Chapter - 5
Viewers 40

အခန်း (၅)


ပိုင်ဝူသည် ဒဏ်ရာပြင်းပြင်းရထားသောကြောင့် နောက်ထပ်မပျံသန်းနိုင်တော့ပေ။


သာ့ဟူလူသည် သူ့အား ဒဏ်ရာကို ပတ်တီးစည်းပေးကာ မျိုးနွယ်စုထံသို့ မြန်မြန်ပြန်ခေါ်သွားခဲ့သည်။


ခီရှစ်သည် အလွန်စိုးရိမ်ပူပန်နေသောကြောင့် မျိုးနွယ်စုဆီသို့ပြန်ရောက်သည်နှင့် အနားယူရန်အတွက် အသိုက်ထဲသို့ အတင်းအကျပ် ပြန်ပို့ခဲ့သည်။


ပိုင်ဝူသည် အစပိုင်းတွင် အိပ်ချင်စိတ်မရှိလှသော်လည်း အိပ်ရာပေါ်သို့ လှဲချကာ လူးလိမ့်လိုက်ပြီးနောက် နွေးထွေးနူးညံ့သောအိပ်ရာပေါ်တွင် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။


သူဟည် ညနေမှောင်ရီဝိုးတဝါးအချိန်၌ နိုးလာခဲ့ပြီး သူ့ဘေးတွင် တစ်စုံတစ်ယောက် ထိုင်နေသည်ဟု ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏ဖေဖေဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ယခုအချိန်သည် နေဝင်ရီတရောဖြစ်၍ ကောင်းကင်သည် အဝါရောင်နှင့် အနီရောင်များဖြင့် ရောထွေးနေပြီး အပြင်ဘက်လေထုထဲတွင် ဟင်းချက်ရာမှ ထွက်ပေါ်လာသည့်မီးခိုးနံ့များဖြင့် ပြည့်နှက်နေသည်။


ပိုင်ဝူသည် အနံ့ခံလိုက်ပြီးနောက် ရာနှုန်းပြည့်နီးပါး သတိကပ်မိလာခဲ့သည်။


"ဖေဖေ" ဟု ပိုင်ဝူက အမွေးအတောင်များဖြင့် ပြုလုပ်ထားသောစောင်ကိုခေါက်ပြီး ထထိုင်လိုက်သည်။


ဖေဖေချွမ်က လက်လှမ်း၍ သူ့ပခုံးကိုကိုင်လိုက်ပြီး "ခုထိ နာနေသေးလား" ဟု မေးသည်။


'ဒီလောက်ကြီးတဲ့ဒဏ်ရာက ဘယ်လိုလုပ် မနာဘဲရှိပါ့မလဲ'


ပိုင်ဝူသည် နာကျင်မှုကြောင့် တုန်ယင်သွားသော်လည်း ဖေဖေရှေ့တွင် အသံမထွက်မိအောင် ထိန်းထားရသည်။


သူသည် သွားများကိုစေ့ပြီး နာကျင်မှုကို အံကြိတ်ခံကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ရပါတယ်" 


ထိုသို့ပြောပြီးနောက် ပိုင်ဝူသည် ခေါင်းငုံ့ကာ ခြောက်သွေ့နေသောအရွက်ထောင့်စွန်းတစ်ခုကိုလှန်၍ သူ့ဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာသည် ပါးလွှာသောအပေါ်ယံအရေပြားဒဏ်ရာသာဖြစ်ပြီး အနားသတ်များသည် နီရဲရောင်ရမ်းခြင်းများမရှိပေ။ ဒဏ်ရာသည် အလွန်ကောင်းမွန်စွာ ပြန်လည်သက်သာလာပုံရသည်။


ထိုသို့အနာကျက်လာသောကြောင့် ပိုင်ဝူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


အကယ်၍ ဒဏ်ရာများသာ ရောင်ရမ်းနေသေးပါက ဆေးဝါးမရှိသောဤကမ္ဘာတွင် အခြေအနေအလွန်ဆိုးသွားနိုင်ပေသည်။


ဖေဖေချွမ်သည် သူ့နှင့်အတူ ဒဏ်ရာကိုကြည့်ပြီးနောက် နဖူးကို စမ်းကြည့်လိုက်သည်။ "အဆင်ပြေတယ်၊ အရမ်းမပြင်းထန်ပါဘူး၊ နှစ်ရက်လောက်တော့ ကောင်းကောင်းနားသင့်တယ်၊ ညစာ ဘာစားချင်လဲ၊ ဖေဖေ ချက်ပေးမယ်"


