ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၁၃
သောကြာနေ့က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ရှစ်ပါးရတနာက A City လေဆိပ်ရောက် သည်နှင့် group chat ကို စာပို့သည်။
[ရဲဘော်တို့ရေ ငါရောက်ပြီဟေ့! အိမ်ပြန်ပြီး ရေချိုးခေါင်းလျှော်ရင်း အဝတ်လဲလိုက်ဦးမယ် ဒီည ထျန်းရှ မှာ တွေ့ရအောင်!]
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - OK
ချစ်စရာ ဆွိတီလေး - ငါ ဒီနေ့ညဆိုင်းဆင်းရမယ်။ မလာနိုင်တော့ဘူး (မျက်ရည်ကျ)
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင့်ကုမ္ပဏီက အချိန်ပိုဆင်းရတာကလည်း ငါတို့ဆုံဖို့ချိန်းတိုင်း တိုက်ဆိုင်နေရောပဲ
ချစ်စရာ ဆွိတီလေး - (မျက်ရည်ကျ) (မျက်ရည်ကျ) (မျက်ရည်ကျ)
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - @ ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း အဲ့တော့ ငါတို့နှစ်ယောက်ပဲ သွားမလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ရှမင်မင် လိုက်မလား မေးလိုက်ဦးမယ်
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - အေး...ကောင်းတယ်။ ငါသူ့ကို မတွေ့ရတာ ကြာလှပြီ။ အဲ့ ကလေး အရပ်ပိုရှည်လာလား။ ပိုချောလာသေးလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အရင်ကလို ပေါတောတောပဲ (ပြုံး)
ရှမင်မင် တစ်ယောက် အောက်ထပ်က Mr. ကျန်းက သူ့ကို အင်တာဗျူးဖြေဖို့ လိုက်ပို့ပြီးကတည်းက ရန်သူနဲ့ပူးပေါင်းသွားသည်ကို ရှဝေ့က ဂရုချက်ထဲကို ပြောမည်စိတ်ကူးဖြင့် “အောက်ထပ်က Mr. ကျန်း” ဟု စာရိုက်နေရင်းကနေ သတိရပြီး အပြေးအလွှားပြန်ဖျက်လိုက်ရသည်။ တော်သေးသည် စာပို့လိုက်မိလျင် Twiggy က စလို့ ဆုံးမည်မဟုတ်တော့ပေ။
ရှမင်မင် ကို ညနေ စားသောက်ဆိုင်လိုက်မလား စာပို့နေတုန်း ဆိုင်ထဲကို ကာစတန်မာ တစ် ယောက် ဝင်လာသည်။ ရှဝေ့လဲ 'ကြိုဆိုပါတယ်' ဆိုတဲ့စကားကို ကျင့်သားရစွာနဲ့ ပြောလိုက်သည်။ ပြောပြီးမှ မော့ကြည့်လိုက်တော့ ယဲ့ခိုင်ရဲ့ ညီမလေး ဖြစ်နေသည်။
ရှဝေ့ သူမကို မြင်လိုက်တော့ ရုတ်တရက် အားတုန့်အားနာဖြစ်သွားသည်။ ပြီးမှ ပြုံးပြလိုက်ရင်း "လက်သည်း ပြင်ဖို့လာတာလား"
မိန်းကလေးက "ဒီနေ့ မပြင်သေးပါဘူး.. ပြီးခဲ့တဲ့တစ်ခေါက်က ဆိုးဆေးကို လာဖျက်တာပါ"
"ကောင်းပါပြီ... ထိုင်ပါဦး" ရှဝေ့ သူမလက်ကို ဆေးလိုက်ပြီး သူမရှေ့မှာ ထိုင်လိုက်ရင်း "လက်သည်း ဆိုးဆေးပြန်ဖျက်တာက အခမဲ့ဝန်ဆောင်မှုပါရှင်"
"အမ်..ဟုတ် သိပါတယ်" မိန်းကလေးက သူမလက်ကို ရှေ့ထုတ်ပေးရင်း "ကျွန်မအစ်ကိုနဲ့ လမ်းခွဲလိုက်တာလားဟင်"
"..." ရှဝေ့ ခဏတိတ်ဆိတ်နေရင်း "လမ်းခွဲတာ မဟုတ်ပါဘူးရှင်"
"ကျွန်မအစ်ကို အိမ်ပြန်ရောက်လာပြီး ရက်တော်တော်များများ စိတ်ညစ်နေတယ်"
