အခန်း - (၃.၂)
သူ့ဖေဖေ၏လှုပ်ရှားမှုများကလည်း အလွန်လျင်မြန်သောကြောင့် မီးခိုးရောင်ငှက်တွင် အမွေးအတောင်အများကြီး မကျန်တော့ပေ။ ဖေဖေချွမ်သည် မီးခိုးရောင်ငှက်၏အမွေးများကို နှစ်ချက်သုံးချက်ဖြင့် နှုတ်ပစ်ပြီး အတွင်းအင်္ဂါများကို သန့်ရှင်းရေးလုပ်လိုက်သည်။
ပိုင်ဝူသည် သန့်ရှင်းပြီးသောမီးခိုးရောင်ငှက်ကို ယူလိုက်ပြီး ကြီးမားသောရွှံ့အိုးထဲတွင် ထည့်လိုက်သည်။ ထို့နောက် ရေအေးထည့်ပြီးနောက်မီးမွှေးကာ ချက်ပြုတ်ရန် စတင်လိုက်သည်။
ငှက်စွပ်ပြုတ်ချက်ပြုတ်ခြင်းသည် အလွန်ရိုးရှင်းပေသည်။ ရေကို ဆူအောင်တည်၍ အမြှုပ်များကို ဖယ်ထုတ်ရမည်။ ထို့နောက် ဖြည်းဖြည်းချင်း အငွေ့ပျံအောင်တည်ထားရမည်ဖြစ်သည်။
ပိုင်ဝူသည် ဤကဲ့သို့သောအလုပ်မျိုးတွင် အလွန်စိတ်ရှည်လေသည်။
ငှက်စွပ်ပြုတ်သည် မွှေးကြိုင်လာသည်အထိ ဆူပွက်လာသည်နှင့် သူသည် သန့်ရှင်းပြီးသောမှိုများကိုထည့်ပြီး နောက်ဆုံးတွင်မှ ငှက်သွေးများကို ထည့်လိုက်သည်။
မှိုခြောက်များသည် မှိုအစိုများထက် အရသာပိုရှိလေရာ မှိုများထည့်ပြီးသည်နှင့် အနံ့သည် ပိုမိုပြင်းထန်လာခဲ့သည်။
ခီရှစ်သည် အိုးထဲမှထွက်လာသောအနံ့ကို ရှူရှိုက်လိုက်သည်။ "ဝူ၊ မင်းက ချက်ပြုတ်တဲ့နေရာမှာ တကယ့်ကို အရည်အချင်းရှိတယ်၊ မင်းက မျိုးနွယ်စုမှာ အရသာအရှိဆုံးစွပ်ပြုတ်ကို ချက်တတ်တဲ့သူပဲလို့ ငါ ထင်တယ်"
ပိုင်ဝူသည် ဝင့်ကြွားစွာ ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ငါက မကြွားဝါတတ်ဘူး၊ ဒါပေမဲ့ အစားအစာနဲ့ ပတ်သက်လာရင်တော့ ငါက တခြားသူတွေထက် အများကြီးပိုကောင်းတယ်ဆိုတာကတော့ အမှန်ပဲ"
"မင်းရဲ့စံနှုန်းတွေက တခြားသူတွေထက် အများကြီးပိုမြင့်တယ်၊ အနာဂတ်မှာ သားရဲလူသားတစ်ယောက်က မင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ပိုင်ဝူသည် အံ့အားသင့်သွားခဲ့သည်။ "ဘာလို့ သားရဲလူသားတွေအကြောင်း ထပ်ပြောနေတာလဲ၊ ငါက တစ်ယောက်မှမလိုချင်ပါဘူး၊ မရဘူးလား"
ဖေဖေချွမ်သည် သူ့ကျောကိုပုတ်လိုက်ပြီး ပြုံးရယ်ကာ "သားရဲငယ်တွေက သားရဲလူသားတွေကို စောစောစီးစီး ရှာကြရမယ်၊ မင်း နောက်မှ နားလည်လာလိမ့်မယ်" ဟု ပြောသည်။