"အသားပြုတ် လိုချင်တယ်၊ အသားနည်းနည်းနဲ့ ကျုပ်တို့ ပြန်ယူလာတဲ့ဟင်းခတ်အမွှေးအကြိုင်ပင်တွေ နည်းနည်းထည့်ပေးလို့ရမလား"


"အစပ်ရွက်လား၊ အစပ်ရွက်က ဒဏ်ရာလိမ်းဖို့ပဲ သုံးလို့ရတာ၊ အရသာက အရမ်းခါးပြီး စပ်တယ်"


"ချက်ပြီးရင် အဆင်ပြေသွားမှာပါ၊ အသားပြုတ်ရည်ရလာတာနဲ့ အဲ့ဒါကို နည်းနည်းလေး ထည့်လိုက်ပါ၊ ဒါနဲ့ ဖေဖေ၊ အသားတွေကိုတော့ ရေနွေးဖျောပေးရမယ်"


"တကယ် ထူးဆန်းတဲ့စားနည်းပဲ" ဟု ဖေဖေချွမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။ "ကောင်းပြီ၊ တခြားဘာချက်ပေးရဦးမလဲ"


"ဖေဖေ၊ အသားပြုတ်ရည်ထဲမှာ ခေါက်ဆွဲနည်းနည်းထည့်ပေးပါ၊ ပြီး‌ရင်တော့ တခြားဘာမှမထည့်နဲ့တော့၊ သန့်သန့်ရှင်းရှင်းလေးလုပ်တာက အကောင်းဆုံးပဲ"


ဖေဖေချွမ်သည် သူ့ကို စောင်ခြုံပေးပြီးနောက် စွပ်ပြုတ်ချက်ရန် ထွက်သွားသည်။


ပိုင်ဝူသည် သူ့ဖေဖေတစ်ယောက် မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်ကိုကြည့်ပြီးနောက် အိပ်ရာထဲတွင် လဲလျောင်းကာ ဆက်အိပ်နေလိုက်သည်။


ညနေဘက်တွင် အသားခေါက်ဆွဲနှင့် သစ်သီးစွပ်ပြုတ်ကို သောက်လိုက်သည်။ စွပ်ပြုတ်သည် အလွန်လတ်ဆတ်သလို အသားကလည်း အရသာအပြည့်ရှိသဖြင့် ခေါက်ဆွဲသည် အလွန်မွှေးကြိုင်နေလေသည်။ ထိုခေါက်ဆွဲပြုတ်ပေါ်တွင် အဆီပွင့်လေးအချို့ ပေါ်နေလေရာ ဖြူးထားသော ကြက်သွန်မြိတ်များကြောင့် လိုက်ဖက်ညီနေခဲ့သည်။


ပိုင်ဝူသည် အိပ်ရာထဲမှမထွက်ဘဲ သူ့ဖေဖေ၏စွပ်ပြုတ်ကိုသောက်လျှက် မျက်နှာပေါ်တွင် ကျေနပ်မှုအပြည့်ရှိနေခဲ့သည်။


ခီရှစ်သည် ဘေးနားတွင် ပန်းကန်လုံးအပြည့်ထည့်ထားသည့်စွပ်ပြုတ်သောက်နေလျှက် သူ့မျက်နှာပေါ်တွင် အံ့သြမှုအပြည့်ရှိနေခဲ့သည်။ "စွပ်ပြုတ်ထဲမှာ ဘာကောင်းတာမှမရှိပါဘူး၊ ဒါပေမဲ့ အရသာက အရမ်းကောင်းတယ်" 


"သေချာတာပေါ့၊ ဒီလို လတ်ဆတ်တဲ့အသားမျိုးကို ရေနွေးဖျောပြီး အနံ့အသက်ဆိုးတွေ ဖယ်ထုတ်လိုက်ရင် အရသာအရမ်းကောင်းသွားတယ်၊ ပြီးတော့ ညှီနံ့ပျောက်ပြီး မွှေးနေအောင် ကြက်သွန်မြိတ်နည်းနည်းထည့်လိုက်တာလေ"


"ဖြူးထားတဲ့ကြက်သွန်မြိတ်လား"


"အမှန်ပဲ၊ အဲ့ဒါက မင်းပြောတဲ့အစပ်ရွက်လေ"


