ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း ၁၀
ရှမင်မင် က ရှဝေ့ ထက် (၄) နှစ်ငယ်ပြီး ပြီးခဲ့တဲ့နှစ်က ဘွဲ့ရထားတာပါ... ရှဝေ့ သူ့ကို အိမ်ယာဝင်းအနီးက ဘူတာရုံမှာ သွားကြိုခဲ့သည်။
"မိုးနတ်မင်းကြီးရေ..အစ်မ! နင်က ဒီလိုအဆင့်မြင့်အိမ်ယာမှာ နေတာလား!" ရှမင်မင်က သူ့ ခရီး ဆောင်အိတ် (suitcase) ကို ဆွဲရင်း ကျီးကန်းတောင်မှောက် လျှောက်ကြည့်ရင်း ပြောသည်။"ဒီနေရာက စီးပွားရေးအချက်အချာကျတာကို။ အိမ်မြေဈေးက တစ်စတုရန်းမီတာ ဘယ်လောက်ရှိလဲ"
ရှဝေ့ ပုခုံးတွန့်လိုက်ရင်း "မသိဘူးလေ.. ငါ Twiggy ကို မမေးဘူး.. ဈေးသိရင် နေရတာ လိပ်ပြာမလုံ မစိုးလို့"
"Ha-ha-ha-ha-ha, ကြည့်စမ်း ရေကန်ထဲမှာ ငါးတွေ!"
ရှဝေ့ - "..."
ဒီအရူးကောင်တော့ အလုပ်ရှာတွေ့ပါ့မလား။ သူမတကယ် စိတ်ပူမိသည်။
"နင် အရင်အလုပ်က ဘာလို့ထွက်ခဲ့တာလဲ" သူမအန်တီက ရှမင်မင် ဘွဲ့ရပြီး အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ (real estate company) မှာ အလုပ်ဝင်နေသည်ဟု သိထားသည်။ ရတဲ့လစာက မများပေမယ့် ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ ထဲက တစ်ခုဆိုတော့ တိုးတက်လမ်းရှိပါသည်။
ရှမင်မင်က ရင်ကော့ပြီး "အရူးအပေါတွေနဲ့ ဆက်မနေချင်တော့လို့လေ။ ရိုးရိုး အစီရင်ခံစာ တစ်စောင်အတွက်နဲ့ အခါတစ်ရာမက အဆူခံရတယ်။ သူတို့တင်တဲ့ အစီရင်ခံစာကဖြင့် အမှားပေါင်းသောင်း ခြောက်ထောင်။ အဆူခံရတော့ ကျွန်တော်တစ်ယောက်ထဲ။ တစ်ချို့ကကျလဲ သူမှားနေတယ်လို့ပြောမိရင် ကျွန်တော့်ကို အမှားကူပြင်ခိုင်းတယ် တကယ့်လူတွေ။ သူတို့အလုပ်တွေကူလုပ်ပေးနေရတာနဲ့ပဲ ကိုယ့် အလုပ်ကို မလုပ်ရဘူး"
"အာ...အဲ့လိုတွေဖြစ်နေတာ နင့်ကြီးကြပ်သူကို မတိုင်ဘူးလား"
"တိုင်တာပေါ့ဟ.. ဂရုထဲမှာ သူတို့က ဆင်ခြင်ပါမယ် ပြင်ပါမယ်နဲ့ ပြီးရင်အမှားတွေက ဒုနဲ့ဒေး။ ဘယ်လို လုပ် ဘွဲ့ရလာကြလဲမသိဘူး"
ရှဝေ့ - "..."
ကြည့်ရတာ သူလဲ တော်တော်စိတ်ဖိစီးခဲ့တာပဲ...
