Ch 2
Viewers 86

၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး


အပိုင်း ၂




ဤလမ်းကြားလေးသည် ကျဉ်းမြောင်းလှသဖြင့် အဝင်အထွက် ပြုလုပ်ရသည်မှာ မလွယ်ကူပေ။ ရွှီမုန့် လမ်းကြားအဝင်ဝသို့ ရောက်ရှိသွားချိန်တွင် တစ်စုံတစ်ဦး၏ စကားပြောသံကို ကြားလိုက်ရပြီး ထို့နောက်တွင်မူ သူမ အလွန်ရင်းနှီးလှသော ဖုန့်ယန်ဝမ်၏ ကိုယ်ဟန်အမူအရာသည် သူမရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့တော့သည်။



သူမသည် အရောင်လွင့်နေသော ဂါဝန်ဖြူလေးကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကျစ်ဆံမြီးရှည် နှစ်ချောင်းကို ချထားဆဲ ဖြစ်သည်။ သူမ၏ အသားအရေမှာ ဖြူဖွေးကာ အရပ်အမောင်း မြင့်မားသွယ်လျသည်။ ငယ်စဉ်က ဖုန့်ယန်ဝမ်သည်လည်း အလှပဂေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။



ဖုန့်ယန်ဝမ်သည် သူမ၏ မွေးစားမိခင် ဖြစ်သော်လည်း  မိခင်ရင်းများထက်ပင် ပို၍ ဂရုစိုက်ကြင်နာခဲ့သူ ဖြစ်သည်။ ဤမိခင်သည် ယခုအခါ အသက် သုံးဆယ်ကျော်သာ ရှိသေးသဖြင့် သူမနှင့် သက်တူရွယ်တူ အမျိုးသမီးများထက် ပို၍ နုပျိုနေဆဲ ဖြစ်သည်။



ဤသည်မှာ ရွှီမုန့်၏ အမှတ်တရထဲက မိခင်အစစ်အမှန်ပင် ဖြစ်သည်၊ ထိုခဏ၌ပင် သူမ၏ မျက်ဝန်းများ နီမြန်းလာခဲ့ရတော့သည်။



ယခင်ဘဝတုန်းက ဖုန့်ယန်ဝမ်၏ ဘဝသည် အသက် သုံးဆယ်ခုနစ်နှစ် အရွယ်တွင် ဆုံးခန်းတိုင်ခဲ့ရသည်။



ရွှီမုန့်သည် သူမရှေ့ရှိ အမျိုးသမီးကို မက်မောစွာဖြင့် စိုက်ကြည့်နေမိပြီး လက်ရှိ ပုံစံကို နှလုံးသားထဲတွင် အမြဲစွဲထင်နေအောင် မှတ်သားထားမိသည်။ ယခင်ဘဝတုန်းက မိသားစုတွင် မမျှော်လင့်ဘဲ ကပ်ဆိုးကြီး ဆိုက်ရောက်ခဲ့ရစဉ် သူမ၏ မိခင်ဖြစ်သူက မည်သည့် သတိပေးချက်မျှမရှိဘဲ ရုတ်တရက် ကွယ်လွန်သွားခဲ့ရစဉ်က ခံစားခဲ့ရသော ရင်ကွဲမတတ် ဝမ်းနည်းမှုများသည် ဒီရေကဲ့သို့ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။



ထိုအဖြစ်အပျက် ပြီးနောက်တွင်မူ သူမသည်လည်း ထိုအပင်အိုကြီးကဲ့သို့ ဖြစ်ခဲ့ရသည်၊ မိမိကိုယ်ကိုယ် မည်မျှပင် ကယ်တင်ရန် ကြိုးစားခဲ့ပါသော်လည်း အဆုံးသတ်တွင် ခြောက်သွေ့ကျရှုံးခဲ့ရသည်။



သို့သော် ယခုအခါ သူမ ပြန်ရောက်လာခဲ့ပြီ ဖြစ်ပြီး သူမ၏ မိခင်သည်လည်း သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။



သူမ မလှုပ်ရှားရသေးမီမှာပင် ဖုန့်ယန်ဝမ်က ခေါင်းလှည့်ကြည့်လိုက်ရာ ရွှီမုန့်ကို လှမ်းမြင်သွားခဲ့သည်။