ခီရှစ်သည် ပိုင်ဝူထံမှ ထူးဆန်းသောစကားလုံးများကို နေ့တိုင်းလိုလို ကြားနေရသဖြင့် ပခုံးတွန့်လိုက်ပြီး စွပ်ပြုတ်နောက်တစ်ပန်းကန်လုံး ထပ်ခပ်ရန် ပြေးသွားသည်။


မိသားစုတစ်စုလုံးသည် ပိုင်ဝူနှင့်အတူ အိပ်ရာထဲတွင်သာ စားသောက်ခဲ့ကြသည်။


မော့က "ငါ အသားတစ်ပိုင်း ထပ်ယူလာခဲ့တယ်၊ မင်းက စွပ်ပြုတ်ကြိုက်တယ်ဆိုတော့ မနက်ဖြန်ကျရင် မင်းအတွက် နည်းနည်းချက်ပေးမယ်" ဟု ပြောသည်။


ပိုင်ဝူသည် စွပ်ပြုတ်ကိုကိုင်လျှက် ခဏစဉ်းစားပြီး ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကျုပ်ရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုလဲဆိုတာ အရင်ကြည့်ရအောင်၊ အဆင်ပြေရင်ကောင်းတာတစ်ခုခု ချက်ပေးမယ်" 


ခီရှစ်၏မျက်လုံးများက စူးစမ်းလိုစိတ်အပြည့်ဖြစ်လာပြီး "ဘာကောင်းတာလဲ" ဟု မေးလိုက်သည်။


"လျှို့ဝှက်ချက်"


"မင်းမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် ဖြစ်သွားမှာ မကြောက်ဘူးလား"


"ငါ ဗိုက်မပြည့်သေးဘူး၊ နောက်ထပ်လဲ မစားနိုင်တော့ဘူး၊ မနက်ဖြန်ကျရင် မင်းတို့အားလုံးကို အံ့အားသင့်စေမဲ့တစ်ခုခုပေးမယ်"


ညီအစ်ကိုနှစ်ယောက် ထပ်ရန်ဖြစ်နေသည်ကိုမြင်သောဖေဖေချွမ်သည် သူတို့နှစ်ယောက်စလုံး၏ခေါင်းကို ခေါက်လိုက်ပြီး "စောစောအိပ်၊ မရန်ဖြစ်နဲ့" ဟု ပြောသည်။


မော့သည် ပိုင်ဝူ၏လက်ထဲမှ ပန်းကန်လုံးကိုယူသွားရာ သူက စိုးရိမ်တကြီး ပြောလိုက်သည်။ "အဖေ၊ ခဏလေး၊ ကျုပ် သွားတိုက်ချင်တယ်"


ထိုစကားကြောင့် ခီရှစ်သည် လှောင်ပြုံးဖြင့် "ဒီအချိန်မှာ ဒါက အရေးကြီးတယ်ပေါ့" ဟု ပြောသည်။


"ဟုတ်တယ်၊ ဒီမှာ သွားကျိုးရင် ကုပေးမဲ့သွားဆရာဝန်တွေမရှိဘူး"


မိသားစုတစ်ခုလုံးသည် သွားတိုက်တံကိုယ်စီယူကာ မြစ်ဆီသို့ သွားတိုက်ရန် သွားကြသည်။


ယခုအချိန်၌ မျိုးနွယ်စုတွင် သူတို့မိသားစုသည် အသန့်ရှင်းဆုံးဖြစ်ပြီး သူတို့မိသားစုအား တန်းစီရပ်နေသည်ကိုမြင်ရသောမျိုးနွယ်စုဝင်များကလည်း အံ့သြခြင်းမရှိတော့ပေ။


ပိုင်ဝူသည် ဒဏ်ရာရထားသောကြောင့် အပြင်ထွက်၍ အစာစုဆောင်းရန် မလိုအပ်ပေ။ သူသည် နောက်နေ့မနက်တွင် သဘာဝအတိုင်း နိုးလာသည်အထိ အိပ်လိုက်သည်။


သူနိုးလာသောအခါ သူတို့အိမ်တွင် သူတစ်ယောက်တည်းသာရှိပြီး မျိုးနွယ်စုတစ်စုလုံးရှိ လူငယ်နှင့် လူလတ်ပိုင်းသားရဲလူဟားအများစုသည် အမဲလိုက်ရန် ထွက်သွားကြပြီဖြစ်သည်။


ပိုင်ဝူသည် ဒဏ်ရာကို ဦးစွာစစ်ဆေးလိုက်ရာ ဒဏ်ရာသည် အပေါ်ယံအမာရွတ်သာရှိနေပြီး ရောင်ရမ်းခြင်းလက္ခဏာလုံးဝမရှိသည်ကို တွေ့ရသောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