"အဲ့ဒါတွေအားလုံးကို သည်းခံနိုင်သေးတယ်။ ဒါပေမယ့် ကုမ္ပဏီမှာ ကျွန်တော်လိုပဲ ဘွဲ့ရပြီးစ တစ်ကောင် ရှိတယ်။ နေ့တိုင်းပဲ အဲ့ကောင်က ဘာမှ မလုပ်ဘဲ သူ့အလုပ်တွေလဲ ကျွန်တော့်ပဲ လုပ်ခိုင်းတယ်။ ကျွန်တော် သိမ်းကျုံးပြီး လုပ်ပေးတယ် ရုံးချုပ်ကို ပညာသင်ဖို့လွှတ်တော့ ကျွန်တော့်ကို မလွှတ်ဘဲ သူ့ကို ပို့လိုက်တယ်လေ။ သည်းခံလို့မရတော့ဘူးလေ ဟုတ်တယ်ဟုတ်"
"..." ရှဝေ့ ခဏလောက်တိတ်ဆိတ်နေမိရင်း သူ့ကျောကို အသာအယာပုတ်ပေးပြီး "နင်လဲ တော် တော်ခံစားခဲ့ရတာပဲ.။ ဟိုတစ်ယောက်က ဘာအားသာချက်ရှိလို့တဲ့လဲ"
"သူက ပညာရေးထူးချွန်လို့တဲ့လေ ကျွန်တော်တော့ မကျေနပ်ပါဘူး"
"အမ်...ငါ့အနေနဲ့တော့ မပြောသင့်ဘူးပေါ့လေ ~ ဒါပေမယ့် ငါလဲ အယ်ဒီတာချုပ်ကို မကျေနပ်လို့ အလုပ် ထွက်ခဲ့တာပဲ။ နင်က ငါ့ထက်ဆိုးသလိုပဲ။ နင်ပြောတဲ့ကိစ္စတွေက ဘယ်ကုမ္ပဏီမှာပဲဖြစ်ဖြစ် ကြုံရ တွေ့ရမှာပဲ။ အဲ့လိုကြုံရတိုင်း အလုပ်ပြောင်းနေလို့ မဖြစ်ဘူးလေ"
"...ဘဝက ခက်ခဲလိုက်တာနော်။ ကျွန်တော်လဲ အစ်မလို ကိုယ်ပိုင်စီးပွားရေး လုပ်ရင်ရော"
"ဒါဆိုရင် နင်က အရင်းအနှီးလုပ်ဖို့ ငွေအရင်ရှာရစုရမှာလေ။ ငါလဲ အလုပ်မထွက်ခင်က အဲ့လိုလုပ်ခဲ့ရတာပဲ။ ကဲ ရောက်ပြီ ဒီတိုက်ပဲ" ရှဝေ့ တိုက်အဝင်ဝမှာ သော့ထုတ်ရင်း တိုက် ၃ ရဲ့ အဝင်တံခါးကို ဖွင့်လိုက်ပြီး ရှမင်မင်ကို အရင်ဝင်ခိုင်းလိုက်သည်။
"ဓာတ်လှေကားခလုတ်နှိပ်လိုက်" ရှဝေ့ က မေးငေါ့ပြီး ရှမင်မင်ကို ပြောလိုက်သည်။ သူမက အိတ်အလေးကြီး သယ်ထားရသည်လေ။ အထဲမှာက D City ကနေ ရှမင်မင် သယ်လာတဲ့ ဒေသ ထွက်အစားအစာတွေဖြစ်သည်။ သူမက အမြန်လျှောက်မိလို့လားမသိ။ ဒေါက်ဖိနပ်က လှုပ်တုတ်တုတ် ဖြစ်နေတော့ လူကယိုင်တိယိုင်တိုင်ဖြစ်နေသည်။ မလဲပေမယ့် သူမကိုင်ထားတဲ့ အိတ်ထဲက လိမ္မော်သီးတွေ ထွက်ကျကုန်သည်။
"အား....မပြေးကြနဲ့လေ" ရှဝေ့ အသီးတွေနောက်လိုက်ကောက်ရင်း တီးတိုးရေရွတ်မိသည်။ ဒါကို မြင်တဲ့ ရှမင်မင်လဲ သူမကို ကူကောက်ပေးမလို့ နောက်လှည့်လိုက်တုန်း မြေအောက်ထပ်က တက်လာတဲ့ ဓာတ်လှေကားအသံကြားလိုက်ရသည်။
