ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၁၂
ရှဝေ့လဲ Mr. ကျန်း ပြောတာနားထောင်ရင်း သက်ပြင်းချလိုက်သည်။ သူ့လက်ထဲက ကြောင်လေးကို ကြည့်လိုက်တာ့ သူ့အာရုခံမွှေးညှပ်ခံထားရတာ အဆင်မပြေဖြစ်နေပုံသည်။
"ကြောင်တွေက အကွာအဝေးကို တိုင်းတာဖို့ သူတို့ရဲ့ အာရုံခံမွှေးကို အသုံးပြုတယ်လို့ အွန်လိုင်းမှာ ဖတ်ဖူးတယ် အဲ့ဒါမရှိရင် အကွာအဝေးကို သေချာမသိနိုင်တော့ဘဲ မကြာခဏ ထိခိုက်မိကြတယ်တဲ့။ အဲ့ဒါ အမှန်ပဲလား" စိတ်ဓာတ်ကျနေတဲ့ပုံပေါ်နေတဲ့ ကြောင်လေးကို ကြည့်ရင်း ဒီသီအိုရီက မှန်နိုင်တယ်လို့ ရှဝေ့ တွေးနေမိသည်။
ကျန်းကျစ်ကျိုးလဲ အဲ့ဒါကို ကြားဖူးနားဝရှိသည်။ ကြောင်တွေက သားကောင်ကို အာရုံခံမွှေးအသုံးပြု၍ ဖမ်းလေ့ရှိကြောင်းပင်။ ကြောင်လေးကို ပွတ်သပ်ပေးနေရင်း "သူ့အာရုံခံမွှေး ပြန်ထွက်လာတဲ့အထိ သူ့ကို ကျွန်တော် ခေါ်ထားလိုက်မယ်"
ရှဝေ့ သူ့ကို အပြစ်တင်သလို ကြည့်ရင်း "ဒီကြောင်လေးကို ကျွန်မလဲ အစာကျွေးဖြစ်တယ်လေ။ ရှင့် အခန်းမှာ ထားမှ ဖြစ်မှာလား"
ကြောင်လေးက သူမကို ရန်လိုတဲ့ပုံမပြတော့ သူမက အစာကျွေးတဲ့သူဖြစ်နိုင်တယ်လို့ တွေးလိုက်ရင်း ကျန်းကျစ်ကျိုးက "မင်းက နေ့တိုင်း ဘယ်အချိန်မှာ အစာကျွေးတာလဲ"
"ည ၉ နာရီလေ ကျွန်မ အလုပ်က ပြန်လာရင် သူက တိုက် ၃ ရှေ့မှာ ကျွန်မကို စောင့်နေတတ်တယ်"
ကျန်းကျစ်ကျိုး - "ဒါဆို မင်းက ည ၉ နာရီတိုင်း သူ့ကို အစာလာကျွေးပေါ့"
...ဘာရယ်။
ရှဝေ့ - "ရှင်လို တစ်ယူသန် တစ်ဇွတ်ထိုးလူက ကြောင်လေးကို ခေါ်ထားရင် ဘာလုပ်မလဲ မသိနိုင်ဘူးလေ"
ကျန်းကျစ်ကျိုး နှဖူးကို နှစ်ချက်လောက်ကုတ်လိုက်ရင်း "ကျွန်တော်က ဘယ်လောက်များ ဆိုးဝါးနေလို့လဲ"
"အာ.. ရှင်က နှာဗူးပဲလေ။ ကျွန်မ အတွင်းခံကို ပြခိုင်းတယ်လေ"
Ding—
ပွင့်လာသော ဓာတ်လှေကားထဲတွင် ရှဝေ့ အခန်းဘေးက အိမ်ထောင်သည် မိန်းကလေးက အိုးတိုး အန်းတန်းပုံဖြင့် သူတို့ကိုကြည့်နေသည်။
ရှဝေ့ - "..."
ကျန်းကျစ်ကျိုး - "..."