ခီရှစ်ကမူ သူ့ညီလေးဘက်မှ ဝင်ပြောလိုက်သည်။ "သူက ကလေးပဲရှိသေးတယ်၊ ဘာလို့ သားရဲလူသားကိုရှာရမှာလဲ၊ နောက်မှ ပြောကြတာပေါ့"
သူတို့နှစ်ဦးသည် စကားဝိုင်းကို စကားလုံးအနည်းငယ်ဖြင့် လမ်းကြောင်းပြောင်းလိုက်ကြသလို ပိုင်ဝူကိုယ်တိုင်ကလည်း ထိုစကားစအား ပြန်လည်ဆွဲထုတ်ရန် စိတ်ကူးမရှိပေ။
သူသည် ထရပ်လိုက်ပြ "ငါ အမှုန့်တွေကို ဆန်ခါတိုက်ဖို့ သွားယူလိုက်ဦးမယ်"
ခေါက်ဆွဲဆန်ခါသည် ပိုင်ဝူ လွန်ခဲ့သောနှစ်ရက်က ပြုလုပ်ခဲ့သောပစ္စည်းအသစ်ဖြစ်သည်။ သစ်လုံးတစ်လုံးကို အခေါင်းပေါက်လုပ်ထားပြီး အောက်ခြေတွင် အပေါက်လေးအနည်းငယ်ကို ဖောက်ထားသည်။ လိုအပ်သောအခါ ရေနှင့်ရော၍ နယ်ထားသောအစိမ်းရောင်အမြစ်မှုန့်များကို ထိုအထဲသို့ ထည့်ပြီးနောက် သစ်သားကျည်ပွေ့ဖြင့် ဖိချလိုက်မည်။ ရေနှင့်ရောနယ်ထားသောအစိမ်းရောင်အမြစ်မှုန့်များသည်လည်း အပေါက်များမှတဆင့် ယိုစိမ့်ထွက်လာကာ ဆူပွက်နေသောရေထဲသို့ ကျရောက်ပြီး ခေါက်ဆွဲများဖြစ်လာပေလိမ့်မည်။
ခီရှစ်နှင့် ဖေဖေချွမ်ကမူ ဘေးမှ ကြည့်နေကြသည်။ ပိုင်ဝူသည် မထူမပါးအစိမ်းရောင်အမြစ်မုန့်အနှစ်ကို ပြင်ဆင်လိုက်သည်။ သေချာပြင်ဆင်ပြီးနောက် ခေါက်ဆွဲဆန်ခါထဲသို့ လောင်းထည့်လိုက်သည်။
အစိမ်းရောင်အမြစ်မုန့်အနှစ်များသည် အပေါက်များမှတဆင့် ယိုစိမ့်ထွက်ပြီး ငှက်စွပ်ပြုတ်ထဲသို့ ကျရောက်ကာ ခေါက်ဆွဲလေးများဖြစ်လာခဲ့သည်။
ထိုနှစ်ဦးစလုံးသည်ကား စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်နေကြသည်။
ခီရှစ်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ဒီလိုဆို စားလို့ရပြီလား"
"ရလုပြီ၊ ခဏချက်ပြီးတာနဲ့ စားဖို့အဆင်သင့်ဖြစ်ပြီ"
ပိုင်ဝူသည် ရှည်လျားပြီး မထူမပါးခေါက်ဆွဲများကို ကြည့်လိုက်သည်။ ထို့နောက် ဆန်ခါထဲတွင် ကျန်နေသောအစိမ်းရောင်အမြစ်မုန့်အနှစ်များကို ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
'ငါ လုံးဝမအောင်မြင်သေးဘူးထင်တယ်၊ နောက်ထပ် နှစ်ကြိမ်သုံးကြိမ်လောက် ထပ်ကြိုးစားရဦးမယ်'
