Ch 14
Viewers 49

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၁၄





ရှဝေ့လဲ ဆွိတီပြောတဲ့ အချက်အပြုတ်ပြိုင်ပွဲကို အင်တာနက်ဖွင့်ပြီး ရှာကြည့်လိုက်သည်။ နာမည်ရိုက် ထည့်ပြီးရှာဖို့က Mr. ကျန်း ရဲ့ နာမည်အပြည့်အစုံကို မသိပါ။



သူမလဲ “ထျန်းရှ စားသောက်ဆိုင်ပိုင်ရှင် အချက်အပြုတ်ပြိုင်ပွဲ” လို့ ရိုက်ရှာလိုက်သည်။ ဗီဒီယိုတော်တော်များများက သူမ ရှာနေတာမဟုတ်ဘူး ဖြစ်နေသည်။ စိတ်ရှည်လက်ရှည်နဲ့ လျှောက်ကြည့်လိုက်တော့မှ ဗီဒီယိုအတိုလေးတစ်ခု တွေ့လိုက်ရ သည်။



 ဗီဒီယိုကြည့်ရှုသူ ရာဂဏန်းပဲရှိတယ် နာမည်က “ငယ်ရွယ်သော ပါရမီရှင် ကျန်း၏ Great Kitchen” တဲ့...



ရှဝေ့ - "..."



ဗီဒီယိုက မကြည်လင်ပါ။ မြင်ကွင်းလဲ မကျယ်ပါ။ ဗီဒီယိုကို ခဏခဏ edited ထားပုံသဖြင့် ပြိုင်ပွဲအစက နေ ပါမလာဘဲ စားဖိုမှူးဝတ်စုံနဲ့ လူငယ်လေးတွေ ချက်ပြုတ်နေတာက စသည်။ ဗီဒီယိုထဲက လူငယ်လေး က တော်တော်ငယ်သေးသည်။ လူကြီးဝတ် စားဖိုမှူးဝတ်စုံက သူ့ရဲ့ကျောင်းသား အရွယ်နုငယ်မှုကို မဖုံး ကွယ်နိုင်။ အရွယ်မရောက်သေးတဲ့ လူငယ်လေးပေမယ့် သူ့ရဲ့မျက်နှာသွင်ပြင်က အောက်ထပ်က Mr. ကျန်း ပဲဆိုတာ ရှဝေ့ သိနေသည်။



အစီအစဉ်ရဲ့ ရည်ရွယ်ချက်က ပင်လယ်စာအချက်အပြုတ်ဖြစ်မည်။ သူအဓိကသုံးတာ ပုဇွန်နဲ့ ငါးဖြစ် သည်။ သူ့ရဲ့ ပုဇွန်ခွာ ထုထောင်းပြီး အသားလုံးလေးတွေ ပြုလုပ်နေတဲ့ပုံစံက တကယ်ကျွမ်းကျင်မှုပြည့်ဝ နေသည်ကို ရှဝေ့ သတိထားမိသည်။ ချက်ပြုတ်နေသည့် တစ်ချိန်လုံး သူက တည်ငြိမ်လျက်ရှိသည်။



 လူငယ်လေးက ခွဲစိတ်ကုတင်ရှေ့က ခွဲစိတ်အထူးကုလို မိုင်ပေါင်းများစွာက အောင်ပွဲတွေ ယူတော့မည့် ရှေ့တန်းတစ်နေရာက စစ်ဗျူဟာမှူးလိုပဲ ရဲရင့်တည်ကြည်နေသည်။ ဗီဒီယိုကို ကြည့်ရင်း ချက်ပြုတ်နေတဲ့ ယောကျားတစ်ယောက်က ဆွဲဆောင်မှုရှိတာကို ရှဝေ့ ပထမဆုံး အကြိမ်အဖြစ် သတိထားမိသွားသည်။



ချက်ပြုတ်ပြီးသွားသော လက်ရာက အခုလက်ရှိ  ထျန်းရှ ဆိုင်က ဟင်းပွဲတွေလို တကယ့်ကို ရင်သပ်ရှု မောဖွယ်ဖြစ်သည်။ ဗီဒီယိုထဲမှာ ဒိုင်တွေက ဟင်းပွဲကို မြည်းကြည့်တာတို့ မှတ်ချက်ပေးတာတို့ မပါလာပါ။ သို့သော် ရှဝေ့ ခန့်မှန်းနိုင်ပါသည်။ သူမတောင် ကြည့်နေရင်း ဗိုက်ဆာလာသည်လေ။



