆာန် ဆိုင်လေးရှိကြောင်းပြောကာ နောက်ပိုင်းသွားလည်ရန် စီစဥ်ထားကြောင်း
ပြောသော်ငြား သူ့အိမ်အနီးတစ်ဝိုက်၌ ပေါ်လာသည့် လမ်းဘေး ကြောင်နက်လေး အကြောင်းအား ပိုပြော၏။
သူစိတ်ဝင်စားနေသည်ကို မြင်သဖြင့် ဆရာဝန်က အားပေးလိုက်လေသည်။
“တကယ်လို့
အဲဒီကြောင်လေးက တကယ်ပဲ ပိုင်ရှင်မရှိတဲ့ လမ်းလေးကြောင်လေး ဖြစ်နေပြီး မင်းခေါ်တာကိုလည်း
မငြင်းဘူးဆိုရင် မင်းအိမ်ခေါ်သွားလို့ ရတယ်လေ”
ဆောင်းဦးရာသီ ရောက်လာသည်နှင့်အမျှ ရာသီဥတုမှာ ပို၍အေးလာခဲ့သည်။
လမ်းဘေးတိရစ္ဆာန်လေးများမှာ အလွယ်တကူ နေမကောင်းဖြစ်နိုင်ပြီး အကယ်၍ ပြင်းထန်ပါက အသက်အန္တရာယ်ပါ
စိုးရိမ်ရနိုင်၏။ ထို့အပြင် ညှဥ်းပန်းနှိပ်စက်ရသည်ကို နှစ်သက်သည့် စိတ်ဝေဒနာရှင်များမှာလည်း
မရှားပါချေ။ လူများကို မထိခိုက်စေရဟု တရားဥပဒေက တားမြစ်ထားသဖြင့် သူတို့က ဂရုစိုက်မခံရသည့်
လမ်းဘေးတိရစ္ဆာန်များဘက်သို့ လှည့်လာကြကာ လမ်းလေးတိရစ္ဆာန်များ ရှင်သန်နိုင်သည့်ပတ်
ဝန်းကျင်များအား ရှားပါးသွားစေခဲ့၏။
ထိုစကားများမှာ ဝေ့ရှင်းကို သတိရှိစေခဲ့သည်။ အနက်ရောင်
အမွှေးလုံးလေးမှာ သူ့အား အနားသိပ်ပေးမကပ်ပေ။ ခြောက်သွေ့နေသည့် သွေးကွက်များနှင့် ပေကျံနေသော
အမွှေးလုံးလေး၏ အမွှေးအား သူတစ်ခါသာ ထိဖူး၏။ အမွှေးထူထူအောက်၌ ဖုံးကွယ်ထားသည့် ဒါဏ်ရာများရှိနေမလား
ဆိုသည်အား ဝေ့ရှင်းမှ မသိပေ။ ရပ်ကွက်အတွင်း၌ လူအများအပြား သွားလာနေကြသော်ငြား လမ်းဘေးကြောင်လေးများကို
ကျွေးမွေးကြသည့် လူအများစုမှာ အငြိမ်းစားယူပြီးသား သက်ကြီးရွယ်အိုများသာ ဖြစ်လေသည်။
မည်သူက လမ်းလေးကြောင်လေးအား ထိခိုက်စေခဲ့သည်ကို ပြောရန် ခက်ခဲလေသည်။
သူက ကြောင်မွေးမြူမည့် အကြံအဥာဏ်အား အလေးအနက်ထား
စဥ်းစားခဲ့လေသည်။ နောက်ဆုံးတစ်ခေါက် သူလာခဲ့ချိန်၌ သူက ထိုကိစ္စအား အကောင်အထည်ဖော်ဖို့ရာ
ဆုံးဖြတ်ပြီး ဖြစ်၏။ ဆရာဝန်မှ သူ့ကို ပုံမှန်အတိုင်း မေးခွန်းအနည်းငယ် မေးကာ ပြုံးပြီး
ပြောလေ၏။
“အရင်တစ်ခေါက်တုန်းက မင်းအနက်ရောင် အကောင်လေးကို
အိမ်ပြန်ခေါ်သွားချင်တယ်ဆို၊ အဲဒါဘယ်လိုလဲ”
