ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၁၁
ရှဝေ့က သူမစောပြီး အိမ်ကထွက်လျင် Mr. ကျန်း နဲ့တွေ့နိုင်သည်ကို သိထားသဖြင့် နောက်ကျမှ ထွက်ခဲ့လိုက်သည်။ ထူးထူးဆန်းဆန်းပဲ သူနဲ့မဆုံဖြစ်တာ နှစ်ရက်လောက်ရှိသွားသည်။ သူလဲ အလုပ်သွားချိန် ပြောင်းလိုက်ပုံရသည်။
ညနေခင်း ဆိုင်က ပြန်လာတော့ တိုက်တံခါးအဝင်ဝမှာ သူမကို စောင့်နေသော လိမ္မော် ရောင်ကြောင်လေးကို တွေ့လိုက်ရသည်။ သူမအိတ်ထဲက ကြောင်စာထုတ်ကို ထုတ်ကျွေးလိုက် ပြီး အစာစားနေတာကို ထိုင်ကြည့်ရင်း ဝတုတ်ပြဲ ကိုယ်လုံးကို ဖြစ်ညှစ်လိုက်သည်။
"အာ.. လိမ္မော်သီးလေး နင် ပိုဝလာတယ်မို့လား။ နင်သာ အထီးလေး မဟုတ်ရင် ဗိုက်ကြီးနေတယ် ထင်မိမှာ"
မြောင် ~ ကြောင်လေးက အမွှေးတွေ ဖွလိုက်ရင်း အော်သည်။ ရှဝေ့လဲ ကြောင်လေးရဲ့ မေးစေ့ကို ပွတ် သပ်ပေးရင်း ကြည့်နေမိသည်။
"နင် ဒီအိမ်ယာဝင်းက လူဘယ်နှစ် ယောက်ကို ဆွဲဆောင်ထားတာလဲ။ နင်ကောင်းကောင်းစားနေရတာပဲ" ဒီကိုယ်လုံးက လမ်းဘေးကြောင်နဲ့ မတူဘဲ သူဌေးသားက မွေးထားတဲ့ အိမ်မွေးကြောင်လိုပဲလေ ဝဖီးလုံးကစ်နေရော။ ရှဝေ့ ပွတ်သပ်ပေးတာ ရပ်လိုက်ပြီး တိုက်ပေါ်တက်ခဲ့ သည်။
အခန်းရောက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ သူ့ laptop နဲ့ ဂိမ်းကစားနေသော ရှမင်မင်က ရှဝေ့ကို မြင်လျှင် "အစ်မ... ပြန်လာပြီ~"
"အမ်း.." ရှဝေ့ ဖိနပ်လဲလိုက်ပြီး သူ့ဆီလျှောက်သွားလိုက်သည်။ "ဒီနေ့ interview ဘယ်လိုလဲ"
"အခြေအနေကောင်းတယ်.. သူတို့က သုံးရက်အတွင်း SMS (စာတိုပေးပို့စနစ်) နဲ့အကြောင်းကြားမယ် ပြောတယ်..Oh.. ကျွန်တော် မနက်ဖြန်ညနေ နောက်ထပ် interview တစ်ခု ဖြေရမယ်" ပြောနေရင်း ရုတ်တရက် ခေါင်းမော့ကြည့်ပြီး "ဒီမနက် ကျွန်တော် Starlight General Merchandise ကို အင်တာဗျူး သွားဖြေတော့ ဘယ်သူလိုက်ပို့တယ်ထင်လဲ"
ရှဝေ့ - "မြေအောက်ရထားမောင်းတဲ့သူလား"
"...အောက်ထပ်က Mr. ကျန်း လိုက်ပို့ပေးတာ"
ရှဝေ့ လန့်ဖြန့်သွားပြီး မျက်ခုံးပင့်လိုက်ရင်း "သူက နင့်ကို ဘာလို့လိုက်ပို့တာလဲ။ နင်နဲ့ ဘယ်လိုလုပ် ခင်သွားတာလဲ"
"မနေ့က ကိစ္စကို တောင်းပန်တဲ့အနေနဲ့ လမ်းကြုံလို့ ခေါ်သွားတာတဲ့"