ပိုင်ဝူသည် အပြာရောင်ရင့်ရင့်ကောင်းကင်ကြီးကို မော့ကြည့်ပြီး "မှောင်လာပြီ၊ အဖေနဲ့ တခြားသူတွေ ဘာလို့မပြန်သေးတာလဲ" ဟု မေးလိုက်သည်။
"မကြာခင် ပြန်လာတော့မှာပါ" ဟု ဖေဖေချွမ်က ပြောလိုက်သည်။ "သူ ထင်းတွေ အများကြီးသယ်လာလို့ မပျံနိုင်တာကြောင့် လမ်းလျှောက်ပြန်လာတာဖြစ်နိုင်တယ်"
ပိုင်ဝူက "ဒါဆို ငှက်ဥနည်းနည်းကိုပါ ချက်လိုက်မယ်" ဟု ပြောလိုက်သည်။
ပိုင်ဝူသည် ငှက်ဥများကိုပြုတ်ရုံသာမက တောဟင်းသီးဟင်းရွက်အချို့ကိုပါ ရေနွေးဖျောလိုက်သည်။ ထို့နောက် ပြုတ်ထားသောငှက်ဥများကို ရေအေးထဲတွင် ခဏစိမ်ထားပြီး အခွံခွာ၍ ထက်ခြမ်း,ခြမ်းလိုက်သည်။
ဤအချိန်တွင် အနှစ်သည်လည်း ခဲနေပြီဖြစ်သည်။ လိမ္မော်ရောင်အနှစ်နှင့် အဖြူရောင်အကာတို့သည် ရှင်းရှင်းလင်းလင်း ခြားနားနေပြီး အလွန် စိတ်ဝင်စားစရာကောင်းနေလေသည်။
တောဟင်းသီးဟင်းရွက်များအား ရေနွေးဖျောသည့်အခါ ပိုင်ဝူသည် ဆူပွက်နေသောရေထဲသို့ ဆီအနည်းငယ် ထည့်လိုက်သည်။ ရေနွေးဖျောထားသောတောဟင်းသီးဟင်းရွက်များသည်ကား မြစိမ်းရောင်ဖြစ်နေသည့်အပြင် ကြွပ်ဆတ်ဆတ်လေးဖြစ်နေလေသည်။
သူသည် အိုးထဲမှ အစိမ်းရောင်အမြစ်ခေါက်ဆွဲများကို ထုတ်လိုက်သည်။
ရွှေရောင်သန်းနေသောငှက်စွပ်ပြုတ်၊ လိမ္မော်ရောင်ငှက်ဥအနှစ်၊ အဖြူရောင်ငှက်ဥအကာ၊ မြစိမ်းရောင်တောက်ပနေသောတောဟင်းသီးဟင်းရွက်၊ အညိုရောင်ဖြစ်နေသောငှက်သွေးများနှင့် ကြည်လင်နေသောမီးခိုးပြာရောင်ခေါက်ဆွဲများသည် ကြီးမားသောအနက်ရောင် မြေပန်းကန်လုံးထဲတွင် အတူတကွ လှုပ်ယမ်းနေပြီး ရောင်စုံဖြစ်နေခဲ့သည်။
ခီရှစ်သည် ဤကဲ့သို့သောအစားအစာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး ရုတ်တရက် စားကြည့်ရန်စိတ်မပါခဲ့ပေ။
ဤအချိန်တွင် သူတို့၏အဖေမော့သည် ပြန်ရောက်လာခဲ့သည်။
သူ့နောက်တွင် သူတို့၏ဝမ်းကွဲသာ့သည်လည်း လိုက်ပါလာခဲ့သည်။
သူသည် အသိုက်နားသို့ မရောက်မီကပင် လေကိုရှူရှိုက်မိသွားခဲ့သဖြင့် "မင်းတို့ ဘာတွေစားနေကြတာလဲ၊ အရမ်းမွှေးတာပဲ" ဟု အော်ပြောလိုက်သည်။
ပိုင်ဝူက "ပြီးခဲ့တဲ့ရက်က မင်း မြင်ခဲ့တဲ့အစိမ်းရောင်အမြစ်မှုန့်တွေလေ" ဟု ပြန်ဖြေလိုက်သည်။