သူမလဲ တစ်ခုခုစားဖို့ အခန်းထဲက ထွက်လာတော့ ရှမင်မင် က ရေခဲသေတ္တာရှေ့မှာ ဗိုက်ပွတ် နေသည်။ ရှမင်မင် က ရှဝေ့ ကို ကြည့်လိုက်ရင်း "အစ်မ နင်လဲ ဗိုက်ဆာလို့လား။ ထျန်းရှ ဆိုင်က ဟင်းပွဲတွေက နည်းလွန်းတယ်နော် ဘယ်လောက်စားစား ဗိုက်ဝမှာ မဟုတ်ဘူး"



"..." ရှဝေ့ ခေါင်းညိတ်ရင်း ထောက်လိုက်သည်။ "ပိုင်ရှင်က တကယ်ကပ်စေးနည်းတာကိုး"



နောက်ဆုံးတော့ မောင်နှမနှစ်ယောက် ဟော့ပေါ့ဗူးကိုယ်စီနဲ့ ဧည့်ခန်းထဲရောက်လာသည်။ နောက်နေ့ ရောက်တော့ ရှဝေ့ တိုက်ခန်းစီမံခန့်ခွဲရေးဆီက အကြောင်းကြားစာရသည်။ စာထဲမှာ “တနင်္ဂနွေနေ့ ၉ နာရီမှာ လေလွင့်ကြောင်တွေကို ဖမ်းပါမယ် ပါဝင်ကူညီမယ်ဆို နံပါတ် "1” ကို နှိပ်ပြီး အကြောင်းပြန်ပါ"



ရှဝေ့လဲ ပါဝင်မယ်လို့ အကြောင်းပြန်လိုက်ပြီး နောက်ထပ်အကူအညီထပ်ရှာဖို့ စီစဉ်လိုက်သည်။ ရှမင်မင်က‌ ပြောနေစရာမလိုပါ။ မနေ့ညက ညစာလိုက်ကျွေးထားတော့ သူက သေချာပေါက် လိုက်ရ မှာဖြစ်သည်။ ရှစ်ပါးရတနာနဲ့ ထျန်ထျန်ကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းရမည်။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - မနက်ဖြန် ငါတို့ အိမ်ယာဝင်းမှာ လေလွင့်ကြောင်တွေ ကို ဆေးထိုးပေးမလို့ ငါနဲ့ကူပြီး ဖမ်းပေးချင်တဲ့သူရှိလား။



ချစ်စရာ ဆွိတီလေး - နင်တို့အိမ်ယာဝင်းလား။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အမ်..သူတို့က ပေါက်ဖွားနှုန်းမြန်တယ်လေ။ ဆေးမ ထိုးရင် ငါတို့အိမ်ယာဝင်းလဲ သူတို့နဲ့ ပြည့်နေတော့မှာ။



ချစ်စရာ ဆွိတီလေး - ငါလာချင်ပါတယ် ဒါပေမယ့် ငါအချိန်ပိုဆင်းရမယ်    



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင့်ကုမ္ပဏီကလဲ အလုပ်သမားဥပဒေကို ပေါ်တင် ချိုးဖောက်နေတာပဲ   



ချစ်စရာ ဆွိတီလေး - အလုပ်က မပြီးနိုင်မစီးနိုင်ဖြစ်နေလို့ အက်ဒမင်ဌာနအကြီးအကဲက သူဌေးရဲ့ အမျိုးလေ။ သူက အလုပ်မလုပ်ရင် ငါနဲ့တခြားသူတွေက လုပ်ရတာပေါ့ 



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ... တကယ်ပါပဲ ရှမင်မင်ကို အဲ့ဒီပို့လိုက်ရမှာ ဒါမှ လောကကြီးမှာ ဒီလိုတွေရှိတယ်ဆိုတာ သိမှာ  



ရှစ်ပါးရတနာ - (ပြုံး) 



ရှစ်ပါးရတနာ - ငါ ရက်နည်းနည်းလောက် အနားရတယ်လို့ အရင်ရက်က ပြောဖူးတယ်လေ။ ဒါပေမယ့် စီမံကိန်းမန်နေဂျာက ဒီနေ့ပြန်လာခိုင်းပြီး အချိန်ပို ဆင်းခိုင်းတယ်.. ဒီနေ့က စနေနေ့လေ!