သူလည်း အိပ်ရာမှထကာ မြစ်ဆီသွား၍ ဦးစွာဆေးကြောလိုက်သည်။ ထို့နောက် မီးဖိုချောင်သို့ပြန်လာပြီး သူ့မိသားစုဝင်များက သူ့အတွက် ချန်ထားခဲ့သောစွပ်ပြုတ်ကို သောက်သည်။


စွပ်ပြုတ်သည် ဟင်းချိုချက်ထားသည်ထက် ပို၍အရသာရှိသည်။ မွှေးကြိုင်လတ်ဆတ်ပြီး အသားအရသာအပြည့်ရှိသည်။ ပိုင်ဝူသည် ပန်းကန်လုံးကြီးနှစ်လုံးစာမျှ သောက်လိုက်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ဗိုက်ကို ပွတ်သပ်လိုက်သည်။


စွပ်ပြုတ်သောက်ပြီး ရွှံ့အိုးများနှင့်ပန်းကန်များကို ဆေးကြောပြီးနောက် မီးဖိုဘေးတွင် ထိုင်လိုက်သည်။


မီးဖိုဘေးတွင်မူ မနေ့ညက အဖေမော့ လဲလှယ်ယူလာသောအသားအား ကျပ်ခိုးတင်ထားသည်ကို တွေ့လိုက်ရသည်။


ထိုအသားသည် အလွန်နူးညံ့ပြီး ပျော့ပြောင်းကာ ရေဓာတ်မခန်းခြောက်သေးသောကြက်အသားတစ်ပိုင်းနှင့် တူသည်။


ပိုင်ဝူသည် အနံ့ခံကြည့်လိုက်သောအခါ အသားတွင် မီးခိုးနံ့လုံးဝမရှိသည်ကို တွေ့ရသည်။


သူသည် ရိုးရိုးရှင်းရှင်းပင် ထိုအသားကိုယူလိုက်ပြီး သစ်သားပုံးထဲတွင် ဆေးကြောလိုက်သည်။ ထို့နောက် ထိုအသားထဲသို့ ဆားနှင့်ဆော့စ်အနည်းငယ် ထည့်လိုက်သည်။ တောင်းထဲမှ မှိုများနှင့်ကြက်သွန်မြိတ်အဖြူများကိုလှီးဖြတ်၍ ထည့်လိုက်နောက် နယ်ဖတ်ကာ ဘေးဖယ်ထားလိုက်သည်။


ထိုနောက် သူသည် အစိမ်းရောင်အမြစ်မှုန့်ကိုထုတ်ယူကာ ရေအနည်းငယ်နှင့်ငှက်ဥများထည့်ပြီး သီချင်းတအေးအေးနှင့် မုန့်သားနယ်လိုက်သည်။

နယ်ပြီးသည်နှင့် အထူးတလည် ခွဲခြားထားလိုက်ပြီး ဖက်ထုပ်တစ်ရာ ပြုလုပ်ရန် စီစဉ်လိုက်သည်။ မိသားစုလေးယောက်အပြင် ဘုန်းတော်ကြီးကိုပါထည့်တွက်ပါက တစ်ဦးလျှင် ဖက်ထုပ်အလုံးနှစ်ဆယ်စီစားသင့်ပေသည်။ ထိုအခါမှသာ တစ်နပ်စာနှင့် ကိုက်ညီမည်ဖြစ်သည်။


ဤလတွင် သူတို့မိသားစုက ဘုန်းတော်ကြီးကို လှူဒါန်းရမည်။ သူ့အဖေက သားရဲလူသားဖြစ်သောကြောင့် နေ့တိုင်းလိုလို ဘုန်းတော်ကြီးထံသို့ သွားရသည်။ အိမ်တွင် ဖက်ထုပ်လုပ်ပါက သူ့အဖေသည် ဘုန်းတော်ကြီးဆီကို သေချာပေါက် တစ်ထုပ်ပို့ပေးပေလိမ့်မည်။


အချိန်တန်၍ မိသားစုဝင်များ၏အစားအစာပမာဏကို လျှော့ချရမည့်အစား အစကတည်းက ပိုလုပ်ထားခြင်းက ပိုကောင်းသည်။


မနေ့က ဘုန်းတော်ကြီးသည် သူ့ဒဏ်ရာကို ဆေးစည်းရန်အတွက် ဆေးမှုန့် ပေးခဲ့သည်က ကျေးဇူးတင်စရာပင်ဖြစ်သည်။