"အာ..သူက အဲ့လောက် သဘောကောင်းလို့လား။ တစ်ခုခုတော့ တစ်ခုခုပဲ"
"မဟုတ်တာတွေ တွေးမနေပါနဲ့... တကယ်ဆို သူက သဘောကောင်းပါတယ်"
ရှဝေ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ရှမင်မင်ကို ကြည့်လိုက်ရင်း "သူက နင့်ကို ဘယ်လို ပြုစားလိုက်တာလဲ။ နင် သူနဲ့တွေ့တာ မကြာသေးဘဲ ဘာလို့ သဘောကောင်းတယ်ပြောနေတာလဲ"
သူမက ဒီသွေးအေးသတ္တဝါကို သိလာတာ တစ်နှစ်ခွဲရှိပြီလေ။
ရှမင်မင် - "ဒီမနက်အစော ကျွန်တော့်ကို သူလိုက်ပို့မယ်ပြောလို့ ကားပါကင်လိုက်သွားတော့ သူက လမ်းဘေးကြောင်လေးကို အစာကျွေးနေတာ တွေ့ခဲ့တယ်လေ။ အဲ့လိမ္မော်ရောင်ကြောင်လေးက ဝတုတ်နေရောပဲ။ ကြည့်လိုက်တာနဲ့ ကောင်းကောင်းကျွေးထားတာ သိသာတယ်"
ရှဝေ့ - "......"
ဒီအိမ်ယာဝန်းကျင်မှာ လမ်းဘေးကြောင်တွေ အများကြီးလေ။ လိမ္မော်ရောင် ဝတုတ်ကြောင်က တစ်ကောင်ထက် ပိုနိုင်တယ်မို့လား။ ဒီလိမ္မော်ရောင်ကြောင်ကို သူမက အခုလေးတင် “Little Sweetie” လို့ ခေါ်နေသေးတာလေ။ လက်စသတ်တော့ သူက မျက်စိတစ်မှိတ်အတွင်းမှာ ရန်သူနဲ့အချိတ်အဆက် ရှိနေတာပါလား။
အတွေးတွေက ဘေးချော်ကုန်ပြီ။ အဲ ဘာတဲ့.. ဟိုသွေးအေးသတ္တဝါ Mr. ကျန်းက လမ်းဘေးတိရိစ္ဆာန် လေးတွေကို အစာကျွေးသတဲ့လား။ ဟုတ်သားပဲ.. သူက ဟိုတစ်ခါ ရုပ်ရှင်ရုံမှာ ခွေးလေးတွေအကြောင်း ရုပ်ရှင်ကို လာကြည့်တာပဲ။ အောက်ထပ်က Mr. ကျန်းက တကယ်တော့ တိရိစ္ဆာန်ငယ်လေးတွေကို နှစ်သက်ပုံရသည်။ အဲ့လိုလူကိုတော့ သူမလဲ သဘောကျပါသည်။
"အစ်မ ဘာဖြစ်နေတာလဲ" ရှမင်မင်င ရှဝေ့ အတွေးလွန်နေတာ မြင်တော့ သူမဘမျက်နှာရှေ့ လက်ဝှေ့ယမ်းပြီး ပြောလာသည်။
"ဘာမှမဟုတ်ဘူး နင့်ဘာသာ ဂိမ်းပဲဆော့နေ" ရှဝေ့ သူ့လက်ကို ပုတ်ချလိုက်ပြီး သူမအခန်းဖက် လျှောက်သွား၏။ နောက်တစ်နေ့ ကျန်းကျစ်ကျိုး အခန်းက ထွက်လာတော့ ကြောင်လိမ္မော်လေးကို သူ့ ကားဘေးမှာ မတွေ့သဖြင့် မျက်မှောင်ကျုံ့သွားသည်။ သူ ၁၅ မိနစ်စောထွက်လာရင်တောင် ကြောင်လေးက အချိန်စောတယ် နောက်ကျတယ်လို့ သိမှာမဟုတ်ဘူးလေ။
သူက ၁၀ မိနစ်စောထွက်လာလို့ ကြောင်လေး မရှိသေးတာ မဟုတ်လောက်ဘူးမို့လား။ ပြီးခဲ့တဲ့ရက်တွေ ကလဲ သူဘယ်အချိန်ပဲ ဆင်းလာလာ ကြောင်လေးက ရှိနေတာပဲလေ။ ကျွေးတဲ့သူရှိမှ စားရတဲ့ လမ်းဘေး ကြောင်လေးက အစာစားချိန်မှာ အစရှာမရဖြစ်နေတာက မရိုးသားဘူးမို့လား။ သူ ခဏစဉ်းစားပြီး ကားဂို ထောင် ပတ်ဝန်းကျင်ကို ရှာလိုက်သည်။