ရွှီမုန့်၏ မျက်ရည်များမှာ ထပ်မံ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ ၎င်းတို့သည် စမ်းချောင်းတစ်ခုကဲ့သို့ အဆက်မပြတ် စီးကျလာတော့သည်။



တစ်ကြိမ်တစ်ခါမျှ မခံစားဖူးလောက်အောင်ပင် ပြန်လည်မွေးဖွားလာရခြင်းသည် မည်မျှအထိ ကောင်းမွန်လှသည်ကို သူမ နှလုံးသားထဲမှ ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။



ဖုန့်ယန်ဝမ်သည် သူမ၏ လက်ထဲသို့ ဖရဲသီးတစ်လုံး အတင်းအဓမ္မ ထည့်ပေးခြင်း ခံလိုက်ရသည်။ ထိုသို့ ပေးခဲ့သောသူမှာ မျက်တောင်တစ်မှိတ်အတွင်းမှာပင် လှည့်ထွက်သွားခဲ့သည်။



သူမသည် ထိုဖရဲသီးကြီးကို ပွေ့ပိုက်လျက် လိုက်မမီတော့သဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်ရင်း တစ်ဖက်ကလည်း ရယ်ချင်စိတ် ဖြစ်နေမိတော့သည်။



သူမသည် ငယ်စဉ်က အင်္ဂလိပ်စာဆရာမအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး အမြဲတမ်း လူချစ်လူခင် ပေါများခဲ့သူ ဖြစ်သည်။



သို့သော် သူမ၏ သမီးဖြစ်သူကို မြင်လိုက်ရသည့် ခဏတွင်မူ ဖုန့်ယန်ဝမ်သည် ဖရဲသီးကို ယူဆောင်၍ လျှောက်လာခဲ့သည်။



ဒီရက်ပိုင်း ရာသီဥတုက အလွန်ပူပြင်းလှပြီး ရွှီမုန့်သည်လည်း စိတ်အခြေအနေ သိပ်မကောင်းဖြစ်နေခဲ့ရာ ဤဖရဲသီးလေးသည် သမီးဖြစ်သူအား အမောပြေ အချိုကျွေးရန်အတွက် အချိန်ကိုက်ပင် ဖြစ်တော့သည်။



ရွှီမုန့် မျက်ရည်ကျနေသည်ကို မြင်သောအခါ ဖုန့်ယန်ဝမ်သည် အနားသို့ လျှောက်လာပြီး ဖရဲသီးကို မြေကြီးပေါ်သို့ ချကာ သမီးဖြစ်သူ၏ နဖူးပြင်ပေါ်မှ ဆံစလေးများကို သာသာယာယာ သပ်တင်ပေးလိုက်သည်။ "စကားများရုံလေးတင်ဟာကို ဘာလို့ ငိုနေရတာလဲသမီးရဲ့။ ဒီဖရဲသီးကြီးက အမေ့အတွက် သယ်ရတာ အရမ်းလေးလွန်းလို့ အမေ့ကို ဝိုင်းမပေးပါဦး၊ ဟုတ်ပြီလား။"



ဖရဲသီးကို နိုင်လွန်ကွန်ရက်အိတ်ဖြင့် ထုပ်ပိုးထားပြီး နိုင်လွန်ကြိုးက ဖုန့်ယန်ဝမ်၏ လက်ဖဝါးပေါ်တွင် နီရဲသော အမှတ်အသားတစ်ခု ထင်ကျန်စေခဲ့သည်။



ထိုအခါမှသာ ရွှီမုန့်သည် သူမအနေဖြင့် အထက်တန်း ဒုတိယနှစ်၏ နွေရာသီကာလသို့ ပြန်လည်ရောက်ရှိနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။



လွန်ခဲ့သည့် တစ်နှစ်က သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ရွှီတဝေ့သည် တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့သည်။