"ခဏ စောင့်ပေးပါဦးရှင်" ရှဝေ့ သူမခြေထောက်နားက လိမ္မောသီးတွေ ကောက်ရင်း ဓာတ်လှေကား ထဲက လူကို မကြည့်ဘဲ ပြောလိုက်သည်။ ကျန်းကျစ်ကျိုးလဲ ပွင့်နေတဲ့ ဓာတ်လှေကားထဲကနေ ရှဝေ့နဲ့ ရှမင်မင်ကို ကြည့်နေရင်း မျက်ခုံးတွန့်နေမိသည်။
သူက ခါတိုင်းလိုပဲ အိမ်မှာ နေ့လည်စာစားပြီး ခဏနားမလို့ ပြန်လာတာပင်။ ညနေ ၃ နာရီလောက်မှ ထျန်းရှ စားသောက်ဆိုင်ကို ပြန်သွားမည် ဖြစ်သည်။ ဒီနေ့ကျမှ အပေါ်ထပ်က Miss ရှ တွေ့လိုက်ရသည်။ ခရီးဆောင်အိတ်ကိုင်ထားတဲ့ ကောင်လေး ကို သူတစ်ခါမှ မမြင်ဘူးတဲ့ သူပါ။ သူ ဓာတ်လှေကားတံခါးကို ပိတ်လိုက်သည်။
တံခါးပိတ်ခါနီးမှာ ရှဝေ့က မပိတ်သွားအောင် တားလိုက်သည်။ ပထမတော့ သူမတို့ကို မစောင့်နိုင်တဲ့ အထဲကလူကို စိတ်တိုမိသော်လည်း အထဲကလူက အောက်ထပ်က Mr. ကျန်း ဆိုတာ မြင်လိုက်ရတော့ နားလည်သွားသည်။ "ရှင် လွန်လှချည်လားဟင်။ အပြင်ဖက်မှာ ကျွန်မတို့ကို မြင်ရဲ့နဲ့လေ။"
ကျန်းကျစ်ကျိုး သူမစကားကို မကြားဟန်ပြုပြီး တုံဏိဘာဝေရပ်ကြည့်နေသည်။ ရှဝေ့ တက်ခေါက် လိုက်ပြီး သူ့ကို မကြည့်ဘဲ နေလိုက်သည်။ ရှမင်မင်လဲ လိမ္မော်သီး နှစ်လုံးကို ကောက်ယူပေးပြီး ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့ရင်း ကျန်းကျစ်ကျိုးကို ခေါင်းငဲ့ကြည့်လိုက်သည်။ ဒီလူသူတို့ကို မြင်တာ သေချာသည်။ အားလုံးက တစ်တိုက်ထဲ နေကြသူပဲလေ။ သူက ခဏလေးတောင် မစောင့်နိုင်ဘူးတဲ့ လား။ ရှဝေ့ကျဲ ပြောတာလဲ မှန်တာပဲ။ ဒီလိုငကြောင်တွေက နေရာတိုင်းရှိနေတာပါလား။
ကျန်းကျစ်ကျိုးလဲ သူ့အကြည့်ကို လွှဲလိုက်သည်။ ဒီတစ်ယောက်က သူအရင်တစ်ခါ အိမ်ယာဝင်းပန်းခြံ ထဲမှာ မြင်ဘူးတဲ့လူ မဟုတ်ဘူးပဲ။ အဲ့လူနဲ့ ဘယ်လောက်ကြာအောင် တွဲခဲ့တာပါလိမ့်။ သူမက ရည်စားထည် လဲတွဲနေတာလား မသိ။ ဒီတစ်ယောက်ကတော့ အတူနေမယ့်ပုံပင်။
ဒီ Miss ရှ ရဲ့ အကြိုက်က အတော်လေး ကမောက်ကမနိုင်သည်။ ယခုသူ့မျက်စိရှေ့က ကောင်လေးက အတော်ငယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ပုံပဲ။ မိန်းမတွေက သူတို့ထက်ငယ်တဲ့သူနဲ့တွဲရတာ ကြိုက်တယ်ထင်သည်။
"အစ်မ နင်တို့ တိုက်က ဓာတ်လှေကားက ခေတ်မီလှချည်လား" အရေးထဲ အရူးကောင် ရှမင်မင်က တအံ့တသြ ထပြောနေသေးသည်။
ရှဝေ့ - "..."