သာ့သည် ပန်းကန်လုံးထဲသို့ ငုံ့ကြည့်၍ မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး၊ ဒါကို အစိမ်းရောင်အမြစ်တွေကနေ ဘယ်လိုများလုပ်ထားတာလဲ"
ဖေဖေချွမ်သည် ပြုံးလိုက်ပြီး ကြည်လင်နေသောခေါက်ဆွဲမျှင်တစ်ချောင်းကို ကောက်ယူ၍ "ငါ မင်းကို မလိမ်ပါဘူး၊ ဒါက အစိမ်းရောင်အမြစ်မှုန့်တွေပဲ၊ မြည်းစမ်းကြည့်ချင်လား" ဟု ပြောလိုက်သည်။
သာ့သည် ထိုရနံ့ကို ထပ်မံရှူရှိုက်လိုက်သည်။ "ဒါဆို ဒီအစိမ်းရောင်အမြစ်မှုန့်က ဘယ်လိုအရသာရှိလဲဆိုတာ ငါ မြည်းစမ်းကြည့်မယ်"
ပိုင်ဝူသည် ညင်သာစွာ နှာမှုတ်လိုက်သည်။ "မင်း လွန်ခဲ့တဲ့ရက်ကပဲ သေရင်တောင် စားမှာမဟုတ်ဘူးလို့ မပြောခဲ့ဘူးလား"
"ငါ့ကို မသေဘူးလေ၊ ဒါကြောင့် ငါ မြည်းစမ်းကြည့်လို့ရတယ်" သာ့သည် ပိုင်ဝူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ငါ မင်းအတွက် ဒီနှစ်တွေအတွင်း တောသစ်သီးတွေ အများကြီးခူးပေးခဲ့တာနော်၊ မင်းက ခုထိ အငြိုးထားနေတုန်းလား"
ပိုင်ဝူ၏စိတ်ဝိညာဉ်သည် ကစဉ့်ကလျားဖြစ်နေစဉ်အချိန်က သူ့ဥာဏ်ရည်သည် လေး၊ ငါးနှစ်ဟားအရွယ်ကလေးတစ်ဦး၏ဥာဏ်ရည်သာ ရှိနေခဲ့သည်။ ထိုစဉ်က သူသည် တောသစ်သီးများကို တကယ်နှစ်သက်ခဲ့သဖြင့် နှစ်တိုင်း သူ့ကို အများကြီးပေးမည့်အသက်ကြီးသောကလေးအချို့ကို စောင့်မျှော်နေခဲ့သည်။
ပိုင်ဝူသည် အံ့ကြိတ်လိုက်မိသည်။ သို့သော်လည်း ပန်းကန်လုံးအသစ်တစ်ခုကိုယူပြီး ခေါက်ဆွဲတစ်ပွဲကို ခပ်ပေးကာ သူ့ပန်းကန်လုံးထဲတွင်ရှိနေသော ငှက်ဥနှစ်ခြမ်းထဲမှ တစ်ခြမ်းခွဲ၍ သူ့ကို ပေးလိုက်သည်။
သာ့ သည် ရုတ်တရက် သူ့ပခုံးကိုပုတ်ကာ စိတ်လှုပ်ရှားမှုများပြည့်နှက်နေသောမျက်နှာဖြင့် "ကောင်းလိုက်တဲ့ညီလေး" ဟု ပြောလိုက်သည်။
ပိုင်ဝူသည် သူ့လက်ကို ပခုံးပေါ်မှပစ်ချပြီး ပြောလိုက်သည်။ "သွားထိုင်၊ ငါ ငှက်သားနည်းနည်းကို ထပ်ယူလိုက်ဦးမယ်"
စွပ်ပြုတ်ထဲရှိ ငှက်သားများသည် တကယ့်ကို နူးအိနေပြီဖြစ်သည်။ ပိုင်ဝူသည် အသားကိုထုတ်ယူ၍ အမျှင်လေးများဖြစ်သည်အထိ လုပ်လိုက်သည်။ ထို့နောက် အချဉ်ယိုနှင့်ဆားထည့်ပြီးနောက် သူ၏တူများဖြင့် ကောင်းစွာ ရောမွှေလိုက်သည်။