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဘဝက ခက်ခဲလိုက်တာ  



ရှစ်ပါးရတနာ - သူက ငါ့ကို စာရင်းစစ်ဆီ ပိုက်ဆံပို့ခိုင်းတာ ဖြစ်ချင်တော့ စာရင်းစစ်က မှန်ကန်ပြီး စကားကို တည့်တိုးပြောတတ်တယ် လောဘမရှိဘူး တော်တော်ကို မတရားတာ (goodbye)



5kg မကျရင် နာမည်မပြောင်း - စာရင်းစစ်ကို ငွေကိန်းဂဏန်းစာရင်းဇယားကို စစ်တာမဟုတ်ဘူးလား။ 



ရှစ်ပါးရတနာ - အမ်..ငါ့ရဲ့ မဟာရန်သူလေ...”စာရင်းစစ်” အသံကြားရင်ကို တုန်ရင်နေရော 



ရှစ်ပါးရတနာ - ဒါပေမယ့် အဲ့ဒီစာရင်းစစ်က ချောတယ်ဟ မနက်ဖြန်လဲ သူ့ဆီ ပိုက်ဆံသွားပေးဦးမလို့ စီစဉ်ထားတယ် :)



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ...



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဒါဆို နင်တို့နှစ်ယောက်လုံး မနက်ဖြန်  ကြောင်ဖမ်းပေး ဖို့ မအားဖူးပေါ့နော်… Okay  ပါ (╯_╰)



နောက်ဆုံးတော့လဲ ရှမင်မင် ကိုပဲ ဆွဲခေါ်ခဲ့ရတော့သည်။ သူတို့ ကြောင်ဖမ်းမည့်နေ့တွင် အိမ်ယာက လူတွေတော်တော်များများ ကြောင်ဖမ်းဖို့ လက်နက်တွေနဲ့ ရောက်လာကြသည်။ ရှဝေ့လဲ ထောင်ခြောက်ပုံစံ ခြင်းလေးတစ်ခုဝယ်ထားသည်။ ကြောင်ဖမ်းရင် အကူအညီဖြစ်မလားလို့ပါ။ 



ရှမင်မင်လဲ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ လူချမ်းသာတွေက သွေးအေးသတ္တဝါတွေမဟုတ်ဘူးလား။ ဒီအိမ်ယာက လူတွေက တက်ကြွနေကြရောပဲ။ အိမ်ယာဝင်းရဲ့ ဥယျာဉ်တွေထဲမှာ လေလွင့်ကြောင်တွေ မြင်ဖူးပါသည်။



 ရာသီဥတု သာယာသောနေ့များတွင် သူတို့က ခုံတန်းရှည်တွေပေါ်မှာ နေပူဆာလှုံရင်း လှဲနေကြသည်။ လူတွေကို မကြောက်။ သူတို့က ဒီအိမ်ယာဝင်းက လူတွေ ကျွေးမွေးပြုစုမှုနဲ့ ဝဖီးနေကြသည်။ ကြည့်ရတာတော့ ကူညီပေးမယ့်သူတွေက လိုတာထက် တောင် ပိုနေသလိုပါ။ သူ ဝင်မကူရင်တောင် ရ‌လောက်သည်။ 



တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းကလေးကလဲ အဖွဲ့ကိုယ်စားလာကူပေးသည်။ လူဦးရေက လုံလောက်နေပြီ ဆို တော့ နှစ်ဦး/သုံးဦးတစ်ဖွဲ့ ဖွဲ့လိုက်ကြသည်။ ရှဝေ့နဲ့ ရှမင်မင်က အောက်ထပ်က Mr. ကျန်း နဲ့ တစ်ဖွဲ့တည်းကျသည်။ 



သူတို့ဘေးက အန်တီတစ်ယောက်က "ငါတို့က နွေဦးမှာ လေ့လာရေးခရီးထွက် လာသလိုပဲ ha-ha-ha-ha-ha. "



ရှဝေ့ - "..."


