Chapter - 4
Viewers 45

အခန်း (၄)


သာ့ဟူလူသည် စိတ်မရှည်သူဖြစ်သောကြောင့် သူ့ဝမ်းကွဲနှစ်ဦးကို လုရှန်းသို့ အတူတကွ ခေါ်ဆောင်သွားရန် သဘောတူခဲ့ရသည်။


ယခုတစ်ကြိမ်တွင် သူသည် သူ၏ဝမ်းကွဲများကို လမ်းပြပေးရန်အတွက် ခေါ်သွားမည်ဖြစ်သည်။ လမ်းပြပေးပြီးနောက်မှသာ သူ့အဖော်အား ထိုနေရာသို့ ခေါ်သွားမည်ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။


ပိုင်ဝူသည် သူ သွားခွင့်ရပါက ဟာ့ဟူလူ၏အကြောင်းပြချက်များက မည်သို့ပင်ဖြစ်စေ သူ ဂရုစိုက်မည်မဟုတ်ပေ။


နောက်နေ့မနက်စောစောတွင် သာ့ဟူလူက သူတို့ကို လာရှာခဲ့သည်။

သူတို့အိမ်တွင် မနက်စာအတွက် အစိမ်းရောင်အမြစ်ခေါက်ဆွဲတစ်ပန်းကန်လုံးကို အတင်းယူစားပြီးနောက် သူသည် ပိုင်ဝူတို့ညီအစ်ကိုနှစ်ယောက်ကို လုရှန်းဆီသို့ အတူတကွ ခေါ်သွားခဲ့သည်။


လုရှန်းသည် အနောက်တောင်ဘက်တွင် ရှိပြီး သူတို့၏မျိုးနွယ်စုနှင့် အလွန်ဝေးသော်လည်း မျိုးနွယ်စု၏နယ်ပယ်ပြင်ပတွင်မဟုတ်ပေ။ အနီးအနားတွင်လည်း အမဲလိုက်နေကြသောသားရဲလူသားများရှိကြသောကြောင့် ဘေးကင်းလုံခြုံမှုကို အတိုင်းအတာတစ်ခုအထိ အာမခံနိုင်သည်။


အစ်ကိုသုံးယောက်သည် မျိုးနွယ်စုမှ စတင်ထွက်ခွာကြပြီး သာ့ဟူလူ၏ ဦးဆောင်မှုဖြင့် အနောက်တောင်ဘက်သို့ ပျံသန်းခဲ့ကြသည်။


မျိုးနွယ်စုမှ ပျံသန်းထွက်ခွာပြီး မကြာမီတွင် ပိုင်ဝူသည် အောက်တွင်ရှိသောမနိမ့်မမြင့်ဖြစ်နေသောမရင်းနှီးသည့်တောင်ကုန်းများကို ကြည့်လိုက်သည်။ အတောင်ပံဘေးရှိ စိုစွတ်သောနှင်းဖြူရောင်တိမ်တိုက်များကို ဖြတ်သန်းပြီးနောက် သူ၏တစ်ကိုယ်လုံးသည် လန်းဆန်းသွားခဲ့သည်။ "ကျစ်" ဟူသောအသံပြု၍ မြူခိုးများဖြင့်ပြည့်နေသောတိမ်တိုက်များထဲတွင် အတောင်ဖြန့်ကာ ပျံသန်းသွားခဲ့ကြသည်။


ခီရှစ်သည် သတိပေးသည့်အနေဖြင့် အကြိမ်အနည်းငယ်အသံပြု၍ သူ၏စွမ်းအင်များကို မဖြုန်းတီးရန် ပြောသည်။


ပိုင်ဝူသည်ကား အလွန်စိတ်လှုပ်ရှားနေသဖြင့် သီချင်းဆိုခြင်းကို ရပ်လိုက်သော်လည်း ရယ်မောနေဆဲဖြစ်သည်။


သူသည် ဤကဲ့သို့ကောင်းမွန်စွာ မပျံသန်းနိုင်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။


ခီရှစ်သည် ပိုင်ဝူကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ တစ်ဘက်လူအား မရပ်တန့်နိုင်ခဲ့သောငှက်(ခီရှစ်)သည် သူ့မျက်နှာတစ်ခုလုံးတွင် "မင်း သေဖို့သာပြင်ထား" ဟူသောအမူအရာမျိုးရှိနေခဲ့ပြီး သူ့ကို တစ်ချက်ကြည့်ပြီးနောက် အတောင်ပံများခတ်၍ သူ့ဝမ်းကွဲနောက်ကို အမှီလိုက်သွားသည်။