"အာ..အဆင်ပြေရဲ့လားဟင်"
"အခုတော့ ကောင်းနေပါပြီ" မိန်းကလေးက သူမကိုကြည့်ရင်း "ဘာလို့လမ်းခွဲလိုက်တာလဲဟင်။ သူက လိုအပ်ချက်တစ်ခုခု ရှိနေလို့လား"
"မဟုတ်ပါဘူးရှင်.. ကျွန်မ သူ့ကို သေချာပြောပြခဲ့ပါတယ်။ ချို့ယွင်းချက်ရှိနေတာက ကျွန်မပါ"
ရှဝေ့ ပြောတာနားထောင်ရင်း မိန်းကလေးလဲ တိတ်ဆိတ်သွားသည်။ သူမ ပြန်သွားတော့ ရှဝေ့လဲ စိတ်ပျက်လက်ပျက်နဲ့ သူမရဲ့ ပုဇွန်မွှေးပွရုပ်ကို ပွေ့ဖက်ရင်း ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ သူမ မွေးနေ့တုန်းက ရှစ်ပါးရတနာ ပေးထားသော လက်ဆောင်ဖြစ်သည်။ ဒါနဲ့ပဲ အဖော်ပြုနေတော့ဟု ဆိုကာ ပေးထားခြင်းဖြစ်သည်။ အစကတော့ သူမလဲ ရယ်မောနေမိသည်။ အခုတော့လဲ သူတို့ပြောတာ မှန်နေသည်ပဲလေ။
အိုက်ယား.... ဒီပုဇွန်လေးနဲ့ပဲ ဘဝကို ဖြတ်သန်းရတော့မယ်ထင်ပါရဲ့။
သူမအိတ်ထဲက ဖုန်းမြည်လာလို့ ထုတ်ကြည့်တော့ ရှမင်မင်က စာပြန်ထားသည်။ [လိုက်မယ်! ကျွန်တော် ထျန်းရှ စားသောက်ဆိုင်အကြောင်း ကြားဖူးနေတာကြာပြီ အတော်ဈေးကြီးတယ်ဆိုပဲ အလုပ်ကလဲ မရသေးဘူး။]
ရှဝေ့ - ငါဝယ်ကျွေးမှာပါ ဒါပေမယ့် ငါမှာပေးတာပဲ စားရမှာနော်
ရှမင်မင် - အိုကေပါ (^o^)
ရှဝေ့ - ဒီညနေ ၆ နာရီ ထျန်းရှ ဆိုင်ရှေ့က စောင့်နေ။ နင် ဆိုင်နေရာ သိတယ်မို့လား။
ရှမင်မင် - သိပါတယ်
ရှဝေ့ - (ပြုံးရင်းငို)
ဒီနေ့က သောကြာနေ့ဆိုတော့ စားသောက်ဆိုင်မှာ လူစည်မှာကို သတိရပြီး အပြေးအလွှား စာရင်းပေး လိုက်ရသည်။ သို့သော် သူမဆိုင်ကို ညနေ ၅ နာရီလောက်မှာ ကာစတန်မာတွေ ရောက်လာသဖြင့် သူမလဲ ညနေ ၆ ခွဲမှ စားသောက်ဆိုင်ကို ထွက်လာနိုင်ခဲ့သည်။ ရှစ်ပါးရတနာက စူပုတ်နေရောမည်။
ထျန်းရှ ကို ရောက်တော့ ရှစ်ပါးရတနာနဲ့ ရှမင်မင်က အခန်းထဲမှာ ထိုင်ရင်း ဖုန်းသုံးနေကြသည်။ "ဆောရီးပါဟယ်.. ဆိုင်က လူကျလာလို့ ထွက်လာလို့မရလို့ပါ" ရှဝေ့ တောင်းပန်လိုက်ရင်း "နင်တို့ မှာပြီးကြပြီလား"
ရှမင်မင် - "မှာပြီးပြီ အစ်မရောက်လာရင် ဟင်းပွဲတွေချပေးမယ်တဲ့ အစ်မ ဘာထပ်မှာချင်သေး လဲ" သူက သူမကို menu လှမ်းပေးလိုက်ရင်း "ကျွန်တော် ဈေးနှုန်းတွေ ကြည့်လိုက်တယ်။ အစ်မက ကျွန်တော့်အပေါ် တကယ်ကောင်းတဲ့ အစ်မပဲ"
"...နင် အလုပ်ရရင် ငါ့ကို ပြန်ဝယ်ကျွေးရမှာ"
"ကျွေးမှာပေါ့"
ရှစ်ပါးရတနာက သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်နေရင်း ရယ်သည်။ "ငါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘယ်လိုနေရလဲ သိလား။ စီမံကိန်းကြီးကြပ်သူက အလွန်ကပ်စေးနည်းတာဟ။ နေ့တိုင်း ငါတို့ နေ့လည် စာအတူစားရင်း ကုန်ကျစရိတ်မျှခံရတယ် ဒါတောင် ငါတို့က အများကြီးစားမှာစိုးရိမ်ပြီး ကောင်းကောင်း မမှာဘူး"
ရှဝေ့ - "..."