ဝေ့ရှင်းက ရပ်တန့်သွားပြီး သူ၏ ခေါင်းအား ခါယမ်းကာ
ပြောလိုက်လေသည်။
“ကျွန်တော် သူနဲ့စကားပြောကြည့်သေးတယ်၊ သူက သိပ်လိုက်ချင်ပုံမရဘူး”
ကြောင်တစ်ကောင်နှင့်
လူတစ်ယောက်မှ အချင်းချင်း တမြောင်မြောင် အော်နေကြသည့်ပုံမှာ ဆရာဝန်၏ စိတ်ထဲသို့ ချက်ချင်းပေါ်လာခဲ့သည်။
သူက ချောင်းအနည်းငယ် ဆိုးပြီးနောက် ဆက်မေးလိုက်လေ၏။
“အဲဒီတော့ မင်းသူနဲ့ ဘယ်လိုဆက်သွယ်ခဲ့တာလဲ”
ဝေ့ရှင်းက ပြန်ပြော၏။
“ကျွန်တော် သူ့ကို သူကျွန်တော့်အိမ်ကို လိုက်ချင်လားလို့
မေးလိုက်တယ်”
ဝေ့ရှင်းမှာ အလွန်ပင် စိတ်အားထက်သန်နေသဖြင့် ဝေ့ရှင်းမှ
ကြောင်အား အတည်ပေါက်ကြီး မေးနေမည့် မြင်ကွင်းအား မြင်ယောင်ကြည့်ပြီး ဆရာဝန်မှာ ရယ်မိသွားလေသည်။
ဝေ့ရှင်းမှာ ဇဝေဇဝါဖြစ်သွားပုံရ၏။
“?”
ဆရာဝန်က သူ၏အပြုံးအား အလျင်အမြန် ဖုံးကွယ်လိုက်လေသည်။
တစ်ဖက်လူမှာ ထိုမျှ ကလေးဆန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ကြောင်များမှာ လူပြောစကားအား
နားမလည်နိုင်သဖြင့် မည်ကဲ့သို့ အဖြေပြန်ပေးနိုင်မည်နည်း။
ဆရာဝန်က ထိုအရာအား ထောက်မပြလဲ ပြောလိုက်၏။
“လူတွေ ကတိပေးတာမျိုးက ကြောင်အတွက် လက်တွေ့မဆန်လောက်ဘူး၊
သူတို့တွေက အဲဒါမျိုးတွေကို မခံစားနိုင်ဘူး၊ မင်းဒီထက်ပိုပြီး လက်တွေ့ကျကျ ဖိတ်ခေါ်တဲ့
နည်းလမ်းကိုသုံးသင့်တယ်”
ဝေ့ရှင်းမှ နားစွင့်ထားပြီး နှိမ့်ချစွာ မေးလိုက်သည်။
“ဥပမာအားဖြင့် ဘယ်လိုဟာတွေလဲ”
အခြားသူများအတွက် အိမ်မွေးတိရစ္ဆာန် မွေးမြူရန် အကြံပေးဖူးသည့်
အတွေ့အကြုံရှိသော ဆရာဝန်က ပြုံးလိုက်လေသည်။
“ဥပမာအားဖြင့် ကြောင်စာတွေ ကြောင်စာဗူးတွေ ပြင်သွားတာမျိုးပေါ့”
ဆောင်းဦးဝင်ပြီးနောက် မိုးအုံ့ကာ မိုးရွာသည့်နေ့များ
ပိုများလာခဲ့ပြီး နွေရာသီထက် ပို၍ စောစောမှောင်လာလေသည်။ ဝေ့ရှင်း စင်တာထဲမှ ထွက်လာသည်နှင့်
လေအေးတစ်ချက် တိုက်လာကာ သူ့ဆံပင်အား ရှုပ်ထွေးသွားစေသည်။ ကောင်းကင်ယံပေါ်၌ တိမ်အလွှာပါးလေးမှာ
စုနေပြီဖြစ်ပြီး မိုးရွာချလာမည်ကို စိုးရိမ်သဖြင့် အိမ်ဘက်သို့ လျှောက်နေသည့် ခြေလှမ်းများအား
အရှိန်တင်လိုက်လေ၏။