အစိမ်းရောင်အမြစ်မှုန့်သည် ဂျုံမှုန့်ထက် အများကြီးပိုဆိုးသည်။ ထိုအမှုန့်များ၏ပြောင်းလွယ်ပြင်လွယ်မှုသည် သိပ်မကောင်းသလို အသွင်အပြင်ကလည်း သိပ်မလှပပေ။ သို့သော် ပိုင်ဝူသည် စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် ထိုအမှုန့်များကို ဖက်ထုပ်အကာများအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။


အစိမ်းရောင်အမြစ်မှုန့်သည် အသားထက် ပိုရှားသည်။ ပိုင်ဝူသည် ဖက်ထုပ်လုပ်ရာတွင် အလွန်သတိထားသည်။ နောက်ဆုံးထွက်ရှိလာသောဖက်ထုပ်များသည် ပါးလွှာသောအခွံထဲတွင် အသားအများစွာ ပါဝင်သဖြင့် အလွန်လှပလေသည်။


ပိုင်ဝူသည် ဖက်ထုပ်များကိုကြည့်ပြီး တံတွေးတစ်ချက်မျိုချလိုက်သည်။ ‌ယခုအချိန်သည် နေ့လည်ခင်းအချိန်သာဖြစ်ပြီး ညစာစားချိန်နှင့်ဝေးနေသေးသည်ကိုတွေ့ရသောကြောင့် သူ၏စားချင်စိတ်ကိုထိန်းချုပ်ကာ အခြားအလုပ်များကို ဦးစွာသွားလုပ်နေလိုက်သည်။


သူတို့ မနေ့က ပြန်ယူလာခဲ့သောအစိမ်းရောင်အမြစ်များနှင့် ကြက်သွန်မြိတ်များအားလုံးသည် ခြင်းတောင်းထဲတွင်ရှိနေပြီး လတ်ဆတ်နေသေးသည်ကို တွေ့လိုက်ရသည်။


ပိုင်ဝူသည် အသိုက်ပတ်ပတ်လည်ကို လှည့်ပတ်သွားလာပြီး နောက်ဆုံးတွင် မီးဖိုအနီးတွင်ရှိသောတောင်ခြေရင်းရှိ နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ထို့နောက် ထိုနေရာမှ ပေါင်းပင်များကိုဆွဲထုတ်ပြီး ကျောက်ဂေါ်ပြားဖြင့် မြေကွက်ငယ်တစ်ခုကို ပြုပြင်လိုက်သည်။ ထို့နောက် ကြက်သွန်နီများကိုစိုက်ပျိုးလိုက်ပြီး ရေလောင်းလိုက်သည်။


ပိုင်ဝူသည် နေဝင်ချိန်အထိ အလုပ်,လုပ်ခဲ့သဖြင့် သူ့ကျောသည် နာကျင်၍ မောပန်းနွမ်းနယ်လာခဲ့သည်။


သူသည် ရေတစ်ငုံသောက်လိုက်ပြီး ရေစိုနေသောသစ်ရွက်ဖြင့် ခန္ဓာကိုယ်ကိုသုတ်ကာ အနားယူရန် အသိုက်ရှိရာသို့ ပြန်သွားလိုက်သည်။


"ဒါ ဘာကြီးလဲ"


ပိုင်ဝူ အိပ်ပျော်နေစဉ် သူ့အစ်ကို၏အော်ဟစ်သံကြောင့် လန့်နိုးသွားခဲ့သည်။


သူသည် အိပ်ရာထဲမှ ထထိုင်လိုက်သောအခါ အပြင်ဘက်တွင် နေဝင်ရီတရောဖြစ်နေသည်ကို တွေ့လိုက်ရရုံသာမက သူ့အစ်ကိုနှင့် အဖေနှစ်ယောက်သည်လည်း ပြန်ရောက်နေကြပြီဖြစ်သည်ကို တွေ့မြင်လိုက်ရသည်။


အဖေနှစ်ယောက်သည် ယနေ့အမဲလိုက်၍ ရရှိခဲ့သည်များကို စီစစ်နေကြသည်။ သူ့အစ်ကိုက ဖျာပေါ်ရှိ သစ်သားအဖုံးကိုမလိုက်ပြီး သစ်သားခွက်ထဲရှိ မီးခိုးရောင်နှင့်ပြည့်ပြည့်ဖောင်းဖောင်းဖက်ထုပ်များကိုတွေ့လိုက်ရသောကြောင့် အလန့်တကြား အော်ဟစ်လိုက်သည်။