"အခုပြန်လာမှ ကောင်းကောင်းစားရမှာကို နင်က အကြာကြီးစောင့်ခိုင်းထားတယ်လေ"
"...ဆောရီးပါဟယ် နင် ပင်ပန်းတာသိပါတယ် ဒါပေမယ့် နင် ဝိတ်မကျသွားဘူးပဲ"
ရှစ်ပါးရတနာ - "..."
ရှဝေ့ နဲ့ သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်ရမလားတွေးနေဆဲ ဝိတ်တာလေးက အစားအသောက်များဖြင့် ဝင်လာသည်။ ရှဝေ့ သူတို့မှာထားတာတွေကို တစ်ချက်ကြည့်လိုက်ရင်း ထပ်မမှာတော့ဖို့ ဆုံးဖြတ် လိုက်သည်။ ဝိတ်တာလေးချပေးတဲ့ စားစရာတွေကို ကြည့်နေရင်း မျှော်လင့်ချက်လေးနဲ့ မေးလိုက်မိ သည်။"ပိုင်ရှင်သူဌေးချက်တဲ့ ဟင်းပွဲပါသေးလားဟင်"
ဝိတ်တာလေးက ပြုံးပြရင်း "မပါပါဘူးခင်ဗျာ..သူဌေးက ဒီနေ့တခြားဟင်းပွဲကို ချက်ပြုတ်ပါတယ်"
"အိုး..."ရှဝေ့ စိတ်ပျက်သွားသည်။ သို့သော်လည်း အရင်တစ်ခေါက်က သူဝယ်တဲ့ထီလက်မှတ် ပေါက် ဂဏန်းတစ်လုံးမှမတူတာ သတိရသွားတော့ စိတ်လျော့လိုက်သည်။ ရှစ်ပါးရတနာက သူမှာထားသည့် ကြက်ဥထမင်းကြော်ကို နည်းနည်းမြည်းကြည့်ရင်း "အိုး! တကယ့်ကို နှင်းဖြူခဲ ကြက်ဥထမင်းကြော် ပါလား။ အရသာရှိလိုက်တာ"
ရှဝေ့လဲ ဇွန်းယူပြီး နည်းနည်းမြည်းကြည့်လိုက်ရင်း "စားလို့ကောင်းတယ်... ဒါပေမယ့် သူဌေး ကိုယ်တိုင် ကြော်တုန်းက ပိုအရသာရှိတယ်"
ရှစ်ပါးရတနာလဲ အမြင်ကတ်ကတ်နဲ့ "နင် ဘက်လိုက်နေတာမို့လား"
"ဒါပေါ့" ရှဝေ့ ဒီစကားကို ပြောလိုက်သော်လည်း ကြက်ဥထမင်းကြော်ကို နောက်ထပ်ယူစားပြန်သည်။ ရှစ်ပါးရတနာက ထမင်းကြော်နောက်တစ်ဇွန်းစားပြီး စွပ်ပြုတ်တစ်ဇွန်းယူသောက်သည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း "ငါအခုမှ ပြန်လည်ရှင်သန်လာရသလိုပဲ။ အိုး..ဟုတ်သားပဲ။ ငါ မနက်ဖြန် နင့်ဆိုင်ကို လာမလို့။ ငါ့လက်သည်းပြင်ပေးဦး။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရတဲ့ဘဝက တကယ်စိတ်ပျက်စရာကောင်းတယ်။ ငါ့လက်သည်းလေး လှနေတော့ ငါ့ကိုယ်ငါ မိန်းကလေးဆိုတာ သတိရသေးတာပေါ့"