ပိုင်ဝူသည် သူ့အစ်ကို၏အမူအရာကို နားမလည်ဘဲ ပျော်ရွှင်စွာ ပျံသန်းနေလေသည်။


လမ်းတစ်လျှောက်တွင် လှပသောရှုခင်းများက အများအပြားရှိသော်လည်း စိတ်ခံစားမှုကောင်းခြင်းမှာ မများလှပေ။ ပျံသန်းမှု၏ တစ်ဝက်တွင် အဖြူရောင်အတောင်ပံများသည် ဖြည်းဖြည်းချင်း နာကျင်လာသည်။ လေငြိမ်နေသောကြောင့် သူ ပျံသန်းတိုင်း ပြင်းထန်စွာ မောဟိုက်သွားရသည်။ ထိုအချိန်၌ သူ့အစ်ကိုက သူ့အား သက်သောင့်သက်သာပျံသန်းပါဟု အဘယ်ကြောင့် ပြောခဲ့သည်ကို သူ နားလည်သွားခဲ့သည်။


ငှက်ဖြစ်ရတာ မလွယ်ပါလား!


သူ၏အတောင်ပံများကို အကြိမ်ကြိမ် ခတ်နေရသောကြောင့် ပိုင်ဝူ၏ငှက်ကိုယ်လုံးသည် တကယ့်ကို ညှိုးနွမ်းနေပြီး ရှေ့မှ သူ့အစ်ကို ခတ်သွား၍ ဖြစ်ပေါ်လာသောလေစီးကြောင်းကို အခွင့်ကောင်းယူ၍ သေလုမျောပါးဖြစ်နေသောဘဝဖြင့် ဖြည်းဖြည်းချင်း အလိုက်သင့်မျောလိုက်သည်။


ရှေ့မှ ဦးဆောင်၍ပျံသန်းနေသောသာ့ဟူလူသည် ပိုင်ဝူ၏အခြေအနေကို တွေ့သွားသဖြင့် အော်ဟစ်ကာ သူ့အတောင်ပံများကိုချလိုက်ပြီး သူ့ဝမ်းကွဲနှစ်ဦးနှင့်အတူ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။


လူအချို့သည် တောင်ခြေရှိ သစ်တောတစ်ခုတွင် ဆင်းသက်ပြီး ဤနေရာတွင် သူတို့၏အတောင်ပံများကိုအနားယူရန် ရည်ရွယ်ခဲ့ကြသည်။

ပိုင်ဝူသည် လူသားအသွင်သို့ ပြန်ပြောင်းလိုက်ပြီး သူ့အတောင်ပံစကတ်ကို ပြန်ဝတ်ကာ သူ့နောက်ကျောရှိ ခြင်းတောင်းကို ကုလားထိုင်အဖြစ် သုံး၍ ထိုင်လိုက်သည်။ ထို့နောက် သူ၏နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး စိတ်အားထက်သန်မှုမရှိသောအသံဖြင့် မေးလိုက်သည်။ "ဘယ်လောက် ဝေးသေးလဲ၊ ပျံသန်းရတာ အရမ်းခက်ခဲတာပဲ၊ ဟုတ်တယ်မှတ်လား"


သာ့ဟူလူက "နောက်ထပ်တောင်နှစ်လုံးလောက် ပျံပြီးတာနဲ့ မင်း ရောက်သွားလိမ့်မယ်" ဟု ပြောသည်။


ပိုင်ဝူသည် သစ်ပင်တစ်ပင်၏ပင်စည်ကိုမှီထားရာမှ အလန့်တကြား အော်ဟစ်လိုက်သည်။ "တောင်နှစ်လုံး ကျန်သေးတယ်! တောင်တွေကို ဖြတ်ပျံရလို့ သေသွားတဲ့ငှက်တွေ!"


ခီရှစ်သည် သူ့ကျောကို လှမ်းပုတ်လိုက်ပြီး "ထူးဆန်းတဲ့စကားတွေ ထပ်ပြောပြန်ပြီ" ဟု ဆူပူသည်။


သာ့ဟူလူသည် ပိုင်ဝူကို သနားကြင်နာသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ငါ့မှာသာ ချစ်သူမရှိဘူးဆိုရင် မင်းကို ကျောပိုးပြီး ပျံသန်းပေးပါတယ်ကွာ"


များသောအားဖြင့် သားရဲလူသားများသည် သူတို့၏အဖော်များနှင့် ကလေးများကိုသာ ကျောပိုးလေ့ရှိသည်။ ထို့ကြောင့် ယခုအချိန်၌ သူတို့ လုပ်နိုင်သည့်အရာဟူ၍ မရှိပေ။


ပိုင်ဝူသည် နောက်သို့မှီပြီး သက်ပြင်းချလိုက်သည်။ "နောက်ထပ် နည်းနည်းလောက် နားကြရအောင်"