သာ့သည် ငှက်သားအား ဤနည်းဖြင့်ပြင်ဆင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပန်းကန်လုံးထဲရှိ ဆော့စ်များဖြင့်ဘရောနယ်ထားသောငှက်သားအမျှင်များကိုကြည့်ပြီး သူ့မျက်လုံးများသည် သံသယများဖြင့် ပြည့်နှက်နေသည်။ "ဒါ... အရသာရှိလား"
"ဒါဆို မစားနဲ့" ပိုင်ဝူသည် သူ့ဖခင်နှစ်ဦးစီအတွက် အမျှင်များဖြတ်ထားသောအသားအမြောက်အမြားကို ကျွမ်းကျင်စွာ ခပ်ပေးလိုက်သည်။ ခီရှစ်ကိုမူ သူ့ဘာသာသူ ခပ်စေလိုက်သည်။ ထို့နောက် "အဖေ၊ ဖေဖေ၊ ဒီခေါက်ဆွဲတွေကို မြည်းစမ်းကြည့်ပါဦး" ဟု တိုက်တွန်းလိုက်သည်။
ပိုင်ဝူ၏မျက်နှာသည် မျှော်လင့်ချက်အပြည့်ဖြင့် ရှိခဲ့သည်။ ဖခင်နှစ်ဦးစလုံးသည်လည်း သူတို့၏တူများဖြင့် တစ်ကိုက်စီစားလိုက်ကြသည်။
မြည်းစမ်းကြည့်ပြီးနောက် သူတို့နှစ်ဦးစလုံးသည် အံ့အားသင့်သွားကြသည်။
မော့သည် ရုတ်တရက် လက်လှမ်းပြီး သာ့၏လက်ထဲမှ မစားရသေးသော ခေါက်ဆွဲပန်းကန်လုံးကို ဆွဲယူလိုက်သည်။ "မင်း အရင်မစားနဲ့ဦး"
ထိုစကားကြောင့် သာ့သည် ရှုပ်ထွေးသွားခဲ့သည်။ "ဟမ်"
မော့က ပြောလိုက်သည်။ "ဒီပန်းကန်လုံးကို ဘုန်းတော်ကြီးကို မြည်းစမ်းဖို့ ပေးလိုက်မယ်၊ ငါ့ရဲ့တစ်ဝက်ကို နောက်မှ မင်းကိုပေးမယ်" ဟု ပြောလိုက်သည်။
ပိုင်ဝူသည် "ဖူး..." ဟူသောအသံဖြင့် ရယ်လိုက်သည်။
သူ့ဘေးရှိ ခီရှစ်သည်ကား ပို၍ပင်ကျယ်လောင်စွာ ရယ်မောလိုက်သေးသည်။
သာ့သည် တွေဝေသွားပြီး သူ့လက်ကို ရုပ်သိမ်းလိုက်သည်။ "ဘုန်းတော်ကြီးက ညစာစားပြီးတာ ကြာလောက်ပါပြီ၊ သူ ထပ်မစားနိုင်တော့တာမျိုး ဖြစ်နိုင်တယ်"
"ခေါက်ဆွဲတစ်ပန်းကန်လုံးက သိပ်မများပါဘူး" ဟု မော့က ပြောလိုက်သည်။ "သူ မကုန်ရင်တောင် သူ မြည်းစမ်းကြည့်သင့်တယ်"
ပိုင်ဝူသည် လွန်ခဲ့သောရက်အနည်းငယ်က ဘူန်းတော်ကြီး သူ့ကို ပေးခဲ့သောအသားတုံးကို သတိရသွား၍ ကန့်ကွက်ခြင်းမရှိခဲ့သော်လည်း "အဖေ၊ အဖေ စားပြီးမှ ဘုန်းတော်ကြီးကို သွားပို့လို့ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အချိန်လဲ အများကြီးမကြာပါဘူး" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် မော့လည်း ခေါင်းညိတ်သည်။