ရပ်ကွက်ဥယျာဥ်အတွင်းသို့ ရောက်သွားချိန်တွင် လူတော်တော်များများမှာ
အောက်ထပ်၌ စုဝေးနေကြသည်ကာ ဆူဆူညံညံဖြင့် အပေါ်သို့ မော့ကြည့်နေကြသည်ကို ဝေ့ရှင်းမှ
သတိထားမိလိုက်သည်။ သူတို့၏ အကြည့်နောက်သို့ သူလိုက်ကြည့်လိုက်ရာတွင် မြင့်မားသည့် အဆောက်အအုံများကြားရှိ
ထုပ်တန်းပေါ်၌ တုန်ရီနေသည့် အမွှေးထူထူခေါင်းလေးတစ်လုံးအား တွေ့လိုက်ရ၏။ သူ၏ အမူအယာမှာ
အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဘေးနားရှိ စကားဝိုင်းမှာ ပြတ်တောက်ပြတ်တောက် ဖြစ်နေသော်ငြား
မည်သည့်အရာများ ဖြစ်နေသည်ကို သူက အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
“ပြတင်းပေါက်
သေချာမပိတ်ထားမိလို့ ကြောင်လေးက ထွက်သွားခဲ့တာပဲ၊ ပိုင်ရှင်က ကြောင်ကယ်ဆယ်ရေးကို ဖုန်းဆက်ခေါ်ထားပြီးတော့
ရောက်လာတဲ့သူတွေက ဘယ်လိုကယ်ရမလဲဆိုတာကို စဥ်းစားနေကြတယ်”
“အပေါ်ဘက်မှာ လေပြင်းလွန်းတယ်၊ ကြောင်က ကြောက်ပြီး
လှုပ်မှာမဟုတ်ဘူး၊ ပြီးတော့ ပိုင်ရှင်ရဲ့ အိမ်နဲ့ကလည်း ဝေးလွန်းတယ်၊ သူတို့တွေ တစ်ခြားတစ်ဖက်ကနေပဲ
စမ်းကြည့်လို့ရမှာပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီဘက်ခြမ်းက လူတွေက အခုဒီမှာမရှိကြဘူး”
“ဘာလုပ်နိုင်တော့မှာလဲ ကြောင်ပိုင်ရှင်တွေကလည်း သူတို့ပြတင်းပေါက်ကို
လုံခြုံအောင် မပိတ်တတ်ဘူးလား”
ကြောင်ရှိနေသည့် နေရာမှာ သူ့အခန်းနှင့် အလွန်နီးကာ
တစ်ထပ်မျှသာကွာကြောင်း ဝေ့ရှင်းမှ သိသွား၏။ ဘာမှထပ်မပြောနေဘဲ သူအပေါ်ထပ်သို့ အမြန်
ပြေးတက်သွားလေသည်။ တံခါးဝ၌ သူ ကြောင်ပိုင်ရှင်နှင့် ကယ်ဆယ်ရေးအဖွဲ့နှင့် ဆုံ၏။ သူတို့က
သူ၏ ပြတင်းပေါက်အား အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြလေသည်။
“ထုတ်တန်းက
ကျဥ်းလွန်းတယ်၊ ကြောင်လှောင်အိမ်နဲ့ မဆန့်ဘူး၊ ငါတို့တွေ တက်ကြည့်မှရမယ်”
ထုတ်တန်းက ကျဥ်းမြောင်းကာ လေကလည်း ပြင်းနေသဖြင့်
ငြိမ်ငြိမ်ရပ်နိုင်ဖို့ ခက်ခဲ၏။ ကြောင်လေးမှာ မည်မျှကြာကြာထပ်ပြီး တောင့်ခံထားနိုင်မည်ကို
မည်သူမှမသိချေ။ ကြောင်ပိုင်ရှင်မှာ အလွန်ပင် စိုးရိမ်နေပြီး အကယ်၍ ဝေ့ရှင်းသာ ကူညီပေးမည်ဆိုလျှင်