ပိုင်ဝူ လုံလုံလောက်လောက် အနားယူပြီးနောက် ညီအစ်ရိုသုံးယောက်လည်း ထပ်မံပျံသန်းလိုက်ကြသည်။


ပိုင်ဝူသည် ယခင်ကဲ့သို့ ပေါ့ပေါ့ဆဆ မလုပ်ရဲတော့ပေ။ သူသည် သူ့အစ်ကိုကြီးနှစ်ဦး ဖန်တီးသောလေစီးကြောင်းကို ရိုးသားစွာ အခွင့်ကောင်းယူ၍ ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်သည်။


မျိုးနွယ်စုမှ ဝေးရာသို့ရောက်သွားကြချိန်၌ ပိုင်ဝူအောက်တွင် တောင်မည်းများ၊ လွင်ပြင်များအား အဖြူရောင်တိမ်တိုက်များဖြင့် ဝန်းရံထားပြီး အပေါ်ဘက်တွင်မူ အပြာရောင်ကောင်းကင်ကြီး ရှိလေသည်။


ပျံသန်းရသည်မှာ အလွန်ပင်ပန်းသော်လည်း ပိုင်ဝူသည် ပတ်ဝန်းကျင် ရှုခင်းကိုကြည့်လျှက် အလွန်ပျော်ရွှင်နေခဲ့သည်။


နေသည် ကောင်းကင်ပေါ်သို့ ရောက်သွားချိန်၌ သူတို့သည်လည်း လုရှန်းသို့ ရောက်ရှိလာခဲ့ကြသည်။ လုရှန်းသည် တောင်တစ်လုံးဖြင့် ဖွဲ့စည်းထားလေသည်။


အောက်ရှိ တောင်များသည် နိမ့်လိုက်၊ မြင့်လိုက်ဖြင့် ပုံစံအမျိုးမျိုးရှိနေကြပြီး တောင်များသည် တစ်တောင်ထက်တစ်တောင် ပိုမြင့်လေသည်။ အဓိကတောင်ထိပ်တွင် တစ်နှစ်ပတ်လုံး အရည်မပျော်သွားသောနှင်းဖြူများပုံနေလေသည်။


သူတို့သည် ခပ်နိမ့်နိမ့်တောင်ကုန်းများထဲမှ တစ်ခု၏ထိပ်ပေါ်တွင် ဆင်းသက်ပြီး သူတို့၏ခြင်းတောင်းများကိုကျောပိုး၍ တက်ခဲ့ကြသည်။

ဤတောင်ပေါ်တွင် ပေါင်းပင်များစွာမရှိသဖြင့် အောက်တွင် ညှိုးနွမ်းပြီး ဝါနေသောအရွက်များကို မြင်နိုင်သည်။ နင်းလိုက်သောအခါ သစ်ရွက်ခြောက်သံများက အဆက်မပြတ် ထွက်ပေါ်ခဲ့သည်။


သူတို့သည် တောင်စွန်းတစ်လျှောက် လျှောက်သွားကြရာ လမ်းတစ်လျှောက်တွင် မှိုများစွာကို တွေ့မြင်ခဲ့ကြသည်။


ပိုင်ဝူသည် သူ သိသောမှိုများကိုသာ ခူး၍ အစ်ကိုနှစ်ယောက်၏ဘေးတွင်သာ နေခဲ့သည်။ တစ်ခါတစ်ရံ အစ်ကိုနှစ်ဦး၏မြင်းကွင်းမှ ကျန်ခဲ့သောမှိုများကိုတွေ့သည်နှင့် ထိုမှိုများကိုခူး၍ သူ့ကျောပေါ်ရှိ ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။


ဤအချိန်တွင် ပိုင်ဝူသည် ထိုမှိုများကို ဂရုတစိုက်ခွဲခြား၍ ဤမှိုများ၏အသုံးဝင်ပုံများကိုမှတ်သားသည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် ခူးဆွတ်ချိန်တွင် တူရာတူရာစု၍ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။


ဤနေရာတွင် မှိုများနှင့်အစိမ်းရောင်အမြစ်များစွာ ရှိသည်။ သူသည် အားအပြည့်ဖြင့် ကျောက်ပေါက်ချွန်းကိုကိုင်ပြီး အစိမ်းရောင်အမြစ်များကို တစ်ခုပြီးတစ်ခု တူးထုတ်လိုက်သည်။ ထို့ကြောင့် တခဏတာအတွင်း၌ ခြင်းတောင်း၏တစ်ဝက်ခန့်အထိ တူးထုတ်မိသွားသည်။