အဟွတ်...ဟွတ်.ဟွတ် ရှမင်မင် အစာစားရင်း သီးသွားသည်။
ရှစ်ပါးရတနာ သူ့ကို ချက်ချင်းမော့ကြည့်ရင်း "ဘာဖြစ်တာလဲ"
ရှမင်မင် ခေါင်းရမ်းပြီး ဇွန်းခရင်းကို ခေါက်လိုက်သည်။ "မဟုတ်..မဟုတ်ပါဘူး ဒီလိုဂုဏ်သရေရှိ အမျိုးသမီးနှစ်ယောက်နဲ့ ညစာစားခွင့်ရတာ ကျွန်တော်တကယ်ပဲ ဂုဏ်ယူစရာလို့ တွေးလိုက်မိလို့ပါ"
"နင်သိရင်ပြီးတာပဲ"
ရှဝေ့ ကြားဖြတ်ပြောလိုက်သည်။ "ဒီဂုဏ်သရေရှိအမျိုးသမီးတွေကို လှောင်ပြောင်ရင်တော့ ဒီနေ့စား ပွဲဝိုင်းကို နင် ပိုက်ဆံရှင်းရလိမ့်မယ်"
ရှမင်မင် - "..."
အသက် ၃၀ အရွယ်အမျိုးသမီးတွေက တကယ့်ကို ကြောက်စရာပါလား။ သူလဲ ကိုယ့်ကိုကိုယ် ကာကွယ် သည့်အနေဖြင့် စားပြီးတဲ့အထိ စကားတစ်လုံးမှ မပြောရဲတော့ပေ။ သူတို့ စားသောက်ပြီးလို့ ဓာတ်လှေကား နဲ့ပြန်ဆင်းလာတော့ စားသောက်ခန်းမထဲမှာ စားဖိုမှူးဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ လိုက်ရတယ် ရှဝေ့ ဘေးမှာရှိနေတဲ့ ရှမင်မင်က "အစ်မ.. ဟိုမှာကြည့်! အောက်ထပ်က Mr. ကျန်း မဟုတ်လား"
ရှဝေ့လဲ သူညွှန်ပြတဲ့ဆီကြည့်လိုက်တော့ ကျန်းကျစ်ကျိုးကို တွေ့လိုက်ရသည်။ သူက အမျိုးသမီး တစ်ယောက်ဘေးမှာ မတ်တပ်ရပ်ရင်း သူမနဲ့ စကားပြောနေခြင်းဖြစ်သည်။ ရှဝေ့ စပ်စုလိုစိတ် ဖြစ်သွားသည်။ သူမက သူ့ချစ်သူလား။ သူလို တစ်ယူသန်လူက ဒီလိုလှပတဲ့မိန်းကလေးကို ရှာနိုင်တယ်ပေါ့လေ။ အာ..ဟုတ်သားပဲ ရုပ်ရှင်ရုံမှာတုန်းက သူ့ဘေးမှာ ခုံလွတ်နေတယ်လေ သူမ မလာနိုင်တာဖြစ်မှာပေါ့..
"သူက ဒီက စာဖိုမှူးလား။ စာဖိုမှူးဝတ်စုံနဲ့ ကြည့်ကောင်းလှချည်လား"
ရှမင်မင်က ကျန်းကျစ်ကျိုးကို တအံ့တသြ ချီးကျူးသည်။ ရှစ်ပါးရတနာက ရှဝေ့ကို စိတ်ဆိုးသလိုကြည့်ရင်း "ဘုရားရေ...ဒါနင်ပြောပြောနေတဲ့ အောက်ထပ်က Mr. ကျန်း လား။ သူဒီလောက် ချောတာကို နင်ဘာလို့မပြောခဲ့တာလဲဟဲ့"
ရှဝေ့ - "..."