ထိုကိစ္စနှင့် ပတ်သက်၍ အိမ်တွင် အကြီးအကျယ် စကားများခဲ့ကြဖူးသည်။



ရွှီတဝေ့သည် ဂျူနီယာကောလိပ်တစ်ခုသို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရမူဝါဒအရ ထောက်ပံ့ကြေးပေးသော မေဂျာကို ရွေးချယ်ရန် ငြင်းဆန်ခဲ့သည်။ သူသည် ကျောင်းလခ အလွန်ကြီးမားသော စီးပွားရေးစီမံခန့်ခွဲမှုပညာကိုသာ ဇွတ်အတင်း တက်ရောက်ချင်ခဲ့သည်။ ထို့အပြင် အခြားသော နေထိုင်စရိတ် အထွေထွေ ပေါင်းလိုက်သောအခါ ငွေပမာဏမှာ အလွန်ပင် များပြားလှသည်။ ထို့ကြောင့် မြေးဖြစ်သူ၏ ပညာရေးကို ထောက်ပံ့နိုင်ရန်အတွက် အဘွားဖြစ်သူ အဘွားအိုရွှယ်က ရွှီမုန့်အား ကျောင်းထုတ်ပြီး အလုပ်ထွက်လုပ်ရန် အတင်းအဓမ္မ ဖိအားပေးချင်ခဲ့ခြင်း ဖြစ်သည်။



သူမက မွေးစားသမီး သက်သက်ပဲလေ။ အထက်တန်းကျောင်းပြီးအောင် တက်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့အထိ အိပ်မက်မက်ရဲသေးတယ်လား။ ရယ်စရာကောင်းလိုက်တာ။



မမျှော်လင့်ဘဲ... ပုံမှန်ဆိုလျှင် အမြဲတမ်း ကြောက်တတ်လှသော ဖုန့်ယန်၀မ်သည် ထိုစဉ်က မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။ သူမသည် ရွှီမုန့်အား အထက်တန်းကျောင်း ပြီးဆုံးသည်အထိ တက်ရောက်စေရန် ဇွတ်အတင်း တောင်းဆိုပေးခဲ့သည်။



အိမ်တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုကာလအတွင်းမှာပင် ဖုန့်ယန်ဝမ်သည် ချော်လဲရာမှ ပြန်လည်နိုးထမလာတော့ဘဲ ကွယ်လွန်ခဲ့ရရှာသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုစဉ်က ရွှီမိသားစုသည် သူတို့၏ တင်းမာမှုကို လျှော့ချပေးခဲ့ပြီး ရွှီမုန့်အား ပညာဆက်သင်ကြားခွင့် ပြုခဲ့ကြခြင်း ဖြစ်သည်။ သူမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကျပြီးနောက်တွင်မူ ရွှီမိသားစုသည် တစ်စုံတစ်ဦးထံမှ ကန်တော့ပွဲ အမြောက်အမြားကို လက်ခံခဲ့ပြီး သူမအား အခြားပြည်နယ်တစ်ခုမှ ခြေမသန်သည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့ကြသဖြင့် ရွှီမုန့်သည် အိမ်မှ တိတ်တဆိတ် ထွက်ပြေးခဲ့ရတော့သည်။



သူမ၏ သန်းခေါင်စာရင်းမှာ မိသားစုထံတွင် ရှိနေဆဲ ဖြစ်သည်။ သူမ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မည်သည့် မှတ်ပုံတင်၊ အလုပ်အကိုင်နှင့် နေထိုင်ခွင့် အဆင့်အတန်းမျှ မရှိသောသူ ဖြစ်သွားခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် အတန်းဖော်ဟောင်း ချန်ရှီးထံမှ အကူအညီတောင်းခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။



 အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် တောင်ပိုင်းဒေသသို့ ရောက်ရှိသွားခဲ့ပြီး နှစ်အနည်းငယ်ကြာမှသာ ဘဝကို အခြေချနိုင်ခဲ့သည်။ 



ထိုစဉ်တုန်းက သူမ တွေးခဲ့မိသည်မှာ အကယ်၍ သူမအား နောက်ထပ် အခွင့်အရေးတစ်ခုသာ ပေးခဲ့မည်ဆိုလျှင် ဖုန့်ယန်၀မ်ကိုပါ ခေါ်ဆောင်ပြီး အတူတူ ထွက်ခွာသွားမည် ဟူ၍ ဖြစ်သည်။ အခြေအနေများ မည်မျှပင် ခက်ခဲပါစေဦးတော့... သူမသည် တောင်ပိုင်းတွင် ခြေကုပ်ယူနိုင်ခဲ့သည် မဟုတ်ပါလား။



အကယ်၍ နောက်ထပ် အခွင့်အရေးတစ်ခု ရရှိခဲ့မည်ဆိုလျှင် သူမသည် ပိုကောင်းမွန်သော ဘဝတစ်ခုကို ဖြတ်သန်းသွားမည် ဖြစ်သည်။