သူတို့သည် မျိုးနွယ်စုတွင် မကြာခဏစားသုံးသောဂျုံသီးတစ်မျိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဂျုံသည် ချက်ပြုတ်လိုက်လျှင် အလွန်နူးညံ့လေရာ တစ်လုတ်စားပြီးသည်နှင့် မွှေးကြိုင်ပြီး ချိုမြိန်သောအရသာကို ခံစားရသည်။


"ဒီမှာ စားစရာတွေအများကြီးပဲ" ပိုင်ဝူသည် အောက်ခြေမှ အစိမ်းရောင် အမြစ်တစ်ခုကို တူးထုတ်ကာ သူ၏နဖူးဆီမှ ချွေးများကိုသုတ်ပြီး ထိုအမြစ်ကို သူ၏နောက်ကျောဘက်မှ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ "ဒီည ဂျုံနဲ့သစ်သီးတွေကို ချက်စားချင်တယ်၊ ငါ့အဖေ အသားပြန်ယူလာမလားမသိဘူး။ သေချာပေါက်အရသာရှိမှာပဲ"


"အသားမရှိရင်တောင် အသားခြောက်က ရှိတယ်လေ၊ အသားခြောက်ကလဲ အရမ်းအရသာရှိတယ်လို့ မင်း မပြောခဲ့ဘူးလား"


"အရသာရှိတာက အရသာရှိတယ်၊ ဒါပေမဲ့ လတ်ဆတ်တဲ့အသားထက် နည်းနည်းတော့ နိမ့်သေးတယ်"


"ဘာပဲဖြစ်ဖြစ် စားစရာရှိရင်ရပါပြီ၊ သွားကြစို့၊ ဆက်သွား၊ ခြင်းတောင်းကိုဖြည့်ပြီးတာနဲ့ ငါတို့ အိမ်ပြန်ကြမယ်"


ပိုင်ဝူသည် ခေါင်းညိတ်၍ အပေါ်တက်ရန်အတွက် သစ်ပင်တစ်ပင်၏ပင်စည်ကို ဆုပ်ကိုင်လိုက်သည်။


ယခုအချိန်၌ သူတို့သည် တောင်စောင်းပေါ်တွင် ရပ်နေကြကာ အောက်ခြေရှိ သစ်ရွက်ခြောက်များသည် နှင်းများကြောင့် အလွန်ချောမွေ့နေလေသည်။ ပိုင်ဝူသည် အကွေ့တစ်ခုကိုကွေ့လိုက်ချိန်၌ သူ့ခန္ဓာကိုယ်၏ဗဟိုချက်က မှားယွင်းသွားပြီး ခြေထောက်ချော်၍ လဲကျသွားသည်။


ဤမတော်တဆမှုသည် အလွန် ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့်လူတိုင်း တုံ့ပြန်နိုင်ခြင်းမရှိမီပင် ပိုင်ဝူသည် လေးလံသောခြင်းတောင်းကြောင့် ဆွဲချခံရပြီး အောက်ဘက်သို့ တည့်တည့်ပြုတ်ကျသွားသည်။


"အာ!"


ပိုင်ဝူ၏မျက်လုံးများပြူးကျယ်လာပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစား၍ သစ်ပင်၏ပင်စည်ကိုဆွဲကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။


သူသည် အရပ်ရှည်ပြီး ပိန်ပါးသော်လည်း သူ့ကျောပေါ်ရှိ ခြင်းတောင်းသည် ပြည့်နေသဖြင့် အလွန်လေးလံနေလေသည်။ ခြင်းတောင်းက သူ့ကို ဆွဲချသွားချိန်၌ သူ့ခန္ဓာကိုယ်၏ညီမျှမှုကို ရှာမတွေ့နိုင်ခဲ့ပေ။


နောက်ဆုံးတွင်မူ ပိုင်ဝူ၏လက်ပေါ်၌ သစ်ခေါက်များ၏ခြစ်ရာသုံးခုသာ ကျန်ခဲ့ပြီး ခီရှစ်၏အော်ဟစ်သံကြားတွင် သူ၏ကျောပေါ်ရှိ ခြင်းတောင်းနှင့်အတူ ပြုတ်ကျသွားသည်။


ခြင်းတောင်းထဲရှိ အရာအားလုံးပြုတ်ကျသွားပြီး ခြင်းတောင်းသည်လည်း သူ့ကြောင့် ကြေမွသွားသည်။


အရာများသည် ခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။


သူ့နောက်တွင် ရပ်နေသောခီရှစ်သည် သူ့နောက်သို့ ချက်ချင်း လိုက်သွားပြီး သူ့ကိုဆွဲထုတ်ရန်အတွက် လက်လှမ်းသော်လည်း နောက်ကျသွားပြီဖုစ်သည်။