ပိုင်ဝူသည် အမျှင်များဖြတ်ထားသောငှက်သားတစ်ပွဲကို ဘုန်းတော်ကြီး၏ခေါက်ဆွဲပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီး ပန်းကန်ပြားဖြင့် ဖုံးအုပ်ကာ ဘေးတွင်ထားလိုက်သည်။ ထို့နောက် သူသည် ပန်းကန်လုံးနောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး လူတိုင်းအတွက် ခေါက်ဆွဲတစ်ပွဲစီ အညီအမျှခွဲဝေလိုက်သည်။
ဤသည်မှာ ပိုင်ဝူသည် ဤကမ္ဘာသို့ရောက်ရှိလာပြီးနောက် ပထမဆုံးစားသုံးခဲ့သောခေါက်ဆွဲပန်းကန်ဖြစ်သည်။
ကြာရှည်စွာ ပြင်ဆင်ခဲ့ရခြင်းကြောင့် စောင့်ဆိုင်းနေခဲ့ရပြီးနောက်တွင် ဤခေါက်ဆွဲပန်းကန်လုံးသည် သူ့ကို စိတ်ပျက်စေခြင်းမရှိပေ။
ရွှံ့အိုးထဲတွင် ချက်ပြုတ်ထားသောစွပ်ပြုတ်သည် မွှေးကြိုင်ပြီး အာဟာရဓာတ်များကြွယ်ဝနေကာ ငှက်သားထဲမှထွက်လာသောအရသာက စွပ်ပြုတ်ထဲတွင် လုံးဝစိမ့်ဝင်နေခဲ့သည်။
ဆန်ခါဖြင့် စစ်ချထားသောခေါက်ဆွဲများသည် ငှက်စွပ်ပြုတ်၏အရသာဖြင့် ပြည့်ဝနေခဲ့သည်။ နူးညံ့သိမ်မွေ့သောအရသာသည် ပါးစပ်ထဲတွင် အလွန်ဝါး၍ကောင်းလှပေသည်။
တစ်လုတ်စားလိုက်သည်နှင့် ခေါက်ဆွဲ၏မွှေးရနံ့သည် ပါးစပ်နှင့်နှာခေါင်းထဲသို့ ပြည့်သွားစေသည်ကို သူ ခံစားနိုင်သည်။
"အရမ်းအရသာရှိတယ်"
သူသည် သူ၏ယခင်ဘဝကိုပင် ပြန်လည်အမှတ်ရမိသွားသည်။ ယခင်ဘဝက သူသည် မနက်ပိုင်း အလုပ်မှဆင်းပြီးနောက် အနီးအနားရှိ နာမည်ကျော်ရှေးဟောင်းခေါက်ဆွဲဆိုင်သို့သွားရောက်ကာ ခေါက်ဆွဲစားခဲ့သည်။
လေအေးပေးစက်သည် အပေါ်မှ လေများပေးနေပြီး သူ၏နောက်ဘက် မီးဖိုချောင်တွင်မူ ဆိုင်ရှင်သည် ခေါက်ဆွဲချက်ပြုတ်နေသည်။ သို့ဖြစ်ရာ ထိုမွှေးရနံ့သည် အခန်းအနှံ့သို့ လွင့်ပျံ့နေတော့သည်။
သူသည် ခေါက်ဆွဲပူပူကိုမှုတ်၍ အအေးခံပြီး ခေါက်ဆွဲတစ်လုပ်စား၍ အရံဟင်းများကိုဝါးကာ ဆိုဒါကို တစ်ငုံသောက်သည်။ ဤသို့ဖြင့် ရှည်လျားသောနွေရာသီနေ့ရက်တို့ကို ဖြည်းဖြည်းချင်း ကုန်ဆုံးစေခဲ့သည်။
ထိုအမှတ်တရများကိုစဉ်းစားမိသွားချိန်တွင် သူ၏မျက်လုံးများသည် အနည်းငယ်နီရဲလာခဲ့သည်။
သူသည် သူ၏မျက်နှာပေါ်မှ မမှန်မကန်ဖြစ်မှုကို ဖုံးကွယ်ရန်အတွက် ခေါင်းကိုငုံ့ကာ ခေါက်ဆွဲ၏အပူငွေ့ကို တဟူးဟူး မှုတ်ထုတ်လိုက်သည်။