ပိုင်ဝူသည် သမ်းဝေလိုက်ပြီး ပျင်းရိနေသောအသံဖြင့် ပြောလိုက်သည်။ 


"စပရိုက်(surprise)" 


(T/N : ဒီစာလုံးက ဘာသာပြန်ရေးရင် နားထောင်ရအဆင်မပြေလို့ ဒီတိုင်းရေးထားပါတယ်ရှင်)


"ဒါက ဘာလဲ" ခီရှစ်သည် သံသယမျက်လုံးဖြင့် ဖက်ထုပ်တစ်ခုကိုယူကာ နှာခေါင်းဖြင့် နမ်းကြည့်လိုက်သည်။ "ဒီဟာက အရသာရှိပုံလဲမပေါ်ပါဘူး၊ အနံ့တောင် မကောင်းဘူး"


"အခုစားလို့ရပြီလို့ ဘယ်သူပြောလဲ၊ စားလို့ရဖို့အတွက် ချက်ရဦးမယ်"


ဖေဖေက ပိုင်ဝူကိုကြည့်၍ လှမ်းမေးသည်။ "ဝူ၊ ဒီနေ့ ပိုကောင်းလာပြီလား၊ မင်းဒဏ်ရာတွေကို ငါကြည့်,ကြည့်ဦးမယ်" 


"အများကြီး ပိုကောင်းလာပါပြီ၊ အနာဖေးတောင် တက်လာပြီ၊ နည်းနည်းတော့ ယားတယ်" ဟု ပြောလျှင်ဖြင့် ပိုင်ဝူက ဖေဖေချွမ်ကိုပြသရန်အတွက် သစ်ရွက်များကို ဖယ်လိုက်သည်။ 


"ဖေဖေ၊ ကျုပ် မနက်ဖြန်ကျရင် အပြင်ထွက်လို့ရပြီလား"


ဖေဖေချွမ်က ပိုင်ဝူ၏ဒဏ်ရာကို စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်လျှက် "နောက်ထပ် နှစ်ရက်လောက် နားလိုက်ပါဦး၊ ဒီနေ့ မြူခိုးတွေအရမ်းများတယ်၊ မနက်ဖြန် မိုးရွာမလားမသိဘူး" ဟု ပြောပြီးနောက် သူကပင် ထပ်ပြီး ပြောသည်။ "မင်းဒဏ်ရာက မိုးစိုလို့မရဘူး"


ပိုင်ဝူသည် ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်ပြီး အပြင်ဘက်မှ အလင်းရောင်ကိုစိုက်ကြည့်ကာ မိုးရွာမည့်လက္ခဏာလုံးဝမရှိဟု ခံစားရသည်။


သူသည် စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် အပြင်ဘက်ကို ကြည့်နေမိသည်။


အဖေမော့က "ငါ နောက်မှ အရွက်တွေဖြတ်ပြီး အသိုက်ခေါင်မိုးကို ခိုင်ခံ့အောင် ပြန်လုပ်ပေးမယ်၊ ချွမ်၊ မင်း မနက်ဖြန် မျိုးနွယ်စုထဲမှာပဲနေပြီး ဝူကို ဂရုစိုက်ပါ" ဟု ပြောသည်။



"ခဏလေး! အဖေ၊ ဖေဖေ၊ အဲ့ဒီလောက်ကြီးလဲ မဟုတ်ပါဘူး၊ ဘယ်လောက်တောင် အန္တရာယ်ရှိနိုင်မှာမို့လဲ"


"ဒီနေ့ပြီးရင် သိလိမ့်မယ်" ဟု ဖေဖေချွမ်က ပြောလိုက်သည်။ "မနက်ဖြန် မိုးမကြီးရင်တောင် နွေရာသီမှာ မိုးကြီးတာတွေဖြစ်နိုင်တယ်၊ အသိုက်ခေါင်မိုးကိုပြင်ဖို့အတွက် အရွက်တွေ ပိုဖြတ်ပြီး ပြန်လာရမယ်၊ မဟုတ်ရင် အစရတည်းက ရေစိမ့်ဝင်လာလိမ့်မယ်"


ပိုင်ဝူတွင် ပြီးခဲ့သည့်နှစ်၏မှတ်ဉာဏ်များမရှိသဖြင့် သူတို့ စိုးရိမ်ပူပန်နေပုံကိုမြင်သောအခါ မည်သည့်စကားမျှမပြောတော့ဘဲ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။