ကားဂိုထောင်အပြင်က ပန်းခင်းထောင့်ကို ဖြတ်လျှောက်လာ တော့ သူ့နားထဲ ကြောင်အော်သံ စူးစူးရှရှကို ကြားလိုက်ရသည်။ ကျန်းကျစ်ကျိုး မျက်ခုံးမြင့်တက်သွား ရင်း အသံကြားတဲ့ဆီ ပြေးသွားလိုက်သည်။ သူရောက်တော့ ကျောပိုးအိတ်လွယ်ထားတဲ့ ကောင်လေး နှစ်ယောက်က ကြောင်လိမ္မော်လေးကို ကိုင်ထားသည်။ တစ်ယောက်ရဲ့ လက်မှာက ကတ်ကြေးနဲ့... ကြောင်လေးက သူ့ရှိသမျှခွန်အားနဲ့ ရုန်းကန်နေသော်လည်း သူတို့လက်က မလွတ်နိုင်ဘူးဖြစ်နေသည်။
"မင်းတို့ ဘာလုပ်နေတာလဲ အခု" ကျန်းကျစ်ကျိုး သူတို့ဆီ လျှောက်သွားပြီး ကြောင်လေးကို ဆွဲယူ လိုက်သည်။ ကြောင်လေးက စိတ်လှုပ်ရှားပြီး သူ့အမြီးကို မရပ်တန်းလှုပ်ခါနေသည်။ သူပွေ့ထားတော့မှ တစ်ဖြည်းဖြည်းနဲ့ ငြိမ်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတော့ မရှိပါ။ သို့သော် သူ့ရဲ့ ဘယ်ဖက်က ဥမင် (အာရုံခံအမွှေး) မရှိတော့ပါ။ တရားခံလက်နက်က ကောင်လေးလက်ထဲကိုင်ထားတဲ့ ကတ်ကြေးဖြစ်ရမည်။
လူကြီးရောက်လာတော့ မကောင်းဆိုးဝါးလေး နှစ်ကောင်က ကတ်ကြေးကို ပစ်ချခဲ့ပြီး ထွက်ပြေးဖို့ ကြိုး စားသည်။ ကျန်းကျစ်ကျိုးလဲ သူတို့ထဲက တစ်ယောက်ရဲ့ ကျောပိုးအိတ်ကို ဆွဲပြီး မြှောက်လိုက်သည်။ ကျန်တဲ့တစ်ယောက်လဲ ဝေးဝေးမပြေးနိုင်ဘဲ လမ်းပိတ်ခံလိုက်ရ၏။
ရှဝေ့ တိုက် ၃ ကထွက်လာတော့ ပန်းခင်းဖက်က ကြောင်အော်သံကြားလိုက်ရသည်။ ကြောင်အော်သံက ရိုးရိုးမဟုတ်ဘဲ ကြောက်လန့်တကြား အော်သံဖြစ်နေသဖြင့် ပြေးလာခဲ့တော့ သူမဖက် ဦးတည်ပြေးလာတဲ့ ကောင်လေးနဲ့ တိုက်မိသည်။ သူမ ဖယ်မပေးဘဲ နေလိုက်သည်။
ကျန်းကျစ်ကျိုး အော်ပြောလိုက်သည်။ "သူတို့ ကြောင်ရဲ့ အာရုံခံမွှေးကို ကတ်ကြေးနဲ့ ညှပ်သွားတယ်။ ထွက်မပြေးစေနဲ့"
ရှဝေ့ သူ့လက်ထဲက ကြောင်ကို ကြည့်လိုက်တော့ သူမ အစာကျွေးနေတဲ့ ကြောင်လိမ္မော်လေးပါလား။ သူမ ကောင်လေးကို ကော်လံစကနေ ဆွဲမလိုက်သညယ "နင့် လက်မှုပညာ သိပ်ကောင်းနေရင် နင့်အိမ်က စက္ကူတွေ ထိုင်ညှပ်နေပါလားဟဲ့။ ဘာလို့ ကြောင်ရဲ့ အာရုံခံမွှေးကို ညှပ်ရတာလဲ။ ပြောစမ်း နင် ဘယ်သူ့ သားလဲ"