ဖုန့်ယန်ဝမ်သည် အလွန်ကောင်းမွန်သော မိခင်တစ်ဦး ဖြစ်ခဲ့သည်။ သူမသည် ရွှီမုန့်အား ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထား ပျိုးထောင်ခဲ့သည်။ သူမကိုယ်တိုင်၏ ဘဝမှာ အခက်အခဲများနှင့် ပြည့်နှက်နေသော်လည်း ရွှီမုန့်အား ဤကမ္ဘာမြေကြီးကို ချစ်မြတ်နိုးစေချင်ခဲ့ရှာသည်။



အဘွားအိုရွှယ်၏ ထက်မြက်လှသော နှုတ်လျှာနှင့် မွေးစားဖခင် ရွှီကျဲဖန့်၏ လက်သီးများသည် ဖုန့်ယန်၀မ်အပေါ် တစ်ခါမျှ ကြင်နာမှု အရိပ်အယောင်ပင် မပြသခဲ့ဖူးပေ။



ဖုန့်ယန်ဝမ်သည် ယခင်က ဆရာမတစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အချို့သော အဖြစ်အပျက်များကြောင့် အလုပ်ပြုတ်ခဲ့ရသည်။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့လျှင် ရွှီမိသားစုသည် သူမအပေါ် ဤမျှအထိ ရဲရဲဝံ့ဝံ့ နှိပ်စက်ညှင်းပန်းရဲကြလိမ့်မည် မဟုတ်ပေ။



ဤအကြောင်းကို တွေးမိရင်း ရွှီမုန့်သည် စိတ်ထဲမှ အစီအစဉ်တစ်ခု စတင်ချမှတ်လိုက်တော့သည်၊ သူမသည် မိခင်ဖြစ်သူကို ခေါ်ဆောင်၍ ဤနေရာမှ ထွက်ခွာသွားတော့မည်။



မြန်မြန် ထွက်သွားနိုင်လေ ပိုကောင်းလေပဲ။



သူတို့နှစ်ဦးသည် ဖရဲသီးကို အတူတူ သယ်ဆောင်၍ အိမ်သို့ ပြန်လာခဲ့ကြရာ အိမ်တံခါးဝသို့ မဝင်ရသေးမီမှာပင် အဘွားအိုရွှယ်နှင့် ထိပ်တိုက် တိုးမိကြတော့သည်။



အဘွားအိုရွှယ်သည် ဖရဲသီးကြီးကို မြင်လိုက်ရသည့် ခဏ၌ပင် ဖုန့်ယန်ဝမ်သည် ပိုက်ဆံဖြုန်း၍ ဝယ်လာသည်ဟု ထင်မှတ်ကာ ဒေါသများ ချက်ချင်း ထွက်လာတော့သည်။ သူမသည် စကားတစ်ခွန်းပြောတိုင်း ဆဲဆိုစကားများ ထည့်သွင်းလျက် အော်ဟစ်တော့သည်။



 "အရှက်မရှိတဲ့ မိန်းမက မွေးထားတဲ့ ကောင်မလေး၊ နင်တို့ သားအမိနှစ်ယောက်လုံးက ပိုက်ဆံဖြုန်းဖို့ပဲ သိတယ်။ တစ်ယွမ်လောက်တောင် မရှာနိုင်ဘဲနဲ့ ဖရဲသီး စားချင်နေသေးတယ်လား။ နင်တို့က စားဖို့ ထိုက်တန်လို့လား။ ငါတို့ဆီမှာ ကပ်စားလာတာ နှစ်တွေ အကြာကြီးရှိပြီ၊ ဒီမိသားစုအကြောင်း တစ်ခါမှ မတွေးဖူးဘူး။ နင်က ငါ့မြေး တဝေ့လိုမျိုး တက္ကသိုလ်ကောင်းကောင်း တက်ရမယ်ဆိုရင် ငါ့အခေါင်းဖိုး ပိုက်ဆံကို ထုတ်ပေးရမယ်ဆိုရင်တောင် ငါက ထောက်ပံ့ပေးမှာ။"