တောသားမြို့ရောက်လို ပြုမူနေတဲ့ မောင်ဖြစ်သူကို ထူရိုက်ချင်နေခဲ့သည်။ Grand View gardens ကို ရောက်လာတဲ့ အဖွား လျိုလို ပြုမူစရာလားကွယ်။ သူမပါးစပ်က စကားတွေထွက်ကျမလာခင် တစ်ချိန်လုံး ငြိမ်နေတဲ့ Mr. ကျန်း က "သြော် တကယ်ဆို သူက မင်းရဲ့ မောင်လေးပေါ့"
ရှဝေ့ တစ်ယောက် မျက်ခုံးတွန့်သွားရင်း ရှင်နဲ့ဘာဆိုင်လဲလို့ အမူအရာနဲ့ တုန့်ပြန်လိုက်ရင်း သူမ တစ်စုံတစ်ခုကို နားလည်သွားသည် “သြော်” နဲ့ “တကယ်ဆို” ဆိုတဲ့ သူ့ရဲ့လေသံက...တစ်စုံတစ်ခုကို ရည် ညွှန်းနေသလိုပဲ။
သူမ အရင်ရည်းစားဟောင်းနဲ့ အတူရှိနေစဉ်က ဒီလူနဲ့ နှစ်ကြိမ်လောက် မတော်တဆ ဆုံခဲ့ဖူးတာကို သတိရသွားသည်။ အခု သူမမောင်လေးက ခရီးဆောင်အိတ်နဲ့ဆိုတော့... နောက်ဆုံးမှာ တော့ ဒီ Mr. ကျန်း ဆို တဲ့ သူက သူမကို ဘာကြောင့်မျက်မုန်းကျိုးနေလဲ နားလည်သွားခဲ့သည်။
ဒါပေမယ့်... သူနဲ့ဘာဆိုင်လို့လဲ...
ရှဝေ့က ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး မေးလိုက်သည်။ "ရှင် ဘာမဟုတ်တာတွေ တွေးနေတာလဲ"
ကံကောင်းသည်မှာ ထိုအချိန်၌ ဓာတ်လှေကားခဏရပ်သွားသောကြောင့် သူမ အိမ်ကပေးလိုက်တဲ့ အထုတ်ကြီးလွယ်ပြီး အပြင်မှာ စောင့်နေတဲ့သူတွေကို ဖြတ်ကျော်ထွက်လိုက်သည်။ ရှမင်မင်လဲ ကျန်းကျစ်ကျိုးကို တစ်ချက်လှည့်ကြည့်ပြီး ရှဝေ့ နောက်က လိုက်ထွက်ပြီး တီးတိုးရေရွတ်လိုက်သည်။ "လူညစ်ပတ်"
ကျန်းကျစ်ကျိုး - "..."
ရှဝေ့ အခန်းဆီလျှောက်လာရင်း ရုတ်တရက်ရပ်လိုက်တော့ ရှမင်မင် သူမကို တိုက်မိမလို ဖြစ်သွားသည်။ "အစ်မ ဘာလို့ ရပ်လိုက်တာလဲ"
"...ငါ အထပ်မှားနေလို့လေ ငါနေတဲ့အထပ် မရောက်သေးဘူး"
ရှမင်မင် - "..."
မောင်နှမနှစ်ယောက် ဓာတ်လှေကားဆီ ပြန်လျှောက်လာပြီး စောင့်လိုက်ရသည်။ Twiggy ရဲ့ တိုက်ခန်းကို ရောက်တော့ ရှမင်မင်က အံ့သြမဆုံးဖြစ်နေသည်။ "ဝိုး အစ်မ Twiggy က Ms. Perfect ပဲ နော်..ကျွန်တော်တို့ကို နေခွင့်ပေးထားတာ...ဒီအခန်းက တကယ်ကျယ်တာပဲ"
"နင် သူ့ကို Twiggy ဒါမှမဟုတ် ညီမလေး Twiggy လို့ခေါ် အစ်မ (ကျဲ) လို့ ဘယ်တော့မှ မခေါ်မိစေနဲ့" ရှဝေ့ သတိပေးလိုက်ရသည်။ ရှမင်မင်လဲ ချက်ချင်းပဲ "ညီမလေး Twiggy"
"လိမ္မာတယ်" ရှဝေ့ ခေါင်းညိတ်လိုက်ရင်း "နင် ဒီအခန်းမှာနေရမှာ။ သန့်သန့်ရှင်းရှင်းနေ။ အခန်းကို ရှုပ်ပွမနေစေနဲ့"
"စိတ်မပူပါနဲ့... ကျွန်တော်က ကလေးဘဝထဲက မောင်သန့်ရှင်းဘွဲ့ ရထားတာပါ"
"..." ရှဝေ့ သူ့ဆီကို မျက်လုံးကစားလိုက်ရင်း စားစရာမှာဖို့ ပြင်လိုက်သည်။
ရှမင်မင်က သူ့ခရီဆောင်အိတ်ကို ဆွဲယူလိုက်ရင်း သူမကို စပ်စုလိုက်သည်။ "စောစောက ဓာတ် လှေကားထဲ တွေ့တဲ့သူက ဘယ်သူလဲ။ ပေါင်းသင်းရခက်မယ့်ပုံပဲနော်"
ရှဝေ့ က ဖနောင့်နှစ်ချက်ပေါက်လိုက်ရင်း "ဒီအောက်ထပ်က Mr. ကျန်း"
ရှမင်မင် မျက်လုံးပြူးသွားရင်း "ကျွန်တော်တို့ အောက်ထပ်နေတာလား"
"အမ်း..သူ့အပေါ်တည့်တည့်ဝယ်မိတဲ့ Twiggy တော့ သနားစရာပဲ"
"..." ဒါပေမယ့် အခုလက်ရှိနေနေတာ အစ်မလေ။ ကိုယ့်ကိုကိုယ် သနားသင့်တယ် "အစ်မ Twiggy —oh, ညီမ Twiggy က ဒီတိုက်ခန်းမျိုးဝယ်နိုင်အောင် ချမ်းသာတယ်လေ သူ့ကို ဘာလို့ သနားတာလဲ"
ရှဝေ့ - "..."