မိန်းမငယ်လေးက ဖျစ်ညစ်ပြုံးလိုက်ရင်း "Mr. ကျန်း၊ Miss ရှ၊ good morning. "
"Good morning, ဟား ဟား..." ရှဝေ့လဲ ဇွတ်ပြုံးပြုံးလိုက်ရင်း နှုတ်ဆက်လိုက်သည်။ အခြားလူ တစ်ယောက်က လျှပ်စီးလို အလျင်ဖြင့် ဓာတ်လှေကားထဲ ဝင်လာသည်။ ကျန်းကျစ်ကျိုးနဲ့ ရှဝေ့လဲ ဓာတ်လှေကားထဲဝင်လိုက်သည်။ ဘာမှမဖြစ်သလိုပေါ့. ခဏနေတော့ ကျန်းကျစ်ကျိုးက စကားစလာသည်။ "ဒါဆို ကြောင်လိမ္မော်လေးကို ဘယ်မှာနေချင်လဲ ဆုံးဖြတ်ခိုင်းရအောင်"
ကြောင်လေးကို အောက်ချပေးလိုက်ပြီး "မင်းနေချင်တဲ့သူဆီ သွား"
ကြောင်လိမ္မော်လေးက ဘဝမှာဘာကိုမှ စိတ်မဝင်စားလို မလှုပ်မရှက် ထိုင်နေသည်။ သူ့အာရုံခံမွှေးမရှိ ခြင်းက သူ့ဘဝပျောက်ဆုံးသွားသကဲ့သို့ ပြုမူနေသည်။ ၁၈ ထပ်ရောက်ခါနီးတော့ ကြောင်လေးက အားမရှိသောဟန်ဖြင့် တစ်ချက်အော်လိုက်ရင်း ကျန်းကျစ်ကျိုး ဖက်ကို လှည့်ထိုင်သည်။
ရှဝေ့ - "..."
သူမ ကျန်းကျစ်ကျိုးကို မော့်ကြည့်ရင်း "ရှင် ကြောင်စာအတွက် ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးထားတာလဲ"
ကျန်းကျစ်ကျိုး - "..."
သူ ကြောင်လေးကို ပွေ့ယူလိုက်ရင်း "ကျွန်တော် တစ်ခါမှ ကြောင်မမွေးဘူးဘူး ဘာကြိုက်မှန်းမသိတာနဲ့ ဈေးအကြီးဆုံးပဲ ဝယ်ကျွေးခဲ့တာ"
ရှဝေ့ - "..." သူမ ရှုံးသွားပြီလေ။
ကြောင်ရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း "သူ့အာရုံခံမွှေး အညှပ်ခံထားရတော့ အနံ့ခံအာရုံ မကောင်းတော့ဘူးထင်တယ်။ နင် သူ့အခန်းမှာ သက်တောင့်သက်သာနေပေါ့။ တခြားကြောင်တွေဆီ သွားမနေနဲ့ဦး"
ကျန်းကျစ်ကျိုး - "..."