"ဒါပေမယ့် နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ စာမေးပွဲအမှတ်တွေကလည်း စုတ်ပြတ်နေပြီး ကျောင်းကိုတော့ တွယ်ကပ်နေချင်သေးတယ်။ မိသားစုရဲ့ ရိက္ခာကို ဖြုန်းတီးနေရုံတင်မကဘူး၊ ပိုက်ဆံကိုလည်း ဖြုန်းနေသေးတယ်။ အမှိုက်လိုဘဝက မွေးလာပြီးတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့အထိ အိပ်မက်မက်ရဲသေးတယ်လား။ နင်တို့လို စုတ်ပြတ်သတ်တဲ့ ဘဝမျိုးက မြန်မြန်သေပြီး မြန်မြန် လူပြန်ဖြစ်ဖို့ပဲ ကောင်းတယ်။"



အမျိုးသမီးတစ်ဦး ပိုက်ဆံသုံးစွဲခြင်းသည် ကြီးမားသော ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။ အဘွားအိုရွှယ်၏ အမြင်တွင်မူ ဖရဲသီးတစ်လုံးသည်ပင် သူမ၏ အသက်ကို နှုတ်ယူသွားသကဲ့သို့ ဒေါသအချောင်းချောင်း ထွက်စေရန် လုံလောက်လှသည်။



လွန်ခဲ့သော ခက်ခဲလှသည့် နှစ်ကာလများအတွင်းက၊ တစ်ခါက မိသားစုတွင် ငွေဆယ်ယွမ်သာ ကျန်ရှိတော့သည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။



ဖုန့်ယန်ဝမ်က ရွှီကျဲဖန့်အား အပြင်သို့သွား၍ ဂျုံမှုန့်ဝယ်ရန် ပြောခဲ့သည်။ ရွှီကျဲဖန့်သည် အပြင်သို့ ထွက်သွားခဲ့သော်လည်း ပြန်လာသည့်အခါတွင်မူ ဂျုံမှုန့်အစား စီးကရက်တစ်ထုပ်ကို ယူဆောင်လာခဲ့သည်။ သူသည် ပြုံးရွှင်စွာဖြင့် သူမအား ပြောခဲ့သည်မှာ… သူသည် ရှားပါးလှသော တချန်းမန် စီးကရက်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့အတွက် နေရာပင် ဦးစားပေး ဖယ်ပေးခဲ့ကြောင်း ပြောပြသည်။



လွန်ခဲ့သော နှစ်အနည်းငယ်က စီးကရက်သည် ခွဲတမ်းစနစ်ဖြင့်သာ ဝယ်ယူရသော ကုန်ပစ္စည်း ဖြစ်သည်။ ရွှီကျဲဖန့်သည် အလွန်ဝမ်းမြောက်လွန်းသဖြင့် ဂျုံမှုန့်ဝယ်ရန် ကိစ္စကို လုံးဝ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။ ဖုန့်ယန်၀မ်မှာမူ ဒေါသအိုးပေါက်ကွဲသွားခဲ့ရသည်၊ ဆေးလိပ်သောက်ခြင်းက ထမင်းစားခြင်းထက် ပို၍ အရေးကြီးနေသလား။



ထိုစဉ်က အဘွားအိုသည် သားဖြစ်သူကို တစ်ခွန်းမျှ ကန့်ကွက်စကား မပြောခဲ့ပေ။ ထို့အပြင် သူမသည် သားဖြစ်သူဘက်မှ ရပ်တည်ပေးခဲ့ပြီး ဖုန့်ယန်ဝမ်အား စိတ်တိုတတ်သည်ဟုပင် အပြစ်တင်ခဲ့သေးသည်။



"ငါက ဘာလို့ ဘာမှမပြောရမှာလဲ။ ဘာလို့ မပြောနိုင်ရမှာလဲ။ နင်တို့ အားလုံးက ဘာမှအသုံးမကျတဲ့ ကျေးဇူးမသိတတ်တဲ့ အမှိုက်တွေချည်းပဲ။ ငါ နင့်ကို ဆယ့်ခုနစ်နှစ်လုံးလုံး ကျွေးမွေးလာတာ အလကားပဲ။ နင် သင်ထားတဲ့ စာတွေ အားလုံးက ခွေးစားကုန်ပြီ။ နင် ဒီလိုမျိုး ကျေးဇူးကန်းမယ့်ကောင်မ ဖြစ်လာမှန်း သိခဲ့ရင် မွေးမွေးချင်းကတည်းက ကျင်ငယ်တွင်းထဲ နှစ်သတ်ပစ်လိုက်ပါတယ်။"