ကောင်လေးကလဲ အသေသာခံသွားမယ် မပြောဘူးဆိုတဲ့ပုံနဲ့ ပါးစပ်ကို စေ့ပိတ်ထားသည်။ ကျန်းကျစ်ကျိုးလဲ သူ့လက်ထဲက ကလေးကို မေးလိုက်သည်။ သူကလဲ မဖြေပါ။
"မင်းတို့က မဖြေတော့လဲ တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့ကိုပဲ ခေါ်သွားရမှာပေါ့။ မင်းတို့မိဘတွေ လာခေါ်ခိုင်း လိုက်မယ်" ကျန်းကျစ်ကျိုး သတိပေးသလို ခြိမ်းခြောက်လိုက်သည်။ သူ ကလေးနှစ်ယောက်ကို တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့ဆီ တကယ်ခေါ်ခဲ့လိမ့်မည်ဟု ရှဝေ့ မထင်ခဲ့မိပေ။ သူမ ကြောင်လိမ္မော်လေးကို ပွေ့ချီ ပြီး သူတို့နောက်က လိုက်ခဲ့သည်။
တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့က မိန်းကလေးက အခန်း 1808 ပိုင်ရှင် Mr. ကျန်း နဲ့ အခန်း 1908 က Miss ရှ ကို အတူတွေ့လိုက်တော့ ကမ္ဘာကြီးတစ်ခုလုံး ရပ်ဆိုင်းသွားသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်က သူမကို ကြောင်လိမ္မော်လေးနဲ့ ကလေးနှစ်ယောက်ကို လွှဲအပ်လိုက်ကြသည်။
"Mr. ကျန်း နဲ့ Miss ရှ ရှင် ဘာဖြစ်တာလဲ မေးလို့ရမလားရှင်" တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့က မိန်းကလေးက ကြိတ်မှိတ်ပြုံးပြရင်း မေးသည်။
ကျန်းကျစ်ကျိုး - "ဒီကလေးနှစ်ယောက် ဒီအိမ်ယာနားမှာ နေနေတဲ့ ကြောင်ရဲ့အာရုံခံမွှေးကို ကတ် ကြေးနဲ့ ညှပ်လိုက်တယ်။ သူတို့မိဘတွေက ဘယ်သူတွေလဲ မေးတော့ မဖြေကြဘူး။ ဒါ့ကြောင့် ခေါ်လာခဲ့ တာ.... သူတို့မိဘတွေကို ဆက်သွယ်ပေးပါ "
တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့ - "..."
ဒီနေရာကို မူကြိုကျောင်းများ ထင်နေလားမသိပေ။ တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့က ဒီလိုကိစ္စကအစ လိုက်ဖြေ ရှင်းပေးနေရမှာတဲ့လား။ အံ့သြပါ့ဟယ်။ သူတို့ကို တကယ်ပဲ ဆဲဆိုချင်စိတ်ပေါက်လာသည်။ ထိုအချိန်၌ ရှဝေ့က ရုတ်တရက်ဆိုသလို သူမ ကောင်တာပေါ်ကို ကတ်ကြေးတစ်လက်ချပေးသည်။
တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့က မိန်းကလေးက နွေဦးကာလထက် နွေးထွေးတဲ့ အပြုံးလေးဖြင့် "Miss ရှ ရှင်..ဒါက..."
ရှဝေ့ - "အဲ့ဒါ တရားခံလက်နက်လေ"
တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့ - "..."