ပိုင်ဝူသည် တစ်ဆယ်မီတာကျော်အထိ လှိမ့်ဆင်းသွားသည်။


သာ့ဟူလူသည် ကမ်းပါးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် ကမ်းပါးသည်ပင် ပြိုကျသွားနိုင်သည်။


ပိုင်ဝူ၏နားများသည် အူနေပြီး မည်သည့်စကားမျှ မကြားရပေ။


သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အောက်ဘက်သို့ လှိမ့်ဆင်းသွားပြီး မြက်ရိုင်းများနှင့်ချုံနွယ်ပိတ်ပေါင်းအများအပြားက သူ့ကို ထိမှန်ခဲ့သဖြင့် သွေးစွန်းရာများအား တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိန်းချုပ်မရသောအရှိန်အောက်တွင် သူသည် လက်နှစ်ဖက်ဖြင့် တစ်ခုခုကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း မြက်များနှင့် ချုံနွယ်များကို ဆုပ်ကိုင်လိုက်ချိန်၌ သူ၏ခန္ဓာကိုယ်ကိုတည်ငြိမ်စေရန် မအောင်မြင်ရုံသာမက သူ့လက်ဖဝါးသည်ပင် ပြတ်ရှသွားသဖြင့် သွေးထွက်လာခဲ့သည်။


ပိုင်ဝူသည် ဤသို့မဖြစ်သင့်ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်ပြီး သူ၏ဦးခေါင်းကိုလက်များဖြင့် အတတ်နိုင်ဆုံးအုပ်ကိုင်ထားကာ ခေါင်းနှင့် ကိုယ်လုံးကိုကာကွယ်ရန် ကွေးလိုက်သည်။


မီတာဒါဇင်များစွာ လှိမ့်ဆင်းသွားပြီးနောက် နောက်ဆုံးတွင် အတော်လေး ‌ပြန့်ပြူးနေသောတောင်စောင်းပေါ်တွင် ရပ်သွားခဲ့သည်။


အိုး မြတ်စွာဘုရား!


သူ ဒီမှာသေရတော့မယ်လို့ ထင်ခဲ့တာ!


ပိုင်ဝူသည် ရုတ်တရက် မလှုပ်ရှားနိုင်တော့သဖြင့် သစ်ပင်များဖြင့် ဖုံးလွှမ်းနေသောလျှိုကြားမှ ထွက်လာသောကောင်းကင်ပြင်ကို စိုက်ကြည့်လျှက် မောဟိုက်နေခဲ့သည်။


ခီရှစ်သည်လည် အောက်ဘက်သို့ အလျင်အမြန် ဆင်းလာခဲ့သည်။ သူသည် သူ့လက်နှစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို အလျင်အမြန် ပွတ်သပ်လိုက်ပြီး ကြောက်လန့်တုန်လှုပ်နေသောအသံဖြင့် အော်၍မေးလိုရ်သည်။ "ဝူ၊ မင်း အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်" ပိုင်ဝူသည် ညီညာပြန့်ပြူနေသောတောင်စောင်းပေါ်တွင် ပက်လက်လှန်၍ လှဲလျောင်းနေလျှက် သူ၏ခန္ဓာကိုယ်သည် အလွန်နာကျင်နေသည်ကို ခံစားနေခဲ့ရသည်။ သူသည် သုံးခါအန်လိုက်သော်လည်း သူ ဤကဲ့သို့အန်ပါက ဒဏ်ရာကိုထိခိုက်ပြီး နောက်ထပ် နာကျင်သွားမည်ကို ကြောက်လန့်နေမိသည်။


ထိုစဉ် သာ့ဟူလူလည်း ရောက်လာခဲ့သည်။ "ဝူ၊ မင်း ဘယ်လိုလဲ၊ ငါ မင်းကို အရင်ပြန်ခေါ်သွားမယ်"


ပိုင်ဝူ အနည်းငယ်မျှ ပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ခြေလက်များကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည်။ ထို့နောက် သွား ၃၂ ချောင်းလုံးပေါ်သည်အထိပြုံး၍ ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ အရေပြား ဒဏ်ရာလေးတွေပါပဲ" 


သာ့ဟူလူသည် ပိုင်ဝူကို သေချာစစ်ဆေးရန်အတွက် အနားသို့ တိုးလာခဲ့သည်။ ပိုင်ဝူ၏အခြေအနေက ကောင်းနေသေးသည်ကိုမြင်တွေ့ရသည်နှင့် သူလည်းမြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်၊ "ငါ သေအောင် ကြောက်သွားတာ၊ မင်း ဒဏ်ရာကြီးကြီးရရင် မင်းအဖေက ငါ့ကို သေအောင်ရိုက်မှာကွ"