ခီရှစ်သည် ဘေးနားတွင် ထိုင်နေသောလူ၏မျက်နှာကို လှမ်းညှစ်လိုက်ပြီး "ကျုပ်တို့ ညစာစားပြီးမှ သွားကြမလား၊ ဝူ၊ မင်း ဘာချက်မှာလဲ၊ ဘယ်လိုချက်ရမှာလဲ"


"ဖက်ထုပ်တွေပါ ရေဆူအောင်တည်၊ ပြီးရင် ရေထဲထည့်ပြီး ပြုတ်ရုံပဲ၊ မင်းကို ငါ ချက်ပေးမယ်၊ ဒါနဲ့ အဖေ၊ ကျုပ် ပိုလုပ်ထားတယ်၊ နောက်မှ ဘုန်းတော်ကြီးဆီ တစ်ပန်းကန်လုံးလောက်ပို့ပေးပါလား"


အဖေမော့က ခေါင်းညိတ်လိုက်ပြီး "ချက်ပြီးရင် ငါ အရင်မြည်းကြည့်ဦးမယ်" ဟု ပြောသည်။


ပိုင်ဝူသည် မဲ့ရွဲ့လိုက်သည်။ "အဖေ၊ ကျုပ်ရဲ့ချက်ပြုတ်စွမ်းရည်ကို ခုထိမယုံကြည်သေးဘူးလား"


ဘေးနားတွင်ရှိနေသောခီရှစ်က တခစ်ခစ် ရယ်မောလိုက်သည်။


အဖေမော့၏မျက်လုံးများတွင်လည်း အပြုံးတစ်ခု လျှပ်ခနဲဖြစ်ပေါ်သွားခဲ့သည်။ "ငါက ကျင့်သားမရသေးမှာကို စိုးရိမ်တာပါ"


ပိုင်ဝူသည် နှာမှုတ်လိုက်ပြီး "ကျုပ် အခုချက်ချင်း ချက်ပေးမယ်!" ဟု ပြောလိုက်သည်။


ဖေဖေချွမ်သည် ရွှံ့အိုးထဲတွင် ရေသန့်ကိုထည့်ထားပြီးပြီဖြစ်ရာ ပိုင်ဝူသည် မီးတိုက်ရိုက်မွှေးကာ ရေဆူအောင်တည်လိုက်သည်။ ရေဆူသည်နှင့် ဖက်ထုပ်များကို ထည့်လိုက်သည်။


ပိုင်ဝူသည် တက်လာသောရေနွေးငွေ့ကို သူ့လက်ဖြင့် ယပ်ခတ်လိုက်ပြီး အိုးထဲသို့ ငုံ့ကြည့်လိုက်သည်။ သူသည် မီးခိုးရောင်ဖောင်းကြွနေသောဖက်ထုပ်များသည် ရေထဲတွင် ဘဲကလေးများကဲ့သို့ ပေါလောပေါ်နေသည်ကို တွေ့ရသည်။


မီးခိုးပြာရောင်ဖက်ထုပ်များသည် ကျက်သွားသည်နှင့် အရောင်ပြောင်းလာပြီး အတွင်းရှိ အစာများကိုပင် မြင်နိုင်လာလေသည်။


ဖက်ထုပ်အကာများသည် သိပ်မကပ်သဖြင့် အချို့မှာ ကွဲထွက်သွားပြီး ပြင်းထန်သောဖက်ထုပ်နံ့များက အသိုက်တစ်ခုလုံးသို့ ပျံ့လွင့်လာခဲ့သည်။


ခီရှစ်သည် အနံ့ခံကြည့်ပြီး "အနံ့ အရမ်းကောင်းတယ်!" ဟု ပြောသည်။


ပိုင်ဝူက လက်ဝှေ့ယမ်းလိုက်ပြီး "ပန်းကန်တွေ အရင်သွားယူလာခဲ့ချည်၊ ဖက်ထုပ်တွေ ပေါ်လာပြီးဆိုတော့ စားဖို့အသင့်ဖြစ်ပြီ" ဟု ပြောလိုက်သည်။


"ဒါ အဆင်ပြေပြီလား"


"ဒါပေါ့" ပိုင်ဝူသည် ဖက်ထုပ်ဟင်းရည်ထဲတွင် ဆားအနည်းငယ်ထည့်လိုက်ပြီး ခီရှစ်ကို ပန်းကန်ယူလာရန် အချက်ပြလိုက်သည်။