ဤအဘွားအိုသည် ဆဲဆိုခြင်းအတတ်တွင် ဆရာတစ်ဆူ ဖြစ်သည်။ သူမ စတင်ဆဲဆိုပြီဆိုလျှင် တစ်နေ့လုံး အဆက်မပြတ် ဆဲဆိုနေနိုင်စွမ်း ရှိသည်။



ယနေ့နံနက် နံနက်စာစားချိန်အတွင်းကလည်း ကျောင်းတက်မည့် ကိစ္စနှင့် ပတ်သက်၍ နောက်ထပ် စကားများမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ မွေးစားဖခင် ရွှီကျဲဖန့်သည် ဒေါသတကြီးဖြင့် အပြင်သို့ ထွက်သွားခဲ့ပြီး အိမ်ကြီးအား အဘွားအို၏ စစ်တလင်းအဖြစ် ချန်ထားခဲ့သည်။ 



ရွှီမုန့်က အဘွားအို၏ အဆုတ်ပမာဏမှာ အနည်းဆုံး မီလီလီတာ လေးထောင်ခန့် ရှိလိမ့်မည်ဟု သံသယဝင်မိသည်၊ သူမသည် အသက်ရှူမနားဘဲ ဆဲဆိုစကား ငါးထောင်ခန့်ကို တရစပ် အော်ဟစ်နိုင်ပြီး ရေထဲသို့ ပစ်ချလိုက်လျှင်ပင် ဆယ်မိနစ်ခန့် အသက်အောင့်ထားနိုင်လိမ့်မည် ဖြစ်သည်။



ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများ အားလုံးက လှည့်ကြည့်လာကြသည်။



ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူမျှ ကြားထဲက ဝင်ပါရန် အလိုက်တသိ ဆောင်ရွက်ကြလိမ့်မည် မဟုတ်ပေ။



အဘွားအိုက ဤမျှအထိ ပြဿနာရှာနေခြင်းမှာ ထုံးစံအတိုင်း ပိုက်ဆံကိစ္စကြောင့်သာ ဖြစ်သည်။



ရွှီမိသားစုတွင် သားသုံးဦးနှင့် သမီးတစ်ဦး ရှိသည်။ သမီးဖြစ်သူမှာ ငယ်ငယ်ကတည်းက အိမ်ထောင်ကျသွားခဲ့ခြင်းဖြစ်ပြီး အိမ်သို့ ခဏခဏ ပြန်မလာတတ်ပေ။



ရွှီတဝေ့မှာ မြေးအကြီးဆုံး ဖြစ်သည်။



ဒီဘက်ခေတ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦးကို ထောက်ပံ့ရန်မှာ မလွယ်ကူလှပေ။ ရွှီမိသားစု၏ သားကြီးဖြစ်သူ၏ ငွေကြေးများအားလုံး ကုန်ခမ်းသွားခဲ့ရုံတင်မက ဒုတိယနှင့် တတိယမြောက် သားများ၏ မိသားစုများကပါ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးခဲ့ကြရသည်။



 သို့သော်လည်း အဘွားအိုရွှယ်သည် မတင်းတိမ်နိုင်သေးပေ။ သူမသည် ရွှီမုန့်အား စက်ရုံတွင် အလုပ်ဝင်လုပ်စေပြီး သူမ မြေးအကြီးဆုံး၏ နေထိုင်စရိတ်ကို ဝိုင်းဝန်းကျခံစေချင်ခဲ့ခြင်း ဖြစ်သည်။



ထိုအရာကို ဖုန့်ယန်ဝမ်က လုံးဝ ငြင်းဆန်ခဲ့သည်မှာ သဘာဝကျသည်။ ရွှီမုန့်အနေဖြင့် ကျောင်းပြီးရန် တစ်နှစ်သာ လိုတော့သည်။ နောက်ထပ် တစ်နှစ်ခန့် ကြိုးစားပြီးမှ တက္ကသိုလ်ဝင်ခွင့် မရခဲ့လျှင်ပင် အနည်းဆုံးတော့ အထက်တန်းအောင် လက်မှတ် ရရှိမည် မဟုတ်ပါလား။



အကယ်၍ ယခု ကျောင်းထုတ်ပစ်လိုက်မည်ဆိုလျှင် သူမသည် တစ်ဘဝလုံး အလယ်တန်းအောင် အဆင့်မျှသာ ဖြစ်နေတော့မည်။