တိုက်ခန်းစီမံခန့်ခဲရေးအဖွဲ့က ဆက်သွယ်ပေးသဖြင့် ကောင်လေးနှစ်ယောက် မိဘတွေ အပြေးအလွှား ရောက်လာကြသည်။ ကောင်လေးနှစ်ယောက်က မိဘတွေကို မြင်တော့အပြေးသွားဖက်ကြသည်။
"ဖေဖေ"
"မေမေ"
မိဘတွေက တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့ကို မကျေမနပ်မေးကြသည်။ "ဒါက ဘာဖြစ်ရတာလဲ။ ကျွန်တော် တို့ ကလေးတွေကို ဘာလို့ ခေါ်ထားတာလဲ"
တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့က မိန်းကလေးက ရင်ခုန်သံနည်းနည်းမြန်သွားသည်။ ချက်ချင်းဆိုသလို "မဟုတ် မဟုတ် မဟုတ်ပါဘူးရှင် ကျွန်မတို့က ဖမ်းထားတာ မဟုတ်ပါဘူး.. ဒီက Mr. ကျန်း နဲ့ Miss ရှက ကလေးတွေရဲ့မိဘတွေကို ဆက်သွယ်ပေးပါဆိုလို့ပါ။ ကလေးတွေက ကြောင်ရဲ့အာရုံခံမွှေးကို ကတ်ကြေးနဲ့ ညှပ်လိုက်ကြလို့ပါတဲ့ရှင် "
" ကြောင်ရဲ့ အာရုံခံမွှေးကို ကတ်ကြေးနဲ့ ညှပ်လိုက်တယ် ဟုတ်လား" ကလေးတစ်ယောက်ရဲ့ အမေက ကျန်းကျစ်ကျိုးနဲ့ သူ့လက်ထဲက ကြောင်ကို ကြည့်လိုက်ရင်း ကြောင်ရဲ့ အာရုံခံမွှေးညှပ်ခံထားရတာ သတိပြုမိသွားသည်။ "ဒါက လမ်းဘေးကြောင်ပဲ မဟုတ်လား။ ဘာမဟုတ်တဲ့ကိစ္စကို ဘာလို့ ပုံကြီးချဲ့ချင် နေတာလဲ"
ကျန်းကျစ်ကျိုး - "ခင်ဗျားတို့ ကလေးတွေက ဒီအရွယ်ကတည်းက အားနည်းတဲ့တိရိစ္ဆာန်လေးတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲသိနေတယ်လေ။ မိဘတွေအနေနဲ့ ဆုံးမပေးရမယ်မို့လား"
"ကျွန်မကလေး ကျွန်မဘယ်လို ဆုံးမရမယ်ဆိုတာ ဝင်ပြီးဆရာလုပ်ချင်နေတာလား"
"ခင်ဗျားရဲ့ ကလေးကို ဆုံးမသွန်သင်တာက ကျွန်တော်နဲ့မဆိုင်ဘူးပေါ့ ဒါပေမယ့် အခုအချိန်မှာ ကလေးကို သေချာမဆုံးမရင် နောင်တစ်ချိန်ကျ ခင်ဗျားကလေးကို လူ့အသိုင်းအဝိုင်းက ဆုံးမပေးလိမ့်မယ် (ဥပဒေ အရ အရေးယူအပြစ်ပေးခံခြင်းကို ဆိုလိုသည်)"
"အာ... ရှင်က ခြိမ်းခြောက်နေတာလား။ အခုကိစ္စက ကြောင်နှုတ်ခမ်းမွှေး ညှပ်မိတာလေးပဲလေ။ ကျွန်မ သားကိုလဲ ကြောင်က ကုတ်ထားတာပဲမို့လား အဲ့ဒါကို ဘယ်လိုဖြေရှင်းပေးမလဲ"
ကျန်းကျစ်ကျိုး -"အဲ့ကလေးက ကြောင်ကို အန္တရာယ်မပြုရင် ကြောင်က ကုတ်ပါ့မလားဗျ"
တစ်ချိန်လုံးငြိမ်ပြီး နားထောင်နေသော ဖခင်ဖြစ်သူလဲ မနေသာတော့တဲ့အဆုံး ဝင်ပြောပါတော့သည်။ "ဟေး.. မင်းက ဘာ့ကြောင့် ဆူပူကြိမ်းမောင်းနေတာလဲ"