ပိုင်ဝူသည် ပန်းကန်လုံးတိုင်းတွင် ဖက်ထုပ်များကိုခပ်ထည့်ပြီး ဖက်ထုပ်ဟင်းရည်နှစ်ဇွန်းထည့်ပေးလိုက်သည်။ ထို့နောက် ကြက်သွန်မြိတ်အနည်းငယ်ဖြူး၍ ချက်ထားသောတိရစ္ဆာန်အဆီအနည်းငယ်ထည့်လိုက်သည်။


အဖြူရောင်ရေနွေးငွေ့သည် မျက်နှာကိုထိမှန်သွားသည်နှင့် တိရစ္ဆာန်အဆီနှင့်ကြက်သွန်မြိတ်တို့ ရောစပ်ထားသောပြင်းထန်သည့်မွှေးရနံ့ကို ဖက်ထုပ်ဟင်းရည်ထဲမှ ထွက်ပေါ်လာခဲ့သည်။


ချိုမြိန်သောဂျုံမုန့်ရနံ့သည် အပေါ်တက်လာခဲ့သည်။ ထိုရနံ့သည် ခေါက်ဆွဲနှင့် မတူပေ။ ပိုင်ဝူသည် အနံ့ခံလိုက်သည်နှင့် စားမကောင်းစရာ အကြောင်းမရှိဟူ၍ ချက်ချင်း ခံစားလိုက်ရသည်။


ပိုင်ဝူသည် ပန်းကန်လုံးကိုကောက်ယူပြီး မှုတ်လိုက်သည်။ ထို့နောက် တူဖြင့် ဖက်ထုပ်တစ်လုံးကိုကောက်ယူပြီးမှုတ်လိုက်ကာ သူ့နှုတ်ခမ်းနားသို့ ကပ်၍ တစ်ကိုက်,ကိုက်လိုက်သည်။


အစိမ်းရောင်အမြစ်များဖြင့် ပြုလုပ်ထားသောဖက်ထုပ်အကာများသည် ပုဇွန်ဖက်ထုပ်အကာများနှင့် အနည်းငယ်ဆင်တူကာ နူးညံ့ပြီး ချိုမြိန်နေလေသည်။ ဖက်ထုပ်အကာများကို ကိုက်ဖြတ်လိုက်သည်နှင့် နူးညံ့ပြီး အရည်ရွှမ်းသောအသားလုံးများသည် အလွန်အရသာရှိလှပေသည်။

ပိုင်ဝူသည် ဟင်းရည်တစ်ငုံ သောက်လိုက်သည်။ နွေးထွေးသောခံစားမှုသည် ဗိုက်ထဲမှတဆင့် အပေါ်သို့တက်လာပြီး သူ့နဖူးနှင့် နှာခေါင်းထိပ်တွင် ချွေးစက်ကလေးများဖြစ်ပေါ်လာစေပြီး ပါးပြင်များသည်လည်း အနည်းငယ် နီရဲလာသည်။


'အရသာရှိလိုက်တာ'


ပိုင်ဝူသည် သူ့၏ယခင်ဘဝဆီသို့ ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရသည်။ မိသားစုသည် ထမင်းစားပွဲတွင်ထိုင်ကာ ရယ်မောပျော်ရွှင်နေကြပြီး ဟင်းပွဲအမျိုးမျိုး၏အနံ့သည် နှာခေါင်းထဲ၌ပြည့်နှက်နေကာ စားချင်စိတ်များကို အလွန်ဖြစ်ပေါ်စေခဲ့သည်။


သူသည် လူများ၏အစားအစာများသည် အိမ်၏အရသာနှင့် တူသည်ဟု ပြောကြသည်ကို အဓိပ္ပါယ်မရှိဟု တွေးထင်ခဲ့သည်။ ထိုအစားအစာသည် အစားအစာတစ်ခုသာဖြစ်ပြီး အိမ်တွင် ချက်ထားသည်နှင့် အပြင်တွင် ချက်ထားသည့်အစားအစာကြားတွင် အဘယ်ကြောင့်ကွာခြားမှုရှိပါမည်နည်း။


သူသည် ပြုံးနေသောသူ့အစ်ကို၊ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသောသူ့အဖေနှစ်ယောက်ကိုကြည့်လိုက်မိချိန်၌ ရုတ်တရက် အိမ်၏ အရသာကို ခံစားလိုက်ရသည်။


သူ့တွင် စစ်မှန်သောအိမ်အသစ်တစ်အိမ်ရရှိသွားပြီဖြစ်သဖြင့် ဤဘဝတွင် ကောင်းမွန်စွာ နေထိုင်ချက်မိသည်။



------