ဆုလာဒ်အနေနှင့် ယွမ်တစ်ရာပေးမည်ဟု ရက်ရောစွာပင် ပြောလေ၏။
ဝေ့ရှင်းက သူ့ခေါင်းကို ခါယမ်း၍ ငြင်းဆန်လိုက်ကာ
တံခါးအား ဖွင့်ပေးလိုက်၏။ ကယ်ဆယ်ရေးအသင်းမှာ ကြောင်၏ အခြေအနေအား ဗီဒီယိုထဲ၌ မြင်ပြီးဖြစ်ကာ
ကြောင်လှောင်အိမ်သုံးဖို့ရာ အဆင်မပြေသဖြင့် သူတို့သည် လုံခြုံရေးကြိုးများအား အထူးအနေနှင့်
ယူလာခဲ့လေသည်။
သူတို့မှာ ကျွမ်းကျင်သူများ မဟုတ်ကြပေ။ ထို့အမြင့်၌
သူတို့သည် မစွန့်စားဘဲ ကြောင်အားကယ်တင်၍ ရနိုင်ပြီး အကယ်၍ သူတို့ကြောင်အား မချနိုင်ခဲ့ပါက
119 အား ခေါ်ဆိုရမည်ပင်။ တစ်စုံတစ်ဦး ပြတင်းပေါက်မှ တက်လာသည်ကို မြင်လိုက်ရချိန်တွင်
ဝေ့ရှင်းဖြစ်စေ အခန်းထဲမှ လူများဖြစ်စေ အောက်ထပ်မှကြည့်နေသည့် လူအုပ်ကြီးဖြစ်စေ အကုန်လုံး
အသက်ရှူ အောင့်ထားမိလိုက်ကြလေသည်။
ထိုအချိန်၌ မတော်တဆတစ်ခု ဖြစ်သွားခဲ့လေသည်။ မိုးတိမ်ထူများ
စုဝေးလာကာ ခရမ်းရောင်လျှပ်စီးတစ်ချက် လင်းလက်သွားခဲ့သည်။ တစ်ခုခုမှားနေသည်ကို အာရုံခံမိသွားသည့်
ဝေ့ရှင်းက ပြတင်းပေါက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။ နောက်တစ်စက္ကန့်မှာပင် မိုးကြိုးပစ်သံကြီးတစ်ခု
ကောင်းကင်တစ်ခွင် ဟိန်းထွက်သွားခဲ့လေ၏။
“မြောင်”
ထုတ်တန်းပေါ်ရှိ ကြောင်မှာ ကြောက်ရွံ့သွားကာ တစ်ချက်အော်ပြီး ခုန်လိုက်မိ၏။
ပို၍ဝမ်းနည်းစရာ ကောင်းသည်မှာ လေပြင်းတစ်ချက် တိုက်ခတ်သွားခြင်းပင်။ ကယ်ဆယ်ရေးသမားမှာ
အော်လိုက်သည်။
“ ကြောင်လေး၊
မဖြစ်ဘူး”
ကြောင်လေးက ထုတ်တန်းအစွန်းသို့ လွင့်စင်သွားကာ ပြုတ်ကျသွားခဲ့လေသည်။
တက်လာနေသည့် ကယ်ဆယ်ရေးသမားမှာ လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း အချိန်ကို
ပြန်မဆုတ်နိုင်တော့ချေ။
အောက်ရှိ လူများ ပါးစပ်များမှာ အနည်းငယ်ဟနေကြပြီး
အော်သံများ ထွက်လာမတတ် ဖြစ်နေပြီပင်။ ထိုအရေးကြီးသည့်အချိန်၌ ပြတင်းပေါက်ဘက်မှ လျင်မြန်ကာ
တိကျသည့် လက်တစ်စုံထွက်လာကာ ကြောင်အား ဖမ်းလိုက်၏။
“မြောင် မြောင် မြောင်”
ကြောင်လေးက ထိတ်လန့်နေပြီး ခြေသည်းများကို ဝှေ့ယမ်းကာ