ယင်းအဖြစ်အပျက်ကြောင့် ရှဝေ့လဲ မနက် ၁၀ နာရီမှ ဆိုင်ရောက်တော့သည်။ ကံကောင်းသည်က ဆိုင်မှာ လူသိပ်မရှိပါ။ သူမ ဆံပင်ကို စည်းလိုက်ပြီး apron ဝတ်လိုက်သည်။ ဆိုဖာမှာထိုင်ရင်း မက်ဆေ့ချ်တွေ ဖတ်လိုက်သည်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဒီနေ့ အောက်ထပ်က Mr. ကျန်း အစာကျွေးနေတဲ့ ကြောင်လေးနှိပ်စက်ခံရတယ်။ သူက လုပ်တဲ့ ကလေးတွေနဲ့ မိဘတွေကို ရိုက်တော့မလိုဘဲ Ha-ha-ha- သူ့ကို အဲ့လိုမြင်ရတော့ ငါ ကျေနပ်သွားတယ် (ပြုံး)
ချစ်စရာ ဆွိတီလေး - နင့်ရဲ့ အောက်ထပ်က Mr. ကျန်း က လမ်းဘေးကြောင်ကို အစာကျွေးသတဲ့လား။ ထင်သလောက် မဆိုးဘူးပဲ
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင်လဲ ငါ့မောင်ရဲ့ လေသံအတိုင်းပါလား
ချစ်စရာ ဆွိတီလေး - (ပြုံးဖြီး)
ချစ်စရာ ဆွိတီလေး - လမ်းဘေးကြောင်ကို အစာကျွေးတာက စိတ်နှလုံးနူးညံ့တဲ့သူမို့လို့ ငါထင်တယ်လေ
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - မပြောနဲ့တော့။ ငါတော့ အန်ချင်လောက်အောင် ကြောက်နေတုန်းပဲ (ပြုံးရင်းငို)
5kg မကျရင် နာမည်မပြောင်း - ဒါဆိုဘာလဲ? ကျောင်းသူ ရှဝေ့ နင်သတိထားမိရဲ့လား အခု တလော နင် ငါတို့ကို အောက်ထပ်က Mr. ကျန်း အကြောင်းပဲ ပြောပြောနေတာကို
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - သေပါတော့ဟယ်။ ငါ့ကို မစကြပါနဲ့
5kg မကျရင် နာမည်မပြောင်း - နင်ပြန်ကြည့်ကြည့်လေ chat history မှာ အောက်ထပ်က Mr. ကျန်း ချည်းပဲ (ပြုံး)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - .......
ရှဝေ့ ရှာကြည့်တော့ သူတို့ပြောသလို ဖြစ်နေတော့ လန့်တောင်သွားသည်။
သူမ အခုတလော သူ့အကြောင်းပဲ ပြောဖြစ်နေတာပါလား။ အိုး... ဟုတ်တယ်လေ သူက စိတ်ပျက်စရာလူ ဖြစ်နေလို့ပေါ့
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အဲ့ဒါက သူဘယ်လောက်စိတ်ပျက်စရာလဲဆိုတာ ပြောပြတာလေဟယ်
5kg မကျရင် နာမည်မပြောင်း - အဲ့ဒါက နင် သူ့ကို ဘယ်လောက်စိတ်ဝင်စားနေလဲဆိုတာ သက်သေပဲ လေဟယ်! (နှာခေါင်းနှိုက်)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင် ငါ့ကို အဲ့လိုခြိမ်းခြောက်စရာလားဟဲ့ (ပြုံး)
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - သူငယ်ချင်းချစ်ဆုံးတို့ရေ.. ငါပြန်လာပြီဟေ့!!!
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင့်စီမံကိန်းပြီးပြီလား
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဘယ်ကလာ.. ငါ နားရက်နည်းနည်းရလို့ပါ။ ငါ သောကြာနေ့ မနက် လေယာဉ်နဲ့လာမယ် A City ကို နေ့ခင်းပိုင်း ရောက်မယ်။ ညနေတွေ့ရအောင်ဟေ့
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - တွေ့မယ်.. တွေ့မယ်.. တွေ့မယ်..