ပိုင်ဝူသည် နာကျင်မှုကိုထိန်း၍ အသက်ပြင်းပြင်းရှူးကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ့အဖေသာ မင်းကိုတကယ်ရိုက်ရင် ငါ မင်းအတွက် ဝင်ပြောပေးမယ်" 


ခဏတာမျှ အနားယူပြီးနောက် သူတို့သည် ထပ်မံစစ်ဆေးကြည့်လိုက်ရာ ပိုင်ဝူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရသည့်နေရာ သုံးနေရာရှိသည်ကိုမြင်လိုက်ကြရသည်။ ထိုသုံးနေရာသည် ကျောပြင်၊ ပေါင်နှင့် ခြေသလုံးများပင်ဖြစ်လေသည်။


အထူးသဖြင့် ပေါင်များသည် သစ်ကိုင်းများဖြင့် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ခံရသဖြင့် အပြင်ဘက်အရေပြားကို တိုက်ရိုက်အဖွင့်ခံလိုက်ရလေရာ အတွင်းရှိ ကြွက်သားများကိုပင် မြင်နိုင်ပေသည်။ ဒဏ်ရာအချို့သည်ကား သွေးစများ ထွက်နေခဲ့သည်။


သာ့ဟူလူသည် တစ်ချက်ကြည့်ပြီး ချက်ချင်း ပြောသည်။ "ဒီဒဏ်ရာက အရမ်းနက်တယ်၊ ငါ ဆေးဖက်ဝင်အပင်တချို့ စုဆောင်းဖို့ သွားလိုက်ဦးမယ်၊ မင်းတို့ ဒီမှာခဏလောက် နားနေကြဦး"


"ခဏလေး" ပိုင်ဝူသည် အသက်ပြင်းပြင်းရှူကာ နာကျင်မှုကိုထိန်းထားပြီး မေးလိုက်သည်။ "သွေးနံ့က သားရဲဆိုးတွေကို ဆွဲဆောင်နိုင်လား"


"ဒီအနီးအနားမှာ တောရိုင်းသားရဲတွေ မရှိပါဘူး၊ ငါ ပျံသွားပြီးတာနဲ့ ခဏလေးအတွင်း ပြန်လာပါ့မယ်၊ မကြောက်ပါနဲ့" ဟု သာ့ဟူလူက ပြောသည်။ 


"ခီရှစ်၊ မြက်ရိုးကိုသုံးပြီး ဝူရဲ့ဒဏ်ရာတွေကို အရင်စည်းပေးလိုက်ပါ"


ခီရှစ်သည်လည်း အလွန်စိုးရိမ်ပူပန်နေသဖြင့် "ငါ သိတယ်၊ မင်း မြန်မြန်သွား!" ဟု အသည်းအသန် လောဆော်လိုက်သည်။


သာ့ဟူလူသည် ခေါင်းညိတ်လိုက်ပြီး ကြီးမားသောငှက်ဖြူကြီးအဖြစ် ပြောင်းလဲကာ သူ့ခေါင်းပေါ်ရှိ သစ်ကိုင်းများကိုဖြတ်ကျော်ပြီး ပျံသန်း ထွက်ခွာသွားခဲ့သည်။


ပိုင်ဝူသည် သစ်ရွက်ခြောက်များပေါ်တွင် လဲလျောင်းနေလျှက် ပြန့်ကျဲနေပြီး ကြေမွနေသောမှိုများကိုကြည့်ပြီး ဝမ်းနည်းစွာဖြင့် "ဒီနေ့ ဘာမှမရလိုက်ဘူး" ဟု ပြောလိုက်သည်။


"အစားအစာကို ဂရုစိုက်နေတုန်းလား၊ မင်းကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာတွေက ပိုအရေးကြီးတယ်"


"ဒဏ်ရာရပြီးသားပဲ၊ ဘာပြောပြော အသုံးမဝင်တော့ဘူး" ပိုင်ဝူသည် ခီရှစ်ကို ခပ်ဖွဖွထိုးလိုက်ပြီး "ခီရှစ်၊ မင်း မှိုတွေနဲ့ အစိမ်းရောင်အမြစ်တွေကို သွားကောက်ပေး"


"မသွားဘူး" ခီရှစ်သည် ဒေါသတကြီး ပြောလိုက်သည်။ "ဘာလို့ သွားကောက်ရမှာလဲ၊ အစိမ်းရောင်အမြစ်တွေကြောင့်သာမဟုတ်ရင် ငါတို့ ဒီထူးဆန်းတဲ့တောထဲကို ရောက်လာမှာမဟုတ်ဘူး"