ဘေးကဖြတ်သွားတဲ့ မိန်းမငယ်လေးက သားရေလက်အိတ်တွေဝေနေရင်း "ကြောင်ကုတ်ခံရတာ သက်သာအောင် လက်အိတ်လေးတွေ ဝတ်ကြနော် လူတွေ ဒီလောက်များမယ်မထင်တော့ လက်အိတ်က မလောက်ဘူးဖြစ်နေတယ်"



"အာ.. ကျေးဇူးပါနော်" ရှဝေ့ က လက်အိတ်ကို ယူလိုက်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။ 



မိန်းကလေးက ပြုံးပြရင်း "ရပါတယ်ရှင် ဒီကလူတွေအားလုံးက ကြောင်ကူဖမ်းဖို့ လာကြတာလေ"



သူမက ရှဝေ့ကို လက်အိတ်တစ်စုံပေးပြီး ဆက်ထွက်သွားသည်။ ရှဝေ့က ‌ဘေးမှာ အိပ်ယာခင်းစ ကိုင်ထားသည့် Mr. ကျန်းကို ကြည့်လိုက်ရင်း လက်အိတ်တွေ သူ့ကို ပေးလိုက်သည်။ "လက်အိတ်က တစ်စုံထဲရယ် ရှင်ယူလိုက်ပါ"



ကျန်းကျစ်ကျိုး  အံ့သြနေရင်းက "ကျွန်တော့်အတွက် မလိုပါဘူး"



"မဟုတ်တာတွေ မပြောပါနဲ့ ရှင်က စားဖိုမှူးပဲ ရှင်တို့လက်နဲ့ ခွဲစိတ်ဆရာဝန်လက်က ရွှေလိုပဲ အဖိုးတန် တယ်  ရှင့်လက်တွေ ကြောင်ကုတ်ခံရရင် ရှင့်ဘဝသွားပြီ"



"..." ကျန်းကျစ်ကျိုး ခဏစည်းစားနေရင်း "ကြောင်ကုတ်ခံရတာ အဲ့လောက်မဆိုးလောက်ပါဘူး"



"ရောဂါပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ။ ကြောင်ရူးပြန်ရောဂါဝင်သွားရင် ဘယ်လိုလုပ်မလဲ။ ဘာမှလုပ် မရဘဲ နေမှာပေါ့"



ကျန်းကျစ်ကျိုး - "..."



သူ ဘာမှထပ်မပြောဘဲ လက်အိတ်ယူထားလိုက်သည်။ အားလုံးပြင်ဆင်ပြီးသွားတော့ ကြောင်ဖမ်းဖို့ ထွက်ခဲ့ကြသည်။ ရာသီဥတုသာဘာသော်လည်း ခုံတန်းရှည်များပေါ်တွင် အိပ်နေကျကြောင်များက အန္တရာယ် အငွေ့အသက်ရသဖြင့် ခုံတန်းရှည်ပေါ်မှာ တစ်ကောင်မှ မရှိနေပါ။ ကြောင်ဖမ်းပေးဖို့လာသူ တော်တော် များများက ကြောင်စာကျွေးလေ့ရှိတဲ့သူတွေမို့ ကြောင်တွေ ဘယ်နေရာသွားတတ်သည်ကို ခန့်မှန်းနိုင်ကြသည်။



"ဟိုဖက်က သူတို့ ပုန်းလို့ကောင်းတဲ့နေရာပဲ အဲ့ဒီဖက်သွားကြည့်ရ‌အောင်"



ကျန်းကျစ်ကျိုးက သူ့အိပ်ယာခင်းကို ပွေ့ရင်း ရှေ့က ထွက်သွားသည်။ ရှဝေ့လဲ ခြင်းလေးကိုင်ပြီး နောက်က လိုက်ခဲ့ရင်း "အိပ်ယာခင်းနဲ့ ဘာလုပ်မလို့လဲ"



"ခြင်းကို အုပ်ထားလို့ရတယ်လေ" သူက နေရာလွတ်တစ်ခုကို ညွှန်ပြရင်း "မင်းရဲ့ခြင်းကို အဲ့ဒီမှာထား လိုက်"