အဲ့အချိန်မှာပဲ ကျန်းကျစ်ကျိုးက ဘေးမှာ ပြောဆိုနေတဲ့သူတွေကို သတိထားမိသလို လှည့်ကြည့်လာသည်။ ရှမင်မင်က သူလှည့်ကြည့်တာမြင်တော့ ဝမ်းသာအားရ လက်ဝှေ့ယမ်းနှုတ်ဆက်သည်။ ကျန်းကျစ်ကျိုး ခဏကြောင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ နှုတ်ဆက်တာကို အသိအမှတ်ပြု သည့်အထာပေါ့လေ။ ရှဝေ့လဲ ရှမင်မင် ခေါင်းကို လှမ်းဆွဲပြီး ထျန်းရှ ဆိုင်က ထွက်ခဲ့သည်
"ဘာလဲဟင်.. ရှင့်အသိတွေလား" ဖန့်ဝမ်က ကျန်းကျစ်ကျိုးကို မေးသည်။ ကျန်းကျစ်ကျိုး သူ့ အကြည့်တွေကို ရုတ်သိမ်းလိုက်ရင်း "အင်း..အိမ်ယာဝင်းထဲက အိမ်နီးချင်းတွေပါ"
"အိုး..." ဖန့်ဝမ်က ဒီအိမ်နီးချင်းတွေအကြောင်း ဘာမှမသိထားဘူးလေ။ သူမ ကျန်းကျစ်ကျိုးကို ကြည့်နေရင်း "ကျွန်မ တောင်းပန်ပါတယ် ဒီည ဒီမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာလာစားတာ ကျွန်မတို့ မှာတဲ့ ဟင်းပွဲကို ရှင်ကိုယ်တိုင် ချက်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တိုက်ဆိုင်လိုက်တာနော် ကျွန်မ ဒီဆိုင်က မပြန်ခင် ရှင့်ကို တွေ့ချင်နေခဲ့တာ"
"အားလုံးက ကျွန်တော့် ဧည့်သည်တွေပဲလေ ကျွန်တော် ပေးရမယ့် ဝန်ဆောင်မှုပါ"
ဖန့်ဝမ် ခဏငြိမ်နေပြီးမှ "ရှင်ကိုယ်တိုင်ချက်ပြုတ်တဲ့ ဟင်းပွဲကို စားခွင့်ရတာ ကျွန်မအတွက် ကံ ကောင်းတာပါပဲ။ သွားလိုက်ပါဦးမယ်နော်"
ကျန်းကျစ်ကျိုး သူမထွက်သွားတာကို လိုက်ကြည့်ပြီးမှ ဆိုင်ထဲ ပြန်လှည့်လာခဲ့သည်။ ဒီနေ့ သူအိမ်ကို ပုံမှန်ထက် နောက်ကျပြီးမှ ပြန်ခဲ့သဖြင့် ကြောင်လေးကို စိတ်ပူနေမိသည်။ ကြောင်လေးက သူ့နှုတ်ခမ်း မွှေးညှပ်ခံလိုက်ရပြီးကတည်းက စိုးရိမ်ကြောက်လန့်နေပုံရသည်။ ဓာတ်လှေကားက ပထမထပ်မှာ ရပ် သွားတော့ အပြင်မှာ ရပ်စောင့်နေသော Miss ရှ ကို တွေ့ရသည်။ ရှဝေ့က ဓာတ်လှေကားထဲမဝင်ခင် ခဏရပ်နေမိသည်။ ကျန်းကျစ်ကျိုးက အိုးတိုးအမ်းတမ်း အခြေအနေကို ဖျက်ဆီးသောအနေဖြင့် စကားဆိုလိုက်သည်။ "တစ်ယောက်ထဲ ပြန်လာတာလား"
ရှဝေ့ - "အိုး..ကျွန်မသူငယ်ချင်းနဲ့ ကျွန်မက အပြင်မှာ ခဏ လျှေက်ကြည့်ကြသေးတယ် ရှမင်မင်က မလိုက်ဘဲ ပြန်နှင့်မယ်ဆိုပြီး ပြန်သွားလို့"
"သြော် အဲ့လိုလား"
အခြေအနေက ပြန်ပြီး တိတ်ဆိတ်သွားသည်။ ဒီတစ်ခါတော့ ရှဝေ့က စကားစလိုက်သည်။ "ရှင့်ကို ထျန်းရှ ဆိုင်က စားဖိုမှူးမှန်း မသိခဲ့ဘူး ရှင် လစာအများကြီးရမှာပေါ့နော်" လစာကောင်းလို့ ဒီလိုနေရာမှာ အခန်းဝယ်နိုင်တာပေါ့လေ။
ကျန်းကျစ်ကျိုး ခဏကြာမှ ပြန်ဖြေသည်။ "ထျန်းရှက စားဖိုမှူးတွေက လစာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆိုင်ပိုင်ရှင်ပါ"
ရှဝေ့ - "......"