ပိုင်ဝူက အတင်းအကြပ် ပြုံးလိုက်သည်၊ "အားလုံးက ငါ့အမှားပါ၊ ဒါပေမဲ့ ငါက ကြင်နာတတ်ပါတယ်"


ခီရှစ်သည် မျက်လုံးများကိုလှိမ့်လိုက်ပြီး "ဒါက ငါ့အမှားပဲ၊ ငါ မင်းကို မကြိုက်ဘူး" ဟု ပြောလိုက်သည်။


ညီအစ်ကိုနှစ်ဦးသည် ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။


ခီရှစ်သည် အငြိမ်မနေနိုင်သဖြင့် နောက်ဆုံးတွင် ပိုင်ဝူ၏ပြားသွားသော ခြင်းတောင်းကိုပြုပြင်ရန် သွားယူလိုက်သည်။ ပြတ်ထွက်သွားသောနေရာကို ခိုင်ခံ့သောမြက်ရိုးများဖြင့် ယာယီယက်လုပ်လိုက်သည်။


ပိုင်ဝူသည် ခီရှစ်တစ်ယောက် ခြင်းတောင်းအား ပြုပြင်ပြီး အနီးအနားရှိ မှိုများနှင့် အစိမ်းရောင်အမြစ်များကိုကောက်ယူ၍ ပြန်လာသည်ကိုမြင်တွေ့လိုက်ရသည်နှင့် ခေါင်းလှည့်၍ပြုံးလိုက်သည်။


"ခုထိ ရယ်နေနိုင်သေးတယ်ပေါ့" ခီရှစ်သည် ပိုင်ဝူကို စိုက်ကြည့်လိုက်သည်။ "မျိုးနွယ်စုထဲက အရမ်းကဲတဲ့ကလေးတွေတောင် မင်းလောက် မဟုတ်ဘူး"


"နောက်တစ်ခါ ပိုသတိထားပါ့မယ်"


"နောက်တစ်ကြိမ် ထပ်လိုချင်သေးတာလား"


"ဟစ်! ငါ့လက်ချောင်းတွေ အရမ်းနာတာပဲ၊ ငါ့လက်သည်းတွေ ကျိုးသွားတာလား"


ခီရှစ်၏အာရုံစိုက်မှုသည် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။ သူသည် ပိုင်ဝူ၏လက်ကိုလမ်းဆွဲ၍ စစ်ဆေးလိုက်သည်။ "လက်သည်းသုံးချောင်း ကျိုးသွားတယ်၊ ငါတို့ နောက်မှပဲ ဆေးလိမ်းကြတာပေါ့"


ညီအစ်ကိုနှစ်ယောက် စကားပြောနေစဉ်အတွင်း သာ့ဟူလူသည် စိမ်းစိုနေသောမြက်တစ်ဆုပ်နှင့်အတူ ပြန်လာခဲ့သည်။ "ငါ ဆေးဖက်ဝင်အပင်ကို ယူလာခဲ့တယ်၊ နည်းနည်းစပ်တဲ့မြက်ကိုပဲ ရှာတွေ့တယ်၊ အရင်လိမ်းလိုက်ဦး"


ခီရှစ်သည် ခေါင်းညိတ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သို့သော်လည်း ဆေးကိုထောင်းရန်အတွက် အသုံးပြုနိုင်သောကျောက်တုံးကို ရှာမတွေ့သောကြောင့် ဆေးမြက်ကိုယူ၍ သူ့ပါးစပ်ထဲသို့ ထိုးထည့်ရန် ပြင်ဆင်လိုက်သည်။


ပိုင်ဝူသည် ဆေးဖက်ဝင်အပင်များကို လမ်းတစ်ဝက်က ဖြတ်ယူလိုက်သည်။ "ငါ့ဘာသာ လုပ်မယ်!"


သူသည် အခြားသူများ ဝါးထားသောဆေးဖက်ဝင်အပင်များအား ဒဏ်ရာပေါ် လိမ်းရမည်ကို လက်မခံနိုင်ပေ။ သူ့အစ်ကိုကိုယ်တိုင် ဝါးထားသော အပင်များကိုပင် လက်မခံနိုင်ပေ။


အခြားသူများ ကန့်ကွက်မည့်အချိန်ကိုပင်မစောင့်ဘဲ ပိုင်ဝူသည် ဆေးဖက်ဝင်အပင်များကို သူ့ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။ ဝါးပြီးနောက် စပ်ပြီး ခါးသောအရသာသည် သူ့အား ကောင်းကင်ပေါ်သို့ပင် ရောက်သွားစေသည်။


ဤအနံ့သည် အလွန်ရင်းနှီးနေသဖြင့် ပိုင်ဝူ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။


ဒါက....ဘာလို့ ကြက်သွန်နီအရသာနဲ့ တူနေရတာလဲ!