ကျန်းကျစ်ကျိုး သူ့ကို စူးစူးရဲရဲကြည့်လိုက်ရင်း "ဒီကလေးနှစ်ကောင်ကို ကျွန်တော် ကြိမ်းမောင်းတော့ ရော ဘာဖြစ်လဲ။ ဒီနေ့ သူတို့က ကတ်ကြေးသုံးပြီး ကြောင်နှုတ်ခမ်းမွှေးကို ညှပ်တယ် မနက်ဖြန် သူတို့ ဘာလုပ်ကြမလဲမသိနိုင်ဘူးလေ။ လူ့အသိုင်းအဝိုင်းမှာ ဒီလိုသာ ဆက်ပြီးပြုမူနေထိုင်သွားရင် သူတို့က ဆူငေါက်ခံရယုံတင်မကဘူး ရိုက်နှက်ခံရတဲ့အထိ ဖြစ်လာမှာ"
အဖေဖြစ်သူလဲ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့အနားကို လျှောက်လာရင်း "ဒီအိမ်ယာဝင်းထဲမှာ လေလွင့်ကြောင်တွေ နေ့တိုင်း အများကြီးရှိတယ် အဲ့ဒါတွေမြင်နေရတာကိုက စိတ်အနှောင့်အယှက်ပဲ အစောကြီးကတည်းက မောင်းထုတ်ထားသင့်တာ"
ကျန်းကျစ်ကျိုး သူ့ကို စိုက်ကြည့်ရင်း အေးစက်တဲ့အသံနဲ့ "ဟုတ်တယ် ဒီအိမ်ယာဝင်းထဲမှာ လေလွင့် ကြောင်တွေအများကြီးရှိတယ်။ ဒါပေမယ့် ဘယ်သူ့ကို ထိခိုက်နစ်နာစေလို့လဲ တကယ်တော့ ဒီအိမ်ယာမှာ နေတဲ့သူတွေကလဲ ကြောင်တွေကို ချစ်ခင်နေကြတာပဲ ခင်ဗျားက မောင်းထုတ်ချင်လို့လား။ ဒါဆို ဒီအိမ်ယာမှာ နေတဲ့သူတွေအားလုံးရဲ့ သဘောဆန္ဒသိရအောင် မဲပေးစနစ်လုပ်ကြည့်တာပေါ့။ ကြောင်တွေပဲ မောင်းထုတ်ခံရမလား လူဆိုးကောင်လေးတွေပဲ ထွက်သွားရမလား သိရအောင်"
"မင်း"
အဖေဖြစ်သူက အင်္ကျီလက်မောင်းကို ပင့်တင်ပြီး ထိုးသတ်မလို ရှေ့တက်လာလို့ တိုက်ခန်းစီမံခန့်ခွဲရေး အဖွဲ့က မိန်းကလေးက အပြေးအလွှား တားဆီးလိုက်ရသည်။ ဒီအိမ်နီးချင်းအငြင်းပွားမှုက တိုက်ခန်းနေသူများ အဖွဲ့အစည်း (community) ကို တိုက်ရိုက်ခေါ်ပြီးဖြေရှင်းသင့်တယ် မဟုတ်လား။ ဒါမှမဟုတ် ပြည်သူ့ရဲ (civil police) ဖြစ်ဖြစ်ခေါ်သင့်တာပေါ့။
တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းမပျိုစိတ်ထဲမှာ သူမ ဒီလ လစာ (၃) ဆ ရသင့်သည်ဟု တွေးမိသည်။
နောက်ဆုံးမှာတော့ ကလေးတွေရဲ့မိဘတွေက မကျေမနပ်ဆူပူကြိမ်းမောင်းရင်း ကလေးတွေကို ဆွဲခေါ် သွားကြသည်။ တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းမပျိုလဲ နဖူးက ချွေးစေးတွေ သုတ်ဖယ်လိုက်ရင်း ကျန်းကျစ်ကျိုးနဲ့ ရှဝေ့ကို ကြည့်လိုက်သည်။