တော်လိုက်တဲ့ကောင်.. ဒီနေ့ နေ့လည်စာ မစားနဲ့တော့။
ရှမင်မင် အမေက သူမအတွက် ဒေသထွက်လက်ဆောင်တွေ အများကြီး ပေးလိုက်တာကို ထောက် ထားပြီး သူ့အတွက် နေ့လည်စာ မှာပေးလိုက်သည်။ ညနေရောက်တော့လဲ ဘာဘီကျူး လိုက်ကျွေးလိုက် သေးသည်။ ရှမင်မင်က မမှောင်ခင် သူ့ laptop ထဲက CV ဖောင်ကို ပရင့်ထုတ်လိုက်သည်။
ရှဝေ့ သူ့ကို ငေးကြည့်ရင်း "interview အကြောင်းကြားစာရပြီလား"
"မနက်ဖြန်မနက် အင်တာဗျူးတစ်ခုရှိတယ်လေ။.ကျွန်တော် နေရာအနှံ့လျှောက်ထားတယ်"
"အမ်း... ကောင်းပါတယ်" ရှဝေ့ ဒီနေ့ ဘာဘီကျူးတွေ အစားများသွားသည်။ အောက်ထပ်က Mr. ကျန်း စိတ်အနှောင့်အယှက်ဖြစ်အောင် နည်းနည်းလောက် အကလေ့ကျင့်လိုက်ဦးမည်။
ရှဝေ့ ရုတ်တရက်ကြီး ကခုန်နေတာမြင်တော့ ရှမင်မင် မျက်မှောင်ကျုံ့သွားရင်း "ဘာလို့ slippers စီးပြီး ကတာလဲ"
"အသံပိုဆူအောင်လို့" ရှဝေ့ ပြန်ပြောသည်။
ရှမင်မင် - "..."
အောက်ထပ်က Mr. ကျန်းက ငကြောင်ပေမယ့် သူမက ဒီလိုတော့ မလုပ်သင့်ဘူးထင်သည်။ ဒီပတ်ဝန်း ကျင်က လူတွေက တစ်ယောက်ကို တစ်ယောက်နစ်နာအောင် ဘာလို့များ လုပ်ချင်ကြတာပါလိမ့်။
ကျန်းကျစ်ကျိုး အပေါ်ထပ်က pa—ta— အသံကြားတော့ ရဲတိုင်ချင်စိတ်ပေါက်သွားသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပေမယ့် မဆက်ဖြစ်ဘဲ ပြန်ချထားလိုက်သည်။ မျက်နှာကျက်ကို ခဏမော့ကြည့်နေရင်း နားကျပ်တပ်ပြီး သီချင်းပဲ နားထောင်နေလိုက်တော့သည်။
နောက်တစ်နေ့ သူ ၁၅ မိနစ်စောပြီး အိမ်ကထွက်ခဲ့သည်။ ဓာတ်လှေကားရောက်လာဖို့ စောင့်နေရင်း နှုတ်ခမ်းမဲ့လိုက်မိသည်။ တိုက်ဆိုင်ပြန်ပြီလားဟ
ဓာတ်လှေကားပွင့်လာတော့ အထဲမှာ ရပ်နေတာ Miss ရှ မဟုတ်ဘဲ သူ့မောင်လေးဖြစ်နေသည်။ ကျန်းကျစ်ကျိုး ခဏရပ်နေပြီးမှ အထဲဝင်လိုက်သည်။ ရှမင်မင် သူ့ကို မြင်တော့ ပြုံးပြရင်းနှုတ်ဆက် လိုက်သည်။ "Good morning, Mr. ကျန်း. "
ကျန်းကျစ်ကျိုး သူ့ကို ကြောင်ငေးကြည့်ရင်း ပြန်နှုတ်ဆက်လိုက်သည်။ "Good morning"ယ