လက်နှစ်ဖက်ဖြင့် ပိုင်ဝူသည် သူ့ပါးစပ်ထဲတွင် လုံးဝမဝါးရသေးသောဆေးမြက်ကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး သူ့မျက်လုံးများရှေ့သို့ယူ၍ ကြည့်လိူက်ရာ ဤဆေးဖက်ဝင်အပင်သည် တကယ့်ကိုပင် ကြက်သွန်နီ၏အရွက်များဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။


အား!!! တောကြက်သွန်နီတွေ!


မထင်မှတ်ဘဲ အခက်အခဲများကိုဖြတ်ကျော်ပြီးနောက် သူလုံးဝရှာမတွေ့နိုင်သောနေရာတွင်ရှိနေသည့်ကြက်သွန်နီများကို တွေ့ရှိလိုက်သည်။ ဤအပင်များကိုရှာဖွေရန်အတွက် ကြိုးစားစရာမလိုလိုက်ပေ။ သူ အချိန်အကြာကြီးရှာဖွေနေခဲ့သောဟင်းခတ်အမွှေးအကြိုင်သည် မမျှော်လင့်ဘဲ ဤနေရာတွင် ပေါ်လာခဲ့သည်။


တရုတ်လူမျိုးများသည် ကြက်သွန်နီအရသာကို အလွန်အမင်းရင်းနှီးကြသူများမဟုတ်ပါလား။


ပိုင်ဝူသည် သူ့လက်ထဲရှိ ကြက်သွန်နီအရွက်များကိုကြည့်ပြီး စိတ်လှုပ်ရှားလွန်း၍ ငိုလုနီးပါးဖြစ်သွားခဲ့ရသည်။


သူသည် ကြက်သွန်နီကို အလွန်ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်။


"ဘာဖြစ်လို့လဲ" ပိုင်ဝူ၏အမူအရာကိုကြည့်၍ ခီရှစ်၏မျက်နှာသည်လည်း ပြောင်းလဲသွားခဲ့သည်။ "ဒီဆေးဖက်ဝင်အပင်မှာ တစ်ခုခု မှားနေတာလား"


သာ့ဟူလူသည် သူ့လက်ထဲရှိ အစပ်အရသာရှိသောဆေးဖက်ဝင်အပင်များကိုကြည့်ရန် ရှေ့သို့လှမ်းလာခဲ့သည်။ သူ့အသံသည် အနည်းငယ်တင်းမာနေခဲ့သည်။ "ငါ မှားပြီး ခူးလာတာလား၊ ဒါက သွေးတိတ်ဆေးဖက်ဝင် အပင်ဆိုတာ သေချာပါတယ်"


"မဟုတ်ဘူး" ပိုင်ဝူသည် ပူပြင်းသောကြက်သွန်နီကြောင့် သွားအားလုံးပေါ်သည်အထိ ပြုံးလိုက်သည်။ "ဒါက စားလို့ရတယ်ဆိုတာ ငါ ခုမှ သတိရလိုက်တာ"


"ဒီလိုဖြစ်နေတာတောင် စားချင်နေသေးတာလား" ခီရှစ်သည် မမျှော်လင့်ဘဲ သူ့လက်ထဲမှ ကြက်သွန်နီကိုလုယူရန် လက်ဆန့်လိုက်သည်။ "မင်း မဝါးချင်ရင် ငါ မင်းကို ဝါးပေးမယ်"


"ငါ လုပ်မယ်!" ပိုင်ဝူသည် အမြီးကို နင်းမိသောကြောင်ကဲ့သို့ ဆတ်ဆတ်ထိမခံ ဖြစ်နေခဲ့သည်။ သူသည် ခီရှစ်၏လက်ကို လျင်မြန်စွာ ရှောင်၍ စိမ်းလန်းနေသောကြက်သွန်နီရွက်ကို သူ့ပါးစပ်ထဲသို့ ထိုးထည့်ကာ ဝါးလိုက်ပြီး ဒဏ်ရာများစွာပေါ်သို့ လိမ်းလိုက်သည်။


ဤကမ္ဘာတွင် ရောင်ရမ်းမှုအား သက်သာစေသည့်ဆေးများမရှိဘဲ ကူးစက်ခြင်းနှင့်ရောင်ရမ်းခြင်းကိုကာကွယ်ရန် ဆေးဖက်ဝင်အပင်များကိုသာ လိမ်းကြရလေသည်။


-----