ပြင်းထန်စွာ ရုန်းကန်နေလေသည်။ ဝေ့ရှင်း၏ နှလုံးခုန်နှုန်းမှာ မြန်နေပြီး သူ၏ လက်ဖဝါးများမှာ
ချွေးစိုနေသော်ငြား သူက မည်သည်ကိုမှ ဂရုမစိုက်ပေ။
သူ့လက်ချောင်းထိပ်လေးများနှင့် ကြောင်၏ ဂုတ်လေးအား
နှိပ်ပေးကာ စိတ်သက်သာရာ ရစေ၏။ ခြေလေးချောင်းလုံး မြေပေါ်သို့ ပြန်ရောက်သွားသောကြောင့်
ကြောက်ရွံ့နေသည့် ကြောင်လေးမှာ ပြန်လည်စိတ်တည်ငြိမ်သွားခြင်း ဖြစ်နိုင်သည်။ ကြောင်လေးမှာ
သူ့အရှေ့က လူငယ်လေးထံမှ စိတ်သက်သာရာရစေသည့် ရနံ့တစ်မျိုးအားရသဖြင့် လူငယ်လေး၏ မေးစေ့အား
ညင်သာစွာ လျက်လိုက်လေသည်။ ကြောင်လေးကို ကယ်တင်လိုက်နိုင်ပြီပင်။ အံ့ဩနေသည့် လူအုပ်ကြီးမှာ
သောင်းသောင်းဖြဖြပင် အားပေးကြလေသည်။
“ဟွမ်ဟွမ် ဟွမ်ဟွမ် ငါ့ရဲ့ဟွမ်ဟွမ်လေး”
(စာရေးသူမှတ်စု- ဟွမ်ဟွမ်ဆိုတာက ကြောင်လေးရဲ့နာမည်ပါ)
ကြောင်ပိုင်ရှင်မှာ ယခုမှ ပြန်သတိဝင်လာခဲ့သည်။ ကြောင်လေးကို
ကယ်တင်လိုက်နိုင်သည်ကို တွေ့လိုက်ရသောအခါ သူက ပျော်လွန်းသောကြောင့် ငိုမတတ်ဖြစ်သွားပြီး
ကြောင်လေးအား ဖက်ရန် အမြန်ပြေးသွား၏။ သို့ပေမဲ့ ကြောင်လေး၏ လက်ချောင်းလေးများ ရွေ့သွားချိန်တွင်
ကုတ်ခြစ်ရာများမှာ ချက်ချင်း ပေါ်လာခဲ့သည်။
“ဟူး”
အနားမှာရှိသည့် လူများအားလုံး အသက်ပြင်းပြင်း ရှူသွင်းမိလိုက်ကြ၏။
ဝေ့ရှင်း၌ ဖြူဖျော့သည့် အသားအရည် ရှိသည်။ တစ်နှစ်ပတ်လုံး
နေရောင်မထိဘဲ အိမ်တွင်းအောင်းကာ အလုပ်လုပ်ခဲ့သဖြင့် သူ၏အသားအရည်မှာ ပို၍ပင် ချောမွတ်၍
ဖြူဖွေးနေသည့် ပုံပေါက်နေ၏။ ထိုကဲ့သို့ အသားအရေမျိုးက ယခုတွင် သွေးထွက်နေသည့် ဒါဏ်ရာများနှင့်
ပြည့်နေပြီး ကြောက်စရာကောင်းကာ စိုးရိမ်ဖွယ် ဖြစ်နေလေသည်။ အမှန်တကယ်မှာလည်း အတော်လေး
ဆိုးရွားလေသည်။ ကြောက်ရွံ့နေသည့် ကြောင်လေးမှာ ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် အနည်းဆုံး
ကုတ်ခြစ်ရာဒါဇင်နှင့်ချီ ချန်ထားခဲ့သည်ပင်။
ကြောင်ပိုင်ရှင်မှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး
အမြန်ပင်ပြောလိုက်လေသည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော် ဆေးရုံကို လိုက်ပို့ပေးပါရစေ”