ဤခေါက်ဆွဲအရသာသည် သူတို့စားဖူးသောမည်သည့်အစားအစာနှင့်မှ မတူညီပေ။ သို့သော် ပိုင်ဝူမှလွဲ၍ ဤနေရာရှိလူများသည် ဤမျှအရသာရှိသောအစားအစာကို မည်သူမျှမစားဖူးသေးပေ။
"အံ့ဩစရာပါပဲ! ခြောက်သွေ့မာကျောနေတဲ့အစိမ်းရောင်အမြစ်က ဒီလိုအစားအစာမျိုးကို ဖန်တီးနိုင်တယ်!" သာ့ဟူလူသည် ခေါက်ဆွဲကို ပါးစပ်အပြည့်စားပြီး အသားမျှင်တို့ကိုတူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ "မနက်ဖြန် အမဲလိုက်ပြီးတာနဲ့ အစိမ်းရောင်အမြစ်တွေကို ငါ တူးမယ်"
ခီရှစ်သည် "ငါတို့လဲ ရှီလင်းကို အစိမ်းရောင်တွေတူးဖို့ သွားမှာ၊ မင်း ငါတို့ဆီက လုယက်ဖို့ မကြိုးစားနဲ့" ဟု ပြောလိုက်သည်။
"အင်း" အဖေမော့သည် သားဖြစ်သူကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ မျိုးနွယ်စုတွင် တစ်ယောက်တည်းစားသောက်သည့် အလေ့အထမရှိပေ။
သာ့ဟူလူသည်ကား ဂရုမစိုက်ပေ။ "ရှီလင်းမှာ အစိမ်းရောင်အမြစ်တွေ ဘယ်လောက်ရှိနေလို့လဲ၊ တခြားမျိုးနွယ်စုက လူတွေက အဲ့ဒီကိုရောက်နှင့်ပြီးကြပြီ၊ ငါ မင်းတို့မသိတဲ့သစ်တောတစ်ခုကို သွားမှာ၊ အဲ့နေရာမှာ အစိမ်းရောင်အမြစ်တွေတင်မဟုတ်ဘူး၊ စားလို့ရတဲ့မှိုတွေလဲ ရှိတယ်"
"မင်းပြောတာတွေက လေတွေပဲ၊ မျိုးနွယ်စုအနီးအနားမှာ ထူးဆန်းတဲ့သစ်တောတွေ ဘယ်လိုရှိနိုင်မှာလဲ"
"ငါတို့အနီးအနားမှာ ရှိတယ်လို့ မပြောခဲ့ပါဘူး၊ ငါတို့လို ငှက်သားရဲလူသားတွေရဲ့တောင်ပံတွေက အရမ်းအားကောင်းတယ်၊ ဒါကြောင့် ငါတို့က အဝေးကြီးကို ပျံသန်းနိုင်တယ်၊ လူရှန်းဆိုတဲ့နေရာကို သိလား၊ အဲ့မှာ သစ်တောရှိတယ်၊ အထူးသဖြင့် အစိမ်းရောင်အမြစ်တွေနဲ့မှိုအများကြီးရှိတယ်၊ သားရဲငယ်တွေကတော့ ပျံသန်းသွားတာမျိုးမရှိသေးဘူး၊ ငါက အဲ့နေရာမှာ သွားတူးမှာ"
သားရဲငယ်များသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် သားရဲလူသားများထက် များစွာအားနည်းသလို သူတို့၏ပျံသန်းနိုင်စွမ်းကလည်း ညံ့ဖျင်းလေသည်။ သားရဲလူသားများသွားနိုင်သည့်နေရာများစွာကို သားရဲငယ်များက မသွားနိုင်ကြပေ။