အိမ်အမြန်ပြန်ပြီး group chat ထဲ စာပို့ချင်ဇောနဲ့ သူမ ဓာတ်လှေကားထဲက ဘယ်လိုထွက်လာမိလဲတောင် မမှတ်မိတော့ပေ။ မိုးနတ်မင်းကြီးရေ! အောက်ထပ်က Mr. ကျန်းက ထျန်းရှ ပိုင်ရှင် သူဌေးတဲ့!!!!
group chat ကို ဖွင့်လိုက်တော့ မဖတ်ရသေးသော မက်စေ့ ၁၀ စောင်တွေ့ရသည်။ သူမ ဖတ်ကြည့်လိုက် တော့ ရှစ်ပါးရတနာက Mr. ကျန်း ဘယ်လိုချောကြောင်း ချီးကျူးပြောဆိုထားတာ ဖြစ်နေသည်။
ချစ်စရာ ဆွိတီလေး - ရှစ်ပါးရတနာပြောတော့ ထျန်းရှ က စားဖိုမှူးဆို အခု သူဌေးဖြစ်သွားပြန်ပြီလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - သူကိုယ်တိုင်ပြောတာ! ထျန်းရှ သူဌေးကလဲ ဟင်းပွဲ ချက်တယ်မို့လား။ ငါတို့မြင်ခဲ့တုန်းက သူ ဟင်းပွဲချက်ပြီးထွက်လာတာဖြစ်မယ်။.စားဖိုမှူးဝတ်စုံဝတ်ထားတာက။
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဘာရယ်။ သူက တကယ်ကြီး ထျန်းရှ ပိုင်ရှင် သူဌေးလား။ လိမ်နေတာထင်တယ်...ဟုတ်တယ်မလား။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - လိမ်တာမဟုတ်ဘူးထင်တယ်။ သူက တအားချမ်းသာ တာဟ။ စားဖိုမှူးက အဲ့လောက်တော့ မရနိုင်ဘူးမလား။
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါအစောကတည်းက သိရင်.. နင်နဲ့အတူ လာနေပါတယ်ဟယ်
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - (ပြုံး)
5kg မကျရင် နာမည်မပြောင်း - group chat ကို ဖွင့်လိုက်တာ screen အပြည့် Mr. ကျန်း ချည်းပါလား. (ဂွတ်ဘိုင်)
ချစ်စရာ ဆွိတီလေး - (ပါးစပ်ကို လက်နဲ့ကွယ်ပြီး ရယ်)
ချစ်စရာ ဆွိတီလေး - အိုး..ဟုတ်သားပဲ..ထျန်းရှ ပိုင်ရှင်ငယ်ငယ်က ကလေးအချက်အပြုတ်ပြိုင်ပွဲ ဝင်ပြိုင်တာ ပထမရတယ်တဲ့ ပြိုင်ပွဲနာမည်တော့ မမှတ်မိတော့ဘူး
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ကလေးအရွယ်ဆိုတော့ ဘယ်လောက်ငယ်တဲ့အရွယ်လဲ....
ချစ်စရာ ဆွိတီလေး - သူ ကျောင်းသားအရွယ်လောက်က ဖြစ်မယ်။ ငါ့သူဌေးက ထျန်းရှ ဆိုင်မှာ စားရတာ တအားကြိုက်တာ။ အဲ့တုန်းကတော့ ထျန်းရှ ပိုင်ရှင်က နင်တို့ရဲ့ အောက်ထပ်က Mr. ကျန်း မဟုတ်ဘူး။ သူက အဲ့သူဌေးရဲ့သား ဖြစ်မယ်ထင်တယ်။ ငါငယ်ငယ်ကကြားဖူးတာတော့ သူက သူ့အဖေဆီက အချက်အပြုတ်သင်ယူခဲ့တာတဲ့။
ရှဝေ့ မျက်ခုံးနှစ်ဖက် နည်းနည်းမြင့်တက်သွားသည်။ အချက်အပြုတ်ပြိုင်ပွဲ...Chūka Ichiban များလား..