5kg မကျရင် နာမည်မပြောင်း - (ပြုံး) (ပြုံး) (ပြုံး)
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါ ထျန်းရှက ကြက်ဥထမင်းကြော်စားချင်တယ်
သူမပြောလိုက်သည်နဲ့ ရှဝေ့လဲ အရင်တစ်ခေါက်က စားရတဲ့ ကြက်ဥထမင်းကြော်ကို သတိရသွားသည်။ ကံဆိုးသည်က ဒီတစ်ခါတော့ ဒကာခံမည့်သူ မရှိပါ။ ကိုယ့်စားတာ ကိုယ်ရှင်းဆိုရင်တော့ နည်းနည်း ရင်နာရသည်လေ။ အိုး... ဟုတ်သားပဲ.. Mr. ကျန်းက ကြောင်လေးကို ခေါ်ထားတော့ သူမ ကြောင်စာဖိုး မကုန်တော့ဘူးလေ။ မဆိုးပါဘူး။
သူမ ညနေဖက် အိမ်ပြန်လာတော့ တိုက် ၃ လှေကားရင်းမှာ တွေ့နေကြ ကြောင်လေးကို သတိရသွား သည်။ စောင့်နေမယ့်သူမရှိသဖြင့် အထီးကျန်သွားသလို ဓာတ်လှေကားထဲဝင်လိုက်ရင်း ခလုတ်နှိပ်ဖို့ တွေဝေနေပြီးမှ ၁၉ ထပ်ကို နှိပ်လိုက်သည်။ Mr. ကျန်းက သူမကို ည ၉ နာရီ အစာလာကျွေးလို့ရသည် ဟုဆိုသော်လည်း သူ့အိမ်ကို သွားဖို့က မသင့်တော်ပါ။
ရှဝေ့ နှစ်ရက်လောက် သည်းခံပြီးနောက်တော့ မနေနိုင်တော့တဲ့အဆုံး group chat ထဲကို စာပို့ လိုက် သည်။
[ဟဲ့.. ငါအစာကျွေးတယ်ဆိုတဲ့ ကြောင်လေးလေ ငါဓာတ်ပုံတောင် ပို့ဖူးတယ်လေ။ အဲ့ကြောင်လေးက နှိပ်စက်ခံရတော့ သူ့ကို အောက်ထပ်က Mr. ကျန်း က သူ့အခန်းခေါ်ထားတယ်]
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဘီစကစ်လို ဝိုင်းဝိုင်းလေးလား
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ......
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဘယ်လိုနှိပ်စက်ခံရတာလဲ
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ကလေးစုတ်လေး နှစ်ကောင်က နှုတ်ခမ်းမွှေးညှပ် သွားတာလေ။ ငါပြောချင်တာ အဲ့ဒါမဟုတ်ဘူးဟဲ့ ကြောင်လေးကို Mr. ကျန်းက ခေါ်ထားတော့ ငါ သွားပြီး တွေ့သင့် မတွေ့သင့် စဉ်းစားနေတာ
ချစ်စရာ ဆွိတီလေး - နင်တို့က ရေစက်ပါတာပဲ။
5kg မကျရင် နာမည်မပြောင်း - အောက်ထပ်က Mr. ကျန်းက ပါလာပြန်ပြီ
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - .....
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - သူခေါ်ထားတာဆို နင်က ဘာစိတ်ပူနေတာလဲ။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - Mr. ကျန်းက လူကောင်းမဟုတ်ဘူးလေ။ ငါစိတ်ပူတာပေါ့!
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါ့အထင်တော့ Twiggy ပြောတာမှန်တယ်။ နင်က Mr. ကျန်းကို တွေ့ချင်နေတာမို့လား
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ......goodbye
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - Mr. ကျန်းက ချောလား။ နင့်မှာ ဓာတ်ပုံရှိလား။
ရှဝေ့ ချက်ချင်းပဲ group chat က ထွက်လိုက်သည်။ သူမ ခဏနေတော့ အခန်းထဲကထွက်ပြီး ရှမင်မင် အခန်းတံခါးခေါက်လိုက်ရင်း "ရှမင်မင်ရေ နင်အိပ်နေတာလား"
"မအိပ်ပါဘူး " ရှမင်မင် ထလာပြီး တံခါးဖွင့်ပေးသည်။ "ဘာလဲ"
ရှဝေ့ - "အောက်ထပ်က Mr. ကျန်း အစာကျွေးတဲ့ကြောင်လေးကို မှတ်မိလား။ တကယ်တော့ ငါလဲ အဲ့ကြောင်လေးကို အစာကျွေးဖြစ်တယ်"
ရှမင်မင် ခဏငြိမ်နေလိုက်ပြီးမှ နားလည်သလို ခေါင်းညိတ်ပြသည်။ သူ့အစ်မအခန်းမှာလဲ ကြောင်စာထုတ်တွေ့မိတယ်လေ။ "ကြောင်လေးက တကယ်တော်တာပဲ အဲ့ဒါကြောင့် ဝတုတ်နေတာပေါ့"
"အရင်ရက်ပိုင်းက သူ့နှုတ်ခမ်းမွှေးညှပ်ခံလိုက်ရတယ် အဲ့ဒါနဲ့ Mr. ကျန်းက သူ့အခန်းမှာ ခေါ်ထားတယ် ငါသွားကြည့်ချင်တာ မိန်းကလေးဖြစ်နေတော့ သူ့အခန်းသွားဖို့ မသင့်တော်လို့"
ရှမင်မင်လဲ အခုမှ သဘောပေါက်သွားသလို "အိုး......ကျွန်တော် လိုက်ခဲ့ပေးရမလား"
"အမ်း... နင်က ကြောင်လေးကို တွေ့ချင်လို့လို့ပြောလေ"
"ဟမ်......."