ရှမင်မင်က ပြုံးလျက်ပင်။"ကျွန်တော့်နာမည် ရှမင်မင် ပါ။ ဒီမှာ အလုပ်ရှာဖို့ D City လာခဲ့ တာပါ။ အလုပ်မရခင် အစ်မနဲ့နေမလို့လေ"
"အမ်း..." နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေတဲ့ လူကို မြင်ရတာ ကျန်းကျစ်ကျိုး အတွက် ပထမဆုံးပဲလေ။
"အလုပ်ရှာလို့ရပြီလား"
"အခု interview သွားဖြေမလို့ဗျ"
'အိုး...အဲ့ဒါကြောင့် သပ်သပ်ရပ်ရပ်ဝတ်ထားတာကိုး'
"ဘယ် company လဲ"
"Starlight General Merchandise ရဲ့ ပင်မဆိုင်ခွဲမှာ။ အလုပ်ရပါစေလို့ မျှော်လင့်ပါတယ်"
ကျန်းကျစ်ကျိုး ခဏလောက် တွေးနေမိရင်း"ကျွန်တော် အဲ့လမ်းကို သွားမှာ..လိုက်ခဲ့မလား"
ရှမင်မင် ဝမ်းသာအားရနဲ့ "တကယ်ကြီးလား"
"အမ်း...မနေ့က ကိစ္စအတွက် တောင်းပန်တဲ့ အနေနဲ့ပေါ့"
"Ha-ha စိတ်ထဲမထားပါနဲ့။ မနေ့ညက အစ်မလဲ အနှောင့်အယှက် ပေးခဲ့တာပဲလေ"
ကျန်းကျစ်ကျိုး - "..."
သူမက တမင်သက်သက်လုပ်တာလား။ ရှမင်မင်လဲ ကျန်းကျစ်ကျိုးနဲ့မြေအောက်ထပ် ကားပါ ကင်ကို လိုက်လာခဲ့ရင်း ကျန်းကျစ်ကျိုး ကားဘေးက လိမ္မော်ရောင်ကြောင်လေးကို မြင်သွားသည်။ အံ့သြတကြီးနှင့် "အစ်ကိုက သူ့ကို အစာ ကျွေးနေကြလား"
"အမ်း...ဒီကောင်က မနက်နဲ့နေ့လည်ခင်းတိုင်း ကျွန်တော့်ကို စောင့်နေတာလေ။ သိပ်အနားမကပ်နဲ့ ကုတ်ခံရမယ်.. သတိထား. "
"Oh!" လမ်းဘေးကြောင်ကုတ်ခံရရင် အန္တရာယ်များသည်။ ရှမင်မင် နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ ကျန်းကျစ်ကျိုးက သူ့ကားထဲက ကြောင်စာထုတ်ယူပြီး ကျွေးနေသည်။
ရှမင်မင်က ကြည့်နေရင်း "အစ်ကိုက နေ့ခင်းကို ကြောင်စာကျွေးဖို့ ပြန်လာတာလား"
"ကျွန်တော့် အလုပ်က ဒီနဲ့မဝေးဘူးလေ နေ့ခင်းပြန်လာပြီး ခဏနားတာပါ။ ဘယ်မှမသွားတဲ့နေ့ဆိုလဲ ကျွန်တော်ဆင်းလာပြီး အစာကျွေးဖြစ်တယ်"
"Wow အစ်ကိုက တကယ်သဘောကောင်းတာပဲ"
ကျန်းကျစ်ကျိုး - "ကြောင်တွေက ရိုးရှင်းပါတယ်..လူတွေလိုမဟုတ်ဘူး။ လူတွေက စောင့်နေတာကို မလာရင် ထွက်သွားရောလေ။ ကြောင်တွေကတော့ အမြဲတမ်းစောင့်မျှော်နေလေ့ရှိတယ်"