ဖုန့်ယန်ဝမ်သည် တစ်နေ့လုံး ဆဲဆိုခြင်း ခံခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ရပြီး ယခုအခါ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာတော့သည်။



အဘွားအိုရွှယ်သည် လက်ကိုဆန့်၍ ရွှီမုန့်၏ ဆံပင်ကို ဆွဲဆောင့်ရန် ကြိုးစားသည်။ ဖုန့်ယန်ဝမ်က ဝင်ရောက်တားဆီးခဲ့သော်လည်း အဘွားအိုက တုံ့ပြန်သည့်အနေဖြင့် ဖုန့်ယန်ဝမ်၏ မျက်နှာကို ပြင်းထန်သော ပါးရိုက်ချက်တစ်ချက် ကျွေးလိုက်ရာ လက်သည်းရာများကြောင့် သွေးစို့သော အစင်းကြောင်းများ ထင်ကျန်သွားခဲ့ရသည်။



ဤနေရာတွင်မူ ရွှီမုန့်တစ်ယောက် ထပ်ပြီး သည်းမခံနိုင်တော့ပေ။ သူမသည်လည်း ရှေ့သို့ အရှိန်ပြင်းစွာ လှမ်းဝင်လိုက်တော့သည်။



သူမ၏ ယခင်ဘဝတုန်းက သူမသည် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ခက်ခဲလှသော အခြေအနေပေါင်းစုံကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။ သူမအနေဖြင့် ဤကဲ့သို့သော အုန်းအုန်းထနေသည့် မိန်းမဆိုးတစ်ယောက်ကို ကြောက်နေရမည်လား။



သေချာပေါက်ပင်၊ ရွှီမုန့် လှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ပင် အဘွားအိုကို ချုပ်ကိုင်လိုက်ပြီး ပြင်းထန်သော ပါးရိုက်ချက်တစ်ချက် ပြန်ကျွေးလိုက်တော့သည်။ ထိုရိုက်ချက်က အဘွားအိုရွှယ်အား လုံးဝ ဆွံ့အမှင်တက်သွားစေခဲ့သည်။ သူမသည် အော်ဟစ်ငိုယိုကာ ရဲစခန်းသို့ တိုင်ကြားပြီး ရွှီမုန့်အား ထောင်ချပစ်မည်ဟု ခြိမ်းခြောက်တော့သည်။ မျှော်လင့်ထားသည့်အတိုင်း ဖုန့်ယန်ဝမ်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး အဘွားအိုအား ဒူးထောက်တောင်းပန်ရန်အထိ ဖြစ်သွားခဲ့ရသည်။



"အမေ... သူမကို မတောင်းပန်နဲ့" ရွှီမုန့်သည် ဖုန့်ယန်ဝမ်အား တစ်ချက်တည်းဖြင့် ဆွဲထူလိုက်ပြီး သူမ၏ လေသံမှာ ထက်မြက်ကာ သရော်သံ ပါနေတော့သည်။ "အရှက်မရှိတဲ့ အဘွားကြီး။ အရင်တုန်းက အဘွားတို့ မိသားစုက ကျွန်မ မိဘတွေဆီက အကူအညီတွေ ရယူခဲ့တာ။ အခု ကျွန်မတို့ရဲ့ ရိက္ခာတွေနဲ့ ဝမ်းဝသွားတဲ့အခါကြမှ ပြန်ပြီး ကျွန်မကို ဘာမှတန်ဖိုးမရှိတဲ့သူလို ဆက်ဆံတာလား။ ဒါက ဘယ်လိုတောင် ပုံပျက်ပန်းပျက်နိုင်တဲ့ ဆင်ခြင်ကြီးလဲ။"



ရွှီမုန့်သည် မွေးစားခံခဲ့ရခြင်းဖြစ်ပြီး အမှိုက်ပစ်သကဲ့သို့ စွန့်ပစ်ခံထားရသော မိဘမဲ့ကလေးတစ်ဦး မဟုတ်ပေ။