ရှမင်မင်ကို ခေါ်ပြီး ရှဝေ့ အခန်း 1808 က လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ အိမ်နေရင်းအဝတ်နဲ့ ထွက်လာသည့် ကျန်းကျစ်ကျိုးက အခုမှ ရေချိုးပြီးစလို ဆံပင်က ရေစိုနေသည်။
တံခါးအပြင်က မောင်နှမနှစ်ယောက်ကို မြင်တော့ ကျန်းကျစ်ကျိုး နည်းနည်းလန့်သွားသည်။ "မင်းတို့က ကြောင်စာကျွေးဖို့လာတာလား"
ရှမင်မင်လဲ ကြောင်လေးကို တစ်ချက်ကြည့်ရင်း သူ့ဘေးမှာရပ်နေတဲ့ ရှဝေ့ကို လက်ညွှန်ပြ လိုက်သည်။ ပြီးမှ အိမ်မွေးတိရိစ္ဆာန်လေးလို ပြုံးပြသည်။
"ဝင်ခဲ့ပါ" ကျန်းကျစ်ကျိုးက အိမ်နေရင်းစီးဖိနပ် နှစ်ရံထုတ်ပေးလိုက်ပြီး ဝင်လို့ရအောင် ဘေးကပ်ရပ်နေ ပေးသည်။ ရှဝေ့ သက်ပြင်းတစ်ချက်ချရင်း ဖိနပ်လဲစီးရင်း အထဲကို ဝင်လိုက်တော့ ကြောင်လေးကို ဝရံတာဖက်မှာ တွေ့လိုက်ရသည်။ ကြောင်လေးက ဝရံတာမှာ ကာထားသော မှန်ထဲက သူ့ပုံရိပ်ကို ငေး ကြည့်နေသည်။ ပုံစံက ငေးငိုင်လျက်ပင်။
"ဘာဖြစ်နေတာလဲဟင်.. သူ့နှုတ်ခမ်းမွှေးက ပြန်ထွက်မလာသေးဘူးလား"
"အမ်း...ပြီးခဲ့တဲ့နှစ်ရက်လုံး သိပ်မလှုပ်ဘူး။ အဲ့နားမှာပဲဝပ်နေရင်း သူ့ကိုယ်သူကြည့်နေတာပဲ"
ရှဝေ့ - "..."