"အိုး" ရှဝေ့ ထိုင်ပြီး ခြင်းကို ချထားလိုက်သည်။ ကျန်းကျစ်ကျိုးက ခြင်းထဲကို ကြောင်စာထည့်ပြီး အစာနဲ့မျှားသည်။ ရှမင်မင်က လမ်းကတွေ့တဲ့ သတင်းစာကိုင်ထားရင်း သူတို့ကို "သတင်းစာက  တစ်ခုခုဆို လှည့် စားလို့ရတယ်လို့ ပြောတယ် ကြောင်ကို လှည့်စားဖို့လိုတယ်လေ"



ရှဝေ့ လဲ သူပြောတာ နားထောင်ရင်း အခုခေတ်ကြောင်တွေက ဘယ်လောက်တောင် လည်ဝယ်သည်ကို သတိထားမိသည်။ ဒါတောင် လမ္မော်သီးလေးက ဟိုသတ္တဝါလေးတွေ ဖမ်းတာခံလိုက်ရသေးသည်လေ။ သူတို့ကို ဒီနေ့ ကြောင်ဖမ်းဖို့ခေါ်သင့်သည်။ အတွေ့အကြုံရှိသူတွေဆိုတော့လေ he-he.



ထောင်ခြောက်ကို နေရာချပြီးတာနဲ့ သူတို့သုံးယောက် အပင်နောက်မှာ ပုန်း‌နေလိုက်သည်။ ကျန်းကျစ်ကျိုးက ဈေးအကြီးဆုံး ကြောင်စာကို ခြင်းထဲထည့်ထားတော့ အန္တရာယ်အငွေ့အသက်ရပေမယ့် ကြောင် ဖြူ လေးတစ်ကောင် ခြင်းနားကို ‌လျှောက်လာသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း အစာကို အနံ့ခံရင်း ဖြင့် နောက်ဆုံးတော့ လှောင်အိမ်ခလုတ်ကို နင်းမိသွားသည်။



 ကြောင်ဖြူလေးလဲ ထောင်ချောက်မိသွား သည်ကို သိသည်နှင့် ရှိသမျှခွန်အားဖြင့် ရုန်းကန်တော့သည်။ ရှဝေ့ က ကြောင်လေး သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာဖြစ်မှာစိတ်ပူပြီး လှောင်အိမ်ကို ယူလိုက်တော့ ကြောင်က ကြောက်လန့်တကြားနဲ့ သူမကို ကုတ်လိုက်သည်။ 



ရှဝေ့ နာကျင်သွားပြီး သူ့လက်က သွေးတွေစီးကျလာသည်။ ကျန်းကျစ်ကျိုး  အပြေးအလွှားထွက် လာပြီး ခြင်းကို အိပ်ယာခင်းနဲ့ အုပ်လိုက်သည်။ လှောင်အိမ်ကို အုပ်ခံလိုက်ရတော့ ကြောင်က တဖြည်း ဖြည်းနဲ့  ငြိမ်ကျသွားသည်။



"မင်းလက် ဘယ်လိုနေလဲ" သူက ရှဝေ့ ကို လှည့်ကြည့်ရင်း မေးသည်။ ကြောင်ဖြူလေးကုတ်လိုက်တာ ဒဏ်ရာက တော်တော်နက်သွားသဖြင့် ကုတ်ရာတွေကနေ သွေးတွေစီးကျလာသည်။ ရှဝေ့ မျက်မှောင် ကျုံ့လိုက်ရင်း "ဘာမှမဖြစ်ပါဘူး အိမ်ပြန်ရောက်ရင် ဆေးလိမ်းပြီးပတ်တီးစီးလိုက်မယ်"



ကျန်းကျစ်ကျိုးက ငြင်းဆန်ပြီးပြောလာသည်။ "ဆေးရုံသွားပြီး ဆေးစည်းတာကောင်းမယ်"



"...အဲ့လောက်ထိလုပ်ဖို့ မလိုဘူး ဟုတ်ပြီလား။ ကြောင်ကုတ်တာလေးကိုပဲ"



ကျန်းကျစ်ကျိုးက ငေးကြည့်ရင်း "ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ။ ကြောင်ရူးပြန်ရောဂါဖြစ်ရင် ဘယ် လိုလုပ်မလဲ။ ဘာမှလုပ်မရဘဲ နေမှာပေါ့"



ရှဝေ့ - "..."