ဒီအကြည့်က ရှင်တို့နှစ်ယောက် မသွားကြသေးဘူးလားဆိုတဲ့ အဓိပ္ပါယ်ပါသည်။ ရှဝေ့လဲ ပြန်မလို့ ပြင်လိုက်သည်။ သူမ ဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတော့ ကျန်းကျစ်ကျိုးကို ချီးကျူးချင်စိတ်ပေါက်သွားသည်။ ဒီ Mr. ကျန်း က သူမကို မနှစ်သက်လို့ သွေးအေးတာ မဟုတ်ဘဲ တခြား သူမကြိုက်တဲ့သူတွေကိုလဲ ဒီလိုဘဲဆက်ဆံတတ်တာ တွေ့မြင်လိုက်ရသောကြောင့် ကျေနပ်မိခြင်းဖြစ် သည်။
ကျန်းကျစ်ကျိုးက ချက်ချင်းထွက်သွားမယ့်ပုံမပြဘဲ ပြောစရာကျန်နေသေးသလို ရပ်နေရင်း ပြောလိုက်သည်။ "တကယ်လို့ ဒီအိမ်ယာဝင်းထဲနေတဲ့ လေလွင့်ကြောင်တွေကို ကာကွယ်ဆေးနဲ့ သားကြောဖြတ်ဆေး ထိုးမထားရ သေးဘူးဆိုရင် ကြောင်တွေ ဒီထက်ပိုများလာလိမ့်မယ်။ အဲ့တော့ တိုက်ခန်းစီမံခန့်ခွဲရေးက ကြောင်တွေကို စုစည်းပြီး ဆေးထိုးပေးစေချင်တယ်။ အဲ့ဒါဆို နှစ်ဦးနှစ်ဖက် ကောင်းသွားလိမ့်မယ်"
တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းကလေးက နှစ်စက္ကန့်လောက် တောင့်တင်းသွားသည်။ ပြီးမှ ရယ်လိုက်ရင်း "ကုန်ကျစရိတ်ကို ဘယ်လိုစီမံမလဲရှင်"
"ကျွန်တော် ပေးမယ်"
တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းကလေးက ခဏ တွေးတောနေရင်း "ကျွန်မ ကြီးကြပ်သူတွေကို သတင်းပို့ပြီး ညွှန် ကြားချက်ယူဖို့ လိုပါတယ်"
"အမ်း" ကျန်းကျစ်ကျိုး သဘောတူသံပြုလိုက်ပြီး ကြောင်ကို ပွေ့ထားရင်း ထွက်သွားသည်။ ရှဝေ့လဲ သူနဲ့အတူ ထွက်လာခဲ့ရင်း ရယ်လိုက်မိသည်။ "ရှင် မနှစ်သက်တဲ့သူတွေနဲ့ ဆက်ဆံတဲ့ အရည်အချင်းကတော့ နှစ်သက်စရာပဲ။ ရှင် ကျွန်မဆိုင်အထိ လိုက်လာပြီး လက်သည်းဆိုးဆေး မကောင်းကြောင်းတွေ ပြောခဲ့တာက အံ့သြစရာမရှိဘူးပဲ"
ကျန်းကျစ်ကျိုး ခဏငြိမ်နေလိုက်ပြီးမှ "မင်းက ဒီနေ့ အလုပ်မသွားဘူးလား"
"သွားရမှာ ဒါပေမယ့် ရတယ်။ လေလွင့်ကြောင်တွေ ဆေးထိုးဖို့ ဒီအိမ်ယာဝင်းမှာ နေတဲ့သူတွေဆီက အလှူခံလို့ ရပါတယ် ရှင်တစ်ယောက်တည်း တာဝန်ယူစရာမလိုပါဘူး"
ကျန်းကျစ်ကျိုး - "ဘယ်လောက်မှ မကုန်နိုင်ပါဘူး သူများတွေကို ဒုက္ခမပေးချင်လို့"
ရှဝေ့ - "..."
လေလွင့်ကြောင်တွေက အများကြီးကို ပိုက်ဆံက နည်းနိုင်ပါ့မလား။ အော... မေ့လို့.. ဒီအိမ်ယာနေတဲ့သူ တွေအားလုံးက သူဌေးတွေပဲလေ။