သူမ၏ မိဘအရင်းများသည် ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းက ပညာတတ်များအဖြစ် သတ်မှတ်ခြင်းခံရကာ ကျေးလက်ဒေသသို့ ပြန်လည်ပညာပေးရန် စေလွှတ်ခြင်း ခံခဲ့ရသည်။ မထွက်ခွာမီတွင် သူတို့သည် ရင်ခွင်ပိုက် သမီးငယ်လေး ဒုက္ခရောက်မည်ကို မလိုလားသဖြင့် မြို့တော်တွင် နေထိုင်ဆဲဖြစ်သော ဆွေမျိုးများထံ၌ အပ်နှံခဲ့ကြခြင်း ဖြစ်သည်။



ထိုစဉ်က လူတိုင်းသည် ရှင်သန်ရေးအတွက် ရုန်းကန်နေရချိန် ဖြစ်သည်။ ရွှီမိသားစုတွင် အလုပ်အကိုင်မရှိ၊ စားစရာမရှိသော အရွယ်ရောက်ပြီးသား သားသုံးဦး ရှိနေခဲ့သည်။ မိသားစုတစ်ခုလုံး ငတ်ပြတ်လုနီးပါး ဖြစ်နေခဲ့သည်။ အကယ်၍ သူမ၏ မိဘအရင်းများ မထွက်ခွာမီ ချန်ထားရစ်ခဲ့သော ကောက်ပဲသီးနှံကူပွန် ကျင်းငါးရာ၊ ငွေသား နှစ်ရာယွမ်နှင့် ရှားပါးလှသော ရောင်စုံတီဗီတစ်လုံးသာ မရှိခဲ့လျှင် ရွှီမိသားစုသည် ထိုဆောင်းရာသီကို ဖြတ်ကျော်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ ရွှီမိသားစု၏ သားကြီးသည်လည်း အလုပ်ရရှိခဲ့လိမ့်မည် မဟုတ်ပေ။



ရွှီမုန့် မှတ်မိသမျှ ကာလပတ်လုံး သူမသည် ဆွေမျိုးများထံတွင် ခေတ္တမှီခိုနေထိုင်ရခြင်းဖြစ်ကြောင်း သိထားသည်။ သူမသည် တတ်နိုင်သမျှ အလုပ်များကို ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့သည်၊ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူမသည် အိမ်၏ လုပ်အားရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး အိမ်မှုကိစ္စများ၏ ထက်ဝက်နီးပါးကို တာဝန်ယူခဲ့ရသည်။



ထိုစဉ်တုန်းက ရွှီမိသားစုက သူမအား လက်ခံခဲ့ခြင်းမှာ အမှန်တကယ်တော့ ဖုန့်ယန်ဝမ်တွင် သားသမီးမရှိသဖြင့် အတင်းအဓမ္မ လက်ခံခိုင်းခဲ့သောကြောင့် ဖြစ်သည်။



အစပိုင်းတွင် ဖုန့်ယန်ဝမ်သည် သွေးသားမတော်စပ်သော ကလေးတစ်ဦးကို မွေးစားရန် မလိုလားခဲ့သော်လည်း သူမ၏ ရင်ခွင်ထဲရှိ အသက်ငင်လုနီးပါး ဖြစ်နေသော အားနည်းလှသည့် ကလေးငယ်လေးက ငြိမ်သက်အေးဆေးစွာဖြင့် သူမ၏ လက်ချောင်းလေးများကို စို့နေသည်ကို မြင်ရသောအခါ သူမ၏ နှလုံးသားသည် စတင်နူးညံ့ပျော့ပြောင်းသွားခဲ့ရရှာသည်။



အစောပိုင်းတွင် ရွှီမိသားစုသည် သူမအပေါ် အတော်အတန် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတို့၏ စိတ်နှလုံးသည် ပြောင်းလဲသွားခဲ့ရသည်။



သူမ၏ မိဘများထံမှ မျှော်လင့်ထားသည့် ကြီးမားသော ပြန်လည်ပေးဆပ်မှုများ ရောက်ရှိမလာသည့် အခါတွင်မူ ထိုအစောပိုင်းက ကြင်နာမှုများသည် အထင်အမြင်သေးမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။



ဖုန့်ယန်ဝမ် တစ်ဦးတည်းသာလျှင် မူလစိတ်ထားအတိုင်း တည်ရှိနေခဲ့ပြီး ရွှီမုန့်အား သူမ၏ သမီးအရင်းကဲ့သို့ တစိုက်မတ်မတ် ဆက်ဆံပေးခဲ့ခြင်း ဖြစ်သည်။