ကြောင်လေးက သူ့ရဲ့ချောမောတဲ့မျက်နှာလေး ပျက်စီးသွားသလို စိတ်ပျက်လက်ပျက်ဖြစ်နေပုံပါ။ ရှမင်မင်က နီးနီးမကပ်ရဲဘဲ ကြောင်လေးကို အဝေးကကြည့်နေသည်။ "Ha-ha သူ့နှုတ်ခမ်းမွှေးက တကယ်ကို ကတ်ကြေးနဲ့ညှပ်ခံထားရတာပဲ ကြည့်ရတာ ရယ်စရာလေး"
ကြောင်လိမ္မော်လေး - "..." ကြောင်လေးပုံစံက ပိုပြီးစိတ်ညစ်သွားသလိုပါ။ ရှဝေ့က လျှောက်သွား လိုက်ပြီး နှစ်ချက်လောက် ပွတ်သပ်ပေးလိုက်သည်။ ဒါကလဲ သူ့ကို စိတ်ပြေစေမည် မဟုတ်ပါ။
ကျန်းကျစ်ကျိုးလဲ ဘေးမှာ ရပ်နေရင်း "အိုး...ဟုတ်သားပဲ လေလွင့်ကြောင်တွေကို ဆေးထိုးဖို့ကိစ္စလေ။ တိုက်ခန်း စီမံခန့်ခွဲရေးအဖွဲ့က တိရိစ္ဆာန်ဆေးကုဆေးရုံကို ဆက်သွယ်ပြီးပြီလို့ပြောတယ် ဆေးရုံက အခမဲ့ဆေးထိုး ပေးမယ်တဲ့"
ရှဝေ့ ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်ရင်း "အိုး.. ကောင်းလိုက်တာ ကျွန်မလဲ အွန်လိုင်းမှာ ရှာကြည့် သေးတယ် ကြောင်မလေးတွေက သန္ဓေတားဆေးထိုးဖို့ ဈေးကြီးတယ်တဲ့" သူမပြောပြီးမှ သတိရသွားဟန်နဲ့ "ဟမ့် ဒါပေမယ့် ရှင်က ငွေရှင်ကြေးရှင်ပဲလေ ကိစ္စမရှိပါဘူး"
ကျန်းကျစ်ကျိုးလဲ “ငွေရှင်ကြေးရှင်” ဆိုတဲ့စကားကို ဘာမှမပြောဘဲ နေလိုက်သည်။ "ဒါပေမယ့် ဒီ ကြောင်တွေအားလုံးကို ဖမ်းဖို့က မလွယ်ဘူးလေ တိုက်ခန်းစီမံခန့်ခွဲရေးက ဒီအိမ်ယာနေတဲ့ ကြောင်စာ ကျွေးသူတွေကို အကူအညီတောင်းဖို့ စဉ်းစားနေတယ်"
"ကောင်းတာပေါ့ အကူအညီလိုရင် ကျွန်မကို ခေါ်လေ” သူမက ကြောင်လေးကို ကြည့်နေရင်း ပြောလိုက်သည်။ "ဒါပေမယ့် လိမ္မော်သီးလေးက နှုတ်ခမ်းမွှေးဆုံးရှုံးထားရတဲ့အထဲ ဝှေးသင်းခံရရင် အတော်စိတ်ထိ ခိုက်သွားမယ်ထင်တယ်"
ရှမင်မင် - "..."
ကျန်းကျစ်ကျိုး - "..."
သူလဲ ကြောင်တွေ သန္ဓေတားခြင်းကို အင်တာနက်မှာ လေ့လာဖူးသည်။ ကြောင်လေးတွေက သန္ဓေတားခံ လိုက်ရလျင် စိတ်မတည်ငြိမ်ဖြစ်တတ်ကြောင်း သတိထားမိသည်။ ကြောင်လိမ္မော်လေးတော့ နှစ်ခါနာဖြစ်တော့မှာပဲ။
"သူ့နှုတ်ခမ်းမွှေး ထွက်လာတဲ့အချိန်ထိ ထားပြီးမှ သန္ဓေတားအစီအစဉ်လုပ်ရင်ရော" ကျန်းကျစ်ကျိုးက အဆိုပြုလိုက်သည်။
ရှဝေ့ ခေါင်းညိတ်လိုက်ရင်း "အမ်း.. သူ့စိတ်အခြေအနေမကောင်းသေးဘူးထင်တယ် ဖြည်းဖြည်းမှ လုပ်တာ ကောင်းပါတယ်"
ရှမင်မင်လဲ သူတို့နှစ်ယောက်ကို ကြည့်နေရင်း ရုတ်တရက် "အစ်မတို့နှစ်ယောက်က ကိုယ့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ တိုင်ပင်နေတဲ့ လင်မယားနဲ့တူနေသလိုပဲ"
ရှဝေ့ - "..."
ကျန်းကျစ်ကျိုး - "..."
"သွားစို့" ရှဝေ့လဲ ရှမင်မင် စိတ်ဆိုးမာန်ဆိုးနဲ့ ဆွဲခေါ်ပြီး ကျန်းကျစ်ကျိုး အခန်းက ပြန်ခဲ့သည်။