ပိုင်ဝူသည် သူပြောပြသောနေရာအကြောင်းကိုသာ ကြားဖူးသော်လည်း တစ်ခါမျှ မရောက်ဖူးသေးပေ။
ထိုနေရာသည် အလွန်ဝေးကွာသော်လည်း သားရဲလူသားများသည် တစ်ကြိမ်တည်းဖြင့် ပျံသန်းနိုင်ကြသည်။ အကယ်၍ သူတို့သွားလိုပါက အချိန်အကြာကြီး ပျံသန်းရဖွယ်ရှိသည်။ ကံမကောင်းပါက တစ်နေ့တည်းနှင့် ပြန်မလာနိုင်လောက်ပေ။
ပိုင်ဝူသည် ထိုနေရာအကြောင်းကို အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ "အဲ့နေရာမှာ အစိမ်းရောင်အမြစ်တွေနဲ့ မှိုတွေ တကယ်ရှိတာလား"
"ဒါပေါ့၊ ဘယ်သူမှ မရောက်ဖူးပေမဲ့ တကယ်ရှားပါးတဲ့မှိုတွေရှိတယ်၊ ငါ အမဲလိုက်သွားတုန်းက မြေပြင်ပေါ်မှာ ပုပ်နေတဲ့မှိုအများကြီးကို တွေ့ခဲ့ရတယ်၊ ဝမ်းနည်းစရာပဲ"
ပိုင်ဝူသည် သာ့ဟူလူ ကြွားလုံးထုတ်နေသည်ဟု သံသယရှိလာခဲ့သည်။ "ဒါဆို ဘာလို့ နည်းနည်းလောက် ခူးမလာခဲ့တာလဲ"
သာ့ဟူလူသည် နှစ်ခါမျှရယ်၍ ပြောသည်။ "အစကတော့ ယွီကို ခေါ်သွားပြီး ကစားဖို့ စီစဉ်ထားတာ"
ယွီသည် လင်းယုန်မျိုးနွယ်စုမှ သားရဲငယ်ဖြစ်ပြီး သာ့ဟူလူနှင့်ချိန်းတွေ့နေသည့်အဖော်လည်းဖြစ်သည်။
ပိုင်ဝူသည် ထိုစကားကြားလိုက်သည်နှင့် ချက်ချင်းနားလည်သွားသည်။ ဤလူသည် ထိုကဲ့သို့သောမြေဆီလွှာကောင်းသည့်ရတနာသိုက်နေရာကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သူ၏အဖော်ကို ထိုနေရာတွင် ချိန်းတွေ့ရန်အတွက် ခေါ်ဆောင်သွားမည်ဟု စီစဉ်ထားခြင်းသာဖြစ်ရမည်။
ပိုင်ဝူသည် လှပသောသွားဖြူလေးများကိုမြင်ရသည်အထိ ပြုံးပြကာ "မနက်ဖြန်ကျရင် ငါ့ကိုပါ ခေါ်သွားမလား၊ ငါတို့ကော အတူလိုက်လို့ရတယ်မှတ်လား" ဟု မေးလိုက်သည်။
သာ့ဟူလူသည် ချက်ချင်း မပျော်မရွှင်ဖြစ်သွားရသည်။ "မင်း ရှီလင်းကို သွားမှာ မဟုတ်ဘူးလား"
"မင်းပဲ ရှီလင်းမှာ ကောင်းတာတွေ ဘာမှမရှိဘူးလို့ပြောခဲ့တယ်မဟုတ်ဘူးလား" ပိုင်ဝူ၏မျက်လုံးများသည် သာ့ဟူလူ ကိုင်ထားသောပန်းကန်လုံးပေါ်သို့ ကျရောက်သွားပြီးနောက် သူ၏မေးစေ့ကို အနည်းငယ်မြှင့်လိုက်ပြီး "ကောင်းတာတွေရှိရင်တောင် ဘာဖြစ်လဲ၊ မင်းတို့ ဒါတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြပါဘူး" ဟု ပြောလိုက်သည်။
-----