ဝေ့ရှင်းက ပြန်ပြောလိုက်၏။
“ရပါတယ်၊ ကျွန်တော် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပါတယ်”
အကိုက်မခံရလျှင်တောင်မှ အနည်းဆုံး ခြောက်လအထိ အာနိသင်
သက်ရောက်နေမည့် ခွေးရူးပြန်ကာကွယ်ဆေးအား ထိုးရနိုင်ကြောင်း သူရှာဖွေခဲ့ဖူး၏။ အနက်ရောင်
အမွှေးလုံးလေးအား သူမွေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည့် နေ့၍ သူသွားထိုးခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ ကြောင်ပိုင်ရှင်က ငြင်းဆိုကာ ဝေ့ရှင်းအား သူ၏ ဒါဏ်ရာများကို ကုသဖို့ တိုက်တွန်းနေသည်။
“မင်းအများကြီး အကုတ်ခံလိုက်ရတာကို အနည်းဆုံးတော့
ရပ်ကွက်ဝင်ပေါက်နားက ဆေးခန်းကိုသွားပြီး ကုသင့်တယ်”
သူတို့ အောက်ထပ်သို့ဆင်းနေချိန်တွင်
သူ့အား တစ်စုံတစ်ဦးက ချောင်းကြည့်နေသည်ကို ဝေ့ရှင်းမှ သတိပြုမိခဲ့သည်။ သူနောက်လှည့်လိုက်ချိန်တွင်
သစ်ပင်ထိပ်၌ ရင်းနှီးနေသည့် ကြောင်ပုံသဏ္ဍာန်တစ်ခုအား တွေ့လိုက်ရလေသည်။
အနက်ရောင်အမွှေးလုံးလေးက မြင့်သည့်နေရာ၌ ရပ်ရသည်ကို
သဘောကျကာ မာနထောင်လွှားစွာ ငုံ့ကြည့်လေ့ရှိပြီး မေးကိုမော့ကာ အေးစက်ပြီး ဂုဏ်ယူနေသည့်ပုံ
ဖြစ်နေတတ်သည်။ သို့ပေမဲ့ ယခုတစ်ခေါက်တွင်တော့ ဝေ့ရှင်းကို ကြည့်နေသည့် သူ၏မျက်လုံးများမှာ
မကျဥ်းမြောင်းနေတော့ပဲ ရွှေပယင်းရောင်ကဲ့သို့ ဖြစ်နေကာ အနည်းငယ် နူးညံ့နေ၏။
အခြားကြောင်များနှင့် ယှဥ်မည်ဆိုရင် သူ့အား ကြည့်နေသည့်
ကြောင်မှာ သူ့အပြုအမူအရ လမ်းဘေးကြောင်နှင့် မတူနေပေ။ ယခင်တစ်ခေါက်က သူ၏ဖိတ်ခေါ်ချက်အား
ငြင်းပြီးချိန်မှစ၍ အနက်ရောင်အမွှေးလုံးလေးမှာ သူ့အား ရှောင်နေခဲ့ခြင်းပင်။ ဝေ့ရှင်းမှ
သူ့ကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။
သူအနားကပ်သွားချင်ပါသော်ငြား အနက်ရောင် အမွှေးလုံးလေးက
ဥယျာဥ်ထဲသို့ ခုန်ဝင်သွားပြီး လျင်မြန်သည့် ခြေလှမ်းများနှင့် ပျောက်ကွယ်သွားခဲ့လေသည်။
ကောင်းကင်ပေါ်၌ တိမ်မဲများ ဖုံးလွှမ်းလာကာ မိုးကြိုးပစ်သံများပင် ကြားနေရ၏။ ဤည၌ မိုးရွာလောက